နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, February 8, 2009

နာဝါသုတ်- (လှေ)

နာဝါသုတ်- (လှေ)

၁...
ယောက်ျားသည် အကြင်ဆရာထံမှ တရားကို သိရာ၏၊ နတ်တို့က သိကြားမင်းကို ပူဇော်ကုန်သကဲ့သို့ ထိုဆရာကို ပူဇော်ရာ၏၊ ပူဇော်ထိုက်သော အကြားအမြင် များသော ထိုဆရာသည် ထိုပူဇော်သူ တပည့်၌ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တရားကို ထင်ရှားစွာ ဖော်ပြပေ၏။

၂...
အကြင်ပညာရှိသည် ထိုသို့ သဘောရှိသူကို မမေ့မလျော့ဘဲ ဆည်းကပ်၏၊ ထိုပညာရှိသည် ထိုတရားကို အရိုအသေပြုလျက် ကောင်းစွာ နာ၍ စူးစမ်းဆင်ခြင် ကာလောကုတ္တရာ တရားနှင့် လျော်သော အကျင့်ကို ကျင့်သောကြောင့် သိကြား လိမ္မာသူ ထင်ရှားပြနိုင်သူ သိမ်မွေ့သူ ဖြစ်နိုင်၏။

၃...
ယုတ်ညံ့သော ကာယကံမှုစသည်နှင့် ပြည့်စုံသော မိုက်မဲသော ပရိယတ် ပဋိပတ် ဓမ္မကို မသိသော တပည့် ကြီးပွါးမှုကို ငြူစူသော ဆရာကို မှီဝဲနေသူ တပည့်သည် ဤသာသနာတော်၌ တရားကို ထင်ရှား မသိသောကြောင့် ယုံမှားခြင်းကို မကူး မြောက်နိုင်ဘဲ သေခြင်းသို့ ရောက်ရ၏။

၎...
ဥပမာသော်ကား များသော ရေရှိသော ကျယ်ပြန့်သော လျင်သောရေ အလျဉ်ရှိ သော မြစ်သို့ ဆင်းသက်၍ မျောလျက် ရေစုံအတိုင်း လိုက်နေရသော သူသည် သူတစ်ပါးတို့ကို ကယ်တင်ခြင်းငှါ အဘယ်မှာ တတ်နိုင်အံ့နည်း။

၅...
ထို့အတူ ပရိယတ် ပဋိပတ်တရားကို မသိမူ၍ အကြားအမြင်များသူတို့၏ အထံ၌ လည်း အနက်သဘောကို မနာခံ မမှတ်သား မိမိကိုယ်တိုင်လည်း မသိဘဲ ယုံမှားခြင်းကို မလွန်မြောက်နိုင်သူသည် သူတစ်ပါးတို့ကို သိမြင်စေခြင်းငှါ အဘယ်မှာ တတ်နိုင်အံ့နည်း။

၆...၇...
လှော်တက်ထိုးဝါးနှင့်လည်း ပြည့်စုံ ထိုလှေနှင့်စပ်ဆိုင်ရာ အကြောင်းကိုလည်း ကျွမ်းကျင် လိမ္မာသော ပညာရှိသူ သည် မြဲမြံခိုင်ခံ့သော လှေကို တက်စီး၍ ထိုလှေ၌ (တက်စီးကြသော) အခြားသူ များစွာတို့ကိုလည်း ကယ်ဆယ်နိုင် သကဲ့ သို့။ ဤအတူပင် အကြင်ဆရာသည် နိဗ္ဗာန်သို့ ရောက်ပြီးသူ စိတ်ကို ပွါးများ ပြီးသူ အကြားအမြင်များသူ (လောကဓံကြောင့်) မတုန်လှုပ်သော သဘောရှိသူ ဖြစ်၏၊ ထိုဆရာသည် မိမိ ကိုယ်တိုင် သိသည်ဖြစ်၍ နာယူမှတ်သားမှု နှင့် မဂ်ဖိုလ်၏ ဥပနိဿယ ပြည့်စုံကြသည့် တစ်ပါးသော သူတို့ကို သိမြင်စေနိုင်၏။

၈...
ထို့ကြောင့် အကြားအမြင်များ၍ ပညာရှိသော သူတော်ကောင်းကို ဆည်း ကပ်ရာ၏၊ အနက် သဘောကို သိ၍ ကျင့်သောသူသည် လောကုတ္တရာတရားကို သိပြီးဖြစ်ရကား ချမ်းသာကို ရနိုင်၏ဟု (မိန့်တော်မူ၏)။

၈ - နာဝါသုတ်၊ စူဠ၀ဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။