နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, July 23, 2008

ဗေဒင် နက္ခတ်ကို ယုံကြည်လွန်းက အကျိုးပျက်စီးတတ်ကြောင်း-

နက္ခတ္တဇာတ်

ဗေဒင် နက္ခတ်ကို ယုံကြည်လွန်းက အကျိုးပျက်စီးတတ်ကြောင်း

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တစ်ယောက် သော အာဇီဝက တက္ကတွန်းကို အကြောင်းပြု၍ ဤဇာတ်တော်ကို ဟောတော် မူ၏။

သာဝတ္ထိပြည်သူ အမျိုးသမီး တစ်ယောက်ကို ဇနပုဒ်(ရွာ)သား တစ်ယောက်သည် မိမိသားနှင့် လက်ထပ်ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်း၍ နေ့ရက်သတ်မှတ်ထား ပါသည်။

ထိုနေ့ရောက်သည့်အခါ မိမိကိုးကွယ်သည့် အာဇီဝကထံသွား၍ မိမိသားအတွက် ယနေ့ထိမ်းမြား မင်္ဂလာပြုမည် ဖြစ်သောကြောင့် နက္ခတ်ကောင်း မကောင်း မေးမြန်း၏။ ဆရာဖြစ်သူဇီဝက-က ငါ့ကို အရင်မမေးဘဲ ရက်သတ်မှတ်ပြီးမှ လာမေးတယ်၊ သူတို့မင်္ဂလာပွဲ ပျက်အောင်ဖျက်မယ်ဟု ကြံစည်၍၊ ဒီနေ့ နက္ခတ်မကောင်းဘူး၊ လက်ထပ်ပွဲမလုပ်ကြနဲ့၊ လုပ်လျှင် အကြီးအကြယ် ပျက်စီး ကြမယ်ဟု ဟောလိုက်လေသည်။

သတို့သားမိဘတို့သည်လည် ဆရာဇီဝက၏ စကားကိုယုံကြည်၍ သတ်မှတ်ထား သော နေ့ရက်၌ မသွားဘဲနေကြ၏၊ သတို့သမီးမိဘတို့သည်လည်း မင်္ဂလာပွဲ ပြုလုပ်ရန် အခမ်းအနားကို အသင့်စီစဉ်ပြီး စောင့်ဆိုင်းနေလေရာ၊ သတို့သား မရောက်လာသဖြင့် သာဝတ္ထိတွင်ရှိသော သမီးကိုနှစ်သက်နေသူ တစ်ဦးနှင့် ထိမ်းမြားလက်ထပ် ပေးလိုက်ကြပါသည်။ နောက်တစ်နေ့ ဇနပုဒ်သားတို့လာ၍ အမျိုးသမီးကိုတောင်းကြရာ၊ သာဝတ္ထိပြည်သားတို့နှင့် ရန်ဖြစ်ကာ သတို့သမီးကို မရရှာဘဲ ပြန်သွားကြရပါသည်။

အာဇီဝက၏ နက္ခတ်မကောင်း ဆိုသောစကားကြောင့် မလာရပါဟု ပြောသော စကား ကြားသောအခါ မြို့သားပညာရှိတစ်ဦးက အောက်ပါဂါထာကို ရွတ်ဆိုလေ သည်။

နက္ခတ္တံ ပဋိမာနေန္တံ၊ အတ္ထော ဗာလံ ဥပစ္စဂါ။
အတ္ထော အတ္ထဿ နက္ခတ္တံ၊ ကိံ ကရိဿန္တိ တာရကာ။

နက္ခတ်ကို ယုံကြည်နေသော သူမိုက်ကို ဇနီးမယားရခြင်းဟူသော အကျိုးစီပွါး သည် ကျော်လွန်၍သွား၏။ အကျိုးစီးပွါးကို ရခြင်းသည်သာနက္ခတ်ကောင်းမည်၏။ ကောင်းကင်က ကြယ်တာယာ နက္ခတ်တို့သည် အဘယ်မည်သော အကျိုး စီးပွါးကို ပြုနိုင်ကုန်အံ့နည်း။


ဇာတကပါဠိတော်၊ အတ္တကာမ၀ဂ်၊ နက္ခတ္တဇာတ်။