နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, October 3, 2008

ပဌမ အာဇာနီယသုတ်-

ပဌမ အာဇာနီယသုတ်-

ရဟန်းတို့ အင်္ဂါခြောက်မျိုးတို့နှင့် ပြည့်စုံသော မင်း၏ အာဇာနည် မြင်းကောင်း သည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါ အစိတ် အပိုင်း ဟူ၍ ရေတွက် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -
ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည် မြင်းကောင်းသည် -
ရူပါရုံတို့ကို သည်းခံနိုင်၏။ (အဆင်း)
သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။ (အသံ)
ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။ (အနံ့)
ရသာရုံတို့ကို သည်းခံနိုင်၏။ (အရသာ)
ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။ (အတွေ့အထိ)
အဆင်း လှပမှုနှင့်လည်း ပြည့်စုံ၏။
ရဟန်းတို့ ဤအင်္ဂါခြောက်မျိုးတို့နှင့် ပြည့်စုံသော မင်း၏ အာဇာနည် မြင်းကောင်း သည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါ အစိတ် အပိုင်း ဟူ၍ ရေတွက် ခေါ်ဝေါ်ခြင်းသို့ ရောက်၏။


ရဟန်းတို့ ဤအတူသာလျှင် ...
တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော် လည်း ပေးလှူ ပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တ၀ါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် -
ရူပါရုံတို့ကို သည်းခံနိုင်၏။ (အဆင်း)
သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။ (အသံ)
ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။ (အနံ့)
ရသာရုံတို့ကို သည်းခံနိုင်၏။ (အရသာ)
ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။ (အတွေ့အထိ)
ဓမ္မာရုံတို့ကို သည်းခံနိုင်၏။ (တွေးတောမှု)
ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တ၀ါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ ဟု (မိန့်တော်မူ၏)။

၅ - ပဌမ အာဇာနီယသုတ်၊ အာဟုနေယျဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။