နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, July 1, 2009

ဤသို့ဖြစ်သော် ကောင်းလေစွာ့ တကား…

ယမရာဇသုတ်

ဤသို့ဖြစ်သော် ကောင်းလေစွာ့ တကား…

ရဟန်းတို့ ရှေ့၌ ဖြစ်ဖူးသည်ကား
ယမမင်းအား ဤသို့သော အကြံသည် ဖြစ်ပေါ်ဖူး၏



''အချင်းတို့ လောက၌ အကြင်သူတို့သည် ယုတ်ညံ့သော အမှုတို့ကို ပြုကုန်၏၊ ထိုသူတို့ကို ဤသို့သဘော ရှိသော အထူးထူး အပြားပြားသော ကမ္မကရဏတို့ကို ပြုအပ်ကုန်၏၊ ငါသည် လူ့အဖြစ်ကို ရငြားအံ့၊ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူငြားအံ့၊ ငါသည်လည်း ထို မြတ်စွာဘုရားကို ဆည်းကပ်ရငြားအံ့၊ ထို မြတ်စွာဘုရားသည် ငါ့အား တရားဟောငြားအံ့၊ ငါသည် ထို မြတ်စွာဘုရား၏ တရားကိုလည်း သိငြားအံ့၊ ဤသို့ဖြစ်သော် ကောင်းလေစွာ့ တကား'' ဟု ဖြစ်ပေါ်ဖူး၏။

ရဟန်းတို့ ထိုယမမင်းအကြံဖြစ်ခြင်းကို တစ်ပါးသော သမဏဗြာဟ္မဏ၏ ပြောဆို သံကို ကြားရ၍ ဤသို့ ငါဟောသည် မဟုတ်၊ ရဟန်းတို့ အကြင် အခြင်းအရာကို စင်စစ်အားဖြင့် ငါကိုယ်တိုင် သိ၏၊ ငါကိုယ်တိုင် မြင်၏၊ ငါကိုယ်တိုင် ထင်ထင်ရှားရှား သိ၏၊ ထို အခြင်းအရာကို ငါကိုယ်တိုင် သိမြင်သည့်အတိုင်းပင် ဟော၏ဟု မိန့်တော်မူ၏။

အကြင် သတ္တဝါတို့သည် သေမင်းတမန်တို့ နှိုးဆော်တိုက်တွန်းအပ်ပါကုန်လျက် မေ့လျော့ ကုန်၏၊ ထို သတ္တဝါတို့သည် ယုတ်ညံ့သော ငရဲဘဝသို့ ကပ်ရောက်ရ ကုန်သည် ဖြစ်၍ ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး စိုးရိမ်ပူဆွေးရကုန်၏။ ဤလောက၌ ကိလေသာငြိမ်းအေးကုန်ပြီးသော အကြင် သူတော်ကောင်းတို့ သည်ကား သေမင်းတမန်တို့ နှိုးဆော် တိုက်တွန်းအပ်ကုန်သည် ဖြစ်၍ အရိယဓမ္မ၌
တစ်ခါတစ်ရံမျှ မမေ့လျော့ကြကုန်။

ထိုသူတော်ကောင်းတို့သည် ပဋိသန္ဓေနေမှု သေမှုကို ဖြစ်စေတတ်သော ဥပါဒါန် တရား၌ ဘေးကို ရှုမြင်ပြီးလျှင် ဥပါဒါန်တို့ဖြင့် မစွဲလမ်းမူ၍ ပဋိသန္ဓေနေမှု သေမှု ကုန်ရာ နိဗ္ဗာန်၌ ကျွတ်လွတ်ကုန်၏။

မမေ့မလျော့ကုန်သော၊ ချမ်းသာခြင်းရှိကြကုန်သော၊ မျက်မှောက်ဘဝ၌ပင် ကိလေသာအပူ ငြိမ်းအေးပြီးကုန်သော၊ အလုံးစုံသော ရန်ဘေးတို့ကို လွန်မြောက် ကုန်သော ထိုသူတော်ကောင်းတို့သည် အလုံးစုံသော ဒုက္ခကို လွန်မြောက်ကြလေ ကုန်၏။ 37

၇ - ယမရာဇသုတ်၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။