နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, February 25, 2009

အဿာရောဟသုတ်- (မြင်းစီးသူရဲကောင်း)

အဿာရောဟသုတ်- (မြင်းစီးသူရဲကောင်း)

ထိုအခါ မြင်းစီးသူရဲကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ ပ ။
တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဘုရား 'စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်)နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရ၏'ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ မြင်းစီးသူရဲတို့၏ စကားကို ကြားရဖူးပါ၏၊

ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုပါသနည်း'' ဟု (လျှောက်၏)။

မြင်းစီးသူရဲကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်။
နှစ်ကြိမ်မြောက်လည်း ။ ပ ။ ...
သုံးကြိမ်မြောက်လည်း မြင်းစီးသူရဲကြီးသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား 'စစ်မြေပြင်၌ အားထုတ် ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာ ပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည်သော နတ်တို့၏ အသင်းဝင် အဖြစ် သို့ ရောက်ရ၏' ဟု ပြောဆိုကြကုန်သော ရှေးဆရာ့ဆရာ မြင်းစီးသူရဲတို့၏ စကား ကို ကြားရဖူးပါ၏၊

ဤအရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုပါသနည်း'' ဟု (လျှောက်၏)။

''မြင်းစီးသူရဲကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်'' ဟု မချွတ်လျှင် သင့်ကိုငါပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ မြင်းစီးသူရဲကြီး စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲ သတ်ဖြတ်ခံရသော မြင်းစီးသူရဲသည် ''ဤသတ္တဝါတို့ သည် အသတ်ခံကြရပါစေ၊ အနှောင်အဖွဲ့ ခံကြရပါစေ၊ အဖြတ် ခံကြရပါစေ၊ ပျက်စီးကြပါစေ၊ ဤအတိုင်း မဖြစ်ဘဲ ရှိကြပါစေ'' ဟူသော စိတ်ထားမျိုးကို ရှေးကပင် စွဲယူခဲ့၏၊ မကောင်းသဖြင့် ပြုခဲ့၏၊ မကောင်းသဖြင့် ထားခဲ့၏၊ အားထုတ်ကြိုးစား (တိုက်ခိုက်)နေစဉ် တစ်ဖက် စစ်သည်တို့ ၏ ညှဉ်းဆဲသတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတမည် သော ငရဲသို့ ရောက်ရ၏၊

''စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲ သတ်ဖြတ် ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတနတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရ၏'' ဟု ထိုသူအား အယူဖြစ်ခဲ့မူ ထိုသူ၏အယူသည် မှားသော အယူဖြစ်၏၊

မြင်းစီးသူရဲကြီး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါ အား ငရဲတိရစ္ဆာန် ဟူသော လားရာ 'ဂတိ' နှစ်ပါးတို့တွင် တစ်ပါးပါးသော လားရာ 'ဂတိ' ကို ငါ ဟော၏ ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသော် မြင်းစီးသူရဲကြီးသည် ငိုလေ၏၊ မျက်ရည်ကျလေ၏။ ''မြင်းစီးသူရဲကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကိုမမေးလင့်'' ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ။

အသျှင်ဘုရား မြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ စင်စစ်သော်ကား စစ်မြေပြင်၌ အားထုတ်ကြိုးစား (တိုက်ခိုက်) နေစဉ် တစ်ဖက် စစ်သည်တို့၏ ညှဉ်းဆဲသတ်ဖြတ်ခံရသော မြင်းစီးသူရဲသည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပရဇိတနတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရ၏'' ဟု ရှေးဆရာ့ဆရာ မြင်းစီးသူရဲတို့သည် အချိန်ကြာမြင့်စွာကပင် တပည့်တော်ကို ကောက်ကျစ်လှည့်ပတ် ဖြားယောင်းအပ် ပါ၏။

အသျှင်ဘုရား တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ ယနေ့မှ စ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ ဟု (လျှောက်၏)။

၅ - အဿာရောဟသုတ်၊ ဂါမဏိသံယုတ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။