နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, December 28, 2008

ဝေသာရဇ္ဇ- (ရဲရင့်ခြင်း)

ဝေသာရဇ္ဇ- (ရဲရင့်ခြင်း)
မြတ်စွာဘုရား၏ ရဲရင့်ခြင်း (ဝေသာရဇ္ဇ) ဉာဏ်တော် လေးပါး-

သာရိပုတြာ မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဖြစ်သော ဉာဏ်တို့သည် လေးပါးတို့ တည်း။ မြတ်စွာဘုရားသည် ယင်းရဲရင့်ကြောင်း ဖြစ်သော ဉာဏ်တို့နှင့် ပြည့်စုံ သည် ဖြစ်၍ မြင့်မြတ်ကြောင်းကိုဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏။ မြတ်သော တရားစကြာကို လည်စေ၏။

အဘယ် လေးပါးတို့နည်းဟူမူ -

၁...
''(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ၏ ဟု ဝန်ခံသော သင်သည် ဤတရားတို့ကို ထိုးထွင်း၍ မသိသေး'' ဟု ငါ့ကို ရဟန်း ဖြစ်စေ၊ ပုဏ္ဏား ဖြစ်စေ၊ နတ် ဖြစ်စေ၊ မာရ်နတ် ဖြစ်စေ၊ ဗြဟ္မာဖြစ်စေ မည်သူမဆို ထိုအရာ၌ အကြောင်း ယုတ္တိနှင့်တကွ စောဒနာမည့် အရိပ် နိမိတ်ကို လောက၌ ငါမမြင်၊ သာရိပုတြာ ငါသည် ဤအရိပ် နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

၂...
''အာသဝေါ တရားများ ကုန်ပြီ ဟု ဝန်ခံသော သင့်အား ဤအာသဝေါ တရားတို့ သည် မကုန်သေးကုန်'' ဟု ငါ့ကို ရဟန်း ဖြစ်စေ၊ ပုဏ္ဏား ဖြစ်စေ၊ နတ် ဖြစ်စေ၊ မာရ်နတ် ဖြစ်စေ၊ ဗြဟ္မာ ဖြစ်စေ၊ မည်သူမဆို ထိုအရာ၌ အကြောင်း ယုတ္တိနှင့်တကွ စောဒနာမည့် အရိပ် နိမိတ်ကို လောက၌ ငါ မမြင်၊ သာရိပုတြာ ငါသည် ဤအရိပ် နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်းဘေး မရှိခြင်း ရဲရင့် ခြင်းသို့ ရောက်လျက် နေ၏။

၃...
''(မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု သင်ဟောကြားထားသော တရားတို့ သည် မှီဝဲလွန်ကျူးသူအား အန္တရာယ်ပြုရန် မစွမ်းနိုင်'' ဟု ငါ့ကို ရဟန်း ဖြစ်စေ ပုဏ္ဏား ဖြစ်စေ၊ နတ် ဖြစ်စေ၊ မာရ်နတ် ဖြစ်စေ၊ ဗြဟ္မာ ဖြစ်စေ မည်သူ မဆို ထိုအရာ၌ အကြောင်း ယုတ္တိနှင့်တကွ စောဒနာမည့် အရိပ် နိမိတ်ကို လောက၌ ငါ မမြင်၊ သာရိပုတြာ ငါသည် ဤအရိပ် နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

၎...
''ဝဋ်ဆင်းရဲကုန်ခြင်းငှါ သင် ဟောကြားထားသော တရားသည် ဟောတိုင်း ကျင့်သူ အား ဝဋ်ဆင်းရဲကုန်ခြင်း အကျိုးငှါ ကောင်းစွာ မထုတ်ဆောင်နိုင်'' ဟု ငါ့ကို ရဟန်း ဖြစ်စေ၊ ပုဏ္ဏား ဖြစ်စေ၊ နတ်ဖြစ်စေ၊ မာရ်နတ် ဖြစ်စေ၊ ဗြဟ္မာ ဖြစ်စေ မည်သူမဆို ထိုအရာ၌ အကြောင်း ယုတ္တိနှင့်တကွ စောဒနာမည့် အရိပ် နိမိတ်ကို လောက၌ ငါမမြင်။ သာရိပုတြာ ငါသည် ဤအရိပ် နိမိတ်ကို မမြင်သောကြောင့် ချမ်းသာခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

သာရိပုတြာ
မြတ်စွာဘုရား၏ ရဲရင့်ကြောင်း ဖြစ်သော ဉာဏ်တို့သည် ဤလေးပါးတို့တည်း။

မြတ်စွာဘုရားသည် ယင်းရဲရင့်ကြောင်း ဖြစ်သော ဉာဏ်တို့နှင့် ပြည့်စုံသည် ဖြစ်၍ မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရား စကြာကို လည်စေ၏။

သာရိပုတြာ ဤသို့ သိမြင်သော ငါ့ကို ''ရဟန်း ဂေါတမအား လူတို့၏ (ကုသိုလ် ကမ္မပထ) တရားထက် သာလွန်သော အရိယာဖြစ်ရန် စွမ်းနိုင်သော ဉာဏ် အမြင်ထူး မရှိ၊ ရဟန်း ဂေါတမသည် ကြံစည်ယူဆလျက် စူးစမ်း လေ့လာကာ အလိုလို ထင်မြင်လာသော တရားကို ဟောကြား၏'' ဟု ပြောဆိုသောသူသည် ထိုစကားကို မပယ်သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက် သကဲ့သို့ ငရဲ၌ အချခံရ လတ္တံ့။

သာရိပုတြာ သီလ သမာဓိ ပညာနှင့် ပြည့်စုံသော (အရဟတ္တမဂ္ဂဋ္ဌ) ရဟန်းသည် ယခုဘဝ၌ပင် အရဟတ္တဖိုလ်သို့ ရောက်ရာ သကဲ့သို့ ဤအတူ ထိုစကားကို မပယ် သော် ထိုစိတ်ထားကို မပယ်သော် ထိုအယူကို မစွန့်သော် ဆောင်ယူလာသော ဝန်ထုပ်ကို ပစ်ချလိုက်သကဲ့သို့ ငရဲ၌ အချခံရလတ္တံ့ ဟူသော ဤဥပမာကို ငါဟော၏။

၁၅၀၊ သီဟနာဒဝဂ်၊ မူလပဏ္ဏာသပါဠိတော်။