နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, January 30, 2009

ယောက်ျား၏ အဖြစ်ကို မလွန်မြောက်လိုသော်...

သံယောဂသုတ်- (ယှဉ်သည်၊ ကိလေသာနှင့်ယှဉ်သည်)

ယောက်ျား၏ အဖြစ်ကို မလွန်မြောက်လိုသော်...

ရဟန်းတို့ (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာကို သင် တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြ ကုန်။ ပ။

ရဟန်းတို့ ယောက်ျားသည် မိမိသန္တာန်၌ ...

၁။ ယောက်ျားဣနြေ္ဒကို နှလုံးသွင်း၏၊
၂။ ယောက်ျား အမူအရာ၊
၃။ ယောက်ျား အသွင်အပြင်၊
၎။ ယောက်ျား၏ မာန်၊
၅။ ယောက်ျား၏ အလိုဆန္ဒ၊
၆။ ယောက်ျား၏ အသံ၊
၇။ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊
ထိုယောက်ျားသည် ပုရိသိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊
ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊

ထိုယောက်ျားသည် တရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည် ဖြစ်၍.

၁။ အပသန္တာန်၌ ရှိသော ဣတ္ထိနြေ္ဒ ကို နှလုံးသွင်း၏၊
၂။ မိန်းမ၏ အမူအရာ၊
၃။ မိန်းမ၏ အသွင်အပြင်၊
၎။ မိန်းမ၏ မာန်၊
၅။ မိန်းမ၏ အလိုဆန္ဒ၊
၆။ မိန်းမ၏ အသံ၊
၇။ မိန်းမ၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊
ထိုယောက်ျားသည် ဣတ္ထိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊
ထိုခုနစ်မျိုးကုန်သော တရားတို့၌ မွေ့လျော်၏၊

ထိုယောက်ျားသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည် ဖြစ် ၍ အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကိုအလိုရှိ၏၊ ထိုယောက်ျားအား (မေထုန်နှင့်) ယှဉ်မှုဟူသော အကြောင်းကြောင့်ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုရှိ၏၊ ရဟန်းတို့ ယောက်ျားအဖြစ်၌ မွေ့လျော်ကုန်သော သတ္တဝါတို့သည် မိန်းမတို့၌ (မေထုန်နှင့်)ယှဉ်မှုသို့ ရောက်၏၊
ရဟန်းတို့ ဤသို့လျှင် ယောက်ျားသည် ယောက်ျား၏ အဖြစ်ကို မလွန်မြောက်နိုင်။

၈ - သံယောဂသုတ်-မှ၊ မဟာယည၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။

တေ၀ိဇ္ဇသုတ်- ဗြဟ္မာ့ပြည်သို့ သွားရာလမ်း

တေ၀ိဇ္ဇသုတ်

ဗြဟ္မာ့ပြည်သို့ သွားရာလမ်းကို ဟောကြားခြင်း၊

မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူ၏ -
ဝါသေဋ္ဌ ပူဇော်(အထူး)ကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ။ပ။ မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော် မူ၏။ ပ ။ [သာမညဖလ သုတ်၌ကဲ့သို့ နည်းတူ ချဲ့အပ်၏။]

ဝါသေဋ္ဌ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံပေ၏။

။ပ။ မိမိ၌ ဤအပိတ်အပင်
'နီဝရဏ' တရားငါးပါး ပယ်ပြီးဖြစ်သည်ကို ကောင်းစွာ မြင်သော ထိုသူအား
ဝမ်းမြောက်ခြင်းသည် ဖြစ်၏၊
ဝမ်းမြောက်သော သူအား နှစ်သိမ့်ခြင်း 'ပီတိ' သည် ဖြစ်၏၊
နှစ်သိမ့်သောစိတ်ရှိသော သူ၏ ကိုယ်သည် ငြိမ်းအေး၏၊
ငြိမ်းအေးသော ကိုယ်ရှိသော သူသည် ချမ်းသာကို ခံစား၏၊
ချမ်းသာသော သူ၏ စိတ်သည် တည်ကြည်၏၊

ထိုသူသည် ချမ်းသာစေလိုခြင်း မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် တစ်ခုသော အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ် မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက်အောက် ဖီလာအရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ် မျက်နှာတို့၌ (ရှိသော) သတ္တဝါအားလုံးကို မိမိနှင့်အတူ ပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။


ဝါသေဋ္ဌ အားကောင်းသော ခရုသင်းမှုတ်သမားသည် အရပ်လေးမျက်နှာတို့ကို ပင်ပန်းခြင်း မရှိဘဲသာလျှင် ကြားသိစေရာသကဲ့သို့၊ ဤ နည်းအတူပင်လျှင် မေတ္တာနှင့် ယှဉ်သော လွတ်မြောက်သောစိတ် 'မေတ္တာစေတော ဝိမုတ္တိ' ကို (အရပ်ဆယ်မျက်နှာတို့၌) ပွါးများလိုက်သည်ရှိသော် အတိုင်းအရှည်ဖြင့် ပြုခဲ့သော (ကာမာဝစရ) ကံသည် ထို (မေတ္တာစေတောဝိမုတ္တိတည်ရာ) ၌ မကြွင်းကျန်တော့ လတ္တံ့၊ အတိုင်းအရှည့်ဖြင့် ပြုခဲ့သော ထို (ကာမာဝစရ) ကံသည် ထို (မေတ္တာ စေတောဝိမုတ္တိတည်ရာ) ၌ မတည်နိုင်တော့လတ္တံ့၊

ဝါသေဋ္ဌ ဤသည်လည်း ဗြဟ္မာ၏ အပေါင်းအဖော် ဖြစ်ရန် လမ်းပေတည်း။

ဝါသေဋ္ဌ တစ်ဖန် ထို့ပြင်လည်း ရဟန်းသည်
သနားခြင်း 'ကရုဏာ' နှင့် ယှဉ်သော စိတ်ဖြင်။ ပ ။
ဝမ်းမြောက်ခြင်း 'မုဒိတာ' နှင့် ယှဉ်သော စိတ်ဖြင်။ ပ ။
လျစ်လျူရှုခြင်း 'ဥပေက္ခာ' နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ် မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့်အထက် အောက် ဖီလာအရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာ တို့၌ (ရှိသော) သတ္တဝါအားလုံးကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိ သော ငြိုငြင်ခြင်း မရှိသော ဥပေက္ခာနှင့် ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

ဝါသေဋ္ဌ အားကောင်းသော ခရုသင်းမှုတ်သမားသည် အရပ်လေးမျက်နှာတို့ကို ပင်ပန်းခြင်း မရှိဘဲသာလျှင် ကြားသိစေရာသကဲ့သို့၊ ဤနည်းအတူပင်လျှင် ဥပေ-က္ခာနှင့် ယှဉ်သော လွတ်မြောက်သောစိတ် 'ဥပေက္ခာစေတောဝိမုတ္တိ' ကို (အရပ် ဆယ်မျက်နှာတို့၌) ပွါးများလိုက်သည်ရှိသော် အတိုင်းအရှည်ဖြင့် ပြုခဲ့သော (ကာမာဝစရ)ကံသည် ထို (ဥပေက္ခာစေတောဝိမုတ္တိတည်ရာ)၌ မကြွင်းကျန် တော့ လတ္တံ့၊ အတိုင်းအရှည်ဖြင့် ပြုခဲ့သော ထို(ကာမာဝစရ)ကံသည် ထို (ဥပေက္ခာ စေတောဝိမုတ္တိတည်ရာ) ၌ မတည်နိုင်တော့ လတ္တံ့၊

ဝါသေဋ္ဌ ဤသည်လည်း ဗြဟ္မာ၏အပေါင်း အဖော်ဖြစ်ရန် လမ်းပေတည်း။

ဝါသေဋ္ဌ ထိုအရာကို အဘယ်သို့ ထင်သနည်း...

ဤသို့နေလေ့ရှိသော ရဟန်းသည်...

(သားမယား ကို) သိမ်းဆည်းခြင်း ရှိသလော့၊ သိမ်းဆည်းခြင်း မရှိသလော။
အသျှင်ဂေါတမ (ကာမစ္ဆန္ဒမရှိသောကြောင့်) သိမ်းဆည်းခြင်း မရှိပါ။

ရန်နှင့်ယှဉ်သောစိတ် ရှိသလော့၊ ရန်နှင့်ယှဉ်သောစိတ် မရှိသလော။
အသျှင်ဂေါတမ (ဗျာပါဒမရှိသောကြောင့်) ရန်နှင့်ယှဉ်သောစိတ် မရှိပါ။

မခံ့ကျန်းသောစိတ် ရှိသလော့၊ မခံ့ကျန်းသောစိတ် မရှိသလော။
အသျှင်ဂေါတမ (ထိနမိဒ္ဓမရှိသောကြောင့်) မခံ့ကျန်းသောစိတ် မရှိပါ။

ညစ်နွမ်းသောစိတ် ရှိသလော့၊ ညစ်နွမ်းသောစိတ် မရှိသလော။
(ဥဒ္ဓစ္စ ကုက္ကုစ္စ စသော ကိလေသာမရှိသောကြောင့်) ညစ်နွမ်းသောစိတ် မရှိပါ။

(စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သလော့၊ အလိုအတိုင်း မဖြစ်စေနိုင်သလော။
အသျှင်ဂေါတမ (ဝိစိကိစ္ဆာမရှိသောကြောင့်) အလိုအတိုင်း ဖြစ်စေနိုင်ပါ၏။

ဝါသေဋ္ဌ ရဟန်းသည် (သားမယားကို) သိမ်းဆည်းခြင်း မရှိ၊ ဗြဟ္မာသည်လည်း (သားမယားကို) သိမ်းဆည်းခြင်းမရှိဟုဆို၏၊ (သို့ဖြစ်လျှင်) ရဟန်း၏ (သားမယား ကို) မသိမ်းဆည်းခြင်းသည် ဗြဟ္မာ၏ (သားမယားကို) မသိမ်းဆည်းခြင်းနှင့်အတူ ရောနှော ညီညွတ်သည် မဟုတ်ပါလော။

''အသျှင်ဂေါတမဟုတ်ပါ၏''။

ဝါသေဋ္ဌ ကောင်းပြီ၊ (သားမယားကို) သိမ်းဆည်းခြင်းမရှိသော ထိုရဟန်းသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ (သားမယားကို) သိမ်းဆည်းခြင်း မရှိသော ဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ရောက်နိုင်အံ့သော အကြောင်းသည် ရှိပေ၏။

ဝါသေဋ္ဌ ရဟန်းသည် ရန်နှင့်ယှဉ်သောစိတ် မရှိ၊
ဗြဟ္မာသည်လည်း ရန်နှင့်ယှဉ်သောစိတ် မရှိဟု ဆို၏။ပ။

ဝါသေဋ္ဌ ရဟန်းသည် မခံ့ကျန်းသောစိတ် မရှိ၊
ဗြဟ္မာသည်လည်း မခံ့ကျန်းသောစိတ် မရှိဟု ဆို၏။ပ။

ဝါသေဋ္ဌ ရဟန်းသည် ညစ်နွမ်းသောစိတ် မရှိ၊
ဗြဟ္မာသည်လည်း ညစ်နွမ်းသောစိတ် မရှိဟု ဆို၏။ပ။

ဝါသေဋ္ဌ ရဟန်းသည် (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်၏၊
ဗြဟ္မာသည်လည်း (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သည်ဟု ဆို၏၊

(ဤသို့ဖြစ်လျှင်) ရဟန်း၏ (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်ခြင်းသည် ဗြဟ္မာ၏ (စိတ်ကို) အလိုအတိုင်း ဖြစ်စေခြင်းနှင့် အတူ ရောနှော ညီညွတ်သည် မဟုတ်ပါ လော။

အသျှင်ဂေါတမ ဟုတ်ပါ၏။

ဝါသေဋ္ဌ ကောင်းပြီ၊ ဝါသေဋ္ဌ (စိတ်ကို) အလိုအတိုင်းဖြစ်စေနိုင်သော ထိုရဟန်း သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ (စိတ်ကို) အလိုအတိုင်း ဖြစ်စေနိုင်သော ဗြဟ္မာ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်နိုင်အံ့သော အကြောင်း သည် ရှိပေ၏ဟု ဟောကြားတော်မူ၏။

ဤသို့ ဟောကြားတော်မူသော် ဝါသေဋ္ဌနှင့် ဘာရဒွါဇလုလင်တို့သည်
မြတ်စွာဘုရားအား ဤစကားကို လျှောက်ကြားလေကုန်၏ -

''အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊
အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊
အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့ လည်းကောင်း၊
ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊
မျက်စိလည်သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊
''မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'' ဟု အမိုက် မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဂေါတမ) ဤအတူသာလျှင်အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော် ကို ပြတော်မူပါပေ၏၊

အသျှင်ဂေါတမ ထိုအကျွန်ုပ်တို့သည် ...
အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊
တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊
သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊

အသျှင်ဂေါတမသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါ'' ဟု လျှောက်ကြား လေကုန် သတည်း။

တေ၀ိဇ္ဇသုတ်၊ သီလက္ခန်ပါဠိတော်၊ ဒီဃနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကောင်းလှပေ၏။ သာဓု၊ သာဓု၊ သာဓု။...

Thursday, January 29, 2009

မိန်းမ၏ အဖြစ်ကိုလွန်မြောက်လိုသော်...

သံယောဂသုတ်- (ယှဉ်သည်၊ ကိလေသာနှင့်ယှဉ်သည်)

မိန်းမ၏ အဖြစ်ကို လွန်မြောက်လိုသော်...

ရဟန်းတို့ (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာကို သင် တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြ ကုန်။ ပ။

ရဟန်းတို့ ဤသို့လျှင် (မေထုန်နှင့်) ယှဉ်မှု ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် (မေထုန်နှင့်) မယှဉ်မှု ဖြစ်သနည်း။

၁။ ရဟန်းတို့ မိန်းမသည် မိမိသန္တာန်၌
၂။ မိန်းမဣနြေ္ဒကို နှလုံးမသွင်း၊
၃။ မိန်းမအမူအရာ၊
၎။ မိန်းမ အသွင်အပြင်၊
၅။ မိန်းမ၏ မာန်၊
၆။ မိန်းမ၏ အလိုဆန္ဒ၊
၇။ မိန်းမ၏ အသံ၊
မိန်းမ၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊
ထိုမိန်းမသည် ဣတ္ထိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊
ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊

ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ မတပ်မက် မမွေ့လျော်သည် ဖြစ်၍...

၁။ အပသန္တာန်၌ ရှိသော ပုရိသိနြေ္ဒကို နှလုံးမသွင်း၊
၂။ ယောက်ျား အမူအရာ၊
၃။ ယောက်ျား အသွင်အပြင်၊
၎။ ယောက်ျား၏ မာန်၊
၅။ ယောက်ျား၏ အလိုဆန္ဒ၊
၆။ ယောက်ျား၏ အသံ၊
၇။ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊
ထိုမိန်းမသည် ပုရိသိနြေ္ဒစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊
ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊
ထိုခုနစ်မျိုးသော တရားတို့၌ မတပ်မက် မမွေ့လျော်သည် ဖြစ်၍...

အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုမရှိ၊ ထိုမိန်းမအား (မေထုန်နှင့်)ယှဉ်မှု ဟူသော အကြောင်းကြောင့် ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုမရှိ၊ ရဟန်းတို့ မိန်းမ၏ အဖြစ်၌ မမွေ့လျော်ကုန်သော သတ္တဝါတို့သည် ယောက်ျားတို့ ၌ (မေထုန်နှင့်) ယှဉ်မှုသို့ မရောက်၊
ရဟန်းတို့ ဤသို့လျှင် မိန်းမသည် မိန်းမ၏ အဖြစ်ကိုလွန်မြောက်၏။

၈ - သံယောဂသုတ်-မှ၊ မဟာယည၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။

ပိဋ္ဌဓီတလိကာ- (မုံ့ညက်ယမင်းရုပ်)

ပိဋ္ဌဓီတလိကပေတဝတ္ထု- (ပိဋ္ဌဓီတလိကာ=မုံ့ညက်ယမင်းရုပ်)

သေပြီးသူကိုဖြစ်စေ အိမ်စောင့်နတ်စသည်ကို အကြောင်းပြု၍ ဖြစ်စေ နတ်မင်း ကြီးလေးပါးကို အကြောင်းပြု၍ ဖြစ်စေ လှူဒါန်းခဲ့လျှင် သေသူကို ပူဇော်သည် မည်ကြောင်း ကောင်းကျိုးခံစားရကြောင်း-

နှမြောဝန်တိုမှု မရှိသူသည် မင်္ဂလာစသည်တို့တွင် တစ်စုံတစ်ခုကို အကြောင်းပြု၍ ဖြစ်စေ၊ သေပြီးသူတို့ကို အကြောင်းပြု၍ ဖြစ်စေ၊ ထိုမှတစ်ပါး အိမ်စောင့်နတ် စသည်တို့ကို အကြောင်းပြု၍ ဖြစ်စေ ကုဝေရနတ်, ဓတရဋ္ဌနတ်, ဝိရူပက္ခနတ်, ဝိရူဠကနတ်ဟူသော လောကကို စောင့်ရှောက်ကုန်သော များသော အခြံအရံ ရှိကုန်သော နတ်မင်းကြီးလေးယောက်တို့ကို အကြောင်းပြု၍ဖြစ်စေ အလှူဒါနကို ပေးလှူရာ၏၊ ဤသို့ ပေးလှူသည်ရှိသော် နတ်မင်းကြီး လေးယောက် အိမ်စောင့် နတ်စသည်နှင့် သေလွန်ပြီး သူတို့ကိုလည်း ပူဇော်အပ်သည် မည်ကုန်၏၊
ပေးလှူသူ ဒါယကာတို့သည်လည်း အကျိုးကြီးကုန်၏။

ငိုကြွေးခြင်းသည် လည်းကောင်း, စိုးရိမ်ပူဆွေးခြင်းသည် လည်းကောင်း, ထိုမှ တစ်ပါးသော အကြင် ပြောဆိုမြည်တမ်းခြင်းသည် လည်းကောင်း ပြိတ္တာတို့၏ အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည်ကား ငိုကြွေးနေကြကုန်၏။

(တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူးလျက်) ပေးလှူအပ်သော အလှူသည် သံဃာ၌ ကောင်းစွာ တည်သည်ဖြစ်၍ ကာလရှည်မြင့်စွာ စီးပွားချမ်းသာဖြစ်ခြင်း အကျိုးငှါ ထိုပြိတ္တာထံသို့ တစ်ခဏချင်း ကပ်ရောက်၏ဟု (မြတ်စွာဘုရား ဟော တော်မူ၏)။

၎ - ပိဋ္ဌဓီတလိကပေတဝတ္ထု၊ ဥရဂဝဂ်၊ ထေရာပဒါန်၊ ခုဒ္ဒကပါဠိတော်။

Wednesday, January 28, 2009

ပါဋိဘောဂသုတ်၊

ပါဋိဘောဂသုတ်၊

ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ် စေ လောက၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေတရားလေးမျိုးတို့ကို တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။

အဘယ်လေးမျိုးတို့နည်းဟူမူ-
သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ လောက၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ အိုခြင်းသဘောကို ''မအိုစေအံ့''ဟု တာဝန် ခံနိုင်သူ တစ်စုံ တစ်ယောက်မျှ မရှိပေ။

သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လော က၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ နာခြင်းသဘောကို ''မနာစေအံ့'' ဟု တာဝန်ခံ နိုင်သူ တစ်စုံ တစ်ယောက်မျှ မရှိပေ။

သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လော က၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ သေခြင်းသဘောကို ''မသေစေအံ့''ဟု တာဝန်ခံ နိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။

သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လော က၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ ကိလေသာ၏ အာရုံဖြစ်ကုန်သော တစ်ဖန်ဘဝ သစ်ကို ဖြစ်စေတတ် ကုန်သော ပူပန်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးရှိကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ် ကုန်သော ရှေးက မိမိသည် ပြုအပ်ပြီးကုန်သော ယုတ်ညံ့ကုန်သော ကံတို့၏ အကျိုးကို ''မဖြစ်စေအံ့'' ဟု တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။

ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာ ဖြစ်စေ လောက၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ ဤတရားလေးမျိုးတို့ကို တာဝန်ခံ နိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေဟု (မိန့်တော်မူ၏)။

၂ - ပါဋိဘောဂသုတ်၊ ဗြာဟ္မဏဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

မေတ္တာ-ကရုဏာ-မုဒိတာ-ဥပေက္ခာ-

အပ္ပမညာလေးပါးတို့ကား-

၁... မေတ္တာ
ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာစေလိုခြင်း 'မေတ္တာ' နှင့်ယှဉ်သော စိတ် ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သော အရပ်မျက်နှာကို။ လေးခုမြောက်သော အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်းအားဖြင့် အထက်အောက် ဖီလာ အရပ် မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ သတ္တဝါ အားလုံးတို့ ၌ မိမိနှင့် အတူပြု၍ သတ္တဝါအားလုံး ပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

၂... ကရုဏာ
သနားခြင်း 'ကရုဏာ' နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပြန့်နှံ့ စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သော အရပ်မျက်နှာကို။ လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်း အားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာတို့ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံ သော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူ ပြု၍ သတ္တဝါ အားလုံး ပါဝင်သော သတ္တလောကကို သနားခြင်း 'ကရုဏာ' နှင့် ယှဉ်သော ပြန့်ပြောသော မြတ်သော အပိုင်းအခြား မရှိသော ရန်မရှိသော ကြောင့်ကြမရှိသော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

၃... မုဒိတာ
ဝမ်းမြောက်ခြင်း 'မုဒိတာ' နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို၊ သုံးခုမြောက်သော အရပ်မျက်နှာကို၊ လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်း အားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာတို့ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံ သော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါ အားလုံး ပါဝင်သော သတ္တလောကကို ဝမ်းမြောက်ခြင်း 'မုဒိတာ' နှင့် ယှဉ်သော ပြန့်ပြော သော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

၎... ဥပေက္ခာ
လျစ်လျူရှုခြင်း 'ဥပေက္ခာ' နှင့် ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ထို့အတူ နှစ်ခုမြောက်သော အရပ်မျက်နှာကို။ သုံးခုမြောက်သော အရပ်မျက်နှာကို။ လေးခုမြောက်သော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏၊ ဤနည်း အားဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာတို့ကို ပျံ့နှံ့စေ၍ နေ၏၊ အလုံးစုံ သော အရပ်မျက်နှာတို့၌ သတ္တဝါအားလုံးတို့၌ မိမိနှင့်အတူပြု၍ သတ္တဝါ အားလုံး ပါဝင်သော သတ္တလောကကို လျစ်လျူရှုခြင်း 'ဥပေက္ခာ' နှင့်ယှဉ်သော ပြန့်ပြော သော မြတ်သော အပိုင်းအခြားမရှိသော ရန်မရှိသော ကြောင့်ကြမရှိသောစိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

၃ - ပဥှာပုစ္ဆကနည်း၊ အပ္ပမညာဝိဘင်္ဂင်္င်္၊ ၀ိဘင်းပါဠိတော်။

ဘဝသုတ်- ပယ်ရန်သုံးပါး၊ ကျင့်ရန်သုံးပါ-

ဘဝသုတ်

ရဟန်းတို့ ...
ဤဘဝ သုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊
သိက္ခာ သုံးမျိုးတို့၌လည်း ကျင့်အပ်၏။

အဘယ် ဘဝသုံးမျိုး တို့ကို ပယ်အပ်ကုန် သနည်း ဟူမူ
၁။ ကာမဘဝကို လည်းကောင်း၊
၂။ ရူပဘဝကို လည်းကောင်း၊
၃။ အရူပဘဝကို လည်းကောင်း ဤဘဝသုံးမျိုးတို့ကို ပယ်အပ်ကုန်၏။

အဘယ် သိက္ခာ သုံးမျိုးတို့၌ ကျင့်အပ် သနည်း။
၁။ အဓိသီလသိက္ခာ၌ လည်းကောင်း၊
၂။ အဓိစိတ္တသိက္ခာ၌ လည်းကောင်း၊
၃။ အဓိပညာသိက္ခာ၌ လည်းကောင်း ဤသိက္ခာ သုံးမျိုးတို့၌လည်း ကျင့်အပ်၏။

ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် ဤဘဝ သုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ဤ သိက္ခာသုံးမျိုးတို့၌လည်း ကျင့်အပ်သော အကျင့်ရှိ၏၊ ရဟန်းတို့ ထိုအခါ ဤရဟန်း ကို တဏှာကို ဖြတ်ပြီးသူ၊ သံယောဇဉ်ကို လွန်မြောက်ပြီးသူ၊ ကောင်းစွာ မာနကို ပယ်ခြင်းကြောင့် ဝဋ်ဆင်းရဲ၏အဆုံးကို ပြုပြီးသူဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

၁ဝ - ဘဝသုတ်၊ အာနိသံသဝဂ်၊ ဆက္ကနိပါတ်၊ အဂုင်္တ္တိုရ်။

ဒုတိယ ပဇ္ဇုန္နဓီတုသုတ်- (မိုးနတ်သမီး)

ဒုတိယ ပဇ္ဇုန္နဓီတုသုတ် - (မိုးနတ်သမီး)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော၌ ပြာသာဒ် ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဇ္ဇုန္နနတ်၏ သမီးဖြစ်သော စူဠကောကနဒါနတ်သမီးသည် အလွန်နှစ်သက်ဖွယ်သော အဆင်း ရှိသည်ဖြစ်၍ ညဥ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ မဟာဝုန်တော အလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော်-

မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''လျှပ်စစ်ရောင် အဆင်းရှိသော ပဇ္ဇုန္နနတ်၏သမီး ကောကနဒါမည်သော နတ်သမီး သည် မြတ်စွာဘုရားကို လည်းကောင်း၊ တရားကို လည်းကောင်း ရှိခိုးလိုသည် ဖြစ်၍ ဤမဟာဝုန်တောသို့ လာပါ၏။ အနက်နှင့် ပြည့်စုံသော ဤဂါထာတို့ကို ရွတ်ဆိုပါ၏။

များစွာသော အကြောင်းဖြင့် (အကျွန်ုပ်သည်) ထိုတရားတော်ကို ဝေဖန်လိုပါ၏၊ တရားတော်သည် ထိုသို့ဝေဖန်အပ်သော သဘောရှိပါ၏၊ အကြင်မျှလောက် အကျွန်ုပ်သည် စိတ်ဖြင့် သင်အပ်၏၊ ထိုမျှလောက် အကျဉ်းဖြစ်သော အနက်ကို ဆိုပါအံ့။ အလုံးစုံသော လောက၌ ကိုယ်နှုတ်စိတ်ဖြင့် တစ်ရံတစ်ဆစ်မျှ မကောင်း မှုကို မပြုရာ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသော သူသည် ကာမဂုဏ်တို့ကို စွန့်၍ အကျိုးစီးပွားနှင့် မစပ်သော ဆင်းရဲကို မမှီဝဲရာ'' ဟု (လျှောက်၏)။

၁ဝ - ဒုတိယ ပဇ္ဇုန္နဓီတုသုတ်၊ သတုလ္လပကာယိကဝဂ်၊ သဂါထာဝဂ္ဂသံယုတ်။

သဒ္ဓါသုတ်-

သဒ္ဓါသုတ်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော် ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန် နှစ်သက်ဖွယ်သော အဆင်းရှိ ကုန်သည် ဖြစ်၍ ညဥ့်ဦး ယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်း စေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏၊

တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည်...
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''ယုံကြည်မှု 'သဒ္ဓါ'သည် ယောက်ျား၏ အပေါင်းအဖော် ဖြစ်၏၊
မယုံကြည်မှုသည် အကယ်၍ မတည်သည်ဖြစ်အံ့၊
ထိုသို့ မတည်သောကြောင့် အခြံအရံသည် လည်းကောင်း၊
အကျော်အစောသည် လည်းကောင်း ထိုသူ့အား ဖြစ်၏။
ထိုသူသည် ခန္ဓာကိုယ်ကို စွန့်ရသော် နတ်ပြည်သို့လည်း လားရ၏''ဟု လျှောက်၏။

ထိုအခါ တစ်ပါးသော နတ်သားသည်...
မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အမျက်ထွက်မှု 'ကောဓ'ကို ပယ်စွန့်ရာ၏၊
ထောင်လွှားမှု 'မာန'ကို ပယ်စွန့်ရာ၏၊
အလုံးစုံသော သံယောဇဉ်ကို လွန်မြောက်ရာ၏၊
နာမ်ရုပ်၌ ကပ်ငြိမှု မရှိသော ကြောင့်ကြမှု မရှိသော ထိုသူသို့-
(ငါးပါးသော) ကပ်ငြိခြင်းတို့သည် မကျရောက်ကုန်'' ဟု (လျှောက်၏)။

မိုက်ကုန်သော ပညာနည်းကုန်သော သူတို့သည်-
မေ့လျော့မှု 'ပမာဒ'ကို အားထုတ်ကုန်၏၊

ပညာရှိသည် 'မြတ်သောဥစ္စာကို စောင့်ရှောက်သကဲ့သို့-
မမေ့မလျော့မှု 'အပ္ပမာဒ' ကိုလည်း စောင့်ရှောက်၏။

မေ့လျော့မှု 'ပမာဒ'ကို အားမထုတ်ရာ၊
ကာမဂုဏ်၌ မွေ့လျော်မှု ပေါင်းဖော်မှုကို အားမထုတ်ရာ။

မှန်၏...
မမေ့လျော့သည် ဖြစ်၍ မကောင်းမှုကို ရှို့မြှိုက်သော သူသည်
အလွန်မြတ်သော (အရဟတ္တဖိုလ်) ချမ်းသာသို့ ရောက်ရ၏ ဟု (မိန့်တော်မူ၏)။

၆ - သဒ္ဓါသုတ်၊ သတုလ္လပကာယိကဝဂ်၊ သဂါထာဝဂ္ဂသံယုတ်။

Tuesday, January 27, 2009

မကျင့်အပ်သော အကျင့်များ

မကျင့်အပ်သော အကျင့်များ

ထိုနှစ်ပါးတို့တွင် အဘယ်သည် မကျင့်အပ်သော အကျင့် မည်သနည်း။
ကိုယ်၌ ဖြစ်သော လွန်ကျူးခြင်း၊
နှုတ်၌ ဖြစ်သော လွန်ကျူးခြင်း၊
ကိုယ်နှုတ်၌ ဖြစ်သော လွန်ကျူးခြင်းသည် ရှိ၏။
ဤသဘောကို မကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။
သီလပျက်ကြောင်း အကျင့်အားလုံးသည်လည်း မကျင့်အပ်သော အကျင့်မည်၏။

ဤသာသနာတော်၌ အချို့သော ရဟန်းသည် ...

ဝါး ပေးခြင်းဖြင့် လည်းကောင်း၊
သစ်ရွက် ပေးခြင်းဖြင့် လည်းကောင်း၊
ပန်း ပေးခြင်းဖြင့် လည်းကောင်း၊
သစ်သီး ပေးခြင်းဖြင့် လည်းကောင်း၊
ရေချိုးဆပ်ပြာမှုန့် ပေးခြင်းဖြင့် လည်းကောင်း၊
ဒန်ပူပေးခြင်းဖြင့် လည်းကောင်း၊
ချစ်ခင်စေလို၍ မြှောက်ပင့်ပြောဆိုခြင်းဖြင့် လည်းကောင်း၊
အမှန်နည်းပါး အမှားများသော စကားကို ပြောဆိုခြင်းဖြင့် လည်းကောင်း၊
ကလေးချော့ ကလေးထိန်းပေးခြင်းဖြင့် လည်းကောင်း၊
လူတို့အတွက် သတင်းပို့ပေးခြင်းဖြင့် လည်းကောင်း၊

မြတ်စွာဘုရား စက်ဆုပ်တော်မူအပ်သော
မှားသော အသက်မွေးမှု တစ်ခုခုဖြင့် လည်းကောင်း အသက်မွေးမြူ၏၊
ဤသဘောကို မကျင့်အပ်သော အကျင့်ဟု ဆိုအပ်၏။

မကျင့်အပ်သော အကျင့်များ၊ ဈာနဝိဘင်္ဂ၊ ဝိဘင်္ဂပါဠိတော်။

ကျင့်အပ်သော အကျင့်များ --->

Monday, January 26, 2009

ဥဇ္ဈာနသညိသုတ်

ဥဇ္ဈာနသညိသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌(သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကဲ့ရဲ့ ရှုတ်ချ တတ်သောကြောင့် ဥဇ္ဈာန အမည်ရှိကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဥ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန် တစ်ကျောင်းလုံးကို ထွန်းလင်းစေ၍ မြတ်စွာ ဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကုန်၏၊ ကောင်းကင်၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အကြင် (သီလမရှိသော) ရဟန်းသည် တစ်ပါးသော (မစင်ကြယ်သော) အခြင်း အရာအားဖြင့်ဖြစ်သော မိမိကိုယ်ကို တစ်ပါးသော (စင်ကြယ်သော) အခြင်းအရာ အားဖြင့် ပြောကြား၏၊ 'လှည့်ပတ်၍ စားတတ်သော ငှက်မုဆိုးကဲ့သို့' ထိုရဟန်း၏ ထို (တိုင်းသားပြည်သူ ကြည်ဖြူစွာ လှူအပ်သောဆွမ်းကို) သုံးဆောင်ခြင်းသည် ခိုးဝှက်သဖြင့် သုံးဆောင်အပ်သည် မည်၏။

အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သောအမှုကိုသာ ပြောဆိုရာ၏။ အကြင်အမှုကို မပြုလုပ်၊ ထိုမပြုလုပ်သောအမှုကို မပြောဆိုရာ။ မပြုလုပ်ဘဲလျက် ပြောဆိုသော သူကို ပညာရှိတို့သည် သိကုန်၏'' ဟု (လျှောက်၏)။

''အကြင်အကျင့်သည် မြဲမြံသော သဘောရှိ၏၊ အကြင်အကျင့်ဖြင့် ပညာရှိတို့သည် မကောင်းမှုကို ရှို့မြှိုက်ကုန်သည် ဖြစ်၍ မာရ်တည်း ဟူသော အနှောင်အဖွဲ့မှ လွတ်ကုန်၏။ ဤအကျင့်ကို ပြောဆိုကာမျှဖြင့် လည်းကောင်း၊ စင်စစ် ကြားကာ မျှဖြင့် လည်းကောင်း အစဉ်အတိုင်း သက်ဝင်ရန် မစွမ်းနိုင်ကုန်။

ပညာရှိတို့သည် လောက၏ အကြောင်းကို သိကုန်၍ ဤသို့မပြုကုန်၊ (သစ္စာ လေးပါးတရားကို)သိ၍ လောက၌ ကပ်ငြိမှု (တဏှာ)ကို လွန်မြောက် ကုန်ပြီးသော ပညာရှိတို့သည် ကိလေသာမှ ငြိမ်းကုန်၏'' ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုနတ်သားတို့သည် မြေ၌ တည်ကုန်၍ မြတ်စွာဘုရား၏ ခြေတော်၌ ဦးခိုက်ကုန်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏-
''အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့် အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် အကျွန်ုပ်တို့ကို လွှမ်းမိုး၍ နေပါ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ထိပါးအပ်၏ဟု အောက်မေ့မိပါကုန်၏၊ အသျှင်ဘုရား မြတ်စွာ ဘုရားသည် အကျွန်ုပ်တို့၏ အပြစ်ကို အပြစ်အားဖြင့် နောင်အခါ စောင့်စည်းပါရ ခြင်းငှါ သည်းခံတော်မူပါ'' ဟု (လျှောက်ကြကုန်၏)၊

ထိုအခါ မြတ်စွာဘုရားသည် ပြုံးတော်မူ၏၊

ထိုအခါ နတ်သားတို့သည် အတိုင်းထက် အလွန် ကဲ့ရဲ့လိုကုန်သည်ဖြစ်၍ ကောင်း ကင်သို့ ပျံတက်ကုန်ပြီးလျှင် တစ်ယောက်သော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အကြင်သူသည် (ဝန်ခံ) ပြောကြားကုန်သော သူတို့၏ အပြစ်ကို အကယ်၍ လက် မခံသည် ဖြစ်အံ့၊ အတွင်း၌ ဖြစ်သော အမျက်ဒေါသ ရှိသည်ဖြစ်၍ အပြစ်ကို အလေးပြု၍နေသော ထိုသူသည် ရန်ကို (မိမိ၌) စွပ်ထားသည် မည်၏'' ဟု (လျှောက်၏)။

ပြစ်မှုသည် အကယ်၍ မရှိသည် ဖြစ်အံ့၊ ဤလောက၌ အပြစ်သည် မဖြစ်ရာ၊ ရန်တို့သည်လည်း မငြိမ်းကုန်ရာ၊ ဤလောက၌ အဘယ့်ကြောင့် လိမ်မာသူ ဖြစ်ရ အံ့နည်း ဟု (မိန့်တော်မူ၏)။

အဘယ်သူအား ပြစ်မှုတို့သည် မရှိကုန်သနည်း၊ အဘယ်သူအား ပြစ်မှားခြင်းသည် မရှိသနည်း၊ အဘယ်သူသည် တွေဝေခြင်းသို့ မရောက်သနည်း၊ အဘယ်သူသည် အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော ပညာရှိ မည်သနည်း ဟု (လျှောက်၏)။

သတ္တဝါအားလုံးတို့ကို အစဉ်သနားတော်မူတတ်သော 'ရှေးဘုရားတို့ကဲ့သို့' လာ ခြင်း ကောင်းတော်မူသော ထိုမြတ်စွာဘုရားအား ပြစ်မှုတို့သည် မရှိကုန်၊ ထို မြတ်စွာဘုရားအား ပြစ်မှားခြင်းသည် မရှိ၊ ထိုမြတ်စွာဘုရားသည် ပြင်းစွာ တွေဝေ ခြင်းသို့ မရောက်၊ ထိုမြတ်စွာဘုရားသည်သာလျှင် အခါခပ်သိမ်း သတိနှင့် ပြည့်စုံ သော ပညာရှိ မည်၏။

အကြင်သူသည် (ဝန်ခံ) ပြောကြားကုန်သော သူတို့၏ အပြစ်ကို အကယ်၍ လက်မခံသည် ဖြစ်အံ့၊ အတွင်း၌ ဖြစ်သော အမျက်ဒေါသ ရှိသည်ဖြစ်၍ အပြစ်ကို အလေးပြု၍ နေသော ထိုသူသည် ရန်ကို (မိမိ၌) စွပ်ထားသည်မည်၏၊

ထိုရန်ကို (ငါ) မနှစ်သက် (မတောင့်တ)၊
သင်တို့၏ အပြစ်ကို (ငါ) လက်ခံ၏ ဟု (မိန့်တော်မူ၏)။

၅ - ဥဇ္ဈာနသညိသုတ်၊ သတုလ္လပကာယိကဝဂ်၊ သဂါထာဝဂ္ဂသံယုတ်။

မေထုနသုတ်- (တပ်မက်သူနှစ်ဦးတို့၏အမှု)

မေထုနသုတ်- (တပ်မက်သူနှစ်ဦးတို့၏အမှု)

ထိုအခါ ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်နေ လျက် မြတ်စွာဘုရားအား -

အသျှင်ဂေါတမသည်လည်း မြတ်သောအကျင့်ကို ကျင့်၏ဟု
ဝန်ခံသည် မဟုတ်ပါလောဟု လျှောက်၏။

ပုဏ္ဏား ''မကျိုး မပေါက် မပြောက် မကျားသော ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်၏'' ဟူသော စကားကို ကောင်းစွာ ပြောဆိုလိုသော သူသည် ငါ့ကိုသာလျှင် ပြောဆိုရာ၏။

''ပုဏ္ဏား ထိုစကား ဟုတ်မှန်၏၊ ငါသည် မကျိုး မပေါက် မပြောက် မကျားသော ပြည့်စုံ စင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်၏'' ဟု (မိန့်တော်မူ၏)။

''အသျှင်ဂေါတမ အဘယ်သို့လျှင် မြတ်သော အကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုသည် ဖြစ်ပါသနည်း'' ဟု (လျှောက်၏)။

၁...
ပုဏ္ဏား ဤလောက၌ အချို့သော သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ မြတ်သော အကျင့်ကို ကောင်းစွာကျင့်၏ဟု ဝန်ခံပါလျက် မာတုဂါမနှင့်အတူ နှစ်ယောက် နှစ်ယောက်သော သူတို့ ပြုကျင့်အပ်သော မေထုန် အကျင့်သို့ကား မရောက်၊ စင်စစ်မူကား မာတုဂါမ၏ (နံ့သာ စသည်ဖြင့်) ပွတ်သပ်မှု (ဆီဖြင့်) ဆုပ်နယ်မှု ရေချိုးပေးမှု သုံးသပ်မှုကို သာယာ၏၊ ထိုသမဏဗြာဟ္မဏသည် ထိုမာတုဂါမ၏ နံ့သာစသည်ဖြင့် ပွတ်သပ်မှုစသည်ကို နှစ်သက်၏၊ ထိုနံ့သာ ပွတ်သပ်မှု စသည်ကို အလိုရှိ၏၊ ထိုသို့ ပြုမှုဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏။ ပုဏ္ဏား ဤသို့ သာယာခြင်းသည်လည်း မြတ်သောအကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုပင် မည်၏။

ပုဏ္ဏား ဤသမဏဗြာဟ္မဏမျိုးကို မေထုန် စပ်ယှဉ်မှုနှင့် ယှဉ်သည်ဖြစ်၍ မစင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်သူ ဟူ၍ ငါဆို၏။

၂...
ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သမဏဖြစ်စေ ဗြာဟ္မဏဖြစ် စေ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်၏ဟု ဝန်ခံပါလျက် မာတုဂါမနှင့် အတူ နှစ်ယောက် နှစ်ယောက်သောသူတို့ ပြုကျင့်အပ်သော မေထုန်အကျင့်သို့မရောက်၊ မာတုဂါမ၏ (နံ့သာ စသည်ဖြင့်) ပွတ်သပ်မှု (ဆီဖြင့်) ဆုပ်နယ်မှု ရေချိုးပေးမှု သုံးသပ်မှုကိုလည်း မသာယာ၊ စင်စစ် မူကား မာတုဂါမနှင့်အတူ စကား ပြောဆို၏၊ ပြက်ရယ်ပြု၏၊ ပြင်းစွာရယ်၏။ပ။

၃...
မာတုဂါမနှင့်အတူ စကားမပြောဆို ပြက်ရယ်မပြု ပြင်းစွာမရယ်၊ စင်စစ်မူကား မာတုဂါမ၏ မျက်စိကို မိမိမျက်စိဖြင့် တစိမ့်စိမ့်ကြည့်၏၊ ရှု၏။ပ။

၎...
မာတုဂါမ၏ မျက်စိကို မိမိမျက်စိဖြင့် တစိမ့်စိမ့်မကြည့်ရှု၊ စင်စစ်မူကား နံရံတစ်ဖက် ၌ ဖြစ်စေ တံတိုင်းတစ်ဖက်၌ ဖြစ်စေ ရယ်ရွှင်သူ စကားပြောသူ သီချင်းဆိုသူ ငိုကြွေးသူ မာတုဂါမ၏ အသံကို နားထောင်၏။ပ။

၅...
နံရံတစ်ဖက်၌ ဖြစ်စေ တံတိုင်း တစ်ဖက်၌ ဖြစ်စေ ရယ်ရွှင်သူ စကားပြောသူ သီချင်းဆိုသူ ငိုကြွေးသူ မာတုဂါမ၏ အသံကို နားမထောင်။ စင်စစ်မူကား ထိုသမ ဏ ဗြာဟ္မဏအား ရှေးက မာတုဂါမနှင့်အတူ ရယ်ရွှင်ခဲ့ စကားပြောခဲ့ မြူးထူးခဲ့ သည်တို့ကို အဖန်ဖန် အောက်မေ့၏။ပ။

၆...
ထိုသမဏ ဗြာဟ္မဏအား ရှေးက မာတုဂါမနှင့်အတူ ရယ်ရွှင်ခဲ့ စကားပြောခဲ့ မြူးထူးခဲ့သည်တို့ကို အဖန်ဖန် မအောက်မေ့၊ စင်စစ်မူကား ငါးပါးသော ကာမဂုဏ် တို့ဖြင့် ရောင့်ရဲ ပြည့်စုံ ခံစံ ပျော်ပါးနေသော သူကြွယ်ကို ဖြစ်စေ သူကြွယ်သားကို ဖြစ်စေ မြင်၏။ပ။

၇...
ထိုသမဏ ဗြာဟ္မဏအား ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲ ပြည့်စုံ ခံစံပျော်ပါး နေသော သူကြွယ်ကိုဖြစ်စေ သူကြွယ်သားကို ဖြစ်စေ မမြင်၊ စင်စစ်မူကား ငါသည် ဤသီလဖြင့်သော် လည်းကောင်း၊ ကျင့်ဝတ်ဖြင့်သော် လည်းကောင်း၊ ခြိုးခြံမှုဖြင့် သော် လည်းကောင်း၊ မြတ်သော အကျင့်ဖြင့် လည်းကောင်း နတ်မင်းမူလည်း ဖြစ်ရလို၏၊ နတ်သားမူလည်း ဖြစ်ရလို၏ဟု တစ်ပါးပါးသော နတ်၏အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်၏။ ထိုသမဏ ဗြာဟ္မဏသည် ထိုနတ်၏ အဖြစ်ကို သာယာ၏၊ ထိုနတ်၏ အဖြစ်ကို အလိုရှိ၏၊ ထိုနတ်၏ အဖြစ်၌ သာလျှင် နှစ်သက်ခြင်းသို့ ရောက်၏။
ပုဏ္ဏား ဤသို့ သာယာမှုသည်လည်း မြတ်သော အကျင့်၏ ကျိုးမှု ပေါက်မှု ပြောက် မှု ကျားမှုပင်မည်၏၊ ပုဏ္ဏား ဤသမဏ ဗြာဟ္မဏမျိုးကို မေထုန်စပ်ယှဉ်မှုနှင့် ယှဉ်သည်ဖြစ်၍ မစင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာ ယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်သူ ဟူ၍ ငါဆို၏။

ပုဏ္ဏား ငါသည် ဤခုနစ်မျိုးကုန်သော မေထုန်စပ်ယှဉ်မှုတို့တွင် တစ်မျိုးမျိုးသော မေထုန် စပ်ယှဉ်မှုကို မိမိ၌ မပယ်အပ်သေးသည်ကို မြင်နေသမျှ ကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော (နတ်)လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ဝန်မခံခဲ့ပေ။

ပုဏ္ဏား ငါသည် ဤခုနစ်မျိုးကုန်သော မေထုန်စပ်ယှဉ်မှုတို့တွင် တစ်မျိုးမျိုးသော မေထုန်စပ်ယှဉ်မှုကိုမူလည်း မိမိ၌ မပယ်အပ်သေးသည်ကို မမြင်သောအခါ၌မူကား နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော (နတ်)လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ဝန်ခံ၏။

သတ္တဝါဟူသော လောက၌ အတုမရှိ မြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်ကို ထိုးထွင်း၍သိပြီ ဟူ၍ ဝန်ခံ၏၊ ငါ၏ လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် မပျက်စီးတော့ပြီ၊ ဤဘဝသည် နောက်ဆုံး ဘဝပင်တည်း၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အား (ပစ္စဝေက္ခဏာ) ဉာဏ်အမြင် သည် ဖြစ်၏ ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည် ရှိသော် ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအား-
''အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါ၏၊
အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ်ရှိပါ၏။ပ။

အသျှင်ဂေါတမသည် ...
အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို)
ကိုးကွယ်ဆည်းကပ်သော ဥပါသကာ ဟူ၍ မှတ်တော်မူပါ'' ဟု လျှောက်၏။

၇ - မေထုနသုတ်၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။

ဌာနိယသုတ် - (အကြောင်းရှိသည်) နီဝရဏ

ဌာနိယသုတ် - (အကြောင်းရှိသည်)

ရဟန်းတို့ ...
ကာမ၌ စွဲမက်မှု 'ကာမရာဂ'၏ အကြောင်း(အာရုံ)ဖြစ်ကုန်သော တရားတို့ကို နှလုံး သွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ'သည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
ပျက်စီးစေလိုမှု 'ဗျာပါဒ'၏ အကြောင်း(အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံး သွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ပျက်စီးစေလိုမှု 'ဗျာပါဒ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော ပျက်စီးစေလိုမှု 'ဗျာပါဒ'သည်လည်း အ တိုင်းထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'၏ အကြောင်း(အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော လေးလံ ထိုင်း မှိုင်းမှု 'ထိနမိဒ္ဓ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'သည် လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပင်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ'၏ အကြောင်း(အာရုံ) ဖြစ် ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ် သေးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' သည်လည်း ဖြစ် ၏၊ ဖြစ်ပြီးသော စိတ်ပျံ့လွင့်မှု နောင်တတစ်ဖန် ပူပင်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' သည်လည်း အတိုင်းထက် အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံး သွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော မဝေခွဲနိုင်မှု 'ဝိစိ- ကိစ္ဆာ'သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ'သည်လည်း အတိုင်း ထက်အလွန် ဖြစ်ခြင်းငှါ ပြန့်ပြောခြင်းငှါ ဖြစ်၏။

ရဟန်းတို့ ...
သတိသမ္ဗောဇ္ဈင်၏ အကြောင်း (အာရုံ) ဖြစ်ကုန်သော တရားတို့ကို နှလုံးသွင်းခြင်း
ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်သည်လည်း ဖြစ်၏၊ ဖြစ်ပြီးသော သတိသမ္ဗောဇ္ဈင်သည်လည်း ပွါးများ ပြည့်စုံခြင်းသို့ ရောက်၏။ ။ပ။ ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏ အကြောင်း(အာရုံ) ဖြစ်ကုန်သော တရားတို့ ကို နှလုံးသွင်းခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းကြောင့် မဖြစ်သေးသော ဥပေက္ခာ သမ္ဗောဇ္ဈင်သည်လည်းဖြစ်၏၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်သည်လည်း ပွါးများ ပြည့်စုံခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

၃ - ဌာနိယသုတ်၊ ဥဒါယိဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကြေးပြားပေါ်မှ ပဋ္ဌာန်းတရားတော်များ...

ကျောင်းတွင်ပူဇော်ထားသော ကြေးပြားပေါ်မှ ပဋ္ဌာန်း တရားတော်များ...

မြန်မာနိုင်ငံတွင် ပြုလုပ်သည်။













(ဆက်လက်၍ ကျန်သောတရားတော်များလည်း ပူဇော်သွားမည်)

Sunday, January 25, 2009

ငှက် စာ ၃

ငှက်ကလေးများ ...

စာကလေးများ အစာကျွေး၍တော့ မရပါ...





တရားပုံတချို့၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။
နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်စေရန် ရည်ရွယ်ပါတယ်။





မြတ်စွာဘုရားကို ယုံကြည် ချစ်မြတ်နိုးရုံနဲ့ အပါယ်က လွတ်မယ်တဲ့...








တောင့်တ၍ မရကောင်းသော...







ဆရာသုံးယောက်...








သူလိုလူမျိုး နှင်ထုတ်သော်လည်း မှီဝဲပါ...












အခြံအရံလေးမျိုး...



မျှော်နေသူတို့လာသွားကြပါပြီ...







သင် သည်အတိုင်းသာနေပါ...






ကဏှသပ္ပ








အချိန်အခါကောင်းကို မလွန်ပါစေနှင့်...









မိတ်ဆွေကောင်းတို့၏ စကား...








အခါမဟုတ်သည်၌ ဆုံးမသော ရဟန်းသည်...







လူအလုပ်နှင့်... ရဟန်းအလုပ်...







ချီးမြှောက်အပ်သည်...








အမှန်ကိုမမြင်နိုင်...





သင်္ဃာဋိကဏ္ဏ








ပုဏ္ဏားနှစ်ယောက် တို့သည်...







ကြောင့်ကြမှု မရှိသူတို့သည် စင်စစ် ချမ်းသာကုန်၏...









အကြီးအကဲကို အမှီပြု၍...







အခြေခံသဘော...






ဓီတုသုတ်...







နံ့သာသုံးမျိုးရှိသည် သို့သော် သီလရနံ့သည်သာ...








သူတို့ထင်ရှား ရှိကြကုန်၏...









အလှူပေး၍ သင်ရမည်ကား...











ရဟန်းတို့၏ ကိုးကွယ်ရာဆယ်ပါး...







သင့်ဘေးကလူသည် မည်သို့သောသူနည်း...








များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါး စေ၏။





အောက်မေ့ဖွယ်ရာ ဒီနေရာ...










အဓိဂမသုတ်

(ရတယ်၊ သိတယ်၊ ထိုက်တန်တယ်)








အကျွန်ုပ်သည် အိုမင်းပါပြီ...

အားနည်းပါပြီ...


ရုပ်အဆင်း ယုတ်လျော့ပါပြီ...


မျက်စိများ မကြည်လင်တော့ပါ...


နားကောင်းကောင်း မကြားတော့ပါ...









မြတ်သော အဆက်အသွယ် ပြုခြင်း...










အဆုံးအမတော်ဟုမှတ်...








မှီခိုအားထားရာ...








သင် ဤလောကကို အောင်မြင်လိုလျှင်...








အမေနဲ့ အဖေကို စောင့်ရှောက်ပါ...







စည်းစိမ်ဥစ္စာတို့၏ အပြစ်နှင့်အကျိုး...

















သံသရာတစ်လျှောက် အချင်းချင်း ရှုမြင်လိုသော်...












သင်တို့ရှောင်ပါ ဤသုံးဖြာ...









နှိုင်းဆရန် ခဲယဉ်းသောသူ...









နှစ်ပါးစုံကို မပြုမူ၍ နေသည်ရှိသော်...











ဘိက္ခု...







သံယောဇဉ်ဖြင့် နှောင်ဖွဲ့တတ်သောတရား








ရှုပ်ထွေးသူ... ကြည်လင်သူ...













ကြီးပွါးလိုလျှင် ဤ ၃-ပါးနှင့် ပြည့်စုံရမည်...














သူတော်ကောင်းတွေက သင့်အတွက် ဒီသုံးမျိုး ပညတ်ထားတယ်...

























အလေးဂရုပြုစရာ ဒီအရာပါ...





















သင်ဤသို့ကျင့်ပါ...



ယခင် ငှက်များရှိရာသို့...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။