နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 8, 2009

တမလွန်လောကကို အောင်မြင်ခြင်းငှါ ...

ပဌမ ဣဓလောကိကသုတ်-မှ

ဝိသာခါ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် …
တမလွန်လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ တမလွန်လောကကို အားထုတ်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ -

ဝိသာခါ ဤလောက၌ မာတုဂါမသည်
၁… သဒ္ဓါတရားနှင့် ပြည့်စုံ၏၊
၂… အကျင့်သီလနှင့် ပြည့်စုံ၏၊
၃… စွန့်ကြဲမှုနှင့် ပြည့်စုံ၏၊
၎… ပညာနှင့် ပြည့်စုံ၏။

ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် သဒ္ဓါတရားနှင့် ပြည့်စုံသနည်း၊

၁…
ဝိသာခါ ဤလောက၌ မာတုဂါမသည် သဒ္ဓါတရားရှိ၏၊
မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။

ထိုမြတ်စွာဘုရားသည် …
(၁) ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည် တော်မူ၏၊
(၂) အလုံးစုံသောတရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊
(၃) အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့် လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊
(၄) ကောင်းသော စကားကို ဆိုတော်မူသော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊
(၅) လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော် မူ၏၊
(၆) ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊
(၇) နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေဝမနု- ဿာနံ မည်တော်မူ၏၊
(၈) သစ္စာလေးပါးတရားတို့ကို သိတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည် တော်မူ၏၊
(၉) ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏'' ဟု (ယုံကြည်၏)။

ဝိသာခါ ဤသို့လျှင် မာတုဂါမသည်သဒ္ဓါတရားနှင့် ပြည့်စုံ၏။

၂…
ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် သီလနှင့် ပြည့်စုံသနည်း၊

ဝိသာခါ ဤလောက၌ မာတုဂါမသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။
ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏။
ဝိသာခါ ဤသို့လျှင် မာတုဂါမသည် သီလနှင့်ပြည့်စုံ၏။

၃…
ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည် စွန့်ကြဲမှုနှင့် ပြည့်စုံသနည်း၊
ဝိသာခါ ဤလောက၌ မာတုဂါမသည် လွတ်လွတ် စွန့်ကြဲခြင်းရှိသည်, စွန့်ကြဲအံ့ဟု ဆေးကြောအပ်သော လက်ရှိသည်, စွန့်ကြဲခြင်း၌ မွေ့လျော်သည်, တောင်းခံခြင်းငှါ ထိုက်သည်, ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မစ္ဆရိယတည်း ဟူသော အညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်လျက် နေ၏။

ဝိသာခါ ဤသို့လျှင် မာတုဂါမသည် စွန့်ကြဲမှုနှင့် ပြည့်စုံ၏။

၎…
ဝိသာခါ အဘယ်သို့လျှင် မာတုဂါမသည်ပညာနှင့် ပြည့်စုံသနည်း၊

ဝိသာခါ ဤလောက၌ မာတုဂါမသည် ပညာရှိ၏။ပ။
ဝိသာခါ ဤသို့လျှင်မာတုဂါမသည် ပညာနှင့် ပြည့်စုံ၏။
ဝိသာခါ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် တမလွန် လောကကို အောင်မြင်ခြင်းငှါ ကျင့်၏၊ တမလွန် လောကကို အားထုတ်၏ ဟု (မိန့်တော်မူ၏)။

(အကြင်မိန်းမသည်) အိမ်မှုကိစ္စကို ကောင်းစွာပြုလုပ်စီရင်တတ်၏၊ ပရိသတ် အခြွေ အရံကို သင်္ဂြိုဟ် ထောက်ပံ့ ချီးမြှောက်တတ်၏၊ လင် နှစ်သက်ဖွယ်ကို ကျင့်တတ်၏၊ (လင်ယောက်ျား) ရှာမှီးသော ပစ္စည်းဥစ္စာကို အစဉ်စောင့်ရှောက် တတ်၏။ သဒ္ဓါ တရားရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ တောင်းခံသူတို့၏ စကားကို သိတတ်၏၊ မစ္ဆရိယ ကင်း၏၊ တမလွန်ဘဝ၌ ချမ်းသာကြောင်းဖြစ်သော (ကုသိုလ်)လမ်းကို အမြဲ သုတ် သင်၏။ အကြင် မိန်းမအား ဤတရားရှစ်မျိုးတို့သည် ရှိကုန်၏၊ တရား၌ တည်သော မှန်ကန်သော စကားကို ဆိုလေ့ရှိသော ထိုမိန်းမကိုလည်း သီလရှိသော မိန်းမ ဟူ၍ ဆိုကုန်၏။ တစ်ဆယ့် ခြောက်မျိုးသော အခြင်းအရာ ရှစ်မျိုးသော အင်္ဂါနှင့်ပြည့်စုံ သော သဘောရှိသည့် သီလရှိသော ဥပါသိကာမသည် စိတ်နှလုံးကို နှစ်သက်စေ တတ်သော နတ်ပြည်သို့ ကပ်ရောက်ရ၏။

၉ - ပဌမ ဣဓလောကိကသုတ်-မှ၊ ဥပေါသထဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။