နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 30, 2008

အဘိဏှသုတ် ပါဠိတော် မြန်မာပြန်-

နေ့ညဥ့်မပြတ် ဆင်ခြင်အပ်သောတရားများ-


အဘိဏှသုတ် ပါဠိတော် မြန်မာပြန်-

ပဉ္စိမာနိ ဘိက္ခဝေ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။

ကတမာနိ ပဉ္စ-
၁။ ဇရာဓမ္မောမှိ၊ ဇရံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၂။ ဗျာဓိဓမ္မောမှိ၊ ဗျာဓိံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၃။ မရဏဓမ္မောမှိ၊ မရဏံ အနတီတောတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၎။ သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ၀ိနာဘာဝေါမှိတိ
အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
၅။ ကမ္မဿကောမှိ ကမ္မဒါယာဒေါ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊
ယံ ကမ္မံ ကရိဿာမိ ကလျာဏံ ၀ါ ပါပကံ ၀ါ၊
တဿ ဒါယာဒေါ ဘ၀ိဿာမီတိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗံ။
ဣမာနိ ခေါ ဘိက္ခဝေ ပဉ္စ ဌာနာနိ အဘိဏှံ ပစ္စဝေက္ခိတဗ္ဗာနိ
ဣတ္ထိယာ ၀ါ ပုရိသေန ၀ါ ဂဟဋ္ဌေန ၀ါ ပဗ္ဗဇိတေန ၀ါ။


အဘိဏှသုတ် မြန်မာပြန်

ရဟန်းတို့ ငါးပါးကုန်သော ဤအကြောင်းတရားတို့ကို မိန်းမသည် လည်းကောင်း ယောက်ျားသည် လည်းကောင်း လူသည် လည်းကောင်း ရဟန်းသည် လည်းကောင်း နေ့ညဥ့်မပြတ် ဆင်ခြင်အပ်ကုန်၏။

အဘယ်ငါးပါးတို့နည်းဟူမူကား။

ငါသည် အိုခြင်းသဘောရှိသည်၊ အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါသည် နာခြင်းသဘောရှိသည်၊ နာခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါသည် သေခြင်းသဘောရှိသည်၊ သေခြင်းသဘောတရားကို မလွန်ဆန်နိုင်ချေ။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ငါ့အား ခပ်သိမ်းကုန်သော ချစ်နှစ်လိုအပ်ကုန်သော။ နှလုံးကိုပွားစေတတ်ကုန် သော အဆွေအမျိုး အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်း သွားသဖြင့် ရှင်ကွဲကွဲရခြင်းသည် လည်းကောင်း။ ဘ၀တစ်ပါးသို့ ပြောင်းသွား သဖြင့် သေကွဲကွဲရခြင်းသည်ရှိ၏။ ဤသို့ နေ့ညဥ့် မပြတ်ဆင်ခြင်အပ်၏။

ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်။

ကံသာလျှင် အမွေခံရှိသည်။

ကံသာလျှင် အကြောင်းရှိသည်။

ကံသာလျှင် အဆွေအမျိုးရှိသည်။

ကံသာလျှင် ကိုးကွယ် လဲလျောင်းရာရှိသည် ဖြစ်၏။

ကောင်းသည်လည်းဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော၊ ထိုကံကို ပြုအံ့ ထိုကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။
ဤသို့ နေ့ညဥ့်မပြတ် ဆင်ခြင်အပ်၏။

ရဟန်းတို့ ဤငါးပါးသော အကြောင်းတရားတို့ကို မိန်းမသည်လည်းကောင်း ယောက်ျားသည်လည်းကောင်း လူသည်လည်းကောင်း ရဟန်းသည်လည်းကောင်း နေ့ညဥ့်မပြတ် ဆင်ခြင်အပ်ကုန်၏။

Tuesday, April 29, 2008

ပူဇော်ခံထိုက်သူ ၁၁-ဦး-

ဝိနည်းပညတ်ခြင်းအကျိုး ၁၀မျိုး-

အသျှင်ဘုရား အဘယ်မျှသော အကျိုးထူးတို့ကို အစွဲပြု၍ သိက္ခာပုဒ်ကို ပညတ်တော် မူပါသနည်း-

ဝိနည်း
အသျှင်ဥပါလိသည်
မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက်
မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးလျှင်
မြတ်စွာဘုရားအား -

အသျှင်ဘုရား အဘယ်မျှသော အကျိုးထူးတို့ကို အစွဲပြု၍ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော် မူပါသနည်း၊ ပါတိမောက်ကို ပြတော်မူပါသနည်း ဟု လျှောက်၏။

ဥပါလိ အကျိုးထူး ၁၀-မျိုးတို့ကို အစွဲပြု၍
မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊

အဘယ် ၁၀-မျိုးတို့နည်းဟူမူ –

၁. သံဃာတော်၏ ကောင်းပါပြီ ဟု ၀န်ခံကျင့်သုံးရန်၊
၂. သံဃာတော်များချမ်းသာစေရန်၊
၃. အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊
၎. အကျင့်သီလ ချစ်မြတ်နိုးသော ရဟန်းတို့ချမ်းသာစွာ နေနိုင်ရန်၊
၅. မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲ အထူးတို့ကို စောင့်စည်းရန်၊
၆. နောင်တမလွန်၌ ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊
၇. မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊
၈. ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊
၉. သူတော်ကောင်းတရား သာသနာသုံးရပ် တည်တံ့ရန်၊
၁၀. ၀ိနည်း စည်းမျဉ်းဥပဒေကို ချီးမြှောက်ရန်ဟု မိန့်တော်မူ၏။

ဥပါလိသုတ်၊ ဥပါလိဝဂ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

အလှူဟူသည်---

အလှူဟူသည်---

အလှူဟူသည်---

နတ်ပြည်၏ စောင်းတန်းလှေခါးဖြစ်သည်။
မြတ်သော ရိက္ခာထုပ်ဖြစ်သည်။
ခရီးဖြောင့်လည်းဖြစ်သည်။
မြတ်သော မဂ် ဖိုလ် နိဗ္ဗာန်၏ အကြောင်းဖြစ်သည်။
အစိုးရခြင်းကို ဖြစ်စေတတ်သည်။
စည်းစိမ် ချမ်းသာကို ပေးတတ်သည်။
ချမ်းသာကို ပွားစေတတ်သည်။
မိမိကိုယ်ကို စောင်မတတ်သည်။
မယဉ်ကျေးသူတို့ကို ယဉ်ကျေးစေတတ်သည်။
အလုံးစုံသော အကျိုးကို ပြီးစေတတ်သည်။
အမွန်မြတ်ဆုံး မင်္ဂလာတစ်ပါးလည်း ဖြစ်သည်။

ဒုက္ခ၀ိဟာရသုတ်-

မပူလောင်လိုသော် အတိုင်းအရှည်ကိုသိပါ-

ဒုက္ခ

ဝိဟာရသုတ်


အကြင်သူသည်-
မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူသော ဒွါရတို့ကို ပိတ်ဆို့မထား၊
စားသောက်ရာ၌ အတိုင်းအရှည်ကိုမသိ၊
ဣနြေ္ဒတို့ကို မစောင့်ရှောက်
ထိုသူသည် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဟူသော ဆင်းရဲကို ရ၏။

ထိုသို့သဘောရှိသောသူသည် နေ့ညဥ့်မဟူ
ပူလောင်သောကိုယ် ပူလောင်သောစိတ်ဖြင့် ဆင်းရဲစွာနေရ၏။

ဒုကနိပါတ်၊ ပထမ၀ဂ်၊ ဒုက္ခ၀ိဟာရသုတ်၊ ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်၊ စာ-၁၉၄။

မိမိအလှူ အကျိုးကြီးလိုသော်-

မိမိအလှူ အကျိုးကြီးလိုသော်-

အလှူရှင်များ

ဤအင်္ဂါ ၆-ပါးကို သိထားသင့်သည်


(၁) အလှူမပေးမီ- ရှေးအဖို့၌ သီလဆောက်တည်ခြင်း၊
(၂) ပေးလှူဆဲခဏ၌ စိတ်ကြည်လင်ရွှင်ပြရခြင်း၊
(၃) ပေးလှူပြီးနောက် မကြာခဏ နှစ်သက်ဝမ်းသာ အမှတ်ရကာနေရခြင်း၊

ဤအင်္ဂါ ၃-ပါးသည် အလှူရှင်တို့မှာ ရှိထားရမည့် အင်္ဂါသုံးပါး။

အလှူခံယူသူတို့ဘက်မှ ရှိထားရမည့် အင်္ဂါ ၃-ပါး။

(၁) တဏှာ ရာဂကင်းစင်သူဖြစ်ခြင်း၊
ရာဂကင်းကြောင်း အကျင့်ကောင်းများကို ကျင့်ကြံအားထုတ်နေသူဖြစ်ခြင်း၊
(၂) ဒေါသကင်းခြင်း၊
ဒေါသကင်းရန် ပြုကျင့်အားထုတ်နေသူဖြစ်ခြင်း၊
(၃)မောဟကင်းခြင်း၊
မောဟကင်းစင်စေရန် ၀ိပဿနာတရား အားထုတ်ကျင့်ပွားနေခြင်းရှိသည့် ပုဂ္ဂိုလ်များဖြစ်ရခြင်း။

ဤအင်္ဂါ ၃-ပါးသည် အလှူခံတို့မှာ ရှိထားရမည့် အင်္ဂါသုံးပါး။

အင်္ဂုတ္တရပါဠိတော်။ ဒု။ ၂၉၅။

Sunday, April 27, 2008

သူတော်ကောင်းနှင့် သူယုတ်မာ-

သူတော်ကောင်းနှင့် သူယုတ်မာ-


မြတ်ဗုဒ္ဓ အဆုံးအမ သူတော်ကောင်းနှင့် သူယုတ်မာ

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သူယုတ်မာတို့၏ အခြေခံသဘောကို လည်းကောင်း၊ သူတော်ကောင်းတို့၏ အခြေခံသဘောကို လည်းကောင်း၊ ဤသို့ဟော ကြားတော်မူ၏။

ရဟန်းတို့၊ သူယုတ်မာသည် ပြုဖူးသော သူ့ကျေးဇူးကိုမသိ၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိ၊ ရဟန်းတို့၊ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုမသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူယုတ်မာတို့၏ အခြေခံသဘောပေတည်း။

ရဟန်းတို့၊ သူတော်ကောင်းတို့သည်ကား ပြုဖူးသော သူ့ကျေးဇူးကိုသိ၏၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိ၏၊ ရဟန်းတို့ ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုသိခြင်း၊ ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍သိခြင်းကို သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏။ ယင်းတို့သည် သူတော်ကောင်းတို့၏ အခြေခံသဘောပေတည်း။

ကောလိတ၊ သမစိတ္တ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

အကုသိုလ် စေတသိက် ၁၄-ပါး- ကုသိုလ် စေတသိက်များ။

ကုသိုလ် အကုသိုလ် ဖြစ်စေသော စေတသိက်များ-

အကုသိုလ် ဖြစ်စေသော စေတသိက် ၁၄-ပါး-

၁။ မောဟ၊ မသိတတ်ခြင်း။
၂။ အဟိရိက၊ အကုသိုလ်ပြုရန် မရှက်ခြင်း။
၃။ အနောတ္တပ္ပ၊ အကုသိုလ်ပြုရန် မကြောက်လန့်ခြင်း။
၎။ ဥဒ္ဓစ္စ၊ စိတ်ပျံ့လွင့်ခြင်း။
၅။ လောဘ၊ လိုချင်မှုသဘော။
၆။ ဒိဋ္ဌိ၊ မှားမှားယွင်းယွင်း သိမြင်ခြင်း။
၇။ မာန၊ ထောင်လွှားတက်ကြွခြင်းသဘော။
၈။ ဒေါသ၊ စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်းသဘော။
၉။ ဣဿာ၊ ငြူစူ မနာလိုခြင်းသဘော။
၁၀။ မစ္ဆရိယ၊ ၀န်တိုခြင်းသဘော။
၁၁။ ကုက္ကုစ္စ၊ နောင်တတစ်ဖန် ပူပန်ခြင်းသဘော။
၁၂။ ထိန၊ ထိုင်းခြင်း။
၁၃။ မိဒ္ဓ၊ မှိုင်းခြင်း။
၁၄။ ၀ိစိကိစ္ဆာ၊ ယုံမှားခြင်း။ မယုံတ၀က် ယုံတ၀က်။

ကုသိုလ် ဖြစ်စေသော စေတသိက်များ-

၁။ သဒ္ဓါ၊ ယုံကြည်ခြင်းသဘော။
၂။ သတိ၊ အောက်မေ့ခြင်း အမှတ်ရခြင်းသဘော။
၃။ ဟိရိ၊ မကောင်းမှုပြုရမည်ကို ရှက်ခြင်း။
၎။ သြတ္တပ္ပ၊ မကောင်းမှုပြုရမည်ကို ကြောက်ခြင်း။
၅။ အလောဘ၊ မလိုခြင်မှု။
၆။ အဒေါသ၊ မခက်ထန် မကြမ်းတမ်းခြင်းသဘော။
၇။ အမောဟ၊ ဉာဏ်ပညာ။
၈။ မေတ္တာ၊ သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားခြင်းသဘော။
၉။ ကရုဏာ၊ သနားကြင်နာမှုသဘော။
၁၀။ မုဒိတာ၊ သူတစ်ပါး၏ ပြည့်စုံမှုကို ၀မ်းမြောက်ခြင်းသဘော။
၁၁။ ဥပေက္ခာ၊ လျစ်လျူရှုခြင်းသဘော။
၁၂။ သမ္မာဝါစာ၊ မှန်စွာပြောဆိုခြင်း။
၁၃။ သမ္မာကမ္မန္တ၊ မှန်စွာပြုလုပ်ခြင်း။
၁၄။ သမ္မာအာဇီဝ၊ မှန်စွာအသက်မွေးခြင်း။

လောက၌အရောင်တို့သည် ၄-မျိုးရှိကုန်၏

နတ်သားတစ်ပါး မေးလျှောက်သည့်အတွက် မြတ်စွာဘုရားဖြေကြားတော်မူလေသည်-

လော
က၌အရောင်တို့သည် ၄-မျိုးရှိကုန်၏-
က၌ ငါးခုမြောက်အရောင်သည်မရှိ။


၁။ နေသည် နေ့အခါ၌ ထွန်းလင်းတောက်ပ၏။
၂။ လသည် ညအခါ၌ ထွန်းလင်းတောက်ပ၏။
၃။ ထိုမှတစ်ပါး မီးသည် နေ့ရောညပါ ထွန်းလင်းတောက်ပ၏၊
၎။ မြတ်စွာဘုရား၏ အရောင်သည် အရောင်တကာတို့ထက်မြတ်၏၊
---ထိုမြတ်စွာဘုရားအရောင်တော်သည် အတုမရှိဟု မိန့်တော်မူ၏။

ဒေ၀တာသံယုတ်၊ သတ္တိဝဂ်၊ ပဇ္ဇောတသုတ်။

အ၀န်းသုံးပါး ဘုရားရှိခိုး-



အ၀န်းသုံးပါး ဘုရားရှိခိုး-

တိမဏ္ဍလေ စရံ သံဃ၊ နက္ခတ္တ ပရိဝါရိတံ။
သဒ္ဓမ္မသီတလောဘာသ၊ ဇနသန္တာပ နာသကံ။
ပညာစက္ခုကရံ ပူဇေ၊ ဗုဒ္ဓပုဏ္ဏိန္ဒုမဏ္ဍံလံ။

သံဃနက္ခတ္တပရိဝါရိတံ= အရိယာရှစ်ပါးတပည့်သား သာဝက သံဃာတော်မြတ်အပေါင်းတည်းဟူသော နက္ခတ်တာရာ ကြယ်တကာတို့
ဝန်းကာပတ်ခြံ ရံအပ်ပါပေထသော၊

သဒ္ဓမ္မသီတလောဘာသ ဇနသန္တာပနာသကံ= ဓမ္မက္ခန္ဓာဒေသနာတော်ပေါင်း ရှစ်သောင်း လေးထောင် အေးမြချမ်းကြည်သော တရားရောင်တို့ဖြင့် များမြောင်လှစွာ ဆယ့်တစ်ဖြာငြီး လောင်သည့်မီးကို အပြီးတိုင်ပယ်ဖျောက်တော် မူတတ်ပါပေထသော၊

ပညာစက္ခုကရံ= လေးရပ်သစ္စာ နက်နဲစွာသား ကောင်းစွာမျှော်ရှု ဉာဏ်ပညာ စက္ခုကို ပြုတော်မူတတ်ပါပေထသော၊

တိမဏ္ဍလေ= မဇ္စျေတိုက်ထွန်း အ၀န်းတွင်မှတ် အလတ်ကျဉ်းကျယ် လမ်းသုံးသွယ်၌၊

စရံ စရန္တံ= မြင့်မိုရ်နှိုင်းရာ ဗောဓိချာကို ဗဟိုအလယ်ထား ကြွသွားလှည့်လည်တော် မူတတ်ပါပေထသော၊ ဗုဒ္ဓပုဏ္ဏိန္ဒုမဏ္ဍံလံသစ္စာလေးပါး တရားသိမြင် ဘုရားရှင်ဟူ ရောင်ဖြူပထွန်း လပြည့်ဝန်းကို၊

အဟံ= သူတော်သူမြတ် လူနှင့်နတ်တို့ ကျေနပ်ရန်မျှော် ဘုရားတပည့်တော်သည်၊

ပူဇေ ပူဇေမိ= ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျော့၍ ကန်တော့မြတ်နိုး လက်အုပ်မိုးကာ ရှိခိုးဦးညွှတ်ပါ၏။

မယံ= တရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ် ခေါ်ဆိုသမုတ် အကျွန်ုပ်တို့သည်၊

ပူဇေ ပူဇေမ= မင်္ဂလာ စရဏ လက်ဦးစ၌ ကြည်စွကော်ရော် ပူဇော်မြတ်နိုး လက်အုပ်မိုးကာ ရှိခိုးဦးညွှတ်လိုက်ကြပါကုန်၏ မြတ်စွာဘုရား။

Friday, April 25, 2008

ဗောဓိပင် ရေလှူရသောအကျိုး-

ဗောဓိပင် ရေလှူရသောအကျိုး-

ဗောဓိပင် ရေလှူရသောအကျိုး-

ဝိပဿီမြတ်စွာဘုရား၏ ဗောဓိပင်မြတ်ကို ပူဇော်ပွဲသည် ဖြစ်၏၊ ထိုအခါ ငါသည် ရဟန်းဘ၀သို့ ရောက်ပြီးသည် ဖြစ်လျက် ထိုပူဇော်ပွဲသို့ ချဉ်းကပ်၏။

ချဉ်းကပ်ပြီးသော် ကိုယ်တော်တိုင် ၀ဋ်ဆင်းရဲမှ လွတ်မြောက်ပြီးသည် ဖြစ်၍ ငါတို့ကို လွတ်မြောက်စေလတ္တံ့၊ ကိုယ်တော်တိုင် ဒုက္ခငြိမ်းအေးပြီးသည် ဖြစ်၍ ငါတို့ကို ငြိမ်းအေးစေလတ္တံ့ဟု နှလုံးသွင်းလျက် ငါသည် ပန်းဖြင့် ထုံးထားသော ရေကိုယူ၍ ဗောဓိပင်၌ သွန်းလောင်းပူဇော်ခဲ့၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ် ကမ္ဘာထက်၌ ဗောဓိပင်၌ ညောင်ရေသွန်း လောင်းခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်၌ ညောင်ရေ သွန်းလောင်းရခြင်း၏ အကျိုးပေတည်း။

သုံးဆယ့်သုံးကမ္ဘာထက် ရောက်လတ်သော် လူတို့ကို အစိုးရသော ဥဒကသေစန မည်ကုန်သော စကြ၀တေးမင်းတို့သည် ရှစ်ကြိမ် ဖြစ်ဖူးကုန်၏။

လေးပါးသော ပဋိသမ္ဘိဒါတို့ကို လည်းကောင်း၊ ရှစ်ပါးသော ဤ၀ိမောက္ခတို့ကို လည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း မျက်မှောက် ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဗောဓိသိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

တိမိရ၀ဂ်၊ ဗောဓိသိဉ္စကတ္ထေရအပဒါန်၊ ခုဒ္ဒကပါဠိတော်။

မာန်တက်ခြင်း အကြောင်းတရားများ-

ရောက်ရာဘ၀ အောက်တန်းမကျလိုပါသော်-

မာန်
ရောက်ရာဘ၀ အောက်တန်းမကျလိုပါသော်-
မာနတက်ခြင်း ဘ၀င်မြင့်ခြင်းတို့ကို ရှောင်ရှားရမည်။

ဤတရားတို့ကြောင့် မာန်မာနဖြစ်ကြရပါသည်-

(၁) ဇာတိ မဒ= ဇာတ်ကိုစွဲ၍ မာနဖြစ်သည်။
(၂) ဂေါတ္တ မဒ= မျိုးနွယ်ကိုစွဲ၍ မာနဖြစ်သည်။
(၃) သိပ္ပ မဒ= အတတ်ပညာကိုစွဲ၍ မာနဖြစ်သည်။
(၄) အာရောဂျ မဒ= အနာရောဂါကင်းမှုကိုစွဲ၍ မာနဖြစ်သည်။
(၅) ယောဗ္ဗ မဒ= အရွယ်ပျိုနုခြင်းကိုစွဲ၍ မာနဖြစ်သည်။
(၆) ဇီဝိတ မဒ= အသက်ရှည်ခြင်းကိုစွဲ၍ မာနဖြစ်သည်။
(၇) ၀ဏ္ဏ မဒ= အဆင်းလှခြင်းကိုစွဲ၍ မာနဖြစ်သည်။
(၈) သောဘဂ္ဂ မဒ= ဘောဂပေါကြွယ် တင့်တယ်မှုမျိုးကိုစွဲ၍ မာနဖြစ်သည်။
(၉) ပရိဝါရ မဒ= ကျော်စောခြင်း အခြံအရံများခြင်းကိုစွဲ၍ ဘ၀င်မြင့် မာနဖြစ်သည်။

ဣတိဝုတ္တက၊ ပါဠိတော်၊ ၂၇၀။


ဒိဋ္ဌိဖြစ်ကြောင်း ၈-ပါး-

ဒိဋ္ဌိဖြစ်ကြောင်း ၈-ပါး-

သောတာပန်ဖြစ်လိုပါလျှင်-

သောတာပန်ဖြစ်လိုပါလျှင်-


ဤ ၆-မျိုးကို ပယ်နိုင်လျှင်-

ရဟန်းတို့ တရား ၆-မျိုးတို့ကို မပယ်မူ၍ ဉာဏ်အမြင်နှင့် ပြည့်စုံမှု
သောတာပတ္တိမဂ်ကို မျက်မှောက်ပြုရန် မထိုက်တန်။

၁။ သက္ကာယဒိဋ္ဌိ၊
၂။ ၀ိစိကိစ္ဆာ၊
၃။ သီလဗ္ဗတပရာမာသ၊
၎။ အပါယ်သို့ ရောက်ကြောင်း ရာဂ၊
၅။ အပါယ်သို့ ရောက်ကြောင်း ဒေါသ၊
၆။ အပါယ်သို့ ရောက်ကြောင်း မောဟတို့တည်း။

ရဟန်းတို့ ဤတရား ၆-မျိုးတို့ကို မပယ်ပါလျှင် သောတာပန်ဖြစ်ရန် မထိုက်တန်။

အပ္ပဟာယသုတ်၊ သီတိဝဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဗုဒ္ဓဟောကြား လူ ၄-မျိုး ၄-စား-

မြတ်ဗုဒ္ဓ၏ ဟောကြားချက်အရ လူ ၄-မျိုး ၄-စားရှိလေသည်-


လူ ၄-မျိုး

မြတ်ဗုဒ္ဓ၏ ဟောကြားချက်အရ လူလေးမျိုးလေးစားရှိလေသည်။

၁။ မိမိအကျိုး၊ သူတစ်ပါးအကျိုး၊
နှစ်မျိုးစလုံးကို မဆောင်ရွက်သူသည် အနိမ့်စားဖြစ်သည်။
၂။ သူတစ်ပါး၏ အကျိုးကို မဆောင်ရွက်ဘဲ
မိမိ၏အကျိုးကိုသာ ဆောင်ရွက်သူက ထိုထက်မြတ်သည်။
၃။ မိမိ၏အကျိုးကို မဆောင်ရွက်ဘဲ၊
သူတစ်ပါး၏ အကျိုးကိုသာ ဆောင်ရွက်သူက ထိုထက်မြတ်သည်။
၎။ မိမိ၏အကျိုးကိုရော၊ သူတစ်ပါး၏အကျိုးကိုပါ
ဆောင်ရွက်သူသည်ကား အမြတ်ဆုံးဖြစ်လေသည်။

အိပ်စားကာမ ဤသုံးဝတွင် လူအားလုံးအတူတူပင်ဖြစ်သည်။
ထိုထက်ပို၍ မိမိအကျိုး သူတစ်ပါးအကျိုးကို မည်ရွေ့မည်မျှအထိ
သယ်ပိုးဆောင်ရွက် သွားသနည်းဆိုသော အချက်ပေါ်တွင်သာ
တစ်ဦးနှင့်တစ်ဦး ခြားနားချက် ဖြစ်ပေါ်ပေလိမ့်မည်။

ဤတရား ၆-မျိုးနှင့် ပြည့်စုံပါလျှင်-

ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် အသိဉာဏ် ပြည့်စုံရန် မထိုက်တန်-

ဤတရား ၆-မျိုးနှင့် ပြည့်စုံပါလျှင်

သူတော်ကောင်းတရား ဟောကြားစဉ်-

၁။ ကောင်းစွာ မနာယူ၊
၂။ ကောင်းစွာ နားမစိုက်၊
၃။ သိခြင်းငှါ စိတ်ကို မဖြစ်စေ၊
၎။ အကျိုးမဲ့ကို ယူ၏၊
၅။ အကျိုး ရှိသည်ကို စွန့်၏၊
၆။ သာသနာတော်နှင့် မလျော်သော ပညာနှင့် ပြည့်စုံ၏။

ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည်
အသိဉာဏ် ပြည့်စုံရန် မထိုက်တန်။

ဓမ္မပဒ-၂၀၄-

လောကတွင် အလွန်ကဲဆုံး-

အာရောဂျပရမာ လာဘာ၊ သန္တုဋ္ဌိပရမံ ဓနံ။
ဝိဿာသပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။

အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း၊

ရောင့်ရဲမှုသည် အလွန်ကဲဆုံး ဥစ္စာတည်း၊

ချစ်ကျွမ်းဝင်သူသည် အလွန်ကဲဆုံး ဆွေမျိုးတည်း၊

နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း။

Health is the greatest blessing. Contentment is the highest wealth. The trustworthy friend is the best kinsman. Nibbana is the greatest bliss.
(BS)

Thursday, April 24, 2008

သမထကမ္မဋ္ဌာန်း ၄၀-



သမထ ကမ္မဋ္ဌာန်း ၄၀

ကမ္မဋ္ဌာန်းဟူသည် သမထဘာဝနာကံ ၀ိပဿနာ ဘာဝနာကံ နှစ်ပါးတို့၏ ဖြစ်ရာဖြစ်ကြောင်း ဖြစ်သောကြောင့် ကသိုဏ်း ပညတ်စသော တေဘုမ္မက သင်္ခါရ တရားတို့ကို ခေါ်ဆိုပါသည်။
သမထ (စိတ်တည်ငြိမ်မှု)ကို ပေါက်မြောက် အောင်မြင်ရန် အလို့ငှာ ကမ္မဋ္ဌာန်း (စိတ်အာရုံစူးစိုက်ရာ ဌာနများ) လေးဆယ်အနက် တစ်ပါးပါးကို စူးစိုက် အားထုတ်ရပေသည်။

ကသိုဏ်း-----------၁၀-ပါး။
အသုဘ------------၁၀-ပါး။
အနုဿတိ---------၁၀-ပါး။
ဗြဟ္မ၀ိဟာရ----------၄-ပါး။
သညာ---------------၁-ပါး။
စတုဓာတု၀၀တ္ထာန်---၁-ပါး။
အာရုပ္ပ---------------၄-ပါး။
စုစုပေါင်း-----------၄၀-ဖြစ်ပါသည်။

ကသိုဏ်း ၁၀-ပါးမှာ-

၁။ ပထ၀ီကသိဏ၊ မြေ ကသိုဏ်း။
၂။ အာပေါကသိဏ၊ ရေ ကသိုဏ်း။
၃။ တေဇောကသိဏ၊ မီး ကသိုဏ်း။
၎။ ၀ါယောကသိဏ၊ လေ ကသိုဏ်း။
၅။ နီလကသိဏ၊ အညိုရောင် ကသိုဏ်း။
၆။ ပီတကသိဏ၊ အ၀ါရောင် ကသိုဏ်း။
၇။ လောဟိတကသိဏ၊ အနီရောင် ကသိုဏ်း။
၈။ သြဒါတကသိဏ၊ အဖြူရောင် ကသိုဏ်း။
၉။ အာကာသကသိဏ၊ ကောင်းကင် ကသိုဏ်း။
၁၀။ အာလောကကသိဏ၊ အလင်းရောင် ကသိုဏ်းတို့ဖြစ်ပါသည်။

အသုဘ ၁၀-ပါးမှာ-

၁။ ဥဒ္ဓုမာတက၊ ဖူးဖူးရောင်သော သူသေကောင်။
၂။ ၀ိနီလက၊ အညို အနီစသည် ရောယှက်လျက် အရောင် အဆင်းပျက်နေသော သူသေကောင်။
၃။ ၀ိပုဗ္ဗက၊ ပုပ်ရိပြီး သွေးပြည်တို့ဖြင့် ကွဲအက် ယိုကျနေသော သူသေကောင်။
၎။ ၀ိစ္ဆိဒ္ဒက၊ အရေပြားများ အပိုင်းပိုင်း ကွဲအက်နေသော သူသေကောင်။
၅။ ၀ိက္ခာယိတက၊ ခွေး ကျီး လင်းတ စသည်တို့ ထိုးဆွ ကိုက်ခဲ၍ မွမွကြဲနေသော သူသေကောင်။
၆။ ၀ိက္ခိတ္တက၊ ခြေတခြား လက်တခြား ခေါင်း ကိုယ်စသည်တို့ကို ကစဥ့်ကလျား ပစ်လွှင့်ထားအပ်သော သူသေကောင်။
၇။ ဟတ၀ိက္ခိတ္တက၊ ခြေ လက် ကိုယ် ခေါင်းစသည်ကို တခြားစီ ဖြတ်လျက် ဓားရာခြင်းယှက်နေအောင် မွှန်း၍ တကွဲတခြား ပစ်လွှင့်ထားအပ်သော သူသေကောင်။
၈။ လောဟိတက၊ ထိုမှဤမှ သွေးယိုထွက်၍ အနှံ့အပြား သွေးလိမ်းကျံနေသော သူသေကောင်။
၉။ ပုဠုဝက၊ ပိုးလောက်များ ကျိကျိတက် ပြည့်နေ သော သူသေကောင်။
၁၀။ အဋ္ဌိက၊ အရိုးစုသာကြွင်းကျန်သော သူသေကောင်တို့ဖြစ်ပါသည်။

အနုဿတိ ၁၀-ပါးမှာ-

၁။ ဗုဒ္ဓါနုဿတိ၊ အရဟံ အစရှိသော မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၂။ ဓမ္မာနုဿတိ၊ သွာက္ခာတတာ အစရှိသော တရားတော်၏ ဂုဏ်တော်ခြောက်ပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၃။ သံဃာနုဿတိ၊ သုပ္ပဋိပန္န အစရှိသော သံဃာတော်၏ ဂုဏ်တော်ကိုးပါးကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၎။ သီလာနုဿတိ၊ မိမိ၏ သီလဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၅။ စာဂါနုဿတိ၊ မိမိပြုခဲ့ဘူးသည့် ဒါန အစုစုကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၆။ ဒေ၀တာနုဿတိ၊ သဒ္ဓါ အစရှိသောဂုဏ်နှင့် ပြည့်စုံသဖြင့် နတ်ဖြစ်လေကုန်သည် ငါလည်း သဒ္ဓါအစရှိသော ဂုဏ်တို့နှင့် ပြည့်စုံ၏ဟု နတ်တို့ကို သက်သေထား၍ အဖန်တလဲလဲ အောက်မေ့ခြင်း။
၇။ ဥပသမာနုဿတိ၊ နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၈။ မရဏာနုဿတိ၊ သေခြင်းကို အဖန်တလဲလဲ အောက်မေ့ခြင်း။
၉။ ကာယဂတာသတိ၊ ဆံပင် အမွှေး လက်သည်း ခြေသည်း စသည့် ၃၂-ပါးသော ကောဋ္ဌာသကို အဖန် တလဲလဲ အောက်မေ့ခြင်း။
၁၀။ အာနာပါနဿတိ၊ နှာခေါင်းမှ ထွက်သက်ဝင်သက်ကို အဖန်တလဲလဲ အောက်မေ့ခြင်းတို့ဖြစ်ပါသည်။

ဗြဟ္မ၀ိဟာရ ၄-ပါးမှာ-

၁။ မေတ္တာ၊ ချစ်ခြင်းဖြင့် သတ္တ၀ါပညတ်အပေါ် ပွားများ စူးစိုက်ခြင်း။
၂။ ကရုဏာ၊ သနားကြင်နာစိတ်ဖြင့် သတ္တ၀ါတို့အပေါ် ပွားများစူးစိုက်ခြင်း။
၃။ မုဒိတာ၊ သူတစ်ပါးတို့ ကြီးပွားချမ်းသာခြင်း၌ ၀မ်းမြောက်သောစိတ်ဖြင့် သူတစ်ပါးတို့အပေါ် (၀ါ) သတ္တ၀ါ တို့အပေါ် ပွားများစူးစိုက်ခြင်း။
၎။ ဥပေက္ခာ၊ မုန်းခြင်း ချစ်ခြင်း မထားသောစိတ်ဖြင့် သတ္တ၀ါတို့အပေါ် ပွားများစူးစိုက်ခြင်းတို့ဖြစ်ပါသည်။

သညာ ၁-ပါးမှာ-

၁။ အာဟာရေ ပဋိကူလသညာ၊ စားသောက်သော အာဟာရတို့အပေါ် စက်ဆုတ်ဖွယ်အနေ ထင်မြင်လာအောင် စူးစိုက်ရှုပွားခြင်းတို့ဖြစ်ပါသည်။

စတုဓာတု၀၀တ္ထာန် ၁-ပါးမှာ-

၁။ စတုဓာတု၀၀တ္ထာန၊ မိမိခန္ဓာကိုယ်ကို ရေ မြေ လေ မီး စသော မဟာဘုတ်ကြီးလေးပါးအနေ ထင်မြင်အောင် စူးစိုက်ရှုပွားခြင်း ဖြစ်သည်။

အာရုပ္ပ ၄-ပါးမှာ-

၁။ အာကာသာနဉ္စာယတန၊ အစအဆုံးမရှိ အနန္တ ကောင်းကင်ပညတ်ကို စူးစိုက်ခြင်း။
၂။ ၀ိညာနဉ္စာယတန၊ အစအဆုံးမရှိ အနန္တ၀ိညာဏ ပညတ်ကို စူးစိုက်ခြင်း။
၃။ အာကိဉ္စညာယတန၊ ဘာမျှမရှိခြင်းသဘော နတ္ထိ သဘော ပညတ်ကို စူးစိုက်ခြင်း။
၎။ နေ၀သညာနာသညာယတန၊ သညာရှိသည်လည်း မဟုတ် မရှိသည်လည်း မဟုတ်သော ပညတ်၌ စူးစိုက်ခြင်းတို့ ဖြစ်ပါသည်။

သမထကမ္မဋ္ဌာန်း ၄၀-ပြီး၏။

ကောသလအိပ်မက် ၁၆-ချက်-

ကောသလအိပ်မက် ၁၆-ချက် စီကုံးသူ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး-

အိပ်မက်

ကောသလအိပ်မက် ၁၆-ချက် ရှစ်လုံးဖွဲ့မြန်မာကဗျာ-

(၁) အမေး။ ။နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ။ ။အရှေ့အနောက်၊ တောင်မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။

(၂) အမေး။ ။မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ။ ။အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။

(၃) အမေး။ ။ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ။ ။သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။

(၄) အမေး။ ။နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
အဖြေ။ ။ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။

(၅) အမေး။ ။ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မ၀နိုင်ပါ။
အဖြေ။ ။မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။

(၆) အမေး။ ။ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ။ ။မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

(၇) အမေး။ ။ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ။ ။လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။

(၈) အမေး။ ။အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။
အဖြေ။ ။ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။

(၉) အမေး။ ။ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ။ ။မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။

(၁၀) အမေး။ ။တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။
အဖြေ။ ။မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

(၁၁) အမေး။ ။မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ။ ။အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

(၁၂) အမေး။ ။သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ။ ။ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။

(၁၃) အမေး။ ။အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။
အဖြေ။ ။ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။

(၁၄) အမေး။ ။အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။
အဖြေ။ ။ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

(၁၅) အမေး။ ။အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ။ ။ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀ပ်တွားနေရမှာ။

(၁၆) အမေး။ ။ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ။ ။သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။

Wednesday, April 23, 2008

ဆင်းရဲအပေါင်းမှ လွတ်မြောက်လိုသော်-

အလုံးစုံသော ဆင်းရဲအပေါင်းမှ လွတ်မြောက်လိုသော်-

သဗ္ဘိသုတ်-

များစွာသော နတ်သားတို့သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤသို့လျှောက်၏-

၁။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ။

၂။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊ အခြား (သူမိုက်) ထံမှ ပညာကို မရနိုင်။

၃။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ။

၎။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏။

၅။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော်
သတ္တ၀ါတို့သည် ကောင်းသောလားရာ (သုဂတိ) ဘ၀သို့ ရောက်ရကုန်၏။

၆။ သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော်
သတ္တ၀ါတို့သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏။ ဟု

နတ်သားများက မြတ်စွာဘုရားအား လျှောက်ထားလေသော်-

သင် နတ်သားအားလုံးတို့၏ စကားသည် အကြောင်းပရိယာယ်အားဖြင့် ကောင်းစွာ ဆိုအပ်၏၊

ထို့ပြင် ငါ၏ စကားကိုလည်းနာကြကုန်လော့ -

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် အလုံးစုံသော ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၏။

သဗ္ဘိသုတ်၊ သတုလ္လပကာယိကဝဂ်၊ သဂါထာဝဂ္ဂသံယုတ်။

စင်္ကြံလျှောက်ခြင်း၌ အကျိုး ၅-မျိုး-

စင်္ကြံလျှောက်ခြင်းအကျိုးတရား...
ရဟန်းတို့ စင်္ကြံလျှောက်ခြင်း၌ အကျိုးအာနိသင်-

စင်္ကမသုတ် စင်္ကြံလျှောက်ခြင်း၌ အကျိုးအာနိသင် ၅-မျိုး-

၁။ ခရီးရှည် သွားနိုင်၏။

၂။ ကြိုးစားအားထုတ်နိုင်၏။

၃။ အနာရောဂါကင်း၏။

၎။ စားသောက် ခဲအပ်သော အစာအာဟာရသည် ကောင်းစွာ ကြေကျက်နိုင်၏။

၅။ စင်္ကြံလျှောက်ခြင်းဖြင့် ရအပ်သော တည်ကြည်မှု (သမာဓိ)သည်
ကြာမြင့်စွာ တည်တံ့နိုင်၏။ 29

၉ - စင်္ကမသုတ်၊ ပဉ္စင်္ဂိကဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဝိပဿနာ အားထုတ်ခြင်းသည်-

လောကဓံတရား ရှစ်ပါးတို့ကို အပြုံးမပျက် ခံနိုင်ရည်ရှိလိုသော်-

ဝိပဿနာ အားထုတ်ခြင်းသည်-

လာဘ= ပစ္စည်းဥစ္စာ ရရှိခြင်း။
အလာဘ= ပစ္စည်းဥစ္စာ မရခြင်း။
ယသ= အခြွေအရံ များခြင်း။
အယသ= အခြွေအရံ မရှိခြင်း။
နိန္ဒ= အကဲ့ရဲ့ ခံရခြင်း။
ပသံသ= အချီးမွမ်း ခံရခြင်း။
သုခ= ကိုယ်စိတ် ချမ်းသာခြင်း။
ဒုက္ခ= ကိုယ်စိတ် ဆင်းရဲခြင်း။

ဤ လောကဓံတရား ရှစ်ပါးတို့ကို အပြုံးမပျက် ခံနိုင်ရည်ရှိစေတယ်။

ခင်ပွန်းကြီးဆယ်ပါးမှာ-

ခင်ပွန်းကြီးဆယ်ပါး နှင့် ပူဇော်ရိုသေသူတို့ ရရှိမည့် အကျိုး ၁၀-ပါး

ခင်ပွန်းကြီးဆယ်ပါးမှာ-

၁။ သဗ္ဗညုဘုရား။
၂။ ပစ္စေကဗုဒ္ဓဘုရား။
၃။ ရဟန္တာ။
၎။ အဂ္ဂသာဝက ၂-ပါး။
၅။ မာတာ= မိခင်။
၆။ ပိတာ= ဖခင်။
၇။ ၀ုဒ္ဓါပစာယန= အသက် သိက္ခာ သီလ အမျိုး စသည် မိမိထက်ကြီးမြတ် ရိုသေအပ်သူ။
၈။ အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးအပ်သော ဆရာမြတ်။
၉။ ဓမ္မကထိက= သူတော်ကောင်းတရား ဟောပြောပြသသူ။
၁၀။ ဟိတ ကရ= အစားအသောက် နေရာထိုင်ခင်း ပေးသောသူ။

ခင်ပွန်းကြီးဆယ်ပါးကို ပူဇော်ရိုသေသူတို့ရရှိမည့် အကျိုး ၁၀-ပါးမှာ-

၁။ တစ်ပါးရွာသို့သွားလျှင် အစားအစာမရှားပါးခြင်း။
၂။ ရောက်ရာအရပ်၌ အပူဇော်ခံရခြင်း။
၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ခြင်း။
၎။ မျက်နှာမြင်က ချစ်ခင်သူပေါများခြင်း။
၅။ ပွဲလယ်၌ ရဲရင့်ခြင်း။
၆။ မိမိ၏ ကျေးဇူးသတင်း ပျံ့လွင့်ခြင်း။
၇။ အခြံအရံ အမြဲမပြတ်ရှိခြင်း။
၈။ ဆင် မြင်း ကျွဲ နွားပေါများ၍ စပါးဆန်ရေ မပျက်စီးခြင်း။
၉။ တောင်စောက် ချောက်ကမ်းပါး၌ ကျသော်လည်း မသေခြင်း။
၁၀။ သားသမီးနှင့်တစ်ကွ အခြေအမြစ်ကြီးကျယ်ခြင်း။

ခင်ပွန်းကြီးဆယ်ပါးအမည်ဖြင့်တော့ ဘုရားဟောမရှိပါ၊ တူရာစု၍သာ။

ယုတ်မာသောသူတို့၏ အမှတ်အသား ၁၈-မျိုး-


ယုတ်မာသောသူတို့၏ အမှတ်အသား ၁၈-မျိုး-


ယုတ်မာသောသူတို့၏ အမှတ်အသား ၁၈-မျိုး

၁။ ခြေဖ၀ါးပြန့်ကျယ်လှခြင်း၊ (ဗလင်္ကပါဒ)
၂။ ခြေသည်းလက်သည်းပုတ်ခြင်း၊ (အန္ဓနခ)
၃။ လျောကျသောအသားစိုင်ရှိခြင်း၊ (သြ၀ဒ္ဓပိဏ္ဍိက)
၎။ အောက်နှုတ်ခမ်းတွဲခြင်း၊ (ဒီဃုတ္တရောဋ္ဌ)
၅။ ပါးစပ်မှ အရိအရွဲယိုကျခြင်း၊ (စပလ)
၆။ သွားများ ကိုးယို့ကားယားရှိခြင်း၊ (ကဠာရ)
၇။ နှာယောင်ကောက်ခြင်း၊ နှာခေါင်းအထက်လန်ခြင်း၊ (ဘဂ္ဂနာသိက)
၈။ ၀မ်းဗိုက်ကြီးခြင်း၊ (ကုမ္ဘောဒရ)
၉။ ကျောက်ကုန်း(ကျောကုန်း)တိုခြင်း၊ (ဘဂ္ဂပါဋ္ဌိ)
၁၀။ မျက်စိစွေစောင်းခြင်း၊ (၀ိသမစက္ခုက)
၁၁။ ကြေးနီရောင်အမွေးအမျှင်များရှိခြင်း၊ (လောမဿု)
၁၂။ ဆံပင်အ၀ါရောင်ရှိခြင်း၊ (ဟိရိတကေသ)
၁၃။ တွန့်သောအရေရှိခြင်း၊ (၀လီန)
၁၄။ မှဲ့မည်းပြောက်တို့ပြည့်နှက်နေခြင်း၊ (တိလကာဟတ)
၁၅။ ပြူးထွက်သောမျက်စိရှိခြင်း၊ (ပင်္ဂလ)
၁၆။ ခါး ကျောက်ကုန်း ပခုံးတို့၌ ကောက်ကွေးနေခြင်း၊ (၀ိနတ)
၁၇။ သွားလာသောအခါ အဆစ်များမှမည်ခြင်း၊ (၀ိကဋ)
၁၈။ အရပ်ရှည်လွန်းခြင်း၊ (ဗြဟာ)

ဇာတက၊ ပါ၊ ဒု၊ စာ-၃၅၁။

Tuesday, April 22, 2008

သံဝေဇနိယ ၄-ဌာနသို့-

အပါယ်တံခါးပိတ်လိုပါလျှင် သံဝေဇနိယ ၄-ဌာနသို့



သံဝေဂယူကြရန်

မိမိကိုယ်ကို ချစ်သည်ဆိုပါလျှင်-

မိမိကိုယ်ကို အချစ်ဆုံး၊ မိမိကိုယ်ကို ချစ်သည်ဆိုပါလျှင်-

အ ချစ် ဆုံး

ပသေနဒီကောသလမင်းသည် မလ္လိကာမိဖုရားအား၊
မလ္လိကာ သင့်အား-
မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိသေးသလောဟု ပြောဆို၏။
အရှင်မင်းကြီး-
ကျွန်တော်မအား မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊

အရှင်မင်းကြီးမှာကောဟုမေးလေသော်-
မလ္လိကာ-
ငါ့အားလည်း မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါဟု ပြောဆို၏။

ထို့နောက် ပသေနဒီကောသလမင်းသည် ပြာသာဒ်မှ သက်ဆင်း၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားကိုအသျှင်ဘုရား ယနေ့ တပည့်တော်သည် မလ္လိကာမိဖုရားကြီးနှင့်အတူ မြတ်သော ပြာသာဒ်ထက်၌ တည်နေလျက် မလ္လိကာ မိဖုရားကြီးကို မလ္လိကာ သင့်အား မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိသေးသလော ဟု ပြောဆိုပါ၏။ ဤသို့ဆိုသော် မလ္လိကာမိဖုရားသည် တပည့်တော်ကို မင်းကြီး ကျွန်တော်မအား မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိပါ၊ အရှင်မင်းကြီးအားမူ မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက် ရှိပါသေးသလော ဟု မေးပါ၏။ ဤသို့မေးသော် အသျှင်ဘုရား တပည့်တော်သည် မလ္လိကာမိဖုရားကို မလ္လိကာ ငါ့အားလည်း မိမိ ထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်မျှ မရှိဟု ဤသို့ ပြောဆိုပါသည်ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌ အလုံးစုံ အရပ်တို့သို့ စိတ်ဖြင့် အစဉ်လျှောက်၍ ရှာဖွေသော်လည်း မိမိထက် ချစ်မြတ်နိုးသူ တစ်စုံတစ်ယောက်ကိုမျှ မရနိုင်၊ ဤသို့ သူတစ်ပါးတို့ထက် မိမိကိုယ်ကို အသီးအခြား ချစ်၏။ ထို့ကြောင့် မိမိအကျိုးစီးပွါး လိုလားသူသည် သူတစ်ပါးကို မညှဉ်းဆဲရာ
ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဥဒါန်းပါဠိတော်၊ သောဏ၀ဂ်၊ ပိယတရသုတ်။

ဉာဏ်တော် ၁၀-ပါးမှာ-

မြတ်စွာဘုရားတွင် ရှိသော ဉာဏ်တော် ၁၀-ပါး-

မြတ်စွာဘုရားသခင်၏ ဉာဏ်တော် ၁၀-ပါး၊

ဉာဏ်တော် ၁၀-ပါးမှာ-

(၁) ဌာနာ ဌာန ကောသလဉာဏ်-
အရာဟုတ်သည် မဟုတ်သည်တို့ကို သိတော်မူခြင်း။

(၂) ကမ္မ၀ိပါကဉာဏ်-
ကံ ကံ၏အကျိုးကိုသိတော်မူခြင်း။

(၃) သဗ္ဗတ္ထဂါမိနီ ပဋိပဒါဉာဏ်-
အလုံးစုံကုန်သော ဘ၀တို့သို့ ရောက်ခြင်းအကြောင်း၌ သိတော်မူခြင်း။

(၄) အနေကဓါတု နာနာဓါတုဉာဏ်-
လောကဓါတ်အားလုံး အထူးထူးသော လောကဓါတ်တို့ကို သိတော်မူခြင်း။

(၅) နာနာ ဓိမုတ္တိဉာဏ်-
အထူးထူးသော အပြားပြားသော အလိုတို့ကို သိတော်မူခြင်း။

(၆) ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်-
ဣနြေ္ဒ နုရင့်ခြင်းကို သိတော်မူခြင်း။

(၇) ဈာန ၀ိမောက္ခာဒိဉာဏ်-
ဈာန် ၀ိမောက္ခစသည်တို့၌ သိတော်မူခြင်း။

(၈) ပုဗ္ဗေ နိဝါသဉာဏ်-
ရှေးကနေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိတော်မူခြင်း။

(၉) ဒိဗ္ဗစက္ခုဉာဏ်-
အပိတ်အပင်အတားအဆီးမရှိ နတ်မျက်စိကဲ့သို့ ပကတိ သိမြင်တော်မူခြင်း။

(၁၀) အာသ၀က္ခယဉာဏ်-
အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်ကိုသိတော်မူခြင်း။

ပရိက္ခရာ ၈-ပါး-

ရဟန်းများ အသုံးအစောင် ပရိက္ခရာ ၈-ပါး-

ပရိက္ခရာ ၈-ပါး-

၁။ ပတ္တ= သပိတ်
၂။ သင်းပိုင်= အောက်ပိုင်းဝတ် သင်္ကန်း
၃။ ဧကသီ= အပေါ်ပိုင်းဝတ် သင်္ကန်း
၎။ ဒုကုတ်= ၂-ထပ် သင်္ကန်းကြီး
၅။ ကာယ ဗန္ဓန= ခါးပန်းကြိုး
၆။ ၀ါသိက= ခေါင်ရိတ်ဓား
၇။ သူစိ= အပ် အပ်ချီ
၈။ ပရိသာဝန= ရေစစ်

ဤသို့လည်း
ရဟန်းများ အသုံးအစောင် ပရိက္ခရာ ၈-ပါးဟူ၍ မှတ်သားဘူးပါသည်။

အာရုံငါးပါး ကာမဂုဏ်တရား-

ငါးပါးအာရုံ ကာမဂုဏ်ကို တပ်မက်တာ၊ အလိုရှိနေတာ၊ စွဲလမ်းမက်မောနေတာဟာ ကာမစ္ဆန္ဒမည်၏-
ကာမ


အာရုံငါးဝ တပ်မက်က ကာမစ္ဆန္ဒမည်။

ကုသိုလ်တရားတွေပျောက်အောင် ၀င်နှောက်လိုက်တာ ကာမစ္ဆန္ဒ။

ကာမဂုဏ်တရား ၅-ပါးမှာ-

(၁) အဆင်းမျိုးစုံ ရူပါရုံ
(၂) အသံမျိုးစုံ သဒ္ဓါရုံ
(၃) အနံ့မျိုးစုံ ဂန္ဓာရုံ
(၄) အရသာမျိုးစုံ ရသာရုံ
(၅) အတွေ့အထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံ။

ကာမဂုဏ်အပြစ်တွေကို သိပြီး ကာမစ္ဆန္ဒ ပယ်ချင်တဲ့သူဟာ-

၁။ အသုဘနိမိတ် ရှုမြင်ရအောင် သင်ယူပါ။
၂။ အသုဘ ဘာဝနာကို ထပ်ကာ ထပ်ကာရှုပွားပါ။
၃။ ဣနြေ္ဒ ၆-ပါး တံခါးတွေကို ပိတ်ဆို့ပါ။
၎။ အတိုင်းအဆနဲ့ စားသောက်ပါ။
၅။ မိတ်ဆွေကောင်းကို ပေါင်းသင်းပါ။
၆။ အသုဘ ဘာဝနာနဲ့ စပ်ယှဉ်တဲ့ စကားကိုပြောဆိုပါ။

ဒါဆို ကာမစ္ဆန္ဒတွေ အားနည်းလာပါလိမ့်မယ်။
---------------------ကုန်ခမ်းသွားပါလိမ့်မယ်။

ဥပါဒါန် စွဲလမ်းမှု ၄-မျိုး-

ဥပါဒါန် စွဲလမ်းမှု ၄-မျိုး-

ဥပါဒါန် ၄-မျိုးမှာ-

၁။ ကာမုပါဒါနံ= ကာမဂုဏ်၌ စွဲလမ်းခြင်း။
၂။ ဒိဋ္ဌုပါဒါနံ= မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ၌ စွဲလမ်းခြင်း။
၃။ သီလဗ္ဗတုပါဒါနံ= မှားယွင်းသော ကျင့်စဉ်၌ စွဲလမ်းခြင်း။
၎။ အတ္တ၀ါဒုပါဒါနံ= အတ္တ၀ါဒ၌ စွဲလမ်းခြင်း။

Monday, April 21, 2008

စရိယာသုံးပါး-

မြတ်စွာဘုရားရဲ့ပါရမီတော်တွေထဲမှာ စရိယာသုံးပါး-

စရိယာသုံးပါးဆိုသည်မှာ-

၁။ လောကတ္ထစရိယာ= လောကတွင်းမှာရှိတဲ့ သတ္တ၀ါတွေ ဘေးကင်းဖို့၊
ကြီးပွားချမ်းသာဖို့၊ ပညာရေးတိုးတက်ဖို့ စသည် ကျင့်တော်မူခြင်း။

၂။ ဉာတတ္ထစရိယာ= ဆွေမျိုးတွေဘေးကင်းဖို့၊ ကြီးပွားချမ်းသာဖို့၊
ပညာရေးတိုးတက်ဖို့ စသည် ကျင့်တော်မူခြင်း။

၃။ ဗုဒ္ဓတ္ထစရိယာ= ဘုရားဖြစ်ဖို့ ကျင့်တော်မူခြင်းတို့ ဖြစ်ပါတယ်။

သင်တို့တတွေ ဘယ်အတွက် ကျင့်နေကြပါသလဲ ¿

Sunday, April 20, 2008

ဝိပါက်တော် ၁၂-ပါး-

မြတ်ဘုရား၏ ၀ဋ်ကြွေး ၁၂-ပါး-

မြတ်စွာဘုရား၌ ထင်ရှားသော ၀ိပါက်တော်များ-

ဤတရားများ လေ့လာပြီးနောက်
ဝဋ်ကြွေးများ မပါရလေအောင် ရှောင်ရှားနိုင်ကြပါစေ-


(၁) ပဌမ ၀ိပါက်တော်။
(မေး) ဥရုဝေဠ၊ တောဝမြိုင်ခွင်၊ ခြောက်နှစ်ပတ်လုံး ကျင့်သုံးအရှင်၊
အားကုန်ခန်းလို့၊ ညှိုးနွမ်းငြိုငြင်၊ ပင်ပန်းရေး၊ ၀ဋ်ကြွေး ဘယ်ကြောင့်တင်။

(ဖြေ) ကဿပဖျား၊ ထင်ရှားပွင့်သော်၊ ဇောတိပါလ၊ နာမအကျော်၊
ပုဏ္ဏားမာန်တက်၊ နှုတ်မြွက်အာဘော်၊ ၀စီပြင်းရှေးရင်း ၀ိပါက်တော်။

(၂) ဒုတိယ ၀ိပါက်တော်။
(မေး) စိဉ္စမာဏ၊ မိန်းမစေကျွန်၊ ကိုယ်ဝန်ရှိသော၊ ဆိုပြောအလွန်၊
လက်သယ်ထားလို့၊ ဘုရားကိုညွှန်၊ စွပ်စွဲခဲ့အဘယ့် ၀ိပါက်ဝန်။

(ဖြေ) သောက်စားလွန်ကျူး၊ ယစ်မူးပျော်ရွှင်၊ သေသောက်သမား၊ ဖြစ်ငြားယခင်၊
ရဟန္တာမြတ်၊ ဆွမ်းရပ်သည်မြင်၊ အကျင့်ယုတ် ဖွင့်ထုတ် စွပ်စွဲအင်။

(၃) တတိယ ၀ိပါက်တော်။
(မေး) တိတ္ထိ စေခိုင်း၊ မိုက်ရိုင်း ဒုဿီ၊ ထင်ရောင် ထင်မှား၊ ပြုငြား သုန္ဒရီ၊
လူရှင်အပေါင်း၊ ယုံကြောင်းပွေလီ၊ ရှင်တော်ထွတ်၊ ဘယ်ဝဋ် ရှေးကမှီ။

(ဖြေ) မုနာဠိဟု၊ မည်ရှိလောင်းတော်၊ မောက်ကြွားမှောက်မှား၊ သောက်စားအပျော်၊
ရှင်ပစ္စေက၊ ဗုဒ္ဓမြင်သော်၊ ဒုဿီဘဲ၊ စွပ်စွဲ ၀ဋ်ကြွေးပေါ်။

(၄) စတုတ္ထ ၀ိပါက်တော်။
(မေး) သုန္ဒရီမိုက်၊ သတ်လိုက် သေရာ၊ တိတ္ထိအသင်း၊ သတင်းလွှင့်ကာ၊
တပည့်များနှင့်၊ ဘုရားကိုသာ၊ လူအများ၊ ယုံမှား ဘယ်တွက်တာ။

(ဖြေ) လောင်းတော်ရသေ့၊ ပျော်မွေ့စံရာ၊ ရသေ့တဦး၊ ဈာန်မြူးကွန့်လာ၊
ငြူစူစိတ်ဇော၊ မနောဣသာ၊ ကျင့်ယုတ်ကြီး၊ နှုတ်သီး ချွန်သည့်တာ။

(၅) ပဉ္စမ ၀ိပါက်တော်။
(မေး) ဝေဘာတောင်စောင်း၊ ကျောက်မောင်းဆင်ကာ၊ ဒေ၀ဒတ်ယုတ်၊
ခလုပ်အသာ၊ သူဖြုတ်ချလို့၊ ဗုဒ္ဓခြေမှာ၊ ကျောက်လွှာငြိ၊ ဒဏ်ထိ ဘယ်ဝဋ်ပါ။

(ဖြေ) သူကြွယ်မျိုးဇာတ်၊ ဖြစ်လတ်တုံချေ၊ ညီကို လှည့်စား၊ ခေါ်သွားသလေ၊
ကျောက်နှင့်ဖိညှပ်၊ ထုသတ်ကြိတ်ချေ၊ ကျောက်ဝိပါတ်၊ အဆက်ပါခဲ့ပေ။

(၆) ဆဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာထိပါး၊ မြတ်ဖျားထွတ်တင်၊ တည်နေ၀ပ်ကိန်း၊ သွေးစိမ်းအရှင်၊
ခြေမတော်ထဲ၊ ကိုက်ခဲနာကျင်၊ ၀ိပါက်ရင်း၊ အလင်း ပြစေချင်။

(ဖြေ) သူငယ်ဖြစ်ခိုက်၊ လမ်း၌ပျော်ရွှင်၊ ရှင်ပစ္စေက၊ ဝေးမှအမြင်၊
ခဲနှင့်ပစ်လိုက်၊ ထိခိုက်ခြေတွင်၊ သွေးယိုဆင်း၊ ရှေးရင်း ၀ိပါက်ပင်။

(၇) သတ္တမ ၀ိပါက်တော်။
(မေး) ဆွမ်းခံကြွမြန်း၊ ထိပ်ပန်းဘုန်းကြွယ်၊ မုန်ကျဆင်ကြီး၊ ခရီးအလယ်၊
ဒေ၀ဒတ်မိုက်၊ လွှတ်လိုက်ပြန်တယ်၊ ရင်ဆိုင်တွေ့၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ်။

(ဖြေ) ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်တုံ၊ ရှင်ပစ္စေက၊ လမ်းမအဆုံ၊
ဒေါသထားလို့၊ ပြစ်မှားသုန်မှုန်၊ ဆင်နှင့်တိုက်၊ ၀ဋ်လိုက် စေဘို့ကြုံ။

(၈) အဋ္ဌမ ၀ိပါက်တော်။
(မေး) ကျောက်လွှာခတ်လို့၊ သွေးဓာတ်ဆူပူ၊ ခြေမတော်ဦး၊ ထွတ်ဖူးတဆူ၊
သွေးညိုကိန်းလို့၊ ကျိန်းဝပ်တော်မူ၊ ဇီဝက၊ ခွဲရ ဘယ်ဝဋ်ဟူ။

(ဖြေ) ပဒေသရာဇ်၊ မင်းဖြစ်စဉ်ဝယ်၊ မူးယစ်သောက်စား၊ ဖောက်ပြားမဖွယ်၊
လူရှင်လတ်လတ်၊ ထိုးသတ် ပြန်တယ်၊ ဓားဝိပါက်၊ အဆက် သူကနွယ်။

(၉) န၀မ ၀ိပါက်တော်။
(မေး) သုံးလူထွတ်ဖူး၊ မြိုက်မှူးသျှောင်ကေ၊ ရံဖန်ခါလဲ၊ ခေါင်းခဲပလေ၊
ဝေဒနာဝဋ်၊ မလွတ်တုံချေ၊ ဘယ်ဝိပါက်၊ အဆက်ပါခဲ့ပေ။

(ဖြေ) ရှေးခါကပ်ဟောင်း၊ မကောင်းကံဆော်၊ တံငါမျိုးဇာတ်၊ ဖြစ်လတ်သရော်၊
ငါးတို့ဦးခေါင်း၊ ထုထောင်းမြင်သော်၊ ၀မ်းမြောက်မိ၊ လိုက်ဘိ ၀ိပါက်တော်။

(၁၀) ဒသမ ၀ိပါက်တော်။
(မေး) ၀ါတော်ကပ်တော့၊ မာရ်နတ်နှိုးဆော်၊ ဝေရဉ္ဇာတိုင်း၊ သမိုင်းအကျော်၊
မုယောဆွမ်းမို့၊ ကြမ်းကြမ်း ထော်ထော်၊ ဘုဉ်းပေးရ၊ ရှေးက ဘယ်ဝဋ်နော်။

(ဖြေ) မထင်မရှား၊ မျိုးသားဖြစ်တုံ၊ ရဟန်းတော်များ၊ ဆွမ်းစားခိုက်ကြုံ၊
ဆွမ်းကြမ်းစားဟု၊ ပြစ်မှားဆိုပုံ၊ ၀စီထွက်၊ ၀ိပါက်တော်တဲ့ယုံ။

(၁၁) ဧကာဒသမ ၀ိပါက်တော်။
(မေး) အထွတ်ဆုံးဟု၊ သုံးလူ့မျက်မှန်၊ ခါးတော်ကိုက်ခဲ၊ အသဲအသန်၊
ဝေဒနာများ၊ ခံစားရံဖန်၊ ဘယ်အကြောင်း၊ ကံဟောင်း ထုတ်လို့ပြန်။

(ဖြေ) လက်ဝှေ့သတ်ကောင်း၊ အလောင်း ဖြစ်သော်၊ ပြိုင်ပွဲဆိုင်ပွဲ၊ နိုင်မြဲ အကျော်၊
နိုင်လျှင် ခါးရိုး ရိုက်ချိုးမြေပေါ်၊ အသတ်ကောင်း၊ ဇာတ်ဟောင်းဝိပါက်တော်။

(၁၂) ဒွါဒသမ ၀ိပါက်တော်။
(မေး) ဆဒ္ဒန်ဆယ်စီး၊ အားကြီးလျင်မြန်၊ ၀မ်းတော်သွန်ငြား၊ ရွှေအားမသန်၊
ခွေယိုင်နွဲ့လို့၊ မြန်းခဲ့နိဗ္ဗာန်၊ ဖြေစေကြောင်း၊ ကံဟောင်း သိဘို့ရန်။

(ဖြေ) ရောဂါကုစား၊ သမားဉာဏ်ကျယ်၊ ရှင်သူဌေးသား၊ ဆေးဝါးကုတယ်၊
ခ မပေးလို့၊ ဟိုရှေးဘုန်းကြွယ်၊ ၀မ်းလားဆေး၊ တိုက်ကျွေး ၀ဋ်ဟောင်းလယ်။

သတိပေး ဥယျောဇဉ် မြန်မာဂါထာ။

(က) ၀ိပါက်ရောက်ရေး၊ ကြောက်သွေးတုန်ဘွယ်၊ ဘုရားသော်လဲ၊ ရှောင်လွှဲမလွယ်၊
တွေ့ကြုံမြဲမို့၊ တ၀ဲလယ်လယ်၊ မလွတ်သေး၊ ၀ဋ်ကြွေး ခက်လှတယ်။

(ခ) ကြင်နာထောက်ထား၊ သနားမြှော်ခေါ်၊ ကုသိုလ်ပွားမှု၊ အားပြုကြနော်၊
နှိပ်စက်ညှဉ်းပန်း၊ သရမ်းပျက်ချော်၊ ရှောင်ကြဉ်ရေး၊ ၀ဋ်ကြွေး စင်ဘို့မြှော်။

အပါဒါန် ။ပါ။ ပ-အုပ်။၃၄၆။

ကံအကျိုးပြ သံပေါက်လင်္ကာ-

ကံ၏ အကျိုးတရားတို့သည် တူသောအကျိုးကို ပေးကြကုန်၏-

ကံအကျိုးပြ သံပေါက်လင်္ကာ

၁. သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
၂. မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို။
၃. နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
၎. သနားစိတ်သွင်း၊ မနှိမ်နှင်း၊ ကင်းရှင်းရောဂါကို။
၅. ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
၆. ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
၇. မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
၈. ဣဿာမထား၊ ၀မ်းမြောက်ငြား၊ ပေါများခြွေရံကို။
၉. မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခမ်းဥစ္စာဆို။
၁၀. စွန့်ကြဲလေ့တုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
၁၁. မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂. ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃. သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအပညာဆို။
၁၄. ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။

သုခ၀ိဟာရသုတ်-

ချမ်းသာသောကိုယ် ချမ်းသာသောစိတ်ဖြင့် ချမ်းသာစွာနေလိုသော်-

သုခ၀ိဟာရသုတ်
အကြင်သူသည် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူသော ဒွါရတို့ကို ပိတ်ဆို့ထား၏၊
စားသောက်ရာ၌ အတိုင်းအရှည်ကိုသိ၏၊
ဣနြေ္ဒတို့ကို စောင့်ရှောက်၏၊
ထိုသူသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာဟူသော ချမ်းသာကို ရ၏။
ထိုသို့သဘောရှိသောသူသည်
နေ့ညဥ့်မဟူ ချမ်းသာသောကိုယ် ချမ်းသာသောစိတ်ဖြင့် ချမ်းသာစွာနေရ၏။

သုခ၀ိဟာရသုတ်၊ ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်၊ စာ-၁၉၅။

Saturday, April 19, 2008

ဆင်းတုတော်များကို ကိုးကွယ်ထားခြင်းဖြင့်-

မိမိတို့ အိမ်ဂေဟာတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းဖြင့် အကျိုးကျေးဇူး ၉-မျိုးကိုရရှိပါသည်-

ကိုး
မိမိတို့ အိမ်ဂေဟာတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းဖြင့်
အကျိုးကျေးဇူး ၉-မျိုးကိုရရှိပါသည်။

၁။ ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊ ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်း၊ ဘုရားတရားနှင့် ကင်းကွာမနေခြင်း။

၂။ မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ ယုံကြည်မှု လေးနက်လာပေသည်။

၃။ အိမ်တွင်ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဉာဏ် ထက်မြက်ခြင်းများရှိလာသည်။

၎။ ကုသိုလ်တရားများ တိုးပွားလာသည်။

၅။ စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာမည်။ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှရပ်ပြီး စိတ်ကြည်နူးမှု ချက်ခြင်းရရှိလာပါသည်။

၆။ အိမ်တွင် ဘုရားစင်ရှိသဖြင့် မကောင်းဆိုးဝါး သရဲများ၏ အနှောက် အယှက်များမှကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည်။

၇။ ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။

၈။ ဘုရားစင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျ နနထားလျှင် အိမ့်ကျက်သရေ၊ လူ့ကျက်သရေတိုးပြီး ဂုဏ်သိက္ခာများ တက်ပါမည်။

၉။ ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူနေရသကဲ့သို့ဖြစ်ပြီး သူတစ်ပါး၏ ချီးမြှောက် ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။

အားလုံး စိတ်ချမ်းသာကြပါစေ ဒုက္ခဆင်းရဲကင်းကြပါစေ။

ဂုဏ်တော်ကိုးပါး ဘုရားရှိခိုး-

ဂုဏ်တော်ကိုးပါး ဘုရားရှိခိုး

ဂုဏ်တော်ကိုးပါး ဘုရားရှိခိုး

မကြံဆ မနှိုင်းယှဉ် နိုင်ကောင်းသော ဂုဏ်တော်အပေါင်းအနန္တနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။

အရဟံ-
ထိုမြတ်စွာဘုရားသည် ကိလေသာ ကင်းစင်တော်မူပါပေ၏။
သမ္မာသမ္ဗုဒ္ဓေါ-
ထိုမြတ်စွာဘုရားသည် အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူပါပေ၏။
ဝိဇ္ဇာစရဏသမ္ပန္နော-
ထိုမြတ်စွာဘုရားသည် အသိဉာဏ်ဝိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံတော်မူပါပေ၏။
သုဂတော-
ထိုမြတ်စွာဘုရားသည် စကားကောင်းကို ကောင်းစွာ ဟောတော်မူတတ်ပါပေ၏။
လောက၀ိဒူ-
ထိုမြတ်စွာဘုရားသည် လောက ၃-ပါးကို သိတော်မူပါပေ၏။
အနုတ္တရောပုရိသ ဒမ္မသာရထိ-
ထိုမြတ်စွာဘုရားသည် ဆုံးမထိုက်သူကိုသိ၍ ဆုံးမတော် မူတတ်ပါပေ၏။
သတ္ထာဒေ၀မနုဿာနံ-
ထိုမြတ်စွာဘုရားသည် လူ နတ် ဗြဟ္မာ သတ္တ၀ါတို့၏ဆရာ ဖြစ်တော်မူပါပေ၏။
ဗုဒ္ဓေါ-
ထိုမြတ်စွာဘုရားသည် သစ္စာလေးပါးတရားတို့ကို သိမြင်တော်မူပါပေ၏။
ဘဂ၀ါ-
ထိုမြတ်စွာဘုရားသည် ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူပါပေ၏။

အရဟံအစ ဘဂ၀ါအဆုံးရှိသော ဂုဏ်တော်အနန္တ ကျေးဇူးတော်အပေါင်းတို့နှင့် ပြည့်စုံတော်မူသော ထို ဂေါတမမြတ်စွာဘုရားကို တပည့်တော်သည် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ မြတ်စွာဘုရား။

သာဓု သာဓု သာဓု။

Friday, April 18, 2008

သည်းမခံခြင်း၏ အပြစ်တို့သည်-

ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည်-

ခန္တီ
ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

သည်းခံခြင်း၏ အကျိုးတို့သည်လည်း ၅-မျိုးရှိပေသည်-

ဒုတိယ အက္ခန္ထိသုတ်

၁။ လူအများသည် မချစ်မနှစ်သက်။
၂။ ကြမ်းကြုတ်၏။
၃။ နှလုံး မသာယာ။
၎။ တွေဝေလျက် သေရ၏။
၅။ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌
---ချမ်းသာကင်းသော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ သည်းမခံခြင်း၏ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။
- - -
သည်းခံခြင်း၏ အကျိုးတို့သည်လည်း ၅-မျိုးရှိပေသည်-

အဘယ် ၅-မျိုးတို့နည်းဟူမူ-

၁။ လူအများသည် ချစ်နှစ်သက်၏။
၂။ မကြမ်းကြုတ်။
၃။ နှလုံး မသာမယာမဖြစ်။
၎။ မတွေဝေဘဲ သေရ၏။
၅။ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌
---ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့ သည်းခံခြင်း၏ အကျိုးတို့သည် ဤငါးမျိုးတို့တည်းဟု မိန့်တော်မူ၏။

ဒုတိယ အက္ခန္ထိသုတ်။

အရှင်လတ်လတ် မြေမျိုးသွားသူ ငါးယောက်-

အရှင်လတ်လတ် မြေမျိုးသွားသူ ငါးယောက်-
မြေမျိုခံရသူ ၅-ယောက်
ဂေါတမဘုရားရှင် သာသနာတော် အတွင်း၌
အရှင်လတ်လတ် မြေမျိုးသွားသူ ငါးယောက်။

၁။ ဒေ၀ဒတ် ရဟန်း၊
၂။ စိဉ္စမာန မိန်းမယုတ်၊
၃။ သုပ္ပဗုဒ္ဓ သာကီဝင်၊
၎။ နန္ဒက ဘီလူး၊
၅။ နန္ဒလုလင်တို့ ဖြစ်ကြပါသည်။

မိလိန္ဒပဥှာ ပါဠိတော်။ ၁၀၈။

မိဘတို့ လိုလားသော အကြောင်း ၅-ပါး-

ဤအကြောင်းငါးမျိုးတို့ကို ကောင်းစွာမြင်သော မိဘတို့သည် အမျိုး၌ ဖြစ်သော သားသမီးကို အလိုရှိကုန်၏-

မိဘ
ရဟန်းတို့-
ဤအကြောင်းငါးမျိုးတို့ကို
ကောင်းစွာမြင်သော မိဘတို့သည်
သားသမီးတို့ကိုကို အလိုရှိကုန်၏။

၁။ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အမွေခံ ဖြစ်ပေလိမ့်မည်။
၅။ ထို့ပြင် ဘ၀တစ်ပါးသို့ ပြောင်းသွားသော ငါတို့အား
---အလှူ၏ အဖို့ကို ပေးဝေကြပေလိမ့်မည်ဟု အလိုရှိကြကုန်၏။

ဤအကြောင်းတို့ကို ကောင်းစွာ ရှုမြင်သည့် ပညာရှိ မိဘတို့သည်
သားသမီးကို လိုချင် တောင့်တကြကုန်၏။

ထို့ကြောင့် ပြုဖူးသော ကျေးဇူးကို သိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော၊ ငြိမ်သက်သော စိတ်ရှိသော သူတော်ကောင်းတို့သည် ရှေးက ပြုဖူးသည်ကို အဖန်ဖန် အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေး မွေးမြူကြကုန်၏၊

ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထိုအတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကြကုန်၏။ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ်ကို မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့် ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။

သုမန၀ဂ်၊ ၉ - ပုတ္တသုတ်။

သေသူတို့ကို ရည်ညွှန်း၍ ကုသိုလ်ပြုခြင်း-

ဤ အကြောင်း ၃-ပါးနှင့် ပြည့်စုံလျှင် ပြိတ္တာတို့ အကျိုးရရှိခံစားရမည်-

သေသူတို့ကို ရည်ညွှန်း၍ ပြုလုပ်သော ကုသိုလ်သည်
ဤ အကြောင်း ၃-ပါးနှင့် ပြည့်စုံရပါမည်။

၁။ ကောင်းမှုရှင်တို့က သေသူတို့အား ရည်ညွှန်း၍ အမျှပေးဝေမှု ပြုရခြင်း၊
၂။ အလှူခံပုဂ္ဂိုလ်၏ သီလဂုဏ် အကျင့်သိက္ခာ ပြည့်စုံရခြင်း၊
၃။ ပြိတ္တာတို့၏ ၀မ်းမြောက်စွာ သာဓုခေါ်နိုင်ခြင်း။

အကျယ် ပေတ၀တ္ထု။ ဋ္ဌ။၂၅-၌ ရှုပါ။

ရခဲသော တရား ၅-ပါး -

နှစ်သက်အပ် မြတ်နိုးအပ်သည်ဖြစ်၍ ရခဲသော တရား ၅-ပါး -

ဣဋ္ဌသုတ်မှ-

နှစ်သက်အပ် မြတ်နိုးအပ်သည်ဖြစ်၍ ရခဲသော တရား ၅-ပါး -

၁။ အသက်ရှည်ခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊
၂။ အဆင်းလှခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊
၃။ ချမ်းသာခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ လောက၌ ရခဲ၏၊
၎။ အခြံအရံများခြင်းသည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်၍ ရခဲ၏၊
၅။ နတ်ပြည်တို့သည် အလိုရှိအပ် နှစ်သက်အပ် မြတ်နိုးအပ်ကုန်၍ ရခဲကုန်၏။

ဣဋ္ဌသုတ်မှ တချို့-

စိတ်အားနည်းခြင်း တရား ၂၅-ပါး-

စိတ်ဓါတ်အားနည်းခြင်း အကြောင်းတရား ၂၅-ပါး-

ကောင်းမှုကောင်းရာတို့ဘက်၌ စိတ်အားလျော့မှုများဟုလည်းခေါ်ပါသည်-

၁။ ကောဓ- - -အမျက်ထွက်ခြင်း၊
၂။ ဥပနာဟ- - -ရန်ငြိုးဖွဲ့ခြင်း၊
၃။ မက္ခ- - -ကျေးဇူးမဲ့ပြုခြင်း၊
၎။ ပလာသ- - -တုပြိုင်ခြင်း၊
၅။ ဣဿာ- - -ငြူစူခြင်း၊
၆။ မစ္ဆရိယ- - -၀န်တိုခြင်း၊
၇။ မာယာ- - -လှည့်ပတ်ခြင်း၊
၈။ သာထေယျ- - -စဉ်းလဲခြင်း၊
၉။ ထမ္ဘ- - -မိုက်မဲခိုင်ခံ့ခြင်း၊
၁၀။ သာရမ္ဘ- - -သူ့သီလကိုဖျက်ဆီးခြင်း၊
၁၁။ မာန- - -စိတ်ကြီးဝင်ခြင်း၊
၁၂။ အတိမာန- - -အလွန်အမင်း စိတ်ကြီးဝင်ခြင်း၊
၁၃။ မဒ- - -မာန်ဖြင့်ယစ်ခြင်း၊
၁၄။ ပမာဒ- - -မေ့လျော့ခြင်း၊
၁၅။ ထိန- - -စိတ်၏လျော့ကျခြင်း၊
၁၆။ မိဒ္ဓ- - -ငိုက်မြည်းခြင်း၊
၁၇။ အာလသျှ- - -ပျင်းရိခြင်း၊
၁၈။ ပါပမိတ္တတာ- - -ခင်ပွန်းယုတ်နှင့်ပေါင်းဖေါ်ခြင်း၊
၁၉။ ရူပ- - -အဆင်း၌တပ်မက်လွန်းခြင်း၊
၂၀။ သဒ္ဒ- - -အသံ၌ တပ်မက်လွန်းခြင်း၊
၂၁။ ဂန္ဓ- - -အနံ့၌ တပ်မက်လွန်းခြင်း၊
၂၂။ ရသ- - -အရသာ၌ တပ်မက်လွန်းခြင်း၊
၂၃။ ဖောဋ္ဌဗ္ဗ- - -အတွေ့၌ တပ်မက်လွန်းခြင်း၊
၂၄။ ခုဒ္ဒပိပါသ- - -ဆာလောင်မွတ်သိပ်ခြင်း၊
၂၅။ အရတိ- - -တရား၌ မမွေ့လျော်ခြင်း။

သင်တို့မှာ ဘာတွေများနေသလဲ-

ရှေးရိုးစဉ်လာ မေတ္တာပို့-

ရှေးရိုးစဉ်လာ မေတ္တာပို့-

ငါဟုခေါ်စရာ ဤခန္ဓာ ချမ်းသာကိုယ်စိတ် မြဲပါစေ။
မိဘနှစ်ဖြာ ရိုသေစွာ ချမ်းသာကိုယ်စိတ် မြဲပါစေ။
သင်ကြားပညာ မြတ်ဆရာ ချမ်းသာကိုယ်စိတ် မြဲပါစေ။
မျိုးဆွေတော်ရာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ကိုယ်မှာစောင့်လာ နတ်ဒေ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
မြေ၌တည်လာ နတ်ဒေ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
သစ်ပင်တည်လာ နတ်ဒေ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ကောင်းကင်တည်လာ နတ်ဒေ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ယောက်ျားမည်ရာ ပေါင်းများစွာ ချမ်းသာကိုယ်စိတ် မြဲပါစေ။
မိန်းမမည်ရာ ပေါင်းများစွာ ချမ်းသာကိုယ်စိတ် မြဲပါစေ။
သူမွန်မြတ်စွာ အရိယာ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ပုထုဇဉ်သာ အနရိယာ ချမ်းသာကိုယ်စိတ် မြဲပါစေ။
လုံးစုံဒေ၀ါ နတ်များစွာ ချမ်းသာကိုယ်စိတ် မြဲပါစေ။
လုံးစုံလူ့ရွာ များသတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
အပါယ်ဘုံမှာ များသတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဆင်းရဲမှန်စွ ဘေးဒုက္ခ အားလုံး လွတ်ကြပါစေသော်။
လုံးစုံများစွာ သတ္တ၀ါ ကံသာမူလ ရှိပေစွ။

ရှေးရိုးစဉ်လာ အမျှဝေ-

ရှေးရိုးစဉ်လာ အမျှဝေ---

ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊
မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊
ရငြားပါစေ၊ အမျှဝေ၏၊ မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေလတ်၊
ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏၊ မိတ္တဆွေဉာ၊
ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေ၀ါယက္ခ၊ ဣန္ဒဘုမ္မာ၊
အာကာသနတ်၊ အထူးမှတ်၍၊ အမြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊
အမျှဝေ၏၊ သဗ္ဗေသတ္တာ၊ သတ္တ၀ါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်လာ၊
သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဋ္ဌိတိ၊ တည်ရှိခုနှစ်ပါး၊ များစွာလုံးစုံ၊
ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ ဝေနေယျ၊ အမျှကုသိုလ်၊ ပေးဝေလို၏၊
ထိုထိုကုသလ၊ ဤပုညကို၊ အမျှရ၍၊ ချမ်းသာကြသည် ဖြစ်စေသော်၊
ဝသုနြေ္ဒ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသော်။

အားလုံး ကြားကြားသမျှ...အမျှ...အမျှ...အမျှ...ယူတော်မူကြပါကုန်လော့။
သာဓု...သာဓု...သာဓု......။

Wednesday, April 16, 2008

မိမိကိုယ်ကို သတိပေးလင်္ကာ စကားလွှာ-

ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဓါစာရ၏ မိမိကိုယ်ကို သတိပေးလင်္ကာ စကားလွှာ-

ပဋ္ဌာန်းဆရာတော် ဦးဝိသုဒ္ဓါစာရ၏
မိမိကိုယ်ကို သတိပေးလင်္ကာ စကားလွှာ-

၁။ နေထွက်နေ၀င် ကိုးဂုဏ်ရှင် နေ့စဉ်ရှိခိုးမည်။
၂။ အနန္တငါး ဂုဏ်တော်များ ညွှတ်တွားကန်တော့မည်။
၃။ မျက်နှာသစ်လျှင် ရေကိုမြင် မြင်စဉ်မေတ္တာပွားရမည်။
၎။ သစ်ရင်းသစ်ရင်း လျော့ယိုယွင်း ဂုဏ်ဆင်းသတိထားပါမည်။
၅။ တန်းတူတွေ့လျှင် မေတ္တာဝင် မ၀င်နိုင်က ပြိုင်တတ်တယ်။
၆။ ပြိုင်မည့်အစား မေတ္တာပွား စိတ်ထားပြုပြင် ပြောင်းပါ့မယ်။
၇။ ကိုယ့်အောက်တွေ့လျှင် ကရုဏာဝင် မ၀င်နိုင်က နိုင်တတ်သည်။
၈။ နိုင်မည့်အစား ကရုဏာပွား စိတ်ထားပြုပြင် ပြောင်းပါ့မည်။
၉။ ကိုယ့်ထက်သာလျှင် မုဒိတာဝင် မ၀င်ဣဿာ ယိုင်တတ်သည်။
၁၀။ ယိုင်မည့်အစား မုဒိတာပွား စိတ်ထားပြုပြင် ပြောင်းပါ့မည်။
၁၁။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင် ပြင်ဆင်တိုင်းရ ပြုတိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့်မည်။

ငှက်ပျောပင်ကို ငှက်ပျောသီးသည် ဖျက်ဆီးသကဲ့သို့

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌-
ဒေ၀ဒတ်သည် ဝေဠုဝန်ကျောင်းတော်မှ ဂယာသီသသို့ ထွက်ခွာသွား၍ မကြာမြင့်မီ၊

မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး နေတော်မူ၏၊

ထိုအခါ-
သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံလွန်ပြီးသော သန်းခေါင်ယံ အချိန်၌
အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍
ဂိဇ္ဈကုဋ်တောင်အလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍
မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော်
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို လျှောက်ထား၏ -

ငှက်ပျောပင်ကို ငှက်ပျောသီးသည် ဖျက်ဆီးသကဲ့သို့ လည်းကောင်း၊
ဝါးပင်ကို ၀ါးသီးသည် ဖျက်ဆီးသကဲ့သို့ လည်းကောင်း၊
ကျူပင်ကို ကျုသီးသည် ဖျက်ဆီး သကဲ့သို့ လည်းကောင်း၊
ကိုယ်ဝန်သည် အဿတိုရ်မြင်းမကို သတ်ဖြတ်ဖျက်ဆီးသကဲ့သို့ လည်းကောင်း၊
ပူဇော်သက္ကာရသည် အသိဉာဏ်နဲသူကို ဖျက်ဆီး၏ ဟု လျှောက်၏။

ဒေ၀ဒတ္တသုတ်၊

လူတိုင်းသွားရမည့်လမ်း-

လူတိုင်းသွားရမည့်လမ်း-

လူတိုင်းသွားရမည့်လမ်း
သူသူငါငါ၊ သတ္တ၀ါမှန်သမျှ တစ်နေ့ကျ၊ သေရမှာချည်းပါတကား။
ဦးသူတွေမှာ၊ ခန္ဓာသဘာဝ၊ အချက်ရလျက်၊
ပျက်ရခုခါ တို့သူငါ၊ မှန်စွာဤနည်းပါတကား။
ဖြစ်ပြီးလျှင်အို၊ အိုပြီးလျှင်နာ၊ နာပြီးသေကြ မလွတ်ရ၊
ဝဋ်ကပေးသည့် ဒဏ်ပါတကား။
ခန္ဓာငါးရပ်၊ သူသတ်ငါးတန်၊ လက်ခံခဲ့ချေ၊ တို့တစ်တွေကား၊
မသေချင်ပါ၊ မနာချင်လို၊ မအိုချင်ကြ နေမရ၊ သေရ နာရ အိုရမည်။
ခန္ဓာငါးပါး၊ သူရဲများတို့၊ ခဲစားအပ်စွာ၊ ခန္ဓာရလေ၊ တို့တစ်တွေကား၊
မသေချင်ပါ၊ မနာချင်လို၊ မအိုချင်ကြ နေမရ၊ သေရ နာရ အိုရမည်။
မအိုချင်လို၊ ငါကဆိုလည်း၊ ဆိုတိုင်းမရ အိုကြရ၊ အနတ္တ ခန္ဓာကိုယ်။
မနာချင်လို၊ ငါကဆိုလည်း၊ ဆိုတိုင်းမရ နာကြရ၊ အနတ္တ ခန္ဓာကိုယ်။
မသေချင်လို၊ ငါကဆိုလည်း၊ ဆိုတိုင်းမရ သေကြရ၊ အနတ္တ ခန္ဓာကိုယ်။

Tuesday, April 15, 2008

ခန္ဓာငါးပါး တရားလင်္ကာ-

ခန္ဓာငါးပါး တရားလင်္ကာ- ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမှ မဟုတ်ကြသည် ဓမ္မသက်သက်ပါတကား-

ခန္ဓာငါးပါး တရားလင်္ကာ

၁။ ရုပ်ဟုတွင်မည် ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ပဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ကြောင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမှာ၊ အနှစ်မပါဘူး၊ ပညာစက္ခု၊ မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခအနတ္တ၊ မှန်လှစွာ၏၊
ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမှ မဟုတ်ကြသည် ဓမ္မသက်သက်ပါတကား။

၂။ ဝေဒနာမည် ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ပဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ကြောင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမှာ၊ အနှစ်မပါဘူး၊ ပညာစက္ခု၊ မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခအနတ္တ၊ မှန်လှစွာ၏၊
ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမှ မဟုတ်ကြသည် ဓမ္မသက်သက်ပါတကား။

၃။ သညာတွင်မည် ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ပဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ကြောင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမှာ၊ အနှစ်မပါဘူး၊ ပညာစက္ခု၊ မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခအနတ္တ၊ မှန်လှစွာ၏၊
ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမှ မဟုတ်ကြသည် ဓမ္မသက်သက်ပါတကား။

၎။ သင်္ခါရမည် ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ပဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ကြောင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမှာ၊ အနှစ်မပါဘူး၊ ပညာစက္ခု၊ မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခအနတ္တ၊ မှန်လှစွာ၏၊
ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမှ မဟုတ်ကြသည် ဓမ္မသက်သက်ပါတကား။

၅။ ၀ိညာဉ်ခြောက်မည် ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ပဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ကြောင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမှာ၊ အနှစ်မပါဘူး၊ ပညာစက္ခု၊ မျှော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခအနတ္တ၊ မှန်လှစွာ၏၊
ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာတို့ ဘာတစ်ခုမှ မဟုတ်ကြသည် ဓမ္မသက်သက်ပါတကား။

ဝဋ္ဋသုတ်တော်-

ဝဋ္ဋသုတ်မှာ ရွာမီးမြို့မီး၊ တောမီးမကျန်၊ မီးဘေးရန်မှ၊ ကင်းဝေးရ၏။

ဝဋ္ဋသုတ် ပါဠိတော်

၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။
---ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ၀ိဝဇ္ဇယိ။

၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေန ဘာသိတံ။
---ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ အတ္ထိ လောကေ သီလဂုဏော၊ သစ္စံ သောစေယျ နုဒ္ဒယာ။
---တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။

၎။ အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
---သစ္စဗလ မ၀ဿာယ၊ သစ္စကိရိယ မကာသ}ဟံ။

၅။ သန္တိ ပက္ခာ အပတနာ၊ သန္တိ ပါဒါ အ၀ဉ္စနာ။
---မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။

၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
---၀ဇ္ဇေသိ သောဠသကရီသာနိ၊ ဥဒကံ ပတွာ ယထာ သိခီ။
---သစ္စေန မေ သမော နတ္ထိ၊ ဧသာ မေ သစ္စပါရမီ။

ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။
---
ဝဋ္ဋသုတ် ရွတ်ဖတ်ရခြင်းအကျိုးတရားများ

မီးဘေးလွတ်ကင်းစေနိုင်ပါသည်၊
မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင်၊
မိမိအိမ် မိမိရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။

ဝဋ္ဋသုတ်တော် မြန်မာပြန်

၁။ သဗ္ဗညုတဉာဏ်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်သော
ဘုရားအလောင်းသည် နုစဉ်ဘ၀က ငုံးငှက်မျိုး၌ ဖြစ်ရလေသည်။
ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။

၂။ ဤပရိတ်တော်ကို အရှင်သာရိပုတ္တရာအား မြတ်စွာဘုရား ဟောတော်မူခဲ့၏။
ဤပရိတ်တော်သည် ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလွန်စွာကြီး၏။
ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆို ကြပါစို့။

၃။ လောက၌ သီလ၏ဂုဏ်ကျေးဇူးသည် ရှိ၏။ မှန်ကန်သော သစ္စာစကားသည် ရှိ၏။
ကိုယ်ရေး နှုတ်ရေး စိတ်ရေး လုံးဝစင်ကြယ်ခြင်းသည် ရှိပေ၏။
သတ္တ၀ါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့်
အတုမရှိသော သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။

၎။ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသောဘုရားရှင်တို့ကို
အောက်မေ့သတိရပြီး သစ္စာ၏အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။

၅။ အို တောမီး ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ၊
ငါ့မှာ ခြေတို့ ရှိပါသော်လည်း မသွားတတ်သေးပါ၊
ငါ၏ မိဘတို့သည်လည်း ငါ့ကိုထား၍ ထွက်သွားကြလေပြီ၊
အို တောမီး ငါ့ကို ဖဲကြဉ်ပါလော့။

၆။ ချစ်သားသာရိပုတ္တရာ ငါဘုရားအလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ
သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည် ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့
သို့ ငါ့ကို ဖဲကြဉ်လေ၏၊ အရှိန်အလျှံကြီးမားလှသော တောမီးသည်
မင်းပယ် ၁၆-ပယ်စာခန့်မျှ ကွင်းလေ၏။
ချစ်သားသာရိပုတ္တရာ ငါ၏သစ္စာစကားနှင့်တူသော တရားမည်သည် မရှိချေ၊
ဤပါရမီကား ငါဘုရား၏ သစ္စာ ပါရမီပင် ဖြစ်တော့သည်။

ဝဋ္ဋသုတ်တော် မြန်မာပြန် ပြီး၏။

Monday, April 14, 2008

ပိုးဖလံမျိုး မီးကိုတိုး-

ပိုးဖလံတို့သည် ထိုဆီမီးတို့၌ တိုးဝင်ရစ်ဝဲကာ ပျက်စီးကြရကုန်၏-

ဥပါတိဓာဝန္တိသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည်
သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်အခါ
ဆီမီးတို့ကို ညှိထွန်းထားရာ လွင်တီးခေါင်၌ ထိုင်နေတော်မူ၏။

ထိုအခါ များစွာသော ပိုးဖလံတို့သည်
ထိုဆီမီးတို့၌ တိုးဝင်ရစ်ဝဲကာ ကျရောက်ကုန်လျက်
ဆင်းရဲခြင်းသို့ ရောက်ကုန် ၏။ ပျက်စီးခြင်းသို့ ရောက်ကုန်၏။
ဆင်းရဲပျက်စီးခြင်းသို့ ရောက်ကုန်၏။
မြတ်စွာဘုရားသည် ထိုဆီမီးတို့၌ တိုးဝင် ရစ်ဝဲကာ ကျရောက်ကုန်လျက်
ဆင်းရဲခြင်း ပျက်စီးခြင်း ဆင်းရဲပျက်စီးခြင်းသို့ ရောက်ကုန်သော
ထိုပိုးဖလံ များစွာတို့ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည်
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌
အချို့သော သမဏဗြာဟ္မဏတို့သည် သီလ သမာဓိ ပညာစသော
အနှစ်သာရသို့ မရောက်ကြဘဲ လွန်၍ ပြေးကုန်၏။
တဏှာ ဒိဋ္ဌိဟူသော အသစ် အသစ်ဖြစ်သော အနှောင်အဖွဲ့ကို ပွါးစေကုန်၏။
မြင်ရသော အရာ ကြားရသော အရာတို့ကို ဤသို့ မှန်၏ဟု
အမှား နှလုံးသွင်းကုန်လျက် ပိုးဖလံတို့သည် ဆီမီးသို့ ကျကုန်သကဲ့သို့
ရာဂစသော တစ်ဆယ့်တစ်ပါးသော မီးကျီးတို့ဖြင့်
ရဲရဲငြိသော ဘ၀သုံးပါးဟူသော မီးကျီးတွင်း၌ ကျရောက်ရကုန်၏ဟု
ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဥပါတိဓာဝန္တိသုတ်၊ ဇစ္စန္ဒ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

စွမ်းအားမမြင် ခက်တယ်ထင်-

စွမ်းအားမမြင် ခက်တယ်ထင်-

ယောဆရာတော်-

စွမ်းအားမမြင် ခက်တယ်ထင်
စွမ်းအင်ဓမ္မ၊ မသိကြ၊ ဗာလ ကုသိုလ်ရှောင်။
ကုသိုလ်တိုင်းလဲ၊ မလုပ်ရဲ၊ ခက်ခဲသယောင်ယောင်။
အစွမ်းသိမြင်၊ ယုံကြည်လျှင်၊ ပျော်ရွှင်အားရကုသိုလ်ဆောင်။
ကုသိုလ်တိုင်းပ၊ လုပ်ရဲကြ၊ လွယ်လှသယောင်ယောင်။
အနှစ်တွေ့ငြား၊ ချမ်းသာပွား၊ ထူးခြားဤလူ့ဘောင်။

အရှင်သိရိန္ဒာဘိဝံသ (ယောဆရာတော်)

ဆွမ်းကပ်သူများ၊ သတိထား၊ ၅ ပါးကပ်အင်္ဂါ-

ဆွမ်းကပ်သူများ၊ သတိထား၊ ၅ ပါးကပ်အင်္ဂါ-

ရဟန်းသံဃာတော်တို့အား ဆွမ်းကပ်လာသောအခါ၊
အကပ်မြောက်ကြောင်း အင်္ဂါငါးပါးကို သိထားရန် လိုပါသည်။

၎င်းကိုဝိနည်းလင်္ကာဖြင့်သိပါ-

(၁) ရှေးရှုလည်းဆောင်၊
(၂) နှစ်တောင့်ထွာရောက်၊
(၃) မြှောက်နိုင်ဝတ္ထု၊
(၄) သုံးခုပေးခြင်း၊
(၅) ခံခြင်း နှစ် လောက်၊ ကျမ်းလာထောက် ကပ်မြောက်အင်္ဂါငါးပါးတည်း။

မှတ်ချက်။ ။
(၃)၌ ယခုခေတ် အားကောင်းသူတစ်ယောက် မနိုင်သော ၀တ္ထုကိုဆိုလိုသည်၊

(၄)၌ ကိုယ်ဖြင့်ပေးခြင်း ကိုယ်နှင့်စပ်သော ဇွန်းယောက်မစသည်တို့ဖြင့်ပေးခြင်း၊
နှစ်တောင့်ထွာအတွင်း၌ ပစ်မြှောက်လှိမ့်တွန်း၍ပေးကပ်ခြင်း၊ သုံးမျိုးကိုဆိုသည်၊

(၅)၌ ကိုယ်ဖြင့်ခံယူခြင်း၊ ကိုယ်နှင့်စပ်သော ခွက် သပိတ် ခုံစသည်တို့ဖြင့်ခံယူခြင်းနှစ်ပါးကိုဆိုသည်။

ဆွမ်းလှူခြင်းကြောင့်---ဤအကျိုးတရား ၅-ပါးရရှိပါသည်-

(၁) အာယုအသက်ရှည်ခြင်း၊
(၂) ၀ဏ္ဏ= အဆင်းရုပ်ရည် လှပခြင်း၊
(၃) သုခ= ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း၊
(၄) ဗလ= ခွန်အားသန်စွမ်းခြင်း၊
(၅) ပဋိဘာန= သင့် မသင့်၊ မှန် မမှန် ဝေဖန်ဉာဏ်ရှိခြင်း။

တရားထူး တရားမြတ်ကို ထိုးထွင်း၍ သိနိုင်သူ ငါးပါး-

တရားထူး တရားမြတ်ကို ထိုးထွင်း၍ သိနိုင်သူ ငါးပါး-


ဗောဓိမျိုး ၅-ပါး-

(၁) သမ္မာသမ္ဗောဓိ= ၃-မျိုး၊
(က) ပညာဓိက သမ္မာ သမ္ဗောဓိ=
------လေးသင်္ချေနှင့် ကပ္ပါတစ်သိန်း ပါရမီဖြည့်မှရနိုင်သည်၊
(ခ)သဒ္ဓါဓိက သမ္မာ သမ္ဗောဓိ=
------ရှစ်သင်္ချေနှင့် ကပ္ပါတစ်သိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
(ဂ) ၀ီရိယာဓိက သမ္မာ သမ္ဗောဓိ=
------တဆယ့်ခြောက်သင်္ချေနှင့် ကပ္ပါတစ်သိန်း ပါရမီဖြည့်မှ ရနိုင်သည်၊

(၂) ပစ္စေက ဗောဓိ= နှစ်သင်္ချေနှင့် ကပ္ပါတစ်သိန်း ပါရမီဖြည့်မှ ရနိုင်သည်၊

(၃) အဂ္ဂ သာဝက ဗောဓိ= တစ်သင်္ချေနှင့် ကပ္ပါတစ်သိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
------အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလာန်တို့လိုမျိုး၊

(၄) မဟာ သာဝက ဗောဓိ= ကပ္ပါတစ်သိန်း ပါရမီဖြည့်မှ ရနိုင်သည်၊
------ညီတော်အာနန္ဒာ၊ သားတော်ရာဟုလာ၊ အရှင်မဟာကဿကြီးတို့လိုမျိုး၊

(၅) ပကတိ သာဝက ဗောဓိ= ကပ္ပါအပိုင်းအခြားမရှိ ပါရမီဖြည့်ရသော သာမည ရဟန္တာ အစားမျိုး။

တင့်တယ်လှပ ပျိုနုကြ-

ဒုတိယတိပိဋက ဓမ္မဘဏ္ဍာဂါရိက ပခုက္ကူဆရာတော် ဘဒ္ဒန္တနေမိန္ဒ၏-

ဆင်ခြင်သုံးသပ် ရှုမှတ်ဖွယ်ရာ ဓမ္မလင်္ကာ-

၁။ တင့်တယ်လှပ ပျိုနုကြ အိုရနောက်ဆုံးပါတကား။
၂။ ရောဂါကင်းပ ကျန်းမာကြ နာရနောက်ဆုံးပါတကား။
၃။ မြူးပျော်ရွှင်ပျ သက်ရှင်ကြ သေရနောက်ဆုံးပါတကား။
၎။ ပျော်ရွှင်မြူးကြွ ပေါင်းသင်းကြ ကွဲရနောက်ဆုံးပါတကား။
၅။ စည်းစိမ်တက်ကြွ ခင်မင်ကြ ခွဲရနောက်ဆုံးပါတကား။
၆။ ၀တ်စားဆင်သ ပြုပြင်ကြ အသုဘအမှန်ပါတကား။
၇။ ရုပ်နာမ်နှစ်ဝ ဖြစ်ပျက်ရ အနိစ္စအမှန်ပါတကား။
၈။ ရုပ်နာမ်နှစ်ဝ ဖြစ်ပျက်ရ ဒုက္ခအမှန်ပါတကား။
၉။ ရုပ်နာမ်နှစ်ဝ ဖြစ်ပျက်ရ အနတ္တအမှန်ပါတကား။
၁၀။ ဖြစ်ပြီးပျက်ရ မမြဲကြ အနိစ္စအမှန်ပါတကား။
၁၁။ ဖြစ်ပျက်ဒဏ်ကျ ဆင်းရဲရ ဒုက္ခအမှန်ပါတကား။
၁၂။ ဖြစ်လျှင်ပျက်ရ အလိုမကျ အနတ္တအမှန်ပါတကား။

သုံးပါးဂုဏ်တော် ပွားရကျိုး-

သုံးပါးဂုဏ်တော် ပွားရကျိုး-

ဘုရားဂုဏ်တော် ပွားရကျိုး-

ကိလေမနှောင့်၊ စိတ်စဉ်ဖြောင့်၏၊
ဘုန်းခေါင်ရိုသေ၊ သဒ္ဓါစွေ၍၊
နှစ်ထွေပီတိ၊ သည်းခံချိ၏၊
စေတီပုံလား၊ ဘုရားနှင့်နေ၊
ထင်ပေဟိရောတ်၊ စိတ်ညွတ်ချစ်ရှင်၊
မဂ်စဉ်မပွား၊ နတ်ရွာလားသည်၊
ဘုရားဂုဏ်တော်ပွားကျိုးတည်း။------၀ိသုဒ္ဓါရုံလင်္ကာ။

တရားဂုဏ်တော် ပွားရကျိုး-

ကိလေမနှောင့်၊ စိတ်စဉ်ဖြောင့်၏၊
ဘုန်းခေါင်ဟောကြား၊ တရားရိုသေ၊
သဒ္ဓါစွေ၍၊ နှစ်ထွေပီတိ၊
သည်းခံချိ၏၊ စေတီပုံလား၊
တရားနှင့်နေ၊ ထင်ပေဟိရောတ်၊
စိတ်ညွတ်ဓမ္မ၊ မဂ်မရလည်း၊
ရောက်ထမမှား၊ နတ်ရွာလားသည်၊
တရားဂုဏ်တော်ပွားကျိုးတည်း။--------မာဂဓီ။

သံဃဂုဏ်တော် ပွားရကျိုး-

ကိလေမနှောင့်၊ စိတ်စဉ်ဖြောင့်၏၊
ဘုန်းခေါင်သံဃာ၊ မှန်စွာရိုသေ၊
သဒ္ဓါစွေ၍၊ နှစ်ထွေပီတိ၊
သည်းခံချိ၏၊ ပြုဘိသမုတ်၊
ဥပုသ်သိမ်ပမာ၊ သံဃာနှင့်နေ၊
ထင်ပေဟိရောတ်၊ စိတ်ညွတ်သံဃ၊
မဂ်မရလည်း၊ ရောက်ထနတ်ရွာ၊
ကောင်းကျိုးလာသည်၊ သံဃဂုဏ်တော်ပွားကျိုးတည်း။-------မာဂဓီ။

ကာမသုတ်-

ကာမသုတ်...



ကာမသုတ်-

ဝတ္ထုကာမကို အလိုရှိသော သတ္တ၀ါအား...
ထိုဝတ္ထုကာမကို အလိုရှိတိုင်း အပြည့်အစုံရခဲ့မူ...
ယင်းသို့ အလိုရှိတိုင်း ရသောကြောင့် ဧကန် နှစ်သက် ၀မ်းမြောက်သောစိတ်ရှိ၏။

ကာမကို အလိုရှိသည်ဖြစ်၍ ...
လိုလားတောင့်တမှု ဖြစ်ပေါ်နေသော ထိုသတ္တ၀ါအား ...
ထိုကာမတို့ ဆုတ်ယုတ်ကုန်မူ မြားပစ်ခံရသူကဲ့သို့ ဖောက်ပြန်တော့၏။

မြွေ၏ဦးခေါင်းကို ရှောင်ဖယ်သွားသကဲ့သို့ အကြင်သူသည် ကာမတို့ကို ရှောင်ဖယ် ၏၊ သတိရှိသော ထိုသူသည် လောက၌ ဤကပ်ငြိမှု တဏှာကို ကောင်းစွာ လွန် မြောက်နိုင်၏။

အကြင်သူသည် လယ်ယာ မြေ အိမ်ရာ ရွှေ ငွေ နွား မြင်း ကျွန် အမှုလုပ် မိန်းမ ဆွေမျိုးတို့နှင့် အခြား ကာမဂုဏ်မျိုးတို့ကို တပ်မက်မော၏၊ အားမရှိသော ကိလေ သာတို့သည် ထိုပုဂ္ဂိုလ်ကို နှိပ်စက်ကုန်၏၊ ထိုထိုဘေးရန်တို့ နှိပ်စက်ခံရသော ကြောင့် ရေသည်လှေကွဲသို့ မပြတ်ဝင်ဘိသကဲ့သို့ ဆင်းရဲသည် ထိုပုဂ္ဂိုလ်ကို မပြတ်လိုက်နေတော့၏။

ထို့ကြောင့် သတ္တ၀ါသည် သတိထားလျက် ကာမတို့ကို အခါခပ်သိမ်း ရှောင်ကြဉ် ရာ၏၊ လှေကို ရေပက်ထုတ်လျက် တစ်ဖက်ကမ်းသို့ လှော်ခတ်သွားသကဲ့သို့ ထိုကာမတို့ကို ပယ်ထုတ်၍ သြဃလေးဖြာ သံသရာကို ကူးမြောက်ရာ၏။

ကာမသုတ်၊ အဋ္ဌက၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ပါရမီ ၁၀-ပါး အပြား ၃၀-

ပါရမီ ၁၀-ပါး အပြား ၃၀-

ပါရမီ ၃၀

၁. ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှုကို ဖြည့်ကျင့်ခြင်း။
၂. သီလ ပါရမီ= သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။
၃. နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။
၎. ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။
၅. ၀ီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။
၆. ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။
၇. သစ္စာ ပါရမီ= အမှန်အတိုင်းပြော၍ ပြောသည်အတိုင်း ဖြည့်ကျင့်ခြင်း။
၈. အဓိဋ္ဌာန ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။
၉. မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွါး လိုလားမှုကို ဖြည့်ကျင့်ခြင်း။
၁၀. ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန် ခံနိုင်ရည်ရှိစေရန် ဖြည့်ကျင့်ခြင်း။

၁။ ရိုးရိုး ပါရမီ= ကိုယ်ခန္ခာမှအပဖြစ်သော အရာများအတွက် မငဲ့ကွက်မှု။
၂။ ဥပ ပါရမီ= ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မငဲ့ကွက်မှု။
၃။ ပရမတ္ထ ပါရမီ= ကိုယ်အသက်ကိုပင် မငဲ့ကွက်မှု။

ပါရမီ ၁၀-ပါးကို ဤ ၃-ပါးနှင့်မြှောက်သော် ပါရမီ ၃၀-ဖြစ်၏။

အလှူတော်-

သင်တို့ဘယ်လိုလှူကြမှာလဲ

အလှူတော်

ရွာစားငှားတာ လေးသောင်းပါ။
မင်းသမီး၊ လူရွှင်တော် သုံးထောင်ကျော်။
ဓာတ်ပုံရိုက်ခ ခြောက်ထောင်ကျ။
ရှင်လောင်းဝတ်စုံ၊ ငါးထောင်ကုန်။
ကျွေးမွေးစရိတ် ကိုးသောင်းအစိတ်။
သံဃာတော်မြတ် ငါးဆယ်ကျပ်။
အားလုံးပေါင်းသော် တစ်သိန်းကျော်
နတ်လူသာဓု ခေါ်စေသော်။

Sunday, April 13, 2008

နတ် လူတို့ ပျက်စီးကြောင်းတရား-

နတ် လူတို့ ပျက်စီးကြောင်းတရား

ပရာဘ၀သုတ်

၁။ အလိမ္မာနည်းခြင်း။
၂။ တရားကိုမုန်းခြင်း။
၃။ သူယုတ်သူမိုက်ကို ချစ်လေ့ရှိခြင်း။
၎။ ပညာရှိသူတော်ကောင်းကို မချစ်ခင်။
၅။ သူယုတ်သူမိုက်တို့၏စကားကို နှစ်သက်၏။
၆။ အအိပ်စုံမက်ခြင်း။
၇။ ပွဲလမ်းသဘင် လိုက်စားခြင်း။
၈။ ထကြွလုံ့လ မရှိခြင်း။
၉။ ပျင်းရိထိုင်းမှိုင်းခြင်း။
၁၀။ အမျက်တံခွန်ထောင်ခြင်း။
၁၁။ အိုမင်းသော မိဘကို မပြုစု မကျွေးမွေးခြင်း။
၁၂။ ရဟန်းတော်များနှင့် တောင်းစားသူတို့အား လိမ်လည်ခြင်း။
၁၃။ ပစ္စည်းရှိပါလျက် သူတစ်ပါးတို့ကို မဝေငှပဲ တစ်ကိုယ်တည်းသုံးစွဲခြင်း။
၁၄။ အမျိုးမာန် အနွယ်မာန်ဖြင့် ခက်ထန်ခြင်း၊
၁၅။ ပစ္စည်းမာန်ဖြင့် ခက်ထန်ခြင်း၊
၁၆။ မာန်ခက်ထန်၍ မိမိအမျိုးကိုပင် မထေမဲ့မြင်ပြုခြင်း။
၁၇။ မိန်းမလိုက်စားခြင်း၊
၁၈။ အရက်သောက်သုံးခြင်း၊
၁၉။ လောင်းကစားကြူးခြင်း။
၂၀။ ဇနီးငယ်ငယ်ကို စိတ်မချ၍ စားမ၀င် အိပ်မပျော် ဖြစ်ရခြင်း။
၂၁။ သောက်စားပျော်ပါးကြူး၍ သိမ်းဆည်းခြင်းမရှိသော မိန်းမကိုသော်၎င်း၊
ယောက်ျားကိုသော်၎င်း၊ အိမ်၌ဖြစ်စေ တစ်စုံတစ်ခုသော အလုပ်အကိုင်၌ဖြစ်စေ
အသင်းအပင်း၌ဖြစ်စေ အကြီးအကဲ ဥက္ကဌအဖြစ်ခန့်ထားခြင်း။
၂၂။ ဥစ္စာစည်းစိမ် မရှိပါဘဲလျက် အလိုကြီးခြင်း၊
၂၃။ ဥစ္စာစည်းစိမ် ဂုဏ်သိမ်တန်ခိုး မရှိဘဲလျက် မင်းအဖြစ်ကို တောင့်တခြင်း။

လောက၌ ဖြူစင်ကောင်းမြတ်၍ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပညာရှိသည်
ဤပျက်စီးဆုတ်ယုတ်ကြောင်းတရားတို့ကို
ကောင်းစွာရှုဆင်ခြင်၍ ရှောင်ရှားနိုင်သောကြောင့်
ယခုဘ၀မှာလည်း ကြီးပွားချမ်းသာ နောင်ဘ၀မှာလည်း အေးမြချမ်းသာသော
နတ်ပြည်လောက၌ ဖြစ်ကြရလေတော့သတည်း။

ဒေါသဖြစ်ကြောင်း ဆယ်ပါး-

ဖြစ်ပေါ်နေသော ဒေါသတွေ ငြိမ်ဝပ်သွားအောင် ထိန်းနိုင်ဖို့အတွက်

ဒေါသဖြစ်ကြောင်း ဆယ်ပါးကို သိထားရမယ်။

၁။ မိမိ၏ အကျိုးစီးပွား ထိခိုက်ပျက်ပြားအောင် ပြုလုပ်ခဲ့သူကို ဒေါသဖြစ်သည်။
၂။ မိမိ၏ အကျိုးစီးပွား ထိခိုက်ပျက်ပြားအောင် ပြုနေသူကို ဒေါသဖြစ်သည်။
၃။ မိမိ၏ အကျိုးစီးပွား ထိခိုက်ပျက်ပြားအောင် ပြုမည့်သူကို ဒေါသဖြစ်သည်။

၎။ မိမိ ချစ်ခင်သူ၏ အကျိုးစီးပွား ထိခိုက်ပျက်ပြားအောင် ပြုလုပ်ခဲ့သူကို ဒေါသဖြစ်သည်။
၅။ မိမိ ချစ်ခင်သူ၏ အကျိုးစီးပွား ထိခိုက်ပျက်ပြားအောင် ပြုနေသူကို ဒေါသဖြစ်သည်။
၆။ မိမိ ချစ်ခင်သူ၏ အကျိုးစီးပွား ထိခိုက်ပျက်ပြားအောင် ပြုမည့်သူကို ဒေါသဖြစ်သည်။

၇။ မိမိ မုန်းတီးသူ၏ အကျိုးစီးပွားဖြစ်အောင် ပြုလုပ်ခဲ့သူကို ဒေါသဖြစ်သည်။
၈။ မိမိ မုန်းတီးသူ၏ အကျိုးစီးပွားဖြစ်အောင် ပြုနေသူကို ဒေါသဖြစ်သည်။
၉။ မိမိ မုန်းတီးသူ၏ အကျိုးစီးပွားဖြစ်အောင် ပြုမည့်သူကို ဒေါသဖြစ်သည်။

၁၀။ အဋ္ဌာနကောပ= ဒေါသထွက်စရာမဟုတ်ဘဲ ဒေါသထွက်ခြင်းတို့ဖြစ်သည်။
---------------------နေပူလို့ စိတ်တိုသည်။ မိုးရွာတဲ့အတွက် မကျေမနပ်ဖြစ်သည်။
---------------------ခလုတ်တိုက်လို့ ဒေါသထွက်သည် ဆိုတာမျိုး။

ဒေါသကြောင့် သူတော်ကောင်း တရားတွေ ပျက်စီးရပါတယ်။

ဒေါသဗျာပါဒကို ပယ်ချင်တယ်ဆိုရင်-

အာဃာတ တရားတို့ကို ပယ်ဖြောက်ကြောင်းတရား ၅-ပါးရှိပါသည်-

၁။ ထိုပုဂ္ဂိုလ်၌ မေတ္တာ ပွါးရမည်။
၂။ ထိုပုဂ္ဂိုလ်၌ ကရုဏာ ပွါးရမည်။
၃။ ထိုပုဂ္ဂိုလ်၌ ဥပေက္ခာ ပွါးရမည်။
၎။ ထိုပုဂ္ဂိုလ်၌ နှလုံးမသွင်းဘဲ ရန်ငြိုးကို ပယ်ဖြောက်ရမည်။
၅။ ထိုပုဂ္ဂိုလ်၌ ကံသာလျှင် မိမိဥစ္စာရှိသည်ဟု နှလုံးသွင်းရမည်။

ဤတရား ၅-ပါးဖြင့် အာဃာတကို ပယ်ဖြောက်ရမည်။

အင်္ဂုတ္တိုရ်ပါဠိတော်၊ ဒုတိယတွဲ၊ စာ-၂၀၉။

လယ်တီဆရာတော်ကြီး၏ အဘိဓမ္မာသမား ဆုံးမစာ-

လယ်တီဆရာတော်ကြီး၏ တပည့်ဖြစ်သူ အား ဆုံးမစာ

အထူးထူးအထွေထွေကြံစည်၍ ပြောဟောငြင်းခုံကြသည်နှင့်
လယ်တီဆရာတော်ကြီး၏ တပည့်ဖြစ်သူ
အဘိဓမ္မာဆရာကြီး ဦးတောက်အား ရေးသားဆုံးမတော်မူသော ဧကပိုဒ်လင်္ကာ

ဆိုပိမ့်ဟုတ်ရာ၊ စေ့စေ့နာလော့၊ သဒ္ဒါပရမတ်၊ မနူးနပ်ဘဲ၊
လူတတ်တစ်ဆူ၊ ငါကောဟူ၍၊ အယူထွေဆန်း၊ မရဲလွန်းနှင့်၊
ကျမ်းတဲ့ဂန်တဲ့၊ မရွဲ့စသာ၊ လေးမြတ်ပါမှ၊ ပညာတိုးပွား၊ အကျိုးများလိမ့်၊
လေးပါးပင်လယ်၊ နက်ဝှမ်းကျယ်ကို၊ ယုန်ငယ်သေးကွေး၊ မလောက်လေးမူ၊
သေဘေးမနှောင်း၊ မြဲစတောင်းတည့်၊ ခါကောင်းသမယ၊ န၀မတဲ့၊
ဘ၀အခိုက်၊ မကြိုက်စသာ၊ ကြိုက်ခဲ့ပါလည်း၊
သမ္မာမ၀င်၊ မိစ္ဆာယှဉ်က၊ လူတွင်လုံးလုံး၊ အဖြစ်ရှုံး၏၊
ထုံးဟောင်းတန္တီ၊ ကျမ်းအညီနှင့်၊ ဂမ္ဘီရဓာတ်၊ ပရမတ်ကို၊
အတတ်တွေးတော၊ မဟောပြောနှင့်။
သဘောသကံ၊ မိမိဉာဏ်နှင့်၊ မတန်မရာ၊ နက်နဲစွာကို၊
အရာမသိ၊ မရိပ်မိဘဲ၊ ဟုတ်လိနိုးနိုး၊ ဆင်ကန်းတိုးသို့၊
ကြိုးကြိုးပန်းပန်း၊ အကြံဆန်းမူ၊ ဗရမ်းဗဒါ၊ စိတ်သညာဖြင့်၊
ထင်ရာထင်မိ၊ မှားခေါင်ထိ၍၊ ဒိဋ္ဌိဒီမြစ်၊ စုံးစုံးနစ်သည်၊
လူဖြစ် ဤတွင် ဆုံးသတည်း။

ပရမတ်သမားဆုံးမစာ ပြီး၏။

သောတာပန်ပုဂ္ဂိုလ်အား မထိုက်သောအရာတို့သည်-

သောတာပန်ပုဂ္ဂိုလ်အား မထိုက်သောအရာတို့သည်-

ရဟန်းတို့---
သောတာပန်ပုဂ္ဂိုလ်အား မထိုက်သောအရာတို့သည် ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ဉာဏ်အမြင်နှင့်ပြည့်စုံသော (သောတာပန်) ပုဂ္ဂိုလ်သည်
မြတ်စွာဘုရား၌ မရိုမသေ တုပ်ဝပ်ဘဲ နေရန်မထိုက်၊
တရား၌ မရိုမသေ မတုပ်ဝပ်ဘဲနေရန် မထိုက်၊
သံဃာ၌ မရိုသေမတုပ်ဝပ်ဘဲ နေရန်မထိုက်၊
အကျင့်သိက္ခာ၌ မရိုသေမတုပ်ဝပ်ဘဲနေရန်မထိုက်၊
ကံငါးပါး ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးသို့ တစ်ဖန်ကပ်ရောက်ရန် မထိုက်၊
ရှစ်ကြိမ်မြောက် ကာမသုဂတိ ဘ၀ကို ဖြစ်စေရန်မထိုက်။

ရဟန်းတို့ သောတာပန်ပုဂ္ဂိုလ်အား မထိုက်သော အရာတို့သည်
ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမ အဘဗ္ဗဋ္ဌာနသုတ်၊ သီတိဝဂ်၊ အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန်။

Saturday, April 12, 2008

ဒါနကို ဘယ်လိုပြုကြမည်-

ဒါနကို ဘယ်လိုပြုကြမည်-

ရှစ်ပါးတွဲ ဒါနစု

၁၊ ချစ်ခင်လိုလား၍ ပေးခြင်း၊
၂၊ မလွဲသာသည့်အတွက် မုန်းလျှက်နှင့်ပေးခြင်း၊
၃၊ အကြောင်းအကျိုးမသိပဲ မိုက်မဲတွေဝေ၍ပေးခြင်း၊
၎၊ အများကဲ့ရဲ့ မည်ကို ကြောက်၍ အပါယ်ကျမည်ကြောက်၍ အလှူခံက ရန်ပြုမည်ကြောက်၍ ပေးခြင်း၊
၅၊ မိဖ ဖိုးဖွားများ အဆက်ဆက်ကပင် ပေးကမ်းလှူဒါန်း၍ လှူဒါန်းခြင်း၊
၆၊ သေပြီးသည်နောက် နတ်ပြည်သို့ရောက်ရန် ရည်မှန်း၍ လှူဒါန်းခြင်း၊
၇၊ စိတ်ကြည်လင် ချမ်းသာမှုကို ရည်မှန်း၍ လှူဒါန်းခြင်း၊
၈၊ သမထ ၀ိပဿနာ အားထုတ်ရာမှာ အထောက်အပံ့ဖြစ်စေရန် လှူဒါန်းခြင်း၊

ပဓာနိယင်္ဂ ၅-ပါး-


သစ္စာလေးပါး တရားရနိုင်ကြောင်း-

ပဓာနိယင်္ဂ ၅-ပါး

၁၊ ယုံကြည်မှုသဒ္ဓါတရားရှိခြင်း၊
၂၊ တရားအားထုတ်နိုင်လောက်အောင် ကျန်းမာမှုရှိခြင်း၊
၃၊ ဟန်ဆောင်မှုမရှိ အမှန်ပြောဆိုတတ်သူဖြစ်ခြင်း၊
၎၊ လုံ့လ၀ီရိယရှိသူဖြစ်ခြင်း၊
၅၊ ရုပ် နာမ်တို့၏ ဖြစ်မှုပျက်မှုကို သိမြင်နိုင်သည့် ပညာရှိသူဖြစ်ခြင်း၊

ဤအင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဘုရားတည်းဟူသော
ဆုံးမသူကိုရလျှင် နံနက်အခါ ဆုံးမပါက ညချမ်းအခါ တရားထူးကိုရနိုင်ပေသည်

(မြတ်စွာဘုရားကိုယ်စား တရားတော်များရှိပေသည်)

ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏-

ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏-

အဘယ်ငါးမျိုးတို့နည်း ဟူမူ-

၁။ ဖြစ်ပေါ်လာသည့် စွဲမက်မှု ရာဂကို ဖျောက်နိုင်ခဲလှ၏။
၂။ ဖြစ်ပေါ်လာသည့် အမျက်ထွက်မှု ဒေါသကို ဖျောက်နိုင်ခဲလှ၏။
၃။ ဖြစ်ပေါ်လာသည့် တွေဝေမှု မောဟကို ဖျောက်နိုင်ခဲလှ၏။
၎။ ဖြစ်ပေါ်လာသည့် ဉာဏ်၌ ထင်မြင်မှုကို ဖျောက်နိုင်ခဲလှ၏။
၅။ ဖြစ်ပေါ်လာသည့် ခရီးသွားလိုစိတ်ကို ဖျောက်နိုင်ခဲလှ၏။

ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏ဟု မိန့်တော်မူ၏။

ဒုပ္ပဋိဝိနောဒယသုတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်၊ ဒုတိယတွဲ။

ဝိပဿနာ ရှုသူများ သတိပြု-

ဝိပဿနာ ရှုရမည့်ရုပ် ၁၈-ပါး၊ ၀ိပဿနာ မရှုရမည့်ရုပ် ၁၀-ပါး-

ရုပ် ၂၈-ပါး ရှိသည်တွင်-

ဝိပဿနာရှုရမည့် နိပ္ဖန္နရုပ် ၁၈-ပါးမှာ-

၁။ ပထ၀ီ= ခက်မာခြင်း၊ နူးညံ့ခြင်းသဘော။
၂။ အာပေါ= ဖွဲ့စည်းခြင်း၊ ယိုစီးခြင်းသဘော။
၃။ တေဇော= ပူခြင်း၊ အေးခြင်းသဘော။
၎။ ၀ါယော= ထောက်ကန်ခြင်း၊ တွန်းတင် လှုပ်ရှားခြင်းသဘောတို့ ဖြစ်သည်
၅။ စက္ခုပသာဒ= မျက်စိအကြည်ရုပ်။
၆။ သောတပသာဒ= နားအကြည်ရုပ်။
၇။ ဃာနပသာဒ= နှာခေါင်းအကြည်ရုပ်။
၈။ ဇိဝှါပသာဒ= လျှာအကြည်ရုပ်။
၉။ ကာယပသာဒ= ကိုယ်အကြည်ရုပ်။
၁၀။ ရူပါရုံ= အဆင်းအရောင်အမျိုးမျိုး။
၁၁။ သဒ္ဒါရုံ= အသံအမျိုးမျိုး။
၁၂။ ဂန္ဓာရုံ= အနံ့အမျိုးမျိုး။
၁၃။ ရသာရုံ= အရသာ အမျိုးမျိုး။
----(ဖောဋ္ဌဗ္ဗာရုံ= အတွေ့အထိ အမျိုးမျိုး ပထ၀ီ၊ တေဇော၊ ၀ါယော။)
၁၄။ ဣတ္ထိဘာဝရုပ်= အမ သဘာဝကို ဖြစ်စေသောရုပ်။
၁၅။ ပုမ္ဘာဝရုပ်= အဖို သဘာဝကို ဖြစ်စေသောရုပ်။
၁၆။ ဟဒယ၀တ္ထု = စိတ်၏မှီရာ နှလုံးအကြည်ရုပ်။
၁၇။ ရုပ်ဇီဝိတိနြေ္ဒ = ကံကြောင့်ဖြစ်သောရုပ်တို့ကို အသက်ရှင်အောင်
စောင့်ရှောက်ခြင်းသဘော။ (ရုပ်သက်)
၁၈။ ကဗဠီကာရ အာဟာရ= စားသောက်ဖွယ်၌ပါသော အနှစ်အစေး သြဇာရုပ်။

ဖော်ပြပါ ရုပ် ၁၈-ပါးတို့ကို ကံ စိတ် ဥတု အာဟာရတို့ကြောင့် ဖြစ်ပေါ်သော ရုပ်များဖြစ်၍ နိပ္ဖန္နရုပ်ဟု ခေါ်သည်။

ဝိပဿနာရှုစရာမလိုသော အနိပ္ဖန္နရုပ် ၁၀-ပါး (ပညတ်ရုပ်)

၁။ ပရိစ္ဆေဒရုပ်= အာကာသဓာတ်= ရုပ်ကလာပ်တို့ကို ပိုင်းခြားပေးသောရုပ်။
၂။ ကာယ၀ိညတ်= မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော အမူအရာ။
၃။ ၀စီဝိညတ်= မိမိ၏ဆန္ဒကို သူတစ်ပါးတို့အား သိစေတတ်သော နှုတ်အမူအရာ။
၎။ လဟုတာ= ရုပ်တို့၏ ပေါ့ပါးခြင်းသဘော။
၅။ မုဒုတာ= ရုပ်တို့၏ နူးညံ့ခြင်းသဘော။
၆။ ကမ္မညတာ= ရုပ်တို့၏ ခံ့ကျန်းခြင်းသဘော။
၇။ ဥပစယ= ရုပ်တို့၏ အစဖြစ်ခြင်းသဘော။
၈။ သန္တတိ= ရုပ်တို့၏ အစဉ်မပြတ် ဖြစ်ခြင်းသဘော။
၉။ ဇရတာ= ရုပ်တို့၏ ရင့်ရော်ခြင်းသဘော။
၁၀။ အနိစ္စတာ= ရုပ်တို့၏ ပျက်စီးခြင်းသဘောတို့ဖြစ်ကြသည်

ဖော်ပြပါ ရုပ် ၁၀-ပါးတို့ကို ပညတ်ရုပ်ဟု ခေါ်သည်။

အရိုအသေ မပေးတတ်သူမျိုး တကျိပ်နှစ်ယောက်-

အရိုအသေ မပေးတတ်သူမျိုး တကျိပ်နှစ်ယောက်-

ရိုသေထိုက်သူအား မရိုသေသူ ၁၂-ဦး-

၁။ ရာဂထူပြော တပ်ခြင်းပြင်းသူ။
၂။ ဒေါသထူပြောသောသူ။
၃။ မောဟကြီး၍ တွေဝေထိုင်းမှိုင်းသူ။
၎။ မာန်မာန ကြီးလွန်းသောသူ။
၅။ သူဂုဏ်ကျေးဇူးကို မသိတတ်သူ။
၆။ အလွန်ခက်ထန် ကြမ်းကြုတ်သူ။
၇။ အလွန်အောက်တန်းကျ ရိုင်းစိုင်းနေသူ။
၈။ အစိုးရသူ အုပ်စိုးလွှမ်းမိုးနေသူ မင်း (ရှင်ဘုရင်)။
၉။ ယုတ်မာ ကောက်ကျစ် စဉ်းလဲသူ။
၁၀။ ဆင်းရဲစေအပ်သူ ဆင်းရဲမည့်သူ။
၁၁။ လောဘရမ္မက် ကြီးလွန်းသူ။
၁၂။ လုပ်ငန်းထဲ၌ စိတ်ပါ အားထုတ်နေသူ။

သိက္ခာပုဒ်ဆယ်ပါး-

ဆယ်ပါးသီလ-

သိက္ခာပုဒ်ဆယ်ပါး-

၁။ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။

၂။ မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။

၃။ မမြတ်သော (မေထုန်) အကျင့်မှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။

၎။ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။

၅။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက် သောက်စားခြင်းမှ ရှောင်ကြဉ်
ကြောင်း သိက္ခာပုဒ် ကို ဆောက်တည်ပါ၏။

၆။ နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။

၇။ ကခြင်း သီခြင်း တီးမှုတ်ခြင်းနှင့် (သူတော်ကောင်း) တရား၏ ဆူးငြောင့်သဖွယ်ဖြစ်သော ပွဲလမ်း
သဘင် တို့ကို ကြည့်ရှု နားထောင်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။

၈။ ပန်းပန်ခြင်း နံ့သာခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်း တန်ဆာဆင်ခြင်း အပြေအပြစ်ပြုခြင်းမှ
ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။

၉။ မြင့်သောနေရာ မြတ်သောနေရာ၌ နေထိုင်ခြင်မှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို
ဆောက်တည်ပါ၏။

၁၀။ ရွှေငွေကို ကိုင်ခြင်း ခံယူခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။

သိက္ခာပုဒ်ဆယ်ပါး

မောဒကဒါယိကာထေရီအပဒါန်

ငါသည် ငါ၏ ဝေစုအဖို့ကို ယူ၍ ရေခပ်ရန် သွားလတ်သော် -

မောဒကဒါယိကာထေရီအပဒါန်

ငါသည် ဗန္ဓုမတီမြို့၌ အိုးရွက်ကျွန်မ ဖြစ်ခဲ့၏၊
ငါသည် ငါ၏ ဝေစုအဖို့ကို ယူ၍ ရေခပ်ရန် သွားလတ်သော် -

လမ်းခရီး၌ ငြိမ်သက်သော စိတ်ရှိသော တည်ကြည်သော ရဟန်းကို ဖူးမြင်ရသည် ရှိသော် ကြည်ညို ၀မ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ ကတွတ် (လဍူး) မုန့် သုံးခုတို့ကို လှူဒါန်းခဲ့၏။

ကောင်းစွာ ပြုအပ်သော ထိုကံကြောင့် လည်းကောင်း၊
စေတနာ တောင့်တမှုတို့ကြောင့် လည်းကောင်း၊
ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး ငါသည် ဖရိုဖရဲ ပျက်စီးကျရာ ငရဲသို့ မရောက်ခဲ့ရပေ။

ငါသည် စည်းစိမ်ရှိသည်၏အဖြစ်ကို ပြုလုပ်၍ အလုံးစုံသော စည်းစိမ်ကို ခံစားခဲ့၏၊
ငါသည် ကတွတ်မုန့်သုံးခုတို့ကို လှူခဲ့ခြင်းကြောင့် တုန်လှုပ်ခြင်း မရှိသော နိဗ္ဗာန်သို့ ရောက်ရပေ၏။

ငါသည် ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေအပ်ကုန်ပြီ။ အာသ၀ မရှိဘဲ နေရ၏။

ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။
အဆုံးအမတော်ကို လိုက်နာ ပြုကျင့်အပ်ပါပြီ။

ဤသို့လျှင် မောဒကဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ ။

ဆင်းရဲဒုက္ခငြိမ်းလိုသော်-

ဆင်းရဲဒုက္ခငြိမ်းလိုသော်


အရဟတ္တသုတ်-
တရားခြောက်မျိုးတို့ကို မပယ်လျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ မထိုက်-

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

၁။ စိတ်၏ ထိုင်းမှိုင်းမှု၊
၂။ စေတသိက်တို့၏ လေးလံမှု၊
၃။ ပျံ့လွင့်မှု၊
၎။ နောင်တပူပန်မှု၊
၅။ ယုံကြည်ခြင်း သဒ္ဓါမရှိမှု၊
၆။ မေ့လျော့မှုတို့တည်း။

အရဟတ္တ ဒုတိယသုတ်၊ ဒေ၀တာဝဂ်၊ အင်္ဂုတ္တိုရ်။

ကိမိလသုတ်-

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီး သာသနာတော် ကြာရှည်စွာ မတည်နိုင်ခြင်း၏ အကြောင်းကား-

သာသနာတော် ကြာရှည်စွာ မတည်နိုင်ခြင်း-

ယောင်္ကျားရဟန်း မိန်းမရဟန်း ဥပါသကာ ဥပါသိကာမတို့သည် –

မြတ်စွာဘုရား၌ မရိုသေ မတုပ်ဝပ် နေကုန်၏။
တရားတော်၌ မရိုသေ မတုပ်ဝပ် နေကုန်၏။
သံဃာတော်၌ မရိုသေ မတုပ်ဝပ် နေကုန်၏။
အကျင့် သိက္ခာ၌ မရိုသေ မတုပ်ဝပ် နေကုန်၏။
မမေ့မလျော့ခြင်း အပ္ပမာဒ၌ မရိုသေ မတုပ်ဝပ် နေကုန်၏။
အစေ့အစပ် ပြုမှု ပဋိသန္ထာရ၌ မရိုသေ မတုပ်ဝပ် နေကုန်၏။

သာသနာတော် ကြာမြင့်စွာ မတည်နိုင်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊

ကိမိလသုတ်မှ-အဗျာကတ၀ဂ်၊ အင်္ဂုတ္တိုရ်။

Friday, April 11, 2008

အလိုတော်ပြည့်လိုသော်-

အလိုတော်ပြည့်လိုသော်-

ဤ ၆-ပါးကို ဖြည့်ကျင့်ပါ-
၁။ သဒ္ဓါ၊ ရတနာသုံးပါး၏ ဂုဏ်တော်၊ ကံနှင့် ကံအကျိုးကို ယုံကြည်ခြင်း။
၂။ သီလ၊ ကိုယ်ကျင့်သီလ ကောင်းမှုနှင့်ပြည့်စုံခြင်း။
၃။ သုတ၊ အကြားအမြင် ဗဟုသုတရှိခြင်း။
၎။ စာဂ၊ ပေးကမ်းလှူဒါန်း စွန့်ကြဲသော ကောင်းမှုရှိခြင်း။
၅။ ပညာ၊ ကောင်းမကောင်းကို အမှန်အတိုင်း ခွဲခြားသိမြင်ခြင်း။
၆။ ပတ္ထနာ၊ ဆုတောင်းမှုရှိခြင်း။

ဤအင်္ဂါ ၆-ပါးနှင့် ပြည့်စုံပါမှ တောင်းတသည့်ဂတိမြဲပါသည်။
တောင်းသည့်ဆုအတိုင်း အလိုတော်ပြည့်မည်။

အဆိုပါ အင်္ဂါ ၆-ပါးအနက် ရှေ့အင်္ဂါ ၅-ပါးသာရှိပြီး
နောက်ဆုံးအင်္ဂါဖြစ်သော ဆုတောင်းပတ္ထနာ မပြုဘဲနေသူသည်
ကောင်းကင်ထက်သို့ မြှောက်ပစ်လွှတ်ပစ်လိုက်သော
တုတ်ချောင်းနှင့်ပမာတူပါသည်။
အထက်သို့ပစ်လွှတ်လိုက်သော တုတ်ချောင်းသည်
အရင်း အဖျား အလယ် သုံးမျိုးတွင်
သူကျချင်သလို ကျနိုင်သကဲ့သို့
ကောင်းမှု၏ အကျိုးပေးမှုကား မသေချာပေ။
တဖန် ဆုကိုသာ တောင်း၍ အထက်တရား ၅-မျိုးမရှိလျှင်လည်း
အကျိုးပေးမရေရာပေ။

အထက်တရား ၅-မျိုးလည်းရှိ ဆုတောင်းမှုလည်း ပြုမှသာလျှင်
တောင်းသည့် ဆုအတိုင်း အသေအချာ
ရေရေရာရာ အကျိုးပေးမည်ဖြစ်ပေသည်။

(မ၊ ဋ္ဌ။ ၄။ ၁၀၄) သာသနာ့ရောင်ခြည်၊ တွဲ ၁၆၊ အမှတ် ၅၊

သေမင်း၏ကျော့ကွင်း-

သေမင်း၏ကျော့ကွင်း-

ကောဓကသုတ်-

အမျက်ဒေါသ ထွက်သောသူသည်
ပြုလုပ်ရန် မလွယ်သည့် ကိစ္စကိုပင် အလွယ်တကူ မှားယွင်းစွာ ပြုလုပ်မိတတ်၏။
ထိုသူသည် အမျက်ဒေါသ ပြေပျောက်သွားသည့်အခါ၌၊
မီးလောင်ခံရသူကဲ့သို့ နောင်တပူပန်ခြင်းဖြစ်ရ၏။
အမျက်ဒေါသ ထွက်လျက်ရှိသူ၏ မျက်နှာသည် သန့်ရှင်းကြည်လင်ခြင်းမရှိ၊
တင့်တယ်တောက်ပခြင်းလည်းမရှိပေ၊
မီးခိုးတအူအူ ထွက်လျက်ရှိသော မီးပုံကဲ့သို့ပေတည်း။
အမျက်ဒေါသ ထွက်လျက်ရှိသူသည် မိမိ၏ အကျိုးစီးပွားကိုလည်း ဖျက်စီးတတ်၏။
မိမိကိုယ်ကို သေစေတတ်သည့် အကြောင်းကိုပင် အမှန်အတိုင်း မသိမြင်တတ်ပေ။
ထို့ကြောင့် အမျက်ဒေါသသည် သေမင်း၏ ကျော့ကွင်းနှင့်တူပေ၏။

သတ္တကနိပါတ်၊ ကောဓကသုတ်။

လေးမြိုင်၊ ဗုဒ္ဓ၏ ဥပမာတစ်ထောင်၊ စာ ၂၇၀။

အပြောချိုသာ အောင်မြင်ရာ၏-

အပြောချိုသာ အောင်မြင်ရာ၏-

နှစ်သက်ဖွယ်ရာ စကားကိုသာ ပြောဆိုရာ၏။
မနှစ်သက်ဖွယ်ရာ စကားကို တစ်ခါတလေမျှ မပြောဆိုရာ။

နှစ်သက်ဖွယ်စကား ပြောကြားသူအား-
လေးလံသောဝန်ကိုပင် အများက ဆောင်ယူကူညီပေး၏။
ဥစ္စာကိုလည်း ရစေ၏။
ရွှင်ရွှင်လန်းလန်း ၀မ်းပန်းတသာလည်း ဖြစ်ရ၏။

လောကီ လောကုတ္တရာ ဉာဏ်စဉ် ၁၆-ပါး-

လောကီ လောကုတ္တရာ ဉာဏ်စဉ် ၁၆-ပါး-

ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ ဉာဏ်စဉ် ၁၆-ပါး-

၁။ နာမရူပ ပရိစ္ဆေဒဉာဏ်= ရုပ် နာမ် ခွဲခြားသိသောဉာဏ်။
၂။ ပစ္စယပရိဂ္ဂဟဉာဏ်= နာမ်ဖြစ်ပေါ်ခြင်း အကြောင်းတရား၊
ရုပ်ဖြစ်ပေါ်ခြင်း အကြောင်းတရားတို့ကို သိမ်းကျုံးစုစည်း သိမြင်နိုင်သောဉာဏ်။
၃။ သမ္မသနဉာဏ်= ရုပ်သဘော နာမ်သဘောတို့ကို လေ့လာသုံးသပ်သောဉာဏ်။
၎။ ဥဒယဗ္ဗယဉာဏ်= ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်သောဉာဏ်။
၅။ ဘင်္ဂဉာဏ်= ရုပ်နာမ်တို့၏ (အဖြစ်ကိုမမီလိုက်ဘဲ)
အပျက်ကိုသာမီလိုက်သဖြင့် သိမြင်လိုက်သောဉာဏ်။
၆။ ဘယဉာဏ်= ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကို ဘေးဟူ၍ ရှုမြင်သောဉာဏ်။
၇။ အာဒီန၀ဉာဏ်= ထိုဘေးကို အပြစ်ဟူ၍ ရှုမြင်သောဉာဏ်။
၈။ နိဗ္ဗိန္ဒဉာဏ်= ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်တွေအပေါ် ငြီးငွေ့လာသောဉာဏ်။ မလိုချင် မတွယ်တာ ဖြစ်လာသောဉာဏ်။
၉။ မုစ္စိတုကမျတာဉာဏ်= ဖြစ်ပျက် ဒုက္ခသစ္စာကြီးမှ လွတ်မြောက်လိုသောဉာဏ်။
၁၀။ ပဋိသင်္ခါဉာဏ်= ထိုဒုက္ခတို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ဆင်ခြင်သောဉာဏ်။
၁၁။ သင်္ခါရုပေက္ခာဉာဏ်= သင်္ခါရတရားတွေချည်း ရှုမြင်နေသောဉာဏ်။
၁၂။ အနုလောမဉာဏ်= မဂ်ဖိုလ် နိဗ္ဗာန်အား ရဖို့အလျော် ဖြစ်သောဉာဏ်။
၁၃။ ဂေါတြဘူဉာဏ်= ပုထုဇဉ် အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ဖြစ်စေတတ်သောဉာဏ်။
၁၄။ မဂ်ဉာဏ်= နိဗ္ဗာန်ကို မြင်သောဉာဏ်။
၁၅။ ဖိုလ်ဉာဏ်= နိဗ္ဗာန်ကိုပင်မြင်သောဉာဏ်။
၁၆။ ပစ္စဝေက္ခဏာဉာဏ်= ရခဲ့ပြီးသော တရားတို့ကို ပြန်လည်ဆင်ခြင်သောဉာဏ်။
ဟူ၍ ဉာဏ်စဉ် ၁၆-ပါးရှိ၏။

၁-မှ ၁၂-ထိ လောကီပိုင်းဆိုင်ရာ။
၁၃-မှ ၁၆-ထိ လောကုတ္တရာပိုင်းဆိုင်ရာ။
၂-မှ ၁၂-ထိ ၀ိပဿနာဉာဏ်။

အိမ်ဟောင်းပမာ-

အိမ်ဟောင်းပမာ-

အိမ်ဟောင်းတော့ ဟိုရိုင်သည်ရိုင်၊ မခိုင်လို့ ပြိုလုနီး။
နှစ်ပေါင်းရှည်ကြာ၊ အမိုးအကာလုံပါဘူး။
ကြမ်းခင်းမှာ ဖရိုဖရဲနှင့် ပေါက်ပြဲပျက်စီး။
သည်ရုပ်ခန္ဓာ အိမ်ဟောင်းနှင့်တူပါဘိ ဇရာဖိစီး။
မျက်စိမွဲကာ နားလည်းကြားပါဘူး။
ဟိုကနာ သည်ကကိုက်လို့ သေဖို့ရက်နီး။

ဆင်စွယ်မောင်သောင်း။

သူတော်ကောင်းအလှူ ငါးမျိုး-


အလှူဒါနအမျိုးမျိုး-


သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

၁။ သဒ္ဓါဒါန-
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

၂။ သက္ကစ္စဒါန-
လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။
တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။

လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။

၃။ ကာလဒါန-
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။
လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။

အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။

၎။ အနုဂ္ဂဟိတဒါန-
အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။

အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။

၅။ အနုပဟစ္စဒါန-
မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။

မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။

ဆောင်ပုဒ်။ ။သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊ ချီးမြှောက်ဘိလျက်၊
မထိမပါး၊ ပေးလှူငြား၊ ငါးပါး သပ္ပုရိသ မြတ်ဒါန။

သတိသံဝေဂလင်္ကာ-

သတိသံဝေဂလင်္ကာ-

ယောဂီပုဂ္ဂိုလ်များ သိရှိဆင်ခြင်ရန် သတိသံဝေဂလင်္ကာ

၁။ နေ၀င်ခါနီး ခရီးသည်တွေ ဘယ်ဆီဌာန နေကြမှာလေ၊
အချိန်ရှိခိုက် ရှာလိုက်ပါလေ နေ၀င်က ဒုက္ခပင်လယ်ဝေ။
၂။ သေမှာမုချ ဖြစ်ကြလေပြီ မသေခင်လေး သင်တွေးချိန်မှီ၊
သေမည့်ဆဲဆဲ မလွဲကိုယ်စီ မြတ်တရား သင်ပွါးချိန်တန်ပြီ။
၃။ နေ့စဉ်အားထုတ် ပြုလုပ်တွင်တွင် အားလပ်သည့်နေ့ တစ်နေ့မမြင်၊
စားဝတ်နေရေး ရှုတ်ထွေးစုံလင် ဒီဒုက္ခ ကြီးလှလူတို့တွင်။
၎။ သားသမီးအတွက် နေ့ရက်ချိန်ကုန် မအားနိုင်ဘဲ ငါ့ရဲ့ဖြစ်ပုံ၊
ရှေးရှေးဘ၀ ပြုကြဖုံဖုံ ခုတိုင်လဲ အားရက်ဘယ်မကြုံ။
၅။ ကမ္ဘာမီးထက် ပူချက်ပြင်းထန် ဘယ်မီးတွေလဲ ဉာဏ်နှင့်ဝေဖန်၊
ကိလေသာမီး ထိန်ညီးဝေလျှံ ဘ၀တိုင်း မဆိုင်းလောင်နေပြန်။
၆။ ဒုက္ခ ဒုက္ခ နှုတ်ကဆိုတာ မျက်ရည်သုတ်ရ ရုပ်ကလွန်နာ၊
ခွေယိုင်ပျော့လို့ အားလျော့နေတာ ဘယ်သူလဲ မှတ်စွဲကိလေသာ။
၇။ ဆယ်ခွေထပ်ထပ် တင်းကြပ်ချည်ပြန် ထုတ်ထားချုပ်ထား လှုပ်အားမသန်၊
သံယောဇဉ်ကွဲ့ သိကွယ့်အမှန် ဘ၀ပေါင်း ကြာညောင်းလေအောင်ဖန်။
၈။ အဲဒီလိုနဲ့ သေကြတာတွေ တွက်လို့မရ ဘ၀အသင်္ချေ၊
ခုဘယ်လိုပ သေကြမယ်လေ ဆုံးဖြတ်စမ်း သင်လမ်းဖြောင့်အောင်လေ။
၉။ ယီးတီးယားတား သေသွားရင်လေ အထုတ်ငယ်လေး ပူရေးထွေထွေ၊
သွားရာစခန်း ပင်ပန်းမယ်လေ ယခုက ပြုကြကုသိုလ်တွေ။
၁၀။ ကုသိုလ်ပြုလုပ် အုပ်ချုပ်ဉာဏ်နော် ပေါ့ပေါ့ဆဆ ပြုကမတော်၊
လည်၍မဆုံး ကြည့်အုံးဉာဏ်မျှော် ပေါ့ဆရေး မသေးအဖြစ်ပေါ်။
၁၁။ ကုသိုလ်ပြုက ပေါ့ဆတာဟာ ဟိုသံသာက လက်စပါလာ၊
အဲဒီလက်စ ပြတ်မှတော်မှာ ဉာဏ်အုပ်ချုပ် ပြုလုပ်ကြစမ်းပါ။
၁၂။ သာသနာနဲ့လဲ ကြုံခဲပြန်တယ် ကြုံပြန်သော်လည်း သိခဲပြန်တယ်၊
သိပြန်သော်ကား ကျင့်သွားဖို့ရယ် မလွယ်ဘူး အထူးကျိုးစားကွယ်။
၁၃။ ၀ိဇ္ဇာမျိုးသိ မရှိလို့ပင် ဂင်္ဂါဝါဠု လွဲမှုသင်မြင်၊
သာသနာကြုံဆဲ မရှိဘဲနေလျှင် နောင်ကိုလဲ သင်လွဲဖို့သာပြင်။
၁၄။ ခန္ဓာငါးပါး ဉာဏ်စိုက်ကြည့်လျှင် အိုးကင်းလှော်သည့် နှမ်း၏အသွင်၊
တဖြောက်ဖြောက်နှင့် ပျက်ကြတွင်တွင် ရုပ်နာမ်က အနိစ္စသည်လိုမြင်။
၁၅။ အရေးတကာ့အရေး သည်အရေးကိုသာ အကြီးကျယ်ဆုံး သက်လုံးမှတ်ပါ၊
ဒီထွက်ရာလမ်း မှတ်စမ်းသေချာ ဒီအသိ မရှိ၍ လည်နေတာ။
၁၆။ ခန္ဓာငါးဝ ဓမ္မကိုရှာ ဉာဏ်မှာတွေးတော သဘောကိုသာ၊
အပိုင်သိက လေးဝပါယ်ရွာ သံသာစက် ထွက်ပေါ့ဧကန်သာ။
၁၇။ သမာသီလ ညီမျှအစုံ ပညာဦးစီး ခရီးဆက်ပုံ၊
သိက္ခာသုံးချက် အကွက်လည်ပုံ ၀ဲဂယက် လွဲထွက် သန္တိဘုံ။
၁၈။ လူဖြစ်လာကြ လောကဤဘုံ ကံကောင်းထောက်လို့ ဗုဒ္ဓတွေ့ကြုံ၊
ကြိုးစားလိုက်ကြ စွမ်းအားအကုန် သံသာစက် ထွက်ရပ်နိဗ္ဗာန်ဘုံ။

ဝိပဿနာဟောနည်း ကျင့်နည်း နိဿရည်းကျမ်း၊ စာ-၂၈၁။

နမော တဿ ဘုရားရှိခိုး-

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အရ+ဟံ၊ အရ+ဟတော=
ကိလေသာရန်သူတို့ကို ၀ါသနာနှင့်တကွ ပယ်သတ်တော်မူပြီးသော။

အ+ရဟံ၊ အ+ရဟတော=
စိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော။

အရဟံ၊ အရဟတော=
ဗြဟ္မာနတ်လူ သတ္တ၀ါအပေါင်း၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေသော။

သမ္မာသမ္ဗုဒ္ဓဿ=
သစ္စာလေးပါး မြတ်တရားကို မိမိကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိတော်မူပေသော။

တဿ ဘဂ၀တော=
ထိုဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။

နမော=
တပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်းသည်။

အတ္ထု=
စင်စစ်မသွေ ဖြစ်ပါစေသတည်း။

မေတ္တာသုတ်လာ ကျင့်ဖွယ် ၁၅-ချက်-

ကျင့်ရမည့်တရား ၁၅-ပါး-

မေတ္တာသုတ်လာ ကျင့်ဖွယ် ၁၅-ချက်-

၁။ သက္ကောစ= ကျင့်စွမ်းနိုင်ရမည်။
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရမည်။
၃။ သုဟုဇု စ= ကောင်းစွာ ဖြောင့်မတ်ရမည်။
၎။ သူဝစော စ= ဆိုဆုံးမ လွယ်ရမည်။
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့ရမည်။
၆။ အနတိမာနီ စ= မာန်မာန မရှိရာ။
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်ရမည်။
၈။ သုဘရော စ= မွေးမြူလွယ်ရမည်။
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ နည်းပါးရမည်။
၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းရှိရမည်။
၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိရမည်။
၁၂။ နိပကော စ= ရင့်ကျက်သော ပညာရှိရမည်။ က
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသွ နနုဂိဒ္ဓေါ= ဒါယကာတို့၌ တပ်မက်မှုကင်းရမည်။
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ=
ပညာရှိတို့ ကဲ့ရဲ့စွတ်စွဲနိုင်မည့် ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။

သတ္တ၀ါအားလုံး ကျင့်ကြရပါမည်။
ကျင့်သောသူသည် ချမ်းသာစွာနေရ၏။

Thursday, April 10, 2008

သူတော်ကောင်းတို့ ပေးလှူနည်းများ-

သူတော်ကောင်းတို့ ပေးလှူနည်းများ-

သပ္ပုရိသဒါန ငါးပါး-

သဒ္ဓါဒါန= ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားဖြင့် လှူဒါန်းခြင်း။
(ဤဒါနကြောင့် အဆင်းလှခြင်း)

သက္ကစ္စဒါန= လှူဖွယ်ဝတ္ထုကို စင်ကြယ်မွန်မြတ်အောင် ကောင်းမွန်စွာပြုလုပ်၍ လှူဒါန်းခြင်း။
(ဤဒါနကြောင့် သားသမီး ဆွေမျိုး ပရိသတ်များ မိမိစကားနားထောင်ခြင်း)

ကာလဒါန= လိုအပ်နေသောအချိန် လိုအပ်သောပစ္စည်းကို လှူဒါန်းခြင်း။
(ဤဒါနကြောင့် မိမိလိုအပ်သောပစ္စည်း လိုအပ်ချိန်တွင် ရရှိသည်)

အနုဂ္ဂဟိတဒါန= ပစ္စည်းကိုမစွဲလမ်းတော့ဘဲ စွန့်လွှတ်၍လှူဒါန်းခြင်း။
(ဤဒါနကြောင့် စည်းစိမ်ဥစ္စာရှိပါသော်လည်း မသုံးရက် မစွဲရက် မဖြစ်တော့)

အနုပဟစ္စဒါန= မိမိသူတပါး မည်သူအားမျှ ဂုဏ်ပျက်ပြားအောင် အထိအခိုက်မရှိစေဘဲ လှူဒါန်းခြင်း။
(ဤဒါနကြောင့် ရေ မီး မင်း ခိုးသူ အမွေခံဆိုး ရန်သူမျိုးငါးပါးမှ လွတ်ကင်းသည်)


အံ၊ ၂၊ ၁၅၂။ အံ၊ ၃၊ ၅၃။

ပုညန္တရာယ် နှင့် ဓမ္မန္တရာယ်-

ပုညန္တရာယ် ဓမ္မန္တရာယ်-

ပုညန္တရာယ်
ဓမ္မန္တရာယ်

ဒါနကုသိုလ်ကိုလည်းကောင်း၊
ဒါနပြုသူကိုလည်းကောင်း ရှုတ်ချလျှင်
ပုညန္တရာယ်ငြိတတ်သည်။

သီလ သမာဓိ ပညာကုသိုလ်တို့ကိုလည်းကောင်း
အားထုတ်သူကိုလည်းကောင်း ရှုတ်ချလျှင်
ဓမ္မန္တရာယ်ငြိတတ်သည်။

နေ့စဉ် ပြောကြ ဆိုကြသမျှတို့၌ ဤအပြစ်မျိုး မရှိရလေအောင် သတိပြုရာ၏။

ပုညန္တရာယ်ငြိခဲ့လျှင်---
နောက်ဘ၀တို့၌ တန်ခိုးရှိန်စော် ဥစ္စာဓနတို့ကင်း၍ ဆင်းရဲတတ်သည်။

ဓမ္မန္တရာယ်ငြိခဲ့လျှင်---
နောက်ဘ၀တို့၌ သီလသိက္ခာ အလိမ္မာကင်း၍ ယုတ်ညံ့ခြင်းသာလျှ င်ဖြစ်တတ်သည်။

အလွန်ကြီးမားသော ၀စီကံများဖြစ်၍ သတိပြုရာ၏။

ကိုးကွယ်ရာမှားလျှင်-

ကိုးကွယ်ရာမှားလျှင်-

ကိုးကွယ်ရာ ဘုရားမှားလျှင် အလုံးစုံသော ကိုယ်ကျင့်တရားတို့ အကုန်မှားလိမ့်မည်။
ထိုအမှားမျိုး တစ်ချက်မှားမိလျှင်---
ဘ၀များစွာ သံသရာ၌ မိစ္ဆာဒိဋ္ဌိမှ မကျွတ်မလွတ်နိုင်တော့ဘဲ နစ်မွန်းနေရလိမ့်မည်။

ကိုးကွယ်ရာ ဘုရားမှန်၍ တရားမှန်ကို သိရခြင်းဖြင့်
သီလ၊ သမာဓိ၊ ပညာ၊ သီလ၀ိသုဒ္ဓိ အစရှိသော ၀ိသုဒ္ဓိခုနှစ်ပါး၊
သတိပဋ္ဌာန်အစရှိသော ဗောဓိပက္ခိယတရားတို့ကို တဆင့်တဆင့်သိမြင်နိုင်ကြမည်။
ထိုအခါ ဒိဋ္ဌိမှ ကျွတ်လွတ်၍ နိဗ္ဗာန်ချမ်းသာကို ရနိုင်ကြမည်။

အနိစ္စသုတ်-

မမြဲသော သဘောတရား၌ သင်သည် လိုချင်မှုကို ပယ်ရမည်ဟု-

အနိစ္စသုတ်-

ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏၊
အသျှင်ဘုရား တောင်းပန်ပါသည်
တပည့်တော်အား အကျဉ်းအားဖြင့် တရားဟောတော်မူပါ။
လုံ့လပြု၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သောစိတ်ရှိသည်ဖြစ်၍
နေလိုပါ၏ဟု လျှောက်၏။

ရဟန်း အကြင်သဘောတရားသည် မမြဲ၊
ထိုမမြဲသော သဘောတရား၌ သင်သည် လိုချင်မှုကို ပယ်ရမည်ဟု မိန့်တော်မူ၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား သိပါပြီ၊
ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား သိပါပြီဟုလျှောက်၏။

ရဟန်း ငါအကျဉ်းဟောအပ်သော စကား၏အကျယ်ဖြစ်သော အနက်ကို
သင်သည် အဘယ်သို့သိသနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား ရုပ်သည်မမြဲပါ၊
တပည့်တော်သည် ထိုမမြဲသောရုပ်၌ လိုချင်မှုကို ပယ်ရပါမည်။
အသျှင်ဘုရား ဝေဒနာသည်မမြဲပါ၊
တပည့်တော်သည် ထိုမမြဲသောဝေဒနာ၌ လိုချင်မှုကို ပယ်ရပါမည်။
အသျှင်ဘုရား သညာသည်မမြဲပါ၊
တပည့်တော်သည် ထိုမမြဲသောသညာ၌ လိုချင်မှုကို ပယ်ရပါမည်။
အသျှင်ဘုရား သင်္ခါရသည်မမြဲပါ၊
တပည့်တော်သည် ထိုမမြဲသောသင်္ခါရ၌ လိုချင်မှုကို ပယ်ရပါမည်။
အသျှင်ဘုရား ၀ိညာဏ်သည်မမြဲပါ၊
တပည့်တော်သည် ထိုမမြဲသောဝိညာဏ်၌ လိုချင်မှုကို ပယ်ရပါမည်။
အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရားအကျဉ်းဟောအပ်သော
စကား၏အကျယ်ဖြစ်သော အနက်ကို ဤသို့ သိပါ၏ဟုလျှောက်၏။

ရဟန်း ကောင်းပေစွ ကောင်းပေစွ ကောင်းပေစွ ---
သင်သည် ငါအကျဉ်းဟောအပ်သော စကား၏အကျယ်ဖြစ်သော အနက်ကို ကောင်းစွာသိပေ၏။

ရဟန်း ရုပ်သည်၊ ဝေဒနာသည်၊ သညာသည်၊ သင်္ခါရသည်၊ ၀ိညာဏ်သည်မမြဲ
ထိုမမြဲသောတရား၌ လိုချင်မှုကို ပယ်ရမည်။
ငါအကျဉ်းဟောအပ်သောစကား၏ အကျယ်ဖြစ်သော အနက်ကို ဤသို့မှတ်ရမည်။

ထိုရဟန်းသည် တရားတော်အတိုင်း ကျင့်ကြံအားထုတ်၍
ရဟန္တာတို့တွင် တစ်ပါးအပါအ၀င် ဖြစ်လေ၏။

ခန္ဓ၀ဂ္ဂသံယုတ်၊ အနိစ္စသုတ်၊ စာ-၆၀။

ဆင်းရဲကို မနှစ်သက်ကုန် ဆင်းရဲကို ကြောက်ကြပါမူ-

သင်တို့သည် ဆင်းရဲကို မနှစ်သက်ကုန် ဆင်းရဲကို ကြောက်ကြပါမူ-

ကုမာရကသုတ်

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်မှ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံကြွတော်မူ၏၊
လမ်းခရီးတစ်နေရာတွင် ငါးဖမ်းနေကြကုန်သော သူငယ်တို့ကိုမြင်၍၊
သူငယ်တို့ သင်တို့သည် ဆင်းရဲကို မနှစ်သက်ကြမူ၍ ဆင်းရဲမှကြောက်ကြကုန်၏လော၊

မှန်လှပါ အရှင်ဘုရား-
တပည့်တော်တို့သည် ဆင်းရဲကိုကြောက်ကြပါကုန်၏။

သင်တို့သည် ဆင်းရဲကို မနှစ်သက်ကုန် ဆင်းရဲကို ကြောက်ကြပါမူ၊
မျက်မှောက်၌ဖြစ်စေ မျက်ကွယ်၌ဖြစ်စေ၊
မကောင်းမှုကို မပြုကြပါကုန်လင့်၊
သင်တို့သည် ယုတ်မာသော မကောင်းမှုကံကို ယခုလည်းပြု
နောင်လည်းပြုမည်ဖြစ်ကြမူ ထွက်ပြေးတိမ်းရှောင်ကုန်သော်လည်း
သင်တို့အား ဆင်းရဲမှ လွတ်မြောက်မှုမရှိနိုင်ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဥဒါန်းပါဠိတော် မြန်မာပြန်၊ စာ-၁၂၃။

သင်္ကန်းကို လှူရခြင်း၏ အကျိုးဆက်ကြောင့်-

ငါသည် အ၀တ်သင်္ကန်းကို လှူရခြင်း၏ အကျိုးဆက်ကြောင့်-

ဥဒကပုဉ္ဆနာနိသံသ

မြတ်စွာဘုရားအား လည်းကောင်း၊
အမြတ်ဆုံးဖြစ်သော ဂိုဏ်းသံဃာအား လည်းကောင်း၊
ရေသုတ်ပုဆိုး(အ၀တ်သင်္ကန်း)တို့ကို ပေးလှူခဲ့ရသောကြောင့်
ငါသည် လျောက်ပတ်သော ဤအကျိုးငါးမျိုးကို ခံစားရပေ၏။

၁။ ရွှေအဆင်းနှင့်တူသော အဆင်းရှိ၏၊
၂။ မြူအညစ်အကြေးကင်း၏၊
၃။ ပြိုးပြိုးပြက်ပြက် အရောင်ထွက်၏၊
၎။တန်ခိုးကြီးမား၏၊
၅။ ငါ၏ကိုယ်သည် ပြေပြစ်၏၊ ငါသည် ဤအကျိုးတို့ကို ရရှိပေ၏။

ထေရာပဒါန်၊ ပထမ၊ စာ-၃၇၃။