နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, November 4, 2008

သတ္တာဝါသသုတ်- (သတ္တာဝါသ ဘုံကိုးဝ)

သတ္တာဝါသ ဘုံကိုးဝ

သတ္တာဝါသသုတ်- (သတ္တ၀ါတို့၏ နေရာဌာန)

ရဟန်းတို့ သတ္တ၀ါတို့၏ နေရာတို့သည် ဤကိုးမျိုးတို့တည်း။

အဘယ်ကိုးမျိုးတို့နည်းဟူမူ -

၁...
ရဟန်းတို့ အချို့သော နတ် အချို့သော ၀ိနိပါတိကနှင့် လူတို့ကဲ့သို့ ကိုယ် သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေ သညာချင်းလည်း ကွဲပြားကုန်သော သတ္တ၀ါ တို့သည် ရှိကုန်၏။ ဤကား ပဌမ သတ္တ၀ါတို့၏ နေရာတည်း။

၂...
ရဟန်းတို့ ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်း ကွဲပြား၍ ပဋိသန္ဓေ သညာချင်း တူကုန်သော သတ္တ၀ါတို့သည် ရှိကုန်၏။ ဤကား ဒုတိယ သတ္တ၀ါတို့၏ နေရာတည်း။

၃...
ရဟန်းတို့ အာဘဿရဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေ သညာချင်း ကွဲပြားကုန်သော သတ္တ၀ါတို့သည် ရှိကုန်၏။ ဤကား တတိယ သတ္တ၀ါတို့၏ နေရာတည်း။

၎...
ရဟန်းတို့ သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်း တူ၍ ပဋိသန္ဓေ သညာချင်း တူကုန်သော သတ္တ၀ါတို့သည် ရှိကုန်၏။ ဤကား စတုတ္ထ သတ္တ၀ါတို့၏ နေရာတည်း။

၅...
ရဟန်းတို့ အသညသတ်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ သညာ မရှိကုန်သော အာရုံကို ခံစားမှု မရှိကုန်သော သတ္တ၀ါတို့သည် ရှိကုန်၏။ ဤကား ပဉ္စမ သတ္တ၀ါ တို့၏ နေရာတည်း။

၆...
ရဟန်းတို့ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝ နှလုံးမသွင်းခြင်းကြောင့် {{ကောင်းကင်သည် အဆုံးမရှိ}} ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဘုံသို့ ရောက်သော သတ္တ၀ါတို့သည် ရှိကုန်၏။ ဤကား ဆဋ္ဌ သတ္တ၀ါတို့၏ နေရာတည်း။

၇...
ရဟန်းတို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ {{၀ိညာဏ်သည် အဆုံးမရှိ}}ဟု(နှလုံးသွင်းလျက်) ၀ိညာဏဉ္စာယတနဘုံသို့ ရောက်သော သတ္တ၀ါ တို့သည် ရှိကုန်၏။ ဤကား သတ္တမ သတ္တ၀ါတို့၏ နေရာတည်း။

၈...
ရဟန်းတို့ ၀ိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ {{တစ်စုံတစ်ခုမျှ မရှိ}} ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဘုံသို့ ရောက်သော သတ္တ၀ါတို့သည် ရှိကုန်၏။ ဤကား အဋ္ဌမ သတ္တ၀ါတို့၏ နေရာတည်း။

၉...
ရဟန်းတို့ အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေ၀သညာနာသညာ ယတနဘုံသို့ ရောက်သော သတ္တ၀ါတို့သည် ရှိကုန်၏။ ဤကား န၀မ သတ္တ၀ါတို့၏ နေရာတည်း။

ရဟန်းတို့ ဤသည်တို့ကား သတ္တ၀ါတို့၏ နေရာကိုးမျိုးတို့တည်းဟု မိန့်တော်မူ၏။

၎ - သတ္တာဝါသသုတ်၊ သတ္တာဝါသ၀ဂ်၊ န၀ကနိပါတ်၊ အင်္ဂုတ္တိုရ်။