နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, July 1, 2008

နိဗ္ဗာန်လမ်းပြ ကမ္မဋ္ဌာန်းသံပေါက်လင်္ကာ-

နိဗ္ဗာန်လမ်းပြ သြဝါဒ မရဏာနုဿတိ ကမ္မဋ္ဌာန်းသံပေါက်လင်္ကာ

ရတနာသုံး၊ အမြတ်ဆုံး၊ ဦးလုံးထိပ်ပန်ပြီ။
မရဏာနုဿတိ၊ အောက်မေ့ဘိ၊ သတိပြုသင့်ပြီ။
သေမင်းတမန်၊ မတ်နှစ်တန်၊ ခေါ်ရန်ဆိုက်လေပြီ။
သေမင်းအကြိုက်၊ တမန်မိုက်၊ ထုရိုက်နှိပ်စက်ပြီ။
တစ်နေ့တစ်ခြား၊ ရုပ်နာမ်ကား၊ ရင့်သွားဆိုက်လေပြီ။
ရုပ်နာမ်ချို့မူ၊ မျောက်အိုတူ၊ ကိုယ်မူချို့ယွင်းပြီ။
ချို့ယွင်းစလျှင်၊ မကြာခင်၊ အလျင်သေမင်း ခေါ်လိမ့်မည်။
သေမင်းမခေါ်ခင်၊ မဂ်ဖိုလ်ပင်၊ လျင်မြန် ရောက်အောင်ခဲသင့်ပြီ။
မဂ်ဖိုလ်ရမှ၊ နိဗ္ဗာန၊ နိစ္စအေးလိမ့်မည်။
ဥစ္စာပေါများ၊ သူဋ္ဌေးကား၊ များစွာသေလေပြီ။
ဥစ္စာနည်းပါး၊ ငါ့မှာကား၊ ခုလား သေမည်မသိပြီ။
ဝါသုဝေဒ၊ အားကြီးလှ၊ သေရရှာလေပြီ။
အားခွန်နည်းပါး၊ ငါ့မှာကား၊ ခုလား သေမည်မသိပြီ။
ရောဂါကင်းရာ၊ ဗာကုလာ၊ ခေမာနိဗ္ဗာန် စံလေပြီ။
ရောဂါလွန်များ၊ ငါ့မှာကား၊ ခုလား သေမည်မသိပြီ။
တန်ခိုးပြင်းထန်၊ မောဂ္ဂလာန်၊ ခေမာနိဗ္ဗာန် စံလေပြီ။
တန်ခိုးနည်းပါး၊ ငါ့မှာကား၊ ခုလား သေမည်မသိပြီ။
ပညာကြီးစွာ၊ သာရိပုတ္တရာ၊ ခေမာနိဗ္ဗာန် စံလေပြီ။
ပညာနည်းပါး၊ ငါ့မှာကား၊ ခုလား သေမည်မသိပြီ။
သီလဂုဏ်ကြီးရာ၊ ပစ္စေကာ၊ ခေမာနိဗ္ဗာန် စံလေပြီ။
သီလဂုဏ်နည်းပါး၊ ငါ့မှာကား၊ ခုလား သေမည်မသိပြီ။
ခပ်သိမ်းဥဿုံ၊ ပြည့်စုံတော်မူ၊ သဗ္ဗညူ၊ နိဗ္ဗူစံလေပြီ။
လုံစုံနည်းပါး၊ ငါ့မှာကား၊ ခုလား သေမည်မသိပြီ။
ငါနှင့်ရွယ်တူ၊ ငါ့အောက်လူ၊ ကြီးသူသေခြင်း များလှပြီ။
ဖြစ်ခြင်း ပျက်ခြင်း၊ လျင်မြန်ပြင်း၊ သေခြင်း ငါလည်း နီးလှပြီ။
မရဏဘေးကြီး၊ အလွန်နီး၊ ခုလည်းသေမည် မသိပြီ။
ခုမသေခင်၊ မဂ်ဖိုလ်ပင်၊ လျင်မြန်ရောက်အောင် အားထုတ်မည်။
မဂ်ဖိုလ်ရမှ နိဗ္ဗာန၊ နိစ္စချမ်းသာမည်။