နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, August 26, 2008

သုစိမုခီသုတ်- ဗေဒင်-ယတြာ-လက္ခဏာ...

သုစိမုခီသုတ်-

အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာ ကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင် သာရိပုတြာသည် နံနက်အချိန် သင်းပိုင်ကိုပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်ပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါ ၀င်လေ၏၊

ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်ပြီးသော် ဇရပ်နံရံတစ်ခုကိုမှီကာ ထိုဆွမ်းကို ဘုဉ်းပေးတော်မူ၏၊

ထိုအခါ တခြားဘာသာအယူရှိသော သုစိမုခီအမည်ရှိ ပရိဗိုဇ်မသည် အသျှင်သာရိ ပုတြာထံသို့ ချဉ်းကပ်၍- ဤစကားကို လျှောက်၏-

* * အသျှင်ရဟန်း အောက်သို့ ငုံ့၍ စားပါသလော၊
* * နှမ ငါသည် အောက်သို့ ငုံ့၍ မစားပါ။
* * အသျှင်ရဟန်း သို့ဖြစ်လျှင် အထက်သို့ မော့၍ စားပါသလော၊
* * နှမ ငါသည် အထက်သို့ မော့၍ မစားပါ။
* * အသျှင်ရဟန်း သို့ဖြစ်လျှင် အရပ် လေးမျက်နှာသို့ လှည့်၍ စားပါသလော၊
* * နှမ ငါသည် အရပ် လေးမျက်နှာသို့ လှည့်၍ မစားပါ။
* * အသျှင်ရဟန်း သို့ဖြစ်လျှင် အထောင့် အရပ်လေးမျက်နှာသို့ လှည့်၍
စားပါသလော၊
* * နှမ ငါသည် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍မစားပါဟု မိန့်တော်မူ၏။

"တန်ဖိုးရှိပါတယ် အချိန်လေး ၂-မိနစ်လောက်ပေးပြီး ဆက်စေချင်ပါတယ်"

အသျှင်ရဟန်း အောက်သို့ ငုံ့၍ စားပါသလော ဟု ဤသို့ မေးလတ်သော်၊ နှမ ငါသည် အောက်သို့ငုံ့၍ မစားပါ ဟု ဆို၏။ အသျှင်ရဟန်း သို့ဖြစ်လျှင် အထက်သို့ မော့၍ စားပါသလော ဟု ဤသို့မေးသော်၊ နှမ ငါသည် အထက်သို့ မော့၍ မစားပါ ဟု ဆို၏။ အသျှင်ရဟန်း သို့ဖြစ်လျှင် အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော ဟု ဤသို့ မေးသော်၊ နှမ ငါသည် အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ ဟု ဆို၏။ အသျှင်ရဟန်း သို့ဖြစ်လျှင် အထောင့် အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော ဟု ဤသို့မေးသော်၊ နှမ ငါသည် အထောင့် အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ ဟုဆို၏။
အသျှင်ရဟန်း သို့ဖြစ်လျှင် အဘယ်သို့ စားပါသနည်းဟု လျှောက်၏။

နှမ မြေကြန်အတတ် ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက်မွေးကြသော သမဏဗြာဟ္မဏ အားလုံးတို့ကို အောက်သို့ ငုံ့၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

နက္ခတ်အတတ် ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အထက်သို့ မော့၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

တမန်မှု အစေအပါးအမှုဖြင့် သွားခြင်းကို အားထုတ်ခြင်းဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက်မွေးကြသော သမဏဗြာဟ္မဏ အားလုံးတို့ကို အရပ်လေး မျက်နှာသို့ လှည့်၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

အင်္ဂ၀ိဇ္ဇာအတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက်မွေး ခြင်းဖြင့် အသက်မွေးကြသော သမဏဗြာဟ္မဏအားလုံးတို့ကို အထောင့်အရပ် လေးမျက်နှာသို့ လှည့်၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

နှမ ငါကား
မြေကြန်အတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက် မမွေး။
နက္ခတ်အတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက် မမွေး။
တမန်မှု အစေအပါး အမှုဖြင့် သွားခြင်းကို အားထုတ်ခြင်းဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက်မမွေး။
အင်္ဂ၀ိဇ္ဇာ အတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက် မမွေး။
တရားသဖြင့် ဆွမ်းကို ရှာ၏၊ တရားသဖြင့် ဆွမ်းရှာ၍ စား၏ဟု မိန့်ဆို၏။
ထိုအခါ သုစိမုခီပရိဗိုဇ်မသည် ရာဇဂြိုဟ်ပြည်ဝယ် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်ပြီးလျှင် ((သာကီဝင်မင်းသား ဘုရား သားတော် ရဟန်းတို့သည် တရားနှင့်လျော်စွာ အစာကိုစားကုန်၏၊ သာကီဝင် မင်းသား ဘုရားသားတော် ရဟန်းတို့သည် အပြစ် မရှိသောအားဖြင့် အစာကို စားကုန်၏၊ သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့အား ဆွမ်းလှူကြ ကုန်လော့}} ဟု ဤသို့ ပြောကြားလေ၏။

၁၀ - သုစိမုခီသုတ်၊ သာရိပုတ္တသံယုတ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။