နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Thursday, April 30, 2009

သူယုတ်တို့၏တရားနှင့် သူတော်ကောင်းတို့၏တရား...

ဒုတိယ ကောဓဂရုသုတ် -

ရဟန်းတို့ သူယုတ်တို့၏တရားတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ...

အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြု၍ သူတော်ကောင်း တရားကို အလေး မပြုခြင်း၊ လာဘ် (ရခြင်း)ကို အလေးပြု၍ သူတော်ကောင်း တရားကို အလေးမပြု ခြင်း၊ အရိုအသေပြုမှု 'သက္ကာရ'ကို အလေးပြု၍ သူတော်ကောင်းတရားကို အ လေး မပြုခြင်းတို့တည်း။
ရဟန်းတို့ သူယုတ်တို့၏တရားတို့သည် ဤလေးမျိုးတို့တည်း။

ရဟန်းတို့ သူတော်ကောင်းတရားတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ...

သူတော်ကောင်းတရားကို အလေးပြု၍ အမျက်ထွက်ခြင်းကို အလေးမပြုခြင်း၊ သူတော်ကောင်းတရားကို အလေးပြု၍ (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးမပြု ခြင်း၊ သူတော်ကောင်းတရားကို အလေးပြု၍ လာဘ် (ရခြင်း) ကို အလေးမပြုခြင်း။ သူတော်ကောင်းတရားကို အလေးပြု၍ အရိုအသေပြုမှု 'သက္ကာရ'ကို အလေးမပြု ခြင်း တို့တည်း။ ရဟန်းတို့ သူတော်ကောင်းတရား တို့သည် ဤလေးမျိုး တို့တည်း ဟု (မိန့်တော်မူ၏)။

အမျက်ထွက်ခြင်း (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြုကုန်သော လာဘ်နှင့် အရိုအသေပြုမှုကို အလေးပြု ကုန်သော ရဟန်းတို့သည် ကောင်းသော လယ်၌ ပုပ်သော မျိုးစေ့သည် မကြီးပွါးသကဲ့သို့ သူတော်ကောင်း တရား၌ မကြီးပွါးကုန်။

အကြင် ရဟန်းတို့သည်ကား သူတော်ကောင်းတရားကို အလေးပြုသည် ဖြစ်၍ နေခဲ့ကြကုန်ပြီ၊ နေလည်း နေကြကုန်ဆဲ၊ ထိုရဟန်းတို့သည် စင်စစ်အားဖြင့် အစေး သို့ အစဉ်လိုက်သော ဆေးပင်သည် ကြီးပွါးသကဲ့သို့ တရားတော်၌ ကြီးပွါး ကုန် သတည်း။44

၎ - ဒုတိယ ကောဓဂရုသုတ်၊ ရောဟိတဿဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ချီးမြှောက်ကြောင်းတရား...


ရဟန်းတို့ ချီးမြှောက်ကြောင်း 'သင်္ဂဟဝတ္ထု' တို့သည် ဤလေးမျိုးတို့တည်း၊

အဘယ်လေးမျိုးတို့နည်း ဟူမူ-

၁... ပေးကမ်းခြင်း၊
၂... ချစ်ဖွယ်စကားကို ဆိုခြင်း၊
၃... အကျိုးစီးပွါးကို ကျင့်ခြင်း၊
၎... ကိုယ်နှင့်ထပ်တူပြုခြင်း တို့တည်း။

ရဟန်းတို့ ချီးမြှောက်ကြောင်း 'သင်္ဂဟဝတ္ထု' တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ ဤလောက၌ ပေးကမ်းခြင်းလည်းကောင်း၊ ချစ်ဖွယ်စကားကို ဆိုခြင်းလည်းကောင်း၊အကျိုးစီးပွါးကို ကျင့်ခြင်းလည်းကောင်း၊ ထို ထို အကြောင်း တို့၌ ထိုက်သည့် အားလျော်စွာ ကိုယ်နှင့် ထပ်တူပြုခြင်းလည်းကောင်း ထို သင်္ဂဟ ဝတ္ထုလေးမျိုး တို့သည် သွားနေသော ရထား၏ နားစောင့်*ကဲ့သို့ လောကကို ချီးမြှောက်ကုန်၏။ အကယ်၍ ထို သင်္ဂဟဝတ္ထုလေးမျိုးတို့ မရှိကုန်ငြားအံ့၊ အမိသည် သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ၊ အဖသည်လည်း သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ။ ထို သင်္ဂဟဝတ္ထုလေးပါးတို့ကို ပညာရှိတို့သည် ကောင်းစွာ ရှုဆင်ခြင်ကြကုန်သောကြောင့် မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊ ထို ပညာရှိတို့သည် ချီးမွမ်းထိုက် သူတို့ ဖြစ်ကုန်၏၊32

၂ - သင်္ဂဟသုတ် စက္က၀ဂ် စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

*။ နားစောင့်- နပန်းစွန်း၊ လှည်း၏ဝင်ရိုးဖျား၌ ဘီးထွက်မသွားရန် တပ်ထားသော ကလန့်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပရိတ်သတ်တို့သည် ဤနှစ်မျိုးတို့တည်း...

ပရိသ၀ဂ်-မှ...

ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုး တို့နည်း ဟူမူ-

အဆုံးအမခက်သော မေးမြန်း၍ မဆုံးမအပ်သော ပရိသတ်လည်းကောင်း မေးမြန်း ၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိသတ် လည်းကောင်းတို့တည်း။ ရဟန်းတို့ ဆုံးမခက်သော မေးမြန်း၍ ဆုံးမအပ်သော ပရိသတ်ဟူသည် အဘယ် နည်း၊

ဤသာသနာတော်ဝယ် အကြင်ပရိသတ်၌ ရဟန်းတို့သည် ဘုရားဟောဖြစ်ကုန် နက်နဲကုန် နက်နဲသော အနက်ရှိသော လောကထက် လွန်မြတ်သော အနက်ကို ပြတတ်ကုန် သတ္တမှ ဆိတ်သုဉ်းခြင်းနှင့် ယှဉ်ကုန်သော သုတ်တို့ကို ဟောကြား အပ် ကုန်သည်ရှိသော် ကောင်းစွာ မနာယူကုန်၊ နားမစိုက်ကုန်၊ သိရန် စိတ်မဝင် စားကုန်၊ ထိုတရားတို့ကို နာယူအပ် သင်ကြားအပ်ပါ၏ဟုလည်း မထင်မှတ်ကုန်၊ ကဗျာဆရာတို့ ပြုအပ်ကုန်၊ ကဗျာဆရာတို့ ဖွဲ့နွဲ့သီကုံးအပ်ကုန်၊ ဆန်းကြယ်သော အက္ခရာရှိကုန်၊ ဆန်းကြယ်သော သဒ္ဒါရှိကုန်၊ သာသနာတော်မှ အပ ဖြစ်ကုန် သာသနာတော်မှ အပ ဖြစ်သူတို့၏ တပည့်တို့ ဟောကြားအပ်ကုန်သော သုတ်တို့ ကို ဟောကြားအပ်ကုန်သည်ရှိသော် ကောင်းစွာ နာယူကြကုန်၏၊ ကောင်းစွာ နား စိုက်ကုန်၏၊ သိရန် စိတ်ဝင်စားကြကုန်၏၊ ထိုသုတ်တို့ကို နာယူအပ် သင်ကြား အပ်၏ဟု မှတ်ထင်ကုန်၏၊ ထိုရဟန်းတို့သည် ထိုသုတ်တရားတို့ကို သင်ကြား၍ အချင်းချင်း မေးလည်း မမေးမြန်းကြကုန်၊ ''ဤသုတ်ကား အဘယ်သို့နည်း၊ ဤ သုတ်၏၊ အနက်အဓိပ္ပာယ်ကား အဘယ်သို့နည်း'' ဟု မေးမြန်းခြင်းငှါ (ပညာရှိများ ရှိရာအရပ်သို့) မလှည့်လည်ကုန်၊ ထိုရဟန်းတို့သည် မပွင့်လင်းသည်ကိုလည်း ပွင့် လင်းအောင် မပြုကုန်၊ မပေါ်လွင်သည်ကိုလည်း ပေါ်လွင်အောင် မပြုကုန်၊ များစွာ သော ယုံမှားကြောင်း တရားတို့၌လည်း ယုံမှားခြင်းကို မပယ်ဖျောက်ကုန်။ ရဟန်း တို့ ဤပရိသတ်ကို ဆုံးမခက်သော မေးမြန်း၍ မဆုံးမအပ်သော ပရိသတ်ဟု ဆို အပ်၏။

ရဟန်းတို့ မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့ သည် ကဗျာဆရာတို့ ပြုအပ်ကုန် ကဗျာဆရာတို့ ဖွဲ့နွဲ့သီကုံးအပ်ကုန် ဆန်းကြယ် သော အက္ခရာရှိကုန် ဆန်းကြယ်သော သဒ္ဒါရှိကုန် သာသနာတော်မှအပ ဖြစ်ကုန် သာသနာတော်မှ အပဖြစ်ကုန်သော သူတို့၏ တပည့်သာဝကတို့ ဟောကြား အပ် ကုန်သော သုတ်တို့ကို ဟောကြားအပ် ကုန်သည်ရှိသော် မနာယူရန် နားမစိုက် ကုန်၊ သိရန် စိတ်မဝင်စားကုန်၊ ထိုတရားတို့ကို နာယူအပ် သင်ကြားအပ်၏ဟု မထင်မှတ်ကုန်၊ ဘုရားဟော ဖြစ်ကုန် နက်နဲကုန် နက်နဲသော အနက်ရှိကုန် လောကထက် လွန်မြတ်သော အနက်ကို ပြတတ်ကုန် သတ္တမှ ဆိတ်သုဉ်းခြင်းနှင့် ယှဉ်ကုန်သော တရားတို့ကို ဟောကြားအပ်ကုန်သည် ရှိသော် ကောင်းစွာ နာယူ ကုန်၏၊ ကောင်းစွာ နားစိုက်ကုန်၏၊ သိရန် စိတ်ဝင်စားကုန်၏၊ ထိုတရားတို့ ကိုလည်း နာယူအပ်၏ဟု မှတ်ထင်ကုန်၏။ ထိုရဟန်းတို့သည် သင်ကြား၍ အချင်း ချင်း မေးမြန်းကြကုန်၏၊ ''ဤသုတ်ကား အဘယ်သို့နည်း၊ ဤသုတ်ကား အဘယ် သို့နည်း၊ ဤသုတ်၏ အနက်အဓိပ္ပါယ်ကား အဘယ်သို့နည်း'' ဟု မေးမြန်ခြင်းငှာ (ပညာရှိများရှိရာအရပ်သို့) လှည့်လည်ကုန်၏၊ ထိုရဟန်းတို့သည် မပွင့်လင်းသည် ကိုလည်း ပွင့်လင်းအောင် ပြုကုန်၏၊ မပေါ်လွင်သည်ကိုလည်း ပယ်ဖျောက်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိတ်သတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် အကြင် မေးမြန်း၍ ဆုံးမအပ်သော အဆုံးအမ မခက်သော ပရိတ်သတ်သည်ရှိ၏၊ ထိုပရိတ်သတ်သည် မြတ်ပေသ တည်း ဟု (မိန့်တော်မူ၏)။ 6

ပရိသ၀ဂ်-မှ၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။ 48

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, April 29, 2009

ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည်...

တိကပုဂ္ဂလပညတ်-မှ...

မှီဝဲအပ် ဆည်းကပ်အပ် ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကျင့်သီလဖြင့်၊ သမာဓိဖြင့်၊ ပညာဖြင့် တူမျှ၏၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲ အပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ် အပ်၏။

ထိုသို့ မှီဝဲအပ် မှီဝဲထိုက်သည်၏ အဖြစ်သည် အဘယ့်ကြောင့်နည်း၊ သီလ သီတင်း တူညီသော အဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ သီလစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုသီလစကားသည်ကား ငါတို့အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုသီလစကားသည် ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ သမာဓိ တူညီသော အဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ သမာဓိစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုသမာဓိ စကားသည်ကား ငါတို့အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုသမာဓိ စကားသည်ကား ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ ပညာတူညီသော အဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ ပညာစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုပညာစကားသည်ကား ငါတို့ အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုပညာစကားသည် ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။
122

၃ - တိကပုဂ္ဂလပညတ်-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မချဉ်းကပ်အပ်သော ပုဂ္ဂိုလ်..

တိကပုဂ္ဂလပညတ်-မှ...

မမှီဝဲအပ် မဆည်းကပ်အပ် မချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကျင့်သီလဖြင့်၊ သမာဓိဖြင့်၊ ပညာဖြင့် ယုတ်ညံ့၏၊ သနားခြင်း စောင့်ရှောက်ခြင်း မှတစ်ပါး ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မမှီဝဲအပ်၊ မဆည်းကပ်အပ်၊ မချဉ်းကပ်အပ်။121

၃ - တိကပုဂ္ဂလပညတ်-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

နှိုင်းဆရန် ခဲယဉ်းသော ပုဂ္ဂိုလ်...

တိကပုဂ္ဂလပညတ်-မှ...

နှိုင်းဆရန် ခဲယဉ်းသော 'ဒုပ္ပမေယျ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပျံ့လွင့်ခြင်းကင်း၏၊ တက်ကြွခြင်းကင်း၏၊ လျှပ်ပေါ်ခြင်းကင်း၏၊ နှုတ်ကြမ်းခြင်း ကင်း၏၊ ပရမ်းပတာ ပြောခြင်းကင်း၏၊ ထင်သော သတိရှိ၏၊ ပညာအဆင်အခြင်ရှိ၏၊ စိတ်တည်ကြည်၏၊ စိတ်တုန်လှုပ် ခြင်း ကင်း၏၊ စောင့်စည်းသော ဣနြေ္ဒရှိ၏၊ ဤပုဂ္ဂိုလ်ကို နှိုင်းဆရန် ခဲယဉ်းသော 'ဒုပ္ပမေယျ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃ - တိကပုဂ္ဂလပညတ်-မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မပိဋက။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ပဌမ ကဏှသပ္ပသုတ်- (မြွေဟောက်)

ပဌမ ကဏှသပ္ပသုတ်- (မြွေဟောက်)

ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁။ မစင်ကြယ်၊
၂။ မကောင်းသော အနံ့ရှိ၏၊
၃။ အအိပ်ကြီး၏၊
၎။ ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊
၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်၏။

ရဟန်းတို့ မြွေဟောက်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

ဒကာမကြီးတွေ ဆက်မကြည့်သင့် ထင်ပါသည်...


ရဟန်းတို့ ဤအတူသာလျှင် မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ...

၁။ မစင်ကြယ်၊
၂။ မကောင်းသော အနံ့ရှိ၏၊
၃။ အအိပ်ကြီး၏၊
၎။ ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊
၅။ အဆွေခင်ပွန်းကို ဖျက်ဆီးတတ်၏။

ရဟန်းတို့ မာတုဂါမ၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။229

၉ - ပဌမ ကဏှသပ္ပသုတ်၊ အရည၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

'လောကသည် မြဲ၏' 'လောကသည်မမြဲ'

သင်္ခါရအညာဏသုတ်...

သာဝတ္ထိနိဒါန်း...

တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-
''အသျှင်ဂေါတမ 'လောကသည် မြဲ၏' ဟူ၍ လည်းကောင်း၊ 'လောကသည်မမြဲ' ဟူ၍ လည်းကောင်း။ပ။ 'သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်' ဟူ၍ လည်းကောင်း လောက၌ ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ် ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက် အပံ့ကား အဘယ်ပါနည်း'' ဟု (လျှောက်၏)။

ပြုပြင်မှု 'သင်္ခါရ' တို့၌ မသိခြင်းကြောင့်,
ပြုပြင်မှု 'သင်္ခါရ' တို့ ဖြစ်ကြောင်း၌ မသိခြင်းကြောင့်,
ပြုပြင်မှု 'သင်္ခါရ'တို့ ချုပ်ရာ၌ မသိခြင်းကြောင့်,
ပြုပြင်မှု 'သင်္ခါရ'တို့ ချုပ်ရာ(နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်၌ မသိခြင်းကြောင့်
'လောကသည် မြဲ၏' ဟူ၍ လည်းကောင်း၊ 'လောကသည်မမြဲ' ဟူ၍ လည်း ကောင်း။ပ။ 'သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်မဖြစ် သည်လည်း မဟုတ်' ဟူ၍ လည်းကောင်း လောက၌ ဤသို့အားဖြင့် ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ်ကုန်၏။

'လောကသည် မြဲ၏' ဟူ၍ လည်းကောင်း၊
'လောကသည် မမြဲ' ဟူ၍ လည်းကောင်း။ပ။
'သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်' ဟူ၍ လည်းကောင်း လောက၌ ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤ သည် ပင်တည်း ဟု (မိန့်တော်မူ၏)။ 610

၎ - သင်္ခါရအညာဏသုတ်၊ ဝစ္ဆဂေါတ္တသံယုတ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သီလဝန္တသုတ်- (သီလရှိသောသူ)

သီလဝန္တသုတ်- (သီလရှိသောသူ)

အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာကောဋ္ဌိကတို့သည် ဗာရာဏသီ ပြည် ဣသိပတန မိဂဒါဝုန် တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုအခါ အသျှင်မဟာ ကောဋ္ဌိကသည် ညချမ်း အခါတစ်ပါးတည်း ကိန်းအောင်း နေရာမှ ထပြီးလျှင် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ ။ပ။

ငါ့သျှင်သာရိပုတြာ သီလရှိသော ရဟန်းသည် ...
အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်း အပ်ပါသနည်းဟု ပြောဆို၏။

ငါ့သျှင်ကောဋ္ဌိက သီလရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပဟူ၍ အပျက်တရားဟူ၍ ဆိတ်သုဉ်းသော တရားဟူ၍ အတ္တ အနှစ် သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။

အဘယ်ငါးမျိုးတို့နည်း ဟူမူ-

ရုပ်ဟူသော ဥပါဒါနက္ခန္ဓာ၊
ဝေဒနာဟူသော ဥပါဒါနက္ခန္ဓာ၊
သညာဟူသော ဥပါဒါ နက္ခန္ဓာ၊
သင်္ခါရတို့ဟူသော ဥပါဒါနက္ခန္ဓာ၊
ဝိညာဏ်ဟူသော ဥပါဒါနက္ခန္ဓာတို့တည်း။

ငါ့သျှင် ကောဋ္ဌိက သီလရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပဟူ၍ အပျက်တရား ဟူ၍ ဆိတ်သုဉ်းသော တရားဟူ၍ အတ္တအနှစ် သာရ မရှိဟူ၍ အသင့် အားဖြင့် နှလုံးသွင်း အပ်ကုန်၏။ ငါ့သျှင် သီလရှိသော ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည်ရှိသော် သောတာပတ္တိ ဖိုလ်ကို မျက်မှောက်ပြု နိုင်ရာသော အကြောင်းသည် ရှိ၏။

ငါ့သျှင်သာရိပုတြာ သောတာပန်ရဟန်းသည် ...
အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်သနည်း။

ငါ့သျှင်ကောဋ္ဌိက သောတာပန် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိ ဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင် သောတာပန်အဖြစ်သို့ ရောက်သော ရဟန်းသည် ဤဥပါဒါ နက္ခန္ဓာငါးမျိုး တို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည် ရှိသော် သကဒါဂါမိဖိုလ်ကို မျက်မှောက် ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။

ငါ့သျှင် သာရိပုတြာ သကဒါဂါမ်ရဟန်းသည် ...
အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန်သနည်း။

ငါ့သျှင်ကောဋ္ဌိက သကဒါဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင် သကဒါဂါမ်ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တ အနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည်ရှိသော် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။

ငါ့သျှင်သာရိပုတြာ အနာဂါမ်ရဟန်းသည် ...
အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်းအပ်ပါကုန်သနည်း။

ငါ့သျှင် ကောဋ္ဌိက အနာဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တအနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ် ကုန်၏။ ငါ့သျှင် အနာဂါမ် ရဟန်းသည် ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ။ပ။ အတ္တ အနှစ်သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းသည် ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ရာသော အကြောင်းသည် ရှိ၏။

ငါ့သျှင်သာရိပုတြာ ရဟန္တာသည် ...
အဘယ်တရားတို့ကို အသင့်အားဖြင့် နှလုံးသွင်း အပ်ပါကုန်သနည်း။

ငါ့သျှင်ကောဋ္ဌိက ရဟန္တာသည်လည်း ဤဥပါဒါနက္ခန္ဓာငါးမျိုးတို့ကို မမြဲဟူ၍ ဆင်းရဲဟူ၍ ရောဂါဟူ၍ အနာဟူ၍ ငြောင့်ဟူ၍ ပင်ပန်းမှုဟူ၍ နာကျင်မှုဟူ၍ သူစိမ်းပြင်ပ ဟူ၍ အပျက်တရားဟူ၍ ဆိတ်သုဉ်းသော တရားဟူ၍ အတ္တ အနှစ် သာရ မရှိဟူ၍ အသင့်အားဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့သျှင် ရဟန္တာအား တစ်စုံ တစ်ခုသော ရဟန်းကိစ္စကို နောက်ထပ်ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီးသော တရား ကိုလည်း ထပ်၍ ပွားများဖွယ် မရှိတော့ပြီ၊ စင်စစ်သော်ကား ဤတရားတို့ကို ပွားများအပ်ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်း အကျိုးငှါ လည်းကောင်း၊ သတိ, သမ္ပဇဉ် အလို့ငှါ လည်းကောင်း ဖြစ် ကုန်၏ ဟု (မိန့်တော်မူ၏)။ 122

၁ဝ - သီလဝန္တသုတ်၊ ဓမ္မကထိက၀ဂ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, April 28, 2009

အနာ နှိပ်စက်သည် ဖြစ်၍ ...

ဖဂ္ဂုနသုတ်-

ထိုအခါ အသျှင်ဖဂ္ဂုနသည် အနာ နှိပ်စက်သည် ဖြစ်၍ ဆင်းရဲလျက် ပြင်းပြစွာ မကျန်းမမာဖြစ်၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား-

''အသျှင်ဘုရား အသျှင်ဖဂ္ဂုနသည် အနာ နှိပ်စက်သည် ဖြစ်၍ ဆင်းရဲလျက် ပြင်းပြစွာ မကျန်းမမာပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် သနားတော်မူသည်ကို အကြောင်းပြု၍ အသျှင်ဖဂ္ဂုန အထံသို့ ကြွတော် မူစေချင် ပါသည်'' ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းတော် မူရာမှ ထလျက် အသျှင်ဖဂ္ဂုန အထံသို့ ချဉ်းကပ်တော်မူ၏၊ အသျှင်ဖဂ္ဂုနသည် ကြွလာတော်မူသော မြတ်စွာဘုရားကို အဝေးမှ မြင်၍ ညောင်စောင်းမှ ထအံ့သော အမူအရာကို ပြု၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဖဂ္ဂုနအား -

''ဖဂ္ဂုန မသင့်၊ သင်သည် ညောင်စောင်းမှ မရွှေ့မပြောင်းနှင့်၊ သူတစ်ပါး ပြင်ပြီး နေရာတို့ ရှိရာ ထိုနေရာ၌ ထိုင်တော်မူမည်'' ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် အသျှင်ဖဂ္ဂုနအား
ဖဂ္ဂုန အသို့နည်း သင့်အား ခန့်ကျန်း၏လော၊ မျှတ၏လော၊ ဆင်းရဲ ဝေဒနာတို့ ဆုတ်ယုတ်ကုန်၏လော၊ မတိုးဘဲ ရှိ၏လော၊ ဆုတ်ယုတ်သော အခြေအနေသည် ထင်၏လော၊ တိုးတက်သော အခြေအနေသည် မထင်ဘဲ ရှိ၏လော ဟု မေးတော်မူ၏။

အသျှင်ဘုရား ...
အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းပြသော ဆင်းရဲ ဝေဒနာ တို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါ။

အသျှင်ဘုရား ...
ခွန်အားရှိသော ယောက်ျားသည် ထက်လှစွာသော စူးဖြင့် ထိပ်၌ နှက်ဘိ သကဲ့သို့
ဤအတူ သာလျှင် ပြင်းထန်ကုန်သော လေတို့သည် ဦးထိပ်၌ နှိပ်စက်ပါကုန်၏၊ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ဆင်းရဲ ဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေ သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါ။

အသျှင်ဘုရား ...
ခွန်အားရှိသော ယောက်ျားသည် မြဲမြံလှစွာသော ကြိုးလွန်းပိုင်းဖြင့် ဦးခေါင်း၌ ရစ်ပတ်သကဲ့သို့ ထို့အတူသာလျှင် အကျွန်ုပ်အား ဦးခေါင်း၌ ခေါင်းကိုက် ဝေဒနာ တို့ ဖြစ်ပါကုန်၏၊

အသျှင်ဘုရား ...
အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ဆင်းရဲ ဝေဒနာတို့ တိုးတက် ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ် ယုတ်သော အခြေအနေသည် မထင်ပါ။

အသျှင်ဘုရား ...
ကျွမ်းကျင်သော နွားသတ် ယောက်ျားသည် လည်းကောင်း၊ နွားသတ် ယောက်ျား ၏ တပည့်သည် လည်းကောင်း ထက်လှစွာသော သားလှီးဓားဖြင့် ဝမ်းကို မွှမ်းဘိ သကဲ့သို့ ဤအတူသာလျှင် ပြင်းထန်သော လေတို့သည် ဝမ်းကို ထိုးကျင့်ပါကုန်၏။

အသျှင်ဘုရား ...
အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်ကုန်သော ဆင်းရဲ ဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေ သာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါ။

အသျှင်ဘုရား ...
အားကြီးသော ယောက်ျား နှစ်ယောက်တို့သည် အားနည်းလှသော ယောက်ျားကို အသီးသီးသော လက်မောင်းတို့၌ ဆွဲကိုင်၍ မီးကျီး၌ ကင်ကြကုန်သကဲ့သို့ ဤ အတူသာလျှင် ကိုယ်၌ အလွန် ပူပါ၏၊ အသျှင်ဘုရား အကျွန်ုပ်အား မခန့်ကျန်းပါ၊ မမျှတပါ၊ အကျွန်ုပ်အား ပြင်းထန်သော ဆင်းရဲ ဝေဒနာတို့ တိုးတက်ပါကုန်၏၊ မဆုတ်ယုတ်ပါကုန်၊ တိုးတက်သော အခြေအနေသာ ထင်ပါ၏၊ ဆုတ်ယုတ်သော အခြေအနေသည် မထင်ပါ ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် ...
အသျှင်ဖဂ္ဂုနအား တရားနှင့် လျော်သော စကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရား ကျင့်သုံးရန်) ထက်သန် ရွှင်လန်း စေပြီးလျှင် နေရာမှ ထကာ ဖဲခွါ ကြွသွားတော်မူ၏။

ထို့နောက် အသျှင်ဖဂ္ဂုနသည် မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီပင် ကွယ်လွန် လေ၏၊ ထိုဖဂ္ဂုန မထေရ်၏ ထိုသေခါနီး ကာလ၌ ဣနြေ္ဒတို့သည် အထူးသဖြင့် ကြည်လင်ကုန်၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား ''အသျှင်ဘုရား အသျှင်ဖဂ္ဂုနသည် မြတ်စွာဘုရား ကြွသွား၍ မကြာမြင့်မီပင် ကွယ်လွန်ပါသည်၊ ထိုဖဂ္ဂုန၏ ထိုသေခါနီး အခါ၌ ဣနြေ္ဒတို့သည် အထူးသဖြင့် ကြည်လင်ပါကုန်၏'' ဟု (လျှောက်၏)။

အာနန္ဒာ ဖဂ္ဂုနရဟန်း၏ ဣနြေ္ဒတို့သည် အဘယ့်ကြောင့် အထူးသဖြင့် မကြည်လင် ဘဲ ရှိကုန်လိမ့်မည်နည်း၊ အာနန္ဒာ ဖဂ္ဂုနရဟန်း၏ စိတ်သည် အောက်ပိုင်း သံယော ဇဉ် ငါးပါးတို့မှ မလွတ်သေးသည်သာ ဖြစ်၏၊ ထိုဖဂ္ဂုနရဟန်း၏ စိတ်သည် ထိုတရား ဒေသနာကို ကြားနာရ၍ အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ လွတ်၏။

အာနန္ဒာ ...
သင့်လျော် လျောက်ပတ်သောအခါ တရားကို နာခြင်းနှင့်...
သင့်လျော် လျောက်ပတ်သောအခါ အကျိုးအကြောင်းကို ဆင်ခြင်ခြင်း၌ ...
အကျိုးတို့သည် ဤခြောက်မျိုးတို့တည်း...။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

၁...
အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရား ကို ဖူးမြော်ခွင့်ရ၏၊ ထိုရဟန်းအား မြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရား ဒေသနာကို ကြား နာရ၍ ထိုရဟန်း၏စိတ်သည် အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ လွတ်မြောက် ၏။ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရား နာရခြင်း၌ ပဌမ အကျိုးတည်း။

အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရား ကို ဖူးမြော်ခွင့်မရ၊ စင်စစ်သော်ကား မြတ်စွာဘုရား၏ တပည့်သာဝကကို ဖူးမြော်ခွင့်ရ၏၊ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုရဟန်းအား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟော၏၊ အလုံးစုံ ပြည့်စုံ၍ ထက်ဝန်း ကျင် စင်ကြယ်သော မြတ်သော အကျင့်ကိုပြ၏၊ ထိုတရား ဒေသနာကို ကြားနာ ရ၍ ထိုရဟန်း၏ စိတ်သည် အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ လွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရား နာရခြင်း၌ ဒုတိယ အကျိုးတည်း။

၃...
အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီး အခါ၌ မြတ်စွာဘုရား ကိုလည်း ဖူးမြော်ခွင့်မရ၊ မြတ်စွာဘုရား၏ တပည့်သာဝကကိုလည်း ဖူးမြော်ခွင့်မရ၊ စင်စစ်သော်ကား ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်၏၊ ကြားနာဖူး သင်ယူဖူးသည့် အတိုင်း တရားကို အဖန်ဖန် စိတ်ဖြင့် ကြံစည်သော၊ အဖန်ဖန် သုံးသပ်သော၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်သော ထိုရဟန်း၏ စိတ်သည် အောက် ပိုင်း သံယောဇဉ် ငါးပါးတို့မှ လွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ အကြောင်း အကျိုးကို ဆင်ခြင်ခြင်း၌ တတိယ အကျိုး တည်း။

၎...
အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏၊ အတုမရှိသော ဥပဓိ၏ ကုန်ရာ (နိဗ္ဗာန်)၌ စိတ်သည် (အရဟတ္တဖိုလ်) ဖြင့် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့်ရ၏၊ မြတ်စွာဘုရားသည် ထိုရဟန်းအား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ၍ ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရား ဒေသနာကို ကြားနာရ၍ ထိုရဟန်း၏ စိတ်သည် အတုမရှိသော ဥပဓိ၏ ကုန်ရာ (နိဗ္ဗာန်)၌ (အရဟတ္တဖိုလ်) ဖြင့် လွတ်မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရားကို နာရခြင်း၌ စတုတ္ထ အကျိုးတည်း။

၅...
အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏၊ အတုမရှိသော ဥပဓိ၏ကုန်ရာ (နိဗ္ဗာန်)၌ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီး အခါ၌ မြတ်စွာဘုရားကို ဖူးမြော်ခွင့်မရ၊ စင်စစ်သော်ကား မြတ်စွာဘုရား တပည့်သာဝကကို ဖူးမြော်ခွင့်ရ၏၊ မြတ်စွာဘုရား၏ တပည့်သာဝကသည် ထိုရဟန်းအား အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံ၍ စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရား ဒေသနာကို ကြားနာရ၍ ထိုရဟန်း၏ စိတ်သည် အတုမရှိသော ဥပဓိကုန်ရာ (နိဗ္ဗာန်)၌ (အရဟတ္တဖိုလ်)ဖြင့် လွတ် မြောက်၏၊ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ တရား နာရခြင်း၌ ပဉ္စမ အကျိုးတည်း။

၆...
အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား အောက်ပိုင်း သံယောဇဉ် ငါးပါးတို့မှ စိတ်သည် လွတ်မြောက်၏၊ အတုမရှိသော ဥပဓိ၏ကုန်ရာ (နိဗ္ဗာန်)၌ စိတ်သည် မလွတ်မြောက်သေး၊ ထိုရဟန်းသည် ထိုသေခါနီးအခါ၌ မြတ်စွာဘုရားကိုလည်း ဖူးမြော်ခွင့် မရ၊ မြတ်စွာဘုရား၏ တပည့်သာဝကကိုလည်း ဖူးမြော်ခွင့် မရ၊ စင်စစ်သော်ကား ကြားနာဖူး သင်ယူဖူးသည့်အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်၏၊ အဖန်ဖန် သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်၏၊ ကြားနာဖူး သင်ယူဖူးသည့် အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် ကြံစည်သော၊ အဖန်ဖန် သုံးသပ်သော၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်သော ထိုရဟန်း၏ စိတ်သည် အတုမရှိသော ဥပဓိကုန်ရာနိဗ္ဗာန်၌ အရဟတ္တဖိုလ်ဖြင့် လွတ်မြောက်၏။ အာနန္ဒာ ဤသည်ကား သင့်လျော် လျောက်ပတ်သောအခါ၌ အကြောင်းအကျိုးကို ဆင်ခြင် ခြင်း၌ ဆဋ္ဌအကျိုးတည်း။

အာနန္ဒာ သင့်လျော် လျောက်ပတ်သောအခါ တရားနာခြင်းနှင့် သင့်လျော် လျောက်ပတ်သောအခါ အကြောင်း အကျိုးကို ဆင်ခြင်ခြင်း၌ အကျိုးတို့သည် ဤခြောက်မျိုးတို့တည်း ဟု (မိန့်တော်မူ၏)။56

၂ - ဖဂ္ဂုနသုတ်၊ မဟာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အိုင်းအမာနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်...

တိက ပုဂ္ဂလပညတ် -မှ...

၁... အိုင်းအမာနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊
၂... လျှပ်စစ်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊
၃... ဝဇိရစိန် နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်။5

၁...
အိုင်းအမာနှင့်တူသော စိတ်ရှိသော 'အရုကူပမစိတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပင်ပန်းခြင်း များ၏၊ အနည်းငယ်ပင် ပြောဆိုစေကာမူ ငြိကပ်တတ်၏၊ ပြစ်မှားတတ်၏၊ ဖောက်ပြန် တတ်၏၊ ခက်ထန်၏၊ အမျက်ထွက်ခြင်းကို လည်းကောင်း၊ စိတ်ဆိုးခြင်းကို လည်း ကောင်း၊ မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာပြု၏၊ သွေးပြည် ပြည့်သော အိုင်းအမာ အနာဟောင်းသည် ထင်းချောင်းဖြင့် လည်းကောင်း၊ အိုးခြမ်းကွဲဖြင့် လည်းကောင်း ထိခိုက်မိသည်ရှိသော် အတိုင်းထက်အလွန် သွေးပြည် ယိုစီးသကဲ့ သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ် ၏၊ ပင်ပန်းခြင်းများ၏၊ အနည်းငယ်ပင် ပြောဆိုစေကာမူ ငြိကပ်တတ်၏၊ ပြစ်မှား တတ်၏၊ ဖောက်ပြန်တတ်၏၊ ခက်ထန်၏၊ အမျက်ထွက်ခြင်းကို လည်းကောင်း၊ စိတ်ဆိုးခြင်းကို လည်းကောင်း၊ မနှစ်သက်ခြင်းကို လည်းကောင်း ထင်စွာပြု၏၊ ဤပုဂ္ဂိုလ်ကို အိုင်းအမာနှင့်တူသော စိတ်ရှိသော 'အရုကူပမစိတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။101

၂...
လျှပ်စစ်နှင့်တူသော စိတ်ရှိသော 'ဝိဇ္ဇူပမစိတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည် ကားဆင်းရဲ 'ဒုက္ခ'တည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤတဏှာ 'လောဘ' သည်ကား ဆင်းရဲ ဖြစ်ကြောင်းတည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤ နိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း'' ဟု ဟုတ်မှန်သော အတိုင်းသိ၏၊ ''ဤမဂ္ဂင် ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ မျက်စိ အမြင်ရှိသော ယောက်ျားသည် အလွန် မှောင်မိုက်သော ညဥ့်အခါ၌ လျှပ်စစ်ပြတ်သဖြင့် အဆင်းရူပါရုံတို့ကို မြင်ရာသကဲ့ သို့၊ ဤအတူပင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲ 'ဒုက္ခ' တည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤတဏှာ 'လောဘ' သည်ကား ဆင်းရဲဖြစ်ကြောင်းတည်း'' ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း'' ဟု ဟုတ်မှန် သောအတိုင်း သိ၏၊ ''ဤမဂ္ဂင် ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက် ကြောင်း အကျင့်တည်း'' ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ဤပုဂ္ဂိုလ်ကို လျှပ်စစ် နှင့်တူသော စိတ်ရှိသော 'ဝိဇ္ဇူပမစိတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။102

၃...
ဝဇိရစိန်နှင့်တူသော စိတ်ရှိသော 'ဝဇိရူပမစိတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊
ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း ကြောင့် အာသဝေါကင်းသော၊ စိတ်ဖြင့် ကိလေသာမှ လွတ်သော၊ ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ကျောက်မျက်ရတနာပင်ဖြစ်စေ၊ ကျောက်သားပင်ဖြစ်စေ ဝဇိရစိန်၏ မဖောက်ထွင်းနိုင်သော တစ်စုံတစ်ခု ဝတ္ထုမည် သည် မရှိသကဲ့သို့၊ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ် သည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ စိတ်ဖြင့် ကိလေသာမှ လွတ်သော၊ ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ဤပုဂ္ဂိုလ်ကို ဝဇိရစိန်နှင့်တူသော စိတ်ရှိသော 'ဝဇိရူပမစိတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။103

၃ - တိက၊ ပုဂ္ဂလပညတ်ပါဠိတော်၊ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, April 26, 2009

ဝေဿန္တရမင်းအကျင့်...အဆက်- ၅

ဇာလီမင်းသားနှင့် သမီးကဏှာဇိန်ကို လည်းကောင်း၊ အရှင်သခင်၌ ရိုသေသော အကျင့်ရှိသော မဒ္ဒီမိဖုရားကို လည်းကောင်း စွန့်လွှတ်လှူဒါန်းသော ငါသည် သမ္မာ သမ္ဗောဓိဉာဏ်၏ အကြောင်းကြောင့်သာလျှင် တွန့်တိုဆုတ်နစ်သော စိတ်အကြံ အစည် မဖြစ်ခဲ့ပေ။

ငါသည် သားသမီးနှစ်ယောက်တို့ကို မချစ်သည် မဟုတ်၊ မဒ္ဒီမိဖုရားကို မချစ်သည် လည်း မဟုတ်၊ ငါသည် သဗ္ဗညုတဉာဏ်ကို ချစ်မြတ်နိုး၏၊ ထို့ကြောင့် ငါသည် ချစ်သော သားမယားတို့ကို ပေးလှူခဲ့၏။

ထို့နောက် တစ်ဖန် တောအုပ်ကြီး၌ မယ်တော် ခမည်းတော်တို့နှင့် ပေါင်းဆုံရသော် သနားဖွယ် ငိုကြွေးကာ ချမ်းသာဆင်းရဲကို မေးမြန်းပြောဆိုလျက်-

နှစ်ယောက်သော မယ်တော် ခမည်းတော်တို့၏ အထံသို့ အရှက်အကြောက်ဖြင့် လည်းကောင်း၊ လေးစားခြင်းဖြင့် လည်းကောင်း ချဉ်းကပ်၏။ ထိုအခါ၌လည်း မြင်း မိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ၏။

ထို့နောက် တစ်ဖန် ဆွေတော်မျိုးတော်တို့နှင့်တကွ တောအုပ်ကြီးမှ ထွက်ခဲ့ကြ၍ ပျော်မွေ့ဖွယ်ကောင်းသော ပြည်မြတ်ဖြစ်သော ဇေတုတ္တရာမြို့တော်သို့ဝင်လေ၏။

ထိုနေ့၌ ရတနာ ခုနစ်ပါးမိုးတို့သည် ရွာသွန်းကုန်၏၊ သည်းစွာသော မိုးသည် ရွာချ လေ၏၊ ထိုအခါ၌လည်း မြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေ ကြီးသည် တုန်လှုပ်လေ၏။

စိတ်စေတနာ မရှိသော ဤမြေကြီးသည်လည်း ချမ်းသာဆင်းရဲကို မသိဘဲလျက် ငါ၏ အလှူ စွမ်းအားကြောင့် ခုနစ်ကြိမ်တိုင်တိုင် တုန်လှုပ်လေ၏။ 124

ကိုးခုမြောက် ဝေဿန္တရစရိယ 'ဝေဿန္တရာမင်းအကျင့်' ပြီး၏။
၉ - ဝေဿန္တရစရိယ (ဝေဿန္တရမင်းအကျင့်)၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဝေဿန္တရမင်းအကျင့်...အဆက်- ၎

ပူဇော်အပ်သော အမျိုးဖြစ်၍ နူးညံ့သိမ်မွေ့သည့် မင်းမျိုးဖြစ်ကုန်သော ငါတို့ လေး ဦးသားတို့သည် မညီညွတ်သောမြေ, ညီညွတ်သော မြေကို နင်းကုန်လျက် ဝင်္က တောင်သို့ သွားကြကုန်၏။

အကြင်သူတို့သည် လမ်းအနီး၌ လည်းကောင်း၊ ခရီးရင်ဆိုင်၌ လည်းကောင်း လာ ကြကုန်၏။ ထိုသူတို့အား ''ဝင်္ကန္တတောင်သည် အဘယ်မှာနည်း'' ဟု ငါတို့သည် လမ်းခရီးကို မေးမြန်းရကုန်၏။

ထိုသူတို့သည် ထိုလမ်းခရီး၌ ငါတို့ကို တွေ့မြင်ကုန်သော် ''ဝင်္ကန္တတောင်သည် ဝေး လှ၏' ဟု သနားသော အသံကို မြွက်ဆိုကြကုန်၏၊ ထိုသူတို့သည် (သနားခြင်း ကြောင့်ဖြစ်သော) ဆင်းရဲဝေဒနာကို ခံစားကြရကုန်၏။

သူငယ်ဖြစ်သော သားသမီးတို့သည် တောအုပ်ကြီး၌ အသီးရှိသော သစ်ပင်တို့ကို အကယ်၍ တွေ့မြင်ကုန်အံ့၊ သူငယ်တို့သည် ထိုသစ်သီးတို့၏ အကြောင်းကြောင့် ငိုယိုကြကုန်၏။

မြင့်တက်သော ကြီးကျယ်သော သစ်ပင်တို့သည် ငိုယိုနေသော သူငယ်တို့ကို မြင် သော် အလိုလိုပင် ညွတ်ကိုင်း၍ သူငယ်တို့သို့ ချဉ်းကပ်ကုန်၏။

အလုံးစုံသော အင်္ဂါတို့ဖြင့် တင့်တယ်သော မဒ္ဒီမိဖုရားသည် မဖြစ်စဖူး ဖြစ်သော ကြက်သီးမွေးညင်း ထစေနိုင်သော ဤအံ့သြဖွယ်ကို တွေ့မြင်ရသည်ရှိသော် ကောင်းချီးကို ဖြစ်စေ၏။

ဝေဿန္တရာမင်း၏ တန်ခိုးကြောင့် သစ်ပင်တို့သည် အလိုလိုပင် ညွတ်ကိုင်းကုန်၏၊ ဤသို့ဖြစ်ခြင်းသည် လောက၌ အံ့သြဖွယ်ရှိပေစွ၊ မဖြစ်စဖူး ဖြစ်ပေစွ၊ ကြက်သီး မွေးညင်း ထဖွယ်ကောင်းလေစွ ဟု ကောင်းချီးကို ဖြစ်စေ၏၊၊

နတ်တို့သည် သူငယ်တို့ကို သနားကြသဖြင့် ယူဇနာသုံးဆယ် လမ်းခရီးကို ချုံး၍ ပေးကြကုန်၏၊ (ဇေတုတ္တရာပြည်မှ) ထွက်သော နေ့၌သာလျှင် စေတနိုင်ငံသို့ ဆိုက် ရောက်ကုန်၏။

ထိုအခါ ဦးရီးတော် ဖြစ်ကြကုန်သော မင်းခြောက်သောင်းတို့သည် (စေတနိုင်ငံ၌) နေကုန်၏၊ အလုံးစုံသော မင်းတို့သည် လက်အုပ်ချီကုန်၍ ငိုယိုလျက် ချဉ်းကပ် လာကြကုန်၏။ ထိုစေတနိုင်ငံ၌ စေတမင်းတို့နှင့် လည်းကောင်း၊ စေတမင်းသားတို့ နှင့် လည်းကောင်း နှုတ်ဆက်စကား ပြောကြားပြီးသော် ထိုငါတို့သည် ထိုမြို့မှ ထွက်ခွါကုန်၍ ဝင်္ကတောင်သို့ သွားကြကုန်၏။

သိကြားမင်းသည် တန်ခိုးကြီးသော ဝိသကြုံနတ်သားကို ခေါ်၍ သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်၍ ပျော်မွေ့ဖွယ်သော သစ်ရွက်မိုးကျောင်းကို ဖန်ဆင်းချေ လော့ဟု စေလိုက်၏။ သိကြားမင်း၏ စကားကို ကြားနာလျက် တန်ခိုးကြီးသော ဝိသကြုံနတ်သားသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ဆောက်လုပ်၍ ပျော်မွေ့ ဖွယ်သော သစ်ရွက်မိုးကျောင်းကို ဖန်ဆင်းလေ၏။

လေးယောက်သား ငါတို့သည် ဝင်္ကတောင်ကြား၌ လူသူ ရောယှက်မရှိ တိတ်ဆိတ် သော တောအုပ်ကြီးသို့ သက်ဝင်၍ ထိုတောအုပ်ကြီးတွင် နေကြကုန်၏။ ထိုအခါ ငါသည် လည်းကောင်း၊ မဒ္ဒီမိဖုရားသည် လည်းကောင်း၊ ဇာလီ, ကဏှာဇိန်နှစ်ဦးတို့
သည် လည်းကောင်း အချင်းချင်း (တစ်ဦးကို တစ်ဦး) စိုးရိမ်ခြင်း ဝမ်းနည်းပူးဆွေးမှု ကို ပယ်ဖျောက်ကုန်လျက် သင်္ခမ်းကျောင်း၌ နေကြကုန်၏။

ငါသည် သင်္ခမ်းကျောင်း၌ မဆိတ်သုဉ်းသည်ကို ပြု၍ သားသမီးငယ်တို့ကို စောင့် ရှောက်လျက် တည်နေရ၏၊ ထိုမဒ္ဒီမိဖုရားသည် သစ်သီးကို ဆောင်၍ သုံးယောက် သား ငါတို့ကို ကျွေးမွေး၏။

ငါသည် တောအုပ်ကြီး၌ နေစဉ် ခရီးသွားသူ ဇူဇကာပုဏ္ဏားသည် ငါ့ထံသို့ ချဉ်းကပ် လာ၏၊ ငါ၏ ဇာလီ, ကဏှာဇိန် သားသမီးနှစ်ယောက်လုံးကို တောင်းလေ၏။

တောင်းတတ်သော ဇူဇကာပုဏ္ဏား ချဉ်းကပ်လာသည်ကို မြင်ရသော် ငါ့အား ရွှင်လန်းခြင်း ဖြစ်လေ၏၊ ထိုအခါ ငါသည် သားသမီးနှစ်ယောက်တို့ကို ကိုင်ငင်၍ ပုဏ္ဏားအား ပေးလှူခဲ့၏။

အကြင်အခါ ဇူဇကာပုဏ္ဏားအား မိမိသားသမီးတို့ကို စွန့်လှူလတ်သော် ထိုအခါ၌ လည်း မြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် တုန် လှုပ်လေ၏။

တစ်ဖန်လည်း သိကြားမင်းသည် နတ်ပြည်မှ သက်ဆင်း၍ ပုဏ္ဏားအသွင် ဖန်ဆင်း လျက် ငါ့ထံသို့ လာပြီးလျှင် သီလရှိ၍ အရှင်သခင်၌ ရိုသေသော အကျင့်ရှိသော မဒ္ဒီမိဖုရားကို တောင်းလေ၏။

ငါသည် ကြည်လင်သော စိတ်အကြံ ရှိသည်ဖြစ်၍ မဒ္ဒီကို လက်၌ကိုင်လျက် ရေဖြင့် (ပုဏ္ဏား၏) လက်ခုပ်ကို ပြည့်စေပြီးလျှင် ထိုပုဏ္ဏားအား မဒ္ဒီကို ပေးလှူခဲ့၏။

မဒ္ဒီမိဖုရားကို ပေးလှူလတ်သော် ကောင်းကင်၌ နတ်ဗြဟ္မာတို့သည် ဝမ်းမြောက် ကြကုန်၏၊

ထိုအခါ၌လည်း မြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီး သည် တုန်လှုပ်လေ၏။117

အမှတ် ၅-သို့ ဆက်မည်--->

၉ - ဝေဿန္တရစရိယ (ဝေဿန္တရမင်းအကျင့်)၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဝေဿန္တရမင်းအကျင့်...အဆက်- ၃

ထိုရောက်လာသော အလှူခံတို့ကို ပယ်ခြင်းသည် ငါ့အား မသင့်လျော်ချေ၊ ဒါန ပါရမီကို ဆောက်တည်ခြင်းသည် ငါ့အား မပျက်စီးပါစေလင့်၊ ငါသည် မြတ်သော ဆင်ကို ပေးလှူအံ့ (ဟုကြံစည်၍) -

ဆင်ကို နှာမောင်း၌ ကိုင်လျက် ရတနာဖြင့် ပြီးသော ကရားဖြင့် ရေကို (ပုဏ္ဏားတို့ ၏) လက်၌ သွန်းလောင်း၍ ဆင်ကို ပုဏ္ဏားတို့အား ပေးလှူ၏။ အလုံးစုံ ဖြူသော ဆင်တော်မြတ်ကို ပေးလှူလတ်သော် ထိုအခါ၌လည်း မြင်းမိုရ်တောင်တည်း ဟူ သော ဦးဆောက်ပန်းရှိသော မြေကြီးသည် နောက်တစ်ဖန် တုန်လှုပ်လေ၏။

ထိုဆင်တော်ကို လှူခြင်းကြောင့် သိဝိပြည်သူတို့သည် အမျက်ထွက်ကုန်၍ စည်း ဝေးကြပြီးလျှင် ဝင်္ကတောင်သို့ သွားလော့ဟု မိမိတို့နိုင်ငံမှ နှင်ထုတ်ကြကုန်၏။

ထိုသိဝိပြည်သူတို့ နှင်ထုတ်ကုန်သည်ရှိသော် (ငါသည်) မတုန်မလှုပ် မတွန့်မတို သော အလှူ ကြီးကို ပေးလှူရန် တစ်ခုသောဆုကို တောင်းပန်၏။

သိဝိပြည်သူအားလုံးတို့သည် ငါ တောင်းပန်အပ်သည်ဖြစ်၍ ငါ့အား ဆုတစ်ပါးကို ပေးကုန်၏၊ ထိုအခါ ငါသည် အစုံသော အလှူစည်ကို ကြွေးကြော် တီးခတ်စေ၍ အလှူကြီးကို ပေးလှူ၏။

ထိုသို့ ပေးလှူလတ်သော် အလှူကြောင့် ဤမင်းကို နှင်ထုတ်ကုန်၏၊ ဤမင်းသည် ယခုတစ်ဖန် အလှူကို လှူပြန်၏ဟု အလှူပေးရာ အရပ်၌ အုတ်အုတ် ကျက်ကျက် ကြောက်မက်ဖွယ် ကြီးစွာသော အသံသည် ဖြစ်လေ၏။

ထိုအခါ ငါသည် ဆင်ကို လည်းကောင်း၊ မြင်းတို့ကို လည်းကောင်း၊ ရထားတို့ကို လည်းကောင်း ပေးလှူ၍ ကျွန်မိန်းမ, ကျွန်ယောက်ျား, နွား, ဥစ္စာဟူသော ကြီးစွာ သော အလှူကို ပေးလှူပြီးလျှင် မြို့မှ ထွက်ခဲ့၏။

ငါသည် မြို့မှထွက်၍ ပြန်လှည့်ကြည့်ရှုသော အခါ၌လည်း မြင်းမိုရ်တောင် တည်း ဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ၏။

ရထားတပ်သော မြင်းလေးစီးကို လည်းကောင်း၊ ရထားကို လည်းကောင်း ပုဏ္ဏား တို့အား ပေးလှူပြီးလျှင် နောက်လိုက်မပါ တစ်ကိုယ်တည်းသာဖြစ်သော ငါသည် လမ်းလေးခွဆုံ၌ ရပ်လျက် မဒ္ဒီမိဖုရားအား ဤစကားကို ပြောဆို၏-

မဒ္ဒီ ဤကဏှာဇိန်သည် ညီမငယ်ဖြစ်၍ ပေါ့၏၊ သင်သည် ကဏှာဇိန်ကို ချီလော့၊ ဇာလီကား အစ်ကိုဖြစ်၍ လေး၏၊ ငါသည် ဇာလီကို ချီမည်။

မဒ္ဒီသည် ပဒုမ္မာကြာ, ပုဏ္ဍရိက်ကြာနှင့် တူသော ကဏှာဇိန်ကို ချီ၏၊ ငါသည် ရွှေရုပ်နှင့် တူသော ဇာလီမင်းသားကို ချီ၏။96

အမှတ် ၄-သို့ ဆက်မည် --->

၉ - ဝေဿန္တရစရိယ (ဝေဿန္တရမင်းအကျင့်)၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဝေဿန္တရမင်းအကျင့်...အဆက်- ၂

သိကြားမင်း ပေးအပ်ပြီးသော ဆုရှိသော ထိုမိဖုရားသည် နှစ်သက်ရွှင်လန်း ဝမ်း မြောက်သည်ဖြစ်၍ ငါ့ကို အတွင်းပြုလျက် ဆုဆယ်ပါးတို့ကို ခံယူ၏။72

ထိုဖုဿတီမိဖုရားသည် ထိုတာဝတိံသာဘုံမှ စုတေလတ်သော် မင်းမျိုး၌ ဖြစ်လေ ၏၊ ဇေတုတ္တရာမြို့၌ သဉ္ဇယ (သိဉ္ဇည်း) မင်းနှင့် ပေါင်းဖက်လေ၏။ အကြင်အခါ၌ ငါသည် ချစ်လှစွာသော မယ်တော် ဖုဿတီမိဖုရား၏ ဝမ်းသို့ သက်ဝင်၏၊

ထိုအခါ ငါ၏မယ်တော်သည် ငါ၏တန်ခိုးကြောင့် အခါခပ်သိမ်း အလှူ၌ မွေ့လျော် သူ ဖြစ်၏။ ဥစ္စာမရှိသူ၊ အနာရောဂါ နှိပ်စက်သူ၊ အိုမင်းသူ၊ သူတောင်းစား၊ ခရီး သွား၊ ရဟန်း၊ ပုဏ္ဏား၊ စည်းစိမ်ဥစ္စာ ပျက်စီးကုန်ခန်းသူ၊ ဥစ္စာ မသိမ်းဆည်းသူတို့၌ အလှူကို ပေးလှူလေ၏။

ဖုဿတီမိဖုရားသည် ငါ့ကို ဆယ်လတို့ပတ်လုံး လွယ်ခဲ့ရ၍ မြို့ကို လက်ယာရစ် လှည့်လည်ခြင်းကို ပြုလတ်သော် ကုန်သည်တို့၏ ခရီးအလယ်၌ ငါ့ကို မွေးဖွား လေ၏။ ငါ၏ အမည်သည် မယ်တော်ဘက်မှ လာသော အမည်လည်း မဟုတ်၊ ခမည်းတော်ဘက်မှလာသော အမည်လည်း မဟုတ်၊ ကုန်သည်တို့၏ သွားရာ လမ်းခရီး၌ မွေးဖွားသူ ဖြစ်၏၊ ထို့ကြောင့် ''ဝေဿန္တရ'' ဟူသော အမည် ဖြစ်လေ၏။

အကြင်အခါ ငါသည် မွေးဖွားသည်မှ ရှစ်နှစ်အရွယ် သူငယ်ဖြစ်၏၊ ထိုအခါ ပြာ သာဒ်ထက်၌ ထိုင်လျက် အလှူကို ပေးလှူရန် ကြံစည်ခဲ့၏။ တစ်စုံ တစ်ယောက် သော သူသည် ငါ့ကို အကယ်၍ တောင်းလာငြားအံ့၊ ငါသည် ငါ၏ နှလုံးကို လည်း ကောင်း၊ မျက်စိကို လည်းကောင်း၊ အသားကို လည်းကောင်း၊ အသွေးကို လည်း ကောင်း (ထုတ်၍)လှူလို၏။ (ငါ၏)ကိုယ်ကိုလည်း ကျွန်အဖြစ်ဖြင့် ပြောကြား၍ လှူလို၏။

ငါသည် မတုန်မလှုပ် မတွန့်မတိုသော သဘောမှန်ကို ကြံစည်စဉ် ထိုအခါ မြင်းမိုရ်တောင်တည်းဟူသော ဦးဆောက်ပန်းရှိသော မြေကြီးသည် တုန်လှုပ်လေ ၏။

ငါသည် လခွဲတိုင်းလခွဲတိုင်း တစ်ဆယ့်ငါးရက် လပြည့် ဥပုသ်နေ့ဝယ် ပစ္စယ ဆင် တော်ကို တက်စီး၍ အလှူကိုလှူရန် (အလှူဇရပ်သို့) ချဉ်းကပ်ခဲ့၏။ ကလိင်္ဂတိုင်း နိုင်ငံမှ ပုဏ္ဏားတို့သည် ငါ့ထံသို့ လာရောက်ကုန်၏၊ ဘုန်းကျက်သရေနှင့် ပြည့်စုံ သော မင်္ဂလာဆင်တော်ဟု သမုတ်အပ်သော ဆင်တော်ကို ငါ့အား တောင်းကုန် ၏။

မင်းကြီး အကျွန်ုပ်တို့၏ ဇနပုဒ်သည် မိုးရွာခြင်းမရှိသည်ဖြစ်၍ ကြီးစွာ ငတ်မွတ်ခြင်း တည်း ဟူသော ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်နေပါ၏၊ အလုံးစုံ ဖြူ၍ ဆင်တို့တွင် အမြတ်ဆုံးဖြစ်သော ဆင်တော်မြတ်ကို လှူပါလော့ဟု တောင်းကုန်၏။ ပုဏ္ဏားတို့ သည် ငါ့အား အကြင်ဝတ္ထုကို တောင်းကုန်၏၊ ထိုဝတ္ထုကို ငါသည် ပေးလှူအံ့၊ တုန် လှုပ်လိမ့်မည် မဟုတ်၊ ငါသည် ထင်ရှားရှိသောဝတ္ထုကို မလျှို့ဝှက်၊ ငါ၏ စိတ်သည် ပေးလှူခြင်း၌ မွေ့လျော်၏။84

အမှတ် ၃-သို့ ဆက်မည်--->

၉ - ဝေဿန္တရစရိယ (ဝေဿန္တရမင်းအကျင့်)၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဝေဿန္တရမင်းအကျင့်...၁

ဝေဿန္တရမင်းအကျင့်...

အကြင်ဖုဿတီမည်သော မင်းသမီးသည် ငါ၏ မယ်တော် ဖြစ်လေ၏၊ ထိုမင်းသမီး သည် အတိတ်ဘဝတို့၌ သိကြားမင်း၏ ချစ်မြတ်နိုးအပ်သော မိဖုရား ဖြစ်လေ၏။ 67

ထိုမိဖုရား၏ အသက် ကုန်ခါနီးသည်ကို သိ၍ သိကြားမင်းသည် ''မိဖုရားမြတ် သင် သည် အကယ်၍ အလိုရှိမူ သင့်အား ဆုဆယ်ပါးတို့ကို ငါ ပေးအံ့'' ဟု ဤစကားကို ဆို၏။68

ဤသို့ ဆိုလတ်သော် ထိုမိဖုရားသည်လည်း သိကြားမင်းအား တစ်ဖန် ဤစကား ကို ဆို၏- အကျွန်ုပ်အား အဘယ်အပြစ် ရှိပါသနည်း၊ အကျွန်ုပ်သည် အရှင်၏ မချစ်မနှစ် သက်အပ်သူ ဖြစ်ပါသလော၊ 'လေသည် သစ်ပင်ကို ရွေ့ရှားစေသကဲ့ သို့' အကျွန်ုပ်ကို ပျော်မွေ့ဖွယ် ဌာနမှ ရွေကစေလိုပါ သလော။69

ဤသို့ ဆိုလတ်သော် ထိုသိကြားမင်းသည်လည်း တစ်ဖန် ထိုမိဖုရားအား ဤ စကားကို ဆို၏- သင်သည် မကောင်းမှုကို ပြုအပ်သည်လည်း မဟုတ်၊ သင်သည် ငါ၏ မချစ်မနှစ်သက်အပ်သူလည်း မဟုတ်။70

သင်၏ အသက်သည် ဤမျှလောက်သာ ရှိ၍ စုတေအံ့သော အခါသည် ဖြစ်တော့ အံ့၊ ငါသည် ပေးအပ်သော ဆုမြတ်ဆယ်ပါးတို့ကို ခံယူပါလော့။71

အမှတ် ၂-သို့ ဆက်မည်--->

၉ - ဝေဿန္တရစရိယ (ဝေဿန္တရမင်းအကျင့်)၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

စိတ္တသူကြွယ်အား အသျှင်ကာမဘူသည် ...

ပဌမ ကာမဘူသုတ်

အခါတစ်ပါး၌ ...
အသျှင်ကာမဘူသည် မစ္ဆိကာသဏ္ဍအရပ် ဝှေးပင်တော၌ (သီတင်းသုံး) နေ၏၊

ထိုအခါ စိတ္တ သူကြွယ်သည် အသျှင်ကာမဘူထံသို့ ချဉ်းကပ်၍ အသျှင်ကာမဘူကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော စိတ္တသူကြွယ်အား အသျှင်ကာမဘူသည် ''သူကြွယ် မြတ်စွာဘုရားသည်- 'အပြစ် ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့်ရှိ သော ရထားသည် လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီးလျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကို ရှုလော့' ဟု ဤဂါထာကို ဟောတော်မူ၏။

သူကြွယ် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကို အကျယ်အား ဖြင့် အဘယ်သို့ မှတ်သင့်ပါ သနည်း'' ဟု မိန့်၏၊ အသျှင်ဘုရား ဤစကားကို မြတ်စွာဘုရား ဟောအပ်ပါသလော၊ သူကြွယ်ဟောအပ်သည် မှန်၏၊ အသျှင် ဘုရား သို့ဖြစ်လျှင် ထိုစကား၏ အနက်ကို ဆင်ခြင်ရန် တစ်ခဏမျှ ဆိုင်းငံ့ပါလော့၊ ထိုအခါ စိတ္တသူကြွယ်သည် တစ်ခဏမျှ ဆိတ်ဆိတ် နေ၍ အသျှင်ကာမဘူအား ဤစကားကို လျှောက်၏-

အသျှင်ဘုရား ''အပြစ်ကင်းသော အစိတ်အပိုင်း'' ဟူသော ဤအမည်သည် သီလ တို့၏ အမည်ပါတည်း။ အသျှင်ဘုရား ''ဖြူသော အမိုး'' ဟူသော ဤအမည်သည် လွတ်မြောက်ခြင်း အရဟတ္တဖိုလ်၏ အမည်ပါတည်း။ အသျှင်ဘုရား ''တစ်ခုသော အကန့်'' ဟူသော ဤအမည်သည် သတိ၏ အမည်ပါတည်း။ အသျှင်ဘုရား ''လည်၏'' ဟူသော ဤအမည် သည် ရှေ့သို့ တက်ခြင်း နောက်သို့ ဆုတ်ခြင်း၏ အမည်ပါတည်း။ အသျှင်ဘုရား ''ရထား'' ဟူသော ဤအမည်သည် မိဘတို့၏ သုက်သွေးကို မှီ၍ ဖြစ်သော ထမင်း မုယောမုန့်တို့ဖြင့် ကြီးပွါးရသော မမြဲခြင်း လိမ်းကျံပေးရခြင်း နှိပ်နယ် ပေးရခြင်း ပြိုကွဲပျက်စီးခြင်း သဘောရှိသော မဟာ ဘုတ်လေးပါးကို မှီသော ဤခန္ဓာကိုယ်၏ အမည်ပါတည်း။

အသျှင်ဘုရား စွဲမက်မှု 'ရာဂ'သည် ဆင်းရဲတည်း၊
အမျက်ထွက်မှု 'ဒေါသ' သည် ဆင်းရဲတည်း၊
တွေဝေမှု 'မောဟ' သည် ဆင်းရဲတည်း။
ထိုဆင်းရဲတို့သည် အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊
အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊
နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊
အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊
နောင်အခါ ဖြစ်ခြင်း သဘော မရှိကုန်။

ထို့ကြောင့်...
အာသဝေါ ကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''ဆင်းရဲခြင်း မရှိသူ'' ဟု ဆိုအပ်၏။
''လာနေသူ'' ဟူသော ဤအမည်သည် ရဟန္တာ၏ အမည်ပါတည်း။
''အယဉ်'' ဟူသော ဤအမည်သည် တပ်မက်မှု 'တဏှာ' ၏ အမည်ပါတည်း။
ထိုတပ်မက်မှု 'တဏှာ' သည် အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ်ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''အယဉ်ကို ဖြတ်ပြီး သူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား စွဲမက်မှု 'ရာဂ' သည် အနှောင်အဖွဲ့တည်း၊
အမျက်ထွက်မှု 'ဒေါသ' သည် အနှောင်အဖွဲ့တည်း၊
တွေဝေမှု 'မောဟ' သည် အနှောင်အဖွဲ့တည်း၊
ထိုအနှောင်အဖွဲ့တို့သည် အာသဝေါ ကုန်ပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်အား ပယ်အပ် ကုန်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးကုန်ပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးကုန်ပြီ၊ အသစ် မဖြစ်ခြင်းကို ပြုပြီးကုန်ပြီ၊ နောင်အခါဖြစ်ခြင်းသဘော မရှိ ကုန်။ ထို့ကြောင့် အာသဝေါကုန်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို ''အယဉ်ကို ဖြတ်ပြီးသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား စွဲမက်မှု 'ရာဂ' သည် အနှောင်အဖွဲ့တည်း ။ပ။ ရဟန္တာပုဂ္ဂိုလ်ကို ''အနှောင်အဖွဲ့ မရှိသူ'' ဟု ဆိုအပ်၏။

အသျှင်ဘုရား ဤသို့လျှင် မြတ်စွာဘုရားသည်...
အပြစ်ကင်းသော အစိတ်အပိုင်းရှိသော ဖြူသော အမိုးရှိသော တစ်ခုသော အကန့် ရှိသော ရထားသည် လည်၏၊ ဆင်းရဲခြင်း ကင်းလျက် အယဉ်ကို ဖြတ်ပြီးလျှင် အနှောင်အဖွဲ့ မရှိမူ၍ လာနေသူကို ရှုလော့ ဟူသော ယင်းစကားကို ဟောတော် မူအပ်ပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောအပ်သော ဤစကား၏ အနက်ကို အကျယ်အားဖြင့် ဤသို့ သိပါ၏ဟု လျှောက်၏။ အကြွင်း နက်နဲသော ဘုရားစကားတော်၌ ပညာမျက်စိကို ဆောင်နိုင်ပေရကား သင့်အား အရတော်ပေစွ တကား၊ ကောင်းစွာ ရအပ်ပေစွတကား ဟု (မိန့်ဆို၏)။347

၅ - ပဌမ ကာမဘူသုတ်၊ စိတ္တသံယုတ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


Saturday, April 25, 2009

မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ် ၁၀...

ရာဇန္တေပုရပ္ပဝေသနသုတ်

ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်း။

အဘယ်ဆယ်မျိုးတို့နည်းဟူမူ -

၁...
ရဟန်းတို့ မင်းနှင့် မိဖုရား အတူနေရာသို့ ရဟန်း ဝင်သောအခါ မိဖုရားကသော် လည်း ရဟန်းကို မြင်၍ ပြုံးရယ်မိတတ်၏၊ ရဟန်းကသော်လည်း မိဖုရားကို မြင်၍ ပြုံးရယ်မိတတ်၏၊ ထိုသို့ ပြုံးရယ်မိရာ၌ မင်းကြီးအား ''ဤရဟန်းနှင့် မိဖုရားတို့ သည် လွန်ကျူးပြီးသော် လည်းကောင်း၊ လွန်ကျူးလတ္တံ့သော် လည်းကောင်း မချွတ်ဖြစ်ရာ၏'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်း နန်းတော်သို့ ဝင်ခြင်း၌ ပဌမအပြစ်တည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းမည်သည်ကား များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ မိန်းမ(မိဖုရားငယ်) တစ်ယောက်ကို သွားလာပြီးနောက် အမှတ်မရ၊ ထိုမိန်းမသည် ထိုမင်းသွားလာခြင်းကြောင့် ကိုယ်ဝန် စွဲယူရာ၌ မင်းကြီးအား ''ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ နန်းတော်တွင်းသို့ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဒုတိယအပြစ်တည်း။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ တစ်စုံတစ်ခုသော ရတနာ ပျောက် သောအခါ မင်းကြီးအား ''ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ် ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ တတိယ အပြစ်တည်း။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ လျှို့ဝှက်ထားသော တိုင်ပင်ချက် (နန်းတွင်းရေး)တို့သည် အပြင်ဘက်တွင် ပျံ့နှံ့သောအခါ မင်းကြီးအား ''ဤအရပ် ၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံ တစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ စတုတ္ထအပြစ်တည်း။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ အဖကသော်လည်း သားကို (သတ်ခြင်းငှါ) အလိုရှိတတ်၏၊ သားကသော်လည်း အဖကို (သတ်ခြင်းငှါ) အလို ရှိတတ်၏၊ ''ဤအရပ်၌ ရဟန်းမှ တစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု ထိုသူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ပဉ္စမအပြစ်တည်း။

၆...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် နိမ့်သော ရာထူးရှိသူကို မြင့်သော ရာထူး၌ ထား၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင်ဖြစ်လေသလော'' ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဆဋ္ဌအပြစ်တည်း။

၇...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် မြင့်သော ရာထူး ရှိသူကို နိမ့်သော ရာထူး၌ ထား၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ သတ္တမအပြစ်တည်း။

၈...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် အခါမဟုတ်သည်၌ စစ်တပ်ကို လွှတ် လိုက်တတ်၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု ထိုအခါမဲ့ စစ်တပ် လွှတ်ခြင်းကို မနှစ်သက်သူတို့ အား အထင်မှားခြင်း ဖြစ်တတ်၏။
ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ အဋ္ဌမအပြစ်တည်း။

၉...
ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် လွှတ်သင့်သော အခါ၌ စစ်တပ်ကို လွှတ်လိုက်ပြီးနောက် ခရီးအကြားမှ တစ်ဖန် ပြန်လာစေတတ်၏။ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော'' ဟု ထိုစစ် ပြန်လာစေခြင်းကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။
ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ နဝမအပြစ်တည်း။

၁၀...
ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ နန်းတော်သည် ဆင် မြင်း ရထားတို့ဖြင့် ကျဉ်းမြောင်း ကျပ်တည်း၏။ တပ်နှစ်သက်ဖွယ်ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့လည်း ရှိကုန်၏၊ ယင်းအာရုံတို့သည် ရဟန်းအား မလျောက် ပတ်ကုန်။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ဝင်ခြင်း၌ ဒသမ အပြစ်တည်း။ ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်း ဟု မိန့်တော်မူ၏။

၅ - ရာဇန္တေပုရပ္ပဝေသနသုတ်၊ အက္ကောသ၀ဂ်၊ ဒသကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, April 24, 2009

ခွက်လက်စွဲလျက် အသက်မွေးရခြင်းကား...



ဇီဝိကသုတ်- (အသက်ရှည်ခြင်း၊ အသက်မွေးခြင်း)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အသက်မွေးမှုတို့တွင် ဆွမ်းခံလှည့်လည်၍ အသက်မွေးရခြင်းသည် ယုတ်ညံ့လှ၏၊ လောက၌ ဤဆွမ်းခံ၍ အသက်မွေးသူသည် ''ဤသူဖုန်းစားကား ခွက်လက်စွဲလျက် လှည့်လည်ဘိ၏'' ဟု အဆဲရေး ခံရတတ်၏၊ ထိုသို့ပင် ဆဲရေး ခံရတတ်သော်လည်း အကျိုးထူးကို အလိုရှိကုန်သော အမျိုးသားတို့သည် အကျိုး ရှိမှုကို စွဲ၍ ထိုဆွမ်းခံ လှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက်ကြကုန်၏၊

မင်းအနှောင်အဖွဲ့ ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
သူခိုးတို့ ဖမ်းယူ နှောင်ဖွဲ့ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
ကြွေးမြီ နှိပ်စက်ခံရသည်ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
ဘေးနှိပ်စက်ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...
အသက်မွေးခက်သည် ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်...။

စင်စစ်သော်ကား ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာ ယာမှု ပြင်းစွာပူပန်မှုတို့ဖြင့် သံသရာ ဝဋ်တွင်းသို့ သက်ဆင်း ကျရောက်ကုန်၏၊ ဆင်းရဲဖြင့် နှိပ်စက်ခံရကုန်၏ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်း သည် ထင်ရှားဖြစ်ပေါ်နိုင်တန်ရာ၏ဟု နှလုံးသွင်းကာ ဆွမ်းခံ လှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက် ခဲ့ကြကုန်၏၊ ရဟန်းတို့ အမျိုးကောင်းသားသည် ဤသို့ နှလုံးသွင်း၍ ရဟန်းပြုခဲ့၏၊ သို့ပင် ဖြစ်ငြားသော်လည်း ဤအမျိုးကောင်း သားသည် အဘိဇ္ဈာများ၏၊ ကာမဂုဏ်တို့၌ အားကြီးသော ရာဂရှိ၏၊ ဖောက်ပြန် သော စိတ်ရှိ၏၊ ပြစ်မှား လိုသော စိတ်အကြံရှိ၏၊ လွတ်သော သတိရှိ၏၊ ဆင်ခြင် ဉာဏ် မရှိ၊ မတည်ကြည်၊ တုန်လှုပ်သော စိတ်ရှိ၏၊ မစောင့်စည်းသော ဣနြေ္ဒရှိ၏၊ ရဟန်းတို့ (အရင်းအဖျား) နှစ်ဖက်၌ မီးလျှံစွဲငြိ၍ အလယ်၌ မစင်လိမ်းသော သူကောင် ဖုတ်ကြွင်း ထင်းမီးစသည် ရွာ၌လည်း ထင်းအဖြစ်သို့ မရောက် တော၌ လည်း အသုံးမကျ သကဲ့သို့ ရဟန်းတို့ လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်း ဖြစ်ကျိုးလည်း မပြည့်စုံသည် ဖြစ်ရကား ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့် တူ၏ဟု ငါဘုရား ဟော၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

''လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်း ဖြစ်ကျိုးကိုလည်း မကောင်းသဖြင့် ရသောသူသည် သူကောင်ဖုတ်ကြွင်း ထင်းမီးစ ပျက်စီးသကဲ့သို့ ပျက်စီးလျက် ဖရိုဖရဲ ဖြစ်ရ၏။

ယုတ်မာသော သဘော ရှိကုန်သည်ဖြစ်၍ (ကိုယ် နှုတ် နှလုံးကို) မစောင့်စည်းကုန် သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့ သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။

သီလလည်း မရှိ၊ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည်သားတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင် သော သံတွေခဲကို စားရခြင်းကသာ၍ ကောင်းမြတ်သေး၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း...
မြတ်စွာဘုရား ဟောအပ်၏ ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ ၉၁

၂ - ဇီဝိကသုတ်၊ ပဉ္စမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

လောလောပူသော သံတွေခဲ ကို ခံတွင်း၌...

အဂ္ဂိက္ခန္ဓောပမသုတ်-မှ...

ရဟန်းတို့ ...
ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊

ခွန်အားရှိသော ယောက်ျားသည် လောလောပူသော သံကောက်ဖြင့် ခံတွင်းကို ဖွင့်ပြီးလျှင် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက် နှင့်တကွ ဖြစ်သော လောလောပူသော သံတွေခဲ ကို ခံတွင်း၌ ထည့်သွင်းရာ၏၊ ထို လောလောပူသော သံတွေခဲသည် အထည့်ခံရသော ထိုသူ၏ နှုတ်ခမ်းကိုလည်း လောင်ရာ၏၊ ခံတွင်းကိုလည်း လောင်ရာ၏၊ လျှာကိုလည်း လောင်ရာ၏၊ လည် ချောင်းကိုလည်း လောင်ရာ၏၊ ရင်ကိုလည်း လောင်ရာ၏၊ အူမကိုလည်းကောင်း၊ အူသိမ်ကိုလည်းကောင်း ယူ၍ အောက်ဖက်မှ ထွက်လေရာ၏။

မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ဆွမ်းကို သုံးဆောင်ရာ၏၊ (ထိုနှစ်မျိုးတို့တွင်) အဘယ်အရာ သည် မြတ်သနည်း ဟု (မေးတော်မူ၏)။

အသျှင်ဘုရား မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်း ကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာ နှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ဆွမ်းကို သုံးဆောင်ခြင်းသည် သာလျှင် မြတ်ပါ၏။

ခွန်အားရှိသော ယောက်ျားသည် လောလောပူသော သံကောက်ဖြင့် ခံတွင်းကို ဖွင့်ပြီးလျှင် တပြောင်ပြောင် တောက်လောင်လျက် အခိုးအလျှံနှင့်တကွ မီးတောက် နှင့်တကွ ဖြစ်သော လောလောပူသော သံတွေခဲကို ခံတွင်း၌ ထည့်သွင်းရာ၏၊ ထိုလောလောပူသော သံတွေခဲသည် အထည့်ခံရသော ထိုသူ၏ နှုတ်ခမ်းကိုလည်း လောင်ရာ၏၊ ခံတွင်းကိုလည်း လောင်ရာ၏၊ လျှာကိုလည်း လောင်ရာ၏၊ လည် ချောင်းကိုလည်း လောင်ရာ၏၊ ရင်ကိုလည်း လောင်ရာ၏၊ အူမကို လည်းကောင်း၊ အူသိမ်ကို လည်းကောင်း ယူ၍အောက်ဖက်မှ ထွက်လေရာ၏၊
ဤသံတွေ ခဲကို ထည့်သွင်းခံရခြင်းသည်ကား ဆင်းရဲလှပါ၏ ဟု (လျှောက်ကြကုန်၏)။


ရဟန်းတို့
သင်တို့အား ငါဟောကြားအံ့၊ သိစေအံ့။ပ။ ယောက်သွားပုပ်နှင့်တူသော သဘောရှိသော ထိုဒုဿီလပုဂ္ဂိုလ်အား ခွန်အားရှိသော ယောက်ျားသည် လော လောပူသော သံကောက်ဖြင့် ခံတွင်းကို ဖွင့်၍ တပြောင်ပြောင် တောက်လောင် လျက် အခိုးအလျှံနှင့်တကွ မီးတောက်နှင့် တကွ ဖြစ်သော လောလောပူသော သံတွေခဲကို ခံတွင်း၌ ထည့်ရာ၏၊ ထိုသံတွေခဲသည် ထည့်ခံရသော ထိုသူ၏ နှုတ်ခမ်းကိုလည်း လောင်ရာ၏၊ ခံတွင်းကိုလည်း လောင်ရာ၏၊ လျှာကိုလည်း လောင်ရာ၏၊ လည်ချောင်းကိုလည်း လောင်ရာ၏၊ ရင်ကိုလည်း လောင်ရာ၏၊ အူမကို လည်းကောင်း၊ အူသိမ်ကို လည်းကောင်း ယူ၍ အောက်ဖက်မှ ထွက်လေ ရာ၏၊ ဤလောလော ပူသော သံတွေခဲကို ထည့်သွင်း ခံရခြင်းသည်သာလျှင် မြတ် ၏။

ထိုသို့ မြတ်ခြင်းသည်
အဘယ့်ကြောင့်နည်း။
ရဟန်းတို့ ထိုသံတွေခဲကို ထည့်ခြင်းတည်း ဟူသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ် သည် သေခြင်း
သို့မူလည်း ရောက်ရာ၏၊ သေလောက်သော ဆင်းရဲသို့မူလည်း ရောက်ရာ၏၊ ထိုသံတွေခဲကို ထည့်ခြင်းတည်း ဟူသော အကြောင်းကြောင့် ခန္ဓာ ကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ကား မကျရောက်ရာ။

ရဟန်းတို့ ယုတ်ညံ့သော
သဘောရှိသော။ပ။ ယောက်သွားပုပ်ကဲ့သို့ သဘောရှိော ပုဂ္ဂိုလ်အား မင်းမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ ပုဏ္ဏားမျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏သော် လည်းကောင်း၊ သူကြွယ်မျိုး၌ ဖြစ်၍ များသော ဥစ္စာနှစ်ရှိကုန်သော သူတို့၏ သော်ည်းကောင်း ယုံကြည်မှုဖြင့် ပေးလှူအပ်သော ဆွမ်းကို သုံးဆောင်ခြင်း သည် ကာလကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရရန် ဖြစ်၏၊ ခန္ဓာကိုယ် ပျက်စီး၍ သေပြီး သည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရောက် ရာ ငရဲသို့ ကျရောက်ရ၏။72-5


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဆင်းတုတော်







ဘုရားက ရောင်စုံမဟုတ်ပါဘူး ရွှေရောင်ပါ မိမိအိမ်က စံကျောင်းတော်ရောက်မှ ရောင်စုံ ဆလိုက်ထိုးလိုက်ပါ


အလိုတော်ပြည့် ဆင်းတုတော်
ဉာဏ်တော်အမြင့် ၆-လက္မ
ဒူးတော်နှစ်ဘက် ၃-လက္မအကျယ်
လောလောဆယ် ၁၀-ဆူ ဒါနပြုပါမည်။

ငွေနှင့်ဝယ်ရန်မလို...
လမ်းစားရိတ် ပေးစရာမလို...
ပို့ရမည့် လိပ်စာကိုသာ mail ပို့ပေးလိုက်ပါ... (ပြင်လိုက်ပါပြီ)

လိပ်စာနှင့်ပတ်သက်၍ နောက်တစ်ကြိမ် မဆက်သွယ်ပါ
ဒီကိစ္စနှင့်ပတ်သက်၍ မည်သည့်နေရာတွင်မှ စာတင်ရန် အစီအစဉ်မရှိ

ဘုရားအလှူရှင်နှင့် ဘုန်းကြီးတိုင်ပင်၍ တရုတ်ပြည်မှာ ပြုလုပ်ပါသည်။
ဘုန်းကြီးသို့ အဆူ ၅၀၀-လှူထားပါသည်။
ကျောင်းနှင့်နီးစပ်သောသူများကို
အခမဲ့ လှူဒါန်းပြီး ဖြစ်ပါသည်။
နောက်ထပ်လိုအပ် ပင့်ဆောင်လိုက လာရောက်အလှူခံ နိုင်ပါသေးသည်။

ဤဆင်းတုတော် လှူနေသည်မှာ ၃-နှစ်ကျော်ပါပြီ။
ပြုလုပ်သည်မှာ ပုံတော် ၃-မျိုးဖြစ်ပါသည်
ပြောရလျှင် ဒီဘုန်းကြီး အတ္တကြီးသည် အပြောခံရပါဦးမည်။ မတတ်နိုင်ပါ။
အလိုတော်ပြည့် ပုံတော်လေးသာ
အလှူခံထားလိုက်ပါသည်...။



၎.၂၄.၂၀၀၉

အစပထမတော့ စာတိုက်ပို့ပေးမယ့်သူရဲ့ အခက်အခဲလေးကြောင့်
၁၀-ဆူသာ လှူပါဦးမယ်လို့ ဆိုခဲ့ပါတယ်။

ဒကာဒကာမတို့ ကုသိုလ်ထူးကြောင့်...
ကျောင်းနဲ့နီးစပ်သော ဒကာဒကာမများမှ အလှူခံသူများထံသို့ ပို့ပေးပါ့မယ်ဆိုတဲ့အတွက် နောက်ထပ် အလှူခံနိုင်ပါသေးတယ်၊
((အရှင်သူမြတ်တို့လည်း အလှူခံနိုင်ပါသည်ဘုရား))

တချို့ကလည်း ဘုန်းကြီးကိုအားနာလို့ အလှူမခံသေးဘူးလို့ သိရပါတယ်။ အားနာ စရာမဟုတ်ပါ အလှူခံနိုင်ပါတယ်။ အလှူခံသူရှိမှသာ လှူလိုသူမှာ ဒါနဖြစ်ပါတယ်။ အလှူခံသူရဲ့တန်ဖိုးဟာ ဒါနကောင်းမှုတစ်ခု ဖြစ်စေပါလားလို့ မြင်အောင်ကြည့် တတ်ကြရအောင်...။

တချို့ကလည်း ငါတို့နဲ့က ခင်တာမဟုတ်ဘူး ခုမှ သွားပြီးအလှူခံလို့ မကောင်းပါ ဘူး ရှက်စရာကြီး ဒီလိုလဲ ရှိကြပါဦးမယ်။ မဖြစ်ကြပါနဲ့ မည်သူ့ကိုဖြစ်ဖြစ် ဒါနတစ်ခု ဖြစ်ဖို့ အတွက်သာ ရည်ရွယ်တာပါ၊ အမည်မမှန်လဲရပါတယ်၊ အမည်နေရာမှာ တစ်ခုခုပါရင် ရပါတယ်၊ ဒါကခေါ်ဝေါ်ရုံမျှသာပါ။ လိုရင်းက ပို့ပေးရမယ့်လိပ်စာ လေး မှန်ဘို့ပါပဲ။ ဒါဆိုရပါပြီ။ အလှူခံနိုင်ကြပါတယ်...။

တချို့က ဘုန်းကြီးကို ဒီလိုလှူတာ သေဌေးနဲ့တူပါတယ် ဆိုတာလဲ ရှိကြလိမ့်ဦး မယ်။ ဘုန်းကြီးသေဌေး မဟုတ်ပါ...။ ဘုန်းကြီးအိတ်ထောင် နှစ်ဖက်လုံး ပိတ်ထား ပါတယ်၊ အ၀င်လည်း မရှိပါ အထွက်လည်းမရှိပါ ယခုအလှူဆို လက်ဆယ်ချောင်း နှင့် နှိပ်ရုံသာ။

ယခု တရားသဘောလေးပြောပါ့မယ်...

အလှူခံရမှာ ရှက်စရာကြီး ဆိုတာရယ် အလှူခံရှိမှ ဒါနဖြစ်တယ်ဆိုတာရယ်...

ဘုန်းတော်ကြီးများ ရဟန်းခံ သာမဏေ၀တ်ပြီ ဆိုကထဲက ဆရာဘုန်းကြီးများက သင်ပေးလိုက်ပါတယ်၊ သင့်မှာရှိတဲ့ ကိုယ်ပိုင်သပိတ်နဲ့ သင် အလှူခံစားရမယ်လို့... မိမိနဲ့ ဆွေမတော် မျိုးမတော်သူတွေထံမှာ သပိတ်တစ်လုံးပိုက်လို့ အိပ်ပေါက်စေ့ လှူလိုမှန်းမသိ မလှူလိုမှန်းမသိနဲ့၊ မျက်နှာလေး အောက်ချ မိမိမှာ ရှိရှိသမျှ မာနတွေခွါပြီး အလှူခံစားနေရသူ ရဟန်းသံဃာတော်များရဲ့ဘ၀၊ ရှက်ရွံ့မှုတွေ ဘယ်လောက်ရှိကြမလဲ စဉ်းစားကြည့်ကြပါ ဒကာဒကာမတို့၊ သူတော်ကောင်းဓါတ် ကိန်းတော်မူကြတဲ့ ဘုန်းတော်ကြီးများဟာ ဒီအသိလောက်နဲ့တင်ကို သူတို့မှာ ရှိကြတဲ့ မာနတရားတွေ အလွှာလိုက် အလွှာလိုက် ကွာကျသွားစေပါတယ်။

အလှူခံပုဂ္ဂိုလ်တွေ အမျိုးအားဖြင့် ၁၄-မျိုးရှိပါတယ်... ၁၄-မျိုးထဲက တစ်မျိုးမျိုးနဲ့ တွေ့မှသာ ဒါနတစ်ခု ဖြစ်ကြရပါတယ်။ ဒါ့ကြောင့် ဒို့လို အလှူခံပုဂ္ဂိုလ်တွေ ရှိဘို့ အရေးကြီးပါလားလို့ သိပေးပါ...။ ဒါ့ကြောင့် သင် ယခု အလှူခံပါ...။

ဒီအလှူခံ ပုဂ္ဂိုလ်တွေထဲမှာ သီလ သမာဓိ ပညာ ပြည့်ဝသူများဟာ အကောင်းဆုံး အလှူခံတွေပေါ့...။ သီလ သမာဓိ ပညာ ပြည့်ဝသောသူများဟာလည်း၊ မြတ်ဗုဒ္ဓ သာသနာမှာပဲ ရှိပါတယ်။ ရှာနိုင်ကြပါစေ...။ လွယ်ကူစွာ တွေ့နိုင်ကြပါစေ...။

တကယ်လို့များ ဒကာဒကာမတို့ဘက်က အလှူခံပြီး...
ဘုန်းကြီးဘက်ကများ လှူဒါန်းမှု မပြုခဲ့သေးသော်...
ဒီလိုလေး သိပေးလိုက်ပါ ဒီဘုန်းကြီး အနားယူသွားပေါ့...

မြတ်ဗုဒ္ဓက ဆုံးမထားတယ်လေ...
ဘုန်းကြီးတို့မှာ ရရှိထားတဲ့ ဒီခန္ဓာက မမြဲဘူး ဆင်းရဲတယ် အစိုးမရဘူးလို့...

ဟိုရေးဒီရေးနဲ့ စာရေးမကောင်းတော့ ပျင်းနေလိမ့်မယ်...
ရီစရာဖြစ်အောင် ကိုယ့်အကြောင်းတော့ ကြွားထားလိုက်ပါဦးမယ်...

အညာသား (ကျပ်မပြည့်) ဆိုတော့ အစက အသားက ဖြူညိုညိုပါ...
ခု အေးတဲ့ဒေသ ရောက်လာတော့ အသားလေးက ၀ါလာပြီလေ...
ဘုန်းကြီးဆိုတော့ ပိုလှလာပြီလို့တော့ မဆိုလိုပါဘူးနော်...

အားလုံး စိတ်ချမ်းသာကြပါစေ...
ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...

ဦးလောကနာထ
၎.၂၄.၂၀၀၉


ဆင်းတုတော်များအလှူ ၂၀၁၀-တွင် ပြီးပါပြီ




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သမယသုတ်- အခါ...

သမယသုတ် - (အခါ၊ အယူဝါဒ၊ စုဝေးခြင်း၊ အစည်းအဝေး၊ အပေါင်း)

ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်ရန် အခါမဟုတ်ခြင်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

၁...
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဇရာ နှိပ်စက်သည် ဖြစ်၍ အို၏၊

ရဟန်းတို့ ...
ဤသည်ကား ပဌမဖြစ်သော(ကမ္မဋ္ဌာန်း)အားထုတ်ရန် အခါမဟုတ် ခြင်းတည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဗျာဓိ နှိပ်စက်သည် ဖြစ်၍ နာ၏၊

ရဟန်းတို့ ...
ဤသည်ကား ဒုတိယဖြစ်သော(ကမ္မဋ္ဌာန်း)အားထုတ်ရန် အခါမဟုတ်ခြင်းတည်း။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား ငတ်မွတ်ခေါင်းပါး၏၊
ကောက်စပါးမကောင်း၊
ဆွမ်းရခဲ၏၊
သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတခြင်းငှါ မလွယ်ကူ၊

ရဟန်းတို့ ...
ဤသည်ကား တတိယဖြစ်သော(ကမ္မဋ္ဌာန်း)အားထုတ်ရန် အခါမဟုတ်ခြင်းတည်း။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား တောပုန်း ဓားပြတို့ ထကြွသောင်းကျန်းသည် ဖြစ်၍ ဇနပုဒ်နေသူတို့သည် လှည်း (ရထားယာဉ်)ကို စီးကုန်လျက် လှည့်လည် ပြေးသွား ရသော ဘေးအန္တရာယ်ဖြစ်၏၊

ရဟန်းတို့ ...
ဤသည်ကား စတုတ္ထဖြစ်သော(ကမ္မဋ္ဌာန်း) အားထုတ်ရန် အခါမဟုတ်ခြင်းတည်း။

၅...
ရဟန်းတို့ နောက်တစ်မျိုးကား သံဃာကွဲပြား၏၊
ရဟန်းတို့ သံဃာ ကွဲပြားသည် ရှိသော် အချင်းချင်း ဆဲရေးလည်း ဆဲရေးကုန်၏၊ အချင်းချင်း ခြိမ်းခြောက်လည်း ခြိမ်းခြောက်ကုန်၏၊ အချင်းချင်း ပစ်ပယ်လည်း ပစ်ပယ်ကုန်၏၊ အချင်းချင်း စွန့်ပစ်လည်း စွန့်ပစ်ကုန်၏၊ ထိုသံဃာ ကွဲပြားရာ၌ မကြည်ညိုသော သူတို့သည် မကြည်ညိုကြကုန်၊ ကြည်ညိုပြီး အချို့သူတို့လည်း အကြည်ညို ပျက်ရန်ဖြစ်၏၊ 54

ရဟန်းတို့ ...
ဤသည်ကား (ကမ္မဋ္ဌာန်း) အားထုတ်ရန် ပဉ္စမဖြစ်သော အခါမဟုတ် ခြင်းတည်း။

ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်ရန် အခါမဟုတ်ခြင်းတို့သည် ဤငါးမျိုးတို့တည်း။

၎ - သမယသုတ်၊ နီဝရဏသုတ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


အမိ အဖကို ရိုက်နှက်သောသူသည်


ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ရိုက်နှက် သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်*၁*သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်း မှုကိုလည်း ဖြစ်ပွါးစေ၏။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ–

အမိ လည်းကောင်း၊ အဖ လည်းကောင်း တို့တည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ် နှစ်မျိုးတို့၌ (ရိုက်နှက် သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီး အပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ပုဂ္ဂိုလ် နှစ်မျိုးတို့၌ (လုပ်ကျွေး ပြုစုခြင်းစသည်ဖြင့်) မှန်သော အကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်း*၂*သည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ် မရှိသူ လည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

အဘယ် နှစ်မျိုး တို့နည်း ဟူမူ–

အမိ လည်းကောင်း၊ အဖလည်းကောင်း တို့တည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ် နှစ်မျိုးတို့၌ (လုပ်ကျွေး ပြုစုခြင်းစသည်ဖြင့်) မှန်သော အကျင့် ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက် ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ် မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကို လည်း ဖြစ်ပွါးစေ၏ ဟု (မိန့်တော်မူ၏)။137-7

အာယာစန၀ဂ်-မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

*၁* မိတ္တဝိန္ဒကနှင့် အဇာတသတ် စသည်။
*၂* သုဝဏ္ဏသာမနှင့် ဃဋိကာရ စသည်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သံသရာအယဉ် 'သြဃ'ကို မည်သို့ ကူးမြောက်တော်မူခဲ့ပါသနည်း...

သြဃတရဏသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူ၏၊

ထိုအခါ နတ်သားတစ်ယောက်သည် ညဥ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံ အချိန်၌ အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန် တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် ထွန်းလင်းစေလျက် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား...

''အသျှင်- အသျှင်ဘုရားသည် အဘယ်သို့သော အကြောင်းအားဖြင့် သံသရာ အယဉ် 'သြဃ'ကို ကူးမြောက်တော်မူခဲ့ ပါသနည်း'' ဟု လျှောက်၏၊

ဒါယကာနတ်သား ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်ခဲ့၏ ဟု မိန့်တော်မူ၏။ ''အသျှင်အသျှင်ဘုရားသည် အဘယ်သို့လျှင် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်တော်မူခဲ့ပါသနည်း'' ဟု လျှောက်၏၊ ဒါယကာနတ်သား ငါသည် အကြင်အခါ၌ ရပ်တည်နေ၏၊ ထိုအခါ နစ်မြုပ်ရ၏၊ အကြင်အခါ၌ အားထုတ်၏၊ ထိုအခါမျောပါး ရ၏၊

ဒါယကာနတ်သား ဤသို့လျှင် ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'သြဃ'ကို ကူးမြောက်ခဲ့၏ ဟု ဟောတော်မူ၏။

''သတ္တလောက၌ ရပ်တည်မနေဘဲ အားမထုတ်ဘဲ တဏှာကို ကူးမြောက်တော် မူပြီးသော မကောင်းမှုမှ အပပြုပြီးသော ကိလေသာ ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားကို ကြာမြင့်မှပင် ဖူးမြင်ရလေစွ တကား''။

ထိုနတ်သားသည် ဤစကားကို လျှောက်ထား၏၊ မြတ်စွာဘုရားသည် နှစ်သက် လက်ခံတော်မူ၏၊

ထိုအခါ ထိုနတ်သားသည် ''ငါ့အား မြတ်စွာဘုရားသည် နှစ်သက် လက်ခံ တော်မူ၏'' ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။ 1

၁ - သြဃတရဏသုတ်၊ နဠ၀ဂ်၊ ဒေ၀တာသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, April 23, 2009

ပန်း... လောကကသာ ငါနှင့် ငြင်းခုံ၏...

ပုပ္ဖသုတ် - ပန်း

သာဝတ္ထိနိဒါန်း။
ရဟန်းတို့ ငါသည် လောကနှင့် မငြင်းခုံ၊ လောကကသာ ငါနှင့် ငြင်းခုံ၏။
ရဟန်းတို့ တရားအတိုင်း ပြောတတ်သူသည် လောက၌ တစ်စုံတစ်ယောက်နှင့်မျှ မငြင်းခုံ၊

ရဟန်းတို့ လောက၌ ပညာရှိတို့က မရှိဟု သမုတ်အပ်သည်ကို ငါဘုရားကလည်း ''မရှိ'' ဟုပင် ဆို၏၊

ရဟန်းတို့ လောက၌ ပညာရှိတို့က ရှိ၏ဟု သမုတ်အပ်သည်ကို ငါဘုရားကလည်း ''ရှိ၏'' ဟုပင် ဆို၏။

ရဟန်းတို့ လောက၌ ပညာရှိတို့က မရှိဟု သမုတ်အပ်၍ ငါဘုရားကလည်း ''မရှိ'' ဟုပင် ဆိုသောအရာကား အဘယ်နည်း၊ ရဟန်းတို့ မြဲသော ခိုင်ခံ့သော တည်တံ့ သော ဖောက်ပြန်ခြင်း သဘောမရှိသောရုပ်ကို လောက၌ မရှိဟု ပညာရှိ တို့ သမုတ်အပ်၏၊ ထိုရုပ်မျိုးကို ငါဘုရားကလည်း ''မရှိ'' ဟုပင်ဆို၏။

ဝေဒနာကို။ သညာကို။ သင်္ခါရတို့ကို။ မြဲသော ခိုင်ခံ့သော တည်တံ့သော ဖောက် ပြန်ခြင်း သဘောမရှိသော ဝိညာဏ်ကို လောက၌ မရှိဟု ပညာရှိတို့ သမုတ် အပ်၏၊ ထိုဝိညာဏ်မျိုးကို ငါဘုရားကလည်း ''မရှိ'' ဟုပင် ဆို၏။ ရဟန်းတို့ လောက၌ ပညာရှိတို့က မရှိဟု သမုတ်အပ်၍ ငါကလည်း ''မရှိ'' ဟုပင်ဆိုသော အရာကား ဤသည်ပင်တည်း။

ရဟန်းတို့ လောက၌ ပညာရှိတို့က ရှိ၏ဟု သမုတ်အပ်၍ ငါဘုရားကလည်း ''ရှိ၏'' ဟု ဆိုသောအရာကား အဘယ်နည်း၊ ရဟန်းတို့ မမြဲသော ဆင်းရဲသော ဖောက် ပြန်ခြင်း သဘောရှိသော ရုပ်မျိုးကို လောက၌ ရှိ၏ ဟု ပညာရှိတို့ သမုတ် အပ်၏၊ ထိုရုပ်မျိုးကို ငါဘုရားကလည်း ''ရှိ၏'' ဟုပင်ဆို၏။ မမြဲသော ဝေဒနာ။ပ။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်း သဘောရှိသော ဝိညာဏ်ကို လောက၌ ရှိ၏ဟု ပညာရှိတို့ သမုတ်အပ်၏၊ ထိုဝိညာဏ်မျိုးကို ငါဘုရားကလည်း ''ရှိ၏'' ဟုပင် ဆို ၏၊ ရဟန်းတို့ လောက၌ ပညာရှိတို့က ရှိ၏ဟု သမုတ်အပ်၍ ငါဘုရားကလည်း ''ရှိ၏'' ဟု ဆိုသော အရာကား ဤသည်ပင်တည်း။

ရဟန်းတို့ လောက၌ ပျက်စီးတတ်သော တရားဟူ၍ ရှိ၏၊ ထိုတရားကို ငါဘုရား သည် ကိုယ်တိုင်သိ၏၊ ထိုးထွင်း၍ သိ၏၊ ကိုယ်တိုင် သိပြီးလျှင် ထိုးထွင်း၍ သိပြီး လျှင် ထိုတရားကို ပြော၏၊ ဟော၏၊ ပညတ်၏၊ တည်ထား၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏။

ရဟန်းတို့ မြတ်စွာဘုရားသည် ကိုယ်တိုင် သိ, ထိုးထွင်း၍ သိပြီးလျှင် ပြောအပ် ဟောအပ် ပညတ်အပ် တည်ထားအပ် ဖွင့်ပြအပ် ဝေဖန်အပ် ပေါ်လွင်အောင် ပြုအပ်သော လောက၌ ပျက်စီးတတ်သော တရားဟူသည် အဘယ်နည်း၊ ရဟန်း တို့ ရုပ်သည် လောက၌ ပျက်စီးတတ်သော တရားတည်း၊ ထိုတရားကို ငါဘုရား သည် ကိုယ်တိုင်သိ၏၊ ထိုးထွင်း၍ သိ၏၊ ကိုယ်တိုင် သိ, ထိုးထွင်း၍ သိပြီးလျှင် ပြော၏၊ ဟော၏၊ ပညတ်၏၊ တည်ထား၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏။ ရဟန်းတို့ အကြင်သူသည် ဤသို့ ငါဘုရားက ပြောသော်လည်း ဟော သော်လည်း ပညတ်သော်လည်း တည်ထားသော်လည်း ဖွင့်ပြသော်လည်း ဝေဖန် သော်လည်း ပေါ်လွင်အောင် ပြုသော်လည်း မသိမမြင်၊ ရဟန်းတို့ ကန်းသည်, ဉာဏ်မျက်စိ မပါသည်ဖြစ်၍ မသိမမြင်သော ထိုပုထုဇဉ် သူမိုက်ကို ငါဘုရား အဘယ်သို့ ပြုနိုင်မည်နည်း။

ရဟန်းတို့ ဝေဒနာသည် လောက၌ ပျက်စီးတတ်သော တရားတည်း။ပ။ သညာ သည်။ သင်္ခါရတို့သည်။ ရဟန်းတို့ ဝိညာဏ်သည် လောက၌ ပျက်စီးတတ်သော တရားတည်း၊ ထိုတရားကို ငါဘုရားသည် ကိုယ်တိုင် သိ၏၊ ထိုထွင်း၍ သိ၏၊ ကိုယ်တိုင် သိ, ထိုးထွင်း၍ သိပြီးလျှင် ပြော၏၊ ဟော၏၊ ပညတ်၏၊ တည်ထား၏၊ ဖွင့်ပြ၏၊ ဝေဖန်၏၊ ပေါ်လွင်အောင် ပြု၏။ ရဟန်းတို့ အကြင်သူသည် ဤသို့ ငါဘုရားက ပြောသော်လည်း ဟောသော်လည်း ပညတ်သော်လည်း တည်ထား သော်လည်း ဖွင့်ပြသော်လည်း ဝေဖန်သော်လည်း ပေါ်လွင်အောင် ပြုသော်လည်း မသိမမြင်၊ ရဟန်းတို့ ကန်းသည်, ဉာဏ်မျက်စိ မပါသည် ဖြစ်၍ မသိမမြင်သော ထိုပုထုဇဉ် သူမိုက်ကို ငါဘုရား အဘယ်သို့ ပြုနိုင်မည်နည်း။

ရဟန်းတို့ ဥပမာသော်ကား ကြာညိုဖြစ်စေ၊ ကြာပဒုမ္မာဖြစ်စေ၊ ကြာပုဏ္ဍရိက် ဖြစ်စေ ရေ၌ ပေါက်၏၊ ရေ၌ ကြီးပွါး၏၊ ရေမှ တက်၍ တည်၏၊ ရေနှင့် မလိမ်းကျံ။ ရဟန်းတို့ ဤအတူ မြတ်စွာဘုရားသည် လောက၌ ဖြစ်၏၊ လောက၌ ကြီးပွါး၏၊ လောကကို လွှမ်းမိုး၍ နေ၏၊ လောကနှင့် မလိမ်းကျံဟု (ဟောတော်မူ၏)။

၂ - ပုပ္ဖသုတ်၊ ပုပ္ဖ၀ဂ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ရတယ်၊ သိတယ်၊ ထိုက်တန်တယ်...

အဓိဂမသုတ်- (ရတယ်၊ သိတယ်၊ ထိုက်တန်တယ်)

၇၉။ ရဟန်းတို့ တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် မထိုက်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...

၁... ကုသိုလ်, အကုသိုလ် ဖြစ်ကြောင်း၌လည်း မလိမ္မာ၊
၂... ကုသိုလ်, အကုသိုလ် ကင်းကြောင်း၌လည်း မလိမ္မာ၊
၃... ဥပါယ်၌လည်း မလိမ္မာ၊
၎... မရသေးသော ကုသိုလ်တရားတို့ကို ရရန် အလို 'ဆန္ဒ' ကို မဖြစ်စေ၊
၅... ရပြီးသော ကုသိုလ် တရားတို့ကို မစောင့်ရှောက်နိုင်၊
၆... အမြဲ ပြုခြင်းဖြင့် မပြီးစေတတ်။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ် တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် မထိုက်။

ထိုက်တန်တာကအောက်မှာ...



ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ် တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် ထိုက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...

၁... ကုသိုလ်, အကုသိုလ် ဖြစ်ကြောင်း၌လည်း လိမ္မာ၏၊
၂... ကုသိုလ်, အကုသိုလ် ကင်းကြောင်း၌လည်း လိမ္မာ၏၊
၃... ဥပါယ်၌လည်း လိမ္မာ၏၊
၎... မရသေးသော ကုသိုလ်တရားတို့ ရရန် အလို 'ဆန္ဒ' ကို ဖြစ်စေ၏၊
၅... ရပြီးသော ကုသိုလ် တရားတို့ကို စောင့်ရှောက်၏၊
၆... အမြဲပြုခြင်းဖြင့် ပြီးစေတတ်၏။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ် တရားကိုလည်း ရရန် ရပြီးသော ကုသိုလ် တရားကိုလည်း ပွါးများအောင် ပြုရန် ထိုက်၏ ဟု (မိန့်တော်မူ၏)။

၅ - အဓိဂမသုတ်၊ အရဟတ္တ၀ဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, April 22, 2009

ဤသည်ကို အစွဲပြု၍... ဧတံ မမ...


၂ - ဧတံ မမသုတ်၊ ဒိဋ္ဌိဝဂ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။

သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှား နှလုံးသွင်း၍ ''ဤကား ငါ့ဥစ္စာ ဖြစ်၏၊ ဤကား ငါ ဖြစ်၏၊ ဤကား ငါ၏ ကိုယ်'အတ္တ'တည်း'' ဟု ရှုသနည်း။ အသျှင်ဘုရား တပည့်တော် တို့အား တရားတော်တို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ရဟန်းတို့ ရုပ်ရှိလျှင် ရုပ်ကို အစွဲပြု၍ ရုပ်ကို အမှားနှလုံးသွင်း၍ ။ပ။ ဝိညာဏ် ရှိလျှင် ဝိညာဏ်ကို အစွဲပြု၍ ဝိညာဏ်ကို အမှားနှလုံးသွင်း၍ ''ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ ကိုယ် 'အတ္တ' တည်း'' ဟု ရှု၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း...


ရုပ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါအသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်း သဘောရှိသော ရုပ်ကို ''ဤရုပ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ် သည် ငါ၏ကိုယ် 'အတ္တ'တည်း'' ဟု ရှုရာသလော။ မရှုရာပါ အသျှင်ဘုရား။

ဝေဒနာသည်...။
သညာသည်...။
သင်္ခါရတို့သည်...။
ဝိညာဏ်သည် မြဲသလော၊ မမြဲသလော။ မမြဲပါ အသျှင်ဘုရား။ပ။ ဖောက်ပြန်ခြင်း သဘောရှိသော ဝိညာဏ်ကို အစွဲ မပြုလျှင် ''ဤဝိညာဏ်သည် ငါ့ဥစ္စာ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ ဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ် 'အတ္တ'တည်း'' ဟု ရှုရာ သလော။ မရှုရာပါ အသျှင်ဘုရား။ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။151

၂ - ဧတံ မမသုတ်၊ ဒိဋ္ဌိဝဂ်၊ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

လူတို့၏ မှီရာ တည်ရာသည် ...

ဝတ္ထုသုတ်

လူတို့၏ မှီရာတည်ရာသည် အဘယ်မှာနည်း၊
လူတို့၏ မှီရာတည်ရာသည် သားသမီးတို့တည်း၊

ဤလောက၌ လွန်မြောက်သော အဆွေခင်ပွန်းသည် အဘယ်ပါနည်း၊
ဤလောက၌ လွန်မြောက်သော အဆွေခင်ပွန်းသည် မယားတည်း၊

အကြင် သတ္တဝါတို့သည် မြေ၌ မှီကုန်၏၊
အကြင်သတ္တဝါတို့သည် မြေ၌ မှီကုန်၏၊

ထိုသတ္တဝါတို့သည် အဘယ်ကို မှီ၍ အသက်မွေးပါကုန်သနည်း။
ထိုသတ္တဝါတို့သည် ရွာချသော မိုးကို မှီ၍ အသက်မွေးကုန်၏။54

၎ - ဝတ္ထုသုတ်၊ ဇရာဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အသင်္ချေ...


ကပ္ပသုတ်

ရဟန်းတို့ ကမ္ဘာ၏ အသင်္ချေတို့သည် ဤလေးမျိုးတို့တည်း။

အဘယ်လေးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ကမ္ဘာပျက်ဆဲ 'သံဝဋ္ဋကပ်' အခါကို...
''ဤမျှလောက် နှစ်တို့'' ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အရာတို့'' ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အထောင်တို့'' ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အသိန်းတို့'' ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်။

ရဟန်းတို့ ကမ္ဘာပျက်အတိုင်း တည်နေဆဲ 'သံဝဋ္ဋဋ္ဌာယီကပ်' အခါကို...
''ဤမျှလောက် နှစ်တို့'' ဟူ၍လည်းကောင်း၊
''ဤမျှလောက် နှစ်အရာတို့'' ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အထောင်တို့''ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အသိန်းတို့'' ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်။

ရဟန်းတို့ ကမ္ဘာဖြစ်ဆဲ 'ဝိဝဋ္ဋကပ်' အခါကို...
''ဤမျှလောက် နှစ်တို့'' ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အရာတို့'' ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အထောင်တို့'' ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အသိန်းတို့'' ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်။

ရဟန်းတို့ ဖြစ်ပြီးကမ္ဘာ၏ တည်ဆဲ 'ဝိဝဋ္ဋဋ္ဌာယီကပ်' အခါကို...
''ဤမျှလောက် နှစ်တို့'' ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အရာတို့'' ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အထောင်တို့''ဟူ၍ လည်းကောင်း၊
''ဤမျှလောက် နှစ်အသိန်းတို့'' ဟူ၍ လည်းကောင်း
ရေတွက်ခြင်းငှါ မလွယ်...။

ရဟန်းတို့ ကမ္ဘာ၏ အသင်္ချေတို့သည် ဤလေးမျိုး တို့တည်း ဟု မိန့်တော်မူ၏။156

၆ - ကပ္ပသုတ်၊ ဣန္ဒြိယ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, April 21, 2009

ခါးကြိုးကို လှူဒါန်းခဲ့ရသော အခါမှစ၍...



မေခလာ


မေခလာဒါယိကာထေရီအပဒါန်

သိဒ္ဓတ္ထမြတ်စွာဘုရား၏ ပုထိုးစေတီကို တည်ထား ဆောက်လုပ်အပ်ကုန်၏၊ ငါသည် မြတ်စွာဘုရား၏ အမှုသစ် အကျိုးငှါ ခါးကြိုးတန်ဆာကို လှူခဲ့၏။

ပုထိုးစေတီတော်ကြီး ပြီးစီးလတ်သော် ငါသည် လောက၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရားအား ကြည်ညိုသည်ဖြစ်၍ မိမိလက်တို့ဖြင့် ခါးကြိုးတန်ဆာကို တစ်ဖန်လှူခဲ့၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေး ကမ္ဘာထက်၌ ခါးကြိုးကို လှူဒါန်းခဲ့ရသော အခါမှစ ၍ မကောင်းမှု ပြုသူတို့၏ လားရာ 'ဒုဂ္ဂတိ' ဘဝကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်း သည် ပုထိုး စေတီတော်ကိုတည်ထား ဆောက်လုပ်ရခြင်း၏ အကျိုးပေတည်း။

ငါသည် ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝ မရှိဘဲ နေရ၏။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကို လိုက်နာ ပြုကျင့်အပ်ပါပြီ။ လေးပါးသောပဋိသမ္ဘိဒါတို့ကို လည်းကောင်း။ ။ပ။ အဆုံးအမတော်ကို လိုက်နာကျင့် သုံးပြီးပါပြီ။

ဤသို့လျှင် မေခလာဒါယိကာရဟန်းမသည် ဤဂါထာတို့ကို မိန့်ဆိုခဲ့၏။ 20-25

၂ - မေခလာဒါယိကာထေရီအပဒါန်၊ သုမေဓာဝဂ်၊ ထေရီအပဒါန်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တရားငါးမျိုးတို့နှင့် ပြည့်စုံသော...

ဗဟူပကာရသုတ်၊

ရဟန်းတို့ ...
တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ...
ကျောင်းအား ကျေးဇူးများ၏ ...။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်ထိန်းလျက် နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ'ဂေါစရ' နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့ကိုဆောက်တည်၍ ကျင့်၏။

၂...
အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက်, သဒ္ဒါနှင့်တကွဖြစ်၍ အလုံးစုံ ပြည့်စုံစင်ကြယ်သည့် မြတ်သော အကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်း ရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် ဆင်ခြင် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

၃...
ကျိုးပျက်သည်ကို တစ်ဖန် ပြုပြင်တတ်၏။

၎...
အထူးထူးသော မြို့ရွာနေ ရဟန်းတို့ ကြွရောက်လာသည် ဖြစ်၍ ရဟန်းသံဃာ များပြားသည်ရှိသော် လူဒါယကာတို့ထံသို့ ချဉ်းကပ်၍ ''ဒါယကာတို့ ကြွရောက် လာသော ရဟန်း သံဃာများသည် အထူးထူးသော မြို့ရွာနေ ရဟန်းတို့ ဖြစ်ကုန် ၏၊ ကုသိုလ် ကောင်းမှုတို့ကို ပြုကြကုန်လော့၊ ကုသိုလ်ကောင်းမှုပြုရန် အချိန်အခါ ပင်တည်း'' ဟု ပြောကြားတတ်၏။

၅...
မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် လွန်မြတ်သော စိတ်၌ ဖြစ် သော (ရူပါဝစရ)ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်း ရ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ...
ကျောင်းထိုင်ရဟန်းသည် နေရာကျောင်းအား ကျေးဇူးများ၏ဟု (မိန့်တော်မူ၏)။
234

၎ - ဗဟူပကာရသုတ်၊ အာဝါသိက၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကာလဒါနတို့သည် ငါးမျိုး...

ကာလဒါနသုတ်

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁။ ဧည့်သည် 'အာဂန္တုက' အား အလှူကို ပေးလှူ၏။
၂။ ခရီးသည်အား အလှူကို ပေးလှူ၏။
၃။ လူနာအား အလှူကို ပေးလှူ၏။
၎။ ငတ်မွတ်ခေါင်းပါးသော အခါ၌ အလှူကို ပေးလှူ၏။
၅။ ကောက်ဦး သစ်သီးဦးတို့ကို သီလရှိသူတို့အား ရှေးဦးစွာ ပေးလှူ၏။

ရဟန်းတို့ ကာလဒါနတို့သည် ဤငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။
အလှူခံ၏ စကားကို သိတတ်ကုန်သော နှမြော ဝန်တိုမှု ကင်းသော ပညာရှိတို့ သည် လျှောက်ပတ်သောအခါ၌ ပေးလှူကြကုန်၏၊ ဖြူစင် ဖြောင့်မတ်သည့် တာဒိ ဂုဏ်ရှိသော ပုဂ္ဂိုလ်တို့၌ အထူးကြည်လင်သော စိတ်ဖြင့် လျောက်ပတ်သော အခါ ၌ ပေးလှူ၏၊ ထိုပုဂ္ဂိုလ်၏ အလှူသည် ပြန့်ပြော၏။ အကြင်သူတို့သည် ထိုအလှူ၌ ဝမ်းမြောက်လည်း ဝမ်းမြောက်ကြကုန်၏၊ အမှုကြီးငယ် 'ဝေယျာဝစ္စ' ကိုပြုလည်း ပြုလုပ်ကုန်၏၊ ထိုသို့ ဝမ်းမြောက်ခြင်း အမှုကြီးငယ်ကို ပြုခြင်းကြောင့် အလှူသည် မယုတ်မလျော့နိုင်၊ ထိုဝမ်းမြောက်သူ (ဝေယျာဝစ္စ) ပြုသူတို့သည်လည်း ကုသိုလ် ၏ အဖို့အစုကို ရကြကုန်၏။ ထို့ကြောင့်တွန့်တိုခြင်းကင်းသော စိတ်ရှိသူသည် အ လှူ ပေးသည်ရှိသော် ကြီးကျယ်သော အကျိုးရှိနိုင်မည့် ပုဂ္ဂိုလ်၌ ပေးလှူရာ၏၊ ကောင်းမှု ကုသိုလ်တို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ ထောက်တည်ရာ ဖြစ် ကုန်၏။36


၆ - ကာလဒါနသုတ်၊ သုမန၀ဂ်၊ ပဉ္စက၀ဂ်၊ အင်္ဂုတ္တိုရ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, April 20, 2009

သင် ရည်မှန်းတိုင်း ဖြစ်လိုသော် ...

ဝဏိဇ္ဇသုတ်- (ကုန်သွယ်ခြင်း)

အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍...
မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက်...

၁...
အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှု သည် ကုန်သွယ်မှုချင်း တူမျှသည်သာ ဖြစ်ပါလျက် ပျက်စီးခြင်းသို့ ရောက်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊
အထောက်အပံ့ကား အဘယ်ပါနည်း။

၁...
သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍''အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ'' ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို မပေးလှူ။ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အား ထုတ်၏၊ ထိုသူ၏ ထို အားထုတ်အပ်တိုင်းသော ကုန်သွယ်မှုသည် ပျက်စီးခြင်းသို့ ရောက်၏။

၂...
အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ် မှုသည် ကုန်သွယ်မှုချင်း တူမျှသည် ဖြစ်ပါလျက် ရည်မှန်းသည့်အတိုင်း မဖြစ်ရခြင်း ၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။

၂...
သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ ''အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ''ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းသည့်အတိုင်း မပေးလှူ။ ထိုသူသည် ထိုဘဝမှစုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ထို ကုန်သွယ်မှုသည် ရည်မှန်းသည့် အတိုင်း မဖြစ်။ သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ ''အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆို တော်မူပါ'' ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို ရည်မှန်း သည့်အတိုင်း ပေးလှူ၏။ ထိုသူသည် ထို ဘဝမှ စုတေ၍ ဤလူ့ဘုံသို့ ပြန်လာ ခဲ့မူ အကြင် အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ထို ကုန်သွယ်မှုသည် ရည်မှန်းသည့် အတိုင်း ဖြစ်၏။

၃...
အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှု သည် ကုန်သွယ်မှုချင်းတူမျှပါလျက် ရည်မှန်းသည့်အတိုင်း ဖြစ်ရခြင်း၏ အကြောင်း ကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။

၃...
သာရိပုတြာ ဤလောက၌ အချို့သော သူသည် သမဏသို့ ဖြစ်စေ ဗြာဟ္မဏသို့ ဖြစ်စေ ချဉ်းကပ်၍ ''အသျှင်ဘုရား (အလိုရှိသော) ပစ္စည်းကို မိန့်ဆိုတော်မူပါ'' ဟု ဖိတ်ကြား၏၊ ထိုသူသည် ထို ဖိတ်ကြားသော ပစ္စည်းကို ရည်မှန်းသည့်ထက် ပို၍ ပေးလှူ၏။ ထိုသူသည် ထိုဘဝမှစုတေ၍ ဤလူ့ဘုံသို့ ပြန်လာခဲ့မူ အကြင်အကြင် ကုန်သွယ်မှုကိုပင် အားထုတ်၏၊ ထိုသူ၏ ကုန်သွယ်မှုသည် ရည်မှန်းသည်ထက် ပို၍ အကျိုးရှိ၏။ သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ်အပ် သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါလျက် ပျက်စီးခြင်းသို့ ရောက်ရခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။

၎...
အသျှင်ဘုရား ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှု သည် ကုန်သွယ်မှုချင်း တူမျှပါလျက် ရည်မှန်းသည်ထက် လွန်ကဲသော အကျိုးရှိ ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း'' ဟု လျှောက်၏။

၎...
သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှု သည် ကုန်သွယ်မှုချင်းတူမျှပါလျက် ရည်မှန်းသည့်အတိုင်း မဖြစ်ခြင်း၏ အကြောင်း ကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။ သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ်အပ်သော ကုန်သွယ်မှုသည် ကုန်သွယ် မှုချင်း တူမျှပါလျက် ရည်မှန်းသည့်အတိုင်း ဖြစ်ရခြင်း၏ အကြောင်းကား ဤသည် ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း။ သာရိပုတြာ ဤလောက၌ အချို့သောသူ၏ အားထုတ် အပ်သော ကုန်သွယ်မှုသည် ကုန်သွယ်မှုချင်း တူမျှပါ လျက် ရည်မှန်းသည်ထက် လွန်ကဲအကျိုး ရှိခြင်း၏ အကြောင်းကား ဤသည်ပင် တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း ဟု (မိန့်တော်မူ၏)။79

၉ - ဝဏိဇ္ဇသုတ်၊ အပဏ္ဏက၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, April 19, 2009

ကောင်းမြတ်သောအကျင့် မရှိသူနှင့် ရှိသူ...




ရဟန်းတို့ ပရိတ်သတ် တို့သည် ဤနှစ်မျိုး တို့တည်း။
အဘယ် နှစ်မျိုး တို့နည်း ဟူမူ ...


၁။ ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်။
၂။ ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်။
ဤနှစ်မျိုးတို့တည်း။


ရဟန်းတို့ ...
ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိတ်သတ် ဟူသည် အဘယ်နည်း၊


ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်း ပရိက္ခရာများခြင်းငှါ ကျင့်ကုန်၏။ ဘုရား အဆုံးအမတော်ကို ပေါ့လျော့စွာ ယူကုန်၏။ အောက်ကို သတ်စေတတ်သည့် နိဝရဏတရားကို ပွားစေခြင်း၌ ရှေ့ သွား ပြုကုန်၏၊ ဝိသေက* ရမှု၌ တာဝန်ကို ပစ်ချထားကြ ကုန်၏၊ မရောက်သေး သောတရား**သို့ ရောက်ခြင်းငှာ မရသေးသော တရားကို ရခြင်းငှာ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ လုံ့လ မပြုကြကုန်။ ထိုသီတင်း ကြီး ရဟန်းတို့၏ နောက်လာ တပည့်သားအပေါင်းသည် မိမိတို့ မြင်ရသော ဆရာ့အပြုအမူကို အတုလိုက်ခြင်းသို့ ရောက်ကုန်၏၊ ထိုနောင်လာ တပည့်သား အပေါင်းသည်လည်း ပစ္စည်း ပရိက္ခရာများခြင်းငှါ ကျင့်ကုန်၏၊ ဘုရားအဆုံးအမကို ပေါ့လျော့စွာ ယူကုန်၏၊ အောက်သို့ သက်စေတတ်သည့် နိဝရဏတရားကို ပွား စေခြင်း၌ ရှေ့သွားပြုကုန်၏၊ ဝိဝေကရမှု၌ တာဝန်ကို ပစ်ချထားကုန်၏၊ မရောက် သေးသော တရားသို့ ရောက်ခြင်းငှာ မရသေးသော တရားကိုရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ လုံ့လ မပြုကုန်။ ရဟန်းတို့ ဤ ပရိတ်ကို ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိ သတ် ဟု ဆို၏။


ရဟန်းတို့ ကောင်းမြတ်သော ပဋိပတ် အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိ သတ်ဟူသည် အဘယ်နည်း၊


ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင်ပရိသတ်၌ သီတင်းကြီးရဟန်းတို့သည် ပစ္စည်း ပရိက္ခရာများခြင်းငှါ မကျင့်ကုန်၊ ဘရား အဆုံးအမကို ပေါ့လျော့စွာ မယူ ကုန်၊ အောက်သို့ သက်စေတတ်သည့် နီဝရဏတရားကို ပွားစေခြင်း၌ တာဝန်ကို ပစ်ချထားကြကုန်၏၊ ဝိဝေကရမှု၌ ရှေ့သွားပြုကုန်၏၊ မရောက်သေးသော တရား သို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက်ပြုခြင်းငှါ လုံ့လပြုကုန်၏။ ထိုသီတင်းကြီး ရဟန်းတို့၏နောင် လာ တပည့်သားအပေါင်းသည်လည်း မိမိတို့ မြင်ရသော ဆရာ့ အပြုအမူကို အတု လိုက်ခြင်းသို့ ရောက်ကုန်၏၊ ထို နောင်လာ တပည့်သား အပေါင်းသည်လည်း ပစ္စည်း ပရိက္ခရာများခြင်းငှာ မကျင့်ကုန်၊ ဘုရား အဆုံးအမကို ပေါ့လျော့စွာ မယူ ကုန်၊ အောက်သို့ သက်စေတတ်သည့် နီဝရဏတရားကို ပွားစေခြင်း၌ တာဝန်ကို ပစ်ချထားကုန်၏၊ ဝိဝေကရမှု၌ ရှေ့သွားပြုကုန်၏၊ မရောက်သေးသော တရားသို့ ရောက်ခြင်းငှါ မရသေးသော တရားကို ရခြင်းငှါ မျက်မှောက် မပြုရသေးသော တရားကို မျက်မှောက် ပြုခြင်းငှါ လုံ့လပြုကုန်၏။ ရဟန်းတို့ ဤပရိတ်သတ်ကို ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော ပရိသတ်ဟု ဆိုအပ်၏။


ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။


ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင် ...
ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ရှိသော အကြင်ပရိသတ် သည်ရှိ၏။ ထိုပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)


ပရိသဝဂ်၊ မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ 45


* ။ ဈာန် ဝိပဿနာ မဂ်ဖိုလ်တို့ကို ဆိုသည်။
** ။ ရှစ်ပါးသော သမာပတ်တို့ဖြင့် ဝိက္ခမ္ဘနဝိမုတ္တိအားဖြင့် လည်းကောင်း မဂ်ဖြင့် သမုစ္ဆေဒဝိမုတ္တိ အားဖြင့် လည်းကောင်း နှစ်ကြိမ် သို့မဟုတ် နှစ်ပါးသော အဖို့တို့မှ လွတ်မြောက်သော အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, April 18, 2009

ရှုပ်ထွေး ပွေလိမ် သန့်ရှင်း ကြည်လင် ...

ပရိသ၀ဂ်-မှ၊

ရဟန်းတို့ ပရိတ်သတ်တို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုးတို့နည်းဟူမူ -

၁... ရှုပ်ထွေးပွေလိမ် ဖျင်းသိမ်သော ပရိတ်သတ်၊
၂... သန့်ရှင်း ကြည်လင် အနှစ်ထင်သော ပရိသတ်တို့တည်း။


ရဟန်းတို့ ...
ရှုပ်ထွေး ပွေလိမ် ဖျင်းသိမ်သော ပရိတ်သတ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင်ပရိတ်သတ်၌ ရဟန်းတို့သည်

ချစ်သဖြင့် မလာအပ်သော ဆန္ဒာဂတိသို့ လိုက်ကုန်၏။
မုန်းသဖြင့် မလားအပ်သော ဒေါသာ ဂတိသို့ လိုက်ကုန်၏။
မသိသဖြင့် မလာအပ်သော မောဟာဂတိသို့ လိုက်ကုန်၏၊
ကြောက်သဖြင့် မလားအပ်သော ဘယာဂတိသို့ လိုက်ကုန်၏။

ရဟန်းတို့ ဤပရိတ်သတ်ကို
ရှုတ်ထွေး ပွေလိမ် ဖျင်းသိမ်သော ပရိသတ်ဟု ဆိုအပ်၏။

ရဟန်းတို့ ...
သန့်ရှင်း ကြည်လင် အနှစ်ထင်သော ပရိသတ်ဟူသည် အဘယ်နည်း၊
ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည်

ချစ်သဖြင့် မလားအပ်သော ဆန္ဒာဂတိသို့ မလိုက်ကုန်၊
မုန်းသဖြင့် မလားအပ်သော ဒေါသာဂတိသို့ မလိုက်ကုန်။
မသိသဖြင့် မလားအပ်သော မောဟာဂတိသို့ မလိုက်ကုန်၊
ကြောက်သဖြင့် မလားအပ်သော ဘယာဂတိသို့ မလိုက်ကုန်။

ရဟန်းတို့ ဤပရိတ်သတ်ကို
သန့်ရှင်း ကြည်လင် အနှစ်ထင်သော ပရိတ်သတ် ဟု ဆိုအပ်၏။

ရဟန်းတို့ ပရိသတ် တို့သည် ဤနှစ်မျိုးတို့ပေတည်း။

ရဟန်းတို့ ...
ဤနှစ်မျိုးသော ပရိတ်သတ်တို့တွင် အကြင် သန့်ရှင်း ကြည်လင် အနှစ်ထင်သော ပရိတ်သတ်သည်ရှိ၏။ ထိုပရိတ်သတ်သည် မြတ်ပေသတည်း ဟု မိန့်တော်မူ၏။5

ပရိသဝဂ်၊ မှ၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ 47

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

စီးပွားဥစ္စာ မတည်ကြောင်း အပေါက်ခြောက်ပါး ...

နဇီရတိသုတ်- (မဆွေးမြေ့)

အဘယ်အရာသည် ဆွေးမြေ့ပါသနည်း၊
အဘယ်အရာသည် မဆွေးမြေ့ပါသနည်း၊
အဘယ်အရာကို လမ်းမှားဟု ဆိုအပ်ပါသနည်း၊
အဘယ်အရာသည် တရားတို့၏ ဘေးရန် မည်ပါသနည်း၊
အဘယ်အရာသည် ညဥ့်နေ့တို့၌ ကုန်ပါသနည်း၊
အဘယ်အရာသည် မြတ်သော အကျင့်၏ အညစ်အကြေးပါနည်း၊
ရေမဟုတ်သော ဆေးကြောဖွယ်သည် အဘယ်နည်း၊
အကြင်အပေါက်၌ စီးပွားဥစ္စာသည် မတည်၊
လောက၌ ထိုအပေါက်တို့သည် အဘယ်မျှတို့ပါနည်း၊
မြတ်စွာဘုရားကို မေးလျှောက်ခြင်းငှါ လာပါကုန်၏၊
ထိုအကြောင်းကို အဘယ်သို့လျှင် အကျွန်ုပ်တို့သည် သိရပါကုန်အံ့နည်း...။

သတ္တဝါတို့၏ ရုပ်သည် ဆွေးမြေ့တတ်၏၊
အမည်အနွယ်သည် မဆွေးမြေ့တတ်၊
စွဲမက်မှု 'ရာဂ'ကို လမ်းမှား ဟု ဆိုအပ်၏၊
လိုချင်မှု 'လောဘ'သည် တရားတို့၏ ဘေးရန်မည်၏၊
အရွယ်သည် ညဥ့်နေ့တို့၌ ကုန်၏၊
မိန်းမသည် မြတ်သော အကျင့်၏ အညစ်အကြေးတည်း၊
ဤမိန်းမ၌ သတ္တဝါအပေါင်းသည် ကပ်ငြိ၏၊
ကိလေသာကို ပူပန် နှိပ်စက်တတ်သော အကျင့်သည် လည်းကောင်း၊
မြတ်သော အကျင့်၊ မေထုန်မှ ရှောင်ကြဉ်ခြင်းသည် လည်းကောင်း
ရေမဟုတ်သော ဆေးကြောဖွယ် ဝတ္ထုမည်၏။

လောက၌ စီးပွားဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါး တို့တည်း။
၁... ပျင်းရိခြင်း လည်းကောင်း၊
၂... မေ့လျော့ခြင်း လည်းကောင်း၊
၃... ထကြွလုံ့လ မရှိခြင်း လည်းကောင်း၊
၎... မစောင့်စည်းခြင်း လည်းကောင်း၊
၅... အအိပ်ကြူးခြင်း လည်းကောင်း၊
၆... အလုပ်၌ မပျော်မွေ့ခြင်း လည်းကောင်း၊

ဤသို့ ...
ထိုခြောက်ပါးသော အပေါက်တို့ကို ...
အချင်းခပ်သိမ်း ပိတ်ဆို့ရာ၏ဟု မိန့်တော်မူ၏။76

၆ - နဇီရတိသုတ်၊ ဆေတွာဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဤသံသရာ၏ အစကို မသိနိုင် ...

တိဏကဋ္ဌသုတ်- (မြက်, ထင်း,အစရှိသည်)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်း သုံး နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟူ၍ ခေါ်တော်မူ၏၊ ''အသျှင်ဘုရား'' ဟူ၍ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊

မသိမှု 'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန် သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည် ကြရ ကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်။

ရဟန်းတို့ ဥပမာသော်ကား ယောက်ျားသည် ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ မြက်, ထင်း, သစ်ခက်, သစ်ရွက်ကို ဖြတ်၍ တပေါင်းတည်း စုရုံးပြီးလျှင် လက်လေးသစ် လက်လေးသစ် အစိတ်ကို ပြု၍ ''ဤသည်ကား ငါ၏ အမိတည်း၊ ဤသည်ကား ငါ့ အမိ၏ အမိတည်း'' စသည်ဖြင့် တစ်ခုစီ ချထားရာ၏၊ ရဟန်းတို့ ထိုယောက်ျား၏ အမိ အဆက်ဆက်တို့သည် မကုန်မဆုံးနိုင်သည်သာလျှင် ဖြစ်ကုန်ရာ၏၊ စင်စစ်သော်ကား ဤဇမ္ဗူဒိပ်ကျွန်း၌ ရှိသမျှ မြက်, ထင်း, သစ်ခက်, သစ်ရွက်သည် ကုန်ဆုံးခြင်းသို့ ရောက်ရာ၏။

ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-

ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်နိုင်သောကြောင့်ပင်တည်း။ ရဟန်းတို့ ဤသို့ ရှည်လျားကြာမြင့်သော နေ့ညဉ့်တို့ပတ်လုံး ဆင်းရဲကို ခံစားရဖူးလှ လေပြီ၊ ပြင်းထန်သော ဆင်းရဲကို ခံစားရဖူးလှလေပြီ၊ ပျက်စီးခြင်းကို ခံစားရဖူးလှလေပြီ၊ သင်္ချိုင်းမြေပုံသည် တိုးပွားလှလေပြီ။ ရဟန်းတို့ ဤအလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု (ဟောတော်မူ၏)။124

၁ - တိဏကဋ္ဌသုတ်၊ ပဌမ၀ဂ်၊ အနမတဂ္ဂသံယုတ်၊ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, April 17, 2009

မှန်သည် အဘယ်အကျိုး ရှိသနည်း ...

နှစ်ဆန်းတစ်ရက်နေ့မှာ မှန်ကြည့်ကြရအောင်ပါ...



အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-

ရာဟုလာ ထိုငါဆိုမည့် စကားကို သင် အဘယ်သို့ မှတ်ထင်သနည်း။
ကြေးမုံ 'မှန်' သည် အဘယ်အကျိုး ရှိသနည်း ဟု မေးတော်မူ၏။
အသျှင်ဘုရား ကြေးမုံ 'မှန်' သည် ကြည့်ရှု ရခြင်း အကျိုးရှိပါ၏ ဟုလျှောက်၏။

ရာဟုလာ ဤဥပမာ အတူသာလျှင် ကြည့်ရှု 'ဆင်ခြင်' ၍၊ ကြည့်ရှု 'ဆင်ခြင်' ၍၊ ကိုယ်အမှုကို ပြုရမည်၊ ကြည့်ရှု 'ဆင်ခြင်' ၍၊ ကြည့်ရှု 'ဆင်ခြင်' ၍ နှုတ်အမှုကို ပြုရမည်၊ ကြည့်ရှု 'ဆင်ခြင်' ၍၊ ကြည့်ရှု 'ဆင်ခြင်' ၍၊ စိတ်အမှုကို ပြုရမည်။

ရာဟုလာ သင်သည် အကြင် အမှုကို ကိုယ်ဖြင့် ပြုလိုသည် ဖြစ်အံ့၊ ထိုကိုယ်အမှု ကို သင် ကြည့်ရှု 'ဆင်ခြင်' ရမည်၊ ''ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ် အမှုသည် မိမိ ဆင်းရဲစေ ခြင်းငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါး ကို ဆင်းရဲ စေခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ပါးစုံကို ဆင်းရဲ စေခြင်းငှါလည်း ဖြစ်ရာသလော၊ ဤကိုယ် အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ပွါးစေတတ် သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော'' ဟု (ကြည့်ရှု ဆင်ခြင် ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု ဆင်ခြင်သော် ''ငါသည် အကြင် အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ် အမှုသည် မိမိကိုယ်ကို ဆင်းရဲ စေခြင်းငှါလည်း ဖြစ်ရာ၏၊ သူတစ်ပါးကို ဆင်းရဲစေခြင်းငှါလည်း ဖြစ်ရာ၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံကို ဆင်းရဲ စေခြင်းငှါလည်း ဖြစ်ရာ၏၊ ဤကိုယ် အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့ သဘောရှိသော ကိုယ်အမှုကို သင်သည် စင်စစ် မပြုသင့်။

ရာဟုလာ သင်သည် ကြည့်ရှု ဆင်ခြင်သော် ''ငါသည် အကြင် အမှုကို ကိုယ်ဖြင့် ပြုလို၏၊ ငါ၏ ဤကိုယ် အမှုသည် မိမိကိုယ်ကို ဆင်းရဲ စေခြင်းငှါလည်း မဖြစ်ရာ၊ သူတစ်ပါးကို ဆင်းရဲ စေခြင်းငှါလည်း မဖြစ်ရာ၊ မိမိ သူတစ်ပါး နှစ်ပါးစုံကို ဆင်းရဲ စေခြင်းငှါလည်း မဖြစ်ရာ၊ ဤကိုယ် အမှုသည် ကုသိုလ်တည်း၊ ချမ်းသာမှုကို ဖြစ် ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့...
ရာဟုလာ ဤသို့ သဘောရှိသော ကိုယ်အမှုကို သင်သည် ပြုသင့်၏။

ရာဟုလာ သင်သည် ကိုယ်ဖြင့် အမှုကို ပြုနေဆဲ ဖြစ်သော်လည်း ထိုကိုယ် အမှုကို သင် ကြည့်ရှု ဆင်ခြင်ရမည်- ''ငါသည် အကြင် အမှုကို ကိုယ်ဖြင့် ပြု၏၊ ငါ၏ ဤ ကိုယ် အမှုသည် မိမိဆင်းရဲခြင်းငှါလည်း ဖြစ်ရာ သလော၊ သူတစ်ပါးကို ဆင်းရဲ ခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိသူတစ်ပါး နှစ်ပါးစုံကို ဆင်းရဲခြင်းငှါလည်း ဖြစ်ရာ သလော၊ ဤကိုယ် အမှုသည် အကုသိုလ်လော၊ ဆင်းရဲကို ပွါးစေတတ်သလော၊ ဆင်းရဲသော အကျိုး ရှိလေသလော'' ဟု (ကြည့်ရှု ဆင်ခြင်ရမည်)။

ရာဟုလာ သင်သည် ကြည့်ရှု ဆင်ခြင်သော် ''ငါသည် အကြင် အမှုကို ကိုယ်ဖြင့် ပြု၏၊ ငါ၏ ဤကိုယ် အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲ ခြင်းငှါလည်း ဖြစ်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤကိုယ် အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါး စေတတ်၏၊ ဆင်းရဲသော အကျိုးရှိ ၏'' ဟု အကယ်၍ သိငြားအံ့...
ရာဟုလာ ဤသို့ သဘော ရှိသော ကိုယ်အမှုကို သင်သည် ရုပ်သိမ်းလေလော့။

ရာဟုလာ သင်သည် ကြည့်ရှု ဆင်ခြင်သော် ''ငါသည် အကြင် အမှုကို ကိုယ်ဖြင့် ပြု၏၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲ ခြင်းငှါလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤကိုယ် အမှုသည် ကောင်းမှု ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏'' ဟု အကယ်၍ သိငြားအံ့...
ရာဟုလာ ဤသို့ သဘော ရှိသော ကိုယ် အမှုကို သင်သည် ကြိုးပမ်းလေလော့။

ရာဟုလာ သင်သည် ကိုယ်ဖြင့် အမှုကို ပြုပြီး သော်လည်း ထိုကိုယ်အမှုကို သင် ကြည့်ရှု ဆင်ခြင်ရမည်- ''ငါသည် အကြင် အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ် အမှုသည် မိမိ ဆင်းရဲခြင်း ငှါလည်း ဖြစ်ရာသလော၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်ရာသလော၊ ဤကိုယ် အမှုသည် အကုသိုလ်လော၊ ဆင်းရဲကိုဖြစ်ပွါး စေတတ် သလော...
ဆင်းရဲ သော အကျိုး ရှိလေသလော'' ဟု ကြည့်ရှု ဆင်ခြင်ရမည်။

ရာဟုလာ သင်သည် ကြည့်ရှု ဆင်ခြင်သော် ''ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ သူတစ်ပါး ဆင်းရဲ ခြင်းငှါလည်း ဖြစ်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း ဖြစ်၏၊ ဤကိုယ် အမှုသည် အကုသိုလ်တည်း၊ ဆင်းရဲကို ဖြစ်ပွါးစေတတ်၏၊ ဆင်းရဲသော အကျိုးရှိ ၏''ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ ဤသို့ သဘောရှိသော ကိုယ်အမှုကို သင်သည် ဆရာ့ထံ၌ဖြစ်စေ၊ ပညာရှိတို့ထံ၌ဖြစ်စေ၊ သီတင်းသုံးဖော်တို့ထံ၌ ဖြစ်စေ ပြောကြားရမည်၊ ဖွင့်ပြရမည်၊ ထင်စွာ ပြုရမည်၊ ပြောကြား၍ ဖွင့်ပြ၍ ထင်စွာ ပြု၍ နောင်အခါ၌ စောင့်ရှောက်ခြင်းသို့ ရောက်ရမည်။

ရာဟုလာ သင်သည် ကြည့်ရှု 'ဆင်ခြင်' သော် ''ငါသည် အကြင်အမှုကို ကိုယ်ဖြင့် ပြုမိပြီ၊ ငါ၏ ဤကိုယ်အမှုသည် မိမိ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ သူတစ်ပါး ဆင်းရဲခြင်းငှါလည်း မဖြစ်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲခြင်းငှါလည်း မဖြစ်၊ ဤကိုယ်အမှုသည် ကုသိုလ်တည်း၊ ချမ်းသာကို ဖြစ်ပွါးစေတတ်၏၊ ချမ်းသာသော အကျိုးရှိ၏''ဟု အကယ်၍ သိငြားအံ့၊ ရာဟုလာ
သင်သည် ထိုနှစ်သက် ဝမ်း မြောက်ခြင်းဖြင့်သာလျှင် ကုသိုလ်တရားတို့၌ နေ့ရောညဥ့်ပါ ကျင့်ကြံလျက် နေရာ ၏...။109

၁ - အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-မှ၊ ဘိက္ခုဝဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သင်း မပြုလုပ်ဝံ့သော အကုသိုလ်ဟူသည် မရှိပြီ..




အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-


ရာဟုလာ ဥပမာသော်ကား ...

ရထား လှည်းသန်နှင့် အလားတူ အစွယ်ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ရှေ့ကိုယ်ဖြင့်လည်း အမှု ကိစ္စကိုပြု ၏၊ နောက်ကိုယ်ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နားရွက်တို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ သို့ရာတွင် နှာမောင်းကိုမူ စောင့်ရှောက်သည် သာတည်း။

ထိုဆင် ပြုလုပ်သော အရာ၌ ဆင်စီးသူရဲအား ဤသို့သော အကြံသည် ဖြစ်၏-

''ရထား လှည်းသန်နှင့်အလားတူ အစွယ် ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍
အမျိုးကောင်းသော ဤမင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နာက်ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏။ပ။ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏။ သို့ရာတွင် နှာမောင်းကိုမူ စောင့် ရှောက်သည် သာတည်၊ မင်းစီးဆင်သည် အသက်ကိုမူကား မစွန့်နိုင်သေးချေ'' ဟု(အကြံ ဖြစ်၏)။

ရာဟုလာ အကြင်အခါ၌ကား ရထား လှည်းသန်နှင့် အလားတူ အစွယ် ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော မင်းစီးဆင်သည် စစ်မြေပြင်သို့ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှုကိစ္စကိုပြု၏၊ နောက်ခြေတို့ ဖြင့်လည်း အမှု ကိစ္စကို ပြု၏။ပ။ အမြီးဖြင့်လည်း အမှုကိစ္စကို ပြု၏၊ နှာမောင်းဖြင့် လည်း အမှု ကိစ္စကို ပြု၏၊ ထိုဆင် ပြုလုပ်သော အရာ၌ ဆင်စီးသူရဲအား ဤသို့သော အကြံသည် ဖြစ်၏-

''ရထား လှည်းသန်နှင့် အလားတူ အစွယ် ရှိသော စစ်မြေပြင်သို့ ဝင်ဖူးသော ထွားကျိုင်း၍ အမျိုးကောင်းသော ဤမင်းစီးဆင်သည် စစ်မြေပြင်သို့ ရောက်သော် ရှေ့ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နောက်ခြေတို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ရှေ့ကိုယ်ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နောက်ကိုယ်ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ ဦးခေါင်းဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နားရွက်တို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ အစွယ်တို့ဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ အမြီးဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ နှာမောင်းဖြင့်လည်း အမှု ကိစ္စကို ပြု၏၊ မင်းစီးဆင်သည်
အသက်ကိုပင် စွန့်လွှတ်ထားပြီ...။ ယခုအခါ၌ မင်းစီးဆင် မပြုလုပ်သော အမှုမည်သည် တစ်စုံ တစ်ခုမျှ မရှိတော့ပြီ'' ဟု (အကြံ ဖြစ်၏)။

ရာဟုလာ ဤဥပမာအတူ သာလျှင် မုသား 'သိလျက် ချွတ်ယွင်းသော' စကားကို ပြောဆိုရာ၌ အရှက် မရှိသော မည်သည့် ရဟန်းအားမဆို မပြုလုပ်ဝံ့သော အကု သိုလ် မကောင်းမှုသည်လည်း တစ်စုံ တစ်ခုမျှ မရှိပြီ ဟူ၍ ငါဟော၏၊ ရာဟုလာ ထို့ကြောင့် ဤမုသာဝါဒ၌ ''ရယ်ရွှင် မြူးထူးလို၍ မျှလည်း ချွတ်ယွင်းသော စကားကို မဆိုအံ့'' ဟု ဤသို့လျှင် သင်သည် ကျင့်ရမည်။108

၁ - အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-မှ၊ ဘိက္ခုဝဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


သိလျက် ချွတ်ယွင်းသော စကားကို ...

အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် ...
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးမြူရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အသျှင် ရာဟုလာသည်လည်း အမ္ဗလဋ္ဌိကကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်း အချိန်တွင် ကိန်းအောင်းရာမှ ထတော်မူ၍ အမ္ဗလ ဋ္ဌိကကျောင်း အသျှင်ရာဟုလာ ထံသို့ ချဉ်းကပ်လေ၏။ အသျှင်ရာဟုလာသည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်၍ နေရာကို ခင်းထား၏၊ ခြေဆေးရေကိုလည်း တည်ထား၏။

မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်ပြီးလျှင် ခြေတို့ကိုဆေးတော်မူ၏။

အသျှင်ရာဟုလာသည်လည်း မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၍ လျောက်ပတ် သော နေရာ၌ ထိုင်နေ၏။107

ထိုအခါ မြတ်စွာဘုရားသည် အနည်းငယ်သော ရေကြွင်း ရေကျန်ကို ရေအင်တုံ၌ ထား၍ အသျှင်ရာဟုလာကို မိန့်တော်မူ၏ ''ရာဟုလာ သင်သည် ဤအနည်း ငယ်သော ရေကြွင်း ရေကျန်ကို ခြေဆေး ရေအင်တုံ၌ ထားသည်ကို မြင်၏လော'' ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ ဟု (လျှောက်၏)။

ရာဟုလာ မုသား 'သိလျက် ချွတ်ယွင်းသော' စကားကို ပြောဆိုရာ၌ အရှက် မရှိ သော ရဟန်းတို့အား ရဟန်းတရားသည် ဤအတူ နည်းပါးလှချေ၏။

ထို့နောက် မြတ်စွာဘုရားသည် အနည်းငယ်သော ရေကြွင်း ရေကျန်ကို စွန့်တော် မူ၍ အသျှင်ရာဟုလာကို ''ရာဟုလာ အနည်းငယ်သော ရေကြွင်း ရေကျန်ကို စွန့်လိုက်သည်ကို မြင်၏လော'' ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ ဟု (လျှောက်၏)။

ရာဟုလာ မုသား 'သိလျက် ချွတ်ယွင်းသော' စကားကို ပြောဆိုရာ၌ အရှက် မရှိ သော ရဟန်းတို့အား ရဟန်းတရားသည် ဤအတူ စွန့်ထားပြီးဖြစ်သည်သာတည်း။

ထို့နောက် မြတ်စွာဘုရားသည် ထိုခြေဆေး ရေအင်တုံကို မှောက်၍ အသျှင် ရာဟုလာကို ''ရာဟုလာ သင်သည် ဤရေအင်တုံကို မှောက်ထားသည်ကို မြင်၏ လော'' ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ ဟု (လျှောက်၏)။

ရာဟုလာ မုသား 'သိလျက် ချွတ်ယွင်းသော' စကားကို ပြောဆိုရာ၌ အရှက် မရှိသော ရဟန်းတို့အား ရဟန်း တရားသည် ဤအတူ မှောက်ထားပြီး ဖြစ်သည် သာတည်း။

ထို့နောက် မြတ်စွာဘုရားသည် ထိုခြေဆေး ရေအင်တုံကို လှန်၍ အသျှင် ရာဟုလာကို ''ရာဟုလာ သင်သည် ဤရေအင်တုံကို အချည်းနှီး ဘာမျှ မရှိသည် ကို မြင်၏လော'' ဟု (မေးတော်မူ၏)။ အသျှင်ဘုရား မြင်ပါ၏ ဟု (လျှောက်၏)။

ရာဟုလာ မုသား
'သိလျက် ချွတ်ယွင်းသော' စကားကို ပြောဆိုရာ၌ အရှက် မရှိသော ရဟန်းတို့အား ရဟန်း တရားသည် ဤအတူ အချည်းနှီး ဘာမျှ မရှိသည် သာတည်း။108

၁ - အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်-မှ၊ ဘိက္ခုဝဂ်၊ မဇ္ဈိမပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။