နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, June 24, 2009

ကျွန်ုပ်ကော သင်ပါ ဤသို့ကျင့်ရမည်...



မဟာစုန္ဒသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် ...

အခါတစ်ပါး၌ အသျှင်မဟာစုန္ဒသည် စေတိယတိုင်း သယံဇာတိ နိဂုံး၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊ ''ငါ့သျှင်'' ဟု ထိုရဟန်းတို့သည် အသျှင် မဟာစုန္ဒအား ပြန်ကြား လျှောက်ထား ကုန်၏၊ အသျှင်မဟာစုန္ဒမထေရ်သည် ဤစကားကို မိန့်ဆိုတော်မူ၏ -

ငါ့သျှင်တို့ ဤသာသနာတော်၌…
တရားဟောကြကုန်သော ရဟန်းတို့သည်
ဈာန်ဝင်စားသော ရဟန်းတို့ကို ပုတ်ခတ် ပြောဆိုကုန်၏ -

''ဤရဟန်းတို့သည် 'ငါတို့ ဈာန်ဝင်စား ကုန်၏၊ ငါတို့ ဈာန်ဝင်စား ကုန်၏' ဟု ရှုကုန်၏၊ အဖန်ဖန် ရှုကုန်၏၊ တစိမ့်စိမ့် ရှုကုန်၏၊ ကပ်၍ ရှုကုန်၏၊ ဤသူတို့သည် အဘယ်ကို ရှုကုန်သနည်း၊ ဤသူတို့သည် အဘယ် အကျိုးငှါ ရှုကုန်သနည်း၊ ဤသူတို့သည် အဘယ် အကြောင်းကြောင့် ရှုကုန်သနည်း'' ဟု ပုတ်ခတ် ပြောဆို ကုန်၏။

ထိုသို့ ပုတ်ခတ် ပြောဆိုရာ၌ တရားဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူ အပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွားချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌…
ဈာန်ဝင်စားသော ရဟန်းတို့သည်
တရား ဟောကုန်သော ရဟန်းတို့ကို ပုတ်ခတ် ပြောဆိုကြကုန်၏ -

''ဤရဟန်းတို့သည် 'ငါတို့ တရား ဟောကုန်၏၊ ငါတို့ တရား ဟောကုန်၏' ဟု ပျံ့လွင့်သောစိတ် ရှိကုန်၏၊ (ကျူပင်ကဲ့သို့ အထက်သို့) တက်သော မာန်မာန ရှိကုန်၏၊ လျှပ်ပေါ်ကုန်၏၊ နှုတ်ကြမ်းကုန်၏၊ ဖရိုဖရဲ ကြဲသော စကား ရှိကုန်၏၊ သတိ လွတ်ကင်း ကုန်၏၊ ပညာ အဆင်ခြင် မရှိကုန်၊ မတည်ကြည်ကုန်၊ တုန်လှုပ်သော စိတ်ရှိကုန်၏၊ ဟင်းလင်းပွင့်သော ဣနြေ္ဒ ရှိကုန်၏၊ ဤသူတို့သည် အဘယ်သို့ တရား ဟောကုန်သနည်း၊ ဤသူတို့သည် အဘယ် အကျိုးငှါ တရား ဟောကုန်သနည်း၊ ဤသူတို့သည် အဘယ်အကြောင်းကြောင့် တရားဟော ကုန်သနည်း'' ဟု ပုတ်ခတ် ပြောဆိုကြကုန်၏။

ထိုသို့ ပုတ်ခတ် ပြောဆိုရာ၌ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင် ကုန်၊ တရားဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာ တို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌…
တရား ဟောကုန်သော ရဟန်းတို့သည်
တရားဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကိုသာလျှင် ပြောဆိုကြကုန်၏၊
ဈာန်ဝင်စားသူ ရဟန်းတို့၏ ဂုဏ်ကို မပြောဆိုကြကုန်။

ထိုသို့ ပြောဆိုရာ၌ တရား ဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင် ကုန်၊ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ဤသာသနာတော်၌…
ဈာန်ဝင်စားသော ရဟန်းတို့သည်
ဈာန်ဝင်စားသော ရဟန်းတို့၏ ဂုဏ်ကိုသာလျှင် ပြောဆိုကုန်၏၊
တရား ဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကို မပြောဆိုကုန်။

ထိုသို့ ပြောဆိုရာ၌ ဈာန်ဝင်စားသော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ တရား ဟောကုန်သော ရဟန်းတို့သည်လည်း မကြည်လင်ကုန်၊ လူများစွာတို့၏ အစီးအပွါး အလို့ငှါ ချမ်းသာရန် အလို့ငှါ များစွာသော လူအပေါင်း၏ အကျိုးငှါ နတ်လူတို့၏ စီးပွါးချမ်းသာ အလို့ငှါ ကျင့်သူတို့ မဖြစ်ကုန်။

ငါ့သျှင်တို့ ထို့ကြောင့် ဤသို့ ကျင့်ရမည် …
တရား ဟောကုန်သော ရဟန်းတို့ ဖြစ်ပါကုန်သော်
ဈာန်ဝင်စားသော ရဟန်းတို့၏ ဂုဏ်ကို ပြောဆိုကုန်အံ့ ဟု ကျင့်ရမည်၊
ငါ့သျှင်တို့ ဤသို့လျှင် သင်တို့ကျင့်ရမည်။

ထိုသို့ ကျင့်ရခြင်းသည် အဘယ့်ကြောင့်နည်း။
သေခြင်းမရှိသော နိဗ္ဗာနဓာတ်ကို နာမကာယဖြင့် တွေ့ထိ၍ နေကြသည့်
ပုဂ္ဂိုလ်တို့သည် အံ့ဖွယ် ရှိကုန်၍ လောက၌ ရခဲကုန်သောကြောင့်တည်း။

ငါ့သျှင်တို့ ထို့ကြောင့် ဤသို့ ကျင့်ရမည် …
ဈာန်ဝင်စားသော ရဟန်းတို့ ဖြစ်ပါကုန်သော်
တရားဟောကုန်သော ရဟန်းတို့၏ ဂုဏ်ကို ပြောဆိုကြကုန်အံ့ ဟု ကျင့်ရမည်။
ငါ့သျှင်တို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။

ထိုသို့ ကျင့်ရခြင်းသည် အဘယ့်ကြောင့်နည်း။
နက်နဲသော အနက် (ခန္ဓာ,အာယတန,ဓာတ်) အစုကို ပညာဖြင့် ထိုးထွင်း၍
သိမြင်ကြသည့် ပုဂ္ဂိုလ်တို့သည် အံ့ဖွယ် ရှိကုန်၍
လောက၌ ရခဲကုန်သောကြောင့်တည်း ဟု ဆိုတော်မူ၏။ 46

၎ - မဟာစုန္ဒသုတ်၊ ဓမ္မိကဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: