နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, January 1, 2009

ကောဓနသုတ်-

ကောဓနသုတ်- (အမျက်ဒေါသကြီးသည်)

ရဟန်းတို့ ...
ရန်သူတို့ နှစ်သက် အပ်ကုန်၍
ရန်သူတို့၏ အကျိုးကို ပြုတတ်ကုန်သော ဤတရားခုနစ်မျိုးတို့သည်
အမျက်ထွက်သော မိန်းမသို့လည်းကောင်း၊
အမျက်ထွက်သော ယောက်ျားသို့ လည်းကောင်း ရောက်လာကုန်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ-

၁...
ရဟန်းတို့ ဤလောက၌ ရန်သူသည် ရန်ဘက်ဖြစ်သူအား ''ဤသူသည် အဆင်း မလှပါမူကား ကောင်းလေရာ၏'' ဟု အလိုရှိ၏။

ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း-

ရဟန်းတို့ ရန်သူသည် ရန်ဘက်ဖြစ်သူ၏ အဆင်းလှခြင်း၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော ဤယောက်ျား ပုဂ္ဂိုလ်ကို အမျက် ဒေါသသည် နှိပ်စက် အပ်၏၊ အမျက်ဒေါသသည် အစဉ်လိုက်အပ်၏၊ ထိုအမျက်ထွက်သော ပုဂ္ဂိုလ်သည် အကယ်၍ ကောင်းစွာ ရေချိုးအပ် ကောင်းစွာ လိမ်းကျံအပ်သည် ဖြစ်၍ ဆံ မုတ်ဆိတ်ကို ရိတ်ပြီးလျှင် ကောင်းမွန် ဖြူစင်သော အဝတ်ကို ဝတ်ဆင်ရစေကာမူ၊ ထိုသူသည် အမျက်ဒေါသ နှိပ်စက်အပ်သည် ဖြစ်၍ အဆင်း မလှသည် သာလျှင် ဖြစ်၏။ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အကျိုးကို ပြုတတ်သော ဤပဌမသဘောသည် အမျက်ထွက်သော မိန်းမသို့ လည်းကောင်း၊ ယောက်ျားသို့ လည်းကောင်း ရောက်လာ၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ''ဤသူသည် ဆင်းရဲစွာ အိပ်နေရပါမူ ကောင်းလေရာ၏'' ဟု အလိုရှိ၏၊

ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း-

ရဟန်းတို့ ရန်သူသည် ရန်ဘက်ဖြစ်သူ၏ ချမ်းသာစွာ အိပ်နေရခြင်း၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော ဤယောက်ျား ပုဂ္ဂိုလ်ကို အမျက်ဒေါသသည် နှိပ်စက်အပ်၏၊ အမျက် ဒေါသသည် အစဉ်လိုက် အပ်၏၊ ထိုအမျက်ထွက်သော ပုဂ္ဂိုလ်သည် အကယ်၍ ပလ္လင်၊ မွေးရှည် ကောဇောကြီး၊ ပန်းပြောက်ခြယ် သားမွေး အခင်း၊ ဝံပိုင့်ရေအခင်းမြတ်၊ (နီသော) မျက်နှာကြက်နှင့် အုံးနီနှစ်ဖက်ရှိ နေရာတို့၌ အိပ်၍ နေရစေကာမူ၊ ထိုသူသည် အမျက်ဒေါသ နှိပ်စက်အပ်သည် ဖြစ်၍ ဆင်းရဲစွာသာလျှင် အိပ်နေရ၏။ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အကျိုးစီးပွါးကို ပြုတတ်သော ဤဒုတိယ သဘောသည် အမျက်ထွက်သော မိန်းမ သို့လည်းကောင်း၊ ယောက်ျားသို့လည်းကောင်း ရောက်လာ၏။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ''ဤသူသည် အကျိုးစီးပွါး များပြားစွာ ဖြစ်ထွန်းမှုရှိသူ မဖြစ်ပါမူကား ကောင်းလေရာ၏'' ဟု အလိုရှိ၏၊

ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း-

ရဟန်းတို့ ရန်သူသည် ရန်ဘက်ဖြစ်သူ၏ အကျိုးစီးပွါးရှိမှု၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော ဤယောက်ျားပုဂ္ဂိုလ်ကို အမျက်ဒေါသသည် နှိပ်စက်အပ် ၏၊ အမျက်ဒေါသသည် အစဉ်လိုက်အပ်၏၊ အကျိုးစီးပွါး မရှိသည်ကို ယူ၍မူ၍ လည်း ''ငါသည် အကျိုးစီးပွါး ရှိသည်ကို ယူအပ်ပြီ'' ဟု မှတ်ထင်၏၊ အကျိုးစီးပွါး ရှိသည်ကို ယူ၍မူလည်း ''ငါသည် အကျိုးစီးပွါး မရှိသည်ကို ယူအပ်ပြီ'' ဟု မှတ် ထင်၏၊ အမျက်ဒေါသ နှိပ်စက်အပ်သော ထိုသူအား အချင်းချင်း ဆန့်ကျင်ဘက် ဖြစ်ကုန်၍ ယူအပ်ကုန်သော ဤတရားတို့သည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်ကုန်၏။ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အကျိုးကို ပြုတတ်သော ဤတတိယ သဘောသည် အမျက်ထွက်သော မိန်းမသို့ လည်း ကောင်း၊ ယောက်ျားသို့ လည်းကောင်း ရောက်လာ၏။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ''ဤသူသည် စည်းစိမ်ဥစ္စာ ရှိသူ မဖြစ်ပါမူ ကောင်းလေရာ၏'' ဟု အလိုရှိ၏၊

ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း-

ရန်သူသည် ရန်ဘက်ဖြစ်သော သူ၏ စည်းစိမ်ဥစ္စာ ရှိမှု၌ မနှစ်သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော အမျက်ဒေါသသည် နှိပ်စက်အပ်သော အမျက်ထွက်ခြင်း ဖြင့် အစဉ်လိုက်သော ထိုယောက်ျား၏ ထကြွလုံ့လဖြင့် ရအပ်ကုန်သော လက်ရုံး အားကိုး ဆည်းပူးအပ်ကုန်သော ချွေးဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့် ယှဉ်ကုန် တရားသဖြင့် ရအပ်ကုန်သော စည်းစိမ် ဥစ္စာတို့ကိုလည်း မင်းတို့သည် မင်း၏ ဘဏ္ဍာတိုက်၌ သွင်းကုန်၏။ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူ တို့၏အကျိုးကို ပြုတတ်သော ဤစတုတ္ထ သဘောသည် အမျက်ထွက်သော မိန်းမ သို့ လည်းကောင်း၊ ယောက်ျားသို့ လည်းကောင်း ရောက်လာ၏။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ''ဤသူသည် အခြံအရံ ရှိသူ မဖြစ်ပါမူ ကောင်းလေရာ၏'' ဟု အလိုရှိ၏၊

ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း-

ရန်သူသည် ရန်ဘက်ဖြစ်သောသူ၏ အခြံအရံရှိမှု၌ မနှစ်သက်။ ရဟန်းတို့ အမျက် ထွက်လေ့ရှိသော ဤယောက်ျား ပုဂ္ဂိုလ်ကို အမျက်ဒေါသသည် နှိပ်စက်အပ်၏၊ အမျက်ဒေါသသည် အစဉ်လိုက်အပ်၏၊ ထိုပုဂ္ဂိုလ်အား မမေ့လျော့ခြင်းဖြင့် ရအပ် သော အခြံအရံမှလည်း အမျက်ထွက်ခြင်းဖြင့် နှိပ်စက်အပ်သည် ဖြစ်၍ ပျက်စီး၏၊ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အကျိုးကို ပြုတတ်သော ဤပဉ္စမ သဘောသည် အမျက်ထွက်သော မိန်းမသို့ လည်းကောင်း၊ ယောက်ျားသို့ လည်း ကောင်း ရောက်လာ၏။

၆...
ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ''ဤသူသည် အဆွေခင်ပွန်း ရှိသူ မဖြစ်ပါမူ ကောင်းလေရာ၏'' ဟု အလိုရှိ၏၊

ဤသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း-

ရဟန်းတို့ ရန်သူသည် ရန်ဘက်ဖြစ်သူ၏ အဆွေခင်ပွန်းရှိမှု၌ မနှစ်သက်။ ရဟန်း တို့ အမျက်ထွက်လေ့ရှိသော အမျက်ထွက်ခြင်းဖြင့် နှိပ်စက်အပ်သော အမျက် ထွက်ခြင်းဖြင့် အစဉ်လိုက်သော ဤယောက်ျား ပုဂ္ဂိုလ်ကို အဆွေခင်ပွန်း အကျွမ်း ဝင်သူ ဆွေမျိုးသားချင်းတို့သည်လည်း ဝေးစွာ ရှောင်ကြဉ်ကုန်၏၊ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အစီးအပွါးကို ပြုတတ်သော ဤဆဋ္ဌမ သဘောသည် အမျက်ထွက်သော မိန်းမသို့ လည်းကောင်း၊ ယောက်ျားသို့ လည်း ကောင်း ရောက်လာ၏။

၇...
ရဟန်းတို့ နောက်တစ်မျိုးကား ရန်သူသည် ရန်ဘက်ဖြစ်သူအား ''ဤသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ကျရောက်ပါမူကား ကောင်းလေရာ၏'' ဟု အလိုရှိ၏၊

ထိုသို့ အလိုရှိခြင်းသည် အဘယ့်ကြောင့်နည်း-

ရဟန်းတို့ ရန်သူသည် ရန်ဘက်ဖြစ်သောသူ၏ သုဂတိဘုံသို့ ရောက်မှု၌ မနှစ် သက်။ ရဟန်းတို့ အမျက်ထွက်လေ့ရှိသော အမျက်ထွက်ခြင်းဖြင့် နှိပ်စက်အပ် သော အမျက်ထွက်ခြင်းဖြင့် အစဉ်လိုက်သော ဤယောက်ျားပုဂ္ဂိုလ်သည် ကိုယ် ဖြင့် ဒုစရိုက်ကို ကျင့်၏၊ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၏၊ ထိုအမျက်ထွက်သူသည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကိုကျင့်၍ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ အမျက်ထွက်ခြင်းသည် နှိပ်စက်အပ်သည် ဖြစ်၍ ရောက်ရ၏။ ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်၍ ရန်သူတို့၏ အကျိုးကို ပြုတတ်သော ဤသတ္တမ သဘောသည် အမျက်ထွက်သော မိန်းမသို့ လည်းကောင်း၊ ယောက်ျားသို့ လည်းကောင်း ရောက် လာ၏။

ရဟန်းတို့ ရန်သူတို့ နှစ်သက်အပ်ကုန်၍ ရန်သူတို့၏ အကျိုးစီးပွါးကို ပြုတတ် ကုန်သော ဤတရားခုနစ်မျိုးတို့သည် အမျက်ထွက်သော မိန်းမသို့ လည်းကောင်း၊ ယောက်ျားသို့ လည်းကောင်း ရောက်လာကုန်၏ ဟု (ဟောတော်မူ၏)။

အမျက်ထွက်လေ့ ရှိသူသည် အဆင်းမလှ၊ ထိုသူသည် ဆင်းရဲစွာလည်း အိပ်ရ နေရ၏၊ ထိုမှတစ်ပါး အကျိုးစီးပွါးရှိ၏ဟု မှတ်ယူ၍ အကျိုးစီးပွါးမဲ့သည့် အဖြစ်သို့ ရောက်၏။ အမျက် ထွက်တတ်သော အမျက်ဒေါသ နှိပ်စက်အပ်သော ယောက်ျား သည် ထိုအမျက်ထွက်မှုကြောင့် ကိုယ် နှုတ်ဖြင့် သတ်ပုတ်ညှဉ်းဆဲမှုကို ပြု၍ ဥစ္စာ ၏ ဆုံးရှုံးခြင်းသို့ ရောက်၏။ အမျက်ဒေါသတည်း ဟူသော ယစ်ခြင်းဖြင့် ယစ်သော ယောက်ျားသည် အခြံအရံ အကျော်အစော မရှိသည့် အဖြစ်သို့ ရောက်၏၊ ဆွေမျိုး မိတ်သင်္ဂဟတို့သည် လည်းကောင်း၊ ချစ်ကျွမ်းဝင်ကုန်သော သူတို့သည် လည်း ကောင်း အမျက်ထွက်သူကို ရှောင်ကြဉ်ကုန်၏။ အမျက်ဒေါသသည် အကျိုး စီးပွါး မဲ့ကို ဖြစ်စေတတ်၏၊ အမျက်ဒေါသသည် စိတ်ကို ဖျက်ဆီးတတ်၏၊ စိတ်၏အတွင်း ၌ ဘေးကို ဖြစ်စေတတ်၏၊ ထိုသို့သော အကြောင်းကို ပညာနုံ့သူ လူအပေါင်းသည် မသိချေ။ အမျက်ထွက်သူသည် အကျိုးစီးပွါးကို မသိနိုင်၊ အမျက်ထွက်သူသည် အကြောင်းတရားကို မမြင်နိုင်၊ အမျက်ဒေါသသည် သတ္တဝါကို နှိပ်စက်သောအခါ အလွန် မိုက်မဲမှုသည် ဖြစ်၏။ အမျက်ထွက်သော သူသည် ပြုနိုင်ခဲသော အမှုကို ပြုလွယ်သော အမှုကဲ့သို့ ချွတ်ယွင်းစေ၏၊ ထိုသူသည် နောက်အခါ၌ အမျက် ဒေါသ ပြေပျောက်သည် ရှိသော် မီးလောငသကဲ့သို့ ပူပန်ရ၏။

အကြင် အမျက်ဒေါသကြောင့် သတ္တဝါတို့သည် အမျက်ထွက်ကုန်၏၊ ထိုအမျက် ဒေါသသည် အကြင်အခါ၌ ဖြစ်ပေါ်၏၊ ထိုအခါ၌ မီးသည် တထောင်းထောင်း ထသော အခိုးကို ပြဘိသကဲ့သို့ အရှိန်အစော် ကင်းမဲ့သော မျက်နှာရှိသည့် အဖြစ် ကို ပြ၏။ ထိုအမျက်ထွက်သူအား ရှက်မှု ထိတ်လန့်မှုမရှိ၊ ထိုအမျက်ထွက်သူသည် (ဆုံးမအပ်သော) စကားကို ရိုသေမှု မရှိ၊ အမျက်ဒေါသ နှိပ်စက်သောသူအား မှီခို ရာ တစ်စုံတစ်ရာမျှ မဖြစ်နိုင်ချေ။ ပူပန်သောက ရောက်စေတတ်ကုန်သော အကြင်
(အဖသတ်ခြင်းစသော) ကံတို့သည် သမထဝိပဿနာတရားတို့မှ ဝေးကွာကုန်၏။

ထိုအကြောင်းကံတို့ကို ဟုတ်တိုင်းမှန်စွာ ပြောကြားပေအံ့၊
ထိုစကားကို နာကြကုန်လော့။

အမျက်ထွက်သူသည် အဖကို သတ်တတ်၏၊
အမျက်ထွက်သူသည် အမိကို သတ်တတ်၏၊
အမျက်ထွက်သူသည် ရဟန္တာကို သတ်တတ်၏၊
အမျက်ထွက်သူသည် ပုထုဇဉ်ကို သတ်တတ်၏။
အမိ မွေးမြူအပ်သောသားသည် ဤလောကကို တွေ့မြင်ရ၏၊ အသက်ကို ပေး တတ်သည့် ငြိမ်းအေးသော ထိုအမိကိုသော်လည်း အမျက်ထွက်သူ ပုထုဇဉ်သည် သတ်တတ်၏။ ထိုသတ္တဝါတို့သည် ကိုယ်ချင်းစာ တရားရှိကြကုန်၏၊ မိမိ ကိုယ်ကို သာလျှင် လွန်စွာချစ်အပ်၏၊ အမျက်ထွက်သူသည် အမျိုးမျိုးသော အာရုံတို့၌ တွေဝေသည်ဖြစ်၍ အကြောင်း အမျိုးမျိုးတို့ကြောင့် မိမိကိုယ်ကို သတ်တတ်၏။

မိမိကိုယ်ကို သန်လျက်ဖြင့် သတ်ကုန်၏၊
တွေဝေကုန်သည် ဖြစ်၍ အဆိပ်ကို စားကုန်၏၊
ကြိုးဖြင့် နှောင်ဖွဲ့၍ (ဆွဲကြိုးချ၍) သေကုန်၏၊
ချောက်ထဲသို့သော် လည်းကောင်း (ခုန်ချ၍) သေကုန်၏။
စီးပွါးချမ်းသာကို ဖျက်ဆီးတတ် မိမိကိုယ်ကို သေစေတတ်သည့် အမှုတို့ကို ပြုကုန် သော်လည်း မသိရှိကြကုန်၊
အမျက်ထွက်ခြင်း သဘောသည် ပျက်စီးကြောင်း ဖြစ်၏၊

ဤဒေါသသည် ကောဓ အသွင်ဖြင့် ဖြစ်၏၊ (နှလုံးအိမ်) ဂူ၌ ကိန်း၏၊ သေမင်း၏ ကျော့ကွင်းသဖွယ် ဖြစ်၏။ တိုဒေါသကို ပညာ ဝီရိယသမ္မာဒိဋ္ဌိ (ပညာ)ဟူသော ဆုံးမခြင်းဖြင့် ပယ်ဖြတ်ရာ၏။ ပညာရှိသည် ထိုအကုသိုလ်ကို အကြွင်းမဲ့ ပယ်ဖြတ် သကဲသို့ ထို့အတူသာလျှင် ငါတို့အား နှလုံးမသာယာ မျက်နှာမရွှင်သော အဖြစ်သည် မဖြစ်စေလင့်ဟု နှလုံးပြုပြီးလျှင် ကုသိုလ်တရားတို့ကို ကျင့်ကုန် ရာ၏။ ဒေါသကင်းကွာ၍ ပင်ပန်းခြင်း မရှိကုန်သော လောဘ ကင်းကွာ၍ ငြူစူမှု မရှိကုန်သော ယဉ်ကျေးကုန်သော ပုဂ္ဂိုလ်တို့သည် အမျက်ဒေါသကို ပယ်ဖျောက် လျက် အာသဝေါတရား မရှိကုန်မူ၍ ကိလေသာ ငြိမ်းအေးကြလေကုန်သတည်း။

၁၁ - ကောဓနသုတ်၊ အဗျာကတဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။