နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, August 20, 2009

သင်တို့အား မဆုတ်ယုတ်ကြောင်း တရား...


ပဌမ သတ္တကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို-

''ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါ ဟောအံ့၊ ထိုတရားကို နာကြကုန်လာ့၊ ကောင်းစွာ နှလုံး သွင်းကြကုန်လော့ ဟောပေအံ့'' ဟု မိန့်တော်မူ၏။ ''ကောင်းပါပြီ အသျှင်ဘုရား'' ဟု ထိုရဟန်း တို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း ဟူမူ-

၁...
ရဟန်းတို့ ရဟန်းတို့သည် မပြတ် စည်းဝေးနေကြ အကြိမ်များစွာ စည်းဝေး နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် ကား မရှိပေ။

၂...
ရဟန်းတို့ ရဟန်းတို့သည် အညီအညွတ် စည်းဝေးကြ အညီအညွတ် အစည်း အဝေးမှ ထကြကုန်လျက် သံဃာ ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက် နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် ကား မရှိပေ။

၃...
ရဟန်းတို့ ရဟန်းတို့သည် မပညတ်သေးသော အရာကို မပညတ်ကြကုန်မူ၍ ပညတ်ပြီးသော အရာကို မပယ်ဖျက်ကြကုန်ဘဲ ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၎...
ရဟန်းတို့ ရဟန်းတို့သည် ရဟန်းဝါ ရင့်ကုန်သော ရဟန်းသက်ရှည် ကုန်သော သံဃာ့ဦးစီး ဖြစ်ကုန်သော မထေရ်ကြီး ရဟန်းတို့ကို အရိုအသေပြုကုန် အလေးပြုကုန် မြတ်နိုးကုန် ပူဇော် ကုန်လျက် ထိုမထေရ်ကြီး ရဟန်းတို့၏ စကားကိုလည်း နာယူသင့်သည် ဟု ထင်မှတ်၍ နေကြ သမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၅...
ရဟန်းတို့ ရဟန်းတို့သည် ဖြစ်ပေါ်လာသော တစ်ဖန် ဘဝသစ်ကို ပေးတတ်သော တဏှာ၏ အလိုသို့ မလိုက်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၆...
ရဟန်းတို့ ရဟန်းတို့သည် တောကျောင်းတို့၌ လိုလားသော စိတ်ရှိနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၇...
ရဟန်းတို့ ရဟန်းတို့သည် ''အဘယ်သို့လျှင် မလာရောက်ကုန် သေးသော သီလကို ချစ်မြတ်နိုးသည့် သီတင်းသုံးဖော်တို့သည် လာရောက်ကြပါ ကုန်အံ့နည်း၊ လာရောက်ကုန် ပြီး သောသီလကို ချစ်မြတ်နိုးသည့် သီတင်းသုံးဖော်တို့သည် ချမ်းသာစွာ နေရပါကုန်အံ့နည်း'' ဟု ကိုယ်စီ ကိုယ်င သတိပြု နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ ရဟန်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ ဟု မိန့်တော်မူ၏။ 23

၃ - ပဌမ သတ္တကသုတ်၊ ဝဇ္ဇိသတ္တကဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဒုတိယ သတ္တကသုတ် --->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

3 comments:

Unknown said...

တပည့်တော် ကြီးပွားကြောင်းတရား ခုနှစ်ပါးကို သိချင်နေတာ၊ ကြီးပွားကြောင်းတရား ခုနှစ်ပါးနဲ.
မဆုတ်ယုတ်ကြောင်းတရား ခုနှစ်ပါးဟာ အတူတူ ပါပဲလားဘုရား။ အဲ့ဒါလေး သိပါရစေဘုရား။ အရှင် ဘုရား ကျန်းမာ ချမ်းသာပါစေ။

ဦးလောကနာထ said...

ဒကာလေး Mgzero ရေ...

မြတ်ဗုဒ္ဓက...
နေရာမျိုးစုံမှာ ကြီးပွားတိုးတက်ကြောင်းတရား...
ဆုတ်ယုတ်ကြောင်းတရားတွေကို အမျိုးမျိုး ဟောကြားခဲ့ပါတယ်...
လွယ်လွယ် မှတ်လိုရင်တော့ ကောင်းမှုနဲ့ယှဉ်ရင် ကြီးပွားကြောင်း...
မကောင်းမှုနဲ့ယှဉ်ရင် ဆုတ်ယုတ်ကြောင်း ...
ဒီလို မှတ်ရင်ရပါတယ်...

လူသိများတဲ့ ကြီးပွားကြောင်းတရား ၇-ပါးကတော့...
အောက်ကအတိုင်းဖြစ်ပါတယ်...

၁... မပျင်းမရိ လုံ့လရှိခြင်း...
၂... သတိသမ္ပဇဉ်ရှိခြင်း...
၃... လုပ်ငန်း၌ သန့်ရှင်းသပ်ယပ် ကောင်းမွန်သူဖြစ်ခြင်း ...
၎... စူးစမ်းဆင်ခြင် ပြီးမှ အလုပ်လုပ်ခြင်း ...
၅... ကိုယ်နှုတ်စိတ်တို့ကို နိုင်နင်းစွာစောင့်ထိန်းခြင်း ...
၆... အသက်မွေးမှု မှန်ကန်ခြင်း ...
၇... ကုသိုလ်တရား၌ မမေ့လျော့ခြင်း... တို့ဖြစ်ကြပါတယ်...။

စိတ်ချမ်းသာပါစေ...

Unknown said...

အခုလို ဖြေကြားပေးတဲ့အတွက် သာဓုခေါ်ပါတယ်ဘုရား။ အရှင်ဘုရားရေးတဲ့ ဓမ္မတွေကို နေ.စဉ်ဖတ်ဖြစ်ပါတယ်။ ဖွင့်ဟ၀န်ခံပါပြီလေ ဆိုတဲ့ ကဗျာလေးကိုဖတ်ရင်း ကျန်းမာပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။ အရှင်ဘုရား ကျန်းကျန်းမာမာဖြင့် သာသနာပြုနိုင်ပါစေ။

မေတ္တာဖြင့်
မောင်သုည