နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, June 5, 2009

အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်...

သမ္ပသာဒနီယသုတ် -(ကြည်ညိုဖွယ်)

အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်...

အသျှင်ဥဒါယီသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
မြတ်စွာဘုရား၏ အလိုနည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာ ခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ။

မြတ်စွာဘုရား ဤဂုဏ်အပေါင်းမှ ဂုဏ်တစ်ခုခုကိုသော်လည်း တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် မိမိ၌ မြင်ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှဖြင့်ပင် တံခွန်ထူ၍ လှည့်လည် ကုန်ရာ၏။

မြတ်စွာဘုရား၏ အလို နည်းခြင်းသည် ရောင့်ရဲလွယ်ခြင်းသည် ကိလေသာ ခေါင်းပါးခြင်းသည် အံဖွယ်ရှိပါပေစွ အသျှင်ဘုရား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ ဟု လျှောက်၏။

ဥဒါယီ သင်သည် မြတ်စွာဘုရား၏အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာ ခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော်ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ။ ဥဒါယီ ဤ ဂုဏ်အပေါင်းမှ ဂုဏ်တစ်ခုခုကိုသော်လည်း တစ်ပါးသော အယူရှိသော ပရိဗိုဇ် တို့သည် မိမိ၌ မြင်ကုန်ငြားအံ့၊ ထိုပရိဗိုဇ်တို့သည် ထိုဂုဏ်မျှဖြင့်ပင် တံခွန်ထူ၍ လှည့်လည်ကုန်ရာ၏။ ဥဒါယီ သင်သည် မြတ်စွာဘုရား၏ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာ ခေါင်းပါးခြင်းကို ရှုလော့၊ မြတ်စွာဘုရားသည် ဤသို့ ကြီးသော တန်ခိုးရှိပါလျက် ကြီးသော အာနုဘော် ရှိပါလျက် မိမိဂုဏ်ကို ထင်ရှားပြုတော်မမူ ဟု မိန့်တော်မူ၏။162

ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို မိန့်တော်မူ၏...
သာရိပုတြာ ဤတရားတော်ကို ရဟန်းယောက်ျားတို့အားလည်းကောင်း ရဟန်း မိန်မတို့အားလည်းကောင်း ဒါယကာတို့အား လည်းကောင်း ဒါယိကာမတို့အား လည်းကောင်း သင်သည် မပြတ်ဟောကြားလေလော့။ သာရိပုတြာ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်ကုန်သော အကြင်ယောက်ျားတို့အား မြတ်စွာဘုရား၌ ယုံမှားခြင်း တွေးတောခြင်းသည် ဖြစ်လတ္တံ့၊ ထိုယောက်ျားတို့အား ဤတရားဒေသနာတော်ကို နာရ၍ မြတ်စွာဘုရား၌ ထိုယုံမှား တွေးတောခြင်းသည် အလိုလို ပျောက်လတ္တံ့၊ ထို့ကြောင့် မပြတ်ဟောကြားလေလော့ ဟု မိန့်တော်မူ၏။

ဤသို့ ဆိုအပ်ပြီးသောနည်းဖြင့် အသျှင်သာရိပုတြာသည် မြတ်စွာဘုရား မျက်မှောက်တော်၌ ကြည်ညိုခြင်းကို အကြင့်ကြောင့် ပြောကြား၏၊ ထို့ကြောင့် ဤအမေးအဖြေနှင့်တကွ ဟောကြားအပ်သော တရားတော်၏ အမည်သည် 'သမ္ပသာဒနီယ 'ဟု တွင်သတည်း။163

အံသြဖွယ်ရာ မဖြစ်ဖူးမြဲ ဖြစ်ပုံအချက်၊ သမ္ပသာဒနီယသုတ်၊ ပါထိက၀ဂ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: