နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, May 18, 2008

ဝိသာခါ သင်သည် အဘယ်သို့သော အကျိုးထူးကို ကောင်းစွာ မြင်၍
ငါ့အား ရှစ်ပါးသောဆုတို့ကို တောင်းသနည်း ဟု မေးတော်မူ၏။



(၁) အသျှင်ဘုရား အကျွန်ုပ်သည် ယခုအခါ ကျွန်မကို ““ဟယ် ကျွန်မ သွားချေ၊ အရံကျောင်းတော်သို့သွား၍ အသျှင်ဘုရား အချိန်တန်ပါပြီ၊ ဆွမ်းပြင်ပြီးပါပြီဟု (မြတ်စွာဘုရားအား) အချိန်တန်ကြောင်းကိုလျှောက်လေလော့”” ဟု စေလွှတ်လိုက်ပါသည်။ အသျှင်ဘုရား ထိုအခါ ကျွန်မသည် အရံကျောင်းတော်သို့ သွားသည်ရှိသော် သင်္ကန်းကို ချထားကုန်လျက် ကိုယ်ကို မိုးရေခံနေကုန်သော ရဟန်းတို့ကို မြင်၍““အရံကျောင်းတော်၌ ရဟန်းတို့ မရှိကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေကုန်၏”” ဟု (မှတ်ထင်ကာ) အကျွန်ုပ်ထံသို့ လာပြီးလျှင် အကျွန်ုပ်ကို ““အရှင်မ အရံကျောင်းတော်၌ ရဟန်းတို့ မရှိပါကုန်၊ အာဇီဝကတို့သည် ကိုယ်ကို မိုးရေခံကာ နေပါကုန်၏”” ဟု ပြောကြားပါသည်။


(၂) အသျှင်ဘုရား အ၀တ်မဆီးအချည်းနှီး နေခြင်းသည် မစင်ကြယ်ပါ၊ စက်ဆုပ်ဖွယ် ရွံ့ရှာဖွယ်ဖြစ်ပါသည်။ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကိုကောင်းစွာ မြင်သည်ဖြစ်၍ သံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်းကို လှူလိုပါ၏။


(၃) အသျှင်ဘုရား ထို့ပြင်လည်း ဧည့်သည်အာဂန္တုဖြစ်သော ရဟန်းသည် ခရီးကို မကျွမ်းကျင်သည်ဖြစ်၍ ဆွမ်းခံအပ်, မခံအပ်သော အိမ်ကို မသိသဖြင့် ပင်ပန်းစွာ ဆွမ်းခံရပါ၏၊ ထိုဧည့်သည် အာဂန္တုရဟန်းသည် အကျွန်ုပ်၏ အာဂန္တုတို့အား လှူသော ဆွမ်းကို စားပြီးမှ ခရီးကို သိသည်ဖြစ်၍ ဆွမ်းခံအပ်, မခံအပ်သော အိမ်ကို သိသဖြင့် မပင်ပန်းဘဲ ဆွမ်းခံရပါလိမ့်မည်၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး ဧည့်သည် အာဂန္တုရဟန်းသံဃာအား ဆွမ်းလှူရန် အလိုရှိပါသည်။


(၄) အသျှင်ဘုရား ထို့ပြင်လည်း ခရီးသွားရဟန်းသည် မိမိဆွမ်းကို ရှာရသည်ရှိသော် အဖော်ကုန်သည်မှလည်း ကျန်ရစ်ပါလိမ့်မည်၊ သွားလိုသောကျောင်းသို့ အချိန်အခါမဲ့၌ ရောက်ပါလိမ့်မည်၊ ပင်ပန်းစွာခရီးရှည် သွားရပါလိမ့်မည်။ ထိုရဟန်းသည် အကျွန်ုပ်၏ ခရီးသွားရဟန်းတို့အား လှူသော ဆွမ်းကိုစားပြီးမှ သွားရသော် အဖော်ကုန်သည်မှ မကျန်ဘဲရှိပါလိမ့်မည်၊ သွားလိုသောကျောင်းသို့ အချိန်အခါ၌ ရောက်ပါလိမ့်မည်၊ မပင်ပန်းဘဲ ခရီးရှည် သွားနိုင်ပါလိမ့်မည်၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး ခရီးသွားရဟန်းသံဃာအား ဆွမ်းလှူရန် အလိုရှိပါသည်။


(၅) အသျှင်ဘုရား ထို့ပြင်လည်း နာဖျားသော ရဟန်းအား လျောက်ပတ်သော ဘောဇဉ်တို့ကို မရခြင်းကြောင့် အနာသော်လည်း တိုးပွားပါလိမ့်မည်၊ သေခြင်းသော်လည်း ဖြစ်ပါလိမ့်မည်။ အကျွန်ုပ်၏သူနာ ရဟန်းတို့အား လှူသောဆွမ်းကို စားရသော ထိုရဟန်းအား အနာသည် မတိုးပွါးလတ္တံ့ သေခြင်းသည်လည်း မဖြစ်လတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး သူနာရဟန်းသံဃာအား ဆွမ်းကို လှူရန် အလိုရှိပါသည်။


(၆) အသျှင်ဘုရား ထို့ပြင်လည်း သူနာပြုရဟန်းသည် မိမိဆွမ်းကို ရှာရသည်ရှိသော် နာဖျားသောရဟန်း၏ ဆွမ်းကို နေမြင့်မှ ဆောင်ရလတ္တံ့၊ ဆွမ်းငတ်ပြတ်လတ္တံ့၊ ထိုသူနာပြုရဟန်းသည် အကျွန်ုပ်၏ သူနာပြုရဟန်းတို့အား လှူသော ဆွမ်းကို စားရသော် နာဖျားသော ရဟန်း၏ ဆွမ်းကို စောစောဆောင်နိုင်ပါလတ္တံ့၊ ဆွမ်းငတ်ပြတ်ခြင်း မဖြစ်ပါလတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာမြင်သည် ဖြစ်၍ အသက်ထက်ဆုံး သူနာပြုရဟန်းသံဃာအား ဆွမ်းကို လှူရန် အလိုရှိပါသည်။


(၇) အသျှင်ဘုရား ထို့ပြင်လည်း နာဖျားသော ရဟန်းအား လျောက်ပတ်သော ဆေးတို့ကို မရခြင်းကြောင့် အနာသော်လည်း တိုးပွါးပါလတ္တံ့၊ သေခြင်းသော်လည်း ဖြစ်ပါလတ္တံ့၊ အကျွန်ုပ်၏ သူနာတို့အားလှူသော ဆေးကို စားရသော ထိုရဟန်းအား အနာသည်လည်း မတိုးပွါးပါလတ္တံ့၊ သေခြင်းသည်လည်း မဖြစ်ပါလတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည်ဖြစ်၍ အသက်ထက်ဆုံး သူနာရဟန်းသံဃာအား ဆေးလှူရန် အလိုရှိပါသည်။


(၈) အသျှင်ဘုရား ထို့ပြင်လည်း မြတ်စွာဘုရားသည် အန္ဓက၀ိန္ဒရွာ၌ ဆယ်ပါးသော အကျိုးတို့ကို
မြင်တော်မူသဖြင့် ယာဂုကို ခွင့်ပြုတော်မူ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ထိုဆယ်ပါးသော အကျိုးတို့ကို ကောင်းစွာ မြင်သည်ဖြစ်၍ သံဃာတော်အား အသက်ထက်ဆုံး အမြဲယာဂုလှူရန် အလိုရှိပါ၏။


အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းမိန်းမတို့သည် အစီရ၀တီမြစ်၌ ပြည့်တန်ဆာမတို့နှင့် အတူ အ၀တ်မဆီး အချည်းအနှီးဖြင့် တစ်ခုတည်းသော ရေဆိပ်၌ ရေချိုးကုန်၏၊ အသျှင်ဘုရား ထိုပြည့်တန်ဆာမတို့သည် ရဟန်းမိန်းမတို့ကို ““အသျှင်မတို့ ငယ်ကုန်သော သင်တို့သည် အဘယ့်ကြောင့် အကျင့်ကို ကျင့်ကုန်သနည်း၊ ကာမဂုဏ်တို့ကို ခံစားသင့်သေးသည် မဟုတ်ကုန်လော၊ အိုမင်းသောအခါ၌ ကျင့်ကုန်လော့၊ ဤသို့ ကျင့်သည်ရှိသော် သင်တို့အား နှစ်ပါးသော အကျိုးတို့ကို ယူအပ်သည် ဖြစ်ကုန်လတ္တံ့”” ဟု ပြက်ရယ်ဆိုပါ၏။


အသျှင်ဘုရား ထိုရဟန်းမိန်းမတို့သည် ပြည့်တန်ဆာမတို့က ပြက်ရယ်ပြုအပ်ကုန်သည် ဖြစ်၍ မျက်နှာမသာယာ ဖြစ်ရပါကုန်သည်၊ အသျှင်ဘုရား မိန်းမအား အ၀တ်မဆီးအချည်းနှီး နေခြင်းသည် မစင်ကြယ်ပါ၊ စက်ဆုပ် ရွံရှာဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးကို ကောင်းစွာ မြင်သည် ဖြစ်၍ ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး ရေသနုပ်လှူရန် အလိုရှိပါသည် ဟု လျှောက်၏။


ဝိသာခါ သင်သည် အဘယ်အာနိသင်ကို ကောင်းစွာ မြင်သည်ဖြစ်၍ ငါ့အား ရှစ်ပါးသောဆုတို့ကို တောင်းသနည်း ဟု မေးတော်မူ၏။


အသျှင်ဘုရား ဤသာသနာတော်၌ ၀ါမှကျွတ်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ဖူးမြော်ရန် သာဝတ်္ထိပြည်သို့ လာကုန်လတ္တံ့၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ““အသျှင်ဘုရား ဤမည်သော ရဟန်းကား သေပါပြီ၊ ထိုရဟန်း၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်၌ ဖြစ်ခြင်းကား အဘယ်ပါနည်း (အကျွတ်တရားရခြင်းကား အဘယ်နည်း)”” ဟု မေးကုန်လတ္တံ့။ မြတ်စွာဘုရားသည် ထိုကွယ်လွန်ခဲ့သော ရဟန်းကိုသောတာပတ်္တိဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း၊ သကဒါဂါမိဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း၊ အနာဂါမိဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း၊ အရဟတ္တဖိုလ်သို့ ရောက်၏ ဟူ၍သော် လည်းကောင်း ဟောကြားတော်မူလတ္တံ့။


အကျွန်ုပ်သည် ထိုရဟန်းတို့ထံ ချဉ်းကပ်ပြီးလျှင် ““အသျှင်ဘုရားတို့ ထိုအသျှင်သည် သာဝတ်္ထိပြည်သို့ လာဖူးပါသလော”” ဟု မေးအံ့။


ထိုရဟန်းသည် ““သာဝတ်္ထိပြည်သို့ လာဖူး၏”” ဟု အကျွန်ုပ်အား အကယ်၍ ပြောဆိုကုန်ငြားအံ့၊ ဤသို့ဆိုသောအခါ၌ ဧကန်မုချ ထိုအသျှင်သည် ငါ၏ မိုးရေခံသင်္ကန်းကိုသော်လည်း သုံးဆောင်ဖူး၏၊ ဧည့်သည်တို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ ခရီးသွားတို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ သူနာတို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ သူနာပြု ရဟန်းတို့အား လှူသော ဆွမ်းကိုသော် လည်းကောင်း၊ နာဖျားသော ရဟန်းတို့အား လှူသော ဆေးကိုသော် လည်းကောင်း၊ အမြဲလှူသော ယာဂုကိုသော် လည်းကောင်း သုံးဆောင်ဖူး၏”” ဟု ဆုံးဖြတ်ခြင်းသို့ရောက်ပါအံ့။


ထိုသုံးဆောင်ဖူးသော ရဟန်းကို အောက်မေ့သော အကျွန်ုပ်အား ၀မ်းမြောက်ခြင်း ဖြစ်လတ္တံ့၊ ၀မ်းမြောက်သော အကျွန်ုပ်အား နှစ်သက်ခြင်း ဖြစ်လတ္တံ့၊ နှစ်သက်သော စိတ်ရှိသော အကျွန်ုပ်၏ ကိုယ်သည် ငြိမ်းအေးလတ္တံ့၊ ငြိမ်းအေးသော ကိုယ်ရှိသော အကျွန်ုပ်သည် ချမ်းသာကို ခံစားရလတ္တံ့၊ ချမ်းသာသော အကျွန်ုပ်၏ စိတ်သည် တည်ကြည်လတ္တံ့၊ ထိုတည်ကြည်ခြင်းသည် အကျွန်ုပ်အား ဣနြေ္ဒကို ပွါးစေခြင်း ဗိုလ်ကို ပွါးစေခြင်း ဗောဇ္ဈင်ကို ပွါးစေခြင်း ဖြစ်လတ္တံ့၊ အသျှင်ဘုရား အကျွန်ုပ်သည် ဤအကျိုးအာနိသင် ကို ကောင်းစွာ မြင်သည် ဖြစ်၍ မြတ်စွာဘုရားအား ရှစ်ပါးသော ဆုတို့ကို တောင်းပါသည် ဟု လျှောက်၏။


ဝိသာခါ ကောင်းပေစွ၊ ကောင်းပေစွ။ ၀ိသာခါ သင်သည် ဤအကျိုးအာနိသင်ကို ကောင်းစွာမြင်သည် ဖြစ်၍ ငါ့အား ရှစ်ပါးသော ဆုတို့ကို တောင်းသည်မှာ ကောင်းပေစွ၊ ၀ိသာခါ သင့်အား ရှစ်ပါးသော ဆုတို့ကို ခွင့်ပြု၏ ဟု မိန့်တော်မူ၏။


ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုတော်မူ၏။


ဝိသာခါ ငါ၏ အကြင်တပည့်မသည် ဆွမ်း အဖျော်အလှူကို လှူ၏၊ လွန်စွာ ၀မ်းမြောက်၏၊ အကျင့်သီလနှင့် ပြည့်စုံ၏။ ၀န်တိုခြင်းကို နှိပ်စက်လျက် နတ်ပြည်၏ အကြောင်း ဖြစ်သော၊ စိုးရိမ်ခြင်းကို ပယ်တတ်သော၊ ချမ်းသာကို ဆောင်တတ်သော အလှူကို ပေးလှူ တတ်၏။ ထိုတပည့်မသည် ကိလေသာမြူကင်းသော၊ အပါယ်သို့လားစေတတ်သည့် ကိလေသာလည်း မရှိသော အရိယာမဂ်သို့ ရောက်၍ နတ်၌ ဖြစ်သော အသက်ရှည်ခြင်းကို ရ၏။ ကောင်းမှုကို အလိုရှိသော၊ ချမ်းသာခြင်းနှင့် ပြည့်စုံသော၊ နာဖျားခြင်းမရှိသော ထိုတပည့်မသည် နတ်ပြည်၌ ကြာမြင့်စွာ မွေ့လျော်ရ၏ဟု အနုမောဒနာပြုတော်မူ၏။
ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ၀ိသာခါကို ဤဂါထာတို့ဖြင့် အနုမောဒနာ ပြုပြီးလျှင် နေရာမှ ထကာ ဖဲကြွတော်မူ၏။


ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ရဟန်းတို့ မိုးရေခံသင်္ကန်းကို လည်းကောင်း ဧည့်သည်တို့အား လှူသော ဆွမ်းကို လည်းကောင်း၊ ခရီးသွားတို့အား လှူသော ဆွမ်းကိုလည်းကောင်း၊ သူနာရဟန်းအား လှူသော ဆွမ်းကို လည်းကောင်း၊ သူနာပြုရဟန်းအား လှူသော ဆွမ်းကို လည်းကောင်း၊ သူနာအား လှူသော ဆေးကို လည်းကောင်း၊ အမြဲလှူသော ယာဂုကို လည်းကောင်း၊ ဘိက္ခုနီ သံဃာအား ရေသနုပ်ကို လည်းကောင်း ခွင့်ပြု၏ဟု မိန့်တော်မူ၏။


ဝိသာခါအခန်း ပြီး၏။


မဟာဝဂ်ပါဠိတော်၊ စီဝရက္ခန္ဓက ၂၁၉ - ၀ိသာခါဝတ္ထု။

No comments: