နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, July 26, 2009

အကြွင်းမရှိ ကွယ်ပျောက်ပြီ...


ပဌမ အရှင်ဒဗ္ဗသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် ''မြတ်စွာဘုရား ယခုအခါ တပည့်တော်၏ ပရိနိဗ္ဗာန်ပြုရန် အခါပါတည်း'' ဟု မြတ်စွာဘုရားအား (လျှောက်၏)။ ဒဗ္ဗ ယခုအခါ သင်သည်ပင် ပရိနိဗ္ဗာန်ပြုရန် အခါကို သိ၏ ဟု (မိန့်တော်မူ၏)။

ထို့နောက် မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထကာ ပရိနိဗ္ဗာန်ပြု၏။

ထို့နောက် ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ မီးမြိုက်လောင်ကျွမ်းပြီးသော ခန္ဓာကိုယ်မှ ပြာသည် လည်းကောင်း၊ မီးသွေးသည် လည်းကောင်း မထင်ချေ။

ဥပမာသော်ကား မီးမြိုက် လောင်ကျွမ်းပြီးသော ထောပတ်မှဖြစ်စေ၊ ဆီမှဖြစ်စေ ပြာမီးသွေးသည် မထင်သကဲ့သို့ ဤအတူ ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ မီးမြိုက်လောင်ကျွမ်းပြီး မီးလောင်သော ခန္ဓာကိုယ်မှ ပြာသည် လည်းကောင်း၊ မီးသွေးသည် လည်းကောင်း မထင်ချေ။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍
ထိုသိသော အချိန်၌-

''မလ္လမင်း၏သား ဒဗ္ဗ၏ ကိုယ်သည် အကြွင်းမရှိ ကွယ်ပျောက်ပြီ။ ရူပသညာစသော သညာ အားလုံးတို့သည် ချုပ်ကုန်ပြီ။ ဝေဒနာ အားလုံးတို့ သည် ငြိမ်းအေးကုန်ပြီ။ သင်္ခါရအားလုံးတို့သည် ချုပ်ငြိမ်းကုန်ပြီ။ ဝိညာဏ်သည် ပြတ်စဲခြင်းသို့ ရောက်လေပြီ'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 79

၉ - ပဌမဒဗ္ဗသုတ်၊ ပါဋလိဂါမိယဝဂ်၊ ဥဒါန်းပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: