နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, September 1, 2008

ဓာတုဘာဇနီယကထာ (ဓာတ်တော်ခွဲဝေခန်း)


ဓာတုဘာဇနီယကထာ (ဓာတ်တော်ခွဲဝေခန်း)

၁။ မဟာဂေါတမဘုရားမြတ်သည် ကုသိနာရုံမြို့၌ ပရိနိဗ္ဗာန် ပြုတော်မူ၏၊ (ထိုမြတ်စွာဘုရား၏) ဓာတ်တော်သည် ထိုထိုအရပ်တို့၌ ပျံ့နှံ့လျက် ရှိလေ၏။

၂။ အဇာတသတ်မင်း၏ နိုင်ငံ၌ ဓာတုစေတီတစ်ဆူ လည်းကောင်း၊ ဝေသာလီမြို့၌ ဓာတုစေတီတစ်ဆူ လည်းကောင်း၊ ကပိလ၀တ်မြို့၌ ဓာတုစေတီတစ်ဆူ လည်း ကောင်း၊ အလ္လကပ္ပတိုင်း၌ ဓာတုစေတီတစ်ဆူ လည်းကောင်း -

၃။ ရာမရွာ၌ ဓာတုစေတီတစ်ဆူ လည်းကောင်း၊ ဝေဋ္ဌဒီပကတိုင်း၌ ဓာတုစေတီ တစ်ဆူ လည်းကောင်း၊ မလ္လတိုင်း ပါဝေယျကမြို့၌ ဓာတုစေတီတစ်ဆူ လည်း ကောင်း၊ ကုသိနာရုံမြို့၌ ဓာတုစေတီတစ်ဆူ လည်းကောင်း ဤသို့ ထိုမြတ်စွာ ဘုရား၏ ဓာတ်တော်သည် ထိုထိုအရပ် တို့၌ ပျံ့နှံ့လျက် ရှိလေ၏။

၎။ ဒေါဏအမည်ရှိသော ပုဏ္ဏားသည် (ဓာတ်တော်ခြင်) အိုးကို စေတီ (ပုထိုး) တည်ထားလေ၏၊
မောရိယမြို့သူ မြို့သားတို့သည် နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ စန္ဒကူး မီးသွေးစေတီ (ပုထိုး) ကို တည်ထားပြုကုန်၏။

၅။ ထိုအခါ၌ပင် သာရီရိကစေတီ (ပုထိုး) ရှစ်ဆူတို့သည် လည်းကောင်း၊ ကိုးဆူ မြောက် ကုမ္ဘ(ဓာတ်တော်ခြင်အိုး) စေတီသည် လည်းကောင်း၊ ဆယ်ဆူမြောက် အင်္ဂါရ (စန္ဒကူးမီးသွေး) စေတီသည် လည်းကောင်း (လောက၌) တည်ရှိကုန်၏။

၆။ သင်းကျစ်တော်သည် လည်းကောင်း၊ စွယ်တော်လေးဆူတို့ လည်းကောင်း၊ ညှပ်ရိုးနှစ်ဆူတို့ လည်းကောင်း ဤဓာတ်တော်ခုနစ်ဆူတို့သည် အသမ္ဘိန္န (ကွဲပျက်ခြင်းမရှိသော) ဓာတ်တော် တို့တည်း။
ကြွင်းသော ဓာတ်တော်တို့သည် သမ္ဘိန္န (ကွဲပျက်သော) ဓာတ်တော်တို့သာ တည်း။

၇။ အကြီးဆုံး ဓာတ်တော်တို့သည် ပဲနောက်စေ့မျှ ရှိကုန်၏၊ အလတ်စား ဓာတ်တော် တို့သည် ဆန်ကျိုးစေ့မျှ ရှိကုန်၏၊ အငယ်ဆုံး ဓာတ်တော်တို့သည် မုန်ညင်းစေ့မျှ ရှိကုန်၏၊ ဓာတ်တော်တို့သည် အဆင်းအရောင် အမျိုးမျိုး ရှိကုန်၏။

၈။ အကြီးဆုံး ဓာတ်တော်တို့သည် ရွှေအဆင်း ရှိကုန်၏၊ အလတ်စား ဓာတ်တော် တို့ကား ပုလဲအဆင်း ရှိကုန်၏၊ အငယ်ဆုံး ဓာတ်တော်တို့သည်ကား မြတ်လေးပန်း ငုံ (ချရားစေ့) အဆင်း ရှိကုန်၏။

၉။ အကြီးဆုံး ဓာတ်တော်တို့သည် ငါးပြည် ရှိကုန်၏၊ အလတ်စား ဓာတ်တော်တို့ သည်လည်း ငါးပြည် ရှိကုန်၏၊ အငယ်ဆုံး ဓာတ်တော်တို့ကား ခြောက်ပြည် ရှိကုန်၏၊ ဤဓာတ်တော်အားလုံးတို့သည် တစ်ဆယ့်ခြောက်ပြည်မျှ ရှိကုန်၏။

၁၀။ သီဟိုဠ်ကျွန်း၌ သင်းကျစ်တော်သည် လည်းကောင်း၊ ဗြဟ္မာ့ပြည်၌ လက်ဝဲ ညှပ်ရိုးတော်သည် လည်းကောင်း၊ သီဟိုဠ်ကျွန်း၌ လက်ယာညှပ်ရိုးတော်သည် လည်းကောင်း ဤအားလုံးသော ဓာတ်တော်တို့သည် တည်ရှိကုန်၏။

၁၁။ (လက်ယာအထက်) စွယ်တော်တစ်ဆူသည် တာဝတိံသာနတ်ပြည်၌ လည်း ကောင်း၊
(လက်ယာအောက်) စွယ်တော်တစ်ဆူသည် နဂါးပြည်၌ လည်းကောင်း၊
(လက်ဝဲအထက်) စွယ်တော်တစ်ဆူသည် ဂန္ဓာရတိုင်း၌ လည်းကောင်း၊
(လက်ဝဲအောက်) စွယ်တော်တစ်ဆူသည် ကလိင်္ဂမင်း၏ (နိုင်ငံ၌) လည်းကောင်း
တည်ရှိလေ၏။

၁၂။ နတ်ဗြဟ္မာတို့သည် လေးဆယ် အညီအမျှ ရှိကုန်သော သွားတော်တို့ကို လည်းကောင်း၊ ဆံတော် မွေးညင်းတော်တို့ကို လည်းကောင်း တစ်ဆူစီတစ်ဆူစီ စကြ၀ဠာ အဆင့်ဆင့်သို့ အကြွင်းမဲ့ ဆောင်ယူကြလေကုန်၏။

၁၃။ မြတ်စွာဘုရား၏ ကျောက်သပိတ်တော်သည် လည်းကောင်း၊ တောင်ဝှေး တော်သည် လည်းကောင်း၊ ခါးဝတ်သင်္ကန်းမှ ကြွင်းသော သင်္ကန်းတော်သည် လည်းကောင်း ၀ဇိရာပြည်၌တည်ရှိ၏။ ခါးဝတ်သင်းပိုင်တော်သည် ကုလဃရမြို့၌ တည်ရှိ၏၊ အိပ်ရာခင်းတော်သည် ကပိလ၀တ်ပြည်၌ (တည်ရှိလေ၏)။

၁၄။ ရေစစ် (ဓမကရိုဏ်)သည် လည်းကောင်း၊ ခါးပန်းကြိုးသည် လည်းကောင်း၊ ပါဋလိပုတ်ပြည်၌ တည်ရှိ၏။ ရေသနုပ်တော်သည် စမ္ပာပြည်၌ တည်ရှိ၏၊ ဥဏ္ဏလုံ (မွေးရှင်တော်)သည် ကောသလတိုင်း၌ (တည်ရှိလေ၏)။

၁၅။ ၀တ်လဲတော်ပုဆိုးသည် ဗြဟ္မာ့ပြည်၌ တည်ရှိ၏၊ ဦးရစ် (ဗောင်းတော်) သည် တာဝတိံသာ နတ်ပြည်၌ တည်ရှိ၏၊ နိသီဒိုင်အခင်းသည် အ၀န္တိတိုင်းတို့၌ တည်ရှိ၏၊ အိပ်ရာလွှမ်းသည် ဒေ၀ရဋ္ဌနိုင်ငံ၌ တည်ရှိလေ၏။

၁၆။ ထိုအခါ မီးပွတ်ခုံသည် မိထိလာမြို့၌ တည်ရှိ၏၊ ရေစစ်တော်သည် ၀ိဒေဟ တိုင်း နိုင်ငံ၌ တည်ရှိ၏၊ ပဲခွပ်တော် အပ်ကျည်တော်သည်ကား ဣန္ဒပတ္ထမြို့၌ တည်ရှိလေ၏။

၁၇။ ထိုအခါ လူတို့သည် မြတ်စွာဘုရား သုံးစွဲတော်မူသည့် ကြွင်းသော ပရိက္ခရာတို့ကို အပရန္တဇနပုဒ်၌ (စေတီပုထိုး) ပြုကုန်၏။

၁၈။ ဂေါတမမြတ်စွာဘုရား၏ ဓာတ်တော်သည် ပျံ့နှံ့လျက် ရှိ၏၊ ထိုအခါ ဤသို့ ပျံ့နှံ့ခြင်းသည် သတ္တ၀ါတို့အား အစဉ်သနား စောင့်ရှောက်တော်မူခြင်းငှါ ရှေးဘုရား ရှင်တို့၏ ထုံးတမ်းစဉ်လာ ဓမ္မတာ ဖြစ်လေသတည်း။

ဓာတ်တော်ခွဲဝေခန်း ပြီး၏။
ဗုဒ္ဓ၀ံသပါဠိတော် မြန်မာပြန် ပြီး၏။