နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, December 8, 2009

အမျှဝေသဖြင့် ချမ်းသာသုခ ရရှိကြသူ...




သာဏဝါသီထေရပေတဝတ္ထု

သာဏမထေရ်၏ မိဘဆွေမျိုးများသည် အကုသိုလ်ကို ပြုခဲ့ကြသောကြောင့် သေလွန်ကြသောအခါ ပြိတ္တာဘဝ၌ အဝတ်မပါ အစာမရ ဒုက္ခကြီးစွာ တွေ့နေကြရသည်ကို သာဏမထေရ် တွေ့မြင်၍ အလှူ အတန်းပြုကာ အမျှဝေသဖြင့် ချမ်းသာသုခ ရရှိကြသော ပြိတ္တာများ။

မကောင်းမှုမှ ငြိမ်းအေးစေပြီးသော ပွါးများပြီးသော ဣနြေ္ဒရှိသော ကုဏ္ဍိမြို့သား ပေါဋ္ဌပါဒမည်သော မထေရ်သည် သာဏတောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုသာဏဝါသီမထေရ်၏ အမိ အဖ အစ်ကိုတို့သည် မကောင်းမှုကံကို ပြုကြကုန် သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာ ရှိကုန်သည်ဖြစ်၍ ဤလူ့ပြည်မှ ပြိတ္တာဘုံသို့ လားရောက်ကြရကုန်၏။ 408-9

ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုသူတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့် ကြောက်ရွံ့ကြသူ၊ များစွာ ကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမှု ရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။ 410

ထိုသာဏဝါသီမထေရ်၏ အစ်ကိုသည် အဝတ်မပါဘဲ ခြေတစ်ဖဝါး သွားသာရှိ သော လမ်းကျဉ်း၌ အဆောတလျင် တစ်ယောက်တည်း လေးဘက်ထောက် သွားလျက် မထေရ်အား ကိုယ်ထင်ပြ၏။ 411
မထေရ်သည်ကား နှလုံးမသွင်းသောကြောင့် စကားမဆိုမူ၍ လွန်သွား၏၊ ထိုပြိတ္တာသည်လည်း ဤသို့ မထေရ်အား သိစေ၏၊ အကျွန်ုပ်သည် သင်၏ အစ်ကိုပါတည်း၊ ပြိတ္တာဘုံသို့ ရောက်နေရပါ၏။ 412

အရှင်ဘုရား သင်၏ အမိသည် လည်းကောင်း၊ အဖသည် လည်းကောင်း မကောင်းမှုကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာရှိကုန်သည်ဖြစ်၍ ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြရကုန်၏။ 413

ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုအမိ အဖတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့် ကြောက်ရွံ့ကြသူ၊ များစွာ ကြောက်ခြင်း ရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမှု ရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။ 414

အရှင်ဘုရား သနားခြင်း ရှိတော်မူသော အရှင်ဘုရားသည် သနားစောင့်ရှောက် ချီးမြှောက်တော်မူပါလော့၊ အကျွန်ုပ်တို့အတွက် ပေးလှူ၍ ကုသိုလ်အဖို့ကို ရည်ညွှန်း ပေးဝေပါလော့၊ အရှင်ဘုရား ပေးလှူအပ်သော အလှူဒါနဖြင့် ကြမ်းတမ်းသော မကောင်းမှုရှိသော မိဖတို့သည် မျှတကြပါကုန်လတ္တံ့ဟု အစ်ကို ပြိတ္တာက ပြော၏။ 415

သာဏဝါသီမထေရ်သည် လည်းကောင်း၊ အခြားရဟန်း တစ်ဆယ့်နှစ်ပါးတို့သည် လည်းကောင်း ဆွမ်းခံလှည့်လည်ကြကုန်၍ ဆွမ်းကိစ္စဟူသော အကြောင်းကြောင့် တစ်ပေါင်းတည်း စုဝေးကြကုန်၏။ 416

သာဏဝါသီမထေရ်သည် အလုံးစုံသော ရဟန်းတို့အား ''အရှင်တို့ အရှင်တို့သည် ရသမျှသော ဆွမ်းကို အကျွန်ုပ်အား ပေးကြပါကုန်လော့၊ ဆွေမျိုးတို့ကို ချီးမြှောက်ရန် သံဃာအား ဆွမ်းလုပ်ကျွေးခြင်းကို အကျွန်ုပ် ပြုလိုပါ၏'' ဟု ပြောဆို၏။ 417

တစ်ကျိပ်နှစ်ပါးသော ရဟန်းတို့သည် သာဏဝါသီမထေရ်အား ရသမျှ ဆွမ်းကို လှူဒါန်းဆောင်နှင်းကြကုန်၏၊ သာဏဝါသီမထေရ်သည် သံဃာကို ပင့်ဖိတ်၏၊ သာဏဝါသီမထေရ်သည် ပေးလှူပြီးလတ်သော် ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့ အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေ၏။ 418

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား စင်ကြယ်မွန်မြတ်၍ အရသာနှင့် ပြည့်စုံသော အထူးထူးသော အရသာရှိသည့် ဟင်းတို့နှင့် ယှဉ်သော ဘောဇဉ်သည် ဖြစ်ပေါ်လာတော့၏။ 419

ထိုနောက် အစ်ကိုသည် အဆင်းခွန်အားနှင့် ပြည့်စုံလျက် ချမ်းသာခြင်း ရှိသည်ဖြစ်၍ ကိုယ်ထင်ပြ၏၊ အရှင်ဘုရား ဘောဇဉ်သည် များပြားလှပါ၏၊ သို့သော် ကြည့်တော်မူပါဦးလော့၊ အကျွန်ုပ်တို့သည် အဝတ်မဆီး အချည်းနှီးသာ ဖြစ်ကြပါကုန်သေး၏၊ အရှင်ဘုရား အကျွန်ုပ်တို့ အဝတ် ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု အစ်ကို ပြိတ္တာက သာဏဝါသီမထေရ်ကို လျှောက်ပြန်၏။ 420

သာဏဝါသီမထေရ်သည် အမှိုက်ပုံမှ အနားပြတ်သော ပုဆိုး အပိုင်းအစတို့ကို ရှာမှီး ကောက်ယူ၍ ပုဆိုးကြမ်း သင်္ကန်းပြုလျက် စာတုဒ္ဒိသာ သံဃာအား ပေးလှူ၏။ 421

သာဏဝါသီမထေရ်သည် သင်္ကန်း ပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။ 422

ရည်ညွှန်း ပေးဝေသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား အဝတ်တို့သည် ဖြစ်ကုန်၏၊ ထို့နောက် အစ်ကို ပြိတ္တာသည် ကောင်းသော အဝတ်ကို ဝတ်လျက် မထေရ်အား မိမိကိုယ်ကို ကိုယ်ထင်ပြ၏။ 423

နန္ဒမင်း၏ တိုင်းနိုင်ငံ၌ အကြင်မျှလောက် အဝတ်ပုဆိုးတို့သည် ရှိပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့၏ အဝတ် ပုဆိုးတို့သည် ထိုအဝတ်တို့ထက် များပါ ကုန်၏။ 424

ပိုးကမ္ဗလာထည်တို့သည် လည်းကောင်း၊ ခေါမထည် ဝါချည်ထည်တို့သည် လည်းကောင်း အလျားအနံအားဖြင့်လည်း ကျယ်ပြန့်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည် လည်းကောင်း ကင်၌သာ တွဲရရွဲကျကုန်၏။

ထိုအကျွန်ုပ်တို့သည် စိတ်နှစ်သက်ရာရာ အဝတ်ကို ဝတ်ဆင်ရပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် အိမ်တို့ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု လျှောက်ပြန်၏။ 426

သာဏဝါသီမထေရ်သည် သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်၍ စာတုဒ္ဒိသာ သံဃာအား ပေးလှူ၏၊ သာဏဝါသီမထေရ်သည် ပေးလှူပြီး၍ ''ငါ၏ ဤအလှူ သည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။ 427

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား ပုံစံတူဖြစ်သော စုလစ်မွန်းချွန် အထွတ်တပ်သော အိမ်တို့သည် ဖြစ်ပေါ်ကုန်၏။

ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် အကြင်သို့သော သဘောရှိ၏၊ ဤသို့သော သဘောရှိသော အိမ်တို့သည် လူ့ပြည်တို့၌ မရှိပါကုန်၊ နတ်ပြည်တို့၌ အိမ်တို့သည် အကြင်သို့သော သဘောရှိကုန်၏၊ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် ထိုသို့သော သဘောရှိပါကုန်၏။ 429

အကျွန်ုပ်တို့၏ အိမ်တို့သည် အရောင်ဖြင့် ထွန်းပလျက် ထက်ဝန်းကျင်အရပ် လေးမျက်နှာတို့ကို တင့်တယ်စေပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် သောက်ရေကို ရနိုင်လောက်သော အခြင်းအရာအားဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု လျှောက်၏။ 430

သာဏဝါသီမထေရ်သည် ဓမကရိုဏ်ရေစစ်ကို (ရေဖြင့်) ပြည့်စေ၍ စာတုဒ္ဒိသာ သံဃာအားပေးလှူ၏၊ မထေရ်သည် ရေပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေတော်မူ၏။ 431

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား သောက်ရေသည် ဖြစ်၏၊ အေးမြသော ရေရှိကုန်သော၊ ကောင်းသော ဆိပ်ကမ်း ရှိကုန်သော၊ အေးမြ၍ မွှေးပျံ့ကြိုင်လှိုင်သော ရနံ့ ရှိကုန်သော၊ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော နက်သော လေးထောင့်ရေကန်တို့သည် ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းကုန်သည်ဖြစ်၍ ရေ၏ အထက်၌ ကြာဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။ 432-433

ထိုပြိတ္တာတို့သည် ထိုရေကန်၌ ချိုးသောက်ပြီးနောက် သာဏဝါသီမထေရ်အား ကိုယ်ထင်ပြကုန်၏၊ အရှင်ဘုရား သောက်ရေသည် များပြားလှပါပြီ၊ အကျွန်ုပ်တို့၏ ခြေတို့သည် နာကျင်ပါကုန်၏၊ ပြတ်ကွဲပါကုန်၏၊ ကျောက်စရစ်, သမန်းမြက်, ဆူးငြောင့်ရှိသော အရပ်၌ လှည့်လည်ကြရကုန်သော အကျွန်ုပ်တို့သည် ခြေခွင်လျက် သွားကြရပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် ယာဉ်ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လ ပြုတော်မူပါဦးလော့ဟု လျှောက်ကြကုန်၏။ 434-5

သာဏဝါသီမထေရ်သည် တစ်လွှာ တစ်ထပ်သာရှိသော ဖိနပ်ကိုရ၍ စာတုဒ္ဒိသာသံဃာအား ပေးလှူ၏၊ မထေရ်သည် ပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ'' ဟု အမိအား လည်းကောင်း၊ အဖအား လည်းကောင်း၊ အစ်ကိုအား လည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။ 436

ရည်ညွှန်း ပေးဝေပြီးသည်၏ အခြားမဲ့၌ မထေရ်၏ အဆွေအမျိုး ပြိတ္တာတို့သည် ရထားဖြင့် မထေရ်ထံသို့ လာကုန်၏၊ အရှင်ဘုရား ထမင်းကို လှူခြင်းဖြင့် လည်းကောင်း၊ အဝတ်ပုဆိုးကို လှူခြင်းဖြင့် လည်းကောင်း - 437

အိမ်ကို လှူခြင်းဖြင့် လည်းကောင်း၊ သောက်ရေကို လှူခြင်းဖြင့် လည်းကောင်း၊ ယာဉ် (ဖိနပ်)ကို လှူခြင်းဖြင့် လည်းကောင်း (ယာဉ်ကို ပေးလှူခြင်း, ထမင်းစသည့် ပစ္စည်းလေးပါးကို ပေးလှူခြင်း) နှစ်ပါးစုံဖြင့် အရှင်ဘုရားသည် အကျွန်ုပ်တို့ကို သနား ချီးမြှောက်အပ်ပါကုန်၏၊ အရှင်ဘုရား လောက၌ သနားခြင်း ကရုဏာ ရှိသော ရဟန်းကို ရှိခိုးခြင်းငှါ လာရောက်ကြပါကုန်၏ဟု လျှောက်ကုန်၏။

၂ - သာဏဝါသီထေရပေတဝတ္ထု၊ စူဠဝဂ်၊ ပေတဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: