နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, November 28, 2008

ဒေသနာကြား- အာပတ်ဖြေ

သံဃာချင်း ဒေသနာကြား (အာပတ်ဖြေ) ပုံ

''သင်တို့ ဘုရားမနှစ်သက်တာ လုပ်လျှင် ဆောင့်ကြောင့်ထိုင်ရမည်''

ရဟန်းငယ်က ရဟန်းကြီးထံ ဒေသနာကြားပုံ
((အာပတ်)) အပြစ်သို့ရောက်ခြင်း

အငယ်။ ။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
အရှင်ဘုရား တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။

အကြီး။ ။ သာဓု သာဓု သာဓု။
ကောင်းပြီ ကောင်းပြီ ကောင်းပြီ။

အငယ်။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပတိဒေသေမိ။
တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အာပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို အရှင်ဘုရားထံ၌ ပြောကြားပါ၏။

အကြီး။ ။ ပဿသိ အာဝုသော တာ အာပတ္တိယော။
ငါ့ရှင် ထိုအာပတ်အားလုံးကို အပြစ်ဟုရှုပါ၏လော။

အငယ်။ ။ အာမ ဘန္တေ ပဿာမိ။
မှန်ပါ အပြစ်ဟုရှုပါသည်အရှင်ဘုရား။

အကြီး။ ။ အာယတိံ အာဝုသော သံဝရေယျာသိ။
ငါ့ရှင်နောင်ကို စောင့်ထိန်းပါလော့။

အငယ်။ ။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
ကောင်းပါပြီအရှင်ဘုရား နောင်ကိုစောင့်ထိန်းပါမည်။

အကြီး။ ။ သာဓု သာဓု သာဓု။
ကောင်းပြီ ကောင်းပြီ ကောင်းပြီ။

----------------------------------------------

ရဟန်းကြီးက ရဟန်းငယ်ထံ ဒေသနာကြားပုံ
((အာပတ်)) အပြစ်သို့ရောက်ခြင်း

အကြီး။ ။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
ငါ့ရှင် တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။

အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

အကြီး။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုယှမူလေ ပတိဒေသေမိ။
တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အားပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို ငါ့ရှင်ထံ၌ ပြောကြားပါ၏။

အငယ်။ ။ ပဿထ ဘန္တေ တာ အာပတ္တိယော။
အရှင်ဘုရား ထိုအာပတ်အားလုံးကို အပြစ်ဟုရှုပါ၏လော။

အကြီး။ ။ အာမ အာဝုသော ပဿာမိ။
မှန်ပါ၏ငါ့ရှင် အပြစ်ဟုရှုပါသည်။

အငယ်။ ။ အာယတိံ ဘန္တေ သံဝရေယျာထ။
အရှင်ဘုရား နောင်ကို စောင့်ထိန်းပါဘုရား။

အကြီး။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
ကောင်းပါပြီငါ့ရှင် နောင်ကိုစောင့်ထိန်းပါမည်။

အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

ပဌမ အာဃာတပဋိဝိနယသုတ်- (ရန်ငြိုးဖွဲ့ခြင်း)

ပဌမ အာဃာတပဋိဝိနယသုတ်

ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်း {အာဃာတ}ကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤ ငါးမျိုးတို့တည်း၊ ရဟန်းအား အာဃာတဖြစ်ပေါ်ရာ အာရုံ၌ (ဤတရားငါးမျိုးဖြင့်) အာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ချစ်ခြင်း {မေတ္တာ}ကို ပွါးများရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

၂...
ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သနားခြင်း {ကရုဏာ}ကို ပွါးများရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

၃...
ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ လျစ်လျူရှုခြင်း {ဥပေက္ခာ} ကို ပွါးများရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

၎...
ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ သတိမထားခြင်း နှလုံးမသွင်းခြင်းသို့ ရောက် စေရမည်၊
ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။

၅...
ရန်ငြိုးဖွဲ့ခြင်း ဖြစ်ပေါ်လာရာ ပုဂ္ဂိုလ်၌ ကံသာလျှင် မိမိဥစ္စာရှိသော အဖြစ်ကို ဆောက်တည်ရမည်။
ဤအသျှင်သည် ကံသာလျှင် မိမိဥစ္စာရှိ၏၊
ကံ၏ အမွေခံဖြစ်၏၊
ကံသာလျှင် အကြောင်းရှိ၏၊
ကံသာလျှင် အဆွေအမျိုးရှိ၏၊
ကံသာလျှင် လဲလျောင်းရာရှိ၏၊
မိမိ ပြုလုပ်မည့် ကောင်းသောကံ မကောင်းသောကံ သာလျှင် အမွေခံ ဖြစ်ပေလိမ့် မည် ဟု (ဆောက်တည်ရမည်)။

ဤသို့အားဖြင့် ထိုပုဂ္ဂိုလ်၌ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ရမည်။
ရဟန်းတို့ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ကြောင်း တရားတို့သည် ဤငါးမျိုးတို့တည်း၊ ရဟန်းအား အာဃာတ ဖြစ်ပေါ်ရာ အာရုံ၌ (ဤတရားငါးမျိုးတို့ဖြင့်) အာဃာတကို အချင်းခပ်သိမ်း ပယ်ဖျောက်ရမည် ဟု (မိန့်တော်မူ၏)။

၁ - ပဌမ အာဃာတပဋိဝိနယသုတ်၊ အာဃာတ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ရုဏ္ဏသုတ်- (ငိုကြွေးခြင်း)

ရုဏ္ဏသုတ်- (ငိုကြွေးခြင်း)

ရဟန်းတို့ သီချင်းဆိုခြင်းသည် အရိယာ၏ အဆုံးအမ၌ ငိုသည် မည်၏၊
ရဟန်းတို့ ကခြင်းသည် အရိယာ၏ အဆုံးအမ၌ ရူးသွပ်သည် မည်၏၊
ရဟန်းတို့ အပိုင်းအခြားကို လွန်၍ သွားပေါ်အောင် ပြင်းစွာရယ်ခြင်းသည်
အရိယာ၏ အဆုံးအမ၌ ကလေးသူငယ်တို့ ပြုအပ်သော အလုပ်မည်၏။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်ဝယ်
သီချင်းဆိုခြင်း၌ အကြောင်းကို ပယ်သတ်ရမည်၊
ကခြင်း၌ အကြောင်းကို ပယ်သတ်ရမည်၊
တရားနှင့်စပ်သော အကြောင်းဖြင့် ၀မ်းမြောက်သော
သူတော်ကောင်း ဖြစ်သော သင်တို့အား ပြုံးရုံမျှ ပြုံးခြင်းသည် သင့်လျော်၏ ဟု (မိန့်တော်မူ၏)။

၅- ရုဏ္ဏသုတ်၊ သမ္ဗောဓ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

အကျိုးရှိခြင်းနှင့် အကျိုးမဲ့ခြင်း-

တတိယ၀ဂ်၊ ဧကဓမ္မပါဠိ၊

အကျိုးရှိခြင်းနှင့် အကျိုးမဲ့ခြင်း...

၃၀၈။ ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုး မဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ပေါ်လာ၏။ ထို တစ်ယောက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ ဖောက်ပြန်သောအားဖြင့် မြင်တတ်သော မိစ္ဆာဒိဋ္ဌိ အယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို သူတော်ကောင်းတရားမှ ကင်းကွာစေ၍ မသူတော်တရား၌ တည်စေ၏။

ရဟန်းတို့ မိစ္ဆာဒိဋ္ဌိအယူရှိသော ဤပုဂ္ဂိုလ်တစ်ယောက် လောက၌ ဖြစ်ပေါ်လာ သော် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏ဟု (မိန့်တော် မူ၏)။

၃၀၉။ ရဟန်းတို့ တစ်ယောက်သော ပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်လာသော် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုး ရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာ၏။ ထို တစ်ယောက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်းဟူမူ မဖောက်ပြန်သောအားဖြင့် မြင်တတ်သော သမ္မာဒိဋ္ဌိအယူရှိသော ပုဂ္ဂိုလ်တည်း၊ ထို ပုဂ္ဂိုလ်သည် လူအများကို မသူတော်တရားမှ ကင်းကွာစေ၍ သူတော်ကောင်းတရား၌ တည်စေ၏။

ရဟန်းတို့ သမ္မာဒိဋ္ဌိ အယူရှိသော ဤပုဂ္ဂိုလ်တစ်ယောက် လောက၌ ဖြစ်ပေါ်လာ သော် လူအများ၏ အစီးအပွါး ရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုး ရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။


၃၁၀။ ရဟန်းတို့ ဤမှားသောမြင်ခြင်း {မိစ္ဆာဒိဋ္ဌိ}သည် ကြီးလေးသော အပြစ် ရှိသကဲ့သို့၊ ဤအတူ ကြီးလေးသော အပြစ်ရှိသော အခြားတစ်ခုသော တရားကို မျှလည်း ငါမမြင်။ ရဟန်းတို့ ကြီးလေးသော အပြစ်ရှိသော အကုသိုလ်ကံတို့သည် မိစ္ဆာဒိဋ္ဌိသာလျှင် လွန်ကဲခြင်းရှိကုန်၏ဟု (မိန့်တော်မူ၏)။

၃၁၁။ ရဟန်းတို့ ဤ(မဂ်ဖိုလ်မှ) အချည်းနှီးသော ယောက်ျားဖြစ်သော မက္ခလိ ဂေါသာလသည် လူအများ၏ အစီးအပွါးမဲ့ခြင်းငှါ လူအများ၏ ချမ်းသာမဲ့ခြင်းငှါ လူအများ၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သကဲ့သို့၊ ဤအတူ ကျင့်သော အခြား တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကိုမျှ လည်း ငါမမြင်။ ရဟန်းတို့ များစွာသော ငါးတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ မြစ်ဆုံမြစ်ဝ၌ မြှုံးကို ဖွဲ့နှောင်၍ ထားသကဲ့သို့၊ ဤအတူသာလျှင် များစွာသော သတ္တ၀ါတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ အကျိုးမဲ့ခြင်းငှါ ပျက်စီးခြင်းငှါ (မဂ်ဖိုလ်မှ)အချည်းနှီးသော မက္ခလိဂေါသာလသည် လောက၌ ဖြစ်ပေါ်လာ၏ဟု (မိန့်တော်မူ၏)။

၃၁၂။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင် ဆရာ ဖြစ်သူသည်လည်း ဆောက်တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက် တည်စေ၏၊ ဆောက်တည်စေအပ်သော အကြင် တပည့်သည်လည်း ထို အဆုံး အမအတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာ တပည့်တို့သည် များစွာ သော မကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့် တည်းဟု (မိန့်တော်မူ၏)။

၃၁၃။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင် ဆရာဖြစ်သူ သည်လည်း ဆောက်တည်စေ၏၊ အကြင် တပည့်ဖြစ်သူကိုလည်း ဆောက်တည် စေ၏၊ ဆောက်တည်စေအပ်သော အကြင်တပည့်သည်လည်း ထို အဆုံးအမ အတိုင်း ဖြစ်ခြင်းငှါ ကျင့်၏၊ ထို အလုံးစုံသော ဆရာတပည့်တို့သည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့် တော်မူ၏)။

၃၁၄။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အလှူပေးပုဂ္ဂိုလ် သည် အတိုင်းအရှည်ကို သိရမည်၊ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။

၃၁၅။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အလှူခံပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရမည်၊ အလှူပေးပုဂ္ဂိုလ်သည် အတိုင်းအရှည်ကို သိရန် မလိုပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။

၃၁၆။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လရှိ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည် ၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။

၃၁၇။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ ၏၊ ထိုသူသည် ဆင်းရဲစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။

၃၁၈။ ရဟန်းတို့ မကောင်းသဖြင့် ဟောအပ်သော သာသနာ၌ အကြင်သူသည် ပျင်းရိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့် နည်း ဟူမူ- ရဟန်းတို့ တရားကို မကောင်းသဖြင့် ဟောအပ်သည်၏ အဖြစ်ကြောင့် တည်းဟု (မိန့်တော်မူ၏)။

၃၁၉။ ရဟန်းတို့ ကောင်းစွာ ဟောအပ်သော သာသနာ၌ အကြင်သူသည် ထက်သန်သော လုံ့လရှိ၏၊ ထိုသူသည် ချမ်းသာစွာ နေရ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ- ရဟန်းတို့ တရားကို ကောင်းစွာ ဟောအပ်သည်၏ အဖြစ်ကြောင့်တည်းဟု (မိန့်တော်မူ၏)။

၃၂၀။ ရဟန်းတို့ အနည်းငယ်မျှသော မစင်သည်လည်း မကောင်းသော အနံ့ရှိ သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ငါသည် အနည်းငယ်မျှသော ဘ၀ကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီး ကာလမျှသော ဘ၀ကို လည်း ချီးမွမ်းတော်မမူဟု (မိန့်တော်မူ၏)။

၃၂၁။ ရဟန်းတို့ အနည်းငယ်မျှသော ကျင်ငယ်သည်လည်း မကောင်းသော အနံ့ရှိ သကဲ့သို့။ အနည်းငယ်မျှသော တံတွေးသည်လည်း မကောင်းသော အနံ့ရှိသကဲ့ သို့။ အနည်းငယ်မျှသော ပြည်သည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့။ အနည်းငယ်မျှသော သွေးသည်လည်း မကောင်းသော အနံ့ရှိသကဲ့သို့၊ ရဟန်းတို့ ဤအတူပင်လျှင် ငါသည် အနည်းငယ်မျှသော ဘ၀ကိုလည်း ချီးမွမ်းတော်မမူ၊ အယုတ်ဆုံးအားဖြင့် လက်ဖျစ်တစ်တီး ကာလမျှသော ဘ၀ကိုလည်း ချီးမွမ်းတော် မမူဟု (မိန့်တော်မူ၏)။

၃ - တတိယ၀ဂ်၊ ဧကဓမ္မပါဠိ၊ ဧကကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဒဂုန် ဦးထွန်းမြင့်၏ မင်္ဂလာ ကဗျာများ

ဒဂုန် ဦးထွန်းမြင့်၏ မင်္ဂလာ ကဗျာများ

၁။ {{အသေ၀နာ စ ဗာလာနံ}}

လူမိုက်ဆိုလျှင်၊ ရှောင်သွေလွှဲလို့
မမှီဝဲနှင့်၊ ကင်းအောင်နေ။
ပညာရှိကို၊ အရှည်တွဲလို့
မှီဝဲဆည်းကပ်၊ နည်းယူစေ။
သုံးပါးရတနာ၊ မိဘများနှင့်
ဆရာသမားကို၊ ပူဇော်လေ။
ချမ်းသာကိုပေး၊ ဆက်ဆံရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ {{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၂။ {{ပတိရူပဒေသ၀ါသော စ}}

ကုသိုလ်ပညာ၊ ဥစ္စာရဖို့
သင့်ရာဒေသ၊ အမြဲနေ။
ရှေးကတင်ကူး၊ ပြုခဲ့ဖူးသည့်
ကောင်းမှုအထူး၊ ရှိပါစေ။
မိမိကိုယ်ကို၊ ကောင်းအောင်ထိန်းလို့
မတိမ်းစေနှင့်၊ တည်ဆောက်လေ။
ဥစ္စာကိုပေး၊ နေထိုင်ရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ {{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၃။ {{ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ}}

တတ်ကောင်းတတ်ရာ၊ ဟူသမျှကို
ကြား, မြင်, သုတ၊ ရှိပါစေ။
အိုးအိမ်တည်ထောင်၊ ၀မ်းစာရေးနှင့်
အသက်မွေးဖို့၊ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ၊ ကျင့်ဝတ်များကို
ကောင်းစွာသင်ကြား၊ နားလည်စေ။
မှန်ကန်ယဉ်ကျေး၊ ချိုသာအေး
ဆိုရေးတတ်ပါစေ။
အဲဒါမှ {{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၎။ {{မာတာပိတု ဥပဋ္ဌာနံ}}

မြင်းမိုရ်ရွှေတောင်၊ မိဘ, ကြွေးကို
ကောင်းစွာဆပ်ပေး၊ ၀တ်ကျေကျေ။
ကြွေးသစ်ချကာ၊ သားနှင့်မယား
မြှောက်စားချီးမြှင့်၊ ၀တ်ကုန်စေ။
အလုပ်တာဝန်၊ မလစ်ဟင်းနဲ့
အပြစ်ကင်းအောင်၊ လုပ်ပါလေ။
စည်းစိမ်ကိုပေး၊ ပြုစုရေး
မျှော်တွေးသုံးချက်ပေ။
အဲဒါမှ{{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၅။ {{ဒါနဉ္စ ဓမ္မစရိယာ စ}}

သုံးတန်စေတနာ၊ ဖြူစင်တန်းလို့
ပေးကမ်းဝေငှ၊ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ၊ မမိုက်မှားနဲ့
သုစရိုက်တရားကို၊ ကျင့်ပါလေ။
ဆွေမျိုးတွေကို၊ ပြင်ပမထားနဲ့
သင်္ဂဟတရားနှင့်၊ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုအကျိုး
သည်ပိုးဆောင်ရွက်စေ။
အဲဒါမှ{{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၆။ {{အာရတီ ၀ိရတီ ပါပါ}}

မကောင်းမှုတွေ၊ ဟူသမျှကို
မတွေ့ခင်က၊ ရှောင်ကြဉ်လေ။
တွေ့ကြုံလာလျှင်၊ မလွန်ကျူးနဲ့
အထူးသဖြင့်၊ စောင့်စည်းနေ။
အရက်သေစာ၊ မသောက်စားနဲ့
မှောက်မှားတတ်တဲ့၊ အရာပေ။
လုပ်ကိုင်ပြောကြား၊ သတိထား
တရားမမေ့စေ။
အဲဒါမှ{{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၇။ {{ဂါရဝေါ စ နိဝါတော စ}}

အသက်ဂုဏ်ဝါ၊ ကိုယ့်ထက်ကြီးက
ဆည်းကပ် ခ,စား၊ ရိုသေလေ။
မာနတံခွန်၊ ဂုဏ်မကြွနှင့်
ကိုယ့်ကိုနှိမ့်ချ၊ အမြဲနေ။
လောဘအပို၊ လိုမလိုက်နဲ့
ကိုယ့်ထိုက်တာနဲ့၊ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး၊ သူ့ကျေးဇူး
အထူးသိတတ်စေ။
ကောင်းကျိုးဆင့်ပွား၊ မြတ်တရား
နာကြားမပြတ်ပေ။
အဲဒါမှ{{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၈။ {{ခန္တီ စ သောဝစဿတာ}}

စားဝတ်နေထိုင်၊ ရန်ခပ်သိမ်း
စိတ်ကိုချုပ်ထိန်း၊ သည်းခံလေ။
ကျိုးကြောင်းပြညွှန်၊ ဆုံးမစကားကို
ပြောကြားလာက၊ နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ်၊ ဟူသမျှကို
မကြာခဏ၊ တွေ့ဆုံလေ။
သဘာဝတွေး၊ မှန်ကန်ရေး
ဆွေးနွေးမပြတ်ပေ။
အဲဒါမှ{{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၉။ {{တပေါ စ ဗြဟ္မစရိယဉ္စ}}

လောကီအာရုံ၊ ဇိမ်ယစ်မူးလို့
ပျော်မကြူးနဲ့၊ ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ်၊ လက်ကိုင်သုံးလို့
သူမြတ်ကျင့်ထုံး၊ ယွင်းမသွေ။
လေးပါးသစ္စာ၊ ဉာဏ်မြင်ကြည့်လို့
အမှန်သိအောင်၊ ကြိုးစားလေ။
ဒုက္ခလွတ်ကင်း၊ နိဗ္ဗာန်ချဉ်း
အလင်းပေါက်နိုင်စေ။
အဲဒါမှ{{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၁၀။ {{ဖုဋ္ဌဿ လောကဓမ္မေဟိ}}

ဆင်းရဲချမ်းသာ၊ သဘာဝ
တွေ့ကြုံနေကျ၊ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန်၊ အစုံတွဲလို့
တလှည့်စီလဲ၊ အမြဲနေ။
လောကဓံကြုံ၊ မဖြုံတမ်းပေါ့
မတုန်လှုပ်စမ်းနဲ့၊ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း
အေးငြိမ်းချမ်းသာနေ။
အဲဒါမှ{{ဗုဒ္ဓ၀ါဒ}}ကမ္ဘာ့မင်္ဂလာတွေ။

၁၁။ {{မင်္ဂလာပြုကျင့်ရကျိုး}}

သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာကုံးကို
လိုက်နာကျင့်သုံး၊ ပန်သူတွေ။
စီးပွားချမ်းသာ၊ ကျက်သရေတိုးလို့
ကောင်းကျိုးစည်ပွင့်၊ တဝေေ၀။
ဘေးရန်ကင်းကွာ၊ ချစ်သူပေါလို့
စိတ်ရောကိုယ်ရော၊ ချမ်းသာမလေ။
ပြောဆိုကြံဆ၊ ဆောင်သမျှ
အောင်ရမည်ကိန်းသေ။
အဲဒါကြောင့် ပန်ကြ, ဆင်ကြ {{မင်္ဂလာ့}} ပန်းခိုင်တွေ။

၁၂။ {{နိဂုံး ကဗျာ}}

သုံးဆယ့်ရှစ်ဖြာ၊ မင်္ဂလာတရားကို
ပျက်ပြားနေကြ၊ ကမ္ဘာ့မြေ။
ဟိုတိုင်း ဒီပြည်၊ ရန်စစ်ခင်းလို့
လူနှင့်လူချင်း၊ သတ်ကာနေ။
ငြိမ်းချမ်းပါစေ၊ အာသီသနဲ့
စွမ်းနိုင်ရာက၊ ကူညီသလေ။
သုံးဆယ့်ရှစ်ပါး၊ မင်္ဂလာတရား
ရေးသားဖြန့်ကာဝေ။
အဖိုးတန်တဲ့ {{ဗုဒ္ဓ၀ါဒ}} ကမ္ဘာက သိပါစေ။

မင်္ဂလာတရား ၃၈-မျိုး ဒီနေရာ...

Wednesday, November 26, 2008

ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏

ရဟန်းတို့ ဖြစ်ပေါ်လာသည့် ဤတရားငါးမျိုးတို့ကို ဖျောက်နိုင်ခဲကုန်၏။

တရားဟောရန် မလွယ်ကူကြောင်း- ဥဒါယီသုတ်

ဥဒါယီသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ၌ အသျှင်ဥဒါယီသည် လူပရိသတ် များစွာခြံရံ၍ တရားဟောလျက် နေ၏၊ အသျှင်အာနန္ဒာသည် လူပရိသတ် များစွာခြံရံ၍ တရား ဟောနေသော အသျှင်ဥဒါယီကို မြင်သဖြင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီး လျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား {{အသျှင်ဘုရား အသျှင် ဥဒါယီသည် လူပရိသတ် များစွာခြံရံလျက် တရားဟောနေပါ၏}} ဟု လျှောက်၏။

အာနန္ဒာ သူတစ်ပါးတို့အား တရားဟောရန် မလွယ်ကူ-
အာနန္ဒာ သူတစ်ပါးတို့အား တရားဟောလိုသူသည် တရားငါးမျိုးတို့ကို မိမိသန္တာန် ၌ ဖြစ်စေ၍ ဟောကြားရမည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ...

၁...
အစဉ်အတိုင်း ဖြစ်သော တရားစကား {အနုပုဗ္ဗိကထာ} ကို ဟောမည် ဟု
(နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။

၂...
အကျိုးအားလျော်သော အကြောင်းကို ပြလျက် တရားစကားကို ဟောမည် ဟု
(နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။

၃...
အစဉ် သနားခြင်းကို အစွဲပြု၍ တရားစကားကို ဟောမည် ဟု
(နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။

၎...
အာမိသကို မငဲ့ကွက်သော စိတ်ရှိသည်ဖြစ်၍ တရားစကားကို ဟောမည် ဟု
(နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။

၅...
မိမိ သူတစ်ပါးကို မထိပါး မပုတ်ခတ်မူ၍ တရားစကားကို ဟောမည် ဟု
(နှလုံးသွင်းလျက်) သူတစ်ပါးတို့အား တရားဟောရမည်။

အာနန္ဒာ သူတစ်ပါးတို့အား တရားဟောရန် မလွယ်ကူ၊
အာနန္ဒာ သူတစ်ပါးတို့အား တရားဟောလိုသူသည်
ဤ တရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဖြစ်စေ၍ ဟောကြားရမည် ဟု (မိန့်တော်မူ၏)။

၉ - ဥဒါယီသုတ်၊ သဒ္ဓမ္မ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

သာရန္ဒဒသုတ်။ ရတနာ ၅-မျိုး-


ကာမသားတို့ပြောသော ရခဲသော ရတနာ ၅-မျိုးနှင့်
ဘုရားပြောသော ရခဲသော ရတနာ ၅-မျိုး။


သာရန္ဒဒသုတ်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရား သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူတော်မူပြီးလျှင် ဝေသာလီပြည်သို့ ဆွမ်းခံဝင်တော်မူ၏။

ထိုအခါ သာရန္ဒဒစေတီ၌ စုဝေး နေထိုင်ကုန်သော ငါးရာမျှသော လိစ္ဆ၀ီမင်းတို့အား ဤအကြား စကားသည် ဖြစ်ပေါ်၏။

လောက၌ ရတနာငါးမျိုးတို့၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...လောက၌ ဆင်ရတနာ၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။
၂...လောက၌ မြင်းရတနာ၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။
၃...လောက၌ ပတ္တမြား (ကျောက်မျက်) ရတနာ၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။
၎...လောက၌ မိန်းမရတနာ၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။
၅...လောက၌ သူဌေးရတနာ၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။

လောက၌ ဤရတနာငါးမျိုးတို့၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏ ဟု
(ဤအကြားစကားသည် ဖြစ်ပေါ်၏)။

ထိုအခါ ထိုလိစ္ဆ၀ီမင်းတို့သည် {{အချင်းယောက်ျား သင်သည် မြတ်စွာဘုရားကို တွေ့မြင်သောအခါ ငါတို့အား ပြောကြားလှည့်လော့}} ဟု (ဆို၍) လမ်းခရီး၌ မင်းချင်း ယောက်ျားကို ထားကြကုန်၏။
ထိုမင်းချင်း ယောက်ျားသည် မြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်၍ လိစ္ဆ၀ီမင်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် -

{{အရှင်တို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည် ကြွလာတော်မူပါ၏၊ ယခု အခါ (ဖူးမြော်ရမည့်) အချိန်အခါကို အရှင်တို့ သိပါ၏ (ဖူးမြော်ရန်မှာ အရှင်တို့ အလိုအတိုင်းပင် ဖြစ်ပါ၏)}} ဟု လျှောက်တင်၏။

ထို့နောက် ထိုလိစ္ဆ၀ီမင်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခု သော နေရာ၌ ရပ်နေကြကုန်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန် ၏။ {{အသျှင်ဘုရား တောင်းပန်ပါ၏၊ သနားစောင့်ရှောက်ခြင်းကို အကြောင်းပြု၍ သာရန္ဒဒစေတီသို့ ချဉ်းကပ်တော်မူပါ}} ဟု လျှောက်ကြကုန်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူခြင်းဖြင့် လက်ခံတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် သာရန္ဒဒစေတီသို့ ချဉ်းကပ်၍ ခင်းထားသော နေရာ ၌ ထိုင်တော်မူပြီးလျှင် ထိုလိစ္ဆ၀ီမင်းတို့အား -

{{လိစ္ဆ၀ီမင်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စုဝေးထိုင်နေကုန်သနည်း၊ သင်တို့ အား မပြီးပြတ်သေးသော အကြားစကားသည် အဘယ်နည်း}} ဟု မေးတော်မူ၏။

အသျှင်ဘုရား ဤအရပ်၌ စုဝေး ထိုင်နေကုန်သော အကျွန်ုပ်တို့အား ဤမပြီးပြတ် သေးသော အကြားစကားသည် ထင်ရှား ဖြစ်ပေါ်ပါ၏။
လောက၌ ရတနာငါးမျိုးတို့၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ - ။ ပ ။

လောက၌ ဤရတနာငါးမျိုးတို့၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏ ဟု
ဤမပြီးပြတ်သေးသော အကြားစကားသည် ဖြစ်ပေါ်ပါ၏ ဟူ၍ လျှောက်ကြကုန်၏။

အချင်းတို့ ကာမဂုဏ်၌ နှလုံးသွင်းရှိကုန်သော လိစ္ဆ၀ီမင်းတို့အား ကာမဂုဏ်ကို သာလျှင် အကြောင်းပြု၍ မပြီးပြတ်သေးသော အကြားစကားသည် ထင်ရှား ဖြစ်ပေါ်၏တကား။

လိစ္ဆ၀ီမင်းတို့ လောက၌ ရတနာငါးမျိုးတို့၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
လောက၌ ပူဇော်အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။

၂...
လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောပြောတတ် သော ပုဂ္ဂိုလ်ကို ရခဲ၏။

၃...
လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောကြားအပ် သည် ရှိသော် သိတတ်သော ပုဂ္ဂိုလ်ကို ရခဲ၏။

၎...
လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောကြားအပ် သည် ရှိသော် သိသည့်အတိုင်း တရားနှင့်အညီ ကျင့်သော ပုဂ္ဂိုလ်ကို ရခဲ၏။

၅...
လောက၌ သူပြုဖူးသော ကျေးဇူးကို သိ၍ သူပြုဖူးသော ကျေးဇူးကို ထင်ရှားအောင် ပြုလေ့ရှိသော ပုဂ္ဂိုလ်ကို ရခဲ၏။

လိစ္ဆ၀ီမင်းတို့ ဤရတနာငါးမျိုးတို့၏ ထင်ရှား ဖြစ်ပေါ်မှုကို လောက၌ ရခဲ၏ ဟု (မိန့်တော်မူ၏)။

၃ - သာရန္ဒဒသုတ်၊ တိကဏ္ဍကီဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

Tuesday, November 25, 2008

ဗုဒ္ဓသာသနာတွင်သာရှိသော တရား ၁၀-ပါး

ပဌမသုတ်၊

ရဟန်းတို့ ထက်ဝန်းကျင် စင်ကြယ်ကုန်သော ထက်ဝန်းကျင် ဖြူစင်ကုန်သော ဤတရား ဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ {သာသနာတော်} မှ တစ်ပါး၌ မဖြစ်ကုန်။

အဘယ်ဆယ်မျိုးတို့နည်းဟူမူ -

၁။ မှန်ကန်သော အမြင်၊
၂။ မှန်ကန်သော အကြံအစည်၊
၃။ မှန်ကန်သော စကား၊
၎။ မှန်ကန်သော အလုပ်၊
၅။ မှန်ကန်သော အသက်မွေးမှု၊
၆။ မှန်ကန်သော လုံ့လ၊
၇။ မှန်ကန်သော သတိ၊
၈။ မှန်ကန်သောသမာဓိ၊
၉။ မှန်ကန်သော ဉာဏ်၊
၁၀။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။

ရဟန်းတို့ ထက်ဝန်းကျင် စင်ကြယ်ကုန်သော ထက်ဝန်းကျင် ဖြူစင်ကုန်သော ဤတရားဆယ်မျိုးတို့သည် မြတ်စွာဘုရား၏ အဆုံးအမ {သာသနာတော်} မှ တစ်ပါး၌ မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

၁ - ပဌမသုတ်၊ ပရိသုဒ္ဓ၀ဂ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

စုန္ဒသုတ်- ရဟန်း ၄-မျိုး

ဤသို့ ရဟန်း ၄-မျိုးရှိပေသည်...

၁။ မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်း၊
၂။ မဂ်ခရီးကို ညွှန်ပြတတ်သော ရဟန်း၊
၃။ မဂ်ခရီး၌ အသက်ရှင်နေသော ရဟန်း၊
၎။ မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်း (ဤလေးမျိုးတို့တည်း)။


စုန္ဒသုတ်-

ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်၏ -

အသျှင်ဘုရား ပြန့်ပြောသော ပညာရှိသောတရား၏ အရှင် ဖြစ်တော်မူသော တဏှာ ကင်းတော်မူသော အခြေ နှစ်ချောင်းရှိ ပုဂ္ဂိုလ်တို့ထက် မြတ်သော ပုဂ္ဂိုလ်ဖြစ်တော်မူ သော ဆုံးမတတ်သူတို့တွင် မြတ်တော်မူသော သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရားကို အကျွန်ုပ် မေးလျှောက်လိုပါ၏-

လောက၌ ရဟန်းတို့သည် (အမျိုးအစားအားဖြင့်) အဘယ်မျှ ရှိပါကုန်သနည်း၊ တောင်းပန်ပါ၏၊ ထိုအကြောင်းကို အသျှင်ဘုရား ဟောတော်မူပါ။ (၁)

မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏-

စုန္ဒ (လောက၌) ရဟန်းတို့သည် အမျိုးအစားအားဖြင့် လေးမျိုးရှိကုန်၏၊
ငါးယောက်မြောက် အမျိုးအစား မရှိ၊
မျက်မှောက် မေးအပ်သည်ဖြစ်၍ ထိုရဟန်း လေးမျိုးတို့ကို သင့်အား ထင်ရှားပြုအံ့၊

၁။ မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်း၊
၂။ မဂ်ခရီးကို ညွှန်ပြတတ်သော ရဟန်း၊
၃။ မဂ်ခရီး၌ အသက်ရှင်နေသော ရဟန်း၊
၎။ မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်း (ဤလေးမျိုးတို့တည်း)။

ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်ထားပြန်၏-
အဘယ်သူကို မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းဟူ၍ ဘုရားရှင်တို့ ဆိုပါကုန် သနည်း၊ အတုမရှိသော ရဟန်းသည် အဘယ်သို့ သော အပြားအားဖြင့် မဂ်ခရီးကို ညွှန်ပြတတ်သူ ဖြစ်ပါသနည်း၊ အကျွန်ုပ် မေးအပ်သော အသျှင်ဘုရားသည် မဂ်ခရီး ၌ အသက်ရှင်နေသော ရဟန်းကို ဟောတော်မူပါ၊ ထို့ပြင် မဂ်ခရီးကို ဖျက်ဆီးတတ် သော ရဟန်းကို အကျွန်ုပ်အား ထင်ရှားပြတော်မူပါ။

၁...
အကြင်သူသည် သို့လော သို့လော တွေးတော ယုံမှားခြင်းကို ကူးမြောက်ပြီး ဖြစ်၏၊ ရာဂစသော ငြောင့်တံသင်းမှ ကင်းပြီးသူ ဖြစ်၏၊ နိဗ္ဗာန်၌ အလွန်မွေ့လျော်၏၊ တစ်စုံတစ်ခုကိုမျှ တဏှာအားဖြင့် မမက်မော၊ နတ်နှင့်တကွသော လောကကို ဆောင်တတ်၏၊ ထိုသို့သော ရဟန်းကို မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းဟူ၍ ဘုရားရှင်တို့ ဆိုကုန်၏။

၂...
ဤသာသနာတော်၌ အကြင်သူသည် နိဗ္ဗာန်ကို မြတ်၏ဟု ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် သိပြီး၍ မိမိသိပြီးသော နိဗ္ဗာန်တရားကို သူတစ်ပါးတို့အား ဟောကြားတတ်၏၊ ဝေဖန် တတ်၏၊ ယုံမှားခြင်းကို ဖြတ်တတ်သော တဏှာကင်းသော ထိုရဟန်းကို ရဟန်းတို့တွင် မဂ်ခရီးကို ညွှန်ပြတတ်သော ဒုတိယ အမျိုးအစား ရဟန်းဟူ၍ ဆိုကုန်၏။

၃...
အကြင်သူသည် သီလ စောင့်စည်းမှုဖြင့် ကောင်းစွာ စောင့်စည်းလျက် သတိရှိကာ အပြစ်မရှိသော ဗောဓိပက္ခိယ တရားစုတို့ကို ဘာဝနာသေ၀နအားဖြင့် မှီဝဲသည်ဖြစ် ၍ နိဗ္ဗာန်တရား၏ အကြောင်းကောင်းစွာ ဟောထားသော မဂ်ခရီး၌ အသက်ရှင်နေ ၏၊ ထိုသူကို ရဟန်းတို့တွင် မဂ်ခရီး၌ အသက်ရှင်နေသော တတိယ အမျိုးအစား ရဟန်းဟူ၍ ဆိုကုန်၏။

၎...
အကြင်သူသည် ကောင်းသော အကျင့်ရှိသူတို့၏ အ၀တ်ကို ၀တ်၍ (ရဟန်းတို့၏ အတွင်းသို့)၀င်၏၊ ဒါယကာတို့၏ ကြည်ညိုမှုကို ဖျက်ဆီးတတ်၏၊ ကိုယ် နှုတ် နှလုံး ကြမ်းတမ်း၏၊ လှည့်ပတ်တတ်၏၊ ကိုယ် နှုတ် နှလုံးကို မစောင့်စည်း၊ ဖွဲအဖျင်းနှင့် တူ၏၊ ရဟန်း အတုအယောင် အသွင်အပြင်ဖြင့် လှည့်လည်သွားလာ၏၊ ထိုသူကို မဂ်ခရီးကို ဖျက်ဆီး တတ်သော ရဟန်းဟူ၍ သိအပ်၏။

အိမ်ရာထောင်သူ လူပုဂ္ဂိုလ်ဖြစ်၍ အကြားအမြင်ရှိသော ပညာရှိသော အကြင် အရိယာတပည့်သည် ဤရဟန်း လေးမျိုးတို့ကိုလည်း ထိုးထွင်း၍ သိ၏၊ ရဟန်း အားလုံးတို့သည် ထိုသို့ (ပါပရဟန်းနှင့်) တူသော သဘောမရှိကုန်၊ ဤသို့ သိရ၍ ထိုပညာရှိ၏ ယုံကြည်မှု {သဒ္ဓါ}သည် ဤမကောင်းသူကို မြင်သောကြောင့် မယုတ် လျော့ပေ၊ မှန်၏၊ အကြားအမြင် ရှိသော အရိယာသာဝကသည် မဂ်ခရီးကို မဖျက် ဆီးသော တစ်မျိုးတစ်စားသော ရဟန်းကို မဂ်ခရီးကို ဖျက်ဆီးသော တစ်မျိုးတစား သော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်း၊ စင်ကြယ်သော ရဟန်း ကို မစင်ကြယ်သော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်း ဟု (မိန့်တော်မူ၏)။

၅ - စုန္ဒသုတ်၊ ဥရဂ၀ဂ်၊ သုတ္တန္တနိပါတ်ပါဠိတော်။

သဒ္ဓမ္မပ္ပဋိရူပကသုတ်

သဒ္ဓမ္မပ္ပဋိရူပကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ် သော ဇေတ၀န်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊

ထိုအခါ အသျှင်မဟာကဿပသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရား ကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
{{အသျှင်ဘုရား ရှေးက သိက္ခာပုဒ်တို့သည် အလွန်နည်းလှသည်သာလျှင် ဖြစ်ကုန် ၏၊ များကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏၊ အကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း၊}}

{{အသျှင်ဘုရား ယခုအခါ၌ သိက္ခာပုဒ်တို့သည် အလွန်များသည်သာလျှင် ဖြစ်ကုန် ၏၊ အလွန်နည်းသည်သာလျှင် ဖြစ်ကုန်သော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကုန်၏၊ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း}} ဟု လျှောက်၏။

ကဿပ ထိုအရာသည် ဤသို့ ဖြစ်၏၊

သတ္တ၀ါတို့ ဆုတ်ယုတ်ကုန်သည်ရှိသော် သူတော်ကောင်းတရား ကွယ်သည်ရှိသော် သိက္ခာပုဒ်တို့သည် အလွန်များသည်သာလျှင် ဖြစ်ကုန်၏၊ အလွန်နည်းသည်သာ လျှင် ဖြစ်ကုန်သော ရဟန်းတို့သည်လည်း အရဟတ္တဖိုလ်၌ တည်ကုန်၏။

ကဿပ အကြင်မျှလောက် ကာလပတ်လုံး လောက၌ တရားအတုအယောင် မဖြစ် ပေါ်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး သူတော်ကောင်းတရား မကွယ်သေး၊

ကဿပ အကြင်အခါ၌ကား လောက၌ သူတော်ကောင်းတရား အတုအယောင် သည် ဖြစ်ပေါ်၏၊ ထိုအခါ၌ သူတော်ကောင်းတရား ကွယ်ခြင်းသည် ဖြစ်၏။

ကဿပ ဥပမာသော်ကား အကြင်မျှလောက်ကာလပတ်လုံး လောက၌ ရွှေတုသည် မဖြစ်ပေါ်သေး၊ ထိုမျှလောက် ကာလပတ်လုံး ရွှေစစ် မကွယ်သေး၊ ကဿပ အကြင်အခါ လောက၌ ရွှေတုသည်ဖြစ်ပေါ်၏၊ ထိုအခါ၌ ရွှေစစ်၏ ကွယ်ခြင်းသည် ဖြစ်ပေါ်၏။

ကဿပ ဤအတူသာလျှင် အကြင်မျှလောက် ကာလပတ်လုံး လောက၌ သူတော် ကောင်းတရား အတုအယောင်သည် မဖြစ်ပေါ်သေး၊ ထိုမျှလောက် ကာလပတ်လုံး သူတော် ကောင်းတရား မကွယ်သေး၊ ကဿပ အကြင်အခါ လောက၌ သူတော် ကောင်းတရား အတုအယောင်သည် ဖြစ်ပေါ်၏၊ ထိုအခါ၌ သူတော်ကောင်းတရား ၏ ကွယ်ခြင်းသည် ဖြစ်၏။

ကဿပ ...
ပထ၀ီဓာတ်သည် သူတော်ကောင်း တရားကို မကွယ်ပျောက်စေနိုင်၊
အာပေါဓာတ်သည် သူတော်ကောင်း တရားကို မကွယ်ပျောက်စေနိုင်၊
တေဇောဓာတ်သည် သူတော်ကောင်း တရားကို မကွယ်ပျောက်စေနိုင်၊
ဝါယောဓာတ်သည် သူတော်ကောင်း တရားကို မကွယ်ပျောက်စေနိုင်၊

စင်စစ်သော်ကား အကြင်ယောက်ျားတို့သည် ဤသူတော်ကောင်းတရားကို ကွယ် စေကုန်၏၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်ကုန်သော ထိုယောက်ျားတို့သည် ဤသာသနာ တော်၌သာ ဖြစ်ပေါ်ကုန်၏၊ {{လှေသည် ၀န်ကို ယူဆောင်ခြင်းဖြင့်သာလျှင် နစ်မြုပ် ရသကဲ့သို့}} ကဿပ ဤအတူသာလျှင် သူတော်ကောင်းတရား၏ ကွယ်ခြင်းသည် မဖြစ်။


ကဿပ အောက်သို့ သက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော် ကောင်း တရား မှေးမှိန်ခြင်းငှါ ကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

ကဿပ ဤသာသနာတော်၌
ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသကာမိန်းမတို့သည်...

မြတ်စွာဘုရား၌ မရိုသေ မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊
တရားတော်၌ မရိုသေ မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊
သံဃာတော်၌ မရိုသေ မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊
အကျင့်သိက္ခာ၌ မရိုသေ မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊
သမာဓိ၌ မရိုသေ မတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊

ကဿပ အောက်သို့ သက်စေတတ်ကုန်သော ဤတရားငါးမျိုးတို့သည် သူတော် ကောင်းတရား မှေးမှိန်ခြင်းငှါ ကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏။

ကဿပ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်ခြင်းငှါ မမှေးမှိန်ခြင်း ငှါ မကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

ကဿပ ဤသာသနာတော်၌
ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာယောက်ျား ဥပါသကာမိန်းမတို့သည်...

မြတ်စွာဘုရား၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
တရားတော်၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
သံဃာတော်၌ ရိုသေတုပ်ဝပ်ကုန်သည် ဖြစ်၍ နေကုန်၏၊
အကျင့်သိက္ခာ၌ ရိုသေတုပ်ဝပ်ကုန်သည်ဖြစ်၍ နေကုန်၏၊
သမာဓိ၌ ရိုသေတုပ်ဝပ်ကုန် သည်ဖြစ်၍ နေကုန်၏၊

ကဿပ ဤတရားငါးမျိုးတို့သည် သူတော်ကောင်းတရား တည်ခြင်းငှါ မမှေးမှိန်ခြင်း ငှါ မကွယ်ပျောက်ခြင်းငှါ ဖြစ်ကုန်၏ ဟု (ဟောတော်မူ၏)။

သဒ္ဓမ္မပ္ပဋိရူပကသုတ်၊ ကဿပသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

Saturday, November 22, 2008

အမျက်ထွက်ခြင်းကို အလေးထား၍ ...

ပဌမ ကောဓဂရုသုတ်- (ကောဓ=အမျက်ထွက်ခြင်း၊ ဂရု=အလေးထား)

ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။

အဘယ်လေးမျိုး တို့နည်းဟူမူ-

၁...
အမျက်ထွက်ခြင်းကို အလေးပြု၍
သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊

၂...
ကျေးဇူး ချေဖျက်ခြင်းကို အလေးပြု၍
သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊

၃...
လာဘ် ရခြင်းကို အလေးပြု၍
သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊

၎...
အရိုအသေပြုမှု {သက္ကာရ} ကို အလေးပြု၍
သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။

ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊

အဘယ်လေးမျိုးတို့နည်းဟူမူ-

၁...
သူတော်ကောင်းတရားကို အလေးပြု၍
အမျက်ထွက်ခြင်းကို အလေးမပြုသော ပုဂ္ဂိုလ်၊

၂...
သူတော်ကောင်းတရားကို အလေးပြု၍
(သူ့ကျေးဇူး) ချေဖျက်ခြင်း၌ အလေးမပြုသော ပုဂ္ဂိုလ်၊

၃...
သူတော်ကောင်းတရားကို အလေးပြု၍
လာဘ် ရခြင်းကို အလေးမပြုသော ပုဂ္ဂိုလ်၊

၎...
သူတော်ကောင်းတရားကို အလေးပြု၍
အရိုအသေပြုမှု {သက္ကာရ}ကို အလေးမပြုသော ပုဂ္ဂိုလ်တို့တည်း၊

ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှား ရှိကုန်၏။

အမျက်ထွက်ခြင်း (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြုကုန်သော လာဘ်နှင့် အရိုအသေပြုမှုကို အလေးပြုကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟော ကြားအပ်သော တရားတော်၌ မကြီးပွါးကုန်။ အကြင် ရဟန်းတို့သည်ကား သူတော် ကောင်းတရားကို အလေးပြုကုန်သည် ဖြစ်၍ နေခဲ့ကြကုန်ပြီ၊ နေလည်း နေကြကုန် ဆဲ၊ ထိုရဟန်းတို့သည် စင်စစ် မြတ်စွာဘုရားသည် ဟောတော်မူအပ်သော တရား တော်၌ ကြီးပွါးကုန်၏။

၃ - ပဌမ ကောဓဂရုသုတ်၊ ရောဟိတဿဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုင်္ုတ္တိုရ်။

ပါတုဘာဝသုတ်- (ထင်ရှားဖြစ်ခြင်း)

ပါတုဘာဝသုတ်- (ထင်ရှားဖြစ်ခြင်း)

ရဟန်းတို့ လောက၌ တရား ခြောက်မျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ...

၁...
လောက၌ ပူဇော်အထူးကို ခံတော် မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှား ဖြစ်ပေါ်မှုကို ရခဲ၏။

၂...
လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မ၀ိနယကို ဟောကြားတတ် သော ပုဂ္ဂိုလ်ကို ရခဲ၏။

၃...
လောက၌ သူတော်ကောင်းတို့၏ တည်ရာ (မဇ္ဈိ မဒေသ) အရပ်၌ ဖြစ်ရခြင်းကို ရခဲ၏။

၎...
လောက၌ (မျက်စိစသော) ဣနြေ္ဒတို့၏ မချို့ တဲ့သူ အဖြစ်ကို ရခဲ၏။

၅...
လောက၌ မမိုက်မဲ မဆွံ့အသူ အဖြစ်ကို ရခဲ၏။

၆...
လောက၌ ကုသိုလ်တရား၌ ပြုလိုမှု {ဆန္ဒ} ကို ရခဲ၏။
ရဟန်းတို့ လောက၌ ဤတရား ခြောက်မျိုးတို့၏ ထင်ရှားဖြစ်ပေါ်မှုကို ရခဲ၏ ဟု (မိန့်တော်မူ၏)။

၁ - ပါတုဘာဝသုတ်၊ အာနိသံသ၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

Friday, November 21, 2008

Thursday, November 20, 2008

ခဂ္ဂ၀ိသာဏသုတ်- (ကြံ့ချို)

ခဂ္ဂ၀ိသာဏသုတ်- (ကြံ့ချို)

၁...
ထိုအရှင်သည် သတ္တ၀ါအားလုံးတို့၌ ဒဏ်မထားမူ၍ ထိုသတ္တ၀ါတို့တွင် တစ် ယောက်ယောက်ကိုမျှလည်း မညှဉ်းဆဲဘဲ ပစ္စေက ဗောဓိဉာဏ်ကိုရ၏၊ ထိုပစ္စေက ဗုဒ္ဓါအသျှင်သည် သားသမီးကိုသော်လည်း အလိုမရှိပေ၊ အပေါင်း အဖော်ကို မူကား အဘယ်မှာ အလိုရှိပါတော့မည်နည်း၊ (ထို့အတူ သူတော်ကောင်းသည်) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၂...
ရောနှောစပ်ယှက်မှု {သံသဂ္ဂ}ဖြစ်နေသူအား ချစ်ခင်မှု {သ္နေဟ}ဖြစ်ရသည့်အပြင် ချစ်ခင်မှု {သ္နေဟ}သို့ အစဉ်လိုက်သော ဤဆင်းရဲအမျိုးမျိုး ဖြစ်ရ၏၊ ထို့ကြောင့် ချစ်ခင်မှု {သ္နေဟ}ကြောင့် ဖြစ်သော အပြစ်ကို ဉာဏ်ဖြင့် ရှုဆင်ခြင်လျက် ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၃...
အဆွေခင်ပွန်းတို့ကို လည်းကောင်း ချစ်ကျွမ်းဝင်သူတို့ကို လည်းကောင်း အစဉ် သနားသည်ဖြစ်၍ ထိုသူတို့၌ နှစ်သက်နှောင်ဖွဲ့သော စိတ်ရှိသူသည် အကျိုးစီးပွါး အားလုံးကို ဆုတ်ယုတ်စေ၏၊ ထို့ကြောင့် ပေါင်းသင်း ဆက်ဆံမှု၌ ဤအကျိုး ဆုတ်ယုတ်မှုဟူသောဘေးကို ဉာဏ်ဖြင့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက် တည်း ကျင့်ရာ၏။


၎...
ကျယ်ပြန့်သော ၀ါးရုံကြီးသည် ငြိယှက်ရှုပ်ထွေးကာ တည်သကဲ့သို့ သား သမီးတို့၌ လည်းကောင်း၊ မယားတို့၌ လည်းကောင်း ငဲ့ကွက်မှု ချစ်ခြင်း တဏှာသည် ထို သားသမီးစသည်တို့၌ ငြိကပ်တွယ်တာ၏၊ ထို့ကြောင့် ၀ါးရုံ၏အလယ်၌ ပေါက် သစ်စ ဖြစ်သော ၀ါးမျှစ်စို့သည် မငြိမတွယ် တည်သကဲ့သို့ ထို့အတူ မငြိကပ် မတွယ်တာဘဲ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၅...
သားသမင်သည် တောအရပ်၌ အနှောင်အဖွဲ့ မရှိဘဲ သွားလိုရာရာ အရပ်သို့ ကျက်စားရန် သွားနိုင်သကဲ့သို့ ပညာရှိသော ယောက်ျားသည် (သူတစ်ပါးနှင့် မစပ် ဘဲ) မိမိ အလိုဆန္ဒအတိုင်း ဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ် ယောက်တည်း ကျင့်ရာ၏။


၆...
အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ထိုင်နေရာ၌သော် လည်းကောင်း၊ ရပ်တည်ရာ၌သော် လည်းကောင်း၊ သွားရာ၌သော် လည်းကောင်း၊ လှည့်လည်ရာ ၌သော် လည်းကောင်း (သူတစ်ပါးတို့) အတောင်းခံရ၏၊ (ထို့ကြောင့်) သူတစ်ပါး တို့ မမက်မောအပ်သော မိမိအလိုဆန္ဒအတိုင်း ဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၇...
အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ကစားမြူးထူးခြင်းနှင့် (ကာမဂုဏ်) မွေ့လျော်ခြင်းသည် ဖြစ်၏၊ သားသမီးတို့၌လည်း ကျယ်ပြန့် များပြားသော ချစ်ခြင်း သည်ဖြစ်၏၊ ထို့ကြောင့် ချစ်သူတို့နှင့် ကွေကွင်းခြင်းကို စက်ဆုပ်သည်ဖြစ်၍ ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၈...
ဆိုးကောင်း ယုတ်မြတ်ရတတ်သမျှသော ပစ္စည်းဖြင့် နှစ်သိမ့်ရောင့်ရဲကာ အရပ် လေးမျက်နှာတို့၌ မေတ္တာ ဘာဝနာဖြင့် ပျံ့နှံ့စေလျက် ချမ်းသာစွာနေရသူ သတ္တ၀ါ တို့၌ ထိပါးမှု မရှိသူဖြစ်သည့်အပြင် အတွင်းအပ ဘေးရန်တို့ကို သည်းခံနိုင်သူ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိသူဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉...
အချို့သော ရဟန်းတို့ကို လည်းကောင်း၊ အချို့သော အိမ်နေသူလူတို့ကို လည်း ကောင်း ချီးမြှောက်ရန် ခဲယဉ်း လှကုန်၏၊ ဤသို့ သိသောကြောင့် သူတစ်ပါး သား သမီးတို့၌ ကြောင့်ကြမဲ့ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၁၀...
လုံ့လ ၀ီရိယရှိသူသည် လူ၏ အသွင်အပြင်တို့ကို ပယ်ချ၍ အရွက်ကြွေကျပြီး သော ပင်လယ်ကသစ်ပင်ကဲ့သို့ လူ၌ဖြစ်သော အနှောင်အဖွဲ့တို့ကို ဖြတ်တောက် လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁...
ရင့်ကျက်သည့် ပညာရှိသော ကောင်းစွာ နေလေ့ရှိသော ၀ီရိယမလျော့သော အတူတကွ ကျင့်ဘက် မိတ်ဆွေကောင်းကို ရနိုင်ခဲ့မူ ထိုမိတ်ဆွေကောင်းနှင့် ၀မ်း မြောက်ဝမ်းသာ သတိရှိသည်ဖြစ်၍ အတွင်းအပ ဘေးရန် အားလုံးတို့ကို လွှမ်းမိုး လျက် ကျင့်ရာ၏။


၁၂...
ရင့်ကျက်သော ပညာရှိသော ကောင်းစွာ နေလေ့ရှိသော ၀ီရိယ မလျော့သော အတူတကွ ကျင့်ဘက် မိတ်ဆွေကောင်းကို မရခဲ့မူ မင်းသည် မိမိအောင်နိုင်ပြီး သော တိုင်းနိုင်ငံကို ပယ်စွန့်ကာ တစ်ယောက်တည်း ကျင့်သကဲ့သို့ လည်းကောင်း၊ တော၌ မာတင်္ဂမည်သော ဆင်ပြောင်ကြီးသည် တစ်ကောင်တည်း လှည့်လည် သကဲ့သို့ လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏။

၁၃...
အပေါင်းအဖော်တို့နှင့် ပြည့်စုံခြင်းကို အမှန်ပင် ငါတို့ ချီးမွမ်းပါကုန်၏၊ သီလစသည် တို့ဖြင့် မိမိထက်မြတ်သော အပေါင်းအဖော်တို့ကို လည်းကောင်း၊ မိမိနှင့်တူသော အပေါင်းအဖော်တို့ကို လည်းကောင်း မှီဝဲ ပေါင်းသင်းထိုက်ကုန်၏၊ ဤသို့သော အပေါင်းအဖော်တို့ကို မရခဲ့သော် အပြစ်ကင်းသော ဘောဇဉ်ကို သုံးဆောင်မှီဝဲ လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၁၄...
ရွှေပန်းတိမ်သည်သားသည် ကောင်းစွာ ပြုလုပ်ပြီးကုန်သော လက်၌ နှစ်ဆင့် ၀တ် ထားသော ရွှေရောင် တလက်လက် ထွက်သော ရွှေလက်ကောက်တို့ အချင်းချင်း ထိခိုက်ကြသည်တို့ကို မြင်ရ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၅...
အဖော်နှင့်တကွ ဤသို့ စကားပြောရခြင်းသည် လည်းကောင်း၊ အလွန် ကပ်ငြိစွဲ လမ်းခြင်းသည် လည်းကောင်း ငါ့အား ဖြစ်ခဲ့ရာ၏၊ နောင်အခါ ဖြစ်မည့် ဤသို့သော ဘေးကို ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၁၆...
ဆန်းကြယ်ကုန် သာယာဖွယ်ဖြစ်ကုန်သော စိတ်ပျော်မွေ့ဖွယ် ဖြစ်ကုန်သော ကာမ ဂုဏ်တို့သည် ဖောက်ပြန်သော သဘောအားဖြင့် စိတ်ကို မွှေနှောက်ချောက်ချား တတ်ကုန်၏ဟု ကာမဂုဏ်တို့၌ အပြစ်ကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက် တည်း ကျင့်ရာ၏။

၁၇...
ဤကာမဂုဏ်သည် ဘေးရန်လည်း မည်၏၊ အိုင်းအမာလည်း မည်၏၊ ကပ်၍ နှိပ်စက်တတ်သော ဥပဒ္ဒဝေါလည်း မည်၏၊ အနာရောဂါလည်း မည်၏၊ ငြောင့် တံသင်းလည်း မည်၏၊ ဘေးလည်းမည်၏ဟု ကာမဂုဏ်တို့၌ ဤသို့သော ဘေးကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၁၈...
အအေးကို လည်းကောင်း၊ အပူကို လည်းကောင်း၊ ဆာလောင်ခြင်းကို လည်း ကောင်း၊ မွတ်သိပ်ခြင်းကို လည်းကောင်း၊ လေ နေပူကို လည်းကောင်း၊ ခြင် မှက် မြွေ,ကင်း,သန်းတို့ကိုလည်းကောင်း ဤအလုံးစုံတို့ကို လွှမ်းမိုးနှိမ်နင်း၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၉...
ကောင်းသော လုံးရပ်သဏ္ဌာန် ကြန်အင် လက္ခဏာရှိသော ပဒုမ္မာကြာ အဆင်းရှိ၍ မြင့်မြတ်သော ဆင်ပြောင်ကြီးသည် ဆင်အပေါင်းတို့ကို ရှောင်ဖယ်စွန့်ခွါလျက် တော၌ မွေ့လျော်သရွေ့ နေသကဲ့သို့ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၂၀...
အပေါင်းအဖော်၌ မွေ့လျော်သူအား (၀င်စားဆဲ၌) ကိလေသာမှ လွတ်မြောက်မှု လောကီ သမာပတ်ကို ရနိုင်ရာ၏ ဟူသော အကြောင်းမျိုးသည် အကြောင်းမှန် မဟုတ်နိုင်၊ ဤသို့လျှင် နေမင်း၏ အဆွေဖြစ်တော်မူသော ပစ္စေကဗုဒ္ဓါ၏ စကား တော်ကို (ဉာဏ်ဖြင့်) ဆင်ခြင်၍ (အပေါင်းအဖော်၌) မွေ့လျော်မှုကို ပယ်ဖျောက် လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၂၁...
ငါသည် မိစ္ဆာအယူဟူသော ငြောင့်တံသင်းတို့ကို လွန်၍ ဖြစ်ပြီးလျှင် သောတာပတ္တိ မဂ်သို့ ရောက်ပြီးသူ အထက်မဂ်သုံးပါးကို ရပြီးသူဖြစ်၍ သူတစ်ပါးတို့ သိစေအပ် သည် မဟုတ်ဘဲ ဖြစ်ပေါ်လာသော ပစ္စေကဗောဓိဉာဏ် ရှိသူဖြစ်၏၊ (ထို့ကြောင့် ဗောဓိဉာဏ်ကို) အလိုရှိသူသည် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၂၂...
အာဟာရ၌ လော်လည်ခြင်း ကင်းသူ အံ့သြဖွယ်ပြုခြင်းမှ ကင်းသူ မွတ်သိပ်ခြင်းမှ ကင်းသူ သူ့ကျေးဇူးကို ချေဖျက်ခြင်းမှ ကင်းသူ၊ တွေဝေမှု ဖန်ရည်ကို ထုတ်နုတ် အပ်ပြီးသူ လောက အားလုံး၌ တွယ်တာမှု {တဏှာ} ကင်းသူဖြစ်၍ ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၂၃...
အကျိုးမဲ့ကို ပြတတ်သော ကာယဒုစရိုက်စသည့် မညီမညွတ်ရာ၌ သက်ဝင်တတ် သော ကာမ၌ လိုက်စားသော ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့တတ်သော ယုတ် ညံ့သော အပေါင်းအဖော်ကို ရှောင်ရာ၏၊ မိမိအလိုအားဖြင့် မမှီဝဲရာ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၂၄...
အကြားအမြင်များ၍ တရားကိုဆောင်သူ မြင့်မြတ်ပြန့်ပြော၍ ပဋိဘာန် ဉာဏ် အမြင် ရှိသူ မိတ်ဆွေကို မှီဝဲ ဆည်းကပ်ရာ၏၊ အကျိုးစီးပွါးတို့ကို သိ၍ ယုံမှားခြင်း ကို ပယ်ဖျောက်ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၂၅...
လောက၌ မြူးထူးခြင်းကို လည်းကောင်း၊ မွေ့လျော်ခြင်းကို လည်းကောင်း၊ ကာမ ချမ်းသာကို လည်းကောင်း တင့်တယ်လျောက်ပတ်၏ဟု မယူမူ၍ ငဲ့ကွက်ခြင်း မရှိဘဲ အတင့်အတယ်ပြုခြင်းမှ ရှောင်ကြဉ်ကာ အမှန်စကားကို ပြောဆိုလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၂၆...
သားသမီးကို လည်းကောင်း၊ မယားကို လည်းကောင်း၊ အဖကို လည်းကောင်း၊ အမိကို လည်းကောင်း၊ ဥစ္စာတို့ကို လည်းကောင်း၊ ကောက်ပဲသီးနှံတို့ကို လည်း ကောင်း၊ မိတ်ဆွေ အပေါင်းအဖော်တို့ကို လည်းကောင်း၊ မိမိ မိမိတို့၏ အပိုင်း အခြားအလိုက် တည်ကုန်သော ကာမဂုဏ်တို့ကို လည်းကောင်း စွန့်ပစ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၂၇...
ဤကာမဂုဏ်သည် သတ္တ၀ါတို့ ငြိတွယ်ရာဖြစ်၏၊ ဤကာမဂုဏ်၌ ချမ်းသာခြင်း သည် နည်းပါး၏၊ ဤကာမဂုဏ်၌ သာယာဖွယ် မရှိ၊ ဆင်းရဲများ၏၊ ဤကာမဂုဏ် သည် ငါးမျှားချိတ်နှင့်တူ၏ဟုသိ၍ ပညာရှိသောသူသည် ကြံ့ချိုပမာ တစ်ယောက် တည်း ကျင့်ရာ၏။


၂၈...
ရေ၌ ကျက်စားသော ငါးသည် ပိုက်ကွန်ကို ဖြတ်တောက်၍ မကပ်မငြိသွား သကဲ့ သို့ သံယောဇဉ် အနှောင်အဖွဲ့ တို့ကို အကြွင်းမဲ့ ဖြတ်တောက်ပြီးလျှင် မီးသည် လောင်ကျွမ်းပြီးရာ အရပ်သို့ ပြန်လှည့်မလာ သကဲ့သို့ (ကာမဂုဏ်တောသို့ ပြန် မလှည့်မူ၍) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၂၉...
အောက်သို့ မျက်လွှာချသည်ဖြစ်၍ ခြေထောက်မလျှပ်ပေါ်ဘဲ စောင့်ရှောက်သော ဣနြေ္ဒ စောင့်စည်းသော စိတ်ရှိသဖြင့် ကိလေသာမိုးလည်း မစိုစွတ် ကိလေသာမီး လည်း မလောင်မြိုက်မူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၃၀...
လူ့အသွင်အပြင်တို့ကို ပယ်စွန့်၍ အိမ်မှ ထွက်ပြီးလျှင် ကောင်းစွာ ဖုံးလွှမ်းထား သော အရွက်ရှိသော ပင်လယ် ကသစ်ပင်ကဲ့သို့ ဖန်ရည်ဆိုး အ၀တ် သင်္ကန်းတို့ကို ၀တ်ရုံဖုံးလွှမ်းလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၃၁...
ရသာရုံတို့၌လည်း တပ်မက်မောခြင်းကို မပြု လျှပ်ပေါ်သော တဏှာလည်း မရှိ သူတစ်ပါးတို့ မွေးမြူမှုကိုလည်း မခံယူဘဲ အိမ်စဉ်အတိုင်း ဆွမ်းခံ လှည့်လည် လျက် အမျိုးတိုင်း အမျိုးတိုင်း၌ ကပ်ငြိနှောင်ဖွဲ့သော စိတ်မရှိမူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၃၂...
စိတ်၏ အပိတ်အပင် နီဝရဏငါးပါးတို့ကို ပယ်၍ အလုံးစုံသော ညစ်ညူးကြောင်း တို့ကို နုတ်ပယ်လျက် မိစ္ဆာဒိဋ္ဌိကို မမှီဘဲ ချစ်ခြင်း တဏှာဟူသော သိနေဟနှင့် အမျက်ဒေါသကို ဖြတ်တောက်ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၃၃...
ချမ်းသာ {သုခ}ကို လည်းကောင်း၊ ဆင်းရဲ {ဒုက္ခ}ကို လည်းကောင်း၊ ၀မ်းမြောက် ခြင်း {သောမနဿ}ကို လည်းကောင်း၊ နှလုံးမသာခြင်း {ဒေါမနဿ}ကို လည်း ကောင်း ရှေးအဖို့ (ဥပစာရ)၌ ပင်လျှင် စွန့်ပစ်ပယ်ရှား ကျောခိုင်းထားလျက် အထူး သဖြင့် စင်ကြယ်၍ ငြိမ်သက်တည်ကြည်သော (စတုတ္ထဈာန်) ဥပေက္ခာကို ရပြီး လျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၃၄...
နိဗ္ဗာန်ဟူသော မြတ်သော အကျိုးသို့ ရောက်ခြင်းငှါ ထက်သန်သော လုံ့လ မဆုတ် နစ်သော စိတ်မပျင်းရိသော ဖြစ်ခြင်း မြဲမြံသော ၀ီရိယရှိသည် ဖြစ်၍ ကိုယ်အား ဉာဏ်အားနှင့် ပြည့်စုံလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၃၅...
တစ်ယောက်တည်း ကိန်းအောင်းခြင်းကို လည်းကောင်း၊ ဈာန်ကို လည်းကောင်း မကင်းဆိတ်စေမူ၍ ခန္ဓာငါးပါးတရားတို့၌ အစဉ်တစိုက်လိုက်သော ၀ိပဿနာ အကျင့်ကို အမြဲကျင့်သည်ဖြစ်၍ ဘ၀တို့၌ အပြစ်ကို ဆင်ခြင် သုံးသပ်လျက် ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၃၆...
တဏှာကုန်ရာ နိဗ္ဗာန်ကို တောင့်တလျက် မမေ့မလျော့ မထိုင်းမအဘဲ အကြား အမြင် {သုတ} အောက်မေ့မှု {သတိ} ရှိသည် ဖြစ်၍ ပိုင်းခြား သိအပ်ပြီးသော တရားရှိသူ အရိယာမဂ်ဖြင့် မြဲခြင်းသို့ ရောက်ပြီးသူ သမ္မပ္ပဓာန် လုံ့လရှိသူ ဖြစ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၃၇...
ခြင်္သေ့သည် အသံတို့ကြောင့် မထိတ်လန့်သကဲ့သို့ အနိစ္စ,စသည်တို့ကြောင့် မထိတ်လန့်ဘဲ လေသည် ပိုက်ကွန်၌ မကပ်ငြိသကဲ့သို့ ခန္ဓာစသည်တို့၌ မကပ်ငြိ ဘဲ ပဒုမ္မာကြာသည် ရေဖြင့် မလိမ်းကျံ သကဲ့သို့ ကိလေသာဖြင့် မလိမ်းကျံဘဲ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၃၈...
အစွယ်ဟူသော အားရှိသော ခြင်္သေ့မင်းသည် သားကောင်တို့ကို နှိပ်စက် လွှမ်းမိုး ၍ လှည့်လည် သွားလာသကဲ့သို့ ဝေးသော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၃၉...
တစ်ရံတစ်ခါ ဆန့်ကျင်ဘက်တို့မှ လွတ်မြောက်သော ချစ်ခြင်း {မေတ္တာ}ကို လည်း ကောင်း၊ လျစ်လျူရှုမှု {ဥပေက္ခာ}ကို လည်းကောင်း၊ သနားမှု {ကရုဏာ}ကို လည်းကောင်း၊ ၀မ်းမြောက်မှု {မုဒိတာ}ကို လည်းကောင်း မှီဝဲလျက် အလုံးစုံသော လောကနှင့် မဆန့်ကျင်မူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၄၀...
တပ်စွန်းမှု {ရာဂ} ကို လည်းကောင်း၊ အမျက်ထွက်မှု {ဒေါသ} ကို လည်းကောင်း၊ တွေဝေမှု {မောဟ} ကို လည်းကောင်း ပယ်စွန့်လျက် သံယောဇဉ် အနှောင်အဖွဲ့ တို့ကို ဖြတ်တောက်ကာ အသက်ကုန်ဆုံးခြင်း၌ ထိတ်လန့်မှု မရှိသည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၄၁...
ယခုအခါ အဆွေခင်ပွန်းတို့သည် ကိုယ်ကျိုးကိုယ်စီးပွါးဟူသော အကြောင်းကြောင့် သာလျှင် ဆည်းကပ်ကြကုန်၏၊ မှီဝဲကြကုန်၏၊ ကိုယ်ကျိုးကိုယ်စီးပွါးဟူသော အ ကြောင်းမရှိကုန်ဘဲ ဆည်းကပ် မှီဝဲသူ အဆွေခင်ပွန်းတို့ကို ရခဲကုန်၏၊ မစင်ကြယ် သော လူတို့သည် ကိုယ်ကျိုးကိုယ်စီးပွါးကိုသာ မြင်နိုင်စွမ်းသည့် ပညာရှိကုန်၏၊ (ထိုသို့ သဘောရှိသောသူတို့မှ ငြီးငွေ့သည်ဖြစ်၍)ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။


၃ - ခဂ္ဂ၀ိသာဏသုတ်၊ ဥရဂ၀ဂ်၊ သုတ္တနိပါတ်၊ ခုဒ္ဒကပါဠိတော်။

Wednesday, November 19, 2008

အပ္ပမညာလေးပါး- (အတိုင်းအရှည်မရှိခြင်း)

အပ္ပမညာ- (အတိုင်းအရှည်မရှိခြင်း)

၁ - သုတ္တန္တဘာဇနီယနည်း (အကျဉ်း)

(သုတ္တန်နည်းဖြင့် ဝေဖန်၍ ဟောကြားသောနည်း)

အပ္ပမညာလေးပါးတို့ကား-

၁။ မေတ္တာ၊
၂။ ကရုဏာ၊
၃။ မုဒိတာ၊
၎။ ဥပေက္ခာ တရားတို့ ဖြစ်ပေသည်။

၁။ မေတ္တာ ...

ဤသာသနာတော်၌ ရဟန်းသည်
ချမ်းသာစေလိုခြင်း {မေတ္တာ} နှင့်ယှဉ်သော စိတ်ဖြင့် ...
တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
နှစ်ခုမြောက်သော အရပ်မျက်နှာကို။
သုံးခုမြောက်သော အရပ်မျက်နှာကို။
လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
ဤနည်းအားဖြင့် အထက်အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တ၀ါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြတ်သော၊ အပိုင်းအခြား မရှိသော၊ ရန်မရှိသော၊ ကြောင့်ကြမရှိသော ချမ်းသာစေလိုခြင်း {မေတ္တာ} နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

မေတ္တာ အကျယ်သိလိုသော်...

၂။ ကရုဏာ ...

သနားခြင်း {ကရုဏာ} နှင့် ယှဉ်သော စိတ်ဖြင့် ...
တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
နှစ်ခုမြောက်သော အရပ်မျက်နှာကို။
သုံးခုမြောက်သော အရပ်မျက်နှာကို။
လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
ဤနည်းအားဖြင့် အထက်အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တ၀ါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြတ်သော၊ အပိုင်းအခြား မရှိသော၊ ရန်မရှိသော၊ ကြောင့်ကြမရှိသော သနားခြင်း {ကရုဏာ} နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ကရုဏာ အကျယ်သိလိုသော်...

၃။ မုဒိတာ ...

ဝမ်းမြောက်ခြင်း ]မုဒိတာ} နှင့် ယှဉ်သော စိတ်ဖြင့်
တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
နှစ်ခုမြောက်သော အရပ်မျက်နှာကို။
သုံးခုမြောက်သော အရပ်မျက်နှာကို။
လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
ဤနည်းအားဖြင့် အထက်အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တ၀ါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြတ်သော၊ အပိုင်းအခြား မရှိသော၊ ရန်မရှိသော၊ ကြောင့်ကြမရှိသော ၀မ်းမြောက်ခြင်း {မုဒိတာ} နှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

မုဒိတာ အကျယ်သိလိုသော်...

၎။ ဥပေက္ခာ ...

လျစ်လျူရှုခြင်း {ဥပေက္ခာ} နှင့် ယှဉ်သော စိတ်ဖြင့်
တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
နှစ်ခုမြောက်သော အရပ်မျက်နှာကို။
သုံးခုမြောက်သော အရပ်မျက်နှာကို။
လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
ဤနည်းအားဖြင့် အထက်အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊
အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တ၀ါအားလုံးတို့၌ မိမိနှင့် အတူပြု၍ သတ္တ၀ါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော၊ မြတ်သော၊ အပိုင်းအခြား မရှိသော၊ ရန်မရှိသော၊ ကြောင့်ကြမရှိသော လျစ်လျူရှုခြင်း {ဥပေက္ခာ}နှင့် ယှဉ် သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ဥပေက္ခာ အကျယ်သိလိုသော်...

၁ - သုတ္တန္တဘာဇနီယနည်း၊ အပ္ပမညာဝိဘင်္ဂင်္င်္၊ ၀ိဘင်းပါဠိတော်။

Tuesday, November 18, 2008

ကာယာနုပဿီသုတ်-

ကာယာနုပဿီသုတ်-

ရဟန်းတို့ ...
တရား ခြောက်မျိုးတို့ကို မပယ်မူ၍
ကိုယ်၌ ကိုယ်ဟု အဖန်တလဲလဲ ရှုလျက် နေရန် မထိုက်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

၁။ အမှုသစ်၌ မွေ့လျော်မှု၊
၂။ စကားပြောခြင်း၌ မွေ့လျော်မှု၊
၃။ အိပ်ခြင်း၌ မွေ့လျော်မှု၊
၎။ အပေါင်းအသင်း၌ မွေ့လျော်မှု၊
၅။ ဣနြေ္ဒတို့၌ တံခါးကို ပိတ်မထားမှု၊
၆။ စားဖွယ်၌ အတိုင်းအရှည်ကို မသိမှုတို့တည်း။

ရဟန်းတို့ ...
ဤတရားခြောက်မျိုးတို့ကို မပယ်မူ၍
ကိုယ်၌ ကိုယ်ဟု အဖန်တလဲလဲ ရှုလျက် နေရန် မထိုက်။

ဤတရား ခြောက်မျိုးတို့ကို ပယ်ခြင်းကြောင့်
ကိုယ်၌ ကိုယ်ဟု အဖန်တလဲလဲ ရှုလျက် နေရန် ထိုက်၏။

၁ - ကာယာနုပဿီသုတ်၊ သာမည၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

အာပါယိကသုတ်- (အပါယ်သို့ရောက်စေတတ်သော)

အာပါယိကသုတ်- (အပါယ်သို့ ရောက်စေတတ်သော)

ရဟန်းတို့ ...
ဤအယုတ်တရားတို့ကို မပယ်ခြင်းကြောင့် အပါယ်သို့ လားရမည့်သူ၊
ငရဲသို့ ရောက်ရမည့် သူတို့သည် ဤသုံးမျိုးတို့တည်း။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

၁...
မမြတ်သော အကျင့်ကို ကျင့်နေသည်ဖြစ်ပါလျက်
မြတ်သော အကျင့်ကို ကျင့်၏ဟု ၀န်ခံသူလည်းကောင်း၊

၂...
မြတ်သော အကျင့်ကိုကျင့်သော စင်ကြယ်သော ပုဂ္ဂိုလ်ကို
အခြေအမြစ်မရှိသော မမြတ်သော အကျင့်ဖြင့် စွပ်စွဲသူ လည်းကောင်း၊

၃...
{{ကာမဂုဏ်တို့၌ အပြစ်သည် မရှိ}} ဤသို့ဆိုလေ့ ဤသို့ ယူလေ့ရှိ၍
ထို အယူဖြင့် ကာမဂုဏ်တို့၌ သုံးဆောင် ခံစားခြင်းသို့ ရောက်သူ လည်းကောင်း။

ရဟန်းတို့ ဤအယုတ်တရားတို့ကို မပယ်ခြင်းကြောင့် အပါယ်သို့ လားရမည့်သူ၊
ငရဲသို့ ရောက်ရမည့်သူတို့သည် ဤသုံးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

၁ - အာပါယိကသုတ်၊ အာပါယိက၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။

Monday, November 17, 2008

မဟာပညာဝဂ်မှ- မှီဝဲသင့်သောတရား ၄-ပါး

မဟာပညာဝဂ်မှ-

ရဟန်းတို့ ...
ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်၏။

အဘယ်လေးပါးတို့နည်း-

၁။ သူတော်ကောင်းကို မှီဝဲခြင်း၊
၂။ သူတော်ကောင်းတရားကို ကြားနာခြင်း၊
၃။ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊
၎။ တရားအားလျော်သော အကျင့်ကို ကျင့်ခြင်းတို့တည်း။

ရဟန်းတို့ ဤတရားလေးပါးတို့ကို
ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည် ရှိသော် ...

သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။
သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏၊
အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။
အရဟတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ဖြစ်ကုန်၏။
ပညာကို ရခြင်းငှါ ဖြစ်ကုန်၏။
ပညာ တိုးပွားခြင်းငှါ ဖြစ်ကုန်၏။
ပညာ ပြန့်ပြောခြင်းငှါ ဖြစ်ကုန်၏။
ပညာ ကြီးခြင်းငှါ ဖြစ်ကုန်၏။
ပညာ များခြင်းငှါ ဖြစ်ကုန်၏။
ပညာ ပြန့်ပြောခြင်းငှါ ဖြစ်ကုန်၏။
ပညာ နက်နဲခြင်းငှါ ဖြစ်ကုန်၏။
ပညာ အတိုင်းအရှည် မရှိခြင်းငှါ ဖြစ်ကုန်၏။
မြေအထုနှင့် တူသော ပညာရှိခြင်းငှါ ဖြစ်ကုန်၏။
ပညာ ပေါများခြင်းငှါ ဖြစ်ကုန်၏။
ပညာ လျင်မြန်ခြင်းငှါ ဖြစ်ကုန်၏။
ပညာ ပေါ့ပါးခြင်းငှါ ဖြစ်ကုန်၏။
ပညာ ရွှင်ခြင်းငှါ ဖြစ်ကုန်၏။
ပညာ လျင်ခြင်းငှါ ဖြစ်ကုန်၏။
ပညာ ထက်ခြင်းငှါ ဖြစ်ကုန်၏။
ထွင်းဖောက်၍ သိနိုင်သော ပညာရှိခြင်းငှါ ဖြစ်ကုန်၏။

မဟာပညာဝဂ်၊ သောတာပတ္တိသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

အာနန္ဒသုတ်-

အာနန္ဒသုတ်-

အသျှင်အာနန္ဒာသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊
ထိုအခါ အသျှင်အာနန္ဒာသည် လူတို့ကို သိစေခြင်းများသည် ဖြစ်၍ အချိန်လွန်စွာ နေ၏၊
ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်အာနန္ဒာအား အစဉ်သနားသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် အသျှင်အာနန္ဒာကို ထိတ်လန့်စေလိုရကား အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့်ရွတ်ဆို လျှောက်ထား၏-

ဂေါတမအနွယ်ဖြစ်သော အသျှင်အာနန္ဒာ...
သစ်ပင်ရင်း တောချုံသို့ သက်ဝင်ကာ
နိဗ္ဗာန်ကို စိတ်နှလုံး၌ ထည့်သွင်းထား၍ ဈာန်ဝင်စားပါလော့၊
မေ့လျော့ခြင်း မဖြစ်ပါစေလင့်၊
အသျှင်ဘုရားအား ဗလစ်ဗလစ် ပြောဆိုခြင်းသည် အဘယ်ပြုလတ္တံ့နည်း ဟု
လျှောက်၏။

ထိုအခါ အသျှင်အာနန္ဒာသည်
ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။

၅ - အာနန္ဒသုတ်၊ ၀နသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

နန္ဒတိသုတ်၊ (နန္ဒတိ=နှစ်သက်၏)

နန္ဒတိသုတ်၊ (နန္ဒတိ=နှစ်သက်၏)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတ၀န်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ
ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး၍
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏-

သားသမီးများစွာ ရှိသူသည် သားသမီးတို့ဖြင့် နှစ်သက်ရ၏၊
ထို့အတူသာလျှင် နွားများစွာရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊
လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ {ဥပဓိ}တို့ဖြင့် နှစ်သက် ရ၏၊
အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ {ဥပဓိ} မရှိ၊
ထိုသူသည် မနှစ်သက်ရသည်သာတည်း}}ဟု ရွတ်ဆို၏။

မြတ်စွာဘုရားက...
သားသမီးများစွာ ရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊
နွားများစွာ ရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ ((ကား အိမ် စသည်))
လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ {ဥပဓိ}တို့ဖြင့် စိုးရိမ်ရ၏၊
အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ {ဥပဓိ} မရှိ၊
ထိုသူသည် မစိုးရိမ်ရသည်သာတည်း ဟု (မိန့်တော်မူ၏)။


ထိုအခါ ယုတ်မာသော မာရ်နတ်သည် {{မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏}} ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

၈ - နန္ဒတိသုတ်၊ ပထမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

လောကသုတ်-

လောကသုတ်-

သာဝတ္ထိနိဒါန်း
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ပသေနဒီ ကောသလမင်းသည်
မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဘုရား အဘယ်မျှကုန်သော တရားတို့သည် လူအပေါင်းအား ဖြစ်ကုန် သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာမနေရရန် ဖြစ်ပါကုန် သနည်း ဟု လျှောက်၏၊

မင်းကြီး သုံးပါးကုန်သော တရားတို့သည် လူအပေါင်းအား ဖြစ်ကုန်သည် ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာမနေရရန် ဖြစ်ကုန်၏။

အဘယ်သုံးပါးတို့နည်းဟူမူ-

၁...
မင်းကြီး လိုချင်မှု {လောဘ}တရားသည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာမနေရရန် ဖြစ်၏၊

၂...
မင်းကြီး အမျက်ထွက်မှု {ဒေါသ}တရားသည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာမနေရရန် ဖြစ်၏၊

၃...
မင်းကြီး တွေဝေမှု {မောဟ}တရားသည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာမနေရရန် ဖြစ်၏။

မင်းကြီး သုံးပါးကုန်သော တရားတို့သည် လူအပေါင်းအား ဖြစ်သည်ရှိသော် အစီးအပွားမဲ့ရန် ဆင်းရဲရန် ချမ်းသာစွာမနေရရန် ဖြစ်ကုန်၏ ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

လိုချင်မှု {လောဘ}သည် လည်းကောင်း၊ အမျက်ထွက်မှု {ဒေါသ}သည် လည်း ကောင်း၊ တွေဝေမှု {မောဟ}သည် လည်းကောင်း ကိုယ်တွင်း၌ ဖြစ်ကုန်သည် ရှိသော် {အခွံလျှင် အနှစ်ရှိသော (၀ါးကျူစသော) အပင်ကို မိမိအသီးသည် ညှဉ်းဆဲဖျက်ဆီးသကဲ့သို့} မကောင်းသော စိတ်ရှိသော ယောက်ျားကို ဖျက်ဆီး ကုန်၏ ဟု (မိန့်တော်မူ၏)။

၃ - လောကသုတ်၊ တတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

Thursday, November 13, 2008

သဂါထာသုတ်-

သဂါထာသုတ်-

သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူစဉ်...
ရဟန်းတို့ သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး {အတိတ်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ။ ယုတ်ညံ့သော နှလုံးသွင်းရှိကုန် သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် {အနာဂတ်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့၊ ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်း ရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်လတ္တံ့။

ရဟန်းတို့ ယခု {ပစ္စုပ္ပန်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ...
မစင်ကျင်ကြီးသည် မစင်ကျင်ကြီးနှင့် တပေါင်းတည်း တသားတည်းဖြစ်၏၊
ကျင်ငယ်သည် ကျင်ငယ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
တံတွေးသည် တံတွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ပြည်သည် ပြည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
သွေးသည် သွေးနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။

ရဟန်းတို့ ဤအတူသာလျှင် သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့ သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

လွန်ပြီး {အတိတ်} အခါ၌လည်း။ပ။
နောင် {အနာဂတ်} အခါ၌လည်း။ပ။
ယခု {ပစ္စုပ္ပန်} အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ယုတ်ညံ့သော နှလုံးသွင်းရှိ ကုန်သော သူတို့ သည် ယုတ်ညံ့သော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တ သားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ လွန်ပြီး {အတိတ်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာ လျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်ပြီ၊ ကောင်းသော နှလုံးသွင်းရှိကုန် သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်း တည်း တသားတည်း ဖြစ်ကုန်ပြီ။

ရဟန်းတို့ နောင် {အနာဂတ်}အခါ၌လည်း။ပ။

ရဟန်းတို့ ယခု {ပစ္စုပ္ပန်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

ရဟန်းတို့ ဥပမာသော်ကား ...
နို့ရည်သည် နို့ရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ဆီသည် ဆီနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ထောပတ်သည် ထောပတ်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
ပျားရည်သည် ပျားရည်နှင့် တပေါင်းတည်း တသားတည်း ဖြစ်၏၊
တင်လဲသည် တင်လဲနှင့် တပေါင်းတည်း တသားတည်း ဖြစ်၏။

ရဟန်းတို့ ဤအတူသာလျှင် သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့ သည် ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့နှင့် အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

လွန်ပြီး {အတိတ်}အခါ၌လည်း။
နောင် {အနာဂတ်} အခါ၌လည်း။
ယခု {ပစ္စုပ္ပန်}အခါ၌လည်း သတ္တ၀ါတို့သည် ဓာတ်အားဖြင့်သာလျှင် တပေါင်း တည်း တသားတည်း ဖြစ်ကုန်၏၊ ကောင်းသော နှလုံးသွင်းရှိကုန်သော သူတို့ သည် ကောင်းသောနှလုံးသွင်းရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသား တည်း ဖြစ်ကုန်၏ဟု မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူပြီး၍ ထိုမှ နောက်၌
ဤဂါထာတို့ကို မိန့်တော်မူ၏-
{{ရဟန်းတို့ တဏှာဖြင့် ကပ်ငြိခြင်းကြောင့် ကိလေသာတောကြီးသည် ပေါက် ရောက် ဖြစ်ပေါ်လာ၏၊ မကပ်ငြိခြင်းကြောင့် ပြတ်၏။ မဟာသမုဒ္ဒရာ၌ သေးငယ် သော သစ်တုံးကို တက်စီးမိ၍ နစ်မြုပ်ရလေသကဲ့သို့ ဤအတူ ပျင်းရိသော သူကို အစွဲပြု၍ ကောင်းသော အသက်မွေးမှုရှိသော သူသော် မှလည်း နစ်မြုပ်ရ၏။ ထို့ကြောင့် ယုတ်ညံ့သော လုံ့လရှိသော ပျင်းရိသော ထိုသူကို ရှောင်ကြဉ်ရာ၏။

ဆိတ်ငြိမ်ရာသို့ ကပ်ကုန်သော, ဖြူစင်ကုန်သော, နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သော, ဈာန်ဝင်စားလေ့ရှိကုန်သော, ထက်သန်သော လုံ့လရှိကုန်သော, ပညာရှိတို့နှင့်သာလျှင် အတူတကွ ပေါင်းဖော်နေထိုင်ရာ၏}} ဟု (မိန့်တော်မူ၏)။

၆ - သဂါထာသုတ်၊ ဒုတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

အက္ကောဓနသုတ်- (အမျက်ထွက်ခြင်းကင်းသော)

အက္ကောဓနသုတ်- (အမျက်ထွက်ခြင်းကင်းသော)

အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ။ပ။
တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား -

{{အသျှင်ဘုရား အကျွန်ုပ်သည် အထူးသဖြင့် သန့်ရှင်းသော လူတို့၏ အမြင်ကို လွန်သော နတ်၌ ဖြစ်သော {ဒိဗ္ဗစက္ခုအဘိညာဉ်} မျက်စိဖြင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်သော မာတုဂါမကို မြင်ပါ၏၊ အသျှင်ဘုရား အဘယ်မျှသော တရားတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်း သော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ပါ သနည်း}} ဟု လျှောက်၏။

အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်ရ၏။

အဘယ်ငါးမျိုးတို့နည်း...

၁။ ယုံကြည်မှု {သဒ္ဓါ} လည်း ရှိ၏၊
၂။ အရှက်လည်း ရှိ၏၊
၃။ အကြောက်လည်း ရှိ၏၊
၎။ အမျက် မထွက်တတ်၊
၅။ ပညာရှိ၏။

အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ရ၏ ဟု (မိန့်တော်မူ၏)။

၁ - အက္ကောဓနသုတ်၊ ဒုတိယပေယျာလ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။

တီဟိ ဓမ္မေဟိသုတ်-

တီဟိ ဓမ္မေဟိသုတ်-

ရဟန်းတို့ ...
တရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် များသောအားဖြင့် ခန္ဓာကိုယ်ပျက် စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီး ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ ဤလောက၌ မာတုဂါမသည် ...

၁။ နံနက်အခါ ၀န်တိုမှု {မစ္ဆေရ}
အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊
၂။ နေ့လယ်အခါ ငြူစူမှု {ဣဿာ}
အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊
၃။ ညချမ်းအခါ အလိုရမ္မက် {ကာမရာဂ}
အညစ်အကြေး ထကြွ သောင်းကျန်းသော စိတ်ဖြင့် အိမ်၌ နေ၏၊

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ရောက်ရ၏ ဟု (မိန့်တော်မူ၏)။

၎ - တီဟိ ဓမ္မေဟိသုတ်၊ ပဌမပေယျာလ၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။

ခေါမဒုဿသုတ်-

ခေါမဒုဿသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ခေါမဒုဿမည်သော သာကီဝင် တို့၏ နိဂုံး၌ နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ခေါမဒုဿနိဂုံးသို့ ဆွမ်းခံ ၀င်တော်မူ၏၊

ထိုအခါ၌ ခေါမဒုဿနိဂုံး၌ နေကုန်သော ပုဏ္ဏားနှင့်အမျိုးသားတို့သည် စည်းဝေး ရာသဘင်၌ တစ်စုံတစ်ရာပြုဖွယ် ကိစ္စကြောင့် စုဝေးကုန်၏၊ မိုးသည်လည်း တစ်ပေါက်တစ်ပေါက် ဆွတ်ဖျန်း၏၊

ထိုအခါ မြတ်စွာဘုရားသည် စည်းဝေးရာသို့ ချဉ်းကပ်တော်မူ၏၊ ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးမှ မြင်ကြကုန်လျှင် {{ဦးပြည်း ရဟန်းယုတ်တို့သည်ကား အဘယ်တို့နည်း၊ အဘယ် ဦးပြည်းရဟန်းယုတ်တို့သည် အစည်းအဝေး၌ ကျင့်ဝတ်တရားကို သိနိုင်ကုန် လတ္တံ့နည်း}} ဟု ဆိုကြကုန်၏၊

ထိုအခါ မြတ်စွာဘုရားသည်
ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့ကို ဂါထာဖြင့် ရွတ်ဆိုဟောကြား၏-

{{အကြင် အစည်းအဝေး၌ သူတော်ကောင်းတို့သည် မရှိကုန်၊ ဤအစည်းအဝေး သည် သဘင် မမည်။ အကြင် သူတို့သည် တရားကို မပြောဆိုတတ်ကုန်၊ ထိုသူတို့သည် သူတော်ကောင်း မမည်ကုန်။ တပ်မက်မှု {ရာဂ} ကို လည်းကောင်း၊ အမျက်ထွက်မှု {ဒေါသ}ကိုလည်းကောင်း၊ တွေဝေမှု {မောဟ}ကို လည်းကောင်း ပယ်၍ တရားကို ဟောပြောတတ်သူတို့သာ သူတော်ကောင်း ဖြစ်ကုန်၏}} ဟု ဟောတော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် ခေါမဒုဿနိဂုံးနေ ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြကုန်၏-

{{အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊
အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိစွတကား၊
အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသော ၀တ္ထုကို လှန်ဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်းထားသော ၀တ္ထုကို ဖွင့်လှစ် ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့ လည်းကောင်း၊ {မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်} ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ဘိ သကဲ့သို့ လည်းကောင်း ဤအတူသာလျှင် အသျှင် ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူပါ၏။

ထိုအကျွန်ုပ်တို့သည် ...
အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါကုန်၏၊
တရားတော်ကို လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါကုန်၏။
သံဃာတော်ကို လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ် ပါကုန်၏။

အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်ခြင်းသို့ ရောက်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါလော့}} ဟု (လျှောက်ကုန်၏)။

၁၂ - ခေါမဒုဿသုတ်၊ ဥပါသက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဥဒယသုတ်-(တိုးပွားခြင်း)

မြတ်စွာဘုရားအား ...
{{ဤရဟန်းဂေါတမသည် အရသာ၌ တပ်မက်မောသည် ဖြစ်၍ အဖန်တလဲလဲ လာ၏}}

ဥဒယသုတ်- (တိုးပွားခြင်း၊ပွားစီးခြင်း)

သာဝတ္ထိနိဒါန်း...
ထိုအခါ မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်း ကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ ချဉ်းကပ်တော်မူ၏၊ ထိုအခါ ဥဒယ ပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၏၊

နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ချဉ်းကပ်တော်မူ၏။ ထိုအခါ ဥဒယ ပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၏၊

သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားသည် နံနက်အခါ၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဥဒယပုဏ္ဏား၏ အိမ်သို့ချဉ်းကပ်တော်မူ၏။ ထိုအခါ ဥဒယ ပုဏ္ဏားသည် မြတ်စွာဘုရား၏ သပိတ်ကို ဆွမ်းဖြင့် ပြည့်စေ၍ -

မြတ်စွာဘုရားအား ...
{{ဤရဟန်းဂေါတမသည် အရသာ၌ တပ်မက်မောသည် ဖြစ်၍ အဖန်တလဲလဲ လာ၏}} ဟု လျှောက်၏-

ပုဏ္ဏား ...
မျိုးစေ့ကို အဖန်တလဲလဲပင် စိုက်ပျိုးကုန်၏၊
မိုးမင်းသည် အဖန် တလဲလဲ ရွာသွန်း၏၊
လယ်ထွန်ယောင်္ကျားတို့သည် အဖန်တလဲလဲ လယ်ထွန်ကုန်၏၊
တိုင်းနိုင်ငံသူသည် အဖန်တလဲလဲ စပါးအလို့ငှါ ကပ်ရောက်၏။
ဖုန်းတောင်းယာစကာတို့သည် အဖန်တလဲလဲ တောင်းကုန်၏၊
အလှူရှင်တို့သည် အဖန်တလဲလဲ ပေးလှူကုန်၏၊
ပေးလှူ၍ အဖန်တလဲလဲ နတ်ပြည်ဌာနသို့ ရောက်ရကုန်၏။
နို့ညှစ်သမားတို့သည် အဖန်တလဲလဲ နို့ညှစ်ကုန်၏၊
နွားငယ်သည် အဖန်တလဲလဲ အမိနွားမသို့ ကပ်၏၊
အဖန်တလဲလဲ ပင်ပန်း၏၊ တုန်လှုပ်လည်း တုန်လှုပ်၏၊
ပညာနုံသော သူသည် အဖန်တလဲလဲ အမိဝမ်းသို့ ရောက်ရ၏။
အဖန်တလဲလဲ ပဋိသန္ဓေလည်း နေရ၏၊
သေလည်း သေရ၏၊ အဖန်တလဲလဲ သင်္ချိုင်းသို့ ဆောင်ကုန်၏၊
ပညာကြီးသူသည် အဖန်တလဲလဲ မဖြစ်ခြင်း၏ အကြောင်း နိဗ္ဗာန်ကို ရ၍
အဖန်တလဲလဲ ပဋိသန္ဓေ မနေရ ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ဥဒယပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
{{အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ ပ ။
အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်း ကပ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါလော့}} ဟု (လျှောက်၏)။

၂ - ဥဒယသုတ်၊ ဥပါသက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

လကုဏ္ဍကဘဒ္ဒိယသုတ်- ကြီးမြတ်သူအကြောင်း

လူငယ်သော်လည်း ပညာရှိသော သူသည်သာ ကြီးမြတ်သူ မည်၏၊

သူမိုက်သည် ကိုယ်သဏ္ဌာန် ကြီးသော်လည်း ကြီးမြတ်သူ မမည်။


လကုဏ္ဍကဘဒ္ဒိယသုတ်-

သာဝတ္ထိနိဒါန်း...
ထိုအခါ အသျှင်လကုဏ္ဍကဘဒ္ဒိယသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏၊
မြတ်စွာဘုရားသည် အသျှင်လကုဏ္ဍကဘဒ္ဒိယ လာနေသည်ကို အဝေးမှပင် မြင်တော်မူ၍ ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏-{{ရဟန်းတို့ သင်တို့သည် အဆင်းမလှသော ရူချင်ဖွယ်မကောင်းသော ပုကွသော ရဟန်းတို့၏ နှိပ်စက် ပြောဆိုခြင်းကို ခံနေရသော သဘောရှိသော လာနေသော ထိုရဟန်းကို မြင်ကုန် ၏လော}}ဟု (မိန့်တော်မူ၏)၊

အသျှင်ဘုရား မြင်ပါကုန်၏၊

ရဟန်းတို့ ...
ဤရဟန်းသည် ကြီးသောတန်ခိုးရှိ၏၊
ကြီးသော အာနုဘော်ရှိ၏၊
ထိုရဟန်း မ၀င်စားဖူးသော သမာပတ်ကို ရရန် မလွယ်၊
လူ့ဘောင်မှ (ရဟန်းဘောင်)သို့ ၀င်ရောက် (ရဟန်းပြု) ကြသော အမျိုးကောင်း သားများ လိုလားအပ်သောအတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို ယခုဘ၀၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။ပ။

ထို့နောက် မြတ်စွာဘုရားသည် ဤဂါထာကို မိန့်တော်မူ၏-
{{ဟင်္သာ, ကြိုးကြာ, ဥဒေါင်း, ဆင်, ချေ, သမင်ဟု ဆိုအပ်သော အလုံးစုံသော သတ္တ၀ါတို့သည် ခြင်္သေ့မှ ကြောက်ကုန်၏၊ ကိုယ်သဏ္ဌာန်၌မူကား တူမျှခြင်း မရှိပေ။
ဤအတူသာလျှင် ...
လူတို့၌ ငယ်ပင် ငယ်သော်လည်း ပညာရှိသော သူသည်သာ ထိုလူများ အပေါင်း တွင် ကြီးမြတ်သူ မည်၏၊

သူမိုက်သည် ကိုယ်သဏ္ဌာန် ကြီးသော်လည်း ကြီးမြတ်သူ မမည်}} ဟု
(မိန့်တော်မူ၏)။

၆ - လကုဏ္ဍကဘဒ္ဒိယသုတ်၊ ဘိက္ခုသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

Wednesday, November 12, 2008

အသမာဟိတသုတ်-




အသမာဟိတသုတ်-

ရဟန်းတို့ သတ္တ၀ါတို့သည်...
ဓာတ်အားဖြင့်သာလျှင် တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

သဒ္ဓါတရား မရှိသူတို့သည် ...
သဒ္ဓါတရား မရှိသူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

မကောင်းမှုမှ မရှက်တတ်ကုန်သော သူတို့သည် ...
မကောင်းမှုမှ မရှက်တတ်ကုန်သော သူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

မကောင်းမှုမှ မကြောက်လန့်တတ်ကုန်သော သူတို့သည် ...
မကောင်းမှုမှ မကြောက်လန့်တတ်ကုန်သော သူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

မတည်ကြည်ကုန်သော သူတို့သည် ...
မတည်ကြည်ကုန်သော သူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

ပညာမဲ့ကုန်သော သူတို့သည် ...
ပညာမဲ့ကုန်သော သူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။

သဒ္ဓါတရားရှိသူတို့သည် ...
သဒ္ဓါတရားရှိသူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

မကောင်းမှုမှ ရှက်တတ်ကုန်သော စိတ်ရှိသူတို့သည် ...
မကောင်းမှုမှ ရှက်တတ်ကုန်သော စိတ်ရှိသူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

မကောင်းမှုမှ ကြောက်လန့်တတ်ကုန်သော သူတို့သည် ...
မကောင်းမှုမှ ကြောက်လန့်တတ်ကုန်သော သူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

တည်ကြည်သော သူတို့သည် ...
တည်ကြည်သော သူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊

ပညာရှိကုန်သော သူတို့သည် ...
ပညာရှိကုန်သော သူတို့နှင့်အတူ
တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏ ဟု (ဟောတော်မူ၏)။

၁ - အသမာဟိတသုတ်၊ ကမ္မပထ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။

လောဘပရိညာသုတ်-

လောဘပရိညာသုတ်-

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ လောဘကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင် မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ လောဘကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင် ပြုနိုင်သူ ကိလေသာ ၀ဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

လောဘဖြင့် တပ်မက်သူ သတ္တ၀ါတို့သည် မကောင်းသောလားရာ {ဂတိ}သို့ လားရောက်ကြရကုန်၏။

ထိုလောဘကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ ဖြင့် ရှုသူတို့သည် (ထိုလောဘကို) ပယ်စွန့် ကုန်၏။ (ယင်းလောဘကို) ပယ်စွန့် သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန် ဟု ဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၉ - လောဘပရိညာသုတ်၊ ပထမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ဇရာသုတ်-

ဇရာသုတ်-

လူတို့၏ ဤအသက်သည် နည်းငယ် တိုတောင်းလှလေစွ၊ အနှစ်တစ်ရာ အတွင်း၌ သော်လည်း သေတတ်၏၊ အနှစ်တစ်ရာကို လွန်၍ အသက်ရှင်စေကာမူ အိုမင်း ရင့်ရော်၍သော်လည်း သေတတ်၏။ (၁)

လူတို့သည် မြတ်နိုးဖွယ် ၀တ္ထုကြောင့် စိုးရိမ်ပူဆွေးကြကုန်၏၊ မှန်၏-အမြဲထာဝရ သိမ်းဆည်းထားနိုင်သော ပစ္စည်း ၀တ္ထုတို့မည်သည် မရှိကြကုန်၊ ဤသို့ အမြဲ ထာဝရသိမ်းဆည်း မထားနိုင်ခြင်းသည် (လောက၌) ထင်ရှားဖြစ်ပေါ် နေသော ကွေကွင်း ပျက်စီးခြင်းပင်တည်းဟု မြင်၍ အိမ်ရာတည်ထောင် လူတို့ ဘောင်၌ မနေရာ။ (၂)

ယောက်ျားသည် အကြင်မြတ်နိုးဖွယ် ၀တ္ထုပစ္စည်းကို ဤဥစ္စာကား ငါ့ဥစ္စာတည်းဟု မှတ်ထင်၏၊ ထိုဥစ္စာရှင် ယောက်ျား သေသောအခါ ထိုမြတ်နိုးဖွယ် ၀တ္ထုပစ္စည်းကို ပယ်စွန့်သွားရ၏၊ (ရတနာသုံးပါးကို) မြတ်နိုးသော ပညာရှိသည် ဤအကြောင်းကို လည်း သိ၍ ငါ့ဟာ ဟု စွဲလမ်းအပ်သော ၀တ္ထု၌ မညွတ်ကိုင်းရာ။ (၃)

ယောက်ျားသည် အိပ်မက်ထဲ၌ တွေ့ဆုံကြုံကြိုက်သော သူကို နိုးသောအခါ မတွေ့မြင်ရတော့ သကဲ့သို့ ဤအတူပင် ချစ်မြတ်နိုးအပ်သော တမလွန်ဘ၀သို့ ပြောင်းသွား ကွယ်လွန်လေပြီးသော သူကို မတွေ့မြင်ရတော့ပေ။ (၄)

အကြင်သူတို့၏ ဦးဖြူ ဦးမည်းစသော ဤအမည်ကို ခေါ်ဝေါ်ပြောဆိုရာ၏၊ ထိုသူတို့ကို မြင်လည်းမြင်ရ ကြားလည်းကြားရကုန်၏၊ ထိုသတ္တ၀ါကွယ်လွန်သည် ရှိသော်မှည့်ခေါ်ထားသော ဦးဖြူ ဦးမည်းစသော အမည်မျှသာ ကြွင်းကျန် ရစ်တော့၏။ (၅)

မြတ်နိုးဖွယ်ဝတ္ထု၌ မက်မော တွယ်တာသူတို့သည် စိုးရိမ်ပူဆွေး ငိုကြွေးမှု ၀န်တိုမှုကို မစွန့်လွှတ်နိုင်ကြကုန်၊ ထို့ကြောင့် ဘေးမရှိရာ (နိဗ္ဗာန်)ကို မြင်ကုန် ပြီးသော ရဟန္တာပုဂ္ဂိုလ်တို့သည် သိမ်းဆည်းမှုကို စွန့်လွှတ်၍ ကျင့်ကြကုန်ပြီ။(၆)

ဆိတ်ငြိမ်သော နေရာသို့ ချဉ်းကပ်လျက် (မြတ်နိုးဖွယ်အာရုံမှ) တွန့် ဆုတ်သော စိတ်ရှိသည် ဖြစ်၍ ကျင့်သော ရဟန်း၏ ထိုအကျင့်ကို ညီညွတ် ကောင်းမြတ်သော အကျင့်ဟူ၍ ဆိုကြကုန်၏၊ ယင်းသို့ ကျင့်သော ရဟန်းသည် မိမိကိုယ်ကို သုံးဆယ့်တစ်ဘုံ၌ မမြင်စေတော့ပေ။ (၇)

တဏှာဒိဋ္ဌိတို့ဖြင့် မမှီသော ရဟန္တာပုဂ္ဂိုလ်သည် အတွင်းအပ တရားအား လုံးတို့၌ ချစ်ခြင်းကိုလည်းမပြု၊ မုန်းခြင်းကိုလည်းမပြု၊ ကြာဖက်၌ ရေသည် မကပ်ငြိသကဲ့ သို့ ထိုရဟန္တာပုဂ္ဂိုလ်၌ ငိုကြွေးမှု ၀န်တိုမှုသည် မကပ်ငြိနိုင်။ (၈)

ကြာဖက်၌ ရေပေါက်သည် မကပ်ငြိသကဲ့သို့ လည်းကောင်း၊ ပဒုမ္မာကြာ၌ ရေသည် မကပ်ငြိသကဲ့သို့ လည်းကောင်း ဤအတူ ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံ၌ မကပ်ငြိတော့ပေ။ (၉)

ကိလေသာကို ခါတွက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် မြင်ရသော ရူပါရုံ ကြားရသော သဒ္ဒါရုံ ရောက်ရသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံတို့၌ ထိုတဏှာ မာန ဒိဋ္ဌိဖြင့် မစွဲလမ်း မမှတ်ထင်၊ တစ်ပါးသော အကျင့်ဖြင့် စင်ကြယ်ခြင်းကို အလိုမရှိ၊ ထိုရဟန္တာသည် (ဗာလပုထုဇဉ်ကဲ့သို့) တပ်နှစ်သက်တတ်သူလည်း မဟုတ်၊ (ကလျာဏ ပုထုဇဉ် သေက္ခတို့ကဲ့သို့) တပ်နှစ်သက်ခြင်း ကင်းဆဲလည်း မဟုတ်၊ (တပ်နှစ်သက်ခြင်း ကင်းပြီးသူ ဖြစ်၏)။ (၁၀)

၆ - ဇရာသုတ်၊ အဋ္ဌက၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။ 811 - 820

ရှင်ရာဟုလာအား ဆုံးမစကားများ...

ရာဟုလသုတ်-
ဆုံးမစကားများ...

ရာဟုလာ...
သင်သည် မပြတ် ပေါင်းသင်းဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင် မပြုဘဲ ရှိပါ၏လော၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိ ပုဂ္ဂိုလ်ကို သင်သည် ပူဇော်ပါ၏လော။ (၁)

မြတ်စွာဘုရား...
တပည့်တော်သည် မပြတ်ပေါင်းသင်း ဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင် မပြုပါ၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိပုဂ္ဂိုလ်ကို တပည့် တော်သည် ပူဇော်ပါ၏။ (၂)

ရာဟုလာ...
သင်သည် ချစ်အပ်သာယာအပ်သော သဘောရှိကုန်သော နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော ကာမဂုဏ် ငါးပါးတို့ကို စွန့်ပယ်၍ သဒ္ဓါတရားဖြင့် အိမ်မှ ထွက်ပြီးလျှင် ဆင်းရဲ၏ အဆုံးကို ပြုသူဖြစ်ပါလေလော့။ (၃)

ရာဟုလာ...
သင်သည် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ပါလေလော့၊ ဝေးသော ဆိတ်ငြိမ်သော ကြွေးကြော်သံကင်းသော ကျောင်းအိပ်ရာနေရာသို့လည်း ချဉ်းကပ် လေလော့၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိသူ ဖြစ်ပါလေလော့။ (၄)

ရာဟုလာ...
သင်သည် သင်္ကန်း၌ လည်းကောင်း၊ ဆွမ်း၌ လည်းကောင်း၊ ဆေးပစ္စည်း၌ လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌ လည်းကောင်း၊ ဤလေးပါးတို့၌ တပ်မက်မှု {တဏှာ} ကို မပြုပါလေလင့်၊ ဤလောကသို့ တစ်ဖန် ပြန်မလာ လိုပါလင့်။ (၅)

ရာဟုလာ...
သင်သည် ပါတိမောက္ခသီလ၌ လည်းကောင်း၊ ဣနြေ္ဒငါးပါးတို့၌ လည်းကောင်း စောင့်စည်းသူ ဖြစ်ပါလေလော့၊ သင့်အား ကာယဂတာသတိ ဖြစ်ပါစေလော့၊ သံသရာ၌ ငြီးငွေ့ ဆန့်ကျင်မှု များသူ ဖြစ်ပါလေလော့။ (၆)

ရာဟုလာ...
ရာဂနှင့် စပ်ယှဉ်သော လှပတင့်တယ်၏ ဟူသော အမှတ်နိမိတ်ကို ရှောင်ကြဉ်ပါ လေလော့၊ အသုဘဘာဝနာ အကျိုးငှါ အာရုံတစ်ခုတည်းရှိသော ကောင်းစွာ တည်ကြည်သော စိတ်ကို ပွါးများ ပါလေလော့။ (၇)

ရာဟုလာ...
နိစ္စနိမိတ်မှ ကင်းသော အနိမိတ္တ၀ိပဿနာကိုလည်း ပွါးများပါလေလော့၊ မာနာ- နုသယကိုလည်း ပယ်စွန့်ပါ လေလော့၊ ထိုမာနကို ပယ်စွန့်နိုင်ခြင်းကြောင့် ငြိမ်းအေးလျက် နေရလတ္တံ့။ (၈)

ဤသို့လျှင် မြတ်စွာဘုရားသည် ...
သားတော် အသျှင်ရာဟုလာကို ဤဂါထာတို့ဖြင့် မပြတ် ဆုံးမတော်မူ၏။

၁၁ - ရာဟုလသုတ်၊ စူဠ၀ဂ်၊ သုတ္တနိပါတ်၊ အင်္ဂုတ္တိုရ်။

Monday, November 10, 2008

အဗျာကတသုတ်-

အဗျာကတသုတ်-

ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

{{အသျှင်ဘုရား အကြားအမြင်ရှိသော အရိယာတပည့်အား မဖြေဆိုအပ်သည့် အရာ {အဗျာကတ၀တ္ထု} တို့၌ မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} မဖြစ်ခြင်း၏ အကြောင်း ကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း}}ဟု (လျှောက်၏)။

ရဟန်း အကြားအမြင် ရှိသော အရိယာတပည့်အား ...
မိစ္ဆာဒိဋ္ဌိ ချုပ်ငြိမ်းခြင်းကြောင့် အဗျာကတ ၀တ္ထုတို့၌ မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} မဖြစ်၊

ရဟန်း {{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏}} ဟူသော
ဤအယူသည် မှားသော {မိစ္ဆာ} အယူပင်တည်း။
ရဟန်း {{သတ္တ၀ါ သည် သေပြီးသည်မှ နောက်၌ မဖြစ်}} ဟူသော
ဤအယူသည် မှားသော {မိစ္ဆာ} အယူပင်တည်း၊
ရဟန်း {{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း ဟုတ်၏၊ မဖြစ် သည်လည်း ဟုတ်၏}}ဟူသော ဤအယူသည် မှားသော {မိစ္ဆာ}အယူပင်တည်း။
ရဟန်း {{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ် သည်လည်း မဟုတ်}} ဟူသော ဤအယူသည် မှားသော {မိစ္ဆာ}အယူပင်တည်း။

ရဟန်း အကြားအမြင် မရှိသော ပုထုဇဉ်သည် ...

မိစ္ဆာဒိဋ္ဌိကို မသိ၊
မိစ္ဆာဒိဋ္ဌိ ဖြစ်ကြောင်းကို မသိ၊
မိစ္ဆာဒိဋ္ဌိ ချုပ်ငြိမ်းမှုကို မသိ၊
မိစ္ဆာဒိဋ္ဌိ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို မသိ။

ထိုပုထုဇဉ် ပုဂ္ဂိုလ်အား ထိုမှားသော {မိစ္ဆာ} အယူသည် တိုးပွါး၏၊ ထိုမိစ္ဆာဒိဋ္ဌိ တိုးပွါးသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်၊ ဆင်းရဲအပေါင်းမှ မလွတ်ဟူ၍ ငါဆို၏။

ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်သည်
မိစ္ဆာဒိဋ္ဌိကို သိ၏၊
မိစ္ဆာဒိဋ္ဌိ ဖြစ်ကြောင်းကို သိ၏၊
မိစ္ဆာဒိဋ္ဌိ ချုပ်ငြိမ်းမှုကို သိ၏၊
မိစ္ဆာဒိဋ္ဌိ ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊

ထိုအရိယာတပည့်အား ထိုမှားသော {မိစ္ဆာ} အယူသည် ချုပ်ငြိမ်း၏၊ ထိုအရိယာ တပည့်သည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲ ခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏ဟူ၍ ငါဆို၏။

ရဟန်း ဤသို့သိမြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် ...
{{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏}} ဟူ၍လည်း မပြောကြား၊
{{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌မဖြစ်}} ဟူ၍လည်း မပြောကြား။
{{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း ဟုတ်၏၊ မဖြစ်သည် လည်း ဟုတ်၏}}ဟူ၍လည်း မပြောကြား၊
{{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည် လည်း မဟုတ်}} ဟူ၍လည်း မပြောကြား၊
ရဟန်း ဤသို့ သိသော ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့် သည် အဗျာကတ၀တ္ထုတို့၌ မပြောကြားခြင်း သဘောရှိ၏၊ ရဟန်း ဤသို့ သိသော ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အဗျာကတ၀တ္ထုတို့၌ (ဒိဋ္ဌိ အစွမ်းဖြင့်) ကိုယ်ခက်တရော် မဖြစ်၊ မတုန်မလှုပ်၊ မယိမ်းမယိုင်၊ ထိတ်လန့် ခြင်းသို့ မရောက်။

ရဟန်း {{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏}} ဟူသော အယူသည် မိစ္ဆာဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု {တဏှာ} တည်း။ ပ ။
ဤအယူသည် မိစ္ဆာဒိဋ္ဌိနှင့်တကွသော မှတ်သားမှု {သညာ} တည်း။ ပ ။
ဤအယူသည် မိစ္ဆာဒိဋ္ဌိကို မှီ၍ ဖြစ်သော ထောင်လွှားမှု {မာန} တည်း။ ပ ။
ဤအယူသည် သံသရာကို ချဲ့ထွင်သည့် ဒိဋ္ဌိ ဟူသော ပပဉ္စတရားတည်း။ ပ ။
ဤအယူသည် ဒိဋ္ဌိတည်းဟူသော ဥပါဒါန်တည်း။ ပ ။

ရဟန်း {{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏}} ဟူသော
ဤအယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်ဖောက်ပြန်မှုတည်း၊

ရဟန်း {{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ မဖြစ်}}ဟူသော
ဤအယူသည် (ဒိဋ္ဌိတည်း ဟူသော) စိတ်၏ ဖောက်ပြန်မှုပင်တည်း။

ရဟန်း {{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း ဟုတ်၏၊ မဖြစ် သည်လည်း ဟုတ်၏}} ဟူသော ဤအယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်၏ ဖောက်ပြန်မှုပင်တည်း။

ရဟန်း {{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်}} ဟူသော ဤအယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်၏ ဖောက်ပြန်မှုပင်တည်း။

ရဟန်း အကြားအမြင်မရှိသော ပုထုဇဉ်သည် ...
စိတ်ဖောက်ပြန်မှုကို မသိ၊
စိတ်ဖောက်ပြန်မှု အကြောင်းကို မသိ၊
စိတ်ဖောက်ပြန်မှု၏ ချုပ်ငြိမ်းခြင်းကို မသိ၊
စိတ်ဖောက်ပြန်မှု ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို မသိ။
ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ထိုစိတ်ဖောက်ပြန်မှုသည် တိုးပွါး၏၊
ထိုပုထုဇဉ်ပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်၊
ဆင်းရဲအပေါင်းမှ မလွတ်ဟူ၍ ငါဆို၏။

ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်သည် ....
စိတ်ဖောက်ပြန်မှုကို သိ၏၊
စိတ်ဖောက်ပြန်မှု၏ အကြောင်းကို သိ၏၊
စိတ်ဖောက်ပြန်မှု၏ ချုပ်ငြိမ်းခြင်းကို သိ၏၊
စိတ်ဖောက်ပြန်မှု ချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊
ထိုအရိယာတပည့်အား ထိုစိတ်ဖောက်ပြန်မှုသည် ချုပ်ငြိမ်း၏၊

ထိုအရိယာတပည့်သည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေး ခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်၏၊ ဆင်းရဲ အပေါင်းမှ လွတ်၏ ဟူ၍ ငါဆို၏။

ရဟန်း ဤသို့သိမြင်သော အကြားအမြင် ရှိသော အရိယာတပည့်သည် ...
{{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏}} ဟူ၍လည်း မပြောကြား။ ပ ။
{{သတ္တ၀ါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊
မဖြစ်သည် လည်း မဟုတ်}} ဟူ၍လည်း မပြောကြား။
ရဟန်း ဤသို့သိသော ဤသို့မြင်သော အကြားအမြင်ရှိသော အရိယာတပည့် သည် ဤသို့လျှင် အဗျာကတ၀တ္ထုတို့၌ မပြောကြားခြင်း သဘောရှိ၏၊
ရဟန်း အကြားအမြင် ရှိသော အရိယာတပည့်အား အဗျာကတ၀တ္ထုတို့၌ မဝေခွဲ နိုင်မှု {၀ိစိကိစ္ဆာ} မဖြစ်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ ကား ဤသည်ပင်တည်း ဟု (မိန့်တော်မူ၏)။

၁ - အဗျာကတသုတ်၊ အဗျာကတ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။

ပုဂ္ဂလသုတ်- (ပုဂ္ဂိုလ်)

ပုဂ္ဂလသုတ်- (ပုဂ္ဂိုလ်)

ရဟန်းတို့ ဤပုဂ္ဂိုလ် ခုနစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ၀တ္ထုကို သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီရန် ထိုက်ကုန်၏၊ သတ္တ၀ါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-

၁... {ဥဘတောဘာဂ၀ိမုတ္တ}
ရူပကာယ နာမကာယ နှစ်ပါးသော အဖို့မှ လွတ်သော ပုဂ္ဂိုလ်။
၂... {ပညာဝိမုတ္တ}
ပညာဖြင့် ကိလေသာတို့မှ လွတ်သော ပုဂ္ဂိုလ်။
၃... {ကာယသက္ခိ}
ဈာန် မဂ် ဖိုလ် နိဗ္ဗာန်ကို နာမကာယဖြင့် မျက်မှောက်ပြုသော ပုဂ္ဂိုလ်။
၎... {ဒိဋ္ဌိပ္ပတ္တ}
သစ္စာလေးပါး တရားကို သိ၍ အထက်မဂ်ဖိုလ်သို့ ရောက်သော ပုဂ္ဂိုလ်။
၅... {သဒ္ဓါဝိမုတ္တ}
သဒ္ဓါတရားဖြင့် ကိလေသာတို့မှ လွတ်သော ပုဂ္ဂိုလ်။
၆... {ဓမ္မာနုသာရီ}
ပညာရှေ့သွားရှိ၍ အရိယာမဂ်ကို ပွါးစေသော ပုဂ္ဂိုလ်။
၇... {သဒ္ဓါနုသာရီ}
သဒ္ဓါရှေ့သွားရှိ၍ အရိယာမဂ်ကို ပွါးစေသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ် ခုနစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ၀တ္ထုကို သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီရန် ထိုက်ကုန်၏၊ သတ္တ၀ါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ ဟု (မိန့်တော်မူ၏)။

၎ - ပုဂ္ဂလသုတ်၊ အနုသယ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။

ဒုတိယ ဥပဋ္ဌာကသုတ်၊ (အလုပ်အကျွေး)

ဒုတိယ ဥပဋ္ဌာကသုတ်၊ (အလုပ်အကျွေး)

ရဟန်းတို့ ...
တရား ငါးမျိုးတို့နှင့် ပြည့်စုံသော သူနာပြုသည် သူနာကို ပြုစုရန် မထိုက်တန်။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

၁။ ဆေးကို စီရင်ရန် မစွမ်းနိုင်။
၂။ (အနာရောဂါအား) လျောက်ပတ်သည် မလျောက်ပတ်သည်ကို မသိတတ်၊ မလျောက်ပတ်သည်ကို ဆက်ကပ်၏၊ လျောက်ပတ်သည်ကို ဖယ်ထား၏။
၃။ (သင်္ကန်းစသည့်) အာမိသ ဟူသော အကြောင်းကြောင့် သူနာကို ပြုစု၏၊ မေတ္တာစိတ် ရှိသည်ဖြစ်၍ မပြုစု။
၎။ ကျင်ကြီးကို လည်းကောင်း၊ ကျင်ငယ်ကို လည်းကောင်း၊ အန်ဖတ်ကို လည်းကောင်း၊ တံထွေးကို လည်းကောင်း ထုတ်ဆောင်ရန် စက်ဆုပ် ရွံရှာ၏။
၅။ အခါကာလ အားလျော်စွာ သူနာကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေခြင်းငှါ မစွမ်းနိုင်။

ရဟန်းတို့ ...
ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာပြုသည် သူနာကို ပြုစုရန် မထိုက်တန်။

ရဟန်းတို့ ...
တရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာပြုသည် သူနာကို ပြုစုရန် ထိုက်တန်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

၁။ ဆေးကို စီရင်ရန် စွမ်းနိုင်၏။
၂။ (အနာရောဂါအား) လျောက်ပတ်သည် မလျောက်ပတ်သည်ကို သိတတ်၏၊ မလျောက်ပတ်သည်ကို ဖယ်ထား၏။ လျောက်ပတ်သည်ကို ဆက်ကပ်၏။
၃။ (သင်္ကန်းစသည့်) အာမိသ ဟူသော အကြောင်းကြောင့် သူနာကို ပြုစုသည် မဟုတ်၊ မေတ္တာစိတ်ရှိသည် ဖြစ်၍ ပြုစု၏။
၎။ ကျင်ကြီးကို လည်းကောင်း၊ ကျင်ငယ်ကို လည်းကောင်း၊ အန်ဖတ်ကို လည်း ကောင်း၊ တံထွေးကို လည်းကောင်း ထုတ်ဆောင်ရန် စက်ဆုပ် ရွံရှာလေ့ မရှိ။
၅။ အခါကာလ အားလျော်စွာ သူနာကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေခြင်းငှါ စွမ်းနိုင်၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာပြုသည် သူနာကို ပြုစုရန် ထိုက်တန်၏ ဟု (မိန့်တော်မူ၏)။

၎။ ဒုတိယ ဥပဋ္ဌာကသုတ်၊ ဂိလာန၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။

ဝိပဿနာ၏ သဘော...

ဝိပဿနာ၏ သဘော...

ထိုအခါ၌ အထူးထူး ရှုမြင်မှု {၀ိပဿနာ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် အပြားအားဖြင့် သိမှု၊
အပြားအားဖြင့် သိခြင်း သဘော။
(အနိစ္စ စသည်ကို) စိစစ်ခြင်း သဘော၊
အပြားအားဖြင့် စိစစ်ခြင်း သဘော။
(သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်း သဘော၊
ကောင်းစွာ မှတ်ခြင်း သဘော၊
ကပ်၍ မှတ်ခြင်း သဘော၊
ရှေးရှုကပ်၍ မှတ်ခြင်း သဘော၊
အသိဉာဏ်ရှိသူ၏ အဖြစ်၊
ကျွမ်းကျင် (လိမ္မာ)သူ၏ အဖြစ်၊
သိမ်မွေ့သူ၏ အဖြစ်၊
ဝေဖန်တတ်သူ (ထင်ရှားပြတတ်သူ)၏ အဖြစ်။
(အနိစ္စစသည်ကို) ကြံစည်ခြင်း သဘော၊
နှိုင်းချိန်ခြင်း သဘော၊
ဟုတ်မှန်သော အနက်၌ မွေ့လျော်တတ်သော သဘော၊
ကိလေသာတို့ကို ညှဉ်းဆဲ နှိပ်စက်တတ်သော သဘော၊
ထိုးထွင်း၍ သိမှု၌ ညွှတ်စေတတ်သော သဘော၊
အထူးထူး ရှုမြင်တတ်သော သဘော၊
ကောင်းစွာ အပြားအားဖြင့် သိတတ်သော သဘော။
(လမ်းမှားသို့ ပြေးသွားနေသော စိတ်ကို လမ်းမှန်သို့ ရောက်ရန် ထိုးနှင်တတ် သဖြင့်) နှင်တံ (တုတ်တပြာ) နှင့် တူသော သဘော၊
ပညာဟူသော အစိုးတရ အပြားအားဖြင့် သိမှု {ပညိနြေ္ဒ}၊
မတုန်မလှုပ် အပြားအားဖြင့် သိမှု {ပညာဗိုလ်}။
(ကိလေသာတို့ကိုဖြတ်တတ်သော) အပြားအားဖြင့်သိမှု လက်နက်။
(မိမိဖြစ်ရာ ပုဂ္ဂိုလ်ကို မြင့်တက်စေတတ်သော) အပြားအားဖြင့် သိမှုပြာသာဒ်၊
အပြားအားဖြင့် သိမှု အလင်း၊
အပြားအားဖြင့် သိမှု အရောင်၊
အပြားအားဖြင့် သိမှု တန်ဆောင်။
(ဖြစ်နိုင်ရနိုင်ခဲ၍ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော) အပြားအားဖြင့် သိမှုပညာ။
မတွေဝေမှု {အမောဟ}။
(သစ္စာလေးပါး) တရားတို့ကို စိစစ်ခြင်းသဘော {ဓမ္မ၀ိစယ}၊
ကောင်းစွာ သိမြင်မှု {သမ္မာဒိဋ္ဌိ}သည် (ရှိ၏)။
ထိုအခါ၌ အထူးထူး ရှုမြင်မှု {၀ိပဿနာ} ဟူသည် ဤသဘော ဖြစ်၏။

(ဤကား ယုဂနန္ဓဒုက)။
(ပဒအမှတ်၁၆-ပညိနြေ္ဒကြည့်)

ပါထိက၀ဂ်၊ ဓမ္မသင်္ဂဏီပါဠိတော်၊ အဘိဓမ္မာ။

သမထ၏ သဘော...

သမထ၏ သဘော...

ငြိမ်သက်မှု {သမထ} ဟူသည် အဘယ်သဘော ဖြစ်သနည်း။

ထိုအခါ၌ အကြင် စိတ်၏ တည်မှု၊ ကောင်းစွာ တည်မှု၊ သက်ဝင်၍တည်မှု၊ မရွေ့လျားမှု၊ မပျံ့လွင့်မှု၊ စိတ်မရွေ့လျားမှု၊ ငြိမ်သက်မှု၊ အစိုးတရ တည်ကြည်မှု {သမာဓိနြေ္ဒ}၊ မတုန်မလှုပ် တည်ကြည်မှု {သမာဓိဗိုလ်}၊ ကောင်းစွာ တည်ကြည်မှု {သမ္မာသမာဓိ} သည် (ရှိ၏)။
ထိုအခါ၌ ငြိမ်သက်မှု {သမထ} ဟူသည် ဤသဘောဖြစ်၏။

(ပဒအမှတ်၁၁- စိတ္တေဿကဂ္ဂတာကြည့်)
ပါထိက၀ဂ်၊ ဓမ္မသင်္ဂဏီပါဠိတော်၊ အဘိဓမ္မာ။

ဓမ္မကထိက ၄-မျိုး

ဓမ္မကထိက ၄-မျိုး

ဓမ္မကထိက ၄-မျိုးနှင့် ပရိသတ် ၄-မျိုး။
တရားဟောဆရာ ၄-မျိုးနှင့် တရားနာပရိသတ် ၄-မျိုး။

(၁) ဗာလ ဓမ္မကထိက၊ ဗာလ ပရိသတ်...
အနည်းငယ်မျှလည်း ဟောကြားသေး၏၊
အကျိုးစီးပွားနှင့်လည်း မယှဉ်၊
တရားနာ ပရိသတ်ကလည်း နာကားနာယူ၏၊ အကျိုးရှိ မရှိ ဘာမျှမသိချေ။

(၂) သဘာဝ ဓမ္မကထိက၊ ပဏ္ဍိတ ပရိသတ်...
အနည်းငယ်သာ ဟောကြား၏၊
အကျိုးစီးပွားနှင့်ကား ယှဉ်၏၊
တရားနာပရိသတ် ကလည်း အကျိုးရှိ မရှိ သိ၍ လိမ္မာ၏။

(၃) ဗာလ ဓမ္မကထိက၊ ဗာလ ပရိသတ်...
ရှည်ရှည်လျားလျား များများလည်း ဟောကြား၏၊
အကျိုးစီးပွားနှင့်လည်း မယှဉ်၊
ပရိသတ်ကလည်း အကြောင်းအကျိုး ဘာမျှမသိ၊ စီးပွားရှိမဲ့လည်း နားမလည်။

(၄) ပဏ္ဍိတဓမ္မကထိက၊ ပဏ္ဍိတပရိသတ်...
ရှည်ရှည်လျားလျား များများလည်း ဟောကြား၏၊
အကျိုးစီးပွားနှင့်လည်း ယှဉ်၏၊
ပရိသတ်ကလည်း ကြောင်းကျိုးဆင်ခြင် ဉာဏ်ပညာနှင့် ယှဉ်၍ နာတတ်၏။

အဘိဓမ္မာ ပုဂ္ဂလပညတ်။ ပါ။ ၁၄၈။ ဋ္ဌ။ ၇၄-၌အကျယ်ရှု။

ပဌမ ဥပဋ္ဌာကသုတ်၊ (အလုပ်အကျွေး)

ပဌမ ဥပဋ္ဌာကသုတ်၊ (အလုပ်အကျွေး)

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူ ဖြစ်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

၁။ အနာရောဂါအား မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိ၏။
၂။ အနာရောဂါအား လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်။
၃။ ဆေးကို မှီဝဲခြင်းမရှိ။
၎။ အကျိုးကို လိုလားသော သူနာပြုအား ဟုတ်တိုင်းမှန်စွာ တိုးသည်ကို {တိုး၏} ဟူ၍ လည်းကောင်း၊ ဆုတ်သည်ကို {ဆုတ်၏} ဟူ၍ လည်းကောင်း၊ တန့်သည်ကို {တန့်၏} ဟူ၍ လည်းကောင်း အနာရောဂါကို ထင်စွာ မပြုတတ်။
၅။ ဖြစ်ပေါ်လာသည့် ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ် သက်ဖွယ် ဖြစ်၍ အသက် သေလောက်သည့် ကိုယ်၌ ဖြစ်သော ဆင်းရဲ ဝေဒနာ တို့ကို သည်းမခံနိုင်သော သဘောရှိ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာသည် ပြုစုရခက်သူ ဖြစ်၏။

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော သူနာသည် ပြုစုရလွယ်သူ ဖြစ်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

၁။ အနာရောဂါအား လျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိ၏။
၂။ အနာရောဂါအား လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိ၏။
၃။ ဆေးကို မှီဝဲခြင်းရှိ၏။
၎။ အကျိုးကို လိုလားသော သူနာပြုအား ဟုတ်တိုင်းမှန်စွာ တိုးသည်ကို {တိုး၏} ဟူ၍ လည်းကောင်း၊ ဆုတ်သည်ကို {ဆုတ်၏} ဟူ၍ လည်းကောင်း၊ တန့်သည်ကို {တန့်၏} ဟူ၍ လည်းကောင်း အနာရောဂါကို ထင်စွာ ပြုတတ်၏။
၅။ ဖြစ်ပေါ်လာသည့် ပြင်းထန် ကြမ်းကြုတ် စပ်ရှား ကျင်နာ မသာယာဖွယ် မနှစ် သက်ဖွယ် ဖြစ်၍ အသက် သေလောက်သည့် ကိုယ်၌ ဖြစ်သော ဆင်းရဲ ဝေဒနာ တို့ကို သည်းခံနိုင်သော သဘောရှိ၏။

ရဟန်းတို့ ဤ တရား ငါးမျိုးတို့နှင့် ပြည့်စုံသော သူနာသည် ပြုစုရလွယ်သူ ဖြစ်၏ ဟု (မိန့်တော်မူ၏)။

၃ - ပဌမ ဥပဋ္ဌာကသုတ်၊ ဂိလာန၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။

ဝိတ္ထတဗလသုတ်- (ဗိုလ် ၇-ပါး အကျယ်ဟော)

ဝိတ္ထတဗလသုတ်- (ဗိုလ် ၇-ပါး အကျယ်ဟော)

ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

၁။ ယုံကြည်မှု {သဒ္ဓါ} ဗိုလ်၊
၂။ အားထုတ်မှု {၀ီရိယ} ဗိုလ်၊
၃။ ရှက်မှု {ဟိရီ} ဗိုလ်၊
၎။ ကြောက်လန့်မှု {သြတ္တပ္ပ} ဗိုလ်၊
၅။ အောက်မေ့မှု {သတိ} ဗိုလ်၊
၆။ တည်ကြည်မှု {သမာဓိ} ဗိုလ်၊
၇။ သိမှု {ပညာ} ဗိုလ်တို့ တည်း။

၁...
ရဟန်းတို့ ယုံကြည်မှု {သဒ္ဓါ} ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု သဒ္ဓါတရားရှိ၏၊
မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံမည် တော်မူ၏။ ပ ။ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂ၀ါ မည်တော်မူ၏ ဟု (ယုံကြည်၏)။
ရဟန်းတို့ ဤသည်ကို ယုံကြည်မှု {သဒ္ဓါ} ဗိုလ် ဟူ၍ ဆိုအပ်၏။

၂...
ရဟန်းတို့ အားထုတ်မှု {၀ီရိယ} ဗိုလ် ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရား တို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ် တရားတို့၌ တာဝန် ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ဤသည်ကို ၀ီရိယဗိုလ် ဟူ၍ ဆိုအပ်၏။

၃...
ရဟန်းတို့ ရှက်မှု {ဟိရီ} ဗိုလ် ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အရှက်ရှိ၏၊
ကာယဒုစရိုက်မှ ရှက်တတ်၏၊
ဝစီ ဒုစရိုက်မှ ရှက်တတ်၏၊
မနောဒုစရိုက်မှ ရှက်တတ်၏၊
ယုတ်ညံ့ သော အကုသိုလ် တရားတို့သို့ ရောက်ခြင်းမှ ရှက်တတ်၏။
ရဟန်းတို့ ဤသည်ကို ဟိရီဗိုလ် ဟူ၍ ဆိုအပ်၏။

၎...
ရဟန်းတို့ ကြောက်လန့်မှု {သြတ္တပ္ပ} ဗိုလ် ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကြောက်လန့်မှုရှိ၏၊
ကာယ ဒုစရိုက်မှ ကြောက်လန့်၏၊
ဝစီဒုရိုက်မှ ကြောက်လန့်၏၊
မနောဒုစရိုက်မှ ကြောက် လန့်၏၊
ယုတ်ညံ့သော အကုသိုလ် တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။
ရဟန်းတို့ ဤသည်ကို သြတ္တပ္ပဗိုလ် ဟူ၍ ဆိုအပ်၏။

၅...
ရဟန်းတို့ အောက်မေ့မှု {သတိ} ဗိုလ် ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိရှိ၏၊
လွန်ကဲ ရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊
ကြာမြင့်စွာက ပြုလုပ်ခဲ့သည်ကို လည်းကောင်း၊
ကြာမြင့်စွာက ပြောဆိုခဲ့သည်ကို လည်းကောင်း အောက်မေ့နိုင်၏၊
အဖန်တလဲလဲ အောက်မေ့နိုင်၏။
ရဟန်းတို့ ဤသည်ကို သတိဗိုလ် ဟူ၍ ဆိုအပ်၏။

၆...
ရဟန်းတို့ တည်ကြည်မှု {သမာဓိ} ဗိုလ် ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင်။ ပ ။စတုတ္ထဈာန်သို့ ရောက်၍ နေ၏။
ရဟန်းတို့ ဤသည်ကို သမာဓိဗိုလ် ဟူ၍ ဆိုအပ်၏။

၇...
ရဟန်းတို့ သိမှု {ပညာ} ဗိုလ် ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိတတ်၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သောပညာနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤသည်ကို ပညာဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ယုံကြည်မှု {သဒ္ဓါ} ဗိုလ်၊
အားထုတ်မှု {၀ီရိယ} ဗိုလ်၊
ရှက်မှု ကြောက်လန့်မှု {ဟိရီ သြတ္တပ္ပ} ဗိုလ်၊
အောက်မေ့မှု {သတိ} ဗိုလ်၊
တည်ကြည်မှု {သမာဓိ} ဗိုလ်၊
ခုနစ်ခု မြောက်ဖြစ်သော ပညာဗိုလ်တို့တည်း။
ထိုခုနစ်ပါးသောဗိုလ်တို့ဖြင့် အားရှိသော ပညာရှိရဟန်းသည် ချမ်းသာစွာ အသက် မွေးရ၏၊ သင့်လျော်သော အကြောင်းအားဖြင့် (သစ္စာလေးပါး) တရားကို စုံစမ်း ဆင်ခြင်နိုင်၏၊ ၀ိပဿနာပညာဖြင့် (သစ္စာလေးပါးတည်းဟူသော) အနက်ကို သိနိုင်၏၊ ဆီမီးလျှံ၏ ငြိမ်းအေးခြင်းကဲ့သို့ (အဆုံးစွန်သော)စိတ်၏ (၀တ္ထု အာရုံတို့ မှ) လွတ်မြောက်မှု ဖြစ်လေ၏။

၎ - ၀ိတ္ထတဗလသုတ်၊ ဓန၀ဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်။

ဂိလာနသုတ်- (ဖျားနာသူ)

ဂိလာနသုတ်- (ဖျားနာသူ)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်
ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား သည် ညနေချမ်းအခါ၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူလျက် သူနာရဟန်းတို့ နေရာ ကျောင်းသို့ ချဉ်းကပ် တော်မူ၏။

မြတ်စွာဘုရားသည် အားနည်းသော သူနာရဟန်း တစ်ပါးကို မြင်တော် မူသော ကြောင့် ခင်းထားသော နေရာ၌ ထိုင်နေတော် မူလျက် ရဟန်းတို့ကို ခေါ်၍ ...

ရဟန်းတို့ တရားငါးမျိုးတို့သည် အားနည်းသော မည်သည့် သူနာရဟန်းကို မဆို မစွန့်ကြကုန်မူ ထိုရဟန်းသည် {{မကြာမီပင်လျှင် အာသဝေါတရားတို့၏ ကုန်ခြင်း ကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ် မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘ၀၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလိမ့်မည်}} ဟူသော ဤအကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်...

၁။ ခန္ဓာကိုယ်၌ မတင့်တယ် ဟု အဖန်တလဲလဲ ရှုလျက်နေ၏။
၂။ (သုံးဆောင်အပ်သော) အာဟာရ၌ စက်ဆုပ်ဖွယ်ဟု အမှတ်ရှိ၍၊
၃။ အလုံးစုံသော လောက၌ မမွေ့လျော်ဖွယ် ဟု အမှတ်ရှိ၍၊
၎။ အလုံးစုံသော သင်္ခါရ တရားတို့၌ အမြဲမရှိ ဟု ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။
၅။ သေခြင်းကို အာရုံပြု၍ဖြစ်သော အမှတ်{သညာ}သည် ဖြစ်၍ နေ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့သည် အားနည်းသော မည်သည့်သူနာ ရဟန်းကိုမဆို မစွန့်ကြကုန်မူ ထိုရဟန်းသည် {{မကြာမီပင်လျှင် အာသဝေါတရားတို့၏ ကုန်ခြင်း ကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ် မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘ၀၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရလိမ့်မည်}} ဟူသော အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ ဟု (မိန့်တော်မူ၏)။

၁ - ဂိလာနသုတ်၊ ဂိလာန၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။

Friday, November 7, 2008

ပဌမနာဂ၀ိမာန၀တ္ထု-

ပဌမနာဂ၀ိမာန၀တ္ထု-

ကဿပမြတ်စွာဘုရား၏ ပုထိုးတော်၌ ပန်းရှစ်ပွင့်တို့ကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် ခွန်အားကြီး၍ လျှင်မြန်သော စီးတော်ဆင်ကို စီးကာ ကြာပန်းရေကန် တူရိယာ အတန်တန်တို့ဖြင့် ခံစားရသော နတ်သားလေး ...

အလွန်ဖြူဖွေးသော ကိုယ်ရှိသော အပြစ်ကင်း၍ ကြီးသော အစွယ်ရှိသော ခွန်အားကြီး၍ အလွန်လျင်မြန်သော အဟုန်ရှိသော ကောင်းစွာ ပြင်ဆင်ထားသော စီးတော်ဆင်ထက်သို့ တက်စီး၍ ကောင်းကင်ခရီးဖြင့် ဤအရပ်သို့ လာရောက်၏။

ဆင်၏ အစွယ်နှစ်ချောင်းတို့၌ ကြည်လင်သော ရေရှိသော ကောင်းစွာ ပွင့်သည့် ပဒုမ္မာကြာပန်းရှိသော ရေကန်တို့ကို ဖန်ဆင်းအပ်ပါကုန်၏၊ ပဒုမ္မာကြာတို့၌လည်း တူရိယာအပေါင်းတို့သည် အလိုလို မြည်ကုန်၏၊ စိတ်နှလုံးကို ဆောင်တတ်ကုန် သော ဤနတ်သမီးတို့သည် ကလည်း ကကြကုန်၏၊ သီချင်းလည်း သီဆိုကြကုန် ၏။

သင်သည် ကြီးသော အာနုဘော်ရှိသည်ဖြစ်၍
နတ်တန်ခိုး အာနုဘော်နှင့် ပြည့်စုံခြင်းသို့ရောက်၏၊
လူဖြစ်ခဲ့ စဉ်က အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊
အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊
အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း
အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ သနည်းဟု
(အသျှင်မောဂ္ဂလ္လာန်က မေး၏)။

ထိုနတ်သားသည် အသျှင်မောဂ္ဂလ္လာန် မေးအပ်သည်ဖြစ်၍ ၀မ်းမြောက်ဝမ်းသာ ဤ
(မျက်မှောက်ဖြစ်သော) အကျိုး၏ အကြောင်းကံ ပြဿနာကို မေးမြန်းသည် အားလျော်စွာ ဖြေကြား လျှောက်ထား၏။

ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ...
ကြွေကျသော ပန်းရှစ်ပွင့်တို့ကို ကဿပမြတ်စွာဘုရား၏
စေတီ ပုထိုးတော်၌ ကိုယ်ထိ လက်ရောက် တင်လှူပူဇော်ခဲ့ပါ၏။

ထိုကုသိုလ်ထူးကြောင့်
အကျွန်ုပ်အား ထိုသို့ သဘောရှိသော အရောင်အဆင်း ဖြစ်ပါ၏
။ပ။ အကျွန်ုပ်၏ အရောင်အဆင်းသည်လည်း
အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပပါ၏။

၁၀ - ပဌမနာဂ၀ိမာန၀တ္ထု၊ မဟာရထ၀ဂ်၊ ၀ိမာန၀တ္ထုပါဠိတော်။

ဂေါဏပေတ၀တ္ထု- (ဂေါဏ=နွား)

ဂေါဏပေတ၀တ္ထု- (ဂေါဏ=နွား)

အဘိုးသေ၍ အဖ ငိုကြွေးနေသည်ကို သားဖြစ်သူက နွားသေကို ကြည့်ကာ ငိုကြွေးခြင်းဖြင့် သက်သေပြကာ သောကငြိမ်းကြောင်း နည်းလမ်းကောင်းပြသော ၀တ္တု-

{{ချစ်သား သင်သည် သူရူးကဲ့သို့ စိမ်းစိုသော မြက်ကို ရိတ်၍ အသက်ကင်းသော နွားအိုကြီးကို စားလော့ စားလော့}} ဟု အဘယ့်ကြောင့် ပြောဆိုမြည်တမ်း နေဘိ သနည်း။

သင်ပေးသော စိမ်းစိုသော မြက်ကြောင့်သော် လည်းကောင်း ရေကြောင့်သော် လည်းကောင်း သေသောနွားသည် (အသက်ရှင်၍) ထမလာနိုင်သည်သာတည်း၊ သင်သည် အခြား ပညာမဲ့သူကဲ့သို့ ပညာမဲ့၍ မိုက်သူသာ ဖြစ်၏ဟု (ဖခင် သူကြွယ် က မေး၏)။

(ဖခင်) ဤနွား၏ ဤခြေတို့သည်လည်းကောင်း၊ ဤဦးခေါင်းသည်လည်းကောင်း၊ အမြီးနှင့်တကွသော ဤကိုယ်သည် လည်းကောင်း၊ မျက်စိတို့သည် လည်းကောင်း ရှေးအတိုင်း တည်နေပါကုန်၏၊ ထို့ကြောင့် ဤနွားသည် (အသက်ရှင်၍) ထရာ ပါသေး၏။

(ဖခင်) အဘိုး၏ လက်ခြေတို့ကို လည်းကောင်း ကိုယ်ကို လည်းကောင်း ဦးခေါင်း ကို လည်းကောင်း မတွေ့မြင်ရတော့ပါ၊ မြေပုံစု၌ ငိုနေသော သင်(ဖခင်)သည် သာလျှင် ပညာမဲ့သည် မဟုတ်ပါလောဟု (သားက ပြန်၍ ဆို၏)။

ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်နေသော မီးကို ရေဖြင့် သွန်းလောင်းလိုက်ဘိ သကဲ့သို့ ထို့အတူ ငါ၏ သားသည်သောကမီး တောက်လောင်နေသော ငါ၏ ပူပန်မှု အားလုံးကို ငြိမ်းအေးစေပြီတကား။

သင်သည် ပူဆွေးမှုသောက နှိပ်စက်နေသော ငါ့အား အဖကြောင့်ဖြစ်သော ပူဆွေး မှုသောကကို ပယ်ဖျောက်ပါပေ၏၊ သင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှု သောကတည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

ငါသည် ပူဆွေးမှုသောကဟူသော ငြောင့်ကိုနုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်း အေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသော ကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါဟု (ဆို၏)။၏

သုဇာတသည် ဖခင်ကို ပူဆွေးခြင်းမှ ဆုတ်နစ်စေသကဲ့သို့ ဤအတူ သနား စောင့်ရှောက်တတ်သော ပညာရှိတို့သည် (အဖ၏ လည်းကောင်း တစ်ပါးသော သူတို့၏ လည်းကောင်း ပူဆွေးမှုသောကမှ ဆုတ်နစ်စေခြင်းကို) ပြုလုပ်ကြကုန် ၏ဟု (မြတ်စွာဘုရားဟောတော်မူ၏)။

၈ - ဂေါဏပေတ၀တ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထုပါဠိတော်။

Thursday, November 6, 2008

ပဒုဋ္ဌစိတ္တသုတ်- (ပဒုဋ္ဌ=ပျက်စီးသည်+စိတ္တ=စိတ်)

ပဒုဋ္ဌစိတ္တသုတ်- (ပဒုဋ္ဌ=ပျက်စီးသည်+စိတ္တ=စိတ်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ...
ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို ဤသို့ (ငါဘုရား၏) စိတ်ဖြင့် ထိုသူ၏ စိတ်ကို ပိုင်းခြား၍ သိ၏ {{ဤဒေါသစိတ် ရှိသောအခါ၌ ဤပုဂ္ဂိုလ်သည် သေခဲ့မူ ၀န်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ငရဲ၌ ကျရလေ၏။ ဤသို့ ငရဲကျရခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ ထိုသူ၏ စိတ်သည် ဒေါသဖြင့် ဖျက်ဆီး အပ်သောကြောင့်တည်း}}၊

ရဟန်းတို့ ...
ဒေါသစိတ်ရှိခြင်း ဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တ၀ါတို့ သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော မကောင်း သော လားရာ ပျက်စီး ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ကြရကုန်၏။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို-
{{မြတ်စွာဘုရားသည် ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို သိ၍ ရဟန်းတို့အား ဤဆိုလတ္တံ့သော အနက် သဘောကို ဟောကြားတော်မူ၏။ ဤပုဂ္ဂိုလ်သည် ဒေါသစိတ်ရှိသော အချိန်အခါ၌ သေခဲ့မူ ၀န်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ငရဲ၌ ဖြစ်ရာ၏။

(အဘယ့်ကြောင့်ဆိုသော်)
ထိုပုဂ္ဂိုလ်၏ စိတ်ကို ဒေါသသည် ဖျက်ဆီးအပ်သော ကြောင့်တည်း။ မှန်၏။

သတ္တ၀ါတို့သည် ဒေါသဖျက်ဆီးအပ်သော စိတ်ဟူသော အကြောင်းကြောင့် မကောင်းသောလားရာ ဒုဂ္ဂတိ ဘ၀သို့ လားရောက်ကြရကုန်၏}} ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၁၀ - ပဒုဋ္ဌစိတ္တသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်၊

တဏှာသံယောဇနသုတ်- ( တဏှာအနှောင်အဖွဲ့)

တဏှာသံယောဇနသုတ်-
( တဏှာ=တပ်မက်ခြင်း+သံယောဇဉ်=အနှောင်အဖွဲ့)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင် သံယောဇဉ်ဖြင့် နှောင်ဖွဲ့ခံရသော သတ္တ၀ါတို့သည် ရှည်ကြာ စွာသော နေ့ညဥ့်ပတ်လုံး (သံသရာ၌) ပြေးသွား ကျင်လည်ကြရကုန်၏။

ထိုသံယောဇဉ်ကား ((တဏှာ သံယောဇဉ်))ပေတည်း။

ရဟန်းတို့ တဏှာ သံယောဇဉ်မှ တစ်ပါး သံသရာ၌ ပြေးသွား ကျင်လည်စေတတ် သော အခြား သံယောဇဉ်တစ်ခုကိုမျှလည်း ငါဘုရား မြင်တော် မမူ၊ မှန်၏ ရဟန်း တို့ တဏှာ သံယောဇဉ်ဖြင့် နှောင်ဖွဲ့ခံရသော သတ္တ၀ါတို့သည် ရှည်ကြာစွာသော နေ့ညဥ့်ပတ်လုံး (သံသရာ၌) ပြေးသွား ကျင်လည် ကြရကုန်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို ...
{{တဏှာလျှင် အဖော်ရှိသော ယောက်ျားသည် ရှည်ကြာစွာသော ကာလပတ်လုံး ကျင်လည်ရသည် ဖြစ်၍ လူ့ဘ၀ တစ်ပါးသော ဘ၀ဟူသော သံသရာကို မလွန် မြောက်နိုင်။ သတိရှိသော ရဟန်းသည် ဆင်းရဲ၏ အကြောင်းဖြစ်သော ထိုတဏှာ ကို အပြစ်အားဖြင့် သိ၍ တဏှာကင်းသော ကြောင့် နောင်တစ်ဖန် ပဋိသန္ဓေကို မယူတော့ဘဲ (သံသရာမှ) ထွက်မြောက်နိုင်ရာ၏}}ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၅ - တဏှာသံယောဇနသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်၊

Tuesday, November 4, 2008

သိက္ခဒုဗ္ဗလျသုတ်- (ကိုယ်ကျင့်သိက္ခာ၏ အားနည်းကြောင်း)

သိက္ခဒုဗ္ဗလျသုတ်- (ကိုယ်ကျင့်သိက္ခာ၏ အားနည်းကြောင်း)

ရဟန်းတို့ အကျင့် {သိက္ခာ}၏ အားနည်းကြောင်းတို့ကား ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁။ သူ့အသက်သတ်ခြင်း၊
၂။ အရှင် မပေးသည်ကို ယူခြင်း၊
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း၊
၎။ မဟုတ်မမှန် ပြောခြင်း၊
၅။ ယစ်မူးမေ့လျော့ကြောင်း ဖြစ်သော သေအရက်ကို သောက်ခြင်းတို့တည်း။

ရဟန်းတို့ ဤအကျင့် {သိက္ခာ}၏ အားနည်းကြောင်း ငါးမျိုးတို့ကို ပယ်ရန်၊
သတိပဋ္ဌာန် လေးပါးတို့ကို ပွါးများအပ်ကုန်၏။

အဘယ်လေးးမျိုးတို့နည်းဟူမူ -

၁။ ကာယာ နုပဿနာ သတိပဋ္ဌာန်၊
၂။ ဝေဒနာ နုပဿနာ သတိပဋ္ဌာန်၊
၃။ စိတ္တာ နုပဿနာ သတိပဋ္ဌာန်၊
၎။ ဓမ္မာ နုပဿနာ သတိပဋ္ဌာန်၊

ပဌမသုတ်။
၁ - သိက္ခဒုဗ္ဗလျသုတ်၊ သတိပဋ္ဌာန၀ဂ်၊ န၀ကနိပါတ်၊ အင်္ဂုတ္တိုရ်။