နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, March 9, 2009

တုရူဗြဟ္မသုတ်- ပါးစပ်၌ ဓားမကြီးပါလာသူ...

တုရူဗြဟ္မသုတ်-

သာဝတ္ထိနိဒါန်း...
ကောကာလိကရဟန်းသည် အဖူးပေါက်သော အနာရှိရကား ပြင်းစွာ မကျန်းမာ၍ ဆင်းရဲခြင်းသို့ ရောက်၏၊ ပစ္စေကဗြဟ္မာသည် ညဥ့်ဦးယံ လွန်ပြီးသော် အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ကောကာလိကရဟန်းထံသို့ ချဉ်းကပ်၍ ကောင်းကင်၌ ရပ်လျက် ''ကောကာလိက သာရိပုတ္တရာ, မောဂ္ဂလာန်တို့သည် သီလကို ချစ်ကုန် ၏၊ သာရိပုတ္တရာ, မောဂ္ဂလာန်တို့၌ စိတ်ကို ကြည်လင်စေလော့'' ဟု ပြောဆို၏၊ အချင်း သင်သည်ကား အဘယ်သူ ဖြစ်သနည်းဟု ဆို၏၊

ငါသည် တုရူပစ္စေကဗြဟ္မာတည်း ဟု ပြန်ပြော၏၊

အချင်းဗြဟ္မာ ...
သင့်ကို မြတ်စွာဘုရားသည် အနာဂါမ်ဟူ၍ မိန့်ကြားတော်မူသည် မဟုတ်လော၊
သို့ဖြစ်လျက် အဘယ့်ကြောင့် ဤအရပ်သို့ လာသနည်း။

သင်၏ ဤမျှ အပြစ်ကိုရှုလော့ဟု ဆို၏၊
တုရူပစ္စေကဗြဟ္မာသည် ကောကာလိကရဟန်းအား ဂါထာဖြင့်ရွတ်ဆို၏-

ဖြစ်လာသော ယောက်ျား၏ ပါးစပ်၌ ဓားမနှင့်တူသော ကြမ်းကြုတ်သော စကားသည် ဖြစ်၏၊ သူမိုက်သည် မကောင်းသဖြင့် ဆိုအပ်သော စကားကို ဆိုကာ ယင်းဓားမနှင့်တူသော ကြမ်းကြုတ်သော စကားဖြင့် မိမိကိုယ်ကို ဖြတ်၏။ အကြင် သူသည် ကဲ့ရဲသင့်သူကို ချီးမွမ်း၏၊ အကြင် သူသည်ကား ချီးမွမ်းသင့်သူကို ကဲ့ရဲ၏၊ ထိုသူသည် ပါးစပ်ဖြင့် အပြစ်ကို ဆည်းပူးသည် မည်၏၊ ထိုအပြစ်ကြောင့် ချမ်းသာကို မရနိုင်။

ကြွေအန်လောင်းရာတို့၌ မိမိကိုယ်နှင့်တကွ အလုံးစုံသော စည်းစိမ်ဥစ္စာ ဆုံးရှုံး ခြင်းဟူသော အပြစ်သည် အနည်းငယ်မျှ (မပြောပလောက်သော) အပြစ်သာ တည်း၊ ကောင်းမြတ်သော တရား (အရဟတ္တဖိုလ်) သို့ရောက်ပြီးသော ပုဂ္ဂိုလ်တို့၌ စိတ်ပြစ်မှားသော ဤအပြစ်သည်သာ ကြီးလေးသော အပြစ်မည်၏။

ယုတ်ညံ့သော စကားကို လည်းကောင်း၊ စိတ်ကို လည်းကောင်း ဆောက်တည်၍ အရိယာကို ကဲ့ရဲ့သော သူမိုက်သည် တစ်သိန်းသုံးဆယ့်ခြောက်နိရဗ္ဗုဒနှင့် ငါးအဗ္ဗုဒတို့ပတ်လုံး ငရဲသို့ ရောက်ရ၏ ဟု ရွတ်ဆို၏။

၉ - တုရူဗြဟ္မသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။