နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, February 2, 2009

သာဓုသုတ်- (ကောင်းပါတယ်)

သာဓု၊ သာဓု၊ သာဓု = ကောင်းပါတယ်၊ ကောင်းပါတယ်၊ ကောင်းပါတယ်။


သာဓုသုတ်-

သာဝတ္ထိနိဒါန်း...
ထိုအခါ သူတော်ကောင်းတို့၏ တရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန် သည်ဖြစ်၍ ညဥ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ)အချိန်၌ ဇေတဝန်တစ်ကျောင်း လုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကုန်ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်သား တစ်ယောက်သည်-

မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ်ကောင်းပေ၏၊ ဝန်တိုမှု 'မစ္ဆေရ'ကြောင့် လည်း ကောင်း၊ မေ့လျော့မှု'ပမာဒ'ကြောင့် လည်းကောင်း ဤသို့သော အကြောင်းကြောင့် အလှူ 'ဒါန' ကို မပေးလှူနိုင်။ ကောင်းမှုကို အလိုရှိသော (ကောင်းမှု၏ အကျိုးကို) သိသော ပညာရှိသာ ပေးလှူနိုင်၏'' ဟု (ဥဒါန်းကျူးရင့်၏)။

၁...
ထိုအခါ တစ်ပါးသော နတ်သားသည် ...
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ စင်စစ်သော်ကား အနည်းငယ်မျှ သော်လည်း ပေးလှူခြင်းသည် ကောင်း၏၊ အချို့သူတို့သည် အနည်းငယ်မျှသော လှူဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ဥစ္စာများစွာနှင့် ပြည့်စုံသူ အချို့တို့သည် ခွဲခြမ်းဝေဖန်၍ မပေးလှူကုန်၊ အနည်းငယ်မျှသော ပေးလှူဖွယ်၌ ခွဲခြမ်းဝေဖန်၍ ပေးလှူအပ်သော အလှူကို အလှူတစ်ထောင်နှင့် အမျှ နှိုင်းယှဉ် အပ်၏'' ဟု (ဥဒါန်းကျူးရင့်)၏-

၂...
ထိုအခါ တစ်ပါးသော နတ်သားသည် ...
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်းသည် ကောင်း၏၊ စင်စစ်သော်ကား ယုံကြည်မှုဖြင့်လည်း ပေးလှူခြင်းသည် ကောင်း၏။ ပေးလှူခြင်းသည် လည်း ကောင်း၊ စစ်ထိုးခြင်းသည် လည်းကောင်း တူမျှ၏ဟု ဆိုကုန်၏။ သူတော်ကောင်း တို့သည် အနည်းငယ်မျှ ဖြစ်ကုန်သော်လည်း များစွာသော သူတို့ကို အောင်မြင် ကုန်၏၊ (အကြင်သူသည်) ယုံကြည်သည် ဖြစ်၍ အနည်းငယ်မျှကိုသော်လည်း အကယ်၍ ပေးလှူအံ့၊ ထို့ကြောင့်သာလျှင် ထိုသူသည် တမလွန်ဘဝ၌ ချမ်းသာ ခြင်းရှိ၏'' ဟု (ဥဒါန်းကျူးရင့်၏)။

၃...
ထိုအခါ တစ်ပါးသော နတ်သားသည် ...
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူဖွယ် ၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့်လည်း ပေးလှူခြင်းသည် ကောင်း၏၊ စင်စစ်သော်ကား တရားသဖြင့် ရအပ်သော စည်းစိမ် ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည် လည်း ကောင်း၏။ အကြင်ပုဂ္ဂိုလ်သည် ထကြွလုံ့လ ဝီရိယဖြင့် ရအပ်သောပစ္စည်း ဥစ္စာ ဖြင့်၊ ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား အလှူဒါနကို ပေးလှူ၏၊ ထို သတ္တဝါသည် ယမမင်း၏ ကြိမ်ပိုက်ချောင်း ငရဲကို လွန်မြောက်၍ နတ်၌ဖြစ်သော ဘုံတို့သို့ ကပ်ရောက်ရ၏'' ဟု (ဥဒါန်းကျူးရင့်၏)။

၎...
ထိုအခါ တစ်ပါးသော နတ်သားသည် ...
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်၍) ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့် ပေးလှူခြင်းသည်လည်း ကောင်း၏၊ တရားသဖြင့်ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်း ကောင်း ၏၊ စင်စစ်သော်ကား ရွေးချယ်စိစစ်၍ ပေးလှူအပ်သော အလှူသည်လည်း ကောင်း၏။ ရွေးချယ်စိစစ်၍ ပေးလှူခြင်းကို မြတ်စွာဘုရားသည် ချီးမွမ်းတော် မူအပ်၏၊ ကောင်းသော လယ်မြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့တို့ကဲ့သို့ ထို့အတူ ဤသတ္တလောက၌ မြတ်သောအလှူကို ခံထိုက်ကုန်သော ပုဂ္ဂိုလ်တို့အား ပေးလှူ အပ်ကုန်သော အလှူတို့သည် များသောအကျိုး ရှိကုန်၏'' ဟု (ဥဒါန်းကျူးရင့်၏)။

၅...
ထိုအခါ တစ်ပါးသော နတ်သားသည် ...
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်၍) ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့် ပေးလှူခြင်းသည်လည်း ကောင်း၏၊ တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရား ရှိသူအား) ပေးလှူခြင်းသည်လည်း ကောင်း ၏၊ ရွေးချယ်စိစစ်၍ ပေးလှူအပ်သော အလှူသည်လည်း ကောင်း၏။ အကြင်သူ သည် သတ္တဝါတို့ကို မညှဉ်းဆဲမူ၍ ကျင့်၏၊ စင်စစ်သော်ကား ထိုသူ၏ သတ္တဝါတို့၌
မညှဉ်းဆဲမှု 'သံယမ'သည် ကောင်းသည် သာတည်း၊ သတ္တဝါတို့သည် သူတစ်ပါး ကဲ့ရဲ့စွပ်စွဲမှုမှ ကြောက်သောကြောင့် မကောင်းမှုကို မပြုကြကုန်၊ (မကောင်းမှုမှ) ကြောက်တတ်သူကို (သူတော်ကောင်းတို့) ချီးမွမ်းကုန်၏၊ ထို မကောင်းမှု၌ ရဲရင့် သူကို မချီးမွမ်းကြကုန်။ မှန်၏၊ သူတော်ကောင်းတို့သည် (သူတစ်ပါးတို့ ကဲ့ရဲ့ စွပ်စွဲမှုမှ) ကြောက်သောကြောင့် မကောင်းမှုကို မပြုကုန်'' ဟု (ဥဒါန်းကျူးရင့်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် ''မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆို့အပ်သည် မည်ပါသနည်း'' ဟု မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ သင်နတ်သား အားလုံးတို့၏ စကားသည် အကြောင်းပရိယာယ်အား ဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ (စကားကိုလည်း) နာကြ ကုန်လော့''

ယုံကြည်မှုဖြင့် ပေးလှူခြင်းကို များသောအပြားဖြင့် ချီးမွမ်းအပ်၏၊ စင်စစ်သော်ကား ပေးလှူခြင်းထက် (နိဗ္ဗာန်) တရားအစုသည်သာလျှင် အထူးသဖြင့် ချီးမွမ်း အပ် မြတ်၏။ မှန်၏၊ ရှေး၌လည်းကောင်း၊ ထို့ထက်အလွန် ရှေး၌လည်းကောင်း ပညာရှိ သူတော်ကောင်းတို့သည် နိဗ္ဗာန်သို့သာလျှင် ကပ်ရောက်ကုန်၏'' ဟု-
(မိန့်တော်မူ၏)။

၃ - သာဓုသုတ်၊ သတုလ္လပကာယိကဝဂ်၊ သဂါထာဝဂ္ဂသံယုတ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု၊ သာဓု၊ သာဓု။...