နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, August 1, 2009

တိုးပွါးရန်ထိုက်သူနှင့် မထိုက်သူ...

ပဌမ ပါပဏိကသုတ်

ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း၊ ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန်သော် လည်းကောင်း မထိုက်။
အဘယ်သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ (ဤလောက၌) ဈေးသည်သည်...
၁... နံနက်အခါ၌ ရောင်းဝယ်မှု အလုပ်ကို ရိုရိုသေသေ မစီရင် 'မပြုလုပ်'၊
၂... နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် 'မပြုလုပ်'၊
၃... ညချမ်းအခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် 'မပြုလုပ်'။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန် သော်လည်းကောင်း မထိုက်။

ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော် လည်းကောင်း ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော် လည်းကောင်း မထိုက်။
အဘယ် သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်...
၁... နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊
၂... နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊
၃... ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်။

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော် လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါး စေရန်သော် လည်းကောင်း မထိုက်။

ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော် လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန်သော် လည်းကောင်း ထိုက်၏။
အဘယ်သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤလောက၌ ဈေးသည်သည်...
၁... နံနက်အခါ၌ ရောင်းဝယ်မှု အလုပ်ကို ရိုရိုသေသေ စီရင် 'ပြုလုပ်၏'၊
၂... နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် 'ပြုလုပ်၏'၊
၃... ညချမ်းအခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် 'ပြုလုပ်၏'။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော် လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန် သော်လည်းကောင်း ထိုက်၏။

ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ် တရားကို တိုးပွါးစေ ရန်သော်လည်းကောင်း ထိုက်၏။
အဘယ်သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...
၁... နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊
၂... နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊
၃... ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊

ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါး စေရန်သော်လည်းကောင်း ထိုက်၏ ဟု မိန့်တော်မူ၏။ 19

၉ - ပဌမ ပါပဏိကသုတ်၊ ရထာကာရဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

1 comment:

U Lawkanartha said...

ရခဲတဲ့ Comment အတွက် ကျေးဇူးတင်ပါတယ်...