နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, March 22, 2009

ပုဂ္ဂိုလ် ၅-ဦး...

ပုဂ္ဂိုလ် ၅-ဦး...

၁။ ပေးပြီး မထီမဲ့မြင်ပြုသော ပုဂ္ဂိုလ်...
၂။ ပေါင်းသင်းဆက်ဆံသဖြင့် မထီမဲ့မြင်ပြုသော ပုဂ္ဂိုလ်...
၃။ လက်ဦး စကား၌ အကြောင်းရင်း ထားသော ပုဂ္ဂိုလ်...
၎။ လျှပ်ပေါ်သော ပုဂ္ဂိုလ်...
၅။ ထိုင်းအ, မိုက်မဲသော ပုဂ္ဂိုလ်...။၂

၅ - ပဉ္စကဥဒ္ဒေသ-မှ၊ မာတိကာ၊ ပုဂ္ဂပညတ်ပါဠိတော်။

၁...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေးပြီးမှ မထီမဲ့မြင် ပြုဘိသနည်း...
ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သင်္ကန်း, ဆွမ်း, ကျောင်း, အိပ်ရာ နေရာ, သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို အခြားပုဂ္ဂိုလ်တစ်ဦး အားပေး၏၊ ထိုပေးတတ်သော ပုဂ္ဂိုလ်အား ''ငါသည် ပေးရ၏၊ ဤသူသည် ခံယူ၏'' ဟု အကြံဖြစ်၏၊ ထိုပုဂ္ဂိုလ်ကို ပေးပြီးမှ မထီမဲ့မြင် ပြု၏၊ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေးပြီးမှ မထီမဲ့မြင် ပြုသည် မည်၏။

၂...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါင်းသင်း ဆက်ဆံသဖြင့် မထီမဲ့မြင် ပြုဘိသနည်း.
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် နှစ်နှစ် သုံးနှစ်တို့ပတ်လုံး အကြင်ပုဂ္ဂိုလ်နှင့် အတူတကွ နေ၏၊ ထိုပုဂ္ဂိုလ်ကို ပေါင်းသင်းဆက်ဆံသဖြင့် မထီမဲ့မြင် ပြု၏၊ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါင်းသင်းဆက်ဆံသဖြင့် မထီမဲ့မြင်ပြုသည် မည်၏။

၃...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လက်ဦးစကား၌ အကြောင်းရင်းထားသနည်း...
ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သူတစ်ပါး၏ ဂုဏ်ကျေးဇူးကိုလည်းကောင်း၊ ဂုဏ်ကျေးဇူးမဲ့ကို လည်းကောင်း ပြောဆိုသည်ရှိသော် လျင်စွာသာလျှင် ယုံကြည် ၏၊ ဤသို့လျှင် ပုဂ္ဂိုလ်သည် လက်ဦးစကား၌ အကြောင်းရင်းထား၏။

၎...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လျှပ်ပေါ်ဘိသနည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်နည်းသော ယုံကြည်ခြင်း ရှိ၏၊ နည်းသော ဆည်းကပ်ခြင်း ရှိ၏၊ နည်းသော ချစ်ခင်ခြင်း ရှိ၏၊ နည်းသော ကြည်ညိုခြင်း ရှိ၏၊ ဤသို့လျှင် ပုဂ္ဂိုလ်သည် လျှပ်ပေါ်သည် မည်၏။

၅...
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ထိုင်းအ, မိုက်မဲသည် ဖြစ်ဘိသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်, အကုသိုလ် တရားတို့ကို မသိ၊ အပြစ်ရှိ, အပြစ်မဲ့တရားတို့ကို မသိ၊ အယုတ်, အမြတ်ဖြစ်သော တရားတို့ကို မသိ၊ အမည်း, အဖြူဟူသော အဖို့ရှိသော တရားတို့ကို မသိ၊ ဤသို့လျှင် ပုဂ္ဂိုလ်သည် ထိုင်းအ မိုက်မဲသည် ဖြစ်သည် မည်၏။ ၁၉၂

၅ - ပဉ္စကပုဂ္ဂလပညတ်-မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။