နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 15, 2009

မောနေယျ... (ပညာရှိသူ၏အဖြစ်)

နာလကသုတ် မှ...

ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသိတရသေ့ ပြောဆိုခဲ့သော စကားသည် မချွတ်မယွင်း အမှန်ပင် ဖြစ်တော့သည်ဟု အကျွန်ုပ် သိအပ်ပါ၏၊ ထို့ကြောင့် တရားအားလုံးတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားအား အကျွန်ုပ် မေးလျှောက်ပါ၏- 705

မြတ်စွာဘုရား အိမ်ရာမထောင်သော ရဟန်းအဖြစ်နှင့် ပြည့်စုံသော ဆွမ်းခံ လှည့်လည်ခြင်းဖြင့် ရှာမှီးသော အကျွန်ုပ်သည် မေးလျှောက်သည်ဖြစ်၍ အသျှင် ဘုရားသည် မောနေယျ အကျင့်မြတ်ကို ဟောတော်မူပါလော့။ 706

မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏...
မောနေယျကျင့်ဝတ်ကို သင့်အား ငါဘုရား သိစေအံ့၊ ပြုနိုင်ခဲ ဖြစ်စေနိုင်ခဲသော ထိုမောနေယျ အကျင့်ကို ယခု ဟောကြားအံ့၊ သင်သည် မိမိကိုယ်ကို ဝီရိယဖြင့် အားပြုထောက်ပံ့ထားလော့၊ (ဝီရိယဖြင့်) ခိုင်မြဲသူ ဖြစ်လော့။ 707

ရွာ၌ ဆဲရေးသူနှင့် ရှိခိုးသူကို ထပ်တူထပ်မျှပြုရာ၏၊ (ဆဲရေးခံရသော်) စိတ်ပြစ် မှားမှု 'ဒေါသ'ကို စောင့်ရှောက်ရာ၏၊ ရှိခိုးခံရသော် မတက်ကြွဘဲ ကျင့်ရာ၏။ 708


တော၌ မီးလျှံနှင့် တူကုန်သော ဣဋ္ဌအနိဋ္ဌအားဖြင့် အမြတ်အယုတ်ဖြစ်သည့် အာရုံတို့သည် ဖြစ်ပေါ်လာတတ်ကုန်၏၊ ထိုတော၌ မိန်းမတို့သည် ရဟန်းကို ဖြားယောင်းတတ်ကုန်သေး၏၊ ထိုမိန်းမတို့သည် သင့်ကို မဖြားယောင်းစေ ကုန် လင့်။ 709

ကောင်း မကောင်းကုန်သော ကာမဂုဏ်တို့ကို ပယ်စွန့်၍ မေထုန်အကျင့်မှ ရှောင်ကြဉ်သူ သတ္တဝါတို့၌ မဆန့်ကျင်သူ တပ်မက်မှုမရှိသူ ဖြစ်ရာ၏။ 710

တဏှာရှိသော သတ္တဝါ တဏှာမရှိသော သတ္တဝါတို့ကိုလည်း ငါသည် ချမ်းသာကို အလိုရှိ သကဲ့သို့ ဤသတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိကုန်၏၊ ထိုသတ္တဝါတို့သည် ချမ်းသာကို အလိုရှိကုန် သကဲ့သို့ ငါသည်လည်း ချမ်းသာကို အလိုရှိ၏ဟု မိမိကိုယ်ကို ဥပမာပြု၍ မိမိလည်း မသတ်ရာ၊ သူတစ်ပါးကိုလည်း မသတ်စေရာ။ 711

အကြင် ပစ္စည်းလေးပါး၌ ပုထုဇဉ်သည် ကပ်ငြိ၏၊ ထိုပစ္စည်းလေးပါး၌ အလို 'ဣစ္ဆာ'ကို လည်းကောင်း၊ လောဘကို လည်းကောင်း ပယ်စွန့်၍ ပညာမျက်စိ ရှိ လျက် ကျင့်ရာ၏၊ ပြည့်နိုင်ခဲသော ဤတဏှာ ချောက်နရက်ကို ကူးခပ်ရာ၏။712

ယုတ်လျော့ပါးလျှပ်သော ဝမ်းရှိသူ နှိုင်းရှည့် ပိုင်းခြားအပ်သော အာဟာရရှိသူ ဖြစ်ရာ၏၊ အလိုနည်းသူ မလျှပ်ပေါ်သူ ဖြစ်ရာ၏၊ အခါခပ်သိမ်း လောလုပ္ပတဏှာ ဖြင့် အလိုမရှိသူ ဖြစ်ရာ၏၊ အလိုမရှိခြင်းကြောင့် တဏှာ ဟူသော မွတ်သိပ်မှု မရှိသည် ဖြစ်၍ ငြိမ်းအေးရာ၏။ 713

မောနေယျ အကျင့်ကို ကျင့်သော ထိုရဟန်းသည် ဆွမ်းခံသွားပြီးလျှင် တောသို့ သာလျှင် ပြန်သွားရာ၏၊ သစ်ပင်ရင်း၌ ရပ်တည်၍သော် လည်းကောင်း၊ ထိုင်သည်ဖြစ်၍သော် လည်းကောင်း နေရာ၏။ 714

ထိုရဟန်းသည် ဈာန်ဝင်စားလေ့ရှိသူ တည်တံ့သူ တော၌ မွေ့လျော်သူ ဖြစ်ရာ၏၊ မိမိ ကိုယ်ကို အလွန်နှစ်သက် စေသည် ဖြစ်၍ သစ်ပင်ရင်း၌ ဈာန်ဝင်စားရာ၏။ 715

ထိုညဥ့် လွန်မြောက်သည်ရှိသော် ရွာသို့ ဆွမ်းခံသွားရာ၏၊ ပင့်ဖိတ်၍ လှူသော ဆွမ်းကိုလည်း မနှစ်သက်ရာ၊ ရွာမှ ဆောင်ယူ၍ လှူသော ဆွမ်းကိုလည်း မနှစ် သက်ရာ။716

မောနေယျ အကျင့်ကို ကျင့်သော ရဟန်းသည် ရွာသို့ ရောက်သည်ရှိသော် ဒါယကာတို့၌ ရောရောနှောနှော မနေရာ၊ ပြတ်သော စကားရှိသည် ဖြစ်၍ နိမိတ် ဝိညတ်နှင့် ယှဉ်၍ အစားရှာမှီးကြောင်း စကားကို မပြောဆိုရာ။ 717

ထိုရဟန်းသည် တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းကို ရလျှင် လည်းကောင်း၏၊ မရလျှင် လည်းကောင်း၏ ဟု ရမရ နှစ်ပါးဖြင့်ပင်လျှင် တုန်လှုပ်ခြင်း မရှိသည်ဖြစ်၍ သစ်ပင်ကို လျစ်လျူရှုသကဲ့သို့ လျစ်လျူရှုကာ ပြန်လှည့်ရာ၏။ 718

ထိုရဟန်းသည် မအပါဘဲလျက် အသူဟု သမုတ်ခံလျက် သပိတ်ပိုက်ကာ ဆွမ်းခံ လှည့်လည်သည် ရှိသော် အနည်းငယ်မျှ ပေးလှူခြင်းကိုလည်း မရှုတ်ချရာ၊ ပေးလှူ သူကိုလည်းမထီမဲ့မြင် မပြုရာ။ 719

မဂ်ရကြောင်း အကျင့်ကို သုခပဋိပဒါစသည် အမြတ်အယုတ် ရှိ၏ဟူ၍ ဘုရား တည်းဟူသော သမဏသည် ပြတော်မူ၏၊ သို့ပင် အမြတ်အယုတ် ရှိသော်လည်း တစ်ခုတည်းသော မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ နှစ်ကြိမ်သော်ကား မရောက်ကုန်၊ ကိလေသာတို့ တစ်ပြိင်နက် မကုန်ရကား နိဗ္ဗာန်ဟူသော ကမ်းသို့ တစ်ကြိမ်သာ ရောက်သည်လည်း မဟုတ်ပေ။ 720

အကြင်ရဟန်းအား ပျံ့နှံ့သော တဏှာ (ဝိစရိတ) မရှိ၊ တဏှာအလျဉ် ပြတ်စဲပြီး သော ပြုသင့်သော ကိစ္စ မပြုသင့်သော ကိစ္စကို ပယ်ပြီးသော ထိုရဟန်းအား ရာဂ စသည်ကြောင့် ဖြစ်သော ပူပန်မှု မရှိ။ 721

နာလက သင့်အား မောနေယျ အကျင့်ကို ငါ ဟောအံ့၊ ထိုမောနေယျ ရဟန်းသည် သင်တုန်းသွား ဥပမာ ရှိသူ ဖြစ်ရာ၏၊ အာစောက်ကို လျှာဖြင့် ထိကပ်ပြီးလျှင် ဝမ်း၌ စောင့်စည်းသူ ဖြစ်ရာ၏။ 722

မတွန့်ဆုတ်သော စိတ်ရှိသူလည်း ဖြစ်ရာ၏၊ များစွာလည်း မကြံစည်ရာ၊ ကိလေသာ အညှီအဟောက် ကင်းသူ တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော ဘဝ၌ မမှီသူ အကျင့်မြတ်လျှင် လဲလျောင်းရာရှိသူ ဖြစ်ရာ၏။ 723

အဖော်မမှီး တစ်ယောက်တည်း နေနိုင်ရန် ကျင့်ရာ၏၊ ရဟန်းတို့သည် ကပ်၍ ရှု သင့်ရှုထိုက်သော ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်နိုင်ရန်လည်း ကျင့်ရာ၏၊ တစ် ယောက်တည်းနေခြင်းကို မောန... ဟူ၍ ငါဘုရား ဟောကြား၏၊ သင်သည် တစ်ယောက်ထီးတည်း မွေ့လျော်နိုင်ခဲ့မူ အရပ် ဆယ်မျက်နှာတို့၌ ကျော်စော ထင်ရှားလတ္တံ့။ 724

ငါဘုရားကို မြတ်နိုးသော သူသည် ဈာန်ဝင်စားကုန်၏၊ ကာမကို စွန့်လွှတ်ကုန်ပြီး သော ပညာရှိတို့၏ ကြွေးကြော်သံကို ကြားရသောကြောင့် ရှက်မှု 'ဟိရီ' ကို လည်း ကောင်း၊ ယုံကြည်မှု 'သဒ္ဓါ'ကို လည်းကောင်း အတိုင်းထက် အလွန် ပြုရာ၏။725

ထိုစကားကို မြစ်ဥပမာတို့ဖြင့် သိကုန်လော့၊ မြစ်ငယ်တို့သည် မြောင်းငယ် ချောက်ကြားတို့၌ အသံမြည်လျက် စီးသွားကုန်၏၊ မြစ်ကြီးတို့သည်ကား တိတ် တိတ် ဆိတ်ဆိတ် စီးသွားကုန်၏။ 726

ရေမပြည့်သော အိုးသည် အသံမြည်၏ (ဘောင်ဘင်ခတ်၏)၊ ရေပြည့်သော အိုး သည် ငြိမ်သက်သည် သာတည်း၊ သူမိုက်သည် ရေမပြည့်သော အိုးနှင့် တူ၏၊ ပညာရှိသည် ရေပြည့်သောအိုးကြီးနှင့် တူ၏။ 727

မြတ်စွာဘုရားတည်းဟူသော သမဏသည် အကျိုးအကြောင်းနှင့် ပြည့်စုံသော အစီးအပွါးနှင့် စပ်ယှဉ်သော စကားကို များစွာမြွက်ဆိုတော်မူ၏၊ ထိုမြတ်စွာဘုရား သည် တရားကို သိတော်မူသည် ဖြစ်၍သာ ဟောတော်မူ၏၊ သိတော်မူသည် ဖြစ်၍ များစွာ မြွက်ဆိုတော်မူ၏။ 728

တရားကို သိသောသူသည် စောင့်စည်းသော စိတ်ရှိ၏၊ တရားကို သိသောသူ သည် စကားကို များစွာ မပြောဆို၊ ထိုရဟန်းသည် အရဟတ္တမဂ်ဉာဏ်ကို ရထိုက်၏၊ ရလည်းရ၏ဟု (မြတ်စွာဘုရား ဟောတော်မူ၏)။ 729

၁၁ - နာလကသုတ်-မှ၊ မဟာဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။