နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, September 17, 2009

ဤစကားသည် ဤအတိုင်းပင်ဟုတ်၏...


ဥပဇ္ဈာယသုတ် - (အနီးကပ် သင်ပြသောဆရာ)

ထိုအခါ ရဟန်းတစ်ပါးသည် မိမိဥပဇ္ဈာယ် ဆရာထံသို့ ချဉ်းကပ်၍ ''အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ ကိုယ်သည် လေးလံနေပါ၏၊ အရပ်ရှစ်မျက်နှာတို့ သည်လည်း အကျွန်ုပ်အား မထင်ပါကုန်၊ တရားတို့လည်း အကျွန်ုပ်အား မထင်လာပါကုန်၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' သည်လည်း အကျွန်ုပ်၏ စိတ်ကို သိမ်းကျုံးယူ၍ တည်နေပါ၏၊ မမွေ့လျော်ပါဘဲလျက်လည်း မြတ်သော အကျင့်ကို ကျင့်၍ နေရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ'သည်လည်း အကျွန်ုပ်အား ရှိပါ၏'' ဟု လျှောက်၏။

ထိုအခါ ဆရာ ဥပဇ္ဈာယ် ရဟန်းသည် ထိုအတူနေ တပည့်ရဟန်းကို ခေါ်ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ် ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဘုရား ဤရဟန်းသည် ဤသို့ ပြောဆိုပါ၏ 'အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ ကိုယ်သည် လေးလံနေပါ၏၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား မထင်ပါကုန်၊ တရားတို့သည်လည်း အကျွန်ုပ်အား မထင်လာပါကုန်၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' သည်လည်း အကျွန်ုပ်၏စိတ်ကို သိမ်းကျုံး၍ တည်နေပါ၏၊ မမွေ့လျော်ပါဘဲလျက်လည်း မြတ်သော အကျင့်ကို ကျင့်၍ နေရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည်လည်း အကျွန်ုပ်အား ရှိပါ၏' ဟု ဆိုပါ၏'' ဟု လျှောက်၏။

ရဟန်း ဤစကားသည် ဤအတိုင်းပင်ဟုတ်၏၊ ဣနြေ္ဒတို့၌ မစောင့်ရှောက် မလုံခြုံသော တံခါးရှိသည် ဖြစ်၍ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို မသိသော နိုးကြားမှုကို အားမထုတ်သော ကုသိုလ်တရားတို့ကို မရှုမူ၍ ညဥ့်၏ ရှေ့ပိုင်းနောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများ အားထုတ်မှုကို အားမထုတ်မူ၍ နေသော ရဟန်းအား ကိုယ်သည် လေးလံနေ၏၊ အရပ် ရှစ်မျက်နှာတို့သည်လည်း ထိုရဟန်းအား မထင်ကုန်၊ တရားတို့သည်လည်း ထိုရဟန်းအား မထင်လာကုန်၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'သည်လည်း ထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ တည်နေ၏၊ မမွေ့လျော်ဘဲလျက်လည်း မြတ်သော အကျင့်ကို ကျင့်၍ နေရ၏၊ ထိုရဟန်းအား တရားတို့၌လည်း မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည် ဖြစ်၏။

ရဟန်း ထိုအကြောင်းကြောင့် သင်သည် ဤသို့ ကျင့်ရမည်။

''ငါသည် ဣနြေ္ဒတို့၌ စောင့်ရှောက် လုံခြုံသော တံခါးရှိသူ ဖြစ်အံ့၊ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို သိသူ နိုးကြားမှု၌ အားထုတ်သူ ကုသိုလ်တရားတို့ကို ရှုသူ ညဥ့်၏ ရှေ့ပိုင်း နောက်ပိုင်း၌ ဗောဓိပက္ခိယ တရားပွါးများ အားထုတ်မှုကို အားထုတ်သူ ဖြစ်၍ နေအံ့'' ဟု ကျင့်ရမည်။ ရဟန်း ဤသို့လျှင် သင်သည် ကျင့်ရမည်ဟု မိန့်တော်မူ၏။

ထိုအခါ ထိုရဟန်းသည် မြတ်စွာဘုရားက ဤအဆုံးအမတော်ဖြင့် ဆုံးမအပ်သည် ဖြစ်၍ နေရာမှ ထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ဖဲသွားလေ၏။

ထိုအခါ ထိုရဟန်းသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်ပြီးလျှင် မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ နေသည်ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသော အမျိုးကောင်းသားတို့ လိုလားအပ်သော အတုမရှိသော မြတ်သော အကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်အကျိုးကို မကြာမီ ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရ၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤ(မဂ်)ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏၊ ထိုရဟန်းသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေ၏။

ထို့နောက် ထိုရဟန်းသည် အရဟတ္တဖိုလ်သို့ ရောက်လတ်သော် မိမိ ဥပဇ္ဈာယ် ဆရာထံသို့ ချဉ်းကပ်၍ -

''အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ကိုယ်သည် လေးလံခြင်း မဖြစ်တော့ပါ၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား ထင်ပါကုန်၏၊ တရားတို့သည် လည်း အကျွန်ုပ်အား ထင်လာပါကုန်၏၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'သည် လည်း အကျွန်ုပ်၏ စိတ်ကို သိမ်းကျုံး၍ မတည်တော့ပါ၊ မွေ့လျော်စွာလည်း မြတ်သော အကျင့်ကို ကျင့်ရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည်လည်း အကျွန်ုပ်အား မရှိတော့ပါ'' ဟု လျှောက်၏။

ထိုအခါ ထိုဆရာဥပဇ္ဈာယ်ရဟန်းသည် ထိုအတူနေ တပည့်ရဟန်းကို ခေါ်ကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား-

''အသျှင်ဘုရား ဤရဟန်းသည် ဤသို့ ပြောဆိုပါ၏။
'အသျှင်ဘုရား ယခုအခါ၌ အကျွန်ုပ်၏ကိုယ်သည် လေးလံခြင်း မဖြစ်တော့ပါ၊ အရပ်ရှစ်မျက်နှာတို့သည်လည်း အကျွန်ုပ်အား ထင်ပါကုန်၏၊ တရားတို့သည် လည်း အကျွန်ုပ်အား ထင်လာပါကုန်၏၊ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' သည်လည်း အကျွန်ုပ်၏ စိတ်ကို သိမ်းကျုံး၍ မတည်တော့ပါ၊ မွေ့လျော်စွာလည်း မြတ်သော အကျင့်ကို ကျင့်ရပါ၏၊ တရားတို့၌ မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည်လည်း အကျွန်ုပ်အား မရှိတော့ပါ' ဟူ၍ ပြောဆိုပါ၏'' ဟု လျှောက်၏။

ရဟန်း ဤစကားသည် ဤအတိုင်းပင်ဟုတ်၏၊

ဣနြေ္ဒတို့၌ စောင့်ရှောက် လုံခြုံသော တံခါးရှိသည်ဖြစ်၍ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို သိသော နိုးကြားမှုကို အားထုတ်သော ကုသိုလ်တရားတို့ကို ရှုသည် ဖြစ်၍ ညဥ့်၏ ရှေ့ပိုင်း နောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများ အားထုတ်မှုကို အားထုတ်၍နေသော ရဟန်းအား ကိုယ်သည် လေးလံ မနေတော့ပေ၊ အရပ်ရှစ်မျက်နှာတို့သည်လည်း ထိုရဟန်းအား ထင်ကုန်၏၊ တရားတို့သည်လည်း ထိုရဟန်းအား ထင်လာကုန်၏၊ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'သည်လည်း ထိုရဟန်း၏ စိတ်ကို သိမ်းကျုံး၍ မတည်၊ မွေ့လျော်စွာလည်း မြတ်သော အကျင့်ကို ကျင့်ရ၏၊ ထိုရဟန်းအား တရားတို့၌လည်း မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' သည် မဖြစ်တော့ပေ။

ရဟန်းတို့ ထိုအကြောင်းကြောင့် သင်တို့သည် ဤသို့ ကျင့်ရမည်-

''ငါတို့သည် ဣနြေ္ဒတို့၌ စောင့်ရှောက် လုံခြုံသော တံခါးရှိသူ ဖြစ်ကုန်အံ့၊ ဘောဇဉ်တို့၌ အတိုင်းအရှည်ကို သိသူ နိုးကြားမှု၌ အားထုတ်သူ ကုသိုလ် တရားတို့ကို ရှုသူ ညဥ့်၏ ရှေ့ပိုင်း နောက်ပိုင်း၌ ဗောဓိပက္ခိယတရား ပွါးများ အားထုတ်မှုကို အားထုတ်သူ ဖြစ်၍ နေကုန်အံ့'' ဟု ကျင့်ရမည်။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု မိန့်တော်မူ၏။ 56

၆ - ဥပဇ္ဈာယသုတ်၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: