နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, August 11, 2009

လောက၏ သာယာဖွယ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏...



ပဌမ အဿာဒသုတ် - (သာယာခြင်း)


ရဟန်းတို့ ငါသည် လောက၏ သာယာဖွယ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောက၌ ယင်းသာယာဖွယ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ သာယာဖွယ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ ငါသည် လောက၏ အပြစ်ကို ရှာဖွေလျက် ကျင်လည်ခဲ့ ဖူး၏၊ လောက၌ ယင်း အပြစ်ကို သိရပြီ၊ လောက၌ ရှိရှိသမျှ အပြစ်ကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ ငါသည် လောကမှ ထွက်မြောက် ရာကို ရှာဖွေလျက် ကျင်လည်ခဲ့ဖူး၏၊ လောကမှ ထွက်မြောက်ရာကို သိရပြီ၊ လောကမှ ထွက်မြောက်ရာ ရှိရှိသမျှကို (ဝိပဿနာမဂ်) ပညာဖြင့် ငါကောင်းစွာ မြင်ရပြီ။

ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ် အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့် ဟုတ်တိုင်း မှန်စွာ ပိုင်ပိုင်နိုင်နိုင် မသိရသေးသမျှ ကာလပတ် လုံး နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ငါ ဝန်မခံခဲ့ပေ။ ရဟန်းတို့ လောက၏ သာယာဖွယ်ကိုလည်း သာယာဖွယ်အားဖြင့်, အပြစ်ကိုလည်း အပြစ်အားဖြင့်, ထွက်မြောက်ရာကိုလည်း ထွက်မြောက်ရာအားဖြင့်
ဟုတ်တိုင်း မှန်စွာ ပိုင်ပိုင်နိုင်နိုင် သိသော အခါ၌မူကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွ သော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံ၏။ ''ငါ၏ အရဟတ္တ ဖိုလ်သည် မပျက်စီးနိုင်ပြီ၊ ဤဘဝသည် နောက်ဆုံးဘဝ ဖြစ်၏၊ တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်း သဘောသည် မရှိတော့ပြီ'' ဟု ငါ့အား (ပစ္စဝေက္ခဏာ) ဉာဏ်အမြင်သည် ထင်ရှားဖြစ်ပြီဟု (မိန့်တော်မူ၏)။ 105

၂ - ပဌမ အဿာဒသုတ်၊ သမ္ဗောဓဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: