နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Sunday, August 31, 2008

ဘုရားစကား လိုက်နာငြား-

ရဟန်းတော်များ မြတ်ဘုရား စကား လိုက်နာရပေမည်။
ဘုရားစကား လိုက်နာငြား ဘုရားသားကောင်းမည်။
သားကောင်းများသာ သာသနာ ကောင်းစွာပြုနိုင်သည်။
မိမိကိုယ်မှာ သာသနာ ဦးစွာတည်ရမည်။
ကိုယ့်တည် သာသနာ သူ့ကိုပါ ဖြန့်ကာပြုရမည်။

ဓမ္မဒူတ အရှင်ပညာဇောတ။

ဒုတိယ ဗန္ဓနသုတ်- (နှောင်ဖွဲ့ခြင်း)

ဒုတိယ ဗန္ဓနသုတ်- (နှောင်ဖွဲ့ခြင်း)

ရဟန်းတို့....
အခြင်းအရာ ရှစ်မျိုးတို့ဖြင့် ယောက်ျားသည် မိန်းမကို နှောင်ဖွဲ့၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ-

ယောက်ျားသည် ငိုကြွေးခြင်းဖြင့် မိန်းမကို နှောင်ဖွဲ့၏။
ယောက်ျားသည် ပြုံးရယ်ခြင်းဖြင့် မိန်းမကို နှောင်ဖွဲ့၏။
ယောက်ျားသည် စကားပြောခြင်းဖြင့် မိန်းမကို နှောင်ဖွဲ့၏။
ယောက်ျားသည် အသွင်အပြင် အမူအရာဖြင့် မိန်းမကို နှောင်ဖွဲ့၏။
ယောက်ျားသည် ပန်း သစ်သီးစသည်ဖြင့် မိန်းမကို နှောင်ဖွဲ့၏။
ယောက်ျားသည် အနံ့ဖြင့် မိန်းမကို နှောင်ဖွဲ့၏။
ယောက်ျားသည် အရသာဖြင့် မိန်းမကို နှောင်ဖွဲ့၏။
ယောက်ျားသည် အတွေ့ဖြင့် မိန်းမကို နှောင်ဖွဲ့၏။

ရဟန်းတို့ ဤအခြင်းအရာ ရှစ်မျိုးတို့ဖြင့် ယောက်ျားသည် မိန်းမကို နှောင်ဖွဲ့၏။

ရဟန်းတို့ ဖဿတည်း ဟူသော အတွေ့ဖြင့် နှောင်ဖွဲ့အပ်ကုန်သော ထိုသတ္တ၀ါ တို့သည် မြဲမြံ ခိုင်ခံ့စွာ နှောင်ဖွဲ့အပ်သည်သာလျှင် ဖြစ်ကုန်၏ ဟု
(မိန့်တော်မူ၏)။

၈ - ဒုတိယ ဗန္ဓနသုတ်၊ မဟာဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။

Wednesday, August 27, 2008

အာဠ၀ကဘီလူး၏ မေးခွန်းများ ...


အာဠာဝကသုတ် အသံတရားတော်...

အာဠ၀ကဘီလူး၏ မေးခွန်းများ ...


၁။ ဤလောက၌ ယောက်ျား၏ မြတ်သောဥစ္စာကား အဘယ်နည်း။
၂။ ကောင်းစွာ လေ့ကျက်အပ်သော အဘယ်တရားသည် ချမ်းသာကို ရွက်ဆောင် တတ်သနည်း။
၃။ အရသာတို့တွင် အဘယ်အရသာသည် အကောင်းဆုံးသော အရသာဖြစ် သနည်း။
၎။ အဘယ်မည်သော အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟူ၍ ဆိုကုန်သနည်း။
၅။ အဘယ်မည်သောတရားဖြင့် သံသရာအလျဉ် {သြဃ}ကို ကူးမြောက်သနည်း။
၆။ အဘယ်မည်သောတရားဖြင့် သံသရာသမုဒ္ဒရာကို ကူးမြောက်သနည်း။
၇။ အဘယ်မည်သော တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်သနည်း။
၈။ အဘယ်မည်သော တရားဖြင့် စင်ကြယ်သနည်း။
၉။ အဘယ်သို့သော သူသည် ပညာကို ရသနည်း။
၁၀။ အဘယ်သို့သော သူသည် ဥစ္စာကို ရသနည်း။
၁၁။ အဘယ်တရားဖြင့် ကျော်စောခြင်းသို့ ရောက်သနည်း။
၁၂။ အဘယ် သူသည် အဆွေခင်ပွန်းတို့ကို ရသနည်း။
၁၃။ အဘယ်သူသည် ဤလောကမှ တမလွန် လောကသို့ ရောက်၍ မစိုးရိမ် ရသနည်း ဟု (မေး၏)။


အာဠ၀ကသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠ၀ီပြည် အာဠ၀ကဘီလူး၏ ဗိမာန်၌ နေတော်မူ၏၊ ထိုအခါ အာဠ၀ကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားအား {{ရဟန်း ထွက်လော့}} ဟု ဤစကားကို ဆို၏၊ {{ဘီလူး ကောင်းပြီ}} ဟု မြတ်စွာဘုရားသည် ထွက်တော်မူ၏၊ {{ရဟန်း ၀င်လော့}} ဟု ဆို၏၊ {{ဘီလူး ကောင်းပြီ}}ဟု မြတ်စွာဘုရားသည် ၀င်တော်မူ၏၊ ဤနည်း အတိုင်း သုံးကြိမ်တိုင်တိုင် {{ထွက်လော့ ၀င်လော့}} ဟု အာဠ၀ကဘီလူးက ဆို၏၊ မြတ်စွာဘုရားသည် သုံးကြိမ်တိုင်တိုင် {ထွက်ချည် ၀င်ချည်}} ပြုတော်မူ၏၊

လေးကြိမ်မြောက်ကား အာဠ၀က ဘီလူးသည် မြတ်စွာဘုရားအား {{ရဟန်း ထွက်လော့}} ဟု ဤစကားကိုဆို၏၊ {{ဘီလူး ငါသည် မထွက်တော့အံ့၊ သင့်အား ပြုဖွယ်ကိစ္စ ရှိအံ့၊ ပြုဖွယ်ကိစ္စကိုသာ ပြုလော့}} ဟု မိန့်တော်မူ၏၊

ရဟန်း သင့်အား ပြဿနာကို မေးအံ့၊ ငါ့အား အကယ်၍ မဖြေနိုင်ခဲ့အံ့၊ သင်၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးကိုသော်လည်း ခွဲအံ့၊ ခြေတို့၌ ကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့သော်လည်း ပစ်လိုက်အံ့ ဟု (ဆို၏)၊

{{ဘီလူး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ငါဘုရား၏ စိတ်ကိုမူလည်း ပျံ့လွင့်စေနိုင်သော နှလုံးကိုမူလည်း ခွဲစေနိုင်သော ခြေတို့၌မူလည်း ကိုင်၍ ဂင်္ဂါ မြစ် တစ်ဖက်ကမ်းသို့ ပစ်နိုင်သောသူကို စင်စစ် ငါမမြင်၊ ဘီလူး သို့သော်လည်း သင် အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ မေးလော့}} ဟု (မိန့်တော်မူ၏)။

၁။ ဤလောက၌ ယောက်ျား၏ မြတ်သောဥစ္စာကား အဘယ်နည်း၊
ဘီလူး ဤလောက၌ ယောက်ျား၏ မြတ်သောဥစ္စာကား ယုံကြည်မှု {သဒ္ဓါ} တရား တည်း။

၂။ ကောင်းစွာ လေ့ကျက်အပ်သော အဘယ်တရားသည် ချမ်းသာကို ရွက်ဆောင် တတ်သနည်း။
ကောင်းစွာ လေ့ကျက်အပ်သော (ဆယ်ပါးသော ကုသိုလ်ကမ္မပထ) တရားသည် ချမ်းသာကို ရွက်ဆောင်တတ်၏၊

၃။ အရသာတို့တွင် အဘယ်အရသာသည် အကောင်းဆုံးသော အရသာဖြစ် သနည်း၊
အရသာတို့တွင် (နိဗ္ဗာန်ဟူသော) ပရမတ္ထသစ္စာ နှင့် ၀စီသစ္စာသည် စင်စစ် အကောင်းမြတ်ဆုံးသော အရသာတည်း၊
၎။ အဘယ်မည်သော အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟူ၍ ဆိုကုန် သနည်း ဟု (မေး၏)။

ပညာဖြင့် အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟူ၍ ဆိုကုန်၏ ဟု
(ဖြေတော်မူ၏)။

၅။ အဘယ်မည်သောတရားဖြင့် သံသရာအလျဉ် {သြဃ}ကို ကူးမြောက်သနည်း၊
ဘီလူး ယုံကြည်မှု {သဒ္ဓါ}တရားဖြင့် သံသရာအလျဉ်ကို ကူးမြောက်၏၊

၆။ အဘယ်မည်သောတရားဖြင့် သံသရာသမုဒ္ဒရာကို ကူးမြောက်သနည်း၊
မမေ့မလျော့မှု {အပ္ပမာဒ} တရားဖြင့် သံသရာသမုဒ္ဒရာကို ကူးမြောက်၏၊

၇။ အဘယ်မည်သော တရားဖြင့် ကာမဂုဏ်ဆင်းရဲကို လွန်မြောက်သနည်း၊
အားထုတ်မှု {၀ီရိယ}ဖြင့် ဆင်းရဲကို လွန်မြောက်၏၊

၈။ အဘယ်မည်သော တရားဖြင့် စင်ကြယ်သနည်း ဟု (မေး၏)။
ပညာဖြင့် စင်ကြယ်၏ ဟု (ဖြေတော်မူ၏)။
၉။ အဘယ်သို့သော သူသည် ပညာကို ရသနည်း၊
ဘီလူး မမေ့လျော့သော ပညာရှိသောသူသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ ရဟန္တာ ပုဂ္ဂိုလ်တို့၏ တရားကို ယုံကြည်စွာ နာသည်ဖြစ်၍ ပညာကို ရ၏၊

၁၀။ အဘယ်သို့သော သူသည် ဥစ္စာကို ရသနည်း၊
သင့်လျော် လျောက်ပတ်သောအမှုကို ပြုလေ့ရှိသော (၀ီရိယဟူသော)၀န်ရှိသော ထကြွလုံ့လ ရှိသောသူသည် ဥစ္စာကို ရ၏၊

၁၁။ အဘယ်တရားဖြင့် ကျော်စောခြင်းသို့ ရောက်သနည်း၊
မှန်သောစကားဖြင့် ကျော်စောခြင်းသို့ ရောက်၏၊

၁၂။ အဘယ် သူသည် အဆွေခင်ပွန်းတို့ကို ရသနည်း၊
ပေးကမ်းသောသူသည် အဆွေခင်ပွန်းတို့ကို ရ၏၊

၁၃။ အဘယ်သူသည် ဤလောကမှ တမလွန် လောကသို့ ရောက်၍ မစိုးရိမ် ရသနည်း ဟု (မေး၏)။
ဤဆိုလတ္တံ့သော အကြောင်းကြောင့် ဤလောကမှ တမလွန်လောကသို့ ရောက် ၍ မစိုးရိမ်ရ။

ယုံကြည်မှု{သဒ္ဓါ}တရားရှိသော အိမ်ထောင်မှုကို ရှာမှီးလေ့ရှိသော အကြင်သူအား မှန်ကန်မှု {သစ္စာ}၊ ပညာရကြောင်း{ဒမ္မ}၊ အားထုတ်မှု{ဓိတိ}၊ စွန့်ကြဲမှု{စာဂ} ဤ တရားလေးပါးတို့သည် အကယ်၍ ရှိကုန်အံ့၊ ထိုသူသည် စင်စစ် တမလွန်ဘ၀သို့ ရောက်၍ မစိုးရိမ်ရ။

ဘီလူး ဤလောက၌ မှန်ကန်မှု{သစ္စာ}ထက် လည်းကောင်း၊ ပညာရကြောင်း {ဒမ္မ}ထက်လည်းကောင်း၊ စွန့်ကြဲမှု{စာဂ}ထက် လည်းကောင်း၊ အားထုတ်မှု {ဓိတိ}ထက် လည်းကောင်း လွန်ကဲသောတရားသည် အကယ်၍ ရှိသည် ဖြစ်အံ့။ ငါ တိုက်တွန်း၏၊ အခြားသော များစွာသော သမဏဗြာဟ္မဏတို့ကို မေးလေဦး လော့ ဟု (မိန့်တော်မူ၏)။

{{မြတ်စွာဘုရား တမလွန်ဘ၀၌ ဖြစ်သော အကြောင်းတရားကို အကျွန်ုပ်သည် ယနေ့ သိရပါ၏၊ ယခုအခါ၌ အဘယ်အကြောင်းကြောင့် များစွာသော သမဏ ဗြာဟ္မဏတို့ကို မေးရပါတော့အံ့နည်း။

မြတ်စွာဘုရားသည် အကျွန်ုပ်၏အကျိုးငှါသာ အာဠ၀ီမြို့တော်သို့ သီတင်းသုံးရန် ကြွလာတော်မူပေစွတကား၊ အကြင်ပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် ကြီးသောအကျိုး ရှိ၏၊ (ထိုအလှူခံပုဂ္ဂိုလ်ကို) ယနေ့ အကျွန်ုပ် သိရပါ၏။

ထိုအကျွန်ုပ်သည် မြတ်စွာဘုရားကို ရှိခိုးလျက်လည်းကောင်း၊ တရားတော်၏ ကောင်းသောတရား၏ အဖြစ်ကို (ချီးမွမ်းလျက်လည်းကောင်း) တစ်ရွာမှတစ်ရွာ တစ်ပြည်မှတစ်ပြည်သို့ လှည့်လည်ပါအံ့}} ဟု (လျှောက်၏)။

၁၂ - အာဠ၀ကသုတ်၊ ယက္ခသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ရူပိယသိက္ခာပုဒ်- (ရွှေ ငွေ အလှူခံမှု)

ရူပိယသိက္ခာပုဒ်- (ရွှေ ငွေ အလှူခံမှု)


၅၈၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ရှဥ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူသောအခါ သာကီ ၀င်မင်းသား အသျှင်ဥပနန္ဒသည် အမျိုးတစ်မျိုး၏ အိမ်သို့ကပ်သော အမြဲ ဆွမ်းဝတ်ရှိသော ရဟန်း ဖြစ်၏၊ ထိုအမျိုး၌ အကြင် ခဲဖွယ်သည် လည်းကောင်း၊ ဘောဇဉ်သည် လည်းကောင်း ဖြစ်အံ့၊ ထိုခဲဖွယ်ဘောဇဉ်မှ သာကီဝင်မင်းသား အသျှင်ဥပနန္ဒ အတွက် အဖို့ အစု ထားရ၏။

ထိုအခါ ညချမ်းအချိန်တွင် ထိုအမျိုး၌ စမဲဟင်းလျာ ဖြစ်ပေါ်၏၊ ထိုစမဲဟင်းလျာမှ သာကီဝင်မင်းသားအသျှင်ဥပနန္ဒ၏ အဖို့ကို ဖယ်ထား၏၊ ထိုအမျိုး၏ ကလေး သူငယ်သည် နံနက်စောစောထ၍ {{အကျွန်ုပ်အား စမဲဟင်းလျာကို ပေးကြ လော့}} ဟု ငို၏၊

ထိုအခါ ထိုယောက်ျားသည် ဇနီးကို အသျှင့်အတွက်အဖို့အစုကို ကလေးသူငယ် အား ပေးလော့၊ အခြား (ဟင်းလျာ)ကို ၀ယ်၍ အသျှင့်အား လှူကုန်အံ့ ဟု ပြောဆို၏။

ထိုအခါ သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် နံနက်အချိန်၌ သင်္ကန်းကို ပြင် ၀တ်၍ သပိတ်သင်္ကန်းကိုယူဆောင်ကာ ထိုအမျိုးထံသို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်၏၊ ထိုအခါ ထိုယောက်ျားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒ ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ထိုင်လျက် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို အသျှင်ဘုရား ယမန်နေ့ ညချမ်းအချိန်က စမဲဟင်းလျာ ဖြစ်ပေါ် ပါသည်၊ ထိုစမဲဟင်းလျာကို အသျှင့်အတွက် ထားပါသည်၊ အသျှင်ဘုရား ဤကလေး သူငယ်သည် နံနက်စောစောထ၍ အကျွန်ုပ်အား စမဲဟင်းလျာကို ပေးကြလော့ဟု ငိုပါသည်၊ အသျှင့်အတွက် အဖို့အစုကို ကလေးသူငယ်အား ပေးရ ပါသည်၊

အသျှင်ဘုရား အသပြာဖြင့် အဘယ်ကို ဆောင်လာရပါမည်နည်း ဟု လျှောက်၏။
ဒါယကာ အသပြာကို ငါ့အား စွန့်လှူပြီး ဖြစ်သလောဟု (မေး၏)။
မှန်ပါသည် အသျှင်ဘုရား စွန့်လှူပြီးပါပြီဟု (လျှောက်၏)။
ဒါယကာ ငါ့အား ထိုအသပြာကိုပင် ပေးလော့ဟု (ဆို၏)။

ထိုအခါ ထိုယောက်ျားသည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒအား အသပြာကို ပေးလှူပြီးနောက် ငါတို့သည် ရွှေငွေကို ခံယူသကဲ့သို့ ဤအတူပင် ဤသာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ရွှေငွေကို ခံယူကြကုန်၏ ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏၊

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုသော ထိုယောက်ျား၏ (စကားကို) ကြားကြသည်သာတည်း။

အလိုနည်းသော ရဟန်းတို့သည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒသည် အဘယ့် ကြောင့် ရွှေငွေကို ခံယူဘိသနည်းဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆို ကြကုန်၏၊ ထိုအခါ ထိုရဟန်းတို့သည် သာကီဝင်မင်းသား အသျှင်ဥပနန္ဒကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤ အကြောင်းကို လျှောက်ကြကုန်၏။ပ။

{{ဥပနန္ဒ သင်သည်ရွှေငွေကို ခံယူ၏ဟူသည် မှန်သလော}}ဟု
စိစစ်မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် အဘယ့်ကြောင့် ရွှေငွေကို ခံယူဘိသနည်း၊
(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ဤ (သင်ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

ပညတ်သိက္ခာပုဒ်
၃၇။ ၁၈-၅၈၃။ {{အကြင် ရဟန်းသည် ရွှေ ငွေကို (ကိုယ်တိုင်သော်လည်း) ခံယူ ငြားအံ့၊ (သူတစ်ပါးကိုသော်လည်း) ခံယူစေငြားအံ့၊ အနီး၌ ချထားအပ်သည် ကိုသော်လည်း သာယာငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ်သင့်၏}} ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

++++

၈ - ရူပိယသိက္ခာပုဒ် အဖွင့်
၅၈၄။ အကြင်ဟူသည် အကြင်သို့သဘောရှိသော။ပ။
ရဟန်းဟူသည်။ပ။
ဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို {{ရဟန်း}}ဟု ဆိုအပ်၏။

ရွှေ မည်သည် ဘုရားအဆင်းတော်နှင့်တူသော ၀တ္ထုကို ဆိုအပ်၏။

ငွေ မည်သည် အသပြာ ကြေးပိုက်ဆံ သစ်သားပိုက်ဆံ ချိပ်ပိုက်ဆံ
အရောင်းအ၀ယ် ဖြစ်နိုင်သမျှ ၀တ္ထုတည်း။

ခံယူငြားအံ့ဟူသည် ကိုယ်တိုင်ခံယူအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ခံယူစေငြားအံ့ဟူသည် အခြားသူကို ခံယူစေအံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

အနီး၌ ချထားအပ်သည်ကိုသော်လည်း သာယာငြားအံ့ဟူသည် ဤ (ရွှေငွေ) သည် အသျှင့်အတွက် ဖြစ်စေဟု အနီး၌ ချထားအပ်သည်ကို သာယာငြားအံ့၊ စွန့်ခြင်း (၀ိနည်းကံ) ရှိ၏။ သံဃာအလယ်၌ စွန့်ရမည်။

ရဟန်းတို့ ဤသို့ စွန့်ရမည်။
ထို (ရွှေငွေ) ခံသော ရဟန်းသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ကြီးကုန်သော ရဟန်းတို့၏ ခြေတို့ကို ရှိခိုးပြီးလျှင် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီလျက်-

{{အသျှင်ဘုရားတို့ အကျွန်ုပ်သည် ရွှေငွေကို ခံယူမိပါ၏၊ ဤအကျွန်ုပ်၏ ရွှေငွေသည် စွန့်ခြင်း(၀ိနည်းကံ) ရှိပါသည်၊ အကျွန်ုပ်သည် ဤရွှေငွေကို သံဃာတော်အား စွန့်ပါသည်}}ဟု ဆိုရာ၏။

စွန့်ပြီးနောက် အာပတ်ကို ဒေသနာကြားရမည်၊ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် အာပတ်ကို ခံယူရမည်၊ အကယ်၍ ထိုအရပ်သို့ အရံစောင့်သော် လည်းကောင်း၊ ဥပါသကာသော် လည်းကောင်းလာအံ့၊ ထိုသူကို{{ငါ့သျှင် ဤ (ရွှေငွေ) ကို သိလော့}}ဟု ပြောရမည်၊

အကယ်၍ ထိုသူသည် {{ဤ (ရွှေငွေ) ဖြင့် အဘယ်အရာကို ဆောင်လာရပါ မည်နည်း}}ဟု ဆိုအံ့၊ {{ဤမည် ဤမည်သော အရာကိုဆောင်ခဲ့}}ဟု မဆိုရ၊ ထောပတ်ကိုသော် လည်းကောင်း၊ ဆီကိုသော်လည်းကောင်း၊ ပျားရည်ကိုသော် လည်းကောင်း၊ တင်လဲကိုသော်လည်းကောင်း အပ်စပ်သည်ကို ပြောရမည်၊ အကယ်၍ ထိုသူသည် ထို (ရွှေငွေ) ဖြင့် လဲလှယ်၍ အပ်စပ်သည်ကို ဆောင်ခဲ့အံ့၊ ရွှေငွေခံယူသော ရဟန်းကိုထား၍ ရဟန်းအားလုံးတို့ပင်သုံးဆောင်အပ်၏။

အကယ်၍ ဤသို့ ထို (ရွှေငွေလဲလှယ်မည့်) သူကို ရအံ့၊ ဤသို့ ရခြင်းသည် ကောင်း၏၊ အကယ်၍မရအံ့၊ ထိုသူကို {{ဒါယကာ ဤရွှေငွေကို စွန့်ပစ်လော့}}ဟု ပြောရမည်၊ ထိုသူသည် အကယ်၍ စွန့်ပစ်အံ့၊ ဤသို့ စွန့်ပစ်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ပစ်အံ့၊ အင်္ဂါငါးပါးတို့နှင့် ပြည့်စုံသော ရဟန်းကိုရွှေငွေစွန့် ရဟန်းဟု သမုတ်ရမည်၊

၎င်းရဟန်းသည် …
၁။ ဆန္ဒာဂတိသို့ မလိုက်ရာ၊
၂။ ဒေါသာဂတိသို့ မလိုက်ရာ၊
၃။ မောဟာဂတိသို့ မလိုက်ရာ၊
၎။ ဘယာဂတိသို့ မလိုက်ရာ၊
၅။ စွန့်အပ် မစွန့်အပ်သည်ကိုလည်းသိရာ၏။

ရဟန်းတို့ ဤသို့ သမုတ်ရမည်…
ရှေးဦးစွာ ရဟန်းကို တောင်းပန်ရမည်၊ တောင်းပန်ပြီးနောက် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။

၅၈၅။ {{အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာအားလျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်ရာ၏၊ ဤကား သိစေခြင်း တည်း။ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်၏၊ အကြင် အသျှင်အား ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟုသမုတ်ခြင်းကို နှစ်သက် ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်းမရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် ဤမည်သော ရဟန်းကို ရွှေငွေစွန့်ရဟန်းဟု သမုတ်အပ်ပြီ၊ သံဃာ အား နှစ်သက်ခြင်းရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် နှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်ဟု (သိစေရမည်)။

သမ္မုတိရပြီးသော ထိုရဟန်းသည် အမှတ်နိမိတ်ကို မပြုဘဲ ကျစေရမည် {စွန့်ပစ်ရမည်}၊ အကယ်၍ အမှတ်နိမိတ်ကို ပြု၍ ကျစေအံ့ {စွန့်ပစ်အံ့}၊ ဒုက္ကဋ်အာပတ် သင့်၏။

၅၈၆။
ရွှေငွေ၌ ရွှေငွေဟု ထင်မှတ်ခြင်းရှိ၍ ရွှေငွေကို ခံယူအံ့၊
နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ရွှေငွေ၌ ယုံမှားရှိ၍ ရွှေငွေကို ခံယူအံ့၊
နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ရွှေငွေ၌ ရွှေငွေမဟုတ်ဟု ထင်မှတ်ခြင်းရှိ၍ ရွှေငွေကို ခံယူအံ့၊
နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။

ရွှေငွေမဟုတ်သည်၌ ရွှေငွေဟု ထင်မှတ်ခြင်းရှိအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။

ရွှေငွေမဟုတ်သည်၌ယုံမှားခြင်းရှိအံ့၊
ဒုက္ကဋ်အာပတ် သင့်၏။

ရွှေငွေမဟုတ်သည်၌ ရွှေငွေမဟုတ်ဟု ထင်မှတ်ခြင်းရှိအံ့၊
အာပတ် မသင့်။

အရံတွင်း၌သော် လည်းကောင်း၊ တည်းခိုရာ ဇရပ်တွင်း၌ သော်လည်းကောင်း၊ ကိုင်ယူ၍ သော်လည်းကောင်း၊ ကိုင်ယူစေ၍ သော်လည်းကောင်း {{ဥစ္စာရှင်သည် ဆောင်ယူလတ္တံ့}}ဟု ထားအံ့၊ အာပတ်မသင့်။ ရူးသောရဟန်း အစလက်ဦး လွန်ကျူးသော ရဟန်းအား အာပတ်မသင့်။

အဋ္ဌမ ရူပိယသိက္ခာပုဒ် ပြီး၏။
၈ - ရူပိယသိက္ခာပုဒ်၊ ကောသိယ၀ဂ်၊ နိဿဂ္ဂိယ အခန်း၊ ပါရာဇိကတ်ပါဠိတော်။

Tuesday, August 26, 2008

သုစိမုခီသုတ်- ဗေဒင်-ယတြာ-လက္ခဏာ...

သုစိမုခီသုတ်-

အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာ ကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင် သာရိပုတြာသည် နံနက်အချိန် သင်းပိုင်ကိုပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်ပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းအလို့ငှါ ၀င်လေ၏၊

ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံလှည့်လည်ပြီးသော် ဇရပ်နံရံတစ်ခုကိုမှီကာ ထိုဆွမ်းကို ဘုဉ်းပေးတော်မူ၏၊

ထိုအခါ တခြားဘာသာအယူရှိသော သုစိမုခီအမည်ရှိ ပရိဗိုဇ်မသည် အသျှင်သာရိ ပုတြာထံသို့ ချဉ်းကပ်၍- ဤစကားကို လျှောက်၏-

* * အသျှင်ရဟန်း အောက်သို့ ငုံ့၍ စားပါသလော၊
* * နှမ ငါသည် အောက်သို့ ငုံ့၍ မစားပါ။
* * အသျှင်ရဟန်း သို့ဖြစ်လျှင် အထက်သို့ မော့၍ စားပါသလော၊
* * နှမ ငါသည် အထက်သို့ မော့၍ မစားပါ။
* * အသျှင်ရဟန်း သို့ဖြစ်လျှင် အရပ် လေးမျက်နှာသို့ လှည့်၍ စားပါသလော၊
* * နှမ ငါသည် အရပ် လေးမျက်နှာသို့ လှည့်၍ မစားပါ။
* * အသျှင်ရဟန်း သို့ဖြစ်လျှင် အထောင့် အရပ်လေးမျက်နှာသို့ လှည့်၍
စားပါသလော၊
* * နှမ ငါသည် အထောင့်အရပ်လေးမျက်နှာသို့ လှည့်၍မစားပါဟု မိန့်တော်မူ၏။

"တန်ဖိုးရှိပါတယ် အချိန်လေး ၂-မိနစ်လောက်ပေးပြီး ဆက်စေချင်ပါတယ်"

အသျှင်ရဟန်း အောက်သို့ ငုံ့၍ စားပါသလော ဟု ဤသို့ မေးလတ်သော်၊ နှမ ငါသည် အောက်သို့ငုံ့၍ မစားပါ ဟု ဆို၏။ အသျှင်ရဟန်း သို့ဖြစ်လျှင် အထက်သို့ မော့၍ စားပါသလော ဟု ဤသို့မေးသော်၊ နှမ ငါသည် အထက်သို့ မော့၍ မစားပါ ဟု ဆို၏။ အသျှင်ရဟန်း သို့ဖြစ်လျှင် အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော ဟု ဤသို့ မေးသော်၊ နှမ ငါသည် အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ ဟု ဆို၏။ အသျှင်ရဟန်း သို့ဖြစ်လျှင် အထောင့် အရပ်လေးမျက်နှာသို့ လှည့်၍ စားပါသလော ဟု ဤသို့မေးသော်၊ နှမ ငါသည် အထောင့် အရပ်လေးမျက်နှာသို့ လှည့်၍ မစားပါ ဟုဆို၏။
အသျှင်ရဟန်း သို့ဖြစ်လျှင် အဘယ်သို့ စားပါသနည်းဟု လျှောက်၏။

နှမ မြေကြန်အတတ် ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက်မွေးကြသော သမဏဗြာဟ္မဏ အားလုံးတို့ကို အောက်သို့ ငုံ့၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

နက္ခတ်အတတ် ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက်မွေးကြသော သမဏ ဗြာဟ္မဏအားလုံးတို့ကို အထက်သို့ မော့၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

တမန်မှု အစေအပါးအမှုဖြင့် သွားခြင်းကို အားထုတ်ခြင်းဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက်မွေးကြသော သမဏဗြာဟ္မဏ အားလုံးတို့ကို အရပ်လေး မျက်နှာသို့ လှည့်၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

အင်္ဂ၀ိဇ္ဇာအတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက်မွေး ခြင်းဖြင့် အသက်မွေးကြသော သမဏဗြာဟ္မဏအားလုံးတို့ကို အထောင့်အရပ် လေးမျက်နှာသို့ လှည့်၍ စားသူတို့ဟု ဆိုအပ်ကုန်၏။

နှမ ငါကား
မြေကြန်အတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက် မမွေး။
နက္ခတ်အတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက် မမွေး။
တမန်မှု အစေအပါး အမှုဖြင့် သွားခြင်းကို အားထုတ်ခြင်းဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက်မမွေး။
အင်္ဂ၀ိဇ္ဇာ အတတ်ဟူသော (မဂ်ဖိုလ်မှ) ဖီလာအတတ်ဖြင့် မှားသော အသက် မွေးခြင်းဖြင့် အသက် မမွေး။
တရားသဖြင့် ဆွမ်းကို ရှာ၏၊ တရားသဖြင့် ဆွမ်းရှာ၍ စား၏ဟု မိန့်ဆို၏။
ထိုအခါ သုစိမုခီပရိဗိုဇ်မသည် ရာဇဂြိုဟ်ပြည်ဝယ် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ချဉ်းကပ်ပြီးလျှင် ((သာကီဝင်မင်းသား ဘုရား သားတော် ရဟန်းတို့သည် တရားနှင့်လျော်စွာ အစာကိုစားကုန်၏၊ သာကီဝင် မင်းသား ဘုရားသားတော် ရဟန်းတို့သည် အပြစ် မရှိသောအားဖြင့် အစာကို စားကုန်၏၊ သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့အား ဆွမ်းလှူကြ ကုန်လော့}} ဟု ဤသို့ ပြောကြားလေ၏။

၁၀ - သုစိမုခီသုတ်၊ သာရိပုတ္တသံယုတ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။

မြေ ငလျင်လှုပ်ခြင်း အကြောင်း ရှစ်ပါး-

မြေ ငလျင်လှုပ်ခြင်း အကြောင်း ရှစ်ပါး

အာနန္ဒာ မြေ ငလျင် ပြင်းစွာ လှုပ်ခြင်း၏ အကြောင်း အထောက်အပံ့တို့ကား ဤရှစ်ပါးတို့တည်း။

အဘယ် ရှစ်ပါးတို့နည်း ဟူမူ ...

၁။ အာနန္ဒာ ဤမဟာပထ၀ီ မြေကြီးသည် ရေ၌ တည်၏၊ ရေသည် လေ၌ တည်၏၊ လေသည် ကောင်းကင်၌ တည်၏။ အာနန္ဒာ ပြင်းထန်စွာ လေတိုက်သောအခါ ရေကို လှုပ်စေကုန်၏၊ ရေလှုပ်သော် မြေကို လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှေးဦးစွာသော အကြောင်း အထောက်အပံ့ ပေတည်း။

၂။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း တန်ခိုးနှင့်ပြည့်စုံသော (အဘိညာဉ်) စိတ်၌ လေ့လာပြီးသော သမဏသည် လည်းကောင်း ဗြာဟ္မဏသည် လည်းကောင်း ကြီးသော တန်ခိုးအာနုဘော် ရှိသော နတ်သည် လည်းကောင်း အားနည်းသော မြေ (ကသိုဏ်းဈာန်) သညာနှင့် အားကြီးသော ရေ (ကသိုဏ်းဈာန်) သညာတို့ကို ပွါးများပြီးလျှင် ဤမြေကြီးကို လှုပ်စေ၏၊ တုန်လှုပ်စေ၏၊ ပြင်းစွာတုန်လှုပ်စေ၏၊ သွက်သွက်ခါ တုန်လှုပ်စေ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ နှစ်ခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၃။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် အမိဝမ်းတိုက်သို့ သက်ရောက်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ် ၏၊ ဤကား မြေ (ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ သုံးခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၎။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း ဘုရားလောင်းသည် သတိရှိလျက် ဆင်ခြင် လျက် အမိဝမ်းတိုက်မှ ဖွားမြင်သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ(ငလျင်) အကြီး အကျယ် လှုပ်ခြင်း၏ လေးခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၅။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူ သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ဤကား မြေ(ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ငါးခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၆။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော ဓမ္မစကြာတရားကို ဟောတော်မူ သောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ(ငလျင်) အကြီး အကျယ် လှုပ်ခြင်း၏ ခြောက်ခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၇။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် သတိရှိလျက် ဆင်ခြင် လျက် အသက်ရှည်ရန် ပြုပြင်မှု (အာယုသင်္ခါရ) ကို စွန့်လွှတ်တော် မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏၊ ဤကား မြေ(ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ခုနစ်ခုမြောက် အကြောင်း အထောက်အပံ့ ပေတည်း။

၈။ အာနန္ဒာ တစ်ဖန် ထို့ပြင်လည်း မြတ်စွာဘုရားသည် ခန္ဓာနာမ်ရုပ် အကြွင်းမရှိ သော ငြိမ်းခြင်းသဘော အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ၀င်စံတော် မူသောအခါ ဤမြေကြီးသည် လှုပ်၏၊ တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက် ခါ တုန်လှုပ်၏၊ ဤကား မြေ(ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ ရှစ်ခုမြောက် အကြောင်းအထောက်အပံ့ ပေတည်း။

အာနန္ဒာ မြေ(ငလျင်) အကြီးအကျယ် လှုပ်ခြင်း၏ အကြောင်းအထောက်အပံ့တို့ ကား ဤရှစ်ပါးတို့ပေတည်း။

မဟာပရိနိဗ္ဗာနသုတ်၊ မဟာဝဂ်ပါဠိတော်။

ပရာဘ၀သုတ်- (ပျက်စီးကြောင်း)

ပရာဘ၀သုတ်- (ပျက်စီးကြောင်း)

ရဟန်းတို့ ဥပါသကာ၏ ပြည့်စုံကြောင်း တို့သည် ဤခုနစ်မျိုး တို့တည်း။
သမ္ဘ၀= (ပြည့်စုံကြောင်း)

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ-
၁။ ရဟန်းတို့အား ဖူးမြော်မှုကို မဆုတ်ယုတ်စေ။
၂။ သူတော်ကောင်းတရား ကြားနာမှုကို မမေ့ လျော့။
၃။ လွန်မြတ်သော သီလ၌ ဖြည့်ကျင့်၏။
၎။ ရဟန်းတို့ အပေါ်၌ ကြည်ညိုမှု များပြား၏၊
၅။ ခြုတ်ခြယ် လိုစိတ်မရှိဘဲ အပေါက်အလမ်း မရှာမူ၍ တရားကို နာ၏၊
၆။ ဤသာသနာတော်မှ အပ၌ မြတ်သော အလှူခံ ပုဂ္ဂိုလ်ကို မရှာမှီး၊
၇။ ဤသာသနာတော်၌ သာလျှင် ရှေးဦးအလှူကို ပြု၏။
ရဟန်းတို့ ဤတရား ခုနစ်မျိုး တို့သည် ဥပါသကာ၏ ပြည့်စုံကြောင်းတို့တည်း။

ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသော မဆုတ်ယုတ်ကြောင်းတရားတို့ကို မှီဝဲ သော ထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှ မဆုတ်ယုတ်။

ရဟန်းတို့ ဥပါသကာ၏ ပျက်စီးကြောင်း တို့သည် ဤခုနစ်မျိုး တို့တည်း။
အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ-
၁။ ပွါးများအပ်ပြီးသော စိတ်ရှိသော ရဟန်းတို့အား ဖူးမြော်မှုကို ယုတ်စေ၏။
၂။ အရိယာသူတော်ကောင်းတို့၏ တရားတို့ကို ကြားနာမှုကိုလည်း ယုတ်စေ၏။
၃။ လွန်မြတ်သော သီလ၌ မဖြည့်ကျင့်။
၎။ ရဟန်းတို့၌ မကြည်ညိုမှုသည်လည်း အလွန့်အလွန် ပွါးများ၏။
၅။ ချုပ်ချယ်လိုသော စိတ်ရှိလျက် အပေါက်အလမ်း ရှာလိုသည်ဖြစ်၍ တရားနာ၏။
၆။ ဤသာသနာတော်မှ အပ၌ တစ်ပါးသော အလှူခံ ပုဂ္ဂိုလ်ကို ရှာမှီး၏။
၇။ ထိုသာသနာပ၌ပင်လျှင် ရှေးဦးအလှူကို ပြု၏။

ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသော ဆုတ်ယုတ်ကြောင်းတရားတို့ကို မှီဝဲ သော ထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှ ဆုတ်ယုတ်၏။

၁၁ - ပရာဘ၀သုတ်၊ ၀ဇ္ဇိသတ္တက၀ဂ်၊ အင်္ဂုတ္တိုရ်။

ပရာဘ၀သုတ်... နောက်ထပ် လေ့လာလိုပါလျှင်...

Monday, August 25, 2008

နကုလပိတုသုတ်-

နကုလပိတုသုတ်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠမည်သော တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ၌ နကုလပိတာသူ ကြွယ်သည် အနာရောဂါ ရှိ၏၊ ဆင်းရဲ၏၊ ပြင်းထန်စွာ မကျန်းမမာ ဖြစ်၏၊
ထိုအခါ နကုလမာတာ သူကြွယ်မသည် နကုလပိတာသူကြွယ်အား-

သူကြွယ် သင်သည် ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ မသေပါလင့်၊
ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ သေရခြင်းသည် ဆင်းရဲလှပါ၏၊
ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော် မူပါ၏။
သူကြွယ် သင့်အား နကုလမာတာသူကြွယ်မသည်
ငါ ကွယ်လွန်သောအခါ သားငယ် သမီးငယ်တို့ကို မွေးမြူရန် မစွမ်းနိုင်ရာ၊
အိမ်ထောင်မှုကို ကောင်းစွာ ထိန်းသိမ်းရန် မစွမ်းနိုင်ရာ ဟု အကြံ ဖြစ်တန်ရာပါ၏။

(၁)
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ၊
သူကြွယ် အကျွန်ုပ်သည် ဗိုင်းငင်ရန် (သိုးမွေးတို့ကို)ဖြေရှင်း သုတ်သင် အခင်း ပြုရန် တတ်ကျွမ်း လိမ္မာပါ၏။
သူကြွယ် အကျွန်ုပ်သည် သင် ကွယ်လွန်သောအခါ သားငယ် သမီးငယ်တို့ကို မွေးမြူရန် အိမ်ထောင်မှုကို ကောင်းစွာ ထိန်းသိမ်းရန် စွမ်းနိုင်ပါ၏။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ မသေပါလင့်၊
ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေရခြင်းသည် ဆင်းရဲလှပါ၏၊
ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။

(၂)
သူကြွယ် သင့်အား နကုလမာတာ သူကြွယ်မသည် ငါ ကွယ်လွန်သောအခါ အိမ်ထောင် တစ်ဆက်ပြုလိမ့်မည် ဟု အကြံ ဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။
သူကြွယ် တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး လူ၌ တည်သော မြတ်သော အကျင့် (ဂဟဋ္ဌက ဗြဟ္မစရိယ သီလ) ကို ကောင်းစွာ ကျင့်သုံး ပြီးပါပြီ၊
ထိုအရာကို အသင်လည်း သိပါ၏၊ အကျွန်ုပ်လည်းသိပါ၏၊
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ မသေပါလင့်၊
ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေရခြင်းသည် ဆင်းရဲလှပါ၏၊
ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။

(၃)
သူကြွယ် သင့်အား နကုလမာတာ သူကြွယ်မသည် ငါ ကွယ်လွန်သောအခါ မြတ်စွာဘုရားအား ဖူးမြော်လိုသူ ဖြစ်လိမ့်မည် မဟုတ်၊ ရဟန်း သံဃာအား ဖူးမြော်လိုသူ ဖြစ်လိမ့်မည် မဟုတ်ဟု အကြံ ဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ၊
သူကြွယ် အကျွန်ုပ်သည် သင် ကွယ်လွန်သောအခါ မြတ်စွာဘုရားအား သာ၍ ဖူးမြော်လိုသူ ဖြစ်ပါမည်၊
ရဟန်း သံဃာအား သာ၍ ဖူးမြော်လိုသူ ဖြစ်ပါမည်။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ မသေပါလင့်၊
ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေရခြင်းသည် ဆင်းရဲလှပါ၏၊
ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၃)

(၄)
သူကြွယ် သင့်အား နကုလမာတာသူကြွယ်မသည် ငါ ကွယ်လွန်သောအခါ သီလတို့၌ ဖြည့်ကျင့် ဆည်းပူးမှု ပြုလိမ့်မည် မဟုတ် ဟု အကြံ ဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။
သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့် ဖြစ်ကုန်သော သီလတို့၌ ဖြည့်ကျင့် ဆည်းပူးကြသည့် အ၀တ်ဖြူဝတ် လူဥပါသိကာမ ဟူသမျှတို့တွင် အကျွန်ုပ်သည် တစ်ဦး အပါအ၀င် ဖြစ်ပါ၏၊
(ဤအရာ၌) ယုံမှားမှု တွေးတောမှုရှိသူ ဖြစ်ခဲ့လျှင် ပူဇော်အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဤမြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ ပေးရာဖြစ်သည့် ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရား
ကို ချဉ်းကပ်၍ မေးလျှောက်နိုင်ပါ၏။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ မသေပါလင့်၊
ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေရခြင်းသည် ဆင်းရဲလှပါ၏၊
ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။

(၅)
သူကြွယ် သင့်အား နကုလမာတာ သူကြွယ်မသည် အတွင်းသန္တာန်၌ စိတ်၏ ငြိမ်းအေးမှု (သမာဓိကမ္မဋ္ဌာန်း) ကို ရရှိသူ မဟုတ် ဟု အကြံ ဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။
သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့် ဖြစ်ကုန်သော အတွင်းသန္တာန်၌ စိတ်၏ ငြိမ်းအေးမှု (သမာဓိကမ္မဋ္ဌာန်း) ကို ရရှိကြသည့် အ၀တ်ဖြူဝတ် လူဥပါသိကာမ ဟူသမျှတို့တွင် အကျွန်ုပ်သည် တစ်ဦး အပါအ၀င် ဖြစ်ပါ၏။ (ဤအရာ၌) ယုံမှားမှု တွေးတောမှု ရှိသူဖြစ်ခဲ့လျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဤမြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာဖြစ်သည့် ဘေသကဠတော၌ (သီတင်းသုံး)နေတော်မူ၏၊ ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ မေးလျှောက်နိုင်ပါ၏။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ မသေပါလင့်၊
ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေရခြင်းသည် ဆင်းရဲလှပါ၏၊
ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။

(၆)
သူကြွယ် သင့်အား နကုလမာတာသူကြွယ်မသည် ဤဓမ္မ၀ိနယ သာသနာ၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာကိုရသည် ၀ိစိကိစ္ဆာကို လွန်မြောက် သည် သို့လော သို့လော တွေးတောမှု ကင်းရှင်းသည် ရဲရင့်ခြင်းသို့ ရောက်သည် မြတ်စွာဘုရားမှတစ်ပါး အားထားရာ မရှိသည်ဖြစ်၍ မြတ်စွာဘုရား သာသနာတော် ၌ နေသူဟုတ် ဟူ၍ အကြံ ဖြစ်တန်ရာပါ၏။
သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။
သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့် ဖြစ်ကုန်သော ဓမ္မ၀ိနယ သာသနာ၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာကိုရသည် ၀ိစိကိစ္ဆာကို လွန်မြောက် သည် သို့လော သို့လော တွေးတောမှု ကင်းရှင်းသည် ရဲရင့်ခြင်းသို့ ရောက်သည် မြတ်စွာဘုရားမှ တစ်ပါး အားထားရာ မရှိသည် ဖြစ်၍ ဘုရားသာသနာတော်၌ နေကြသည့် အ၀တ်ဖြူဝတ် လူဥပါသိကာမ ဟူသမျှတို့တွင် အကျွန်ုပ်သည် တစ်ဦး
အပါအ၀င် ဖြစ်ပါ၏။ (ဤအရာ၌) ယုံမှားမှု တွေးတောမှု ရှိသူဖြစ်ခဲ့လျှင် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဤမြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာဖြစ်သည့် ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ ၏၊ ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ မေးလျှောက်နိုင်ပါ၏။
သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်း ရှိသည်ဖြစ်၍ သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်း ရှိသည် ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏ ဟု (ပြောဆို၏)။

(၇)
ထိုအခါ နကုလပိတာသူကြွယ်အား နကုလမာတာသူကြွယ်မက ဤသွန်သင်မှုဖြင့် သွန်သင်အပ်သည် ရှိသော် ထိုအနာသည် ခဏချင်း ငြိမ်းအေးလေ၏၊ နကုလပိတာသူကြွယ်သည် ထိုအနာမှ ထမြောက်၏၊ နကုလပိတာသူကြွယ်အား ထိုအနာသည် ထိုသို့သော အခြင်းအရာအားဖြင့် ပယ်ဖျောက် အပ်ပြီးသည် သာလျှင် ဖြစ်၏။
ထို့နောက် အနာမှ ထမြောက်ပြီးသည် ရှိသော် အနာ ပျောက်ကင်း၍ မကြာမြင့်မီ ပင်လျှင် တောင်ဝှေးကို ထောက်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာ ဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော နကုလပိတာသူကြွယ် အား မြတ်စွာဘုရားသည်သူကြွယ် သင့်အား နကုလမာတာသူကြွယ်မသည် အစဉ် စောင့်ရှောက်၏၊
အကျိုးစီးပွါးကို အလိုရှိ၏၊
သွန်သင်တတ်၏၊
ဆုံးမတတ်၏၊
သူကြွယ် သင့်အား အရတော်ပေစွ။
သင်သည် လူ့အဖြစ်ကိုကောင်းစွာ ရအပ်ပေစွ။
သူကြွယ် ငါ၏ တပည့် ဖြစ်ကုန်သော သီလတို့၌ ဖြည့်ကျင့် ဆည်းပူးကြသည့် အ၀တ်ဖြူဝတ် လူဥပါသိကာမ ဟူသမျှတို့တွင် နကုလမာတာသူကြွယ်မသည် တစ်ဦး အပါအ၀င် ဖြစ်၏။
သူကြွယ် ငါ၏ တပည့် ဖြစ်ကုန်သော အတွင်းသန္တာန်၌ စိတ်၏ ငြိမ်းအေးခြင်း (သမာဓိကမ္မဋ္ဌာန်း)ကို ရရှိကြသည့် အ၀တ်ဖြူဝတ် လူဥပါသိကာမ ဟူသမျှတို့တွင် နကုလမာတာ သူကြွယ်မသည် တစ်ဦး အပါအ၀င် ဖြစ်၏။
သူကြွယ် ငါ၏ တပည့် ဖြစ်ကုန်သော ဤဓမ္မ၀ိနယ သာသနာ၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာကိုရသည် ၀ိစိကိစ္ဆာကို လွန်မြောက်သည် သို့လော သို့လော တွေးတောမှု ကင်းရှင်းသည် ရဲရင့်ခြင်းသို့ ရောက်သည် မြတ်စွာဘုရား မှတစ်ပါး အားထားရာ မရှိသည် ဖြစ်၍ ဘုရားသာသနာ၌ နေကြသည့် အ၀တ်ဖြူဝတ် လူဥပါသိကာမ ဟူသမျှတို့တွင် နကုလမာတာသူကြွယ်မသည် တစ်ဦး အပါအ၀င် ဖြစ်၏။
သူကြွယ် သင့်အား နကုလမာတာသူကြွယ်မသည် အစဉ် စောင့်ရှောက်၏၊
အကျိုးစီးပွါးကို အလိုရှိ၏၊
သွန်သင်တတ်၏၊
ဆုံးမတတ်၏၊
သူကြွယ် သင့်အား အရတော်ပေစွ၊
သင်သည် လူ့အဖြစ်ကို ကောင်းစွာ ရအပ်ပေစွ ဟု (မိန့်တော်မူ၏)။

၆ - နကုလပိတုသုတ်၊ သာရဏီယ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

အ၀ကုဇ္ဇသုတ်- (မှောက်၍ထားသော)


အ၀ကုဇ္ဇသုတ်- (မှောက်၍ထားသော)

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။
အဘယ် သုံးမျိုး တို့နည်းဟူမူ-

၁။ မှောက်ထားသော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်လည်းကောင်း၊
၂။ ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ် လည်းကောင်း၊
၃။ ကြီးကျယ်သော ပညာရှိသော ပုဂ္ဂိုလ် လည်းကောင်း တို့တည်း။

၁...
ရဟန်းတို့ မှောက်ထားသော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ် ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် ရဟန်းတို့ထံ၌ တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးမသွင်း၊ အလယ်ကို လည်း နှလုံးမသွင်း၊ အဆုံးကိုလည်း နှလုံးမသွင်း၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်း။
ရဟန်းတို့ မှောက်ထားသော အိုး၌ လောင်းထည့် အပ်သော ရေသည် (ဘေးသို့ သာ) လျှောကျ၍ (အိုးထဲ၌) မတည် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် လောက၌ အချို့သောပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌ တရားနာရန် ကျောင်းသို့ မပြတ် သွား၏။ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရား ကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးမသွင်း၊ အလယ်ကိုလည်း နှလုံးမသွင်း၊ အဆုံးကိုလည်း နှလုံးမသွင်း၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံး ကို နှလုံးမသွင်း။
ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မှောက်ထားသောအိုးနှင့် တူသည့် ပညာရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

၂...
ရဟန်းတို့ ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ်သော
မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထိုတရားနာရာနေရာမှ ထသော်ကား ထိုတရား စကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်းမိ။
ရဟန်းတို့ ယောက်ျား၏ (ပုဆိုး)ခါးပိုက်အတွင်း၌ နှမ်း ဆန် ကတွတ်မုန့် ဆီးသီး စသော အထူးထူးသော ခဲဖွယ်များ ရောပြွမ်းလျက် ရှိကုန်၏။ ထိုသူသည် ထို နေရာမှ ထသော် သတိမေ့လျော့ခြင်းကြောင့် (ထိုခဲဖွယ်အားလုံးတို့ကို) ဖရိုဖရဲ ဖြန့်ကျဲလိုက်မိ သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌ တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊
ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရား ကို ဟောကုန်၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် တရားစကား၏ အစ ကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံး သွင်း၏၊ ထို နေရာမှ ထသော်ကား ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်းမိ။
ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ခါးပိုက်နှင့်တူသည့် ပညာရှိသောပုဂ္ဂိုလ်ဟု ဆိုအပ်၏။

၃...
ရဟန်းတို့ ကြီးကျယ်သည့် ပညာရှိသော ပုဂ္ဂိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌ တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ်သော
မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်လည်း ထိုတရား စကား၏ အစ အလယ် အဆုံးကို နှလုံးသွင်းမိ၏။
ရဟန်းတို့ လှန်ထားသောအိုး၌ လောင်းထည့်သော ရေသည် တည်နေ၍ မလျှော ကျသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့ သည် အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရား စကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်လည်း ထိုတရား စကား၏ အစ အလယ် အဆုံးကို နှလုံးသွင်းမိ၏။
ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကြီးကျယ်သည့် ပညာရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ထင်ရှားရှိကုန်၏ဟု(မိန့်တော်မူ၏)။

ပညာကင်းမဲ့၍ ဆင်ခြင်ဉာဏ်မရှိသော မှောက်ထားသော အိုးနှင့် တူသော ပညာရှိ သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံသို့ အကယ်၍ မပြတ်သွားရောက်စေကာမူ ထိုသို့ သော ပုဂ္ဂိုလ်သည် တရားစကား၏ အစကို လည်းကောင်း၊ အလယ်ကိုလည်း ကောင်း၊ အဆုံးကိုလည်းကောင်း မှတ်ယူရန် မစွမ်းနိုင်၊ ထိုပုဂ္ဂိုလ်အား ပညာဉာဏ် မရှိသည်သာတည်း။ ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ကို ထိုမှောက်ထား သော အိုးနှင့် တူသည့် ပညာရှိသော ပုဂ္ဂိုလ်ထက် မြတ်၏ဟု ဆိုအပ်၏၊

(ထိုပုဂ္ဂိုလ်သည်) ရဟန်းတို့ထံသို့ မပြတ် သွားရောက် စေကာမူ ထိုသို့သော ပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက်တရားစကား၏ အစကို လည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကိုလည်းကောင်း မှတ်ယူပြီး၍ နေရာ မှထသော်ကား သဒ္ဒါ ပုဒ် ဗျည်းကို အပြားအားဖြင့် မသိ၊ ထိုပုဂ္ဂိုလ်သည် နာယူပြီး တရားကိုလည်း မေ့လျော့၏။ ကြီးကျယ်သော ပညာရှိသည့် ပုဂ္ဂိုလ်ကို ထို ဆိုပြီး ပုဂ္ဂိုလ်တို့ထက် မြတ်၏ဟု ဆိုအပ်၏၊

ထို ဂုဏ်နှင့်ပြည့်စုံသော သူသည် ရဟန်းတို့ထံသို့ မပြတ်သွားရောက်သည် ဖြစ်အံ့။
တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကိုလည်း ကောင်း ထို နေရာ၌ နေလျက် မှတ်ယူပြီး၍ (နေရာမှ ထသော်လည်း) သဒ္ဒါ ပုဒ် ဗျည်းကို ဆောင်နိုင်၏၊ မြတ်သော အကြံအစည်ရှိသော ယုံမှားကင်းသော စိတ်ရှိ သော ထိုပုဂ္ဂိုလ်သည် လောကုတ္တရာ တရားအား လျော်သော အကျင့်ကို ကျင့်သည် ဖြစ်၍ ၀ဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင်ရာ၏။

၁၀ - အ၀ကုဇ္ဇသုတ်၊ ပုဂ္ဂလ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

အနုတပ္ပိယသုတ်- (နောင်တပူပန်စေတတ်သော)

အနုတပ္ပိယသုတ်- (နောင်တပူပန်စေတတ်သော)

အသျှင်သာရိပုတြာသည် ရဟန်းတို့ကို မိန့်ဆို၏-
ငါ့သျှင်တို့ အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား သေသည် ရှိသော် နောင်တ ပူပန်ရတတ်၏၊ ထိုထို အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။
ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တ ပူပန်ရတတ်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ...

အမှုသစ်၌ မွေ့လျော်၏၊
အမှုသစ်၌ ပျော်ပိုက်၏၊
အမှုသစ်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။
စကား ပြောခြင်း၌ မွေ့လျော်၏။
အိပ်ခြင်း၌ မွေ့လျော်၏။
အပေါင်းအဖော်၌ မွေ့လျော်၏။
နှီးနှောမှု (ငါးမျိုး)၌ မွေ့လျော်၏။
ချဲ့ထွင်မှု (ပပဉ္စတရား)၌ မွေ့လျော်၏၊
ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊
ချဲ့ထွင်မှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သေသည် ရှိသော် နောင်တ ပူပန်ရတတ်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို ထင်ရှားရှိသော ခန္ဓာငါးပါး (သက္ကာယ)၌ မွေ့လျော်သော ရဟန်း၊ ၀ဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန် သက္ကာယကို မစွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား သေသည်
ရှိသော် နောင်တ ပူပန်ခြင်း မရှိ၊ ထိုထို အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။
ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တ ပူပန်ရခြင်း မရှိသော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ...

အမှုသစ်၌ မမွေ့လျော်၊
အမှုသစ်၌ မပျော်ပိုက်၊
အမှုသစ်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။
စကားပြောခြင်း၌ မမွေ့လျော်။
အိပ်ခြင်း၌ မမွေ့လျော်။
အပေါင်းအဖော်၌ မမွေ့လျော်။
နှီးနှောမှု (ငါးမျိုး)၌ မမွေ့လျော်။
ချဲ့ထွင်မှု (ပပဉ္စတရား)၌ မမွေ့လျော်။
ချဲ့ထွင်မှု၌ မပျော်ပိုက်၊
ချဲ့ထွင်မှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တ ပူပန်ခြင်း မရှိသော အခြင်းအရာအားဖြင့် နေခြင်းကို ပြု၏။
ငါ့သျှင်တို့ ဤရဟန်းကို နိဗ္ဗာန်၌ မွေ့လျော်သော ရဟန်း၊ ၀ဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာပြုရန် သက္ကာယကို စွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏ ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ သားသမင်နှင့် တူသူသည် ချဲ့ထွင်မှု (ပပဉ္စတရား)၌ အဖန်ဖန် အားထုတ် သည်ဖြစ်၍ ချဲ့ထွင်မှု၌ မွေ့လျော်ရကား ယောဂ လေးပါးတို့ကုန်ရာ အတု မရှိသော နိဗ္ဗာန်ကို လွဲချော်စေ၏။
ချဲ့ထွင်မှု (ပပဉ္စတရား)ကို စွန့်၍ ချဲ့ထွင်မှု မရှိရာ နိဗ္ဗာန်၌ မွေ့လျော်သူသည် ယောဂ လေးပါး ကုန်ရာအတု မရှိသော နိဗ္ဗာန်ကို ပြည့်စုံစေ၏ ဟု (မိန့်ဆို၏)။

၅ - အနုတပ္ပိယသုတ်၊ သာရဏီယ၀ဂ်၊ အင်္ဂုတ္တိုရ်။

ပပဉ္စတရား= သံသရာကို ချဲ့တတ်သောတရား= တဏှာ မာန ဒိဋ္ဌိ။

Sunday, August 24, 2008

မဏ္ဍူကဒေ၀ပုတ္တ၀ိမာန၀တ္ထု-

မဏ္ဍူကဒေ၀ပုတ္တ၀ိမာန၀တ္ထု-




မဏ္ဍူကဒေ၀ပုတ္တ၀ိမာန၀တ္ထု၊

ရေကန်၌ ဖါးသတ္တ၀ါဖြစ်စဉ် တနေ့သ၌ ဘုရားတရားတော်ကို နာယူခိုက် နွားကျောင်းသား၏ လက်ချက်ဖြင့် အသက်ဆုံး၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော အရောင်အ၀ါ ပြည့်စုံစွာ ဖြစ်လာရသော နတ်သားအကြောင်း။

တန်ခိုးအားဖြင့် လည်းကောင်း အခြံအရံ အကျော်အစောအားဖြင့် လည်းကောင်း ထွန်းလင်းတောက်ပလျက် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် ငါ၏ ခြေတော်တို့ကို ရှိခိုးသောသူကား အဘယ်သူပါနည်း (ဟုမြတ်စွာဘုရားက မေးတော်မူ၏)။

အကျွန်ုပ်သည် ရှေးဘ၀က ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားသော ဖားသတ္တ၀ါ ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရား၏ တရားတော်ကို နာနေစဉ် နွားကျောင်းသားသည် အကျွန်ုပ်ကို သေစေခဲ့ပါ၏။

တစ်ခဏမျှ စိတ်ကြည်ညိုခြင်း၏ အကြောင်းကြောင့်ဖြစ်သော အကျွန်ုပ်၏ ပြည့်စုံ ခြင်းကိုလည်းကောင်း အခြံအရံများခြင်းကို လည်းလောင်း ရှုတော်မူပါလော့၊
အကျွန်ုပ်၏ အာနုဘော်ကိုလည်း ရှုတော်မူပါလော့၊
အကျွန်ုပ်၏ ကိုယ်ရေအဆင်းကို လည်းကောင်း၊
အရောင်အ၀ါကို လည်းကောင်း ရှုတော်မူပါလော့။

ဂေါတမနွယ်ဖွား မြတ်စွာဘုရား တရားတော်ကို ရှည်ကြာစွာသော ကာလပတ်လုံး နာကုန်သော သတ္တ၀ါတို့သည်ကား စိုးရိမ်ပူပန်ခြင်း မရှိရာဖြစ်သော မတုန်လှုပ် သော (နိဗ္ဗာန်) အရပ်သို့ (မချွတ်) ရောက်ကြရကုန်သည်သာတည်း (ဟု ဖြေကြား ၏)။

၁ - မဏ္ဍူကဒေ၀ပုတ္တ၀ိမာန၀တ္ထု၊ မဟာရထ၀ဂ်၊ ၀ိမာန၀တ္ထုပါဠိတော်။

Saturday, August 23, 2008

မိတ္တသုတ်-


မိတ္တသုတ်-

ရဟန်းတို့ သင်တို့သည် အစဉ်သနား စောင့်ရှောက်ထိုက်ကုန်သော
မိမိစကားကို နာယူလိမ့်မည်ဟု မှတ်ထင်ရကုန်သော
မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့အား
သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများရန် ဆောက်တည်စေအပ်ကုန်၏၊
သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏။

အဘယ်လေးးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...
ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု ရှုကာ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် {သမ္ပဇဉ်}၊ အောက်မေ့မှု {သတိ} ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

ဝေဒနာတို့၌ ဝေဒနာဟု ရှုကာ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် {သမ္ပဇဉ်}၊ အောက်မေ့မှု {သတိ} ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

စိတ်အပေါင်း၌ စိတ်ဟု ရှုကာ ပြင်းစွာ အားထုတ်လျက် ဆင်ခြင်ဉာဏ် {သမ္ပဇဉ်}၊ အောက်မေ့မှု {သတိ} ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

သဘောတရားတို့၌ သဘောတရားတို့ဟု ရှုကာ ပြင်းစွာ အားထုတ်လျက် ဆင်ခြင် ဉာဏ် {သမ္ပဇဉ်}၊ အောက်မေ့မှု {သတိ} ရှိ၍ လောက၌ အဘိဇ္ဈာ ဒေါမနဿကို ပယ်ဖျောက်၍ နေ၏။

ရဟန်းတို့ ဤအကျင့် {သိက္ခာ}၏ အားနည်းကြောင်း ငါးမျိုးတို့ကို ပယ်ရန် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများအပ်ကုန်၏ ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ သင်တို့သည် အစဉ်သနား စောင့်ရှောက်ထိုက်ကုန်သော မိမိစကားကို နာယူလိမ့်မည်ဟု မှတ်ထင်ရကုန်သော မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့အား ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများရန် ဆောက်တည် စေအပ်ကုန်၏၊
သွင်းထားအပ်ကုန်၏၊ တည်စေအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

မိတ္တသုတ်၊ အမတ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

Friday, August 22, 2008

သတိပဋ္ဌာန်

အနုပုဗ္ဗနိရောဓသုတ်-(အစဉ်အတိုင်း ချုပ်ခြင်း)


အနုပုဗ္ဗနိရောဓသုတ်-

ရဟန်းတို့ အစဉ်အတိုင်း ချုပ်ခြင်းတို့သည် ဤကိုးမျိုးတို့တည်း။
အဘယ်ကိုးမျိုးတို့နည်းဟူမူ -

၁။ ပဌမဈာန်ကို ၀င်စားသော ပုဂ္ဂိုလ်အား ကာမသညာသည် ချုပ်၏၊
၂။ ဒုတိယဈာန်ကို ၀င်စားသော ပုဂ္ဂိုလ်အား ၀ိတက် ၀ိစာရတို့သည် ချုပ်ကုန်၏၊
၃။ တတိယဈာန်ကို ၀င်စားသော ပုဂ္ဂိုလ်အား နှစ်သိမ့်မှု ပီတိ သည် ချုပ်၏၊
၎။ စတုတ္ထဈာန်ကို ၀င်စားသော ပုဂ္ဂိုလ်အား ထွက်သက် ၀င်သက်တို့သည် ချုပ်ကုန်၏၊
၅။ အာကာသာနဉ္စာယတနဈာန်ကို ၀င်စားသော ပုဂ္ဂိုလ်အား ရူပသညာသည် ချုပ်၏၊
၆။ ၀ိညာဏဉ္စာယတနဈာန်ကို ၀င်စားသော ပုဂ္ဂိုလ်အား အာကာသာနဉ္စာယတန သညာသည် ချုပ်၏၊
၇။ အာကိဉ္စညာယတနဈာန်ကို ၀င်စားသော ပုဂ္ဂိုလ်အား ၀ိညာဏဉ္စာယတနသညာ သည် ချုပ်၏၊
၈။ နေ၀သညာနာသညာယတနဈာန်ကို ၀င်စားသော ပုဂ္ဂိုလ်အား အာကိဉ္စညာ ယတနသညာသည် ချုပ်၏၊
၉။ သညာ ဝေဒနာတို့ ချုပ်ရာ နိရောဓသမာပတ်ကို ၀င်စားသော ပုဂ္ဂိုလ်အား သညာသည် လည်းကောင်း၊ ဝေဒနာသည် လည်းကောင်းချုပ်၏။

ရဟန်းတို့ အစဉ်အတိုင်း ချုပ်ခြင်းတို့သည် ဤကိုးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။
၁၁ - အနုပုဗ္ဗနိရောဓသုတ်၊ သတ္တာဝါသ၀ဂ်၊ အင်္ဂုတ္ထိရ်ပါဠိတော်။

စောရသုတ်- (သူခိုး)

စောရသုတ်- (သူခိုး)

ရဟန်းတို့ အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် လျင်စွာ ပျက်စီးရ၏၊
ကြာရှည်စွာမတည်နိုင်။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁။ မရိုက်နှက် မပုတ်ခတ်သင့်သူကို ရိုက်နှက် ပုတ်ခတ်၏၊
၂။ အကြွင်းမဲ့ယူ၏၊(အကုန်ယူ၏)။
၃။ မိန်းမကို သတ်၏။
၎။ သတို့သမီးကို ဖျက်ဆီး၏။
၅။ ရှင်ရဟန်းကို လုယက်၏။
၆။ မင်းဘဏ္ဍာတိုက်ကို လုယက်၏။
၇။ အလွန်နီးရာ၌ ခိုးမှုကို ပြု၏။
၈။ သိုမှီး သိမ်းဆည်းမှု၌ မလိမ္မာ။
ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် လျင်စွာ ပျက်စီးရ၏၊
ကြာရှည်စွာ မတည်နိုင်။

ရဟန်းတို့ အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် လျင်စွာ မပျက်စီး၊
ကြာရှည်စွာ တည်နိုင်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁။ မရိုက်နှက် မပုတ်ခတ်သင့်သူကို မရိုက်နှက် မပုတ်ခတ်
၂။ အကြွင်းမဲ့ မယူ။ (အကုန်မယူ)။
၃။ မိန်းမကို မသတ်။
၎။သတို့သမီးကို မဖျက်ဆီး။
၅။ ရှင်ရဟန်းကို မလုယက်။
၆။ မင်းဘဏ္ဍာတိုက်ကို မလုယက်။
၇။ အလွန် နီးရာ၌ ခိုးမှုကို မပြု။
၈။ သိုမှီး သိမ်းဆည်းမှု၌ လိမ္မာ၏။
ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ခိုးသူကြီးသည် လျင်စွာ မပျက်စီး၊
ကြာရှည်စွာ တည်နိုင်၏ ဟု (မိန့်တော်မူ၏)။

၎ - စောရသုတ်၊ သတိဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Thursday, August 21, 2008

သီလရှိသူ၏ အကျိုး ၅-ပါး


သီလရှိသူ၏ အကျိုး ၅-ပါး

စည်းစိမ်ရလျှင်း၊ သတင်းကောင်းပြန့်၊
မရွံ့ပရိသာ၊ သေခါမတွေ၊
သေရွာနတ်လား၊ ကျိုးငါးပါး၊ မှတ်သားသီလ၀န္တ။

မူရင်းအတိုင်း ဖတ်ကြရအောင်...

သီလရှိသူ၏ အကျိုး
ဥပါသကာတို့ သီလရှိသူ၏ သီလပြည့်စုံခြင်း၌ ဤငါးပါးသော အကျိုး အာနိသင် တို့သည် ရှိကုန်၏။

အဘယ်ငါးပါးတို့နည်းဟူမူ-
ဥပါသကာတို့ ဤလောက၌ သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မမေ့ လျော့ခြင်းကြောင့် များစွာသော စည်းစိမ်အစုကို ရ၏၊ ဤကား သီလရှိသူ၏ သီလ နှင့်ပြည့်စုံခြင်း၌ ရှေးဦးစွာသော အကျိုး {အာနိသင်} ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူ၏ ကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ ထွက်၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ နှစ်ခုမြောက်အကျိုး {အာနိသင်} ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် မင်းပရိသတ် ရဟန်းပရိသတ် ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့ရသော် မကြောက်မရွံ့ မျက်နှာ မညှိုးငယ်ဘဲ ချဉ်းကပ်ရ၏၊ ၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ သုံးခုမြောက် အကျိုး{အာနိသင်} ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့် ပြည့်စုံသော သူသည် တွေဝေခြင်းမရှိဘဲ သေရ၏၊ ဤကား သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ လေးခု မြောက် အကျိုး {အာနိသင်} ပေတည်း။

ဥပါသကာတို့ တစ်ဖန် ထို့ပြင်လည်း သီလရှိသော သီလနှင့်ပြည့်စုံသော သူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ရ၏၊ ဤကား သီလရှိသူ၏ သီလနှင့် ပြည့်စုံခြင်း၌ ငါးခုမြောက် အကျိုး {အာနိသင်} ပေတည်း။

ဥပါသကာတို့ သီလရှိသူ၏ သီလနှင့်ပြည့်စုံခြင်း၌ အကျိုး {အာနိသင်} တို့သည် ဤငါးပါးတို့ပေတည်း ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ကို ကြာမြင့်စွာ ညဥ့်အချိန်ပတ်လုံး (ညဥ့်နက်သည်တိုင်အောင်)တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် (တရားကို) ဆောက်တည် စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးလျှင် {{ဥပါသကာတို့ ညဥ့်ဦးယံ လွန်လေပြီ၊ ယခုအခါ၌ သွားရန် အချိန်ကို သင်တို့သိကုန်၏ (သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်၏)}} ဟု ပြန်လွှတ်တော်မူ၏။

{{အသျှင်ဘုရား ကောင်းပါပြီ}}ဟု ပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာ ဘုရားအား ၀န်ခံပြီးလျှင်နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြု ၍ ပြန်သွားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ ပြန်သွား၍ မကြာမြင့်မီ ဆိတ်ငြိမ်ရာသို့ ၀င်တော်မူ၏။

မဟာပရိနိဗ္ဗာနသုတ်-မှ၊ မဟာဝဂ်ပါဠိတော်။

သီလအကျင့်ပျက်စီးသော ပုဂ္ဂိုလ်-

ဘာကြောင့်သီလခေါ်


သစ်ပင်၌ စိတ်ရှိသည် ဆိုခဲ့သော်-






ရုက္ခအစေတနာဘာဝပဥှာ-

(သစ်ပင်တို့ စိတ်စေတနာမရှိသည့်အဖြစ် ပြဿနာ)
အသျှင်ဘုရားနာဂသေန- {{ပုဏ္ဏား သင်သည်သိသောသူ ဖြစ်ပါလျက် စိတ် စေတ နာ မရှိသော၊ ကြားလည်း မကြားတတ်သော၊ သိလည်း မသိတတ်သော ဤ ပေါက်ပင်ကို ၀ီရိယစိုက်ထုတ်၍ အမြဲ မမေ့မလျော့ ချမ်းသာစွာ အိပ်ရပါသလောဟု အဘယ့်ကြောင့် မေးရပါသနည်း}} ဟု ဤစကားတော်ကိုလည်း မြတ်စွာဘုရား ဟောတော်မူအပ်ပါ၏။

တစ်ဖန်လည်း- {{ကြို့ပင်သည်လည်း ထိုခဏ၌ပင် ဘာရဒွါဇပုဏ္ဏား ငါ့အားလည်း စကားပြောရန် ရှိပါသေး၏၊ ငါ၏ စကားကို နားထောင်ပါလော့ဟု ပြောဆို၏}} ဟု ဟောတော်မူခဲ့ ပြန်၏။

အသျှင်ဘုရားနာဂသေန သစ်ပင်သည် အကယ်၍ စိတ်စေတနာမရှိအံ့၊ ထိုသို့ ဖြစ်ပါမူ ကြို့ပင်သည် ဘာရဒွါဇပုဏ္ဏားနှင့်အတူ စကားပြော၏ ဟူသော စကား သည် မှားရာ၏။

ကြို့ပင်သည် ဘာရဒွါဇပုဏ္ဏားနှင့်အတူ အကယ်၍ စကားပြောသည် ဖြစ်အံ့၊ ထိုသို့ ဖြစ်ပါမူ သစ်ပင်သည် စိတ်စေတနာ မရှိဟူသော ထိုစကားသည် မှားရာ၏။

အစွန်းနှစ်ဖက်ထွက်သော ဤပြဿနာသည်လည်း အသျှင်ဘုရားထံသို့ အစဉ် ရောက်ပါ၏၊ အသျှင်ဘုရားသည် ထိုပြဿနာကို ဖြေရှင်းတော်မူပါလော့ဟု (လျှောက်၏)။

မင်းမြတ် ...
{{သစ်ပင်သည် စိတ်စေတနာ မရှိ}} ဟု မြတ်စွာဘုရားသည် ဤစကားကိုလည်း ဟောတော်မူအပ်၏၊
ကြို့ပင်သည်လည်း ဘာရဒွါဇပုဏ္ဏားနှင့်အတူ စကားပြော၏၊ ထိုကြို့ပင်က ပြော၏ ဟူသော စကားကိုလည်း လောကပညတ်အားဖြင့်သာ ဆိုအပ်၏။

မင်းမြတ် စိတ်စေတနာ မရှိသော သစ်ပင်အား စကားပြောခြင်းမည်သည် မရှိ၊ မင်းမြတ် စင်စစ်သော်ကား သစ်ပင်ဟူသော ဤအမည်သည် ထိုသစ်ပင်၌ စောင့် သော နတ်၏အမည်တည်း၊ သစ်ပင်သည် စကားပြော၏ဟူသော ဤစကားကား လောကပညတ်တည်း။

မင်းမြတ် ဥပမာအားဖြင့် စပါးဖြင့် ပြည့်သော လှည်းကို စပါးလှည်းဟူ၍ လူအပေါင်းသည် ခေါ်ဝေါ်၏၊ စင်စစ်သော်ကား ထိုလှည်းသည် စပါးဖြင့် ပြုလုပ်ထားသော လှည်းမဟုတ်၊ သစ်သားဖြင့် ပြုလုပ်ထားသော လှည်းတည်း၊ ထို(သစ်သားဖြင့် ပြီးသော)လှည်း၌ စပါးကို လောင်းသည့်အဖြစ်ကြောင့် စပါးလှည်း ဟူ၍ လူအပေါင်းက ခေါ်ဝေါ်၏။

မင်းမြတ် ဤအတူသာလျှင် သစ်ပင်သည်စကားမပြော၊ သစ်ပင်သည် စိတ်စေတ နာ မရှိ၊ ထိုသစ်ပင်၌ စောင့်သော အကြင်နတ်သည် ရှိ၏၊ သစ်ပင်ဟူသော အမည် သည် ထိုနတ်၏ အမည်သာတည်း၊ ထို့ပြင် သစ်ပင် စကားပြော၏ဟူသော စကားသည် လောကပညတ်တည်း။

မင်းမြတ် ဥပမာ တစ်နည်းသော်ကား နို့ဓမ်းကို မွှေနှောက်သော် ရက်တက်ကို မွှေနှောက်၏ဟု ခေါ်ဝေါ်၏၊ ထိုသူသည် အကြင်နို့ဓမ်းကို မွှေနှောက်၏၊ ထိုမွှေ နှောက်သော နို့ဓမ်းသည် ရက်တက်မဟုတ်၊ ထိုသူသည် နို့ဓမ်းကိုသာလျှင် မွှေနှောက်သော် ရက်တက်ကို မွှေနှောက်၏ဟု ခေါ်ဝေါ်၏။

မင်းမြတ် ဤအတူသာလျှင် သစ်ပင်သည် စကားမပြော၊ သစ်ပင်သည် စိတ်စေတ နာ မရှိ၊ ထိုသစ်ပင်၌ စောင့်သော အကြင်နတ်သည် ရှိ၏၊ သစ်ပင်ဟူသော အမည်သည် ထိုသစ်ပင်စောင့်နတ်၏ အမည်သာတည်း၊ သစ်ပင် စကားပြော၏ ဟူသော ဤစကားသည် လောကပညတ်တည်း။

မင်းမြတ် ဥပမာ တစ်နည်းသော်ကား ထင်ရှားမရှိသော ယုန်ချိုစသည်ကို ပြီးစေ လိုသော သူသည် ထင်ရှားရှိသည်ကို ငါပြီးစေ၏ဟု ခေါ်ဝေါ်၏၊ မပြီးသည်ကို ပြီး၏ဟု ခေါ်ဝေါ်၏၊ ဤသို့လျှင် ဤစကားကို လူတို့သည် သမုတ်အပ်၏။

မင်းမြတ် ဤအတူသာလျှင် သစ်ပင်သည် စကားမပြော၊ သစ်ပင်သည် စိတ်စေတ နာ မရှိ၊ ထိုသစ်ပင်၌ စောင့်သော အကြင်နတ်သည် ရှိ၏၊ ထိုသစ်ပင်ဟူသော အမည်သည် နတ်၏ အမည်သာတည်း၊ သစ်ပင် စကားပြော၏ဟူသော ဤစကားသည် လောက ပညတ်တည်း။

မင်းမြတ် လောကသည် သမုတ်အပ်သော အကြင် ပညတ်ဖြင့် လူအပေါင်းသည် ခေါ်ဝေါ်၏၊ မြတ်စွာဘုရားသည်လည်း ထိုလောက သမုတ်အပ်သော ပညတ်အား ဖြင့်သာလျှင် သတ္တ၀ါတို့အား တရားဒေသနာကို ဟောတော်မူ၏ဟု (မိန့်တော်မူ၏)

အသျှင်ဘုရားနာဂသေန ကောင်းလှပါ၏၊
ဤသို့လျှင် ဤစကားကို ထိုသို့ ဆိုတော်မူတိုင်း ၀န်ခံပါ၏ဟု (လျှောက်၏)။ ။

၅ - ရုက္ခအစေတနာဘာဝပဥှာ၊ ပဏာမိတ၀ဂ်၊ မိလိန္ဒပဉှာ။

ဒုက္ခ၀ိဟာရသုတ်-

ဒုက္ခ၀ိဟာရသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်...

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘ၀၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက် စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘ၀သို့သာ ရောက်လိမ့် မည်ဟု မျှော်လင့်အပ်၏။

အဘယ် နှစ်ပါးတို့နည်းဟူမူ...

ဣနြေ္ဒတို့၌ ပိတ်ဆို့မထားသော တံခါးရှိသည်၏ အဖြစ်နှင့် လည်းကောင်း၊
စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည် မသိသည်၏ အဖြစ်နှင့် လည်းကောင်းတည်း။

ရဟန်းတို့
ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသောရဟန်းသည် ယခုဘ၀၌ပင် ပင်ပန်းခြင်းပြင်းစွာ ပင်ပန်းခြင်း ပူလောင်ခြင်းရှိသည် ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ မကောင်းသောလားရာ ဒုဂ္ဂတိဘ၀သို့သာ ရောက်လိမ့်မည် ဟု မျှော်လင့်အပ်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌
ဤအနက် သဘောကို ...
{{အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာ ကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ပိတ်ဆို့မထား၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို မသိ၊ ဣနြေ္ဒတို့၌ မစောင့် ရှောက်၊ ထိုရဟန်းသည် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဟူသော ဆင်းရဲကိုရ၏။

ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌ လည်းကောင်း၊ ညဥ့်၌ လည်းကောင်း ပူလောင်သော ကိုယ်ပူလောင်သော စိတ်ဖြင့် ဆင်းရဲစွာနေရ၏}}ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၁ - ဒုက္ခ၀ိဟာရသုတ်၊ အဌမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ဒါနသုတ်-

ဒါနသုတ်-

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရား ဟောတော်မူ၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သတ္တ၀ါတို့သည် လှူဒါန်းခြင်း၏ အကျိုးကို
ငါဘုရားသိသကဲ့သို့ သိကြကုန်မူ မပေးလှူဘဲ မစားကုန်ရာ။

ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည်
ထိုသူ၏စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ မတည်နိုင်ရာ။

အလှူခံ ပုဂ္ဂိုလ်ရှိကုန်မူ ...
ထိုသူတို့သည် နောက်ဆုံးဖြစ်သော ထမင်းလုတ် ထမင်းဆုပ်မှသော်လည်း
မခွဲခြမ်း မဝေဖန်မူ၍ မစားကုန်ရာ။

ရဟန်းတို့ သတ္တ၀ါတို့သည် လှူဒါန်းဝေဖန်ခြင်း၏အကျိုးကို
ငါဘုရားသိသကဲ့သို့ မသိကုန်သောကြောင့်သာ မပေးလှူဘဲ စားကြကုန်၏။

ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည်
ထိုသူ၏ စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ တည်လေ၏ ဟု
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌
ဤအနက်သဘောကို -
{{ခွဲခြမ်းဝေဖန်မှုသည် ဤသို့ ကြီးသော အကျိုးရှိ၏ဟု ခွဲခြမ်းဝေဖန်မှု၏ အကျိုးကို မြတ်စွာဘုရား ဟောတော်မူသည့် အတိုင်း အကယ်၍ သိကြကုန်မူ ၀န်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ် အညစ်အကြေးကို ပယ်ဖျောက်၍ အထူးကြည်လင်သော စိတ်ဖြင့် အကြင် အရိယာပုဂ္ဂိုလ်တို့၌ ပေးလှူသော အလှူသည် အကျိုးကြီး၏။

ထိုအရိယာပုဂ္ဂိုလ်တို့၌ လျောက်ပတ်သောအခါ ပေးလှူကုန်ရာ၏။ လူများစွာအား ထမင်းကို လည်းကောင်း၊ မြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ မြတ်သော အလှူကို လည်းကောင်း ပေးလှူသောကြောင့် အလှူဒါယကာတို့သည် ဤလူ၏ အဖြစ်မှ သေသည်ရှိသော် နတ်ပြည်သို့ လားရောက်ကြရကုန်၏။

နတ်ပြည်၌ ရောက်ကြကုန်သော ထိုသတ္တ၀ါတို့သည် ထိုနတ်ပြည်၌ အလိုရှိအပ် သော ကာမဂုဏ် တို့နှင့် ပြည့်စုံကုန်သည် ဖြစ်၍ ၀မ်းမြောက်ကြရကုန်၏။ ၀န်တိုမှု မရှိသူတို့သည် ခွဲခြမ်း ဝေဖန်ခြင်း အကျိုးကို ခံစားကြရကုန်၏}} ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၆ - ဒါနသုတ်၊ တတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ဒါနသုတ် နောက်ထပ် လေ့လာလိုပါလျှင်...

Wednesday, August 20, 2008

ဧတဒဂ္ဂ၀ဂ်- (အမြတ်ဆုံး)

အမြတ်ဆုံး ဧတဒဂ်ရ ပုဂ္ဂိုလ်များ


ဧတဒဂ္ဂ၀ဂ်- (အမြတ်ဆုံး)

၁ - ပဌမ၀ဂ် (ပထမအစု)

၁။ ရဟန်းတို့ ညဥ့်တို့ကိုသိကုန် {ရဟန်းဝါရင့်ကုန်}သော ငါ၏တပည့် ရဟန်းတို့ တွင် အကြင် အညာသိကောဏ္ဍညသည် ရှိ၏၊ ထို အညာသိကောဏ္ဍညသည် အမြတ်ဆုံးပေတည်း။
၂။ ကြီးမြတ်သော ပညာနှင့်ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာရိပုတြာသည် ရှိ၏၊ ထို သာရိပုတြာသည် အမြတ်ဆုံးပေတည်း။
၃။ တန်ခိုးနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာမောဂ္ဂ လာန်သည်ရှိ၏၊ ထို မဟာမောဂ္ဂလာန်သည် အမြတ်ဆုံးပေတည်း။
၎။ ဓုတဂုဏ် ဓုတ၀ါဒဂုဏ်နှင့်ပြည့်စုံသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကဿပသည် ရှိ၏၊ ထို မဟာကဿပသည် အမြတ်ဆုံးပေတည်း။
၅။ ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အနုရုဒ္ဓါ သည် ရှိ၏၊ ထိုအနုရုဒ္ဓါသည် အမြတ်ဆုံးပေတည်း။
၆။ မြတ်သော အမျိုး၌ ဖြစ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကာဠိဂေါဓာ အမည်ရှိသော သာကီဝင် မင်းသမီး၏သား အကြင် ဘဒ္ဒိယသည် ရှိ၏၊ ထို ဘဒ္ဒိယ သည် အမြတ်ဆုံးပေတည်း။
၇။ သာယာသော အသံရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် လကုဏ္ဍ က ဘဒ္ဒိယသည် ရှိ၏၊ ထို လကုဏ္ဍကဘဒ္ဒိယသည် အမြတ်ဆုံးပေတည်း။
၈။ ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ကျုံးဝါးမြွက်ဆိုနိုင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိဏ္ဍောလဘာရဒွါဇသည် ရှိ၏၊ ထို ပိဏ္ဍောလဘာရဒွါဇသည် အမြတ်ဆုံး ပေတည်း။
၉။ တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မန္တာဏီပုဏ္ဏေးမ၏သား အကြင် ပုဏ္ဏသည် ရှိ၏၊ ထို ပုဏ္ဏသည် အမြတ်ဆုံးပေတည်း။
၁၀။ အကျဉ်းအားဖြင့် ဟောအပ်သော တရားတော်၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်တတ်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကစ္စာနသည် ရှိ၏၊ ထို မဟာကစ္စာနသည် အမြတ်ဆုံးပေတည်း ဟု (မိန့်တော်မူ၏)။

ပဌမ၀ဂ် ပြီး၏။
ဧတဒဂ္ဂ၀ဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်။
..................................................

၁။ ရဟန်းဘ၀ဖြင့် နေခဲ့သောညဥ့်တရားရပြီး သေက္ခဘ၀ ရဟန္တာဘ၀နေခဲ့သော ညဥ့်တို့ကို သိကုန် ရေတွက်မှတ်သားမိကုန်သောဟု ဆိုလိုသည်။
၂။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ခြင်းသည် ဓုတဂုဏ်။
၃။ ဓူတင်အကျင့်ဖြင့် ကိလေသာကို ခါထုတ်ဖျက်ဆီးရန် ဟောပြောခြင်းသည် ဓုတ၀ါဒမည်၏။

..................................................

၂ - ဒုတိယ၀ဂ်

၁။ ရဟန်းတို့ စိတ်ဖြင့်ပြီးသော ကိုယ်ကို ဖန်ဆင်းတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေ တည်း။
၂။ ရူပါဝစရဈာန်အရာ၌ ကျွမ်းကျင် လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် စူဠပန္ထကသည် ရှိ၏၊ ထို စူဠပန္ထကသည် အမြတ်ဆုံးပေတည်း။
၃။ အရူပါဝစရဈာန်အရာ၌ ကျွမ်းကျင် လိမ္မာကုန်သော ငါ၏တပည့် ရဟန်းတို့ တွင် အကြင် မဟာပန္ထကသည် ရှိ၏၊ ထို မဟာပန္ထကသည် အမြတ်ဆုံးပေတည်း။
၎။ ကိလေသာကင်းသော နေခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ ထို သုဘူတိသည် အမြတ်ဆုံးပေတည်း။
၅။ မြတ်သော အလှူကို ခံထိုက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သုဘူတိသည် ရှိ၏။ ထို သုဘူတိသည် အမြတ်ဆုံးပေတည်း။
၆။ တောကျောင်း၌ နေကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ခဒိရ၀နိယ ရေ၀တသည် ရှိ၏၊ ထို ခဒိရ၀နိယရေ၀တသည် အမြတ်ဆုံးပေတည်း။
၇။ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကင်္ခါရေ၀တ သည် ရှိ၏၊ ထို ကင်္ခါရေ၀တသည် အမြတ်ဆုံးပေတည်း။
၈။ ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကောဠိဝိသ အနွယ်၌ ဖြစ်သော အကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေ တည်း။
၉။ ချိုသာသော စကားကို ပြောဆိုတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ကုဋိကဏ္ဏ အမည်ရသော-၁- အကြင် သောဏသည် ရှိ၏၊ ထို သောဏသည် အမြတ်ဆုံးပေတည်း။
၁၀။ လာဘ်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သီဝလိသည် ရှိ၏၊ ထိုသီဝလိသည် အမြတ်ဆုံးပေတည်း။
၁၁။ သဒ္ဓါတရား အားကြီးကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ၀က္ကလိ သည် ရှိ၏၊ ထို ၀က္ကလိသည် အမြတ်ဆုံးပေတည်း။
ဒုတိယ၀ဂ် ပြီး၏။
ဧတဒဂ္ဂ၀ဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်။

၁။ လူဖြစ်စဉ်က တစ်ကုဋေတန်သော နားတန်ဆာကို ၀တ်ဆင်သောကြောင့် ဤအမည်ကို ရသည်။

..................................................

၃ - တတိယ၀ဂ်

၁။ ရဟန်းတို့ အကျင့်သိက္ခာကို လိုလားကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရာဟုလာသည် ရှိ၏။ ထို ရာဟုလာသည် အမြတ်ဆုံးပေတည်း။
၂။ သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ရဋ္ဌပါလ သည် ရှိ၏။ ထို ရဋ္ဌပါလသည် အမြတ်ဆုံးပေတည်း။
၃။ စာရေးတံမဲကို ပဌမရယူတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ကုဏ္ဍဓာနသည် ရှိ၏။ ထို ကုဏ္ဍဓာနသည် အမြတ်ဆုံးပေတည်း။
၎။ ဆန်းကြယ်သော ဉာဏ် {ပဋိဘာန်} ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ၀င်္ဂီသသည် ရှိ၏။ ထို ၀င်္ဂီသသည် အမြတ်ဆုံးပေတည်း။
၅။ ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိကုန်သော ငါ၏တပည့်ရဟန်းတို့တွင် ၀င်္ဂန္တပုဏ္ဏား ၏သား အကြင် ဥပသေနသည် ရှိ၏။ ထို ဥပသေနသည် အမြတ်ဆုံးပေတည်း။
၆။ ကျောင်းအိပ်ရာနေရာ ခင်းကျင်းစီမံတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် မလ္လာမင်း၏သား အကြင် ဒဗ္ဗသည် ရှိ၏၊ ထို ဒဗ္ဗသည် အမြတ်ဆုံးပေတည်း။
၇။ နတ်တို့ ချစ်ခင်မြတ်နိုးအပ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ပိလိန္ဒ၀စ္ဆသည် ရှိ၏၊ ထို ပိလိန္ဒ၀စ္ဆသည် အမြတ်ဆုံးပေတည်း။
၈။ လျင်မြန်စွာရသော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် ဗာဟိယတိုင်းသား အကြင် ဒါရုစီရိယသည် ရှိ၏၊ ထို ဒါရုစီရိယသည် အမြတ်ဆုံး ပေတည်း။
၉။ ဆန်းကြယ်စွာ တရားဟောပြော တတ်ကုန်သော ငါ၏ တပည့် ရဟန်းတို့တွင် အကြင်ကုမာရကဿပသည် ရှိ၏၊ ထို ကုမာရကဿပသည် အမြတ်ဆုံးပေတည်း။
၂၁၈။ ပဋိသမ္ဘိဒါလေးပါးသို့ ရောက်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကောဋ္ဌိကသည် ရှိ၏၊ ထို မဟာကောဋ္ဌိကသည် အမြတ်ဆုံးပေတည်း။

တတိယ၀ဂ် ပြီး၏။
ဧတဒဂ္ဂ၀ဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်။

..................................................

၎ - စတုတ္ထ၀ဂ်

၁။ ရဟန်းတို့ အကြားအမြင်များခြင်းရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။
၂။ (ငါ၏ စကားတော်ကို ကြာမြင့်စွာ ဆောင်စွမ်းနိုင်သည့်) သတိရှိကုန်သော ငါ၏တပည့်ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ် ဆုံးပေတည်း။
၃။ (ငါဟောအပ်သည့်အတိုင်း အလုံးစုံသော ပုဒ်တို့ကို) သိစွမ်းနိုင်သည့် ပညာရှိ ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာ သည် အမြတ်ဆုံးပေတည်း။
၎။ (ငါ၏ စကားတော်ကို သင်ခြင်း ဆောင်ခြင်း သရဇ္ဈာယ်ခြင်းနှင့် ငါ့ကို ဆည်းကပ်
လုပ်ကျွေးခြင်းတို့၌) လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင်အာနန္ဒာ သည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။
၅။ (ငါ့အား) လုပ်ကျွေးသော ငါ၏တပည့် ရဟန်းတို့တွင် အကြင် အာနန္ဒာသည် ရှိ၏၊ ထို အာနန္ဒာသည် အမြတ်ဆုံးပေတည်း။
၆။ များသော ပရိသတ်ရှိကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥရုဝေလ ကဿပသည်ရှိ၏၊ ထို ဥရုဝေလကဿပသည် အမြတ်ဆုံးပေတည်း။
၇။ ဆွေတော်မျိုးတော်တို့ကို ကြည်ညိုစေတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့ တွင် အကြင်ကာဠုဒါယီသည် ရှိ၏၊ ထို ကာဠုဒါယီသည် အမြတ်ဆုံးပေတည်း။
၈။ အနာရောဂါကင်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဗာကုလသည် ရှိ၏၊ ထိုဗာကုလသည် အမြတ်ဆုံးပေတည်း။
၉။ ရှေး၌ နေခဲ့ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော ငါ၏တပည့် ရဟန်းတို့ တွင် အကြင် သောဘိတသည် ရှိ၏၊ ထို သောဘိတသည် အမြတ်ဆုံးပေတည်း။
၁၀။ ၀ိနည်းကိုဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် ဥပါလိသည် ရှိ၏၊ ထို ဥပါလိသည် အမြတ်ဆုံးပေတည်း။
၁၁။ ဘိက္ခုနီမတို့ကို ဆုံးမကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒက သည် ရှိ၏၊ ထို နန္ဒကသည် အမြတ်ဆုံးပေတည်း။
၁၂။ ဣနြေ္ဒကို စောင့်စည်းကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် နန္ဒသည် ရှိ၏၊ ထို နန္ဒသည် အမြတ်ဆုံးပေတည်း။
၁၃။ ရဟန်းယောက်ျားတို့ကို ဆုံးမတတ်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မဟာကပ္ပိနသည် ရှိ၏၊ ထို မဟာကပ္ပိနသည် အမြတ်ဆုံးပေတည်း။
၁၄။ တေဇောဓာတ်ဝင်စားရာ၌ ကျွမ်းကျင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် သာဂတသည် ရှိ၏၊ ထို သာဂတသည် အမြတ်ဆုံးပေတည်း။
၁၅။ တရားကို ထင်မြင်လွယ်သော ဉာဏ် {ပဋိဘာန်}၁၊ နှင့် ပြည့်စုံကုန်သော ငါ၏ တပည့် ရဟန်းတို့တွင် အကြင် ရာဓသည်ရှိ၏၊ ထိုရာဓသည် အမြတ်ဆုံးပေတည်း။
၁၆။ ခေါင်းပါးသော၂ သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းတို့တွင် အကြင် မောဃရာဇသည် ရှိ၏၊ ထို မောဃရာဇသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။

စတုတ္ထ၀ဂ် ပြီး၏။
ဧတဒဂ္ဂ၀ဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်။

..................................................
၁။ ပဋိဝေဓပဋိဘာန်ကို ဆိုသည်။
၂။ ချည် အထည် ဆိုးရည်အားဖြင့် သုံးမျိုးလုံးညံ့သောဟု ဆိုလိုသည်။
..................................................

၅ - ပဉ္စမ၀ဂ်

၁။ ရဟန်းတို့ ညဥ့်တို့ကို သိကုန် ရဟန်းဝါရင့်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမ တို့တွင် အကြင် မဟာပဇာပတိဂေါတမီသည် ရှိ၏၊ ထို မဟာပဇာပတိဂေါတမီသည် အမြတ်ဆုံးပေတည်း။
၂။ ကြီးမြတ်သော ပညာနှင့် ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ခေမာသည် ရှိ၏၊ ထို ခေမာသည် အမြတ်ဆုံးပေတည်း။
၃။ တန်ခိုးနှင့်ပြည့်စုံကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင်ဥပ္ပလ၀ဏ် သည် ရှိ၏၊ ထို ဥပ္ပလ၀ဏ်သည် အမြတ်ဆုံးပေတည်း။
၎။ ၀ိနည်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ပဋာစာရီသည် ရှိ၏၊ ထို ပဋာစာရီသည် အမြတ်ဆုံးပေတည်း။
၅။ တရားဟောတတ်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဓမ္မဒိန္နာ သည် ရှိ၏၊ ထို ဓမ္မဒိန္နာသည် အမြတ်ဆုံးပေတည်း။
၆။ ဈာန်ဝင်စားခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် နန္ဒာ၁သည် ရှိ၏၊ ထို နန္ဒာသည် အမြတ်ဆုံးပေတည်း။
၇။ ထက်သန်သော လုံ့လရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သောဏာသည် ရှိ၏၊ ထို သောဏာသည် အမြတ်ဆုံးပေတည်း။
၈။ ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဗကုလာသည် ရှိ၏၊ ထို ဗကုလာသည် အမြတ်ဆုံးပေတည်း။
၉။ လျင်မြန်စွာရအပ်သော မဂ်ဖိုလ်အသိဉာဏ်ရှိကုန်သော ငါ၏တပည့် ရဟန်း မိန်းမ တို့တွင် အကြင် ဘဒ္ဒါမည်သော ကုဏ္ဍလကေသာသည် ရှိ၏၊ ထို ဘဒ္ဒါမည် သော ကုဏ္ဍလကေသာသည် အမြတ်ဆုံး ပေတည်း။
၁၀။ ရှေး၌နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ကုန်သော ငါ၏တပည့် ရဟန်း မိန်းမတို့တွင် အကြင် ဘဒ္ဒါကာပိလာနီသည်ရှိ၏၊ ထိုဘဒ္ဒါကာပိလာနီသည် အမြတ် ဆုံး ပေတည်း။
၁၁။ မြတ်သော အဘိညာဉ်သို့ရောက်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ဘဒ္ဒကစ္စာနာသည်၂ ရှိ၏၊ ထို ဘဒ္ဒကစ္စာနာသည် အမြတ်ဆုံးပေတည်း။
၁၂။ ခေါင်းပါးသော သင်္ကန်းကို ဆောင်ကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် ကိသာဂေါတမီသည် ရှိ၏၊ ထို ကိသာဂေါတမီသည် အမြတ်ဆုံးပေတည်း။
၁၃။ သဒ္ဓါတရားအားကြီးကုန်သော ငါ၏တပည့် ရဟန်းမိန်းမတို့တွင် အကြင် သိင်္ဂါလကမာတာသည်ရှိ၏၊ ထို သိင်္ဂါလကမာတာသည် အမြတ်ဆုံးပေတည်းဟု (မိန့်တော်မူ၏)။

ပဉ္စမ၀ဂ် ပြီး၏။
ဧတဒဂ္ဂ၀ဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်။

..................................................
၁။ မိထွေးတော်ဂေါတမီ၏သမီး ဇနပဒကလျာဏီပင် ဖြစ်သည်။
၂။ ရာဟုလာ၏ မယ်တော် ယသော်ဓရာတည်း။

..................................................

၆ - ဆဋ္ဌ၀ဂ်

၁။ ရဟန်းတို့ ရှေးဦးစွာ ကိုးကွယ် ဆည်းကပ်ခြင်း {သရဏဂုံ} သို့ ရောက်ကုန် သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် တပုကဿနှင့်ဘလ္လိက ကုန်သည် တို့သည် ရှိကုန်၏၊ ထို တပုဿနှင့်ဘလ္လိက ကုန်သည်တို့သည် အမြတ်ဆုံးပေ တည်း။
၂။ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သုဒတ္တ မည်သော အကြင် အနာထပိဏ်သူကြွယ်သည် ရှိ၏၊ ထို အနာထပိဏ်သူကြွယ် သည် အမြတ်ဆုံးပေတည်း။
၃။ တရားဟောတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် မစ္ဆိကာသဏ္ဍမြို့ သား အကြင်စိတ္တသူကြွယ်သည်ရှိ၏၊ ထို စိတ္တသူကြွယ်သည် အမြတ်ဆုံးပေတည်း။
၎။ သင်္ဂဟ၀တ္ထုလေးပါးတို့ဖြင့် ပရိသတ်ကို ချီးမြှောက်ထောက်ပံ့ကုန်သော ငါ၏ တပည့် ဥပါသကာတို့တွင် အကြင် ဟတ္ထကအာဠ၀ကသည် ရှိ၏၊ ထို ဟတ္ထက အာဠ၀ကသည် အမြတ်ဆုံးပေတည်း။
၅။ မွန်မြတ်သော ၀တ္ထုကို ပေးလှူ တတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် သာကီဝင်မင်းမျိုးဖြစ်သော အကြင် မဟာနာမ်သည် ရှိ၏၊ ထို မဟာနာမ်သည် အမြတ်ဆုံးပေတည်း။
၆။ နှစ်သက်ဖွယ် ၀တ္ထုကို လှူတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဝေသာလီပြည်သား အကြင် ဥဂ္ဂသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂသူကြွယ်သည် အမြတ် ဆုံးပေတည်း။
၇။ သံဃာကို လုပ်ကျွေးတတ်ကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် ဟတ္ထိရွာ သား အကြင် ဥဂ္ဂတသူကြွယ်သည် ရှိ၏၊ ထို ဥဂ္ဂတသူကြွယ်သည် အမြတ်ဆုံးပေ တည်း။
၈။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသ ကာတို့တွင် အကြင် သုရဗန္ဓသည်-၁- ရှိ၏၊ ထို သုရဗန္ဓသည် အမြတ်ဆုံးပေတည်း။
၉။ ပုဂ္ဂိုလ်ကို ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အဘယမင်းသား မွေးစားအပ်သော အကြင် ဇီဝကသည် ရှိ၏၊ ထို ဇီဝကသည် အမြတ်ဆုံးပေတည်း။
၁၀။ ငါနှင့် အကျွမ်းဝင်သောစကားကို ဆိုကုန်သော ငါ၏တပည့် ဥပါသကာတို့တွင် အကြင် နကုလပိတာ သူကြွယ်သည် ရှိ၏၊ ထို နကုလပိတာ သူကြွယ်သည် အမြတ်ဆုံး ပေတည်း ဟု (မိန့်တော်မူ၏)။

ဆဋ္ဌ၀ဂ် ပြီး၏။
ဧတဒဂ္ဂ၀ဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်။

..................................................

၁။ သုရမ္ဗဋ္ဌဟု အဋ္ဌကထာ၌ ရှိ၏။

..................................................

၇ - သတ္တမ၀ဂ်

၁။ ရဟန်းတို့ ရှေးဦးစွာ ကိုးကွယ် ဆည်းကပ်ခြင်း {သရဏဂုံ} သို့ ရောက်ကုန် သော ငါ၏တပည့် ဥပါသိကာမတို့တွင် သေနိယသူဌေး၏သမီး အကြင် သုဇာတာ သည် ရှိ၏၊ ထိုသူဌေးသမီးသုဇာတာသည် အမြတ်ဆုံးပေတည်း။
၂။ လှူဒါန်းခြင်း၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် မိဂါရ သူဌေး၏ အမိအရာ၌ တည်သော အကြင် ၀ိသာခါသည် ရှိ၏၊ ထို ၀ိသာခါသည် အမြတ်ဆုံးပေတည်း။
၃။ အကြားအမြင် များကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် ခုဇ္ဇုတ္တရာသည် ရှိ၏၊ ထို ခုဇ္ဇုတ္တရာသည် အမြတ်ဆုံးပေတည်း။
၎။ မေတ္တာစိတ်ဖြင့် နေလေ့ရှိကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင်
သာမာဝတီသည် ရှိ၏၊ ထို သာမာဝတီသည် အမြတ်ဆုံးပေတည်း။
၅။ ဈာန်၌ မွေ့လျော်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် နန္ဒသတို့သား၏ မိခင် အကြင် ဥတ္တရာသည် ရှိ၏၊ ထို ဥတ္တရာသည် အမြတ်ဆုံးပေတည်း။
၆။ မွန်မြတ်သော ၀တ္ထုကို ပေးလှူကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် ကောလိယမင်း၏သမီး အကြင် သုပ္ပ၀ါသာသည် ရှိ၏၊ ထို သုပ္ပ၀ါသာသည် အမြတ် ဆုံးပေတည်း။
၇။ သူနာကို လုပ်ကျွေးပြုစုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် အကြင် သုပ္ပိယာ ဥပါသိကာမသည် ရှိ၏၊ ထို သုပ္ပိယာဥပါသိကာမသည် အမြတ် ဆုံးပေတည်း။
၈။ သာသနာ၌ သက်ဝင်၍ မတုန်မလှုပ်ကြည်ညိုကုန်သော ငါ၏တပည့် ဥပါသိကာ မတို့တွင် အကြင် ကာတိယာနီသည် ရှိ၏၊ ထို ကာတိယာနီသည် အမြတ်ဆုံးပေ တည်း။
၉။ ငါနှင့် အကျွမ်းဝင်သော စကားကို ဆိုတတ်ကုန်သော ငါ၏တပည့် ဥပါသိကာမ တို့တွင် အကြင် နကုလမာတာ သူကြွယ်မသည် ရှိ၏၊ ထို နကုလမာတာ သူကြွယ် မသည် အမြတ်ဆုံးပေတည်း။
၁၀။ တစ်ဆင့်စကားဖြင့် ကြည်ညိုခြင်းရှိကုန်သော ငါ၏တပည့် ဥပါသိကာမတို့တွင် ကုလဃရ မြို့သူ အကြင် ကာဠီဥပါသိကာမသည် ရှိ၏၊ ထို ကာဠီဥပါသိကာမသည် အမြတ်ဆုံးပေတည်း ဟု (မိန့်တော်မူ၏)။

သတ္တမ၀ဂ် ပြီး၏။
ဧတဒဂ္ဂ၀ဂ်၊ အဂုင်္တ္ထိုရ်ပါဠိတော်။

အယောနိသောသုတ်- (မကောင်းသော နှလုံးသွင်းခြင်း)

အယောနိသောသုတ်- (မကောင်းသော နှလုံးသွင်းခြင်း)

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။

အဘယ်သုံးမျိုး တို့နည်းဟူမူ-

မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်၏။
မသင့် လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်၏။
ထက်ဝန်းကျင် ပြည့်စုံကုန်သော ပြေပြစ်ကုန်သော အကြောင်းအကျိုး ဆက်စပ် ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါးဖြေဆို အပ်သည်ကို ၀မ်းမြောက် ၀မ်းသာ ကောင်းချီး မပေးတတ်။

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။


ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။

အဘယ် သုံးမျိုး တို့နည်းဟူမူ-
သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်၏။
သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်၏။
ထက်ဝန်းကျင် ပြည့်စုံကုန်သော ပြေပြစ်ကုန်သောအကြောင်း အကျိုး ဆက်စပ် ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါးဖြေဆို ထားသည်ကို ၀မ်းမြောက် ၀မ်းသာ ကောင်းချီးပေးတတ်၏။
ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ {{သူမိုက်ဟု သိကြောင်း တရားသုံးမျိုး တို့ကို ရှောင်ကြဉ်၍၊ ပညာရှိဟု သိကြောင်း တရား သုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့}} ဟု ကျင့်ရမည်။

ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

၅ - အယောနိသောသုတ်၊ ဗာလ၀ဂ်၊ အင်္ဂုတ္တိုရ်။

တရားအားထုတ်ခြင်း လုံ့လ လေးမျိုး-

သမ္မပ္ပဓာန် လေးပါး (တရားအားထုတ်ခြင်း လုံ့လ လေးမျိုး)

ဤသာသနာတော်၌ ရဟန်းသည်

(၁) အကုသိုလ် မဖြစ်ရန် ကြိုးစားမှု ...
မဖြစ်သေးသော အကုသိုလ် တရားယုတ်တို့ မဖြစ်ပေါ်အောင် ဆန္ဒကို ဖြစ်စေ၏၊
လုံ့လပြု၏၊
လုံ့လထုတ်၏၊
စိတ်ကို မြှောက်ပင့်၏၊
အဆက်မပြတ်အားထုတ်၏။

(၂) အကုသိုလ်ပယ်ရန် ကြိုးစားမှု ...
ဖြစ်ပြီးသော (မဖြစ်တော့ဟု မဆိုနိုင်သော) အကုသိုလ် တရားယုတ်တို့ကို ပယ်ရန် ဆန္ဒကိုဖြစ်စေ၏၊
လုံ့လပြု၏၊
လုံ့လထုတ်၏၊
စိတ်ကို မြှောက်ပင့်၏၊
အဆက်မပြတ်အားထုတ်၏။

(၃) ကုသိုလ်ဖြစ်ရန် ကြိုးစားမှု ...
မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ ဖြစ်ပေါ်ရန် ဆန္ဒကို ဖြစ်စေ၏၊
လုံ့လပြု၏၊
လုံ့လထုတ်၏၊
စိတ်ကို မြှောက်ပင့်၏၊
အဆက်မပြတ်အားထုတ်၏။

(၄) ကုသိုလ်တည်တံ့တိုးပွါးရန် ကြိုးစားမှု ...
ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်တံ့ရန် မပျောက်ပျက်ရန် များစွာဖြစ်ပွါးရန် ပြန့်ပြောရန် တိုးပွါးရန် ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊
လုံ့လပြု၏၊
လုံ့လထုတ်၏၊
စိတ်ကို မြှောက်ပင့်၏၊
အဆက်မပြတ် အားထုတ်၏။

သမ္မပ္ပဓာန၀ိဘင်္ဂ၊ အဘိဓမ္မာပိဋက။

နခသိခသုတ်-

နခသိခသုတ်-

မြတ်စွာဘုရားသည် လက်သည်းဖျား၌ မြေမှုန့်အနည်းငယ်ကိုတင်၍

ရဟန်းတို့ကို မိန့်တော်မူ၏- {{ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန် သနည်း၊ လက်သည်းဖျား၌ ငါတင်ထားအပ်သော မြေမှုန့်အနည်းငယ်နှင့် မဟာပထ၀ီမြေကြီးသည် အဘယ်က ပိုမိုများသနည်း}} ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ထိုမဟာပထ၀ီမြေကြီးသည်သာလျှင် များပါ၏၊ လက်သည်းဖျား၌ မြတ်စွာဘုရား တင်ထားအပ်သော မြေမှုန့်သည်ကား အနည်းငယ်မျှသာတည်း၊ မဟာပထ၀ီမြေကြီးကို ထောက်ဆ၍ လက်သည်းဖျား၌ မြတ်စွာဘုရား တင်ထား အပ်သော အနည်းငယ်သော မြေမှုန့်သည် အရေအတွက်သို့လည်း မရောက်ပါ၊ အထောက်အထားသို့လည်း မရောက်ပါ၊ အစိတ်အပိုင်းသို့လည်း မရောက်ပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤအတူသာလျှင် လူတို့၌ လူပြန်ဖြစ်သော သတ္တ၀ါတို့သည် နည်းလှ ကုန်၏၊ စင်စစ်သော်ကား လူအဖြစ်မှတစ်ပါး(အပါယ်ဘုံတို့၌)ဖြစ်ကြသော သတ္တ၀ါ တို့သည်သာလျှင် အလွန်များကုန်၏၊ ရဟန်းတို့ ထို့ကြောင့် {{မမေ့လျော့ကုန်သည် ဖြစ်၍ နေကုန်အံ့}} ဟု ဤသို့လျှင် သင်တို့ကျင့်ရမည် ဟု (ဟောတော်မူ၏)။

၂ - နခသိခသုတ်၊ သြပမ္မသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

ဗဠိသသုတ်-

ဗဠိသသုတ်-

ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တ ရာယ်ကို ပြုတတ်၏၊

ရဟန်းတို့ ဥပမာသော်ကား တံငါသည်သည် အစာတပ်သော ငါးမျှားချိတ်ကို နက်သောရေအိုင်၌ ပစ်ချရာ၏၊ အစာကို မြင်သော ငါးသည် ငါးမျှားချိတ်ကို မျိုရာ၏၊ ရဟန်းတို့ တံငါသည်၏ ငါးမျှားချိတ်ကို မျိုမိသော ထိုငါးသည် ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်၏၊
တံငါသည်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်၏။

ရဟန်းတို့ {{တံငါသည်}} ဟူသော ဤအမည်သည်...
ယုတ်ညံ့သော ကိလေသာမာရ်၏ အမည်တည်း။
ရဟန်းတို့ {{ငါးမျှားချိတ်}}ဟူသော ဤအမည်သည်...
လာဘ်ပူဇော်သကာ အကျော်အစော၏ အမည်တည်း။

ရဟန်းတို့ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောကို သာယာသူ အလိုရှိသူ မည်သည့်ရဟန်းကိုမဆို {{ကိလေသာမာရ်၏ ငါးမျှားချိတ်ကို မျိုသည် ဖြစ်၍ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ရောက်သူ ယုတ်မာသော ကိလေသာမာရ်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်သူ ရဟန်း}}ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ စင်စစ်လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည်-
ဤသို့ ခက်ထန်၏၊
ထက်မြက်၏၊
ကြမ်းတမ်း၏၊
ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊
ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်-
{{ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်စောကို စွန့်ကုန်အံ့၊
ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောသည်
ငါတို့၏စိတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်လတ္တံ့}} ဟု
ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။

၂-ဗဠိသသုတ်၊ ပထမ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

Tuesday, August 19, 2008

က ခ အက္ခရာများနှင့် စသော ပါဠိတချို့-

မြန်မာ ကကြီး ခကွေး အက္ခရာများနှင့် စသော

ပါဠိအက္ခရာတချို့နှင့် အဓိပ္ပါယ်။

က- ကရုဏာ ကြင်နာတာ။
ခ- ခေမာ ငြိမ်းအေးတာ။
ဂ- ဂေါတမ ဟာ ဒို့ဘုရားပါ။
ဃ- ဃာယတိ နမ်းရှူ၏။
င- ငအက္ခရာ ရှာမတွေ့ပါ။
စ- စေတနာ လှုံ့ဆော်တာ။
ဆ- ဆလိမ် ဆန္ဒ အလိုရှိသဗျ။
ဇ- ဇယန္တ အောင်ခြင်းပြ။
ဈ- ဈာယီ ဈာန်ဝင်စားသည်။
ည- ဉာဏီ ဉာဏ်ရှိသည်။
ဋ- ဋီကာ အကျယ်ဖွင့်တာ။
ဌ- ဌာန တည်ခြင်းအရပ်။
ဍ- ဍံသန ကိုက်ခြင်း ပ။
ဎ- ဎရေမှုတ်နဲ့စတာ မရှိပါ။
ဏ- ဏကြီးလဲ မတွေ့နိုင်ဘဲ။

တ- တဏှာ တပ်မက်တာ။
ထ- ထမ္ဘီ ခိုင်မာသည်။
ဒ- ဒမေတိ ဆုံးမ၏။
ဓ- ဓမ္မကထာ တရားစကားပါ။
န- နာထ ဟာ ကိုးကွယ်ရာ။
ပ- ပ၀တိ ကြိုင်လှိုင်၏။
ဖ- ဖလ ဒါယီ အကျိုးပေးသည်။
ဗ- ဗုဒ္ဓ အကုန်သိလှ။
ဘ- ဘာတိ ထွန်းလင်း၏။
မ- မာတာ အမိပါ။
ယ- ယာစတိ တောင်းပန်၏။
ရ- ရာဂ တပ်မက်ခြင်းဗျ။
လ- လောဘတိ မက်မော၏။
ဝ- ၀ိနယ အဆုံးအမ။
သ- သဒ္ဓါ ယုံကြည်တာ။
ဟ- ဟိရီ ရှက်ရမည်။
ဠ- ကြီး အက္ခရာ မတွေ့သေးတာ။
အ- အဂ္ဂ အမြတ်ဆုံးဗျ။

အမျက်ထွက်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၄၅

အမျက်ထွက်သော ပုဂ္ဂိုလ်-

ထိုစကား၌ အမျက်ထွက်ခြင်း {ကောဓ}ဟူသည် အဘယ်နည်း၊

အကြင် အမျက်ထွက်ခြင်း၊
အမျက်ထွက်သော အခြင်းအရာ၊
အမျက်ထွက်သူ၏ အဖြစ်၊
ပြစ်မှားခြင်း၊
ပြစ်မှားသော အခြင်းအရာ၊
ပြစ်မှားသူ၏ အဖြစ်၊
ပကတိသဘောကို စွန့်ခြင်း၊
ပကတိသဘောကို စွန့်သောအခြင်းအရာ၊
ပကတိသဘောကို စွန့်သူ၏အဖြစ်၊
ဆန့်ကျင်ခြင်း၊
အဖန်ဖန် ဆန့်ကျင်ခြင်း၊
ကြမ်းတမ်းသူ၏ အဖြစ်၊
စကားကို ပြည့်စုံစွာ မဆိုနိုင်ခြင်း၊
စိတ်နှလုံး မသာယာသော အဖြစ်သည် ရှိ၏၊
ဤသည်ကို အမျက်ထွက်ခြင်း {ကောဓ}ဟူ၍ ဆိုအပ်၏၊

အကြင်ပုဂ္ဂိုလ်သည် အမျက်ထွက်ခြင်း {ကောဓ} ကို မပယ်၊
ဤပုဂ္ဂိုလ်ကို အမျက်ထွက်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၄၆

ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ရန်ငြိုးဖွဲ့ခြင်း {ဥပနာဟ} ဟူသည် အဘယ်နည်း၊

ရှေးဦးစွာ အမျက်ထွက်ခြင်း ဖြစ်၏၊
ထို့နောက် ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏၊
ဤသို့ သဘောရှိသော အကြင် ရန်ငြိုးဖွဲ့သော အခြင်းအရာ၊
ရန်ငြိုးဖွဲ့သူ၏အဖြစ်၊
ရှေးရှုထားခြင်း၊
အမျက်ထားခြင်း၊
ပြင်းစွာထားခြင်း၊
အစဉ်တည်ခြင်း၊
အစဉ်ဖွဲ့ခြင်း၊
အမျက်ကို မြဲမြံစွာ ပြုခြင်းသည် ရှိ၏၊
ဤသည်ကို ရန်ငြိုးဖွဲ့ခြင်း {ဥပနာဟ} ဟူ၍ ဆိုအပ်၏၊

အကြင်ပုဂ္ဂိုလ်သည် ဤရန်ငြိုးဖွဲ့ခြင်းကို မပယ်၊
ဤပုဂ္ဂိုလ်ကို ရန်ငြိုးဖွဲ့သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ကျေးဇူးကို ချေဖျက်တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၄၇

ကျေးဇူးကို ချေဖျက်တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ကျေးဇူးကို ချေဖျက်ခြင်း {မက္ခ} ဟူသည် အဘယ်နည်း၊

အကြင် သူ့ကျေးဇူးကို ချေဖျက်ခြင်း၊
သူ့ကျေးဇူးကို ချေဖျက်သော အခြင်းအရာ၊
သူ့ကျေးဇူးကို ချေဖျက်သူ၏အဖြစ်၊
သူ့ကျေးဇူးကို ခါသောအဖြစ်၊
သူ့ကျေးဇူးကို ခါမှုသည် ရှိ၏၊
ဤသည်ကို ကျေးဇူးကို ချေဖျက်ခြင်း {မက္ခ} ဟူ၍ ဆိုအပ်၏၊

အကြင်ပုဂ္ဂိုလ်သည် ဤသူ့ကျေးဇူးကို ချေဖျက်ခြင်းကို မပယ်၊
ဤပုဂ္ဂိုလ်ကို သူ့ကျေးဇူးကို ချေဖျက်တတ်သော ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ငြူစူတတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၄၉

ငြူစူတတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ငြူစူခြင်း {ဣဿာ} ဟူသည် အဘယ်နည်း၊

သူတစ်ပါးတို့ လာဘ်ရခြင်း၊
အရိုအသေပြုခံရခြင်း၊
အလေးအမြတ်ပြုခံရခြင်း၊
မြတ်နိုးခံရခြင်း၊
ရှိခိုးခံရခြင်း၊
ပူဇော်ခံရခြင်း တို့၌...

အကြင်ငြူစူခြင်း၊
ငြူစူသော အခြင်းအရာ၊
ငြူစူသူ၏အဖြစ်၊
စောင်းမြောင်းခြင်း၊
စောင်းမြောင်းသော အခြင်းအရာ၊
စောင်းမြောင်းသူ၏ အဖြစ်သည် ရှိ၏၊
ဤသည်ကို ငြူစူခြင်း {ဣဿာ} ဟူ၍ ဆိုအပ်၏၊

အကြင်ပုဂ္ဂိုလ်သည် ဤငြူစူစောင်းမြောင်းခြင်းကို မပယ်၊
ဤပုဂ္ဂိုလ်ကို ငြူစူတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဝန်တိုတတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၅၀

ဝန်တိုတတ်သော ပုဂ္ဂိုလ်-


ထိုစကား၌ ၀န်တိုခြင်း {မစ္ဆရိယ} ဟူသည် အဘယ်နည်း၊

နေရာအိမ်ကျောင်း၌ ၀န်တိုခြင်း လည်းကောင်း၊
အမျိုး၌ ၀န်တိုခြင်း လည်းကောင်း၊
လာဘ်၌ ၀န်တိုခြင်း လည်းကောင်း၊
အဆင်းဂုဏ်၌ ၀န်တိုခြင်း လည်းကောင်း၊
တရား၌ ၀န်တိုခြင်း လည်းကောင်း၊ ဤသို့လျှင် ငါးပါးရှိကုန်၏၊

ဤသို့သဘောရှိသော အကြင်ဝန်တိုခြင်း၊
ဝန်တိုသော အခြင်းအရာ၊ ၀န်တိုသူ၏အဖြစ်၊
မလိုလားခြင်း၊ စဉ်းလဲခြင်း၊ ခါးစပ်ခြင်း၊
စိတ်၏ အမှန်ကို မယူသော အဖြစ်သည် ရှိ၏၊
ဤသည်ကို ၀န်တိုခြင်း {မစ္ဆရိယ} ဟူ၍ ဆိုအပ်၏၊
အကြင်ပုဂ္ဂိုလ်သည် ဤ၀န်တိုခြင်းကို မပယ်၊
ဤပုဂ္ဂိုလ်ကို ၀န်တိုတတ်သော {မစ္ဆရိယ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

စဉ်းလဲတတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၅၁

စဉ်းလဲတတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ စဉ်းလဲခြင်း {သာဌေယျ} ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စဉ်းလဲ၏၊ ထက်ဝန်းကျင် စဉ်းလဲ၏၊ ထို စကား၌ အကြင် စဉ်းလဲခြင်း၊ စဉ်းလဲသောအခြင်းအရာ၊ စဉ်းလဲသူ၏အဖြစ်၊ ကြမ်း တမ်းခြင်း၊ ကြမ်းတမ်းသူ၏အဖြစ်၊ စိုက်၍ထားဘိသကဲ့သို့ မြဲမြံစွာ ကောက်ကျစ် ခြင်း၊ ကောက်ကျစ်သည်၏ ဖြစ်သည် ရှိ၏၊
ဤသည်ကို စဉ်းလဲခြင်း {သာဌေယျ} ဟူ၍ ဆိုအပ်၏၊

အကြင်ပုဂ္ဂိုလ်သည် ဤစဉ်းလဲခြင်းကို မပယ်၊
ဤပုဂ္ဂိုလ်ကို စဉ်းလဲတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

လှည့်ပတ်တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၅၂

လှည့်ပတ်တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ လှည့်ပတ်ခြင်း {မာယာ}ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သောပုဂ္ဂိုလ်သည်
ကိုယ်ဖြင့် နှုတ်ဖြင့် စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍
ထိုမကောင်းမှုကို ဖုံးလွှမ်းလိုခြင်းကြောင့်
မကောင်းသော အလိုကို ဆောက်တည်၏၊

ငါ့ကို သူတစ်ပါးတို့ မသိစေလင့် ဟု လိုလား၏၊
ငါ့ကို သူတစ်ပါးတို့ မသိစေလင့် ဟု ကြံစည်၏၊
ငါ့ကို သူတစ်ပါးတို့ မသိစေလင့် ဟု စကားကို ပြောဆို၏၊
ငါ့ကို သူတစ်ပါးတို့ မသိစေလင့် ဟု ကိုယ်ဖြင့် လုံ့လပြု၏၊

ဤသို့သဘောရှိသော...
အကြင် လှည့်ပတ်ခြင်း၊
လှည့်ပတ်တတ်သော အဖြစ်၊
လှည့်စားခြင်း၊
လွန်စွာ လှည့်စားခြင်း၊
ကောက်ကျစ်စဉ်းလဲခြင်း၊

ငါမပြုဟု....ပယ်ခြင်း၊
ငါမပြုဟု....အဖန်ဖန် ရှောင်လွှဲခြင်း၊
ငါမပြုဟု....လျှို့ဝှက်ခြင်း၊
ငါမပြုဟု....ထက်ဝန်းကျင် လျှို့ဝှက်ခြင်း၊
ငါမပြုဟု....ဖုံးလွှမ်းခြင်း၊
ငါမပြုဟု....အဖန်ဖန် ဖုံးလွှမ်းခြင်း၊
ငါမပြုဟု....ပေါ်လွင်စွာ မပြုခြင်း၊
ငါမပြုဟု....ထင်စွာမပြုခြင်း၊
ငါမပြုဟု....ကောင်းစွာဖုံးလွှမ်းခြင်း၊
ငါမပြုဟု....မကောင်းသော အမူအရာသည် ရှိ၏၊
ဤသည်ကို လှည့်ပတ်ခြင်း {မာယာ} ဟူ၍ ဆိုအပ်၏၊

အကြင်ပုဂ္ဂိုလ်သည် ဤလှည့်ပတ်ခြင်းကို မပယ်၊
ဤပုဂ္ဂိုလ်ကို လှည့်ပတ်တတ်သော {မာယာဝီ} ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဒုစရိုက်မှ မရှက်တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၅၃

ဒုစရိုက်မှ မရှက်တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ဒုစရိုက်မှ မရှက်ခြင်း {အဟိရိက}ဟူသည် အဘယ်နည်း၊

အကြင် ဒုစရိုက်မှုကို ရှက်သင့်ပါလျက် မရှက်၊
ယုတ်မာသော ဒုစရိုက် အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ မရှက်၊
ဤယုတ်မာသော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှရှက်ခြင်းကို
ဒုစရိုက်မှ မရှက်ခြင်း {အဟိရိက}ဟူ၍ ဆိုအပ်၏၊

ဤဒုစရိုက်မှ မရှက်ခြင်း {အဟိရိက}နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို
ဒုစရိုက်မှ မရှက်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဒုစရိုက်မှ မကြောက်လန့်တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၅၄

ဒုစရိုက်မှ မကြောက်လန့်တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ဒုစရိုက်မှ ကြောက်လန့်ခြင်း {အနောတ္တပ္ပ} ဟူသည် အဘယ်နည်း၊

အကြင် ဒုစရိုက်မှုကို ကြောက်လန့်သင့်ပါလျက် မကြောက်လန့်၊
ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ မကြောက်လန့်၊
ဤယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ မကြောက်လန့်ခြင်းကို
ဒုစရိုက်မှ မကြောက်လန့်ခြင်း {အနောတ္တပ္ပ} ဟူ၍ ဆိုအပ်၏၊

ဤဒုစရိုက်မှ မကြောက်လန့်ခြင်း {အနောတ္တပ္ပ} နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို
ဒုစရိုက်မှ ကြောက်လန့်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

အဆွေခင်ပွန်းယုတ် ရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၅၆

ယုတ်မာသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်-

ယုတ်မာသော အဆွေခင်ပွန်းရှိခြင်း {ပါပမိတ္တတာ}ဟူသည် အဘယ်နည်း၊

အကြင် ပုဂ္ဂိုလ်တို့သည်...
သဒ္ဓါတရား မရှိကုန်၊
သီလမဲ့ကုန်၏၊
အကြားအမြင် နည်းကုန်၏၊
ဝန်တိုတတ်ကုန်၏၊
ပညာမဲ့ကုန်၏၊

ထိုပုဂ္ဂိုလ်တို့ကို...
မှီဝဲခြင်း၊
အမြဲမှီဝဲခြင်း၊
အဖန်ဖန် မှီဝဲခြင်း၊
ဆည်းကပ်ခြင်း၊
အဖန်ဖန် ဆည်းကပ်ခြင်း၊
ခစားခြင်း၊
အဖန်ဖန် ခစားခြင်း၊
ကိုင်းရှိုင်း ညွတ်တွား ပေါင်းဖော်ခြင်းသည် ရှိ၏၊
ဤသဘောအစုကို...
ယုတ်မာသော အဆွေခင်ပွန်းရှိခြင်း {ပါပမိတ္တတာ} ဟူ၍ ဆိုအပ်၏၊

ဤယုတ်မာသော မိတ်ဆွေရှိခြင်းနှင့် ပြည့်စုံသော
ပုဂ္ဂိုလ်ကို ယုတ်မာသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၅၇

ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်-

ထိုစကား၌ ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိခြင်း {ဣန္ဒြိယေသု အဂုတ္တဒွါရတာ} ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မျက်စိဖြင့် အဆင်း {ရူပါရုံ} ကို မြင်သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက် ခြေစသော အမှတ်) လက္ခဏာငယ်ကို စွဲယူလေ့ရှိ၏၊ အကြင် အကြောင်းကြောင့် စက္ခုနြေ္ဒကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ်ကို မက်မောခြင်း {အဘိဇ္ဈာ}၊ နှလုံးမသာခြင်း {ဒေါမနဿ}ဟုဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊
ထိုစက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ မကျင့်၊ စက္ခုနြေ္ဒကို မစောင့်ရှောက်၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ မရောက်။


နားဖြင့် အသံ {သဒ္ဒါရုံ} ကို ကြားလတ်သော်။ ပ ။
နှာခေါင်းဖြင့်အနံ့ {ဂန္ဓာရုံ} ကို နံလတ်သော်။ ပ ။
လျှာဖြင့် အရသာ {ရသာရုံ} ကို လျက်လတ်သော်။ ပ ။
ကိုယ်ဖြင့်အတွေ့ {ဖောဋ္ဌဗ္ဗာရုံ} ကို တွေ့ထိလတ်သော်။ ပ ။
စိတ်ဖြင့် သဘောတရား {ဓမ္မာရုံ} ကို သိလတ်သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက် ခြေစသောအမှတ်) လက္ခဏာငယ်ကိုစွဲယူ လေ့ရှိ၏၊ အကြင် အကြောင်းကြောင့် မနိနြေ္ဒကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ် ကို မက်မောခြင်း {အဘိဇ္ဈာ}၊ နှလုံးမသာခြင်း {ဒေါမနဿ} ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို မနိနြေ္ဒကို စောင့်စည်းခြင်းငှါမကျင့်၊ မနိနြေ္ဒကို မစောင့်ရှောက်၊ မနိနြေ္ဒ၌ စောင့်စည်း ခြင်းသို့မရောက်၊ ဤခြောက်ပါးသော ဣနြေ္ဒတို့ကိုအကြင် မလုံခြုံစေခြင်း၊ မစောင့်ရှောက်ခြင်း၊ မစောင့်စည်းခြင်းသည် ရှိ၏၊ ဤသဘောစုကို ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိခြင်း {ဣနြ္ဒိယေသု အဂုတ္တဒွါရတာ}ဟူ၍ ဆိုအပ်၏၊
ဤဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို
ဣနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

လွတ်သော သတိရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၅၉

လွတ်သော သတိရှိသော ပုဂ္ဂိုလ်-

ထိုစကား၌ လွတ်သောသတိရှိခြင်း {မုဋ္ဌဿစ္စ} ဟူသည် အဘယ်နည်း၊

မအောက်မေ့ခြင်း၊
အစဉ် မအောက်မေ့ခြင်း၊
အဖန်ဖန် မအောက်မေ့ခြင်း၊
မအောက်မေ့သောအဖြစ်၊
မဆောင်နိုင်ခြင်း၊
ပေါ့ဆသောအဖြစ်၊
တွေဝေသော အဖြစ်သည် ရှိ၏၊
ဤသဘောစုကို လွတ်သောသတိရှိခြင်း {မုဋ္ဌဿစ္စ} ဟူ၍ ဆိုအပ်၏၊
ဤလွတ်သော သတိရှိခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို လွတ်သော သတိရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ပညာ အဆင်အခြင်မရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၀

ပညာ အဆင်အခြင်မရှိသော ပုဂ္ဂိုလ်-

ထိုစကား၌ ပညာအဆင်ခြင် မရှိခြင်း {အသမ္ပဇည}ဟူသည် အဘယ်နည်း၊

မသိခြင်း၊
မမြင်ခြင်း၊
အထူးကိုမသိခြင်း၊
လျော်စွာမသိခြင်း၊
ကောင်းစွာမသိခြင်း၊
ထိုးထွင်း၍မသိခြင်း၊
အမှန်မယူခြင်း၊
အမှန်သို့ မသက်ဝင်ခြင်း၊
အသင့်မရှုခြင်း၊
မဆင်ခြင်ခြင်း၊
မျက်မှောက်မပြုခြင်း၊
မလိမ္မာခြင်း၊
မိုက်မဲခြင်း၊
ပညာ အဆင်ခြင်မဲ့ခြင်း၊
တွေဝေခြင်း၊
ပြင်းစွာ တွေဝေခြင်း၊
လွန်စွာ တွေဝေခြင်း၊
အမှန်မသိခြင်း
အ၀ိဇ္ဇာ ဟူသော သြဃ၊
အ၀ိဇ္ဇာ ဟူသော ယောဂ၊
အ၀ိဇ္ဇာ ဟူသော အနုသယ၊
အ၀ိဇ္ဇာ ဟူသော ထကြွခြင်း၊
အ၀ိဇ္ဇာ ဟူသော တံခါးကျည်၊
အကုသိုလ်တို့၏ အရင်းဖြစ်သော မသိခြင်း {မောဟ} သည် ရှိ၏၊
ဤသဘောစုကို ပညာအဆင်ခြင် မရှိခြင်း {အသမ္ပဇည} ဟူ၍ ဆိုအပ်၏၊
ဤပညာအဆင်ခြင် မရှိခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ပညာအဆင်ခြင် မရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

Monday, August 18, 2008

သီလအကျင့်ပျက်စီးသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၁

သီလအကျင့်ပျက်စီးသော ပုဂ္ဂိုလ်-

ထိုစကား၌ သီလ အကျင့်ပျက်စီးခြင်း {သီလ၀ိပတ္တိ}ဟူသည် အဘယ်နည်း၊

ကိုယ်၌ဖြစ်သော ဒုစရိုက်မှုကို လွန်ကျူးခြင်း၊
နှုတ်၌ဖြစ်သော ဒုစရိုက်မှုကို လွန်ကျူးခြင်း၊
ကိုယ်နှုတ်တို့၌ဖြစ်သော ဒုစရိုက်မှုကို လွန်ကျူးခြင်းသည် ရှိ၏၊
ဤသို့ ကိုယ်နှုတ်တို့ဖြင့် ဒုစရိုက်မှုကို လွန်ကျူးခြင်းကို
သီလအကျင့်ပျက်စီးခြင်း {သီလ၀ိပတ္တိ} ဟူ၍ ဆိုအပ်၏၊
အလုံးစုံသော သီလမရှိခြင်းကိုလည်း သီလအကျင့် ပျက်စီးခြင်းဟူ၍ပင် ဆိုအပ်၏၊
ဤသီလအကျင့် ပျက်စီးခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို သီလအကျင့် ပျက်စီးသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

အယူပျက်စီးသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၂

အယူပျက်စီးသော ပုဂ္ဂိုလ်-

ထိုစကား၌ အယူပျက်စီးခြင်း {ဒိဋ္ဌိဝိပတ္တိ}ဟူသည် အဘယ်နည်း၊

အလှူ၏ အကျိုးသည် မရှိ၊
ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊
ပသခြင်း၏ အကျိုးသည် မရှိ၊
ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးရင်း အကျိုးဆက်သည် မရှိ၊
ဤပစ္စုပ္ပန်လောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊
အမိ၌ ကောင်းစွာပြုမှု မကောင်းသဖြင့် ပြုမှု၏ အကျိုးသည် မရှိ၊
အဖ၌ ကောင်းစွာပြုမှု မကောင်းသဖြင့် ပြုမှု၏ အကျိုးသည် မရှိ၊
(ငရဲစသော) ဥပပါတ်သတ္တ၀ါသည် မရှိ၊
ဤလောကကို လည်းကောင်း၊ တစ်ပါးသော လောကကို လည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်ကုန်သော ဖြောင့်မှန် သော အရိယမဂ်သို့ ရောက်ကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့ သဘောရှိသော ...

အယူမှားခြင်း၊
အယူမှားသောအဖြစ်၊
အယူမှားတည်းဟူသော တောအုပ်၊
အယူမှားတည်းဟူသော ခရီးခဲ၊
အယူမှားတည်းဟူသော ငြောင့်တံကျင်၊
အယူမှားတည်းဟူသော တုန်လှုပ်ခြင်း၊
အယူမှား (ဒိဋ္ဌိ) တည်းဟူသော သံယောဇဉ်၊
အယူမှားကိုယူခြင်း၊
အယူမှားကို အဖန်ဖန် ယူခြင်း၊
မှားသောအားဖြင့် နှလုံးသွင်းခြင်း၊
မှားသောအားဖြင့် သုံးသပ်ခြင်း၊
မကောင်းသောခရီး၊
မှားသော ခရီး၊
ဖောက်ပြန်သောအဖြစ်၊
အယူမှားတည်းဟူသော ဆိပ်၌ တည်ခြင်း၊
ဖောက်ပြန်သဖြင့် ယူခြင်းသည် ရှိ၏၊
ဤသဘောစုကို အယူပျက်စီးခြင်း {ဒိဋ္ဌိဝိပတ္တိ} ဟူ၍ ဆိုအပ်၏၊
အလုံးစုံသော မိစ္ဆာဒိဋ္ဌိသည်လည်း အယူပျက်စီးခြင်း {ဒိဋ္ဌိဝိပတ္တိ} မည်၏၊
ဤပျက်စီးခြင်းနှင့် ပြည့်စုံသောသူကို အယူပျက်စီးသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

အတွင်းသံယောဇဉ်ရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၃

အတွင်းသံယောဇဉ်ရှိသော ပုဂ္ဂိုလ်-

အကြင်ပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော {သြရမ္ဘာဂိယ}
သံယောဇဉ်ငါးပါး တရားတို့ကို မပယ်အပ်ကုန်၊
ဤပုဂ္ဂိုလ်ကို အတွင်းသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

သြရမ္ဘာဂိယ သံယောဇဉ်= အောက်ကာမဘုံ သံယောဇဉ် ငါးပါးကိုခေါ်သည်။
၁။ ကာမရာဂ သံယောဇဉ် ၊
၂။ ပဋိဃ သံယောဇဉ် ၊
၃။ သီလဗ္ဗတ သံယောဇဉ် ၊
၎။ ဒိဋ္ဌိ သံယောဇဉ် ၊
၅။ ၀ိစိကိစ္ဆာ သံယောဇဉ် ။

အပြင်အပ သံယောဇဉ်ရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၄

အပြင်အပ သံယောဇဉ်ရှိသော ပုဂ္ဂိုလ်-

အကြင် ပုဂ္ဂိုလ်သည် ဗြဟ္မာ့ဘုံတည်းဟူသော အထက်အဖို့ရှိသော {ဥဒ္ဓမ္ဘာဂိယ}
သံယောဇဉ် ငါးပါးတရားတို့ကို မပယ်အပ်ကုန်၊
ဤပုဂ္ဂိုလ်ကို အပြင်အပသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဥဒ္ဓမ္ဘာဂိယ= အထက်သံယောဇဉ် ငါးပါးကိုခေါ်သည်။
၁။ ရူပရာဂ သံယောဇဉ် ၊
၂။ အရူပရာဂ သံယောဇဉ် ၊
၃။ မာန သံယောဇဉ် ၊
၎။ ဥဒ္ဓစ္စ သံယောဇဉ် ၊
၅။ အ၀ိဇ္ဇာ သံယောဇဉ် ။

အမျက်မထွက်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၅

အမျက်မထွက်သော ပုဂ္ဂိုလ်-

ထိုစကား၌ အမျက်ထွက်ခြင်း {ကောဓ}ဟူသည် အဘယ်နည်း၊

အကြင်အမျက်ထွက်ခြင်း၊
အမျက်ထွက်သော အခြင်းအရာ၊
အမျက်ထွက်သောအဖြစ်၊
ပြစ်မှားခြင်း၊
ပြစ်မှားသော အခြင်းအရာ၊
ပြစ်မှားသောအဖြစ်၊
ပကတိသဘောကို စွန့်ခြင်း၊
ပကတိသဘောကို စွန့်သော အခြင်းအရာ၊
ဆန့်ကျင်ခြင်း၊
အဖန်ဖန် ဆန့်ကျင်ခြင်း၊
ကြမ်းတမ်းသောအဖြစ်၊
စကားကို ပြည့်စုံစွာ မဆိုနိုင်ခြင်း၊
စိတ်နှလုံး မသာယာသော အဖြစ်သည် ရှိ၏၊
ဤသဘောစုကို အမျက်ထွက်ခြင်း {ကောဓ} ဟူ၍ ဆိုအပ်၏၊
အကြင်ပုဂ္ဂိုလ် သည် ဤအမျက်ထွက်ခြင်းကို ပယ်အပ်၏၊
ဤပုဂ္ဂိုလ်ကို အမျက်မထွက်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ရန်ငြိုးမဖွဲ့တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၆

ရန်ငြိုးမဖွဲ့တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ရန်ငြိုးဖွဲ့ခြင်း {ဥပနာဟ} ဟူသည် အဘယ်နည်း၊

ရှေးကာလ၌ အမျက်ထွက်၏၊
နောက်ကာလ၌ ရန်ငြိုးဖွဲ့၏၊
ဤသို့ သဘောရှိသော အကြင် ရန်ငြိုးဖွဲ့သော အခြင်းအရာ၊
ရန်ငြိုးဖွဲ့သူ၏အဖြစ်၊
ရှေးရှုထားခြင်း၊
အမျက်ထားခြင်း၊
ပြင်းစွာထားခြင်း၊
အစဉ်တည်ခြင်း၊
အစဉ်ဖွဲ့ခြင်း၊
အမျက်ကို မြဲမြံစွာ ပြုခြင်းသည် ရှိ၏၊
ဤသဘောစုကို ရန်ငြိုးဖွဲ့ခြင်း {ဥပနာဟ} ဟူ၍ ဆိုအပ်၏၊
အကြင်ပုဂ္ဂိုလ်သည် ရန်ငြိုးဖွဲ့ခြင်းကို ပယ်အပ်၏၊
ဤပုဂ္ဂိုလ်ကို ရန်ငြိုး မဖွဲ့တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ကျေးဇူးကို မချေဖျက်တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၇

ကျေးဇူးကို မချေဖျက်တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ကျေးဇူးကို ချေဖျက်ခြင်း {မက္ခ} ဟူသည် အဘယ်နည်း၊

အကြင် သူ့ကျေးဇူးကို ချေဖျက်ခြင်း၊
သူ့ကျေးဇူးကို ချေဖျက်သော အခြင်းအရာ၊
သူ့ကျေးဇူးကို ချေဖျက်သောအဖြစ်၊
သူ့ကျေးဇူးကို ခါသောအဖြစ်၊
သူ့ကျေးဇူးကို ခါမှုသည် ရှိ၏၊
ဤသဘောစုကို သူ့ကျေးဇူးကို ချေဖျက်ခြင်း {မက္ခ} ဟူ၍ ဆိုအပ်၏၊
အကြင်ပုဂ္ဂိုလ်သည် သူ့ကျေးဇူးကို ချေဖျက်ခြင်းကို ပယ်အပ်၏၊
ဤပုဂ္ဂိုလ်ကို သူ့ကျေးဇူးကို မချေဖျက်တတ်သော ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

Sunday, August 17, 2008

မငြူစူတတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၆၉

မငြူစူတတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ငြူစူခြင်း {ဣဿာ} ဟူသည် အဘယ်နည်း၊

သူတစ်ပါးတို့ လာဘ်ရခြင်း၊
အရိုအသေ ပြုခံရခြင်း၊
အလေးအမြတ် ပြုခံရခြင်း၊
မြတ်နိုးခံရခြင်း၊
ရှိခိုးခံရခြင်း၊
ပူဇော်ခံရခြင်းတို့၌
ငြူစူခြင်း၊ ငြူစူသောအခြင်းအရာ၊ ငြူစူသောအဖြစ်၊
စောင်းမြောင်းခြင်း၊ စောင်းမြောင်းသောအခြင်းအရာ၊ စောင်းမြောင်းသောအဖြစ်
သည် ရှိ၏၊
ဤသဘောစုကို ငြူစူခြင်း {ဣဿာ} ဟူ၍ ဆိုအပ်၏၊
အကြင်ပုဂ္ဂိုလ်သည် ငြူစူစောင်းမြောင်းခြင်းကို ပယ်အပ်၏၊
ဤပုဂ္ဂိုလ် ကို မငြူစူတတ်သောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဝန်မတိုတတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၀

ဝန်မတိုတတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ၀န်တိုခြင်း {မစ္ဆရိယ} ဟူသည် အဘယ်နည်း၊

နေရာ အိမ် ကျောင်း စသည်၌ ၀န်တိုခြင်း လည်းကောင်း၊
အမျိုး၌ ၀န်တိုခြင်း လည်းကောင်း၊
လာဘ်၌ ၀န်တိုခြင်း လည်းကောင်း၊
အဆင်းဂုဏ်၌ ၀န်တိုခြင်း လည်းကောင်း၊
တရား၌ ၀န်တိုခြင်း လည်းကောင်း ဤသို့လျှင် ငါးပါးရှိကုန်၏၊

ဤသို့သဘောရှိသော အကြင် ၀န်တိုခြင်း၊ ၀န်တိုသော အခြင်းအရာ၊ ၀န်တိုသူ၏ အဖြစ်၊ မလိုလားခြင်း၊ စဉ်းလဲခြင်း၊ ခါးစပ်ခြင်း၊ စိတ်၏ အမှန်ကို မယူသော အဖြစ် သည် ရှိ၏၊ ဤသည်ကို ၀န်တိုခြင်း {မစ္ဆရိယ} ဟူ၍ ဆိုအပ်၏၊
အကြင် ပုဂ္ဂိုလ်သည် ဤ၀န်တိုခြင်းကို ပယ်အပ်၏၊
ဤပုဂ္ဂိုလ်ကို ၀န်မတိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

မစဉ်းလဲတတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၁

မစဉ်းလဲတတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ စဉ်းလဲခြင်း {သာဌေယျ}ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် စဉ်းလဲ၏၊ ထက်ဝန်းကျင် စဉ်းလဲ၏၊ ထိုစကား၌ အကြင် စဉ်းလဲခြင်း၊ စဉ်းလဲသော အခြင်းအရာ၊ စဉ်းလဲသူ၏ အဖြစ်၊ ကြမ်းတမ်းခြင်း၊ ကြမ်းတမ်းသူ၏အဖြစ်၊ စိုက်၍ထားဘိ သကဲ့သို့ အလွန်မြဲမြံစွာ ကောက်ကျစ်ခြင်း၊ ကောက်ကျစ်သည်၏ အဖြစ်သည် ရှိ၏၊ ဤသဘောစုကို စဉ်းလဲခြင်း {သာဌေယျ} ဟူ၍ ဆိုအပ်၏၊
အကြင်ပုဂ္ဂိုလ်သည် ဤစဉ်းလဲခြင်းကို ပယ်အပ်၏၊
ဤပုဂ္ဂိုလ်ကို မစဉ်းလဲတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

မလှည့်ပတ်တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၂

မလှည့်ပတ်တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ လှည့်ပတ်ခြင်း {မာယာ} ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ထိုမကောင်းမှုကို ဖုံးလွှမ်းလိုခြင်း ကြောင့် မကောင်းသော အလိုကို ဆောက်တည်၏၊

ငါ့ကို သူတစ်ပါးတို့ မသိစေလင့်ဟု လိုလား၏၊
ငါ့ကို သူတစ်ပါးတို့ မသိစေလင့်ဟု ကြံစည်၏၊
ငါ့ကို သူတစ်ပါးတို့ မသိစေလင့် ဟု ပြောဆို၏၊
ငါ့ကို သူတစ်ပါးတို့ မသိစေလင့်ဟု ကိုယ်ဖြင့် လုံ့လပြု၏၊
ဤသို့ သဘောရှိသော အကြင်လှည့်ပတ်ခြင်း၊
လှည့်ပတ်တတ်သော အဖြစ်၊
လှည့်စားခြင်း၊ လွန်စွာလှည့်စားခြင်း၊
ကောက်ကျစ်စဉ်းလဲခြင်း ငါမပြုဟု ပယ်ခြင်း၊
(ငါမပြုဟု ) အဖန်ဖန် ရှောင်လွှဲခြင်း၊
လျှို့ဝှက်ခြင်း၊ ထက်ဝန်းကျင် လျှို့ဝှက်ခြင်း၊
ဖုံးလွှမ်းခြင်း၊ အဖန်ဖန် ဖုံးလွှမ်းခြင်း၊
ပေါ်လွင်စွာ မပြုခြင်း၊ ထင်စွာ မပြုခြင်း၊
ကောင်းစွာ ဖုံးလွှမ်းခြင်း၊ မကောင်းသော အမူအရာသည် ရှိ၏၊
ဤသဘောစုကို လှည့်ပတ်ခြင်း {မာယာ} ဟူ၍ ဆိုအပ်၏၊

အကြင်ပုဂ္ဂိုလ်သည် ဤလှည့်ပတ်ခြင်းကို ပယ်အပ်၏၊
ဤပုဂ္ဂိုလ်ကို မလှည့်ပတ်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဒုစရိုက်မှ ရှက်တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၃

ဒုစရိုက်မှ ရှက်တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ဒုစရိုက်မှ ရှက်ခြင်း {ဟိရီ}ဟူသည် အဘယ်နည်း၊

အကြင် ဒုစရိုက်မှုကို ရှက်သင့်သည်မှ ရှက်၏၊
ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ ရှက်၏၊
ဤသဘောစုကို ရှက်ခြင်း {ဟိရီ} ဟူ၍ ဆိုအပ်၏၊
ဤဒုစရိုက်မှ ရှက်ခြင်း {ဟိရီ} နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို
ဒုစရိုက်မှ ရှက်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဒုစရိုက်မှ ကြောက်လန့်တတ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၄

ဒုစရိုက်မှ ကြောက်လန့်တတ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ဒုစရိုက်မှကြောက်လန့်ခြင်း {သြတ္တပ္ပ} ဟူသည် အဘယ်နည်း၊

အကြင်ဒုစရိုက်မှုကို ကြောက်လန့်သင့်သည်မှ ကြောက်လန့်၏၊
ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်၏၊
ဤသဘောစုကို ကြောက်လန့်ခြင်း {သြတ္တပ္ပ} ဟူ၍ ဆိုအပ်၏၊

ဤဒုစရိုက်မှ ကြောက်လန့်ခြင်း {သြတ္တပ္ပ} နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို
ဒုစရိုက်မှ ကြောက်လန့်သော ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

Saturday, August 16, 2008

ဆိုဆုံးမလွယ်သော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၅

ဆိုဆုံးမလွယ်သော ပုဂ္ဂိုလ်-

ထိုစကား၌ ဆိုဆုံးမလွယ်ခြင်း {သောဝစဿတာ} ဟူသည် အဘယ်နည်း။

သီတင်းသုံးဖော်တို့၏ (တရားနှင့်အညီ)ပြောဆိုသည်ရှိသော် အကြင် အပြောလွယ် ခြင်း၊ အပြောလွယ်သောအဖြစ်၊ အဆိုလွယ်သောအဖြစ်၊ ဖောက်ပြန်သောအယူကို မယူသောအဖြစ်၊ ဆန့်ကျင်သော တရား၌ မသာယာသောအဖြစ်၊ ရိုသေခြင်း၊ ရိုသေသောအဖြစ်၊ လေးစားသောအဖြစ်၊ တုပ်ဝပ်ကျိုးနွံသောအဖြစ်သည် ရှိ၏၊ ဤသဘောစုကို ဆိုဆုံးမလွယ်သော {သောဝစဿတာ}ဟူ၍ ဆိုအပ်၏၊

ဤ ဆိုဆုံးမလွယ်ခြင်း {သောဝစဿတာ}နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို
ဆိုဆုံးမ လွယ်သောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ကောင်းသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၆

ကောင်းသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်-

ထိုစကား၌ ကောင်းသော အဆွေခင်ပွန်းရှိခြင်း
{ကလျာဏမိတ္တတာ} ဟူသည် အဘယ်နည်း၊

အကြင်ပုဂ္ဂိုလ်တို့သည် သဒ္ဓါတရား ရှိကုန်၏၊ သီလရှိကုန်၏၊ အကြားအမြင် များ ကုန်၏၊ ပေးကမ်းစွန့်ကြဲခြင်း ရှိကုန်၏၊ ပညာရှိကုန်၏၊ ထိုပုဂ္ဂိုလ်တို့ကို အကြင် မှီဝဲခြင်း၊ အမြဲမှီဝဲခြင်း၊ ကောင်းစွာမှီဝဲခြင်း၊ ဆည်းကပ်ခြင်း၊ ကောင်းစွာဆည်းကပ် ခြင်း၊ ခစားခြင်း၊ ကောင်းစွာခစားခြင်း၊ ကိုင်းရှိုင်းညွတ်တွားခြင်းသည် ရှိ၏၊ ဤ သဘောအစုကို ကောင်းသော အဆွေခင်ပွန်းရှိခြင်း {ကလျာဏမိတ္တတာ} ဟူ၍ ဆိုအပ်၏၊
ဤကောင်းသောအဆွေခင်ပွန်း ရှိခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို
ကောင်းသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဣနြေ္ဒတို့၌ လုံခြုံသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၇

ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်-

ထိုစကား၌ ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိခြင်း
{ဣန္ဒြိယေသု ဂုတ္တဒွါရတာ} ဟူ သည် အဘယ်နည်း။

ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မျက်စိဖြင့် အဆင်း {ရူပါရုံ} ကို မြင်လတ် သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင် အကြောင်းကြောင့် စက္ခုနြေ္ဒကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ်ကို မက်မောခြင်း {အဘိဇ္ဈာ}၊ နှလုံးမသာခြင်း {ဒေါမနဿ}ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုနြေ္ဒကို စောင့်ရှောက်၏၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် အသံ {သဒ္ဒါရုံ} ကို ကြားလတ်သော်။ပ။
နှာခေါင်းဖြင့်အနံ့ {ဂန္ဓာရုံ} ကို နံလတ်သော်။ပ။
လျှာဖြင့် အရသာ {ရသာရုံ} ကို လျက်လတ်သော်။ပ။
ကိုယ်ဖြင့်အတွေ့ အထိ ]ဖောဋ္ဌဗ္ဗာရုံ} ကို တွေ့ထိလတ်သော်။ပ။
စိတ်ဖြင့် သဘောတရား {ဓမ္မာရုံ} ကို သိလတ်သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူ လေ့ မရှိ၊ အကြင် အကြောင်းကြောင့် မနိနြေ္ဒကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ် ကို မက်မောခြင်း {အဘိဇ္ဈာ}၊ နှလုံးမသာခြင်း {ဒေါမနဿ} ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို မနိနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိနြေ္ဒကို စောင့်ရှောက်၏၊ မနိနြေ္ဒ၌ စောင့် စည်းခြင်းသို့ ရောက်၏၊ ဤခြောက်ပါးသော ဣနြေ္ဒတို့ကို အကြင် လုံခြုံခြင်း၊ လုံခြုံ စေခြင်း၊ စောင့်ရှောက်ခြင်း၊ စောင့်စည်းခြင်းသည် ရှိ၏၊ ဤသဘောစု ကိုဣနြေ္ဒ တို့၌ လုံခြုံသော တံခါးရှိခြင်း {ဣန္ဒြိယေသုဂုတ္တဒွါရတာ} ဟူ၍ ဆိုအပ်၏၊

ဤ ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိခြင်းနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို
ဣနြေ္ဒတို့၌ လုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ဘောဇဉ်၌ အတိုင်းအရှည်ကို သိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၈

ဘောဇဉ်၌ အတိုင်းအရှည်ကို သိသော ပုဂ္ဂိုလ်-

ထိုစကား၌ ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း
{ဘောဇနမတ္တညုတာ} ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အသင့်အားဖြင့် ဆင်ခြင်၍ အာဟာရကို စားမျို၏၊ မြူးထူးခြင်းငှါ မာန်ယစ်ခြင်းငှါ တင့်တယ်စေခြင်းငှါ ပြေပြစ်စေခြင်းငှါ အစာအာဟာရကို မစား၊ အကြင်မျှလောက် ကာလတိုင်အောင် ဤကိုယ်၏ တည် တံ့ခြင်းငှါ မျှတခြင်းငှါ ညှဉ်းဆဲခြင်းကိုဖျောက်ခြင်းငှါ မြတ်သော အကျင့်ကိုချီး မြှောက်ခြင်းငှါ အစာအာဟာရကို စား၏။
ဤအစာအာဟာရကို စားသည်ရှိသော် အဟောင်းဖြစ်သော မွတ်သိပ်ဆာလောင် ခြင်း ဝေဒနာကိုလည်း ပယ်ဖျောက်အံ့၊ အသစ်ဖြစ်သော ဝေဒနာကိုလည်း မဖြစ်စေ
အံ့၊ ငါ့အား မျှတခြင်း၊ အပြစ်ကင်းခြင်း၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်လတ္တံ့ဟု ဤသို့လျှင် ငါသည် အစာအာဟာရကို စားသောက်မှီဝဲပါ၏၊ ထိုအစာအာဟာရကို စားရာ၌ အကြင် ရောင့်ရဲလွယ်သောအဖြစ်၊ အတိုင်းအရှည် သိသောအဖြစ်၊ အစာဘောဇဉ်၌ ဆင်ခြင်ခြင်းသည် ရှိ၏၊ ဤသဘောစုကို ဘော ဇဉ်၌ အတိုင်းအရှည်ကိုသိခြင်း {ဘောဇနေမတ္တညုတာ} ဟူ၍ ဆိုအပ်၏။
ဤဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်းနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ဘောဇဉ်၌ အတိုင်းအရှည်ကို သိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ထင်သောသတိရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၇၉

ထင်သောသတိရှိသော ပုဂ္ဂိုလ်-

ထိုစကား၌ အောက်မေ့ခြင်း {သတိ}ဟူသည် အဘယ်နည်း၊

အကြင် အောက်မေ့ခြင်း၊ အစဉ် အောက်မေ့ခြင်း၊ အဖန်ဖန် အောက်မေ့ခြင်း၊ အောက်မေ့သောအဖြစ်၊ ဆောင်နိုင်ခြင်း၊ မပေါ့ဆသောအဖြစ်၊ မတွေဝေသော အဖြစ်၊ အောက်မေ့ခြင်း၊ သတိနြေ္ဒ၊ သတိဗိုလ်၊ သမ္မာသတိသည် ရှိ၏၊ ဤသဘော စုကို အောက်မေ့ခြင်း {သတိ}ဟူ၍ ဆိုအပ်၏၊ ဤအောက်မေ့ခြင်း {သတိ}နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ထင်သော သတိရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

ပညာအဆင်အခြင်ရှိသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၈၀

ပညာအဆင်အခြင်ရှိသော ပုဂ္ဂိုလ်-

ထိုစကား၌ ပညာအဆင်ခြင် {သမ္ပဇဉ်} ဟူသည် အဘယ်နည်း၊

အကြင် သိခြင်း၊ အပြားအားဖြင့်သိခြင်း၊ အထူးသဖြင့် ဆင်ခြင်ခြင်း၊ အပြားအားဖြင့် ဆင်ခြင်ခြင်း၊ တရားကို ဆင်ခြင်ခြင်း၊ ကောင်းစွာမှတ်ခြင်း၊ ကပ်၍မှတ်ခြင်း၊ ရှေးရှု မှတ်ခြင်း၊ ပညာရှိသောအဖြစ်၊ ကျွမ်းကျင်လိမ္မာသောအဖြစ်၊ သိမ်မွေ့ဖြူစင်သော အဖြစ်၊ စိတ်ဖြာ ခွဲခြမ်းသော အဖြစ်၊ ကြံခြင်း၊ စူးစမ်းခြင်း၊ မြေကြီးအထုနှင့် တူသော ပညာ၊ ၀ရဇိန်လက်နက်နှင့်တူသော ပညာ၊ ပညာတည်းဟူသော အကြီးအမှူး အနိစ္စ စသော လက္ခဏာရေးကိုရှုခြင်း၊ အပြားအားဖြင့် ကောင်းစွာဆင်ခြင်ခြင်း၊ သဘာဝ ပညာတည်းဟူသော လှံတံ၊ အပြားအားဖြင့် သိခြင်း၊ ပညာတည်းဟူသော ဣနြေ္ဒ၊ ပညာဗိုလ်၊ ပညာလက်နက်၊ ပညာပြာသာဒ်၊ ပညာအလင်း၊ ပညာအရောင်၊ ပညာ ဆီမီး တန်ဆောင်၊ ပညာရတနာ၊ မတွေမဝေသိခြင်း၊ တရားကို အထူး ဆင်ခြင်ခြင်း၊ ကောင်းစွာ သိမြင်ခြင်းသည် ရှိ၏။
ဤသဘောစုကို ပညာအဆင်ခြင် {သမ္ပဇည} ဟူ၍ ဆိုအပ်၏၊
ဤပညာအဆင်ခြင် {သမ္ပဇဉ်} နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို
ပညာ အဆင်အခြင် ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။

သီလအကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်-

ဒုကပုဂ္ဂလပညတ်၊ နိဒ္ဒေသ မှ...၈၁

သီလအကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်-

ထိုစကားရပ်၌ သီလအကျင့်နှင့် ပြည့်စုံခြင်း {သီလသမ္ပဒါ} ဟူသည် အဘယ်နည်း၊

ကိုယ်၌ဖြစ်သော ဒုစရိုက်ကို မလွန်ကျူးခြင်း၊
နှုတ်၌ ဖြစ်သော ဒုစရိုက်ကို မလွန်ကျူးခြင်း၊
ကိုယ်နှုတ်တို့၌ဖြစ်သော ဒုစရိုက်ကို မလွန်ကျူးခြင်းသည် ရှိ၏၊
ဤသဘောစုကို သီလအကျင့်ပြည့်စုံခြင်း {သီလသမ္ပဒါ} ဟူ၍ ဆိုအပ်၏၊
အလုံးစုံသော သီလကို စောင့်စည်းခြင်းကိုလည်း
သီလအကျင့်ပြည့်စုံခြင်းဟူ၍ပင် ဆိုအပ်၏၊
ဤသီလ အကျင့်ပြည့်စုံခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို
သီလအကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဒုကနိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်။