နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, January 26, 2009

မေထုနသုတ်- (တပ်မက်သူနှစ်ဦးတို့၏အမှု)

မေထုနသုတ်- (တပ်မက်သူနှစ်ဦးတို့၏အမှု)

ထိုအခါ ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်နေ လျက် မြတ်စွာဘုရားအား -

အသျှင်ဂေါတမသည်လည်း မြတ်သောအကျင့်ကို ကျင့်၏ဟု
ဝန်ခံသည် မဟုတ်ပါလောဟု လျှောက်၏။

ပုဏ္ဏား ''မကျိုး မပေါက် မပြောက် မကျားသော ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်၏'' ဟူသော စကားကို ကောင်းစွာ ပြောဆိုလိုသော သူသည် ငါ့ကိုသာလျှင် ပြောဆိုရာ၏။

''ပုဏ္ဏား ထိုစကား ဟုတ်မှန်၏၊ ငါသည် မကျိုး မပေါက် မပြောက် မကျားသော ပြည့်စုံ စင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်၏'' ဟု (မိန့်တော်မူ၏)။

''အသျှင်ဂေါတမ အဘယ်သို့လျှင် မြတ်သော အကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုသည် ဖြစ်ပါသနည်း'' ဟု (လျှောက်၏)။

၁...
ပုဏ္ဏား ဤလောက၌ အချို့သော သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ မြတ်သော အကျင့်ကို ကောင်းစွာကျင့်၏ဟု ဝန်ခံပါလျက် မာတုဂါမနှင့်အတူ နှစ်ယောက် နှစ်ယောက်သော သူတို့ ပြုကျင့်အပ်သော မေထုန် အကျင့်သို့ကား မရောက်၊ စင်စစ်မူကား မာတုဂါမ၏ (နံ့သာ စသည်ဖြင့်) ပွတ်သပ်မှု (ဆီဖြင့်) ဆုပ်နယ်မှု ရေချိုးပေးမှု သုံးသပ်မှုကို သာယာ၏၊ ထိုသမဏဗြာဟ္မဏသည် ထိုမာတုဂါမ၏ နံ့သာစသည်ဖြင့် ပွတ်သပ်မှုစသည်ကို နှစ်သက်၏၊ ထိုနံ့သာ ပွတ်သပ်မှု စသည်ကို အလိုရှိ၏၊ ထိုသို့ ပြုမှုဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏။ ပုဏ္ဏား ဤသို့ သာယာခြင်းသည်လည်း မြတ်သောအကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုပင် မည်၏။

ပုဏ္ဏား ဤသမဏဗြာဟ္မဏမျိုးကို မေထုန် စပ်ယှဉ်မှုနှင့် ယှဉ်သည်ဖြစ်၍ မစင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်သူ ဟူ၍ ငါဆို၏။

၂...
ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သမဏဖြစ်စေ ဗြာဟ္မဏဖြစ် စေ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်၏ဟု ဝန်ခံပါလျက် မာတုဂါမနှင့် အတူ နှစ်ယောက် နှစ်ယောက်သောသူတို့ ပြုကျင့်အပ်သော မေထုန်အကျင့်သို့မရောက်၊ မာတုဂါမ၏ (နံ့သာ စသည်ဖြင့်) ပွတ်သပ်မှု (ဆီဖြင့်) ဆုပ်နယ်မှု ရေချိုးပေးမှု သုံးသပ်မှုကိုလည်း မသာယာ၊ စင်စစ် မူကား မာတုဂါမနှင့်အတူ စကား ပြောဆို၏၊ ပြက်ရယ်ပြု၏၊ ပြင်းစွာရယ်၏။ပ။

၃...
မာတုဂါမနှင့်အတူ စကားမပြောဆို ပြက်ရယ်မပြု ပြင်းစွာမရယ်၊ စင်စစ်မူကား မာတုဂါမ၏ မျက်စိကို မိမိမျက်စိဖြင့် တစိမ့်စိမ့်ကြည့်၏၊ ရှု၏။ပ။

၎...
မာတုဂါမ၏ မျက်စိကို မိမိမျက်စိဖြင့် တစိမ့်စိမ့်မကြည့်ရှု၊ စင်စစ်မူကား နံရံတစ်ဖက် ၌ ဖြစ်စေ တံတိုင်းတစ်ဖက်၌ ဖြစ်စေ ရယ်ရွှင်သူ စကားပြောသူ သီချင်းဆိုသူ ငိုကြွေးသူ မာတုဂါမ၏ အသံကို နားထောင်၏။ပ။

၅...
နံရံတစ်ဖက်၌ ဖြစ်စေ တံတိုင်း တစ်ဖက်၌ ဖြစ်စေ ရယ်ရွှင်သူ စကားပြောသူ သီချင်းဆိုသူ ငိုကြွေးသူ မာတုဂါမ၏ အသံကို နားမထောင်။ စင်စစ်မူကား ထိုသမ ဏ ဗြာဟ္မဏအား ရှေးက မာတုဂါမနှင့်အတူ ရယ်ရွှင်ခဲ့ စကားပြောခဲ့ မြူးထူးခဲ့ သည်တို့ကို အဖန်ဖန် အောက်မေ့၏။ပ။

၆...
ထိုသမဏ ဗြာဟ္မဏအား ရှေးက မာတုဂါမနှင့်အတူ ရယ်ရွှင်ခဲ့ စကားပြောခဲ့ မြူးထူးခဲ့သည်တို့ကို အဖန်ဖန် မအောက်မေ့၊ စင်စစ်မူကား ငါးပါးသော ကာမဂုဏ် တို့ဖြင့် ရောင့်ရဲ ပြည့်စုံ ခံစံ ပျော်ပါးနေသော သူကြွယ်ကို ဖြစ်စေ သူကြွယ်သားကို ဖြစ်စေ မြင်၏။ပ။

၇...
ထိုသမဏ ဗြာဟ္မဏအား ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲ ပြည့်စုံ ခံစံပျော်ပါး နေသော သူကြွယ်ကိုဖြစ်စေ သူကြွယ်သားကို ဖြစ်စေ မမြင်၊ စင်စစ်မူကား ငါသည် ဤသီလဖြင့်သော် လည်းကောင်း၊ ကျင့်ဝတ်ဖြင့်သော် လည်းကောင်း၊ ခြိုးခြံမှုဖြင့် သော် လည်းကောင်း၊ မြတ်သော အကျင့်ဖြင့် လည်းကောင်း နတ်မင်းမူလည်း ဖြစ်ရလို၏၊ နတ်သားမူလည်း ဖြစ်ရလို၏ဟု တစ်ပါးပါးသော နတ်၏အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်၏။ ထိုသမဏ ဗြာဟ္မဏသည် ထိုနတ်၏ အဖြစ်ကို သာယာ၏၊ ထိုနတ်၏ အဖြစ်ကို အလိုရှိ၏၊ ထိုနတ်၏ အဖြစ်၌ သာလျှင် နှစ်သက်ခြင်းသို့ ရောက်၏။
ပုဏ္ဏား ဤသို့ သာယာမှုသည်လည်း မြတ်သော အကျင့်၏ ကျိုးမှု ပေါက်မှု ပြောက် မှု ကျားမှုပင်မည်၏၊ ပုဏ္ဏား ဤသမဏ ဗြာဟ္မဏမျိုးကို မေထုန်စပ်ယှဉ်မှုနှင့် ယှဉ်သည်ဖြစ်၍ မစင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာ ယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်သူ ဟူ၍ ငါဆို၏။

ပုဏ္ဏား ငါသည် ဤခုနစ်မျိုးကုန်သော မေထုန်စပ်ယှဉ်မှုတို့တွင် တစ်မျိုးမျိုးသော မေထုန် စပ်ယှဉ်မှုကို မိမိ၌ မပယ်အပ်သေးသည်ကို မြင်နေသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော (နတ်)လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ဝန်မခံခဲ့ပေ။

ပုဏ္ဏား ငါသည် ဤခုနစ်မျိုးကုန်သော မေထုန်စပ်ယှဉ်မှုတို့တွင် တစ်မျိုးမျိုးသော မေထုန်စပ်ယှဉ်မှုကိုမူလည်း မိမိ၌ မပယ်အပ်သေးသည်ကို မမြင်သောအခါ၌မူကား နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော (နတ်)လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ဝန်ခံ၏။

သတ္တဝါဟူသော လောက၌ အတုမရှိ မြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍သိပြီ ဟူ၍ ဝန်ခံ၏၊ ငါ၏ လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် မပျက်စီးတော့ပြီ၊ ဤဘဝသည် နောက်ဆုံး ဘဝပင်တည်း၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အား (ပစ္စဝေက္ခဏာ) ဉာဏ်အမြင် သည် ဖြစ်၏ ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည် ရှိသော် ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအား-
''အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏၊
အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ်ရှိပါ၏။ပ။

အသျှင်ဂေါတမသည် ...
အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို)
ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါ'' ဟု လျှောက်၏။

၇ - မေထုနသုတ်၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။