နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, March 6, 2009

ကုသိုလ် အကုသိုလ်ကြောင့် ခံစားရသောသူများ...

ဥရဂ၀ဂ်မှ... ပေတ ...

၁ - ခေတ္တူပမပေတဝတ္ထု
လယ်မြေကောင်းနှင့် တူသော ရဟန္တာတို့၌ အလှူဒါယကာ လယ်သမားက လှူဖွယ်ဝတ္တုမျိုးစေ့ကို လှူဒါန်း ပျိုးချခြင်းဖြင့် ကောင်းသော အကျိုးကို ပြိတ္တာတို့ပင် ခံစားရကြောင်း။

၂ - သူကရမုခပေတဝတ္ထု
ကိုယ်ဖြင့် စောင့်စည်း၍ နှုတ်ဖြင့် မစောင့်စည်းခဲ့သောကြောင့် ကွယ်လွန်သောအခါ ရွှေအဆင်းနှင့်တူသော ကိုယ် ဝက်မျက်နှာဖြင့်တူသော မျက်နှာဖြင့် ပြိတ္တာဖြစ်ရသူ။

၃ - ပူတိမုခပေတဝတ္ထု
အပြောအဆိုကြမ်းတမ်းလျက် နှုတ်မစောင့် ခြိုးခြံသော အကျင့်ကိုကား ကျင့်ခဲ့ သောကြောင့် ပြိတ္တာဘဝ၌ တင့်တယ်သော ရုပ်အဆင်းနှင့် ခံတွင်းပုတ်သိုး ပိုးလောက်ထိုးခြင်းကို ခံနေရသောပြိတ္တာ။

၎ - ပိဋ္ဌဓီတလိကပေတဝတ္ထု
သေပြီးသူကို ဖြစ်စေ အိမ်စောင့်နတ်စသည်ကို အကြောင်းပြု၍ ဖြစ်စေ နတ်မင်း ကြီးလေးပါးကို အကြောင်းပြု၍ ဖြစ်စေ လှူဒါန်းခဲ့လျှင် သေသူကို ပူဇော်သည် မည်ကြောင်း ကောင်းကျိုး ခံစားရကြောင်း။

၅ - တိရောကုဋ္ဋပေတဝတ္ထု
ဤလူ့ဘုံမှ လှူဒါန်းသော ကုသိုလ်သည် နောင်ဘဝ၌ ဖြစ်နေကြရသော ဆွေမျိုး ပြိတ္တာတို့ ကောင်းကျိုး ဖြစ်စေနိုင်ကြောင်းကို မိုးရေပမာ ထင်ရှားစွာ ပြသောဝတ္တု။

၆ - ပဉ္စပုတ္တခါဒပေတဝတ္ထု
လင်တူမိန်းမက မယားကြီး ကိုယ်ဝန်ရှိခိုက် ကိုယ်ဝန်ကို ချခဲ့ရာဟုတ်မှန်ပါလျက် ''သား၏အသားကို စားရစေသား''ဟု လိမ်လည် ကျိန်ဆိုခဲ့သောကြောင့် သေသော အခါ နံနက် သားငါးယောက် ညနေချမ်း သားငါးယောက်တို့ကို စားသောက်ကာ အစဉ်ဆာလောင်နေသော ပြိတ္တာဖြစ်ရသူ။

၇ - သတ္တပုတ္တခါဒပေတဝတ္ထု
လင်တူမိန်းမက မယားငယ် ကိုယ်ဝန်ရှိခိုက် ကိုယ်ဝန်ကို ချခဲ့ရာ သွေးပြည်ဖြစ်၍ ကျခဲ့၏။ အမှုပေါ်သောအခါ ''သား၏အသားကို စားရစေသား''ဟု ကျိန်ဆိုခဲ့သော မုသားကြောင့် သေသောအခါ နံနက် သားခုနှစ်ယောက် ညနေချမ်း သားခုနှစ် ယောက် တို့ကို စားသောက်ကာ အစဉ် ဆာလောင်နေသော ပြိတ္တာ ဖြစ်ရသူ။

၈ - ဂေါဏပေတဝတ္ထု
အဘိုးသေ၍ အဖ ငိုကြွေးနေသည်ကို သားဖြစ်သူက နွားသေကို ကြည့်ကာ ငိုကြွေးခြင်းဖြင့် သက်သေပြကာ သောကငြိမ်းကြောင်း နည်းလမ်းကောင်းပြသော ဝတ္တု။

၉ - မဟာပေသကာရပေတဝတ္ထု
လင်အလှူပေးသည်ကို မယားဖြစ်သူက အမျိုးမျိုး ကျိန်ဆဲရာတွင် ''သင်၏အဝတ် တို့သည် သံပြားနှင့် အတူဖြစ်ပါစေ'' ဟု ဆဲရေးခဲ့သောကြောင့် သေသောအခါ သွေးပြည် အညစ်အကြေးကိုစား သံပြား အဝတ်ကို ဝတ်နေရသူ ပြိတ္တာမ။

၁ဝ - ခလ္လာဋိယပေတဝတ္ထု
ဗိမ္မာန်တွင်း၌ အဝတ်မရှိ၊ အပြင်သို့ မထွက်ဝံ့သည်ကို သနားသဖြင့် ကုန်သည်များ က အလှူပေး အမျှဝေသာဓုခေါ်သဖြင့် ချက်ခြင်း ကောင်းကျိုးချမ်းသာ အစုံအလင် ကို ရရှိသော ပြိတ္တာမ။

၁၁ - နာဂပေတဝတ္ထု
သားသမီးသုံးယောက်တို့ အလှူပေးသည်ကို ဝန်တိုစိတ်ဖြင့် ပိတ်ပင် ဆဲရေးမိကြ သောကြောင့် သေလွန်သောအခါ သားသမီးများမှာ ချမ်းသာ၍ မိဖတို့မှာ တင်းပုတ် ဖြင့် ရိုက်နှက်ခြင်းကို ခံကာသွေးပြည်ကို စားသောက်နေရသူ ပြိတ္တာများ။

၁၂ - ဥရဂပေတဝတ္ထု
သားသေဆုံးလျက် မငိုကြွေးသော အဖ အမိ နှစ်မ မယားလေးဦးတို့ ပြောပုံနှင့် သေသူကို လွမ်းဆွတ်ငိုကြွေးခြင်း၏ အကျိုးမရှိပုံ ဥပမာ အစုံအလင်ပါသောဝတ္တု။

ဥရဂ၀ဂ်၊ ပေတ၀တ္ထု။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။