နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, August 13, 2008

အာသာဒုပ္ပဇ၀ဂ်-မှ-

အာသာဒုပ္ပဇ၀ဂ်-မှ-

ရဟန်းတို့ စွန့်နိုင်ခဲကုန်သော တပ်မက်ခြင်း {အာသာ} နှစ်မျိုးရှိ၏-
၁။ လာဘ်ကို တပ်မက်ခြင်း {အာသာ}
၂။ အသက်ကို တပ်မက်ခြင်း {အာသာ} တို့ပေတည်း။
ရဟန်းတို့ စွန့်နိုင်ခဲကုန်သော တပ်မက်ခြင်းတို့သည် ဤနှစ်မျိုးတို့ ပေတည်း ဟု (မိန့်တော်မူ၏)။ (၁)

ရဟန်းတို့ လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ် နှစ်မျိုးရှိ၏-
၁။ ရှေးဦးစွာ ကျေးဇူးပြု တတ်သော ပုဂ္ဂိုလ်။ ၁==
၂။ ပြုဖူးသော ကျေးဇူးကိုသိ၍ ကျေးဇူးတုံ့ ပြုတတ်သော ပုဂ္ဂိုလ်တို့ပေတည်း။၂==
ရဟန်းတို့ လောက၌ ရနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၂)

ရဟန်းတို့ လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ် နှစ်မျိုးရှိ၏-
၁။ ရောင့်ရဲသော ပုဂ္ဂိုလ်။ ၃==
၂။ ရောင့်ရဲစေတတ်သော ပုဂ္ဂိုလ်တို့ပေတည်း။ ၄==
ရဟန်းတို့ လောက၌ ရနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုး တို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၃)

ရဟန်းတို့ ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ် နှစ်မျိုးရှိ၏-
၁။ ရတိုင်း ရတိုင်းသော ပစ္စည်းကို မသုံးမစား သိမ်းဆည်း၍ထားသောသူ။
၂။ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်၍ ချည်းပစ်သော ပုဂ္ဂိုလ်တို့ပေတည်း။ ရဟန်းတို့ ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုး တို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၄)

ရဟန်းတို့ ရောင့်ရဲလွယ် စေနိုင်သော ပုဂ္ဂိုလ် နှစ်မျိုးရှိ၏-
၁။ ရတိုင်း ရတိုင်းသော ပစ္စည်းကို သိမ်းဆည်း၍ ချည်းမထားသော ပုဂ္ဂိုလ်။
၂။ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်၍ ချည်းမပစ်သော ပုဂ္ဂိုလ်တို့ပေတည်း။ ရဟန်းတို့ ရောင့်ရဲလွယ်စေနိုင်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၅)

ရဟန်းတို့ ရာဂ ဖြစ်ပေါ်ရန် အကြောင်းတို့သည် နှစ်မျိုးရှိ၏-
၁။ တင့်တယ်သော ဣဋ္ဌာရုံ လည်းကောင်း၊
၂။ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း လည်းကောင်း။
ရဟန်းတို့ ရာဂ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၆)

ရဟန်းတို့ ဒေါသ ဖြစ်ပေါ်ရန် အကြောင်းတို့သည် နှစ်မျိုးရှိ၏-
၁။ ဒေါသ ဖြစ်ကြောင်း အနိဋ္ဌာရုံ လည်းကောင်း၊
၂။ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း လည်းကောင်းတို့တည်း။ ရဟန်းတို့ ဒေါသ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၇)

ရဟန်းတို့ မိစ္ဆာဒိဋ္ဌိ ဖြစ်ပေါ်ရန် အကြောင်းတို့သည် နှစ်မျိုးရှိ၏-
၁။ တစ်ပါးသူထံမှ မသူတော် တရားသံကို ကြားနာရခြင်း လည်းကောင်း၊
၂။ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း လည်းကောင်း။
ရဟန်းတို့ မိစ္ဆာဒိဋ္ဌိ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၈)

ရဟန်းတို့ သမ္မာဒိဋ္ဌိ ဖြစ်ပေါ်ရန် အကြောင်းတို့သည် နှစ်မျိုးရှိ၏-
၁။ တစ်ပါးသူထံမှ သူတော်ကောင်း တရားသံကို ကြားနာရခြင်း လည်းကောင်း၊
၂။ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း လည်းကောင်း တို့တည်း။ ရဟန်းတို့ သမ္မာဒိဋ္ဌိ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၉)

ရဟန်းတို့ အာပတ်တို့သည် နှစ်မျိုးရှိ၏-
၁။ ပေါ့သော လဟုကအာပတ် လည်းကောင်း၊
၂။ လေးသော ဂရုကအာပတ် လည်းကောင်း တို့တည်း။
ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၁၀)

ရဟန်းတို့ အာပတ်တို့သည် နှစ်မျိုးရှိ၏-
၁။ ရုန့်ရင်းသော {ဒုဋ္ဌုလ} အာပတ် လည်းကောင်း၊
၂။ မရုန့်ရင်းသော {အဒုဋ္ဌုလ} အာပတ် လည်းကောင်း တို့တည်း။
ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၁၁)

ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။
၁။ ကုစားရန် အကြွင်းရှိသော {သာဝသေသ} အာပတ် လည်းကောင်း၊
၂။ ကုစားရန် အကြွင်းမရှိသော{အနာဝသေသ} အာပတ် လည်းကောင်းတို့တည်း။
ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း ဟု (မိန့်တော်မူ၏)။ (၁၂)

ရှေးဦးစွာသော အာသာဒုပ္ပဇဟ၀ဂ် ပြီး၏။
အာသာဒုပ္ပဇ၀ဂ်၊ တတိယပဏ္ဏာသက၊ အင်္ဂုတ္တိုရ်။

၁။ ပုဗ္ဗကာရီ ပုဂ္ဂိုလ်။
၂။ ကတညုတ ကတဝေဒီပုဂ္ဂိုလ်။
၃။ တရား အထွတ်အထိပ်သို့ ရောက်၍
နှလုံး အလိုပြည့်သဖြင့် နှစ်သိမ့်ကျေနပ်သော ရဟန္တာနှင့် ပစ္စေကဗုဒ္ဓါ။

၎။ တရား အထွတ်အထိပ်သို့ ရောက်၍
နှလုံး အလိုပြည့်သဖြင့် မိမိလည်း နှစ်သိမ့်ကျေနပ်၍ ဝေနေယျ အများကိုလည်း
နှစ်သိမ့်ကျေနပ်စေသော သဗ္ဗညုမြတ်စွာဘုရား။