နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, January 24, 2009

ပဉ္စပုတ္တခါဒပေတိဝတ္ထု - သားငါးယောက်ကိုစားရသော...

ပဉ္စပုတ္တခါဒပေတိဝတ္ထု - (ပဉ္စ=၅-ခု။ ပုတ္တ=သား။ ခါဒ=စားသည်)

လင်တူမိန်းမက မယားကြီး ကိုယ်ဝန်ရှိခိုက် ကိုယ်ဝန်ကို ချခဲ့ရာဟုတ်မှန်ပါလျက် ''သား၏ အသားကို စားရစေသား''ဟု လိမ်လည် ကျိန်ဆိုခဲ့သောကြောင့် သေ သောအခါ နံနက်သားငါးယောက် ညနေချမ်း သားငါးယောက်တို့ကို စားသောက် ကာ အစဉ်ဆာလောင်နေသော ပြိတ္တာဖြစ်ရသူ။

သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ မကောင်းသော အနံ့ရှိသည်ဖြစ်၍ အပုပ်နံ့ လှိုင်ဘိ၏၊ ယင်ကောင်တို့ဖြင့် ဝိုင်းအုံ လျက် ဤအရပ်၌ ရပ်တည်နေသော သင်သည် အဘယ်သူနည်းဟု (သံဃာ့မဟာ ထေရ်က မေး၏)။၂၆

အရှင်ဘုရားတို့ အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျွမ်းဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုမိခဲ့ခြင်းကြောင့် ဤလူ့လောကမှ ပြိတ္တာ လောကသို့ လားရောက်ရပါ၏။၂၇

အကျွန်ုပ်သည် နံနက်ကာလ၌ သားငါးယောက်တို့ကို လည်းကောင်း, တစ်ဖန် ညနေချမ်းအခါ၌ အခြားသားငါးယောက်တို့ကို လည်းကောင်း ဖွားမြင်ပြီးလျှင် (ထိုသားတို့ကို) ခဲစားရပါ၏၊ ထိုသား ဆယ်ယောက်တို့ပင်သော်လည်း အကျွန်ုပ် အား (ဆာလောင် မွတ်သိပ်မှုကို ပယ်ဖျောက်ရန်) မစွမ်းနိုင်ပါ။၂၈

အကျွန်ုပ်၏ နှလုံးသားသည် ဆာလောင်ခြင်းဖြင့် ပူလောင်လှပါ၏၊ အခိုးတထောင်း ထောင်း ထသကဲ့သို့ ဖြစ်ပါ၏၊ ရေကို မျိုသောက်ရန် မရပါ၊ ဆင်းရဲပျက်စီးခြင်းသို့ ရောက်နေရသော အကျွန်ုပ်ကို ကြည့်ရှုတော်မူပါလော့ဟု (လျှောက်၏)။၂၉

သင်သည် ကိုယ်ဖြင့် လည်းကောင်း, နှုတ်ဖြင့် လည်းကောင်း, စိတ်ဖြင့် လည်း ကောင်း အဘယ် မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် (မွေးဖွားသော) သားတို့၏ အသားတို့ကို စားရဘိသနည်းဟု (မေး၏)။၃၀

(အရှင်ဘုရား) အကျွန်ုပ်၏ လင်တူမိန်းမသည် ကိုယ်ဝန် ရှိခဲ့ပါ၏၊ ထို လင်တူမိန်းမ ၏ အပေါ်၌ ယုတ်မာသော အမှုကို အားထုတ်ခဲ့ပါ၏၊ ထိုအကျွန်ုပ်သည် ပြစ်မှား လိုသော စိတ်ဖြင့် ကိုယ်ဝန်ချခြင်းကို ပြုခဲ့ပါ၏။၃၁

ထိုလင်တူမိန်းမ၏ နှစ်လရှိသော ကိုယ်ဝန်သည် သွေးဖြစ်ပြီးလျှင် ယိုစီးကျပါ၏၊ ထိုအခါဝယ် ထိုလင်တူမိန်းမ၏ အမိသည် အကျွန်ုပ်အား အမျက်ထွက်သည်ဖြစ်၍ ဆွေမျိုးတို့ကို စုဝေးစေပါ၏၊ အကျွန်ုပ်အား ကျိန်စာဆိုခြင်းကိုလည်း ပြုစေပါ၏၊ အကျွန်ုပ်ကို ဘေးဖြင့်လည်း ကြောက်မက်ဖွယ်ရာ ကျိန်ဆိုစေပါ၏။၃၂

ထိုအကျွန်ုပ်သည် ''အကယ်၍ ထိုကိုယ်ဝန်ချခြင်းကို ငါ ပြုမိသည် ဖြစ်ပါမူ ငါ့သား ၏ အသားတို့ကို ခဲစားရပါစေသား''ဟု ကြမ်းတမ်းသော ကျိန်စာကို လည်းကောင်း, မုသားစကားကို လည်းကောင်း ပြောဆိုခဲ့ပါ၏။၃၃

ထို (ကိုယ်ဝန်ချသောပါဏာတိပါတ) ကံ၏ လည်းကောင်း, မုသားစကား ပြောဆို ခြင်း၏ လည်းကောင်း နှစ်ပါးစုံသော ကံအကျိုးကြောင့် ပြည်သွေးတို့ဖြင့် လိမ်းကျံ သော (မွေးဖွားသော)သား၏ အသားတို့ကို ခဲစားရပါ၏ဟု လျှောက်ထား၏။

၆ - ပဉ္စပုတ္တခါဒပေတိဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထု။ ခုဒ္ဒကနိကာယ်။