နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, March 25, 2009

ဓနသုတ်- (စည်းစိမ်ဥစ္စာ)

ဓနသုတ်- (စည်းစိမ်ဥစ္စာ)

ရဟန်းတို့ ဥစ္စာတို့သည် ဤငါးမျိုးတို့တည်း

အဘယ်ငါးမျိုးတို့နည်းဟူမူ -

သဒ္ဓါဥစ္စာ၊ သီလဥစ္စာ၊ သုတဥစ္စာ၊ စာဂဥစ္စာ၊ ပညာဥစ္စာတို့တည်း။

သဒ္ဓါဥစ္စာ ဟူသည် ...
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သဒ္ဓါတရားရှိ၏၊ မြတ်စွာ ဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။ ''ထိုမြတ်စွာ ဘုရားသည်။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးကို) သိစေတော်မူသော အ ကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အ ကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏'' ဟုယုံကြည်၏။
ရဟန်းတို့ ဤသည်ကို သဒ္ဓါဥစ္စာ ဟူ၍ ဆိုအပ်၏။

သီလဥစ္စာ ဟူသည် ...
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။
ရဟန်းတို့ ဤသည်ကို သီလဥစ္စာဟူ၍ ဆိုအပ်၏။

သုတဥစ္စာ ဟူသည် ...
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကြားအမြင် များ၏။ပ။
အကြားအမြင် (ပညာ) ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။
ရဟန်းတို့ ဤသည်ကို သုတဥစ္စာ ဟူ၍ ဆိုအပ်၏။

စာဂဥစ္စာ ဟူသည် ...
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ဝန်တိုမှု အညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်၌နေ၏၊ လွတ်လွတ်စွန့်ကြဲ၏၊ ဆေးကြောပြီးသော လက် ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ အတောင်းခံရန် အသင့်ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏။
ရဟန်းတို့ ဤသည်ကို စာဂဥစ္စာ ဟူ၍ ဆိုအပ်၏။

ပညာဥစ္စာ ဟူသည် ...
ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်ခြင်း ပျက်ခြင်း ကို သိသော၊ ကိလေသာတို့ကို ဖောက်ခွဲ ဖျက်ဆီးနိုင်သော၊ ဆင်းရဲမှုကုန်ရာ နိဗ္ဗာန် သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤသည်ကို ပညာဥစ္စာ ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဥစ္စာတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

အကြင်သူ၏ ယုံကြည်မှု (သဒ္ဓါ) သည် မြတ်စွာဘုရား၌ မတုန်မလှုပ် ကောင်းမွန်စွာ တည်၏၊ အကြင်သူ၏ သီလသည် ကောင်းမြတ်၏၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက် အပ်၏၊ ချီးမွမ်းအပ်သည်လည်း ဖြစ်၏။ အကြင်သူအား သံဃာ၌ ကြည်ညိုခြင်း သည် လည်းကောင်း၊ ဖြောင့်မတ်သည် ဖြစ်၍ ဖြစ်သော ဉာဏ်အမြင်သည် လည်းကောင်း ရှိ၏။ ထိုသူကို မဆင်းရဲသော သူဟူ၍ ဆိုကုန်၏၊ ထိုသူ၏ အသက် ရှင်ခြင်းကား အချည်းအနှီး မဟုတ်ချေ။

ထို့ကြောင့် ဘုရားသျှင်တို့၏ အဆုံးအမတော်ကို အောက်မေ့သော ပညာရှိသည် သဒ္ဓါကို လည်းကောင်း၊ သီလကို လည်းကောင်း၊ ကြည်ညိုခြင်းကို လည်းကောင်း၊ တရားသိမြင်ခြင်းကို လည်းကောင်း အဖန်ဖန် အားထုတ်ရာသတည်း။၄၇

၇ - ဓနသုတ်၊ မုဏ္ဍရာဇ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။