နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, February 15, 2009

ပဌမ အဓမ္မသုတ်...

ပဌမ အဓမ္မသုတ်...

ရဟန်းတို့ ...
တရားမဟုတ်သည်ကို လည်းကောင်း၊ အကျိုးမဲ့ကို လည်းကောင်း သိအပ်၏၊
တရားကို လည်းကောင်း၊ အကျိုးကို လည်းကောင်း သိအပ်၏၊

တရား မဟုတ်သည်ကို လည်းကောင်း၊ အကျိုးမဲ့ကို လည်းကောင်း သိ၍ တရားကို လည်းကောင်း၊ အကျိုးကို လည်းကောင်း သိ၍ တရားအား လျော်စွာ အကျိုးအား လျော်စွာ ကျင့်အပ်၏။ ရဟန်းတို့ တရားမဟုတ်သည်နှင့် အကျိုးမဲ့ဟူသည် အဘယ်နည်း။

သူ့အသက် သတ်ခြင်း၊ မပေးသည်ကို ယူခြင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၊ မဟုတ်မမှန် ပြောခြင်း၊ ကုန်းစကား၊ ရုန့်ရင်းကြမ်းတမ်းသော စကား၊ သိမ်ဖျင်း သော စကားကို ပြောခြင်း၊ ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'၊ ပျက်စီးစေလိုမှု 'ဗျာပါဒ'၊ မှားယွင်းသော အယူတို့တည်း။

ရဟန်းတို့ ...
ဤသည်ကို တရား မဟုတ်သည်နှင့် အကျိုးမဲ့ဟု ဆိုအပ်၏။

ရဟန်းတို့ တရားနှင့် အကျိုးဟူသည် အဘယ်နည်း...

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကုန်းစကားမှ ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်ခြင်း၊ သိမ်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ ရှေးရှုမကြံ စည်မှု 'အနဘိဇ္ဈာ'၊ မပျက်စီးစေလိုမှု 'အဗျာပါဒ'၊ မှန်ကန်သော အယူတို့တည်း။ ရဟန်းတို့ ဤသည်ကို တရားနှင့် အကျိုးဟု ဆိုအပ်၏။

ရဟန်းတို့ ...
တရားမဟုတ်သည်ကို လည်းကောင်း၊ အကျိုးမဲ့ကို လည်းကောင်း သိအပ်၏၊
တရားကို လည်းကောင်း၊ အကျိုးကို လည်းကောင်း သိအပ်၏၊
တရား မဟုတ်သည်ကို လည်းကောင်း၊ အကျိုးမဲ့ကို လည်းကောင်း သိ၍
တရားကို လည်းကောင်း၊ အကျိုးကို လည်းကောင်း သိ၍
တရားအားလျော်စွာ အကျိုး အားလျော်စွာ ကျင့်အပ်၏ '' ဟု ဆိုခဲ့သော ထိုစကား ကို ဤသည်ကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

၅ - ပဌမ အဓမ္မသုတ်၊ ဇာဏုသောဏိဝဂ်၊ ဒဿကနိပါတ်၊ အဂုင်္တ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။
သာဓု... သာဓု... သာဓု...။