နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, January 22, 2009

အဋ္ဌင်္ဂိကသုတ်၊ သူတော်ကောင်းထက် ကောင်းသူ-

အဋ္ဌင်္ဂိကသုတ်၊

ရဟန်းတို့ သူယုတ်မာကို လည်းကောင်း၊
သူယုတ်မာအောက် သူယုတ်မာကို လည်းကောင်း၊
သူတော်ကောင်းကို လည်းကောင်း၊
သူတော်ကောင်းထက် သူတော်ကောင်းကို လည်းကောင်း

သင်တို့အား ဟောကြားပေအံ့၊ ထို (တရား) ကို နာကြကုန်လော့။ပ။

ရဟန်းတို့ သူယုတ်မာဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌ အချို့သော သူသည်...

မှားသော အယူ ရှိ၏၊
မှားသော အကြံ ရှိ၏၊
မှားသော စကား ရှိ၏၊
မှားသော အလုပ် ရှိ၏၊
မှားသော အသက်မွေးမှု ရှိ၏၊
မှားသော အားထုတ်မှု ရှိ၏၊
မှားသော အောက်မေ့မှု ရှိ၏၊
မှားသော တည်ကြည်မှု ရှိ၏။

ရဟန်းတို့ ဤသူကို သူယုတ်မာ ဟု ဆိုအပ်၏။

ရဟန်းတို့ သူယုတ်မာအောက် သူယုတ်မာဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ...

မိမိလည်း မှားသော အယူရှိ၏၊
သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။
မိမိလည်း မှားသော အကြံရှိ၏၊
သူတစ်ပါးကိုလည်း မှားသော အကြံ၌ ဆောက်တည်စေ၏။
မိမိလည်း မှားသော စကားရှိ၏၊
သူတစ်ပါးကိုလည်း မှားသော စကား၌ ဆောက်တည်စေ၏။
မိမိလည်း မှားသော အလုပ်ရှိ၏၊
သူတစ်ပါးကိုလည်း မှားသောအလုပ်၌ ဆောက်တည်စေ၏။
မိမိလည်း မှားသော အသက်မွေးမှု ရှိ၏၊
သူတစ်ပါးကိုလည်း မှားသော အသက်မွေးမှု၌ ဆောက်တည်စေ၏။
မိမိလည်း မှားသော အားထုတ်မှု ရှိ၏၊
သူတစ်ပါးကိုလည်း မှားသော အားထုတ်မှု၌ ဆောက်တည်စေ၏။
မိမိလည်း မှားသော အောက်မေ့မှု ရှိ၏၊
သူတစ်ပါးကိုလည်း မှားသော အောက်မေ့မှု၌ ဆောက်တည်စေ၏။
မိမိလည်း မှားသော တည်ကြည်မှု ရှိ၏၊
သူတစ်ပါးကိုလည်း မှားသော တည်ကြည်မှု၌ ဆောက်တည်စေ၏။

ရဟန်းတို့ ဤသူကို သူယုတ်မာအောက် သူယုတ်မာ ဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်း ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ...

မှန်သောအယူရှိ၏၊ မှန်သောအကြံရှိ၏၊ မှန်သောစကားရှိ၏၊ မှန်သောအလုပ်ရှိ၏၊ မှန်သောအသက်မွေးမှုရှိ၏၊ မှန်သောအားထုတ်မှုရှိ၏၊ မှန်သောအောက်မေ့မှု ရှိ၏၊ မှန်သောတည်ကြည်မှုရှိ၏။ ရဟန်းတို့ ဤသူကို သူတော်ကောင်း ဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းထက် သူတော်ကောင်း ဟူသည် အဘယ်နည်း။
ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ...

မိမိလည်း မှန်သော အယူရှိ၏၊
သူတစ်ပါးကိုလည်း မှန်သော အယူ၌ ဆောက်တည် စေ၏။
မိမိလည်း မှန်သော အကြံရှိ၏၊
သူတစ်ပါးကိုလည်း မှန်သော အကြံ၌ ဆောက်တည်စေ၏။
မိမိလည်း မှန်သော စကားရှိ၏၊
သူတစ်ပါးကိုလည်း မှန်သော စကား၌ ဆောက်တည်စေ၏။
မိမိလည်း မှန်သော အလုပ် ရှိ၏၊
သူတစ်ပါးကိုလည်း မှန်သော အလုပ်၌ ဆောက်တည်စေ၏။
မိမိလည်း မှန်သော အသက်မွေးမှု ရှိ၏၊
သူတစ်ပါးကိုလည်း မှန်သော အသက်မွေးမှု၌ ဆောက်တည်စေ၏။
မိမိလည်း မှန်သော အားထုတ်မှု ရှိ၏၊
သူတစ်ပါးကိုလည်း မှန်သော အားထုတ်မှု၌ ဆောက်တည်စေ၏။
မိမိလည်း မှန်သော အောက်မေ့မှု ရှိ၏၊
သူတစ်ပါးကိုလည်း မှန်သော အောက်မေ့မှု၌ ဆောက်တည်စေ၏။
မိမိလည်း မှန်သော တည်ကြည်မှု ရှိ၏၊
သူတစ်ပါးကိုလည်း မှန်သော တည်ကြည်မှု၌ ဆောက်တည် စေ၏။

ရဟန်းတို့ ဤသူကို ...
သူတော်ကောင်းထက် သူတော်ကောင်းဟု ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။

၅ - အဋ္ဌင်္ဂိကသုတ်၊ သပ္ပုရိသဝဂ်၊ အဂုင်္တ္တိုရ်။