နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, January 12, 2009

ခိုးသူ ဥပမာ

ပါယာသိသုတ် (အပိုင်း-၄)

ခိုးသူ ဥပမာ


မြို့စား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးအံ့၊
သင်နှစ်သက်သည့် အတိုင်း (ထိုအမေး)ကို ဖြေလော့၊

မြို့စား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း ...

ဤလောက၌ သင်၏ မင်းချင်း ယောက်ျားတို့သည် အပြစ်ကျူးလွန်သော ခိုးသူကို ပြကုန်ရာ၏။ ''အရှင် ဤသူကား အပြစ်ကို ကျူးလွန်သော အရှင်၏ (စိုးအုပ်ရာ နယ်မြေမှ) ခိုးသူပါတည်း၊ ဤ ခိုးသူအား ပေးလိုသော အပြစ်ဒဏ်ကို ပေးပါလော့'' ဟု (ပြကုန်ရာ၏)။
ထိုသူတို့ကို သင်သည် ဤသို့ ဆိုရာ၏။

''အချင်းတို့ သို့ဖြစ်လျှင် ဤ (ခိုးသူ) ယောက်ျားကို ခိုင်သောကြိုးဖြင့်မြဲမြံစွာ လက်ပြန်ကြိုးချည်၍ ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းစွာ မည်သော စည်ဖြင့် (ကြေညာလျက်) လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခု သို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးလျှင်မြို့၏ တောင်ဘက်သူ သတ်ကုန်း၌ ဦးခေါင်းကို ဖြတ်ကုန်လော့'' ဟု (ဆိုရာ၏)။

ထိုသူတို့သည် ''ကောင်းပါပြီ'' ဟု ဝန်ခံ၍ ထို (ခိုးသူ) ယောက်ျားကို ခိုင်သော ကြိုး ဖြင့်မြဲမြံစွာ လက်ပြန်ကြိုးချည်၍ ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းစွာ မည်သော စည်ဖြင့် (ကြေညာလျက်) လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးလျှင်မြို့၏ တောင်ဘက် သူသတ်ကုန်း၌ ထိုင်နေစေကုန်ရာ၏။
ထိုခိုးသူသည် သူသတ်တို့ကို ''အရှင်သူသတ်တို့ ဤမည်သော ရွာနိဂုံး၌ အကျွန်ုပ် ၏ အဆွေခင်ပွန်း သားချင်း ပေါက်ဖော်တို့သည် ရှိပါကုန်၏၊ အကျွန်ုပ်သည် ထို အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့အား (မိမိကိုယ်ကို လည်းကောင်း သိုမှီးထား သော ဥစ္စာကို လည်းကောင်း) ပြ၍ ပြန်လာသည့် တိုင်အောင် ဆိုင်းငံ့ ပါဦးလော့'' ဟု (အခွင့်တောင်းသော်) ရရာသလော၊ သို့မဟုတ် ငိုကြွေးမြည်တမ်း စဉ်ပင်လျှင် သူသတ်တို့သည် ဦးခေါင်းကို ဖြတ်ကုန်ရာသလော ဟု (မေး၏)။

အသျှင်ကဿပ ထိုခိုးသူသည် သူသတ်တို့ကို ''အရှင်သူသတ်တို့ ဤမည်သော ရွာနိဂုံး၌ အကျွန်ုပ်၏ အဆွေခင်ပွန်း သားချင်း ပေါက်ဖော်တို့သည် ရှိပါကုန်၏၊ အကျွန်ုပ်သည် ထိုအဆွေခင်ပွန်း သားချင်း ပေါက်ဖော် တို့အား (မိမိကိုယ်ကို လည်းကောင်း သိုမှီးထားသော ဥစ္စာကိုလည်းကောင်း) ပြ၍ ပြန်လာသည့် တိုင် အောင် ဆိုင်းငံ့ပါဦးလော့'' ဟု (အခွင့်တောင်းသော်) မရရာပါ။ စင်စစ်သော်ကား ငိုကြွေးမြည်တမ်း စဉ်ပင်လျှင် သူသတ်တို့သည် ထိုသူ၏ ဦးခေါင်းကို ဖြတ်ကုန်ရာ ပါ၏ဟု (လျှောက်၏)။

မြို့စား လူသားဖြစ်သော ထိုခိုးသူသည် လူသားဖြစ်သော သူသတ်တို့ကို ''အရှင်သူသတ်တို့ ဤမည်သော ရွာနိဂုံး၌ အကျွန်ုပ်၏ အဆွေခင်ပွန်း သားချင်း ပေါက်ဖော်တို့သည် ရှိပါကုန်၏၊ အကျွန်ုပ်သည် ထိုအဆွေ ခင်ပွန်း သားချင်း ပေါက်ဖော်တို့အား (မိမိကိုယ်ကို လည်းကောင်း သိုမှီးထားသော ဥစ္စာကို လည်းကောင်း)ပြ၍ ပြန်လာသည့် တိုင်အောင် ဆိုင်းငံ့ပါဦးလော့'' ဟု (အခွင့် တောင်း၍) မရအံ့၊

ယင်းသို့ဖြစ်မူ ...
သူ့အသက်ကို သတ်လေ့ရှိကုန်သော၊
မပေးသော ဥစ္စာကို ယူလေ့ရှိကုန်သော၊
ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိကုန်သော၊
မဟုတ်မမှန်သော စကားကို ပြောလေ့ရှိကုန်သော၊
ကုန်းချော စကားကို ပြောလေ့ရှိ ကုန်သော၊
ကြမ်းတမ်းသော စကားကို ပြောလေ့ရှိကုန်သော၊
ပြိန်ဖျင်းသော စကားကိုပြောလေ့ ရှိကုန်သော၊
တပ်မက်မောခြင်း များကုန်သော၊
ပျက်စီးစေလိုသောစိတ် ရှိကုန်သော၊
မှားသောအယူ ရှိကုန်သော သင်၏ အဆွေခင်ပွန်းသားချင်းပေါက်ဖော်တို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲသို့ ရောက်ကုန်သည် ရှိသော် ငရဲထိန်း တို့ကို ''အရှင်ငရဲထိန်းတို့ အကျွန်ုပ်တို့သည် ပါယာသိမည်သော မြို့စား၏ အထံသို့ သွား၍ 'ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည်ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံ တို့၏ အကျိုးဝိပါက်သည် ရှိ၏'ဟု ပြောဆိုရန် ဆိုင်းငံ့ပါကုန်လော့'' ဟု အဘယ်မှာ (အခွင့်တောင်း၍) ရရာအံ့နည်း၊

မြို့စား ဤအကြောင်းဖြင့်လည်း သင်၏ အယူသည် ဤသို့ ဖြစ်ပါလော့-

''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏'' ဟု (ဖြစ်ပါလော့ဟု ဆို၏)။

အသျှင်ကဿပသည် ဤသို့ဆိုသော်လည်း ဤအရာ၌ အကျွန်ုပ်၏အယူသည် ဤသို့ပင်ဖြစ်ပါ၏-

''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ''ဟု (ဖြစ်ပါ၏ဟု လျှောက်၏)။

မြို့စား ''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ'' ဟူသော သင်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိသေးသလောဟု (မေး၏)။

အသျှင်ကဿပ ''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်း မှုကံတို့၏ အကျိုးဝိပါက်သည် မရှိ'' ဟူသော အကျွန်ုပ်၏ အယူဖြစ်ခြင်း၏ အကြောင်းသည် ရှိပါသေး၏ ဟု (လျှောက်၏)။

မြို့စား (ထိုအကြောင်းကား) အဘယ်နည်းဟု (မေး၏)။

အသျှင်ကဿပ ဤလောက၌ အကျွန်ုပ်၏ အဆွေခင်ပွန်း သားချင်းတို့သည်...
အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊
မပေးသော ဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်ကုန်၏၊
ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊
မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊
ကုန်း ချောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊
ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊
ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊
တပ်မက်မောခြင်း မများကုန်၊
ပျက်စီးစေလိုသော စိတ်မရှိကုန်၊
မှန်သော အယူရှိကုန်၏၊
ထိုသူတို့သည် နောင်အခါ၌ ရောဂါနှိပ်စက်အပ်ကုန်၏၊ ဆင်းရဲခြင်းသို့ ရောက်ကုန် ၏၊ ပြင်းထန်စွာ နာမကျန်းရှိကုန်၏၊ ''ဤသူတို့သည် ဤရောဂါမှ မထကုန် လတ္တံ့'' ဟု သိသောအခါ အကျွန်ုပ်သည် ထိုသူတို့ထံ ချဉ်းကပ်၍ဤသို့ ပြောဆိုပါ၏။

''အချင်းတို့ အချို့သော သမဏဗြာဟ္မဏတို့သည် ဤသို့ဆိုလေ့ ရှိကုန်၏၊ ဤသို့ ယူလေ့ရှိကုန်၏-
'အကြင်သူတို့သည် အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မပေးသော ဥစ္စာကို ယူခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကုန်းချောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ကြမ်းတမ်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ် ကုန်၏၊ တပ်မက် မောခြင်း မများကုန်၊ ပျက်စီးစေလိုသော စိတ်မရှိကုန်၊ မှန်သော အယူ ရှိကုန်၏၊ ထိုသူတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ် ပြည်သို့ရောက်ကုန်၏'ဟု ယူလေ့ ရှိကုန်၏။

သင်တို့သည်ကား အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ပ။
ထိုအသျှင် သမဏ ဗြာဟ္မဏတို့၏ စကားသည် အကယ်၍ မှန်အံ့၊ အချင်းတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်သို့ ရောက်ကုန် လတ္တံ့။

အချင်းတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလား ရာ နတ်ပြည်သို့ အကယ်၍ ရောက်ကုန်သော် ငါ့ထံလာ၍ ပြောကြားပါကုန်လော့-
'ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် ရှိ၏၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် ရှိကုန်၏၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် ရှိ၏'ဟု (လာ၍ ပြောကြားပါ ကုန်လော့)။

အချင်းတို့သည် ငါ၏ ယုံကြည်ကိုးစားထိုက်သူတို့ ဖြစ်ကြပါကုန်၏၊
အချင်းတို့ သိမြင်သော အရာသည် ငါကိုယ်တိုင် သိမြင်သော အရာကဲ့သို့
ဖြစ်ပါ လတ္တံ့'' ဟု (ပြောဆိုပါ၏)။

ထိုသူတို့သည် ''ကောင်းပါပြီ'' ဟု အကျွန်ုပ်အား ဝန်ခံကြပြီးလျှင် လာ၍လည်း မပြောကြားကြပါကုန်၊ တမန်ကိုလည်း မစေလွှတ်ကြပါကုန်။

အသျှင်ကဿပ (ယင်းဆိုခဲ့သည့် ပုံသက်သေ) အကြောင်းအားဖြင့် အကျွန်ုပ်၏ အယူ သည် ဤသို့ ဖြစ်ပါ၏-

''ဤအကြောင်းကြောင့်လည်း တစ်ပါးသော လောကသည် မရှိ၊ (သေ၍) တစ်ဖန် ဖြစ်ပေါ်သော သတ္တဝါတို့သည် မရှိကုန်၊ ကောင်းမှုကံ, မကောင်းမှုကံတို့၏ အကျိုးဝိပါက်သည် မရှိ'' ဟု ဖြစ်ပါ၏။ ဤ(ဆိုခဲ့သည့်ပုံသက်သေ) သည်လည်း (အကျွန်ုပ်၏ အယူဖြစ်ခြင်း၏) အကြောင်းပါတည်း ဟု (လျှောက်၏)။

ပါယာသိသုတ်၊ မဟာဝဂ်ပါဠိတော်၊ ဒီဃနိကာယ်။

ဆက်မည်- မစင်တွင်း၌ နစ်မြုပ်သော ယောက်ျား ဥပမာ --->