နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, January 22, 2009

ဘုရားလောင်း မယ်တော်ဝမ်းသို့ သက်ဆင်းခြင်း-

ဘုရားလောင်း မယ်တော်ဝမ်းသို့ သက်ဆင်းခြင်း

၁...
ရဟန်းတို့ ထိုအခါ ဝိပဿီမြတ်စွာဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ သတိရှိလျက် ဆင်ခြင်လျက် မယ်တော်ဝမ်းသို့ သက်၏။ ဤကား ဤ (မယ်တော်ဝမ်းသို့သက်ရာ) ၌ ဓမ္မတာတည်း။

၂...
ရဟန်းတို့ ဘုရားလောင်းသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်ဝမ်းသို့ သက်သော အခါနတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ မနှိုင်းရှည့်နိုင် သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။ ဟင်းလင်းဖြစ်ကုန်သော ထောက်တည်ရာ မရှိကုန်သော မိုက်ကုန်သော မှောင်မဲကုန်သော လောကန္တရိတ် (ငရဲ) တို့သည် ရှိကုန်၏၊ ယင်း (ငရဲ)တို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့သော်မှ လည်း ထွန်းလင်းခြင်းငှါ မစွမ်းနိုင်ကုန်၊ ထို (ငရဲ) တို့၌လည်း မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။ ထို (ငရဲ) တို့၌ ဖြစ်နေကြရကုန်သော သတ္တဝါတို့ သည်လည်း ''အချင်းတို့ ဤ (ငရဲ)၌ ကျရောက်နေသော အခြားသတ္တဝါတို့သည် လည်း ရှိကြပါသေး တကား''ဟု ထိုအလင်းရောင်ဖြင့် အချင်းချင်း မြင်သိကြကုန် ၏။ တစ်သောင်းသော ဤလောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ သွက်သွက်ခါတုန်လှုပ်၏။ မနှိုင်းရှည်နိုင်သော ကြီးကျယ်သော အလင်းရောင်သည်လည်း နတ်တို့၏ အာနုဘော် (အလင်းရောင်) ကိုကျော်လွန်၍ လောက၌ ထင်ရှားဖြစ်ပေါ်၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။

၃...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရား လောင်းနှင့် ဘုရားလောင်း မယ်တော်ကို လူဖြစ်စေ၊ နတ်ဘီလူးဖြစ်စေ တစ်စုံ တစ်ယောက်မျှ မညှဉ်းဆဲနိုင်စေခြင်းငှါ နတ်သား လေးယောက်တို့သည် အရပ် လေးမျက်နှာ၌ စောင့်ရန် ကပ်ရောက်ကုန်၏။ ဤကား ဤအရာ၌ ဓမ္မတာပေ တည်း။

၎...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရား လောင်း မယ်တော်သည် ပကတိအတိုင်းပင် သီလနှင့် ပြည့်စုံ၏၊ အသက်သတ် ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသောဥစ္စာကိုယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်မေ့လျော့စေတတ်သော သေရည်သေရက်မှ ရှောင်ကြဉ်၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။

၅...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရား လောင်း မယ်တော်အား ယောက်ျားတို့၌ ကာမဂုဏ်နှင့်စပ်လျဉ်းသော စိတ်သည် မဖြစ်၊ ဘုရားလောင်း မယ်တော်ကို တပ်မက်သော စိတ်ရှိသည်ဖြစ်၍ တစ်စုံ တစ်ယောက်သော ယောက်ျားမျှ မလွန်ကျူးနိုင်။ ဤကား ဤအရာ၌ ဓမ္မတာ ပေတည်း။

၆...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရား လောင်း မယ်တော်သည် ကာမဂုဏ်ငါးပါးတို့ကို များပြားစွာရ၏၊ ထိုမယ်တော်သည် ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံသည် ဖြစ်၍ ခံစားရ၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။

၇...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရား လောင်းမယ်တော်၌ တစ်စုံတစ်ခုသော အနာရောဂါသည် မဖြစ်၊ ဘုရားလောင်း မယ်တော်သည် ချမ်းသာစွာရှိ၏၊ မပင်ပန်းသော ကိုယ်ရှိ၏၊ ဘုရားလောင်း မယ်တော်သည် အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣနြေ္ဒ မချို့တဲ့သော ဝမ်းတွင်း၌ တည်နေသော ဘုရားလောင်းကိုလည်း မြင်ရ၏။

ရဟန်းတို့ ဥပမာသော်ကား အလွန်တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့်ရှိ သော ကောင်းစွာ ပြုပြင်ပြီးဖြစ်သော အရည်ကောင်းသော အထူးကြည်လင်သော နောက်ကျုကင်းသော (သွေးခြင်း ဖောက်ခြင်းစသော) အခြင်းအရာအားလုံးနှင့် ပြည့်စုံသော ဝေဠုရိယ ကြောင်မျက်ရွဲ ရတနာသည်ရှိရာ၏။

ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ၌ ညိုသောချည်ကိုသော် လည်းကောင်း ဝါသော ချည်ကိုသော် လည်းကောင်း နီသော ချည်ကိုသော်လည်းကောင်း ဖြူသော ချည်ကိုသော်လည်းကောင်း ဝါဖြော့သော ချည်ကိုသော် လည်းကောင်း တပ်ထားရာ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) ကို မျက်စိအမြင်ရှိသော ယောက်ျားသည် လက်တို့၌ တင်ထား၍ (ဤသို့ ဆင်ခြင်ရာ၏) -

''ဤ (ဝေဠုရိယ ကြောင်မျက်ရွဲရတနာ) သည် အလွန်တောက်ပ၏၊ အမျိုးမှန်၏၊ ရှစ်မြှောင့်ရှိ၏၊ ကောင်းစွာ ပြုပြင်ပြီးဖြစ်၏၊ အရည်ကောင်း၏၊ အထူးကြည်လင်၏၊ နောက်ကျုကင်း၏၊ (သွေးခြင်း ဖောက်ခြင်း စသော) အခြင်းအရာအားလုံးနှင့် ပြည့်စုံ၏၊ ထို (ဝေဠုရိယ ကြောင်မျက်ရွဲ ရတနာ) ၌ ဤညိုသော ချည်ကို တပ်ထား ၏ ဟူ၍သော်လည်းကောင်း ဤဝါသော ချည်ကို တပ်ထား၏ဟူ၍သော် လည်း ကောင်း ဤနီသော ချည်ကိုတပ်ထား၏ ဟူ၍သော်လည်းကောင်း ဤဖြူသော ချည်ကို တပ်ထား၏ ဟူ၍သော်လည်းကောင်း ဤဝါဖြော့သော ချည်ကို တပ်ထား ၏ ဟူ၍သော်လည်းကောင်း'' ဆင်ခြင်ရာ၏။

ရဟန်းတို့ ဤအတူ ဘုရားလောင်းသည် မယ်တော်ဝမ်းသို့ သက်ပြီးသောအခါ ဘုရားလောင်း မယ်တော်၌ တစ်စုံတစ်ခုသော အနာရောဂါသည် မဖြစ်၊ ဘုရား လောင်းမယ်တော်သည် ချမ်းသာစွာရှိ၏၊ မပင်ပန်းသော ကိုယ်ရှိ၏၊ ဘုရားလောင်း မယ်တော်သည် အင်္ဂါကြီးငယ် အလုံးစုံရှိသော ဣနြေ္ဒ မချို့တဲ့သော ဝမ်းတွင်း၌ တည်နေသော ဘုရားလောင်းကိုလည်း မြင်ရ၏။ ဤကား ဤအရာ၌ ဓမ္မတာ ပေတည်း။

၈...
ရဟန်းတို့ ဘုရားလောင်းဖွားမြင်၍ ခုနစ်ရက်မြောက်သော် ဘုရားလောင်း မယ် တော်သည် ကွယ်လွန်၍ တုသိသာနတ်ပြည်သို့ ရောက်ရ၏။ ဤကား ဤအရာ၌ ဓမ္မတာ ပေတည်း။

၉...
ရဟန်းတို့ တစ်ပါးသော မိန်းမတို့သည် ကိုးလဖြစ်စေ၊ ဆယ်လဖြစ်စေ ကိုယ်ဝန် ဆောင်ပြီးလျှင် ဖွားမြင်ရကုန်သကဲ့သို့ ဘုရားလောင်းမယ်တော်သည် ဘုရား လောင်းကို ဤအတူ ဖွားမြင်ရသည် မဟုတ်ပေ၊ ဘုရားလောင်းမယ်တော်သည် ကား ဘုရားလောင်းကို ဆယ်လတို့ ပတ်လုံးသာလျှင် ကိုယ်ဝန်ဆောင်ပြီးမှ ဖွား မြင်ရ၏။ ဤကား ဤအရာ၌ ဓမ္မတာ ပေတည်း။

၁၀...
ရဟန်းတို့ တစ်ပါးသော မိန်းမတို့သည် ထိုင်လျက်ဖြစ်စေ၊ လျောင်းလျက်ဖြစ်စေ ဖွားမြင်ကုန်သကဲ့သို့ ဘုရားလောင်းမယ်တော်သည် ဘုရားလောင်းကို ဤအတူ ဖွားမြင်ရသည် မဟုတ်ပေ၊ ဘုရားလောင်း မယ်တော်သည်ကား ဘုရားလောင်းကို ရပ်လျက်သာလျှင် ဖွားမြင်ရ၏။ ဤကား ဤအရာ၌ ဓမ္မတာ ပေတည်း။

၁၁...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ နတ်တို့သည် ရှေးဦးစွာ ခံယူကုန်၏၊ လူတို့သည် နောက်မှ ခံယူကုန်၏။ ဤကား ဤအရာ၌ ဓမ္မတာ ပေတည်း။

၁၂...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ မြေသို့မရောက်မီ ထိုဘုရားလောင်းကို နတ်သားလေးဦးတို့သည် ခံယူပြီးလျှင် ''အရှင်မိဖုရား ဝမ်းမြောက်တော်မူပါလော့၊ အရှင်မိဖုရားအား ဘုန်းတန်ခိုးကြီးသော သားတော် ထွန်းကားလာပါသည်'' ဟု ဆို၍ မယ်တော်ရှေ့၌ ထားကုန်၏။ ဤကား ဤအရာ၌ ဓမ္မတာ ပေတည်း။

၁၃...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ သန့်ရှင်းစွာသာလျှင် ထွက်မြောက်လာ၏၊ အရည်ဖြင့် မငြိကပ်၊ သလိပ်ဖြင့် မငြိ ကပ်၊ သွေးဖြင့် မငြိကပ်၊ အညစ်အကြေး တစ်စုံတစ်ရာဖြင့် မငြိကပ်၊ စင်ကြယ်၏၊ သန့်ရှင်း၏။ ရဟန်းတို့ ဥပမာအားဖြင့် ပတ္တမြားရတနာကို ကာသိတိုင်းဖြစ် အဝတ်ပေါ်၌ ချထားလျှင် ပတ္တမြားရတနာသည် ကာသိတိုင်းဖြစ်အဝတ်ကို မငြိကပ်၊ ကာသိတိုင်းဖြစ် အဝတ်သည်လည်း ပတ္တမြားရတနာကို မငြိကပ်။ အဘယ့်ကြောင့်ဆိုသော် နှစ်ခုစလုံး စင်ကြယ်သော ကြောင့်ပေတည်း။ ရဟန်းတို့ ဤအတူပင် ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက် လာသောအခါ သန့်ရှင်းစွာသာလျှင် ထွက်မြောက်လာ၏၊ အရည်ဖြင့် မငြိကပ်၊ သလိပ်ဖြင့် မငြိ ကပ်၊ သွေးဖြင့် မငြိကပ်၊ အညစ်အကြေး တစ်စုံတစ်ရာဖြင့် မငြိကပ်၊ စင်ကြယ်၏၊ သန့်ရှင်း၏။ ဤကား ဤအရာ၌ ဓမ္မတာပေတည်း။

၁၄...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ အအေးတစ်ခု, အနွေးတစ်ခုအားဖြင့် ရေအလျဉ်နှစ်ခုတို့သည် ကောင်းကင်မှ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ယင်းရေအလျဉ်ဖြင့် ဘုရားလောင်းအား လည်းကောင်း မယ်တော်အား လည်းကောင်း ရေသန့်စင်ခြင်းကိစ္စကို ပြုကုန်၏။ ဤကား ဤအရာ ၌ ဓမ္မတာ ပေတည်း။

၁၅...
ရဟန်းတို့ ဖွားမြင်စဖြစ်သော ဘုရားလောင်းသည် ညီညာသော ခြေတော်တို့ဖြင့် ရပ်၍ မြောက်သို့ မျက်နှာမူကာ ခုနစ်ဖဝါး လှမ်းကြွတော်မူ၏၊ ထိုစဉ်အခါ၌ ထီး ဖြူတော်မိုးကာ လိုက်ပါလျက်ရှိ၏၊ (ထိုဘုရားလောင်းသည်) အရပ်လေးမျက်နှာ အားလုံးတို့ကိုလည်း လှည့်၍ ကြည့်တော်မူ၏၊ ''ငါသည်လောက၌ အမြင့်ဆုံး ဖြစ်၏၊ ငါသည် လောက၌ အကြီးဆုံးဖြစ်၏၊ ငါသည် လောက၌ အမြတ်ဆုံးဖြစ်၏၊ ဤဘဝသည် နောက်ဆုံးတည်း၊ တစ်ဖန် ဖြစ်မည့်ဘဝ ယခုမရှိတော့ပြီ'' ဟု ခံ့ညား သော စကားကို မြွက်ဆိုတော်မူ၏။ ဤကား ဤအရာ၌ ဓမ္မတာ ပေတည်း။

၁၆...
ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှ ထွက်မြောက်လာသောအခါ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများနှင့် တကွသော ဤ လူ့လောက၌ မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်၏။ ဥပမာ ဟင်းလင်းဖြစ် ကုန်သော ထောက်တည်ရာ မရှိကုန် သော မိုက်မဲကုန်သော မှောင်မဲကုန်သော လောကန္တရိတ် (ငရဲ) တို့သည် ရှိကုန်၏၊ ယင်း (ငရဲ)တို့၌ တန်ခိုးအာနုဘော်ကြီးကုန်သော ဤလနေတို့သော်မှလည်း ထွန်းလင်းခြင်းငှါ မစွမ်းနိုင်ကုန်၊ ထို(ငရဲ) တို့၌လည်း မနှိုင်းရှည့်နိုင်သော ကြီးကျယ်သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်)ကို ကျော်လွန်၍ ထင်ရှားဖြစ် ပေါ်၏။ ထို (ငရဲ) တို့၌ ဖြစ်နေကြရကုန်သော သတ္တဝါ တို့သည်လည်း ''အချင်းတို့ ဤ (ငရဲ) ၌ ကျရောက် နေသော အခြားသတ္တဝါတို့ သည်လည်း ရှိကြပါသေးတကား''ဟု ထိုအလင်းရောင်ဖြင့် အချင်းချင်း မြင်သိ ကြကုန်၏။ တစ်သောင်းသော ဤလောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာတုန်လှုပ်၏၊ သွက်သွက်ခါ တုန်လှုပ်၏။ မနှိုင်းရှည့် နိုင်သော ကြီးကျယ် သော အလင်းရောင်သည် နတ်တို့၏ အာနုဘော် (အလင်းရောင်) ကိုကျော်လွန်၍ ထင်ရှား ဖြစ်ပေါ်၏။ ဤကား ဤအရာ၌ ဓမ္မတာ ပေတည်း။

ဘုရားလောင်းမယ်တော်ဝမ်းသို့သက်ဆင်းခြင်း၊ မဟာဝဂ်ပါဠိတော်၊ ဒီဃနိကာယ်။