နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, March 29, 2008

ကျွန်ုပ်အသည်းတွေ တစ်စစီကြွေ...


ဖွင့်ဟဝန်ခံ ပါပြီလေ
ကျွန်ုပ်အသည်းတွေ တစ်စစီကြွေ

သူတို့တတွေ သိချင်ပေ…
တိုးတိုးတိတ်တိတ် မေးကာနေ…
ဘုန်းတော်ကြီးမှာ ဖြစ်နေတာ…
နှလုံးရောဂါ လေလားကွာ…

နောက်တစ်ဦးကလည်း မေးပြန်တယ်…
ကျောက်ကပ်လေလားကွယ်..
ဟိုတစ်ဦးကလေ ဆိုလာပေ…
သွေးကင်ဆာလားဟေ…

ကြာရင်တော့ဟယ် ဒုက္ခကွယ်…
ပြောတာတွေလည်း စုံနေတယ်…
ခန္ဓာအားလုံး ကုန်တော့မယ်…
မြန်မြန်ပြောမှ သင့်လိမ့်မယ်…

ခင်မင်သူများ စိတ်ညစ်မှာ…
စိုးရိမ်မိလို့ မပြောပါ…
မုန်းတဲ့သူတွေ ၀မ်းသာနေ…
အကုသိုလ်လေ တိုးမယ်ဟေ…

တစ်စစီကြွေ အသည်းတွေ…
မကျန်တော့ဘူးလေ…
ကျွန်ုပ်မှာလေ အသည်းတွေ…
တစ်စစီသာ ကြွေလို့နေ…

တစ်နှစ်တွင်းမှာ လဲပါကွာ…
ဆရာဝန်က ပြောနေတာ…
မလဲရင်တော့ သေလိမ့်မယ်…
လဲပြီးရင်လဲ မထူးတယ်…

ဒီတော့ကျွန်ုပ် ဘာလုပ်မယ်…

ထူးထွေပြီးတော့ လုပ်စရာ…
ဘာတစ်ခုမျှ မရှိပါ…
နေစဉ်တိုင်းမှာ ဓမ္မသာ…
မြတ်ဗုဒ္ဓက ဟောမိန့်မှာ..

ကျွန်ုပ်ဒီတိုင်း နေမှာပါ… နေမှာပါ…

ဆေးရုံတက်မှ ပြောမလို့ပါ…
အမေးတွေက များလို့သာ…
ပြောလို့ပြကာ နေရတာ…
သနားခံတာ မဟုတ်ပါ…

မမေ့မလျော့ သင်နေပါ…
သတိတရားနဲ့ ဉာဏ်ကပ်ပါ…
ဘ၀ဆိုတာ ခဏတာ…
ခဏတွင်းမှာ သင်ရှာပါ…

အရာရာဟာ ငါ့ဥစ္စာ…
ဘာတစ်ခုမျှ မဟုတ်ပါ…
သင်သေသွားတော့ မလိုက်လာ…
ဇနီး-လင်-လည်း နေခဲ့မှာ…

ထို့ကြောင့်ဒါကို ဆောင်စေလို…

ဗုဒ္ဓဂုဏ်တော် သင်ပွားနော်…
မေတ္တာတရား များများထား…
မရဏကို ပွားစေလို…
သတိပဋ္ဌာန် ရှုပါမှန် …

ကြိမ်ဖန်များစွာ ပွားပါကွာ…
အသိဉာဏ်ဟာ ရင့်ကျက်လာ…
ရင့်ကျက်လို့လာ ဉာဏ်တွေသာ…
တန်ဖိုးရှိတာ အမှန်ပါ…


စိတ်ချမ်းသာကြပါစေ..
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
ဝါဆိုလပြည့်နေ့
၇.၆.၂၀၀၉

20 comments:

Anonymous said...

အသည်းမှာ သံဓာတ်တွေ စုပုံစေတဲ့ အစာတွေ (တိရစ္တာန် ကလီစာ၊ ကြက်သည်းကြက်မြစ်၊ ဝမ်းတွင်းသား)ကို ရှောင်တော်မူပါဘုရား။
အသီးအရွက်နဲ့ အရည်ရွှမ်းတဲ့ သစ်သီးဝလံများ များများ ဘုဉ်းပေးတော်မူပါ။ ရေလဲ များများ သုံးဆောင်တော်မူပါ။ ဆရာဝန်တွေလဲ ပြောပြီး ဖြစ်လိမ့်မယ် ထင်ပါတယ်။

ဦးလောကနာထ said...

ကျေးဇူးတင်ပါတယ်...

ဒီက ဆရာဝန်တွေကတော့ အစာရှောင်ရန် သိပ်မပြောပါ။
သူတို့နည်းနဲ့သူတို့တော့ ဂရုစိုက်ကြပါတယ်။
တရုတ်တိုင်းရင်းဆေး ဆရာဝန်ကတော့ အသားလုံးဝရှောင်ခိုင်းလို့ ရှောင်လိုက်ပါတယ်
ငါးတမျိုးပဲ ဘုန်းပေးပါတယ်၊
၅-နှစ်လောက်ရှိပါပြီ။
တဲ့သော အသီးအရွက်များကိုလည်း ကြိတ်ပြီးသောက်ခိုင်းသည့်အတွက် သောက်ပါတယ်။
ဂျင်း ဆနွမ်း နှမ်း စသည်များလည်း ပါပါတယ်။

တချိန်တုန်းက ရေကို တစ်နေ့ တစ်ဂါလံခွဲသောက်ခဲ့ပါတယ်။
သောက်တာများလို့ ဆရာဝန်တစ်ဦးက လျော့ဖို့ပြောလို့ လျော့ခဲ့ပါတယ်။
ခုတော့ ရေများများ ပြန်သောက်ပါ့မယ်။

သံဓာတ်ပါတဲ့ အစာတွေကိုတော့ စားနေတဲ့အစာတွေမှာ သေချာပြန်စစ်လိုက်ပါ့မယ်။

ကျေးဇူးတင်ပါတယ်...
မိသားစုစိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
ဦးလောကနာထ
၇.၇.၂၀၀၉

The Bliss Of Emancipation said...

အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။ အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။ နဟိနော သင်္ဂရံတေန၊ မဟာသေနေန မစ္စုနာ။

ဘုန်းဘုန်း ရတနာသုံးပါးရဲ့  ဂုဏ်ကျေးဇူးဖြင့် သာသနာ့တာဝန်များကို ကျန်းမာ ချမ်းသာစွာဖြင့် ရှည်မြင့်စွာသော ကာလတို့ တိုင်အောင် မပင်မပန်း စိတ်ရွှင်လန်းစွာ ထမ်းဆောင်နိုင်ပါစေ။

ရိုသေစွာဖြင့်
ဝိမုတ္တိသုခ

ဦးလောကနာထ said...

အပ္ပမာဒေါ အမတံပဒံ ၊ ပမာဒေါ မစ္စုနောပဒံ။
အပ္ပမတ္တာ နမီယန္တိ ၊ ယေ ပမတ္တာ ယထာမတာ။

အပ္ပမာဒေါ= ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ခြင်းသည်။
အမတံပဒံ= မသေရာမှန် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်ပေ၏။
ပမာဒေါ= မေ့လျော့ပေါ့ဆ ပမာဒဆိုသောတရားသည်။
မစ္စုနော= အသေမစဲ တသေထဲ သေရခြင်း၏။
ပဒံ= အကြောင်းရင်းစစ် တကယ်တန်း ဖြစ်ပေ၏။
အပ္ပမတ္တာ= ကုသိုလ်တရားတွေ ကြိုးစား၍ မမေ့မလျော့ကြတဲ့ ပုဂ္ဂိုလ်တို့သည်။
နမီယန္တိ= မသေမကြေ နေကြရလေကုန်၏။
ယေ= အကြင်ပုဂ္ဂိုလ်တို့သည်။
ပမတ္တာ= မေ့လျော့ပေါ့ဆ ပမာဒတရား အားကြီးကြလေကုန်၏။
တေ= ထို ပမာဒတရား အားကြီးတဲ့ မေ့လျော့ကြတဲ့ ပုဂ္ဂိုလ်တို့သည်။
ယထာမတာ= သူသေနှင့်မခြား အလားတူကြ ပါပေကုန်၏။


အဇ္ဇေဝ ကိစ္စမာတပ္ပံ၊ ကောဇညာ မရဏံ သုဝေ။
နဟိနော သင်္ဂရံတေန၊ မဟာသေနေန မစ္စုနာ။

သုဝေ= မနက်ဖြန်အခါ၌
ဇီဝိတံဝါ= အသက်ရှင် နေရဦးမည်ကိုလည်းကောင်း
မရဏံဝါ= သေရဦးမည်ကိုလည်းကောင်း
ကောဇညာ= အဘယ်သူသိနိုင်ပါအံ့နည်း
ဣတိ= ဤသို့နှလုံးသွင်း၍
အာတပ္ပံ= ကိလေသာတို့ကို ပူလောင်စေတတ်သော ဝိပဿနာအားထုတ်မှုကို
အဇ္ဇေဝ= နက်ဖြန် သန်ဘက် နေ့ရက်မရွှေ့ယနေ့ပင်လျှင်
ကိစ္စံ= မဆိုင်းမရပ် ပြုလုပ်အပ်၏
ဟိ= နက်ဖြန် သန်ဘက် သေမည်ရှင်မည် မသိနိုင်ခြင်းအကြောင်းကား
မဟာသေနေန= ရေ မီး လက်နက်စသည်ဖြင့် သေစေနိုင်ကြောင်းများစွာရှိသော
တေနမစ္စုနာ= သေမင်းဟုခေါ်သော သေခြင်းတရားနှင့်
နော= ငါတို့အား
သင်္ဂရံ= ရက်ချိန်းပေးထားခြင်း တံစိုးလက်ဆောင်ပေးထားခြင်း
နအတ္ထိ= မရှိချေ
တသ္မာ= ထို့ကြောင့်
သုဝေ မရဏံ= မနက်ဖြန် ရှင်ဦးမည် သေဦးမည်ကို
ကောဇညော= ဧကန်တိတိ အဘယ်သူသိနိုင်ပါအံ့နည်း။

winmyint said...

အရှင်ဘုရား.. အရှင်ဘုရား နေမကောင်းဖြစ်တဲ့အကြောင်းကို တပည့်တော် ကြားမိပါတယ်ဘုရား....ဘာရောဂါလဲဆိုတာတော့ တပည့်တော် မသိလိုက်ရပါ..ဒါပေမယ့် တပည့်တော် ယုံကြည်ပါတယ်.. ဘာရောဂါပဲ ဖြစ်ဖြစ် အရှင်ဘုရားမှာ ဆေးရှိပြီးသားပါလို့။
အဲဒီဆေးကိုပဲ ဝီရိယစိုက်ပြီး သုံးဆောင်တော်မူပါနော အရှင်ဘုရား...
ရိုသေမြတ်နိုး လက်စုံမိုးလျက်..
တပည့်
ဝင်းမြင့်

ဦးလောကနာထ said...

ကောင်းပါပြီဒကာကြီးဦးဝင်းမြင့်ရေ...

ရောဂါက...
အသည်းပိုးတက်တာပါ...

အသိပေးလိုတဲ့ ဆေးကတော့...
သံဃာတော်များ အမြဲသုံးတဲ့ ဗုဒ္ဓဆေးတော်ကြီး...

သတိနဲ့ဉာဏ်ကပ်လို့ ၀ီရီယစိုက်ပါ့မယ်...

ကိုယ်စိတ်နှစ်ပါးမျှတစွာနဲ့...
ခန္ဓာ့ဝန်ကို ထမ်းဆောင်နိုင်ပါစေ...

ဦးလောကနာထ
၇.၁၃.၂၀၀၉

flowerpoem said...

အရှင်ဘုရားရဲ့ ဗုဒ္ဓဆေးတော်ကြီးက အမြန်ဆုံးနဲ့ အသက်သာဆုံးဖြစ် ပါစေလို့ တပည့်တော် ဆုတောင်းမေတ္တာပို့သပါတယ်အရှင်ဘုရား

ဦးလောကနာထ said...

flowerpoem မိသားစု ရေ...

ဆုတောင်းခြင်း...
မေတ္တာပို့ခြင်း...
ဆုပေးခြင်းက...
မြတ်ဗုဒ္ဓရဲ့ဝါဒဖြစ်လို့ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်...
မိသားစုများအားလုံး ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေကွယ်...

ဒီတရား ၆-ပါးကို ကြိုးစားဖြည့်ဆည်းသွားပါ့မယ်...
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ပတ္ထနာ။

ဦးလောကနာထ
၇.၁၄.၂၀၀၉

Anonymous said...

we all must be mindful at all time whatever we doing that will support to Future Life and nabbna

ဦးလောကနာထ said...

အမည်မဖေါ်လိုသူရေ...
သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...

မှန်ပါတယ် ပြုလုပ်သမျှဟာ သံသရာမှာ ခံစားကြရဦးမှာပါပဲ...
ဒါ့ကြောင့် နိဗ္ဗာန်ရဲ့ အထောက်အပံ့ဖြစ်ဖို့ လုပ်ငန်းတွေပဲ ဆက်လက်လုပ်သွားပါ့မယ်...

ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
ဦးလောကနာထ
၇.၁၇.၂၀၀၉

Zin said...

ဆရာတော်ဘုရား၏ ဝေဒနာများ လျင်မြန်စွာ သက်သာပျောက်ကင်းပြီး မြန်မြန်နေပြန်ကောင်းပါစေဟု ဆုတောင်းမေတ္တာပို့သပါတယ်ဘုရား။

လူအေး said...

ကိုယ်ချင်းစာမိကြောင်းပါ အရှင်ဘုရား။
တပည့်တော်လဲ နာတာရှည်ရောဂါကို နှစ်ရှည်လများ ခံလာရသူဖြစ်တော့ကာ

တပည့်တော်တော့ ရောဂါအတွက် တရားပဲ ကိုယ် အစွမ်း ရှိသမျှလေး လုပ်ပါတယ်။ သက်သာတယ်။ ပိုဆိုးမသွားအောင် ထိန်းနိုင်တယ်ဆိုတာ ကိုယ်တွေ့ပါ။

အရှင်ကတော့ ကိုယ်တိုင်လဲ တရားတွေ ဟောနေတဲ့ ဓမ္မဆေးဆရာ ဖြစ်တော့ကာ ကုထုံးတွေ ဆေးတွေ ကျွမ်းကျင်ပြီးသားဆိုတော့

ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းများ ပြည့်စုံပြီး တရားထူးများ တိုးတက် ရရှိပိုင်ဆိုင်ပါစေ။

ဦးလောကနာထ said...

ဆုတောင်းမေတ္တာ ပို့သနေတဲ့ Zin ရေ...
သည်အတွက် သာဓုခေါ်ဆိုပါတယ်...
ကိုယ်တိုင်လည်း ဂရုစိုက်နေထိုင်သွားပါ့မယ်...

Zin တို့ မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ...
ဦးလောကနာထ
၇.၂၂.၂၀၀၉

ဦးလောကနာထ said...

ဒကာလေး လူအေး ရေ...

နာတာရှည်ရောဂါဖြစ်ပြီး တရားနဲ့နေထိုင်နေတာ သိရတော့ လေးစားမိပါတယ်...

တရားနဲ့နေတော့ ရသမျှတရားရဲ့ အကျိုးအာနိသင်တွေ ခံစားရမှာပါ...
သင့်သလောက် အပူကင်းမယ် ငြိမ်းအေးမယ် အကြောက်ကင်းမယ်ပေါ့...

မြတ်ဗုဒ္ဓတရားကတော့ အံ့မခန်းပါပဲ...
ဒါကြောင့် အကာလိကဂုဏ်...
(အ= မ။ ကာလ=အချိန်။ ဣက=ရှိသော။)
အကျိုးပေးဖို့ ဖင့်နွဲ့နေသောအချိန် မရှိ။ ချက်ချင်းလက်ငင်းပေါ့...

ဆက်လက်ပြီး ဓမ္မနဲ့သာ နေသွားပါ...
ဘုန်းကြီးလည်း သူနဲ့သာ နေသွားပါ့မယ်...

ဒကာလေး ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
ဦးလောကနာထ
၇.၂၂.၂၀၀၉

Htun Aung said...

အမြန်ဆုံး ကျန်းမာပါစေ။ ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းဖြင့် သာသနာတွေ ပြုနိုင်ပါစေ အရှင်ဘုရား။
တပည့်တော် မိဘဆွေမျိုးတွေ တယောက်ပြီးတယောက် ဆုံးရှုံးပြီး နောက်ဆုံး တယောက်မှ မကျန်၊ အသည်းအသန် နာမကျန်းတော့ ပြုစုမယ့်လူတောင်မရှိ။ ရောဂါက အဖြေသိရတော့ အင်္ဂလိပ်ဆေးက ကုမရဘူးလို့ လက်မြှောက်ထားတဲ့ ရောဂါ။ ဒုက္ခကို ပေါင်းစုံသွားတာပဲ။ အရှင်ဘုရားကို အားပေးချင်လို့ တပည့်တော် ဒုက္ခ ပြောပြတာပါ။ အရှင်ဘုရား စိတ်မညစ်စေချင်ဘူး။ ကိုယ့်ထက် ကံဆိုးတဲ့လူ ရှိတယ်ဆိုပြီး စိတ်ချမ်းသာစေချင်လို့ပါ။
တပည့်တော်ဆို အခန်းထဲမှာ တယောက်ထဲ ငိုငိုနေရတယ်။ သေရမှာ ကြောက်လို့ မဟုတ်ဘူး။ အားပေးမယ့်လူ မရှိတဲ့ တကောင်ကြွက် ဘဝကို စိတ်နာလွန်းလို့။ အရှင်ဘုရားက အားပေးစောင့်ရှောက်မယ့် ဒကာဒကာမတွေ ဆွေတော်မျိုးတော်တွေ ရှိကြမှာပါ။ တပည့်တော်ထက် ကံကောင်းမှာပါ။ စိတ်မညစ်ပါနဲ့ဘုရား။

ဦးလောကနာထ said...

ဒကာလေးထွန်းအောင်ရေ...

မိမိရဲ့အားနည်းချက် ဒုက္ခတွေ ထုတ်ဖေါ်ပြီး...
စေတနာကောင်းနဲ့ အားပေးသည့်အတွက် ကုသိုလ်တစ်ခုဖြစ်ပါတယ်...

ခု များသောအားဖြင့် ဖြစ်ကြတာက...
ကိုယ်တိုင်ကြုံကြရရင် သေရမှာကြောက်ကြတယ် ဒေါသတရားပါ...
ပြုစုယုယမဲ့သူမရှိတော့ ၀မ်းနည်းကြပြန်တယ် ဒါလဲ ဒေါသတရားပါပဲ...
ရှင်ချင်ပါသေးတယ် ကောင်းချင်ပါဆိုတာက လောဘတရား...
အားပေးမဲ့သူတွေ ယုယမဲ့သူတွေ လိုချင်တယ်ဆိုရင်လဲ လောဘပဲလေ...

ဒေါသကြောင့်လဲ ပူကြရ လောဘကြောင့်လဲ ပူကြရတယ်...
ဒီနှစ်ပါးထဲ မောဟလေးထည့်လိုက်တော့ အပူလောင်ဆုံး အရာ ဖြစ်သွားတယ်...

မြတ်ဗုဒ္ဓက ဟောကြားခဲ့တယ်လေ ဒီတရားတွေ ကုန်အောင်လုပ်ပါတဲ့...
ဒီကိလေသာတွေကုန်ရင် မပူလောင်တော့ဘူးပေါ့...
မကုန်သေးတောင် နဲသွားသလောက်တော့ အပူလည်းလျှော့သွားနိုင်တယ်...

ဒါ့ကြောင့်
ဆင်းရဲကင်းဖို့ရာအတွက် ကိလေသာနဲကြောင်းတရားတွေ အမြဲနှလုံးသွင်းပါ...
ဘုန်းကြီးလဲ ဒီအတိုင်း နေသွားပါ့မယ်...

ဒကာလေး အပူတွေ ငြိမ်းအေးပါစေ...
ဦးလောကနာထ
၇.၂၃.၂၀၀၉

ခိုင်မရ said...

အမြန်ကျန်းမာ သက်သာပါစေဘုရား။
ရခဲတဲ့ ရဟန်းဘဝနဲ့ တန်ဖိုးရှိရှိ အသက်ရှင်နေရတာက လောကီလူ့ဘောင်မှာ အပျော်အပါး ကာမဂုဏ်တွေနဲ့ မေ့မေ့လျော့လျော့ အသက်ရှင်နေရတာထက် ယှဉ်မရအောင် မွန်မြတ်ပါတယ်ဘုရား။

တပည့်တော်ဆို ငယ်တုန်းက လတော်တော်ကြာ သာသနာ့ဘောင်မှာ ပျော်နေပြီး တစ်သက်လုံး ဝတ်တော့မယ်လို့ ဖြစ်ခဲ့ပါတယ်။ အားပေးမယ့်အိမ် မရှိတော့လဲ လူပြန်။ အဲဒီကနေ လူ့ဘဝရဲ့ စိတ်ညစ်စရာတွေကြားမှာ ကျင်လည်လာလိုက်တာ။
အခု ဘယ်သူ့မှ မမှီခိုရတော့ဘဲ ကိုယ်သဘောနဲ့ကိုယ် ဝတ်နိုင်ပြီဆိုတော့ လူက အသက်ရလာပြီ။ ပါဠိစာတွေ ငါ ကျက်နိုင်ပါတော့မလား၊ ကြီးမှ ဝတ်တယ်ဆိုတော့ အဆင်ပြေပါ့မလား၊ လောကဓံသစ်တွေ ကြုံရရင် အသက်ကြီးမှဆို ခံနိုင်ပါတော့မလား။ တွေးမိတော့ အသက် ၂၀ ကျော်တုန်းက လူထွက်ရရင် သေမလို ကြောက်ခဲ့သလို စိတ်ထက်သန်မှု မရှိတော့ဘူး။ ဆိုတာက ရဟန်းဘဝဆိုတာ လူတိုင်း မရဘူးဆိုတာ အမှန်ပါ။ အရှင်ဘုရား ရထားတဲ့ ဘဝက အလွန် မွန်မြတ်အကျိုးကြီးပါတယ်။ ကျန်းမာပျော်ရွှင်ပါစေဘုရား။

ဦးလောကနာထ said...

ဒကာလေးခိုင်မရရေ...

ဒကာလေးမှာ ရဟန်းဘဝဆက်နေချင်ပေမဲ့ လူထွက်ရတယ်...
ဝတ်နိုင်လျှက်နဲ့ မဝတ်ဖြစ်တာ သိရတော့...
(ဘယ်လိုမှ သဘောမထားပါနဲ့)
ကိုယ်ဟာကို ကျေနပ်မိပါတယ်လို့ ပြောချင်တယ်...

ကုသိုလ်ကံ အကျိုးတရားကြီး ကံကောင်းထောက်မခဲ့လို့...
လူ့ဘဝမှ တစ်ဆင့်တက် ရဟန်းဘဝ ရထားလိုက်ပါတယ်...
ဒီတော့ လူဖြစ်လည်း မရှုံးအောင် ကြိုးစားရမယ်...
ရဟန်းဖြစ်လည်း မရှုံးအောင် ကြိုးစားရမယ်လို့...
အမြဲနှလုံးသွင်းမိပါတယ်...

ဒကာလေးနဲ့အတူပေါ့လေ အားလုံး...
မြတ်ဗုဒ္ဓရဲ့တရားတော်များကို နှစ်သက်လက္ခံကြရင်...
ဘယ်အရွယ် ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ရဟန်းဝတ်ဖို့ တိုက်တွန်းပါတယ်...
ရခဲပါတယ်...

လူ့ဘဝနဲ့သာ ဒီအခြေအနေမျိုးဆိုရင်တော့ လူအများလိုပဲ ခံစားရမှာပါ...
တန်ဖိုးတွေမြင်ပါစေ...

ခုတော့ ဖခင်ကြီးကို ကျေးဇူးတင်ပါတယ်...

စိတ်ချမ်းသာပါစေ...
ဦးလောကနာထ
၇.၂၅.၂၀၀၉

Anonymous said...

အာဟာရ ဖြစ်စေမယ့် ဆေးဝါးများ မှီဝဲ၊ တရားလဲ အားထုတ်ဆို သက်သာမယ် ထင်ပါတယ်ဘုရား။

ရောဂါကို တရားနဲ့ ထိန်းထားကြတာတွေ ပျောက်ကင်းတာတွေ ကြားဖူးပါတယ်။

ဦးလောကနာထ said...

မှန်ပါတယ်...

ဆေးကောင်းနဲ့ ဓမ္မတွဲထားနိုင်ရင်...
အကုသိုလ်ကံကြီး အကျိုးမပေးသေးသ၍ ထိန်းထားနိုင်မှာပါ...
ဒီအတိုင်းပဲ နေသွားပါ့မယ်...

စိတ်ချမ်းသာပါစေ...
ဒုက္ခဆင်းရဲကင်းဝေးပါစေ...
ဦးလောကနာထ
၈.၂.၂၀၀၉