နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, July 31, 2009

အဘယ် အရာဝတ္ထုကို အလိုရှိသနည်း...



စကြဝတေးမင်းကပြောပါတယ်...

မဟာသုဒဿနစကြဝတေးမင်း အကျင့်

နောက်တစ်မျိုးသော်ကား အကြင်အခါ ငါသည် ကုသဝတီမြို့၌ များမြတ်သော ဗိုလ်ပါ အင်အားရှိသည့် မဟာသုဒဿနမည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။28

ထိုအခါ ငါသည် ထိုကုသဝတီမြို့ ထိုထိုအရပ်၌ တစ်နေ့သုံးကြိမ် ကြွေးကြော်စေ၏၊ အဘယ်သူသည် အဘယ် အရာဝတ္ထုကို အလိုရှိသနည်း၊ တောင့်တသနည်း။ အဘယ်သူအား အဘယ်ဥစ္စာကို ပေးစေချင် သနည်း။ 29

အဘယ်သူသည် ဆာလောင်သနည်း။ အဘယ်သူသည် မွတ်သိပ်သနည်း။ အဘယ်သူသည် ပန်းကို အလိုရှိသနည်း။ အဘယ်သူသည် နံ့သာပျောင်းကို အလိုရှိသနည်း။ အဘယ်သူသည် အဝတ် အထည် မရှိ၍ အထူးထူး ဆိုးအပ်သော အဝတ်တို့ကို လိုသနည်း။ 30

အဘယ်သူသည် လမ်းခရီး၌ ထီးကို ယူမည်နည်း။ အဘယ်သူသည် နူးညံ့လှပသော ဖိနပ်တို့ကို ယူမည်နည်း။ ဤသို့ ညချမ်းအခါ၌ လည်းကောင်း၊ နံနက်အခါ၌ လည်းကောင်း ထိုထိုအရပ်၌ ကြွေးကြော်စေ၏။ 31

ထိုပေးလှူဖွယ် ဥစ္စာကို ဆယ်ပါးသော အရပ်ဌာနတို့၌ လည်းကောင်း၊ အရပ်ဌာန တစ်ရာတို့၌ လည်းကောင်း စီရင်ထားအပ်သည် မဟုတ်သေး။ အရာမက များစွာသော အရပ် ဌာနတို့၌လည်း တောင်းသူတို့ ကို ရည်၍ ဥစ္စာကို စီရင်ထား၏။

နေ့အခါ၌ လည်းကောင်း၊ သို့မဟုတ် ညဥ့်အခါ၌ လည်းကောင်း အလှူခံ ဖုန်းတောင်း ယာစကာသည် အကယ်၍ လာငြားအံ့။ အလိုရှိတိုင်းသော ဥစ္စာကိုရ၍ ပြည့်သောလက် ရှိလျက်သာလျှင် သွားရ၏။ 33
ငါသည် ဤသို့ သဘောရှိသော အလှူကြီးကို အသက်ရှိသမျှ ကာလပတ်လုံး ပေးလှူခဲ့၏၊ ငါသည် ဥစ္စာကို မနှစ်သက်၍ ပေးလှူသည်လည်း မဟုတ်၊ ငါ့ထံ၌ ဥစ္စာကို စုဆောင်းထားခြင်း မရှိသည်လည်း မဟုတ်။ 34

ဥပမာအားဖြင့် ရောဂါဖြင့် နာကျင်သူမည်သည် ရောဂါမှ လွတ်မြောက်ခြင်းငှါ ဥစ္စာဖြင့် ဆေးဆရာကို ရောင့်ရဲစေလျက် ရောဂါမှ လွတ်မြောက်သကဲ့သို့- 35

ထို့အတူပင် အလှူခံ၏ အလိုဆန္ဒကို အကြွင်းမဲ့ ပြည့်စေရန် သိသော ငါသည် အလှူခံ ဖုန်းတောင်းယာစကာတို့၏ ယုတ်လျော့သော စိတ်(အလို)ကို ပြည့်စေလျက် တွယ်တာကပ်ငြိမှု မရှိ, တောင့်တမှု မရှိဘဲ သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါသာ လှူဖွယ်ကို ပေးလှူ၏။ 36

၎ - မဟာသုဒဿနစရိယ၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သင်တို့ ဗလစ်ဗလစ် မလုပ်ကြနှင့်...

အာနန္ဒသုတ်

အခါတစ်ပါး၌ အသျှင်အာနန္ဒာသည် ကောသလတိုင်း တောအုပ်တစ်ခု၌ နေ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် လူတို့ကို သိစေခြင်းများသည် ဖြစ်၍ အချိန်လွန်စွာ နေ၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍ နေသော နတ်သည် အသျှင်အာနန္ဒာအား အစဉ်သနားသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် အသျှင်အာနန္ဒာကို ထိတ်လန့်စေလိုရကား အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်လျက် ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

''ဂေါတမအနွယ်ဖြစ်သော အသျှင်အာနန္ဒာ သစ်ပင်ရင်း တောချုံသို့ သက်ဝင်ကာ နိဗ္ဗာန်ကို စိတ်နှလုံး၌ ထည့်သွင်းထား၍ ဈာန်ဝင်စားပါလော့၊ မေ့လျော့ခြင်း မဖြစ် ပါစေလင့်၊ အသျှင်ဘုရားအား ဗလစ်ဗလစ် ပြောဆိုခြင်းသည် အဘယ်ပြု လတ္တံ့ နည်း'' ဟု လျှောက်၏။

ထိုအခါ အသျှင်အာနန္ဒာသည်
ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်၏။ 225

၅ - အာနန္ဒသုတ်၊ ဝနသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သိလျက် ချွတ်ယွင်းသော စကားကို မဆိုပါနဲ့...

သုဝဏ္ဏနိက္ခသုတ်

သာဝတ္ထိနိဒါန်း
ရဟန်းတို့ ငါဘုရားသည်...
ဤအသျှင်သည် ရွှေစင်တစ်နိက္ခဟူသော အကြောင်းကြောင့်သော်လည်း။ ပ ။
ရွှေစင်နိက္ခတစ်ရာ ဟူသော အကြောင်းကြောင့်သော်လည်း။
သိင်္ဂနိက် ရွှေ တစ်နိက္ခ ဟူသော အကြောင်းကြောင့်သော်လည်း။
သိင်္ဂနိက်ရွှေ နိက္ခတစ်ရာ ဟူသော အကြောင်းကြောင့်သော်လည်း။
ရွှေဖြင့် ပြည့်သော မဟာပထဝီမြေ ဟူသော အကြောင်းကြောင့်သော်လည်း။
တစ်စုံတစ်ခုသော အာမိသဟူသော အကြောင်းကြောင့်သော်လည်း။
အသက်ဟူသော အကြောင်းကြောင့်သော်လည်း။
ကောင်းခြင်းငါးရပ် ပြည့်စုံသည့် မိန်းမမြတ်ဟူသော အကြောင်းကြောင့်သော်လည်း သိလျက် ချွတ်ယွင်းသော မုသားစကားကို မဆိုရာ ဟု အချို့သော ပုဂ္ဂိုလ်၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏။ ထိုသူကို တစ်ပါးသော အခါ၌ လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံး ယူငင်အပ်သော စိတ်ရှိသည်ဖြစ်၍ သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုနေသည်ကို တွေ့မြင်ရ၏၊ ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ ပ ။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု (ဟောတော်မူ၏)။

၃ - သုဝဏ္ဏနိက္ခသုတ်၊ ဒုတိယဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။ 169


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သူယုတ်မာတို့၏ တရား...

အသဒ္ဓမ္မသုတ် - (မသူတော်တရား)

ရဟန်းတို့ သူယုတ်မာတို့၏ တရားတို့သည် ဤခုနစ်မျိုးတို့တည်း။
အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

၁... ယုံကြည်မှု 'သဒ္ဓါတရား' မရှိ၊
၂... အရှက်မရှိ၊
၃... မထိတ်လန့်တတ်၊
၎... အကြားအမြင် နည်းပါး၏၊
၅... ပျင်းရိ၏၊
၆... သတိ လွတ်ကင်း၏၊
၇... ပညာမဲ့၏။
ရဟန်းတို့ သူယုတ်မာတို့၏ တရားတို့သည် ဤခုနစ်မျိုး တို့တည်း ဟု မိန့်တော်မူ၏။ 93

၉ - အသဒ္ဓမ္မသုတ်၊ သမဏဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, July 30, 2009

ဤသို့ကျင့်ပါ...


သံခိတ္တသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ် ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မဟာ ပဇာပတိဂေါတမီသည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ရပ်လျက် -

အသျှင်ဘုရား တောင်းပန်ပါ၏...
မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် အကျွန်ုပ်အား တရားကို ဟောတော်မူပါ...
အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားကို ကြားနာပြီးလျှင် ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့လုံ့လပြုကာ စိတ်ကို နိဗ္ဗာန်သို့ စေလွှတ်လျက် နေလိုပါ၏ ဟု လျှောက်၏။

ဂေါတမီ သင်သည်
အကြင်တရားတို့ကို ဤတရားတို့ကား

တပ်မက်မှု ရာဂနှင့်တကွ ဖြစ်ရန်သာ ဖြစ်ကုန်၏၊ တပ်မက်မှု ရာဂကင်းရန်မဖြစ်ကုန်၊
ဝဋ်၌ ယှဉ်ရန်သာ ဖြစ်ကုန်၏၊ ဝဋ်ကင်းရန် မဖြစ်ကုန်၊
ဝဋ်ဆင်းရဲ ပွါးစီးရန်သာ ဖြစ်ကုန်၏၊ ဝဋ်ဆင်းရဲကို ဖျက်ဆီးရန် မဖြစ်ကုန်၊
အလိုကြီးရန်သာ ဖြစ်ကုန်၏၊ အလိုနည်းရန် မဖြစ်ကုန်၊
မရောင့်ရဲရန်သာ ဖြစ်ကုန်၏၊ ရောင့်ရဲရန် မဖြစ်ကုန်၊
အပေါင်းအဖော်နှင့် နေရန်သာ ဖြစ်ကုန်၏၊ ဆိတ်ငြိမ်ရန် မဖြစ်ကုန်၊
ပျင်းရိရန်သာ ဖြစ်ကုန်၏၊ ကြိုးစားအားထုတ်ရန် မဖြစ်ကုန်၊
မိမိကိုယ်ကို မွေးမြူနိုင်ခဲရန်သာ ဖြစ်ကုန်၏၊ မွေးမြူလွယ်ရန် မဖြစ်ကုန် ဟု သိငြားအံ့၊
ထိုတရားတို့ကို စင်စစ်အားဖြင့် ဤကား တရားမဟုတ်၊ ဤကား ဝိနည်း မဟုတ်၊ ဤကား မြတ်စွာဘုရား အဆုံးအမ မဟုတ် ဟု မှတ်ယူလေလော့။

ဂေါတမီ သင်သည် ''အကြင်တရားတို့ကို ဤတရားတို့ကား တပ်မက်မှု ရာဂ ကင်းရန်သာ ဖြစ်ကုန်၏၊ တပ်မက်မှု ရာဂနှင့်တကွ ဖြစ်ခြင်းငှါ မဖြစ်ကုန်၊ ဝဋ်ကင်းရန်သာ ဖြစ်ကုန်၏၊ ဝဋ်၌ ယှဉ်ရန် မဖြစ်ကုန်၊ ဝဋ်ဆင်းရဲကို ဖျက်ဆီးရန်သာ ဖြစ်ကုန်၏၊ ဝဋ်ဆင်းရဲ ပွါးစီးရန် မဖြစ်ကုန်၊ အလိုနည်းရန်သာ ဖြစ်ကုန်၏၊ အလိုကြီးရန် မဖြစ်ကုန်၊ ရောင့်ရဲရန်သာ ဖြစ်ကုန်၏၊ မရောင့်ရဲရန် မဖြစ်ကုန်၊ ဆိတ်ငြိမ်ရန်သာ ဖြစ်ကုန်၏၊ အပေါင်းအဖော်နှင့် နေရန် မဖြစ်ကုန်၊ ကြိုးစား အားထုတ်ရန်သာ ဖြစ်ကုန်၏၊ ပျင်းရိရန် မဖြစ်ကုန်၊ မိမိကိုယ်ကို မွေးမြူလွယ် ရန်သာ ဖြစ်ကုန်၏၊ မွေးမြူနိုင်ခဲရန် မဖြစ်ကုန်'' ဟု သိငြားအံ့။ ဂေါတမီ ထို တရားတို့ကို စင်စစ်အားဖြင့် ဤကား တရားတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း'' ဟု မှတ်ယူလေလော့ ဟူ၍ မိန့်တော်မူ၏။ 53

၃ - သံခိတ္တသုတ်၊ ဂေါတမီဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

နတ်တို့သေသော် လူဖြစ်ဖို့ တိုက်တွန်းကြသည်... ???

ပဉ္စပုဗ္ဗနိမိတ္တသုတ်

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့
နတ်တို့သည် နတ်ပြည်မှ စုတေချိန် နီးသောအခါ ထိုနတ်သားအား...

၁... ပန်ဆင်သောပန်းတို့ ညှိုးနွမ်းကုန်၏၊
၂... အဝတ်တန်ဆာတို့ ညစ်နွမ်းကုန်၏၊
၃... လက်ကတီး (ချိုင်း) ကြားတို့မှ ချွေးထွက်ကုန်၏၊
၎... ကိုယ်၌ အရေအဆင်း မလှခြင်းသို့ ရောက်ရ၏၊
၅... နတ်သားသည် မိမိနေရာ နတ်ဗိမာန်၌ မမွေ့လျော် ဟူသော
ဤပုဗ္ဗနိမိတ်ငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာ ကုန်၏။

ရဟန်းတို့ ထိုနတ်သားကို နတ်တို့သည် ''ဤနတ်သားကား စုတေချိန်နီး၏'' ဟု သိ၍ ''အရှင် ဤနတ်ဘုံမှ သုဂတိ ဘဝသို့ သွားပါလော့၊ သုဂတိဘဝသို့ သွားပြီးလျှင် ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပါလော့၊ ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပြီး၍ ကောင်းစွာ မတုန်မလှုပ် သက်ဝင်၍ တည်သူ ဖြစ်ပါလော့'' ဟု စကားသုံးခွန်းတို့ဖြင့် ဝမ်းမြောက် စေကြကုန်၏။

ဤသို့ ဟောတော်မူအပ်သော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ''အသျှင် ဘုရား နတ်တို့၏ သုဂတိဘဝသို့ သွားခြင်းဟု ပြောဆို ချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏ ကောင်းစွာ ရနိုင်သော လာဘ်ဟု ပြောဆို ချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏ မတုန်မလှုပ် သက်ဝင်၍ တည်ခြင်းဟု ပြောဆို ချီးမွမ်းခြင်းသည် အဘယ်ပါနည်း'' ဟု လျှောက်၏။

ရဟန်း နတ်တို့၏ သုဂတိဘဝသို့ သွားခြင်းဟု ပြောဆို ချီးမွမ်းခြင်းသည် လူ့အဖြစ်ပင်တည်း၊ နတ်သည် လူဖြစ်သည် ရှိသော် မြတ်စွာဘုရား ဟောကြား အပ်သော ဓမ္မဝိနယ 'သာသနာတော်' ၌ ယုံကြည်မှု 'သဒ္ဓါ' ကိုရ၏၊ ရဟန်း နတ်တို့၏ ကောင်းစွာ ရနိုင်သော လာဘ်ကို ရခြင်းဟု ဆိုခြင်းသည် ယုံကြည်မှု 'သဒ္ဓါ' ကို ရခြင်းပင်တည်း၊ ထိုယုံကြည်မှု 'သဒ္ဓါ'သည် ထိုနတ်သား၏ စိတ်အစဉ်သို့ သက်ဝင်၏၊ အမြစ်အရင်း ဖြစ်၏၊ မတုန်မလှုပ် သက်ဝင်၍ တည်၏၊ မြဲမြံ၏၊ သမဏသော် လည်းကောင်း၊ ဗြာဟ္မဏသော် လည်းကောင်း၊ နတ်သော် လည်းကောင်း၊ မာရ်နတ်သော် လည်းကောင်း၊ ဗြဟ္မာသော် လည်းကောင်း၊ လောက၌ တစ်စုံတစ်ယောက်သော သူသော် လည်းကောင်း မဖယ်ရှားနိုင်၊ ရဟန်း နတ်တို့၏ ကောင်းစွာ မတုန်မလှုပ် သက်ဝင်၍ တည်ခြင်းဟု ဆိုခြင်းသည် မဖယ်ရှားနိုင်သော ယုံကြည်မှု 'သဒ္ဓါ' ပင်တည်း၊
ဤအနက်သဘောကို မြတ်စွာ ဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက် သဘောကို -

အကြင်အခါ၌ နတ်သည် အသက်တမ်း ကုန်ခြင်းကြောင့် နတ်ပြည်မှ စုတေ၏၊ ထိုအခါ ဝမ်းမြောက်စေသော နတ်တို့၏ သုံးမျိုးသော မှာကြားသံတို့သည် ဖြစ်ပေါ် လာကုန်၏။

အရှင် ဤနတ်ဘုံမှ သုဂတိဘဝဖြစ်သော လူတို့၏ အသင်းဝင် အဖြစ်သို့ သွားပါ လေလော့၊ လူဖြစ်သော သင်သည် သူတော်ကောင်းတရား၌ အတုမရှိ မြတ်သော ယုံကြည်မှု 'သဒ္ဓါ' ကို ရယူပါလော့။

သင်၏ ထိုယုံကြည်မှု 'သဒ္ဓါ' တရားသည် အမြဲ စိတ်အစဉ်သို့ သက်ဝင်၍ အမြစ် အရင်းဖြစ်ကာ မတုန်မလှုပ် ကောင်းစွာ တည်ပြီးလျှင် ကောင်းစွာ ဟောကြား အပ်သော သူတော်ကောင်းတရားဟူသော သာသနာ၌ အသက်ထက်ဆုံး တစ်စုံ တစ်ယောက်ကမျှ မဖယ်ရှားနိုင်သော သဒ္ဓါတရား ဖြစ်ပါစေ။

ကာယဒုစရိုက်ကို လည်းကောင်း၊ ဝစီဒုစရိုက်ကို လည်းကောင်း၊ မနောဒုစရိုက်ကို လည်းကောင်း ပယ်စွန့်၍ အခြား တစ်ပါးသော ဒေါသနှင့်ယှဉ်သော အမှုကိုလည်း ပယ်စွန့်ပြီးလျှင် အတိုင်းအရှည် ပမာဏမရှိသော ကိလေသာ (ဥပဓိ) ကင်းစင်သော ကုသိုလ်ကောင်းမှုကို ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း အကြိမ် များစွာပြု၍ ထိုနတ်ပြည် လောက၌ ပေးကမ်း လှူဒါန်း ခြင်းဖြင့် ခန္ဓာကိုယ် 'ဥပဓိ'၏ တင့်တယ် ပြည့်စုံကြောင်းဖြစ်သော ထိုကုသိုလ် ကောင်းမှုကို အကြိမ်များစွာပြု၍ တစ်ပါးသော အပေါင်းအဖော်တို့ကို လည်း သူတော်ကောင်း တရားတည်း ဟူသော မြတ်သော အကျင့်၌ သက်ဝင်စေပါလော့။

အကြင်အခါ၌ နတ်တို့သည် စုတေမည့် နတ်ကို သိကြကုန်၏၊ ထိုအခါ ဤသနား စောင့်ရှောက်မှုဖြင့် အချင်းနတ်သား ဤနတ်ပြည်သို့ အဖန်ဖန် လာလှည့်ပါဟု ဝမ်းမြောက်စေကုန်၏'' ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 83

၎ - ပဉ္စပုဗ္ဗနိမိတ္တသုတ်၊ စတုတ္ထဝဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, July 29, 2009

ဘောဇဉ်ကို ပေးလှူသော သင်သည်...



သုပ္ပဝါသာသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောလိယဇနပုဒ်ဝယ် ကောလိယမင်းမျိုးတို့၏ ပဇ္ဇနိကမည်သော နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ကောလိယမင်းသမီး သုပ္ပဝါသာ၏ အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ် စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏၊ ဆွမ်းစားပြီးနောက် သပိတ်တော်မှ လက်ကို ဖယ်ပြီးသော မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေသော ကောလိယမင်းသမီး သုပ္ပဝါသာအား မြတ်စွာဘုရားသည်-

သုပ္ပဝါသာ...
ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်မသည်
အလှူခံပုဂ္ဂိုလ်တို့အား လေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏။
အဘယ် လေးမျိုးတို့နည်း ဟူမူ-

၁... အသက်ကို ပေးလှူသည် မည်၏၊
၂... အဆင်းကို ပေးလှူသည် မည်၏၊
၃... ချမ်းသာကို ပေးလှူသည် မည်၏၊
၎... ခွန်အားကို ပေးလှူသည် မည်၏။

၁...
အသက်ကို ပေးလှူသည်မည်ခြင်းကြောင့်...
နတ်သက်သော် လည်းကောင်း၊ လူသက်သော် လည်းကောင်း ရှည်ရန် ဖြစ်၏၊

၂...
အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့်
နတ်အဆင်းသော် လည်းကောင်း၊ လူအဆင်းသော် လည်းကောင်း လှရန်ဖြစ်၏၊

၃...
ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့်
နတ်ချမ်းသာသော် လည်းကောင်း၊ လူချမ်းသာသော် လည်းကောင်း ရရန်ဖြစ်၏၊

၎...
ခွန်အားကို ပေးလှူသည် မည်ခြင်းကြောင့်
နတ် ခွန်အားသော်လည်းကောင်း၊ လူခွန်အားသော် လည်းကောင်း ကြီးရန် ဖြစ်၏။

သုပ္ပဝါသာ ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်မသည် အလှူခံပုဂ္ဂိုလ်တို့ အား ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏ဟု မိန့်တော်မူ၏။ အကြင် အရိယာတပည့်မသည် အကျင့် 'စရဏ' တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံကုန်သော မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်သော ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌ စင်ကြယ်သော မွန်မြတ်သော အရသာနှင့် ပြည့်စုံသော ကောင်းစွာ စီရင်အပ်သော ဘောဇဉ်ကို ပေးလှူ၏၊ ထို အရိယာတပည့်မ၏ အလှူကို ကောင်းမှု အချင်းချင်း ဆက်စပ်လျက် ကြီးမြတ်သောအကျိုးရှိ၏ဟူ၍ လောက သုံးပါးကို သိတော်မူသော မြတ်စွာဘုရားတို့သည် ချီးမွမ်းတော်မူအပ်၏။ လောက၌ အကြင်သူတို့သည် ထိုသို့သဘောရှိသော ကောင်းမှုကို အဖန် တလဲလဲ အောက်မေ့ကုန်လျက် နှစ်သက်ခြင်းရှိကုန်သည်ဖြစ်၍ ဝန်တိုခြင်း အညစ်အကြေး ကို အမြစ်အရင်းနှင့် တကွ ပယ်ဖျောက်၍ လှည့်လည်ကုန်၏၊ ထိုသူတို့သည် မကဲ့ရဲ့ အပ်ကုန်မူ၍ မြတ်သော နတ်ပြည်ဌာနသို့ ကပ်ရောက်ရကုန်သတည်း။ 57

၇ - သုပ္ပဝါသာသုတ်၊ ပုညာဘိသန္ဒဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, July 28, 2009

သင် မည်သူ့ကို လှူမည်နည်း...

ယဇမာနသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထားလေ၏-

''အသျှင်ဘုရား ပူဇော်ကုန်သော လူတို့၏ လည်းကောင်း၊ ကောင်းမှုကို အလိုရှိသည် ဖြစ်၍ ပြုလုပ်ကုန်သော သတ္တဝါတို့၏ လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် အဘယ် ပုဂ္ဂိုလ်၌ လှူသည်ရှိသော် အကျိုးကြီးပါသနည်း'' ဟု လျှောက်၏။

''ကျင့်ဆဲဖြစ်ကုန်သော (မဂ္ဂဋ္ဌာန်) ပုဂ္ဂိုလ်လေးယောက်တို့သည်လည်းကောင်း၊ ဖိုလ်၌ တည်ကုန်သော (ဖလဋ္ဌာန်) ပုဂ္ဂိုလ်လေးယောက်တို့သည် လည်းကောင်း ဤရှစ်ယောက်သော (အရိယာ) သံဃာသည် ဖြောင့်မတ်စွာ ဖြစ်၏၊ ပညာ, သီလ, သမာဓိနှင့် ပြည့်စုံ၏။

ပူဇော်ကုန်သော လူတို့၏ လည်းကောင်း၊ ကောင်းမှုကို အလိုရှိသည် ဖြစ်၍ ပြုလုပ်ကုန်သော သတ္တဝါတို့၏ လည်းကောင်း ဥပဓိအကျိုးရှိသော ကောင်းမှုသည် အရိယာ သံဃာ၌ လှူသည်ရှိသော် အကျိုးကြီး၏'' ဟု မိန့်တော်မူ၏။ 262

၆ - ယဇမာနသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, July 27, 2009

နောက်ကျုသောစိတ်ဖြင့် အမှန်ကိုမမြင်နိုင်...




စတုတ္ထသုတ်

ရဟန်းတို့ ဥပမာသော်ကား ရေအိုင်သည် နောက်ကျု၏၊ ဘောက်ဘက်ခတ်၏၊ ညွန်အနည်ထ၏၊ မျက်စိအမြင်ရှိသော ယောက်ျားသည် ကမ်းနား၌ ရပ်၍ ထို ရေအိုင်၌ သွားနေသည်လည်း ဖြစ်သော ရပ်တည်နေသည်လည်းဖြစ်သော ယောက်သွား ခရုကိုလည်းကောင်း၊ ကျောက်စရစ် အိုးခြမ်းကွဲကို လည်းကောင်း၊ ငါးအပေါင်းကိုလည်းကောင်း မမြင်နိုင်ရာ။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း ဟူမူ-

ရဟန်းတို့ ရေ၏ နောက်ကျုနေခြင်းကြောင့်တည်း။

ရဟန်းတို့ ဤအတူပင် ထိုရဟန်းသည် နောက်ကျုသော စိတ်ဖြင့် စင်စစ် မိမိ အကျိုးကိုလည်း သိလတ္တံ့၊ သူတစ်ပါးအကျိုးကိုလည်း သိလတ္တံ့၊ နှစ်ပါးစုံ အကျိုးကိုလည်း သိလတ္တံ့၊ အရိယာတို့အား လျောက်ပတ်သော ဉာဏ်အမြင် အထူးဖြစ်သော လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော (ဈာန် မဂ် ဖိုလ်)တရားကိုလည်း မျက်မှောက်ပြု လတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ-

ရဟန်းတို့ စိတ်၏ နောက်ကျုနေခြင်းကြောင့်တည်းဟု (မိန့်တော်မူ၏)။ 45

ပဏိဟိတအစ္ဆ္ဆဝဂ်၊ ဧကကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အသျှင်ဒဗ္ဗကို မဟုတ်မမှန် စွပ်စွဲသည့်အတွက်...

ဒုဋ္ဌဒေါသ သိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်မြို့ ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မလ္လမင်း၏ သားဖြစ်သော ဖွားမြင်သည်မှ ခုနစ်နှစ်မျှသာရှိသေးသော သျှင်ဒဗ္ဗသည် အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခဲ့ပြီ၊ ထိုအသျှင်ဒဗ္ဗသည် တပည့်သာဝကတို့ ရောက်သင့် ရောက်ထိုက်သော အလုံးစုံသော တရားသို့ အစဉ်ရောက်ခဲ့ပြီ၊ ထိုအသျှင်ဒဗ္ဗအား တစ်စုံတစ်ခုသော ရဟန်းကိစ္စ နောက်ထပ်ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီး (သောတရား) ကို လည်းထပ်၍ ပွါးများဖွယ် မရှိတော့ပြီ။

ဇာတ်တော်ကို ယခင် ((၂ - သတိဝိနည်း၊ အသျှင်ဒဗ္ဗ...)) အတိုင်းသိတော်မူ...

ရဟန်းတို့ သင်တို့သည် မလ္လမင်း၏သား ဒဗ္ဗကို အခြေအမြစ်မရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲဖျက်ဆီး ကြကုန်၏ ဟူသည် မှန်သလောဟု စိစစ် မေးမြန်းတော်မူ၏။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။
မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် မလ္လမင်း၏သား ဒဗ္ဗကို အခြေအမြစ်မရှိသော ပါရာဇိကအာပတ်ဖြင့် အဘယ့်ကြောင့် စွပ်စွဲဖျက်ဆီး ကြကုန်သနည်း၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ သင်တို့ပြု သောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်း ကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

ပညတ်သိက္ခာပုဒ်

အကြင် ရဟန်းသည် ရဟန်းကို ဒေါသဖိစီးဖျက်ဆီးလိုသော စိတ်ရှိသည် ဖြစ်၍ မနှစ်လိုသည် ဖြစ်၍ အခြေအမြစ်မရှိသော ပါရာဇိကအာပတ်ဖြင့် 'ထိုရဟန်းကို ဤမြတ်သော အကျင့်မှ ရွေ့လျော စေနိုင်ရာ၏'ဟု ကြံ၍ စွပ်စွဲ ဖျက်ဆီးငြားအံ့၊ ထိုမှ နောက်အခါ၌ (သူတစ်ပါးတို့) မေးစိစစ်အပ်၍သော် လည်းကောင်း၊ မမေး မစိစစ် အပ်ဘဲသော် လည်းကောင်း ထို အဓိကရုဏ်းသည်လည်း အခြေအမြစ်မရှိသည် ဖြစ်အံ့၊ (စွပ်စွဲသော) ရဟန်းသည်လည်း အပြစ်ဒေါသကို ဝန်ခံအံ့၊ 12-8-385

ထိုရဟန်းအား သံဃာဒိသိသ်အာပတ် သင့်၏...

ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

ဂဂ- ဒုဋ္ဌဒေါသ သိက္ခာပုဒ်၊ သံဃဒိသိသ် အခန်း၊ ပါရာဇိကဏ်ပါဠိတော်။

ဒုတိယ အပြစ်အကြီးဆုံး ၁၃-ခုမှ...
သံဃာဒိသိသ်အာပတ်= ရဟန်းသံဃာက ဝိုင်းဝန်း ကူညီ စောင့်ရှောက်ပေးမှ ကုစား၍ရသော အပြစ်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, July 26, 2009

အသျှင်ဒဗ္ဗသည် အကျွန်ုပ်ကို ဖျက်ဆီးပါ၏...

သတိဝိနည်း


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ မလ္လမင်း၏ သားဖြစ်သော ဖွားမြင်သည်မှ ခုနစ်နှစ်မျှသာ ရှိသေးသော အသျှင်ဒဗ္ဗသည် အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခဲ့ပြီ၊ ထိုအသျှင်ဒဗ္ဗသည် အရိယာ သာဝကတို့ ရောက်သင့် ရောက်ထိုက်သော အလုံးစုံသော တရားသို့ အစဉ် ရောက်ခဲ့ပြီ၊ ထိုအသျှင်ဒဗ္ဗအား တစ်စုံတစ်ရာသော ရဟန်းကိစ္စ နောက်ထပ် ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီးသော တရားကိုလည်း ထပ်၍ ပွါးများဖွယ် မရှိတော့ပြီ။

ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ (တစ်ပါးတည်း) ကိန်းအောင်းနေစဉ် အသျှင် ဒဗ္ဗအား ''ဖွားမြင်သည်မှ ခုနစ်နှစ်မျှသာ ရှိသေးသော ငါသည် အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခဲ့ပြီ၊ (ငါသည်) တပည့်သာဝကတို့ ရောက်သင့် ရောက်ထိုက်သော အလုံးစုံသော တရားသို့ အစဉ် ရောက်ခဲ့ပြီ၊ ငါ့အား တစ်စုံတစ်ရာသော ရဟန်းကိစ္စ နောက်ထပ် ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီးသော တရားကိုလည်း ထပ်၍ ပွါးများဖွယ် မရှိတော့ပြီ၊ ငါသည် သံဃာတော်၏ အဘယ်မည်သော အမှုကြီး ငယ်ကို ပြုရပါအံ့နည်း'' ဟု စိတ်အကြံ ဖြစ်ပေါ်၏။

ထိုအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗအား ''ငါသည် သံဃာတော်၏ အိပ်ရာ နေရာကိုလည်း ခင်းရမူ ဆွမ်းတို့ကိုလည်း ညွှန်းရမူ ကောင်းလေစွ'' ဟု အကြံ ဖြစ်၏၊ ထိုအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် ညချမ်းအခါ၌ (တစ်ပါးတည်း) ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်ပြီးသော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားအား-

''အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ (တစ်ပါးတည်း) ကိန်းအောင်းနေစဉ် အကျွန်ုပ်အား ဖွားမြင်သည်မှ ခုနှစ်နှစ်မျှသာ ရှိသေးသော ငါသည်ကား အရဟတ္တဖိုလ်ကို မျက်မှောက် ပြုခဲ့ပြီ၊ ငါသည် တပည့်သာဝကတို့ ရောက်သင့် ရောက်ထိုက်သော အလုံးစုံသော တရားသို့ အစဉ် ရောက်ခဲ့ပြီ၊ ငါ့အား တစ်စုံ တစ်ရာသော ရဟန်းကိစ္စ နောက်ထပ် ပြုဖွယ် မရှိတော့ပြီ၊ ပြုအပ်ပြီး (သော တရား) ကိုလည်း ထပ်၍ ပွါးများဖွယ် မရှိတော့ပြီ၊ ငါသည် သံဃာတော်၏ အဘယ်မည်သော အမှုကြီးငယ်ကို ပြုရပါအံ့နည်း'' ဟု စိတ်အကြံ ဖြစ်ပေါ်ပါသည်။

''အသျှင်ဘုရား ထိုအကျွန်ုပ်အား 'ငါသည် သံဃာတော်၏ အိပ်ရာနေရာကိုလည်း ခင်းရမူ ဆွမ်းတို့ကိုလည်း ညွှန်းရမူ ကောင်းလေစွ' ဟု အကြံအစည် ဖြစ်ပါသည်၊ အသျှင်ဘုရား အကျွန်ုပ်သည် သံဃာတော်၏ အိပ်ရာ နေရာကိုလည်း ခင်းခြင်းငှါ ဆွမ်းတို့ကိုလည်း ညွှန်းခြင်းငှါ အလိုရှိ ပါသည်'' ဟု လျှောက်၏။

ဒဗ္ဗ ကောင်းစွ ကောင်းစွ၊
ဒဗ္ဗ သို့ဖြစ်လျှင် သင်သည် သံဃာ၏ အိပ်ရာနေရာကိုလည်း ခင်းလော့၊
ဆွမ်းတို့ကိုလည်း ညွှန်းလော့ဟု ခွင့်ပြုတော်မူ၏။

''ကောင်းပါပြီ အသျှင်ဘုရား'' ဟု
မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် ရဟန်း သံဃာတို့ကို စည်းဝေးစေပြီးလျှင် တရား စကားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-

ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် မလ္လမင်း၏သားဒဗ္ဗကို အိပ်ရာ နေရာခင်းသူ ဟု လည်းကောင်း၊ ဆွမ်းညွှန်းသူ ဟု လည်းကောင်း သမုတ်လော့။ ရဟန်းတို့ ဤသို့လျှင် သမုတ် ရမည်၊ ရှေးဦးစွာ မလ္လမင်း၏သား ဒဗ္ဗကို တောင်းပန်ရမည်၊ တောင်းပန်ပြီးနောက် ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်- 189

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အိပ်ရာနေရာခင်းသူဟု လည်း ကောင်း၊ ဆွမ်းညွှန်းသူဟု လည်းကောင်း သမုတ်ရာ၏၊ ဤကား သိစေခြင်း တည်း။ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊

သံဃာသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အိပ်ရာနေရာခင်းသူဟု လည်း ကောင်း၊ ဆွမ်းညွှန်းသူဟု လည်းကောင်း သမုတ်၏၊ မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အိပ်ရာနေရာခင်းသူဟု လည်းကောင်း၊ ဆွမ်းညွှန်းသူဟု လည်းကောင်း သမုတ် ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊

ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊

အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အိပ်ရာနေရာခင်းသူဟု လည်း ကောင်း၊ ဆွမ်းညွှန်းသူဟု လည်းကောင်း သမုတ်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထိုကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ် ရပါသည်ဟု (သိစေရမည်ဟု မိန့်တော်မူ၏)။ 190

၁၉၁။
သမ္မုတိရပြီးသော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သဘောတူ ရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာနေရာကို ခင်းပေး၏၊ အကြင်ရဟန်းတို့သည် သုတ္တန်ကို ဆောင်ကုန်၏၊

''ထိုရဟန်းတို့သည် အချင်းချင်း သုတ္တန်ကို အညီအညွတ် ရွတ်ကြလိမ့်မည်'' ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာ နေရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် ဝိနည်းကို ဆောင်ကုန်၏၊ ''ထိုရဟန်းတို့သည် အချင်းချင်း ဝိနည်းကို ဆုံးဖြတ်ကြလိမ့်မည်'' ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာ နေရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် တရားဟော ဓမ္မကထိက (ဖြစ်ကြကုန်၏)၊ ''ထိုရဟန်းတို့ သည် အချင်းချင်း တရားကို ဆွေးနွေးကြလိမ့်မည်'' ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာ နေရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် ဈာန် ဝင်စားလေ့ ရှိကုန်၏၊ ''ထိုရဟန်းတို့သည် အချင်း ချင်း နှောင့်ယှက်ခြင်းမှ ကင်းကုန် လတ္တံ့'' ဟု ထိုရဟန်းတို့အား တစ်ပေါင်းတည်း အိပ်ရာေ နရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် (မဂ်ဖိုလ်မှ) ဖီလာဖြစ်သော စကားကို ပြောလေ့ ရှိကုန်၏၊ ကိုယ် (ခန္ဓာ) ၏ ခိုင်မြဲမှု အလေ့အကျင့် များကုန်သည် ဖြစ်၍ နေကုန်၏၊ ''ဤအသျှင်တို့သည် ဤမွေ့လျော်ခြင်းဖြင့်လည်း အသျှင်တို့သည် နေကုန် လတ္တံ့'' ဟု ထိုရဟန်းတို့အားလည်း တစ်ပေါင်းတည်း အိပ်ရာ နေရာကို ခင်းပေး၏။

အကြင် ရဟန်းတို့သည် အခါမဲ့ လာကြကုန်၏၊ ထိုရဟန်းတို့အားလည်း တေဇော ကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စား၍ ထိုအရောင် (အလင်း) ဖြင့်ပင် အိပ်ရာ နေရာကို ခင်းပေး၏။

စင်စစ်အားဖြင့် ရဟန်းတို့သည် ''မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ တန်ခိုးပြာဋိဟာကို ငါတို့ ကြည့်ကုန်အံ့'' ဟု တမင်သက်သက် အခါမဲ့၌လည်း လာကုန်၏၊ ထို (ရဟန်း)တို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗသို့ ချဉ်းကပ်၍ ''ငါ့သျှင်ဒဗ္ဗ ငါတို့အား အိပ်ရာ နေရာကို ခင်းပေးလော့'' ဟု ဆိုကုန်၏။

ထိုရဟန်းတို့ကို မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် ''အသျှင်တို့သည် အဘယ် အရပ်၌ အလိုရှိကုန်သနည်း အဘယ်အရပ်၌ ခင်းပေးရမည်နည်း'' ဟု ဆို၏၊ ထိုရဟန်းတို့သည် တမင်သက်သက် အဝေး၌ ညွှန်းကုန်၏၊ ''ငါ့သျှင်ဒဗ္ဗ ငါတို့အား ဂိဇ္ဈကုဋ်တောင်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ခိုးသူ ပစ်ချရာ 'စောရပပါတ' ချောက်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ဣသိဂိလိ တောင်နံပါး ကျောက်နက် (ဂူ)၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ဝေဘာရတောင်နံပါး စရည်းပင် (ဂူ)၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ယင်းတိုက်တော သပ္ပသောဏ္ဍိက ချိုင့်ဝှမ်း၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ဂေါတမချောက်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား တည်ပင်ရောက်သော ချောက်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ကပေါတ ချောက်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား တပေါဒါ အရံ၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား ဇီဝက၏ သရက်ဥယျာဉ်၌ အိပ်ရာ နေရာကို ခင်းပေးလော့၊ ငါ့သျှင် ငါတို့အား မဒ္ဒကုစ္ဆိတော၌ အိပ်ရာ နေရာကို ခင်းပေးလော့'' ဟု (အဝေး၌ ညွှန်းကုန်၏)။

ထိုရဟန်းတို့အား အသျှင်ဒဗ္ဗသည် တေဇောကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို ဝင်စား၍ တောက်ပသော လက်ညှိုးဖြင့် ရှေးမှ ရှေးမှ သွား၏။ ထိုရဟန်းတို့ သည်လည်း ထိုအရောင်အလင်းဖြင့်သာလျှင် မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ နောက်မှ နောက်မှ လိုက်ကုန်၏။ ထိုရဟန်းတို့အား မလ္လမင်း၏သား အသျှင်ဒဗ္ဗ သည် ''ဤကား ညောင်စောင်း 'ခုတင်' တည်း၊ ဤကား အင်းပျဉ် 'ခုံရှည်' တည်း၊ ဤကား ဘုံလျှို 'ဖုံ' တည်း၊ ဤကား ခေါင်းအုံးတည်း၊ ဤကား ကျင်ကြီး (စွန့်ရာ) ဌာနတည်း၊ ဤကား ကျင်ငယ် (စွန့်ရာ) ဌာနတည်း၊ ဤကား သောက်ရေတည်း၊ ဤကား သုံးဆောင်ရေတည်း၊ ဤကား တောင်ဝှေးတည်း၊ ဤကား ဤအချိန်၌ ဝင်ရမည်၊ ဤအချိန်၌ ထွက်ရမည် စသည်ဖြင့် ထားအပ်သော သံဃာ၏ ကတိကဝတ်တည်း'' ဟု ပြောဆို၍ အိပ်ရာ နေရာကို ခင်းပေး၏။

မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် ထို (ရဟန်း) တို့အား အိပ်ရာ နေရာကို ခင်းပေးပြီးသော် ဝေဠုဝန် ကျောင်းတော်သို့ သာလျှင် တစ်ဖန် ပြန်ကြွ၏။ 191

ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့သည် အငယ်လည်း ဖြစ်ကုန်၏၊ ဘုန်းကံ လည်း နည်းပါးကုန်၏၊ သံဃာ၏ ယုတ်ညံ့သော အိပ်ရာ နေရာတို့သည် လည်းကောင်း၊ ယုတ်ညံ့သော ဆွမ်းတို့သည် လည်းကောင်း ထိုရဟန်းတို့အား ရောက်ကုန်၏။

ထိုအခါ ရာဇဂြိုဟ်ပြည်၌ လူတို့သည် မထေရ်ဖြစ်သော ရဟန်းတို့အား အထူး ပြုပြင် (စီရင်)အပ်သော ဆွမ်းကို လည်းကောင်း၊ ထောပတ်ကို လည်းကောင်း၊ ဆီကို လည်းကောင်း၊ လက်သုပ်ဟင်းလျာကို လည်းကောင်း (လှူခြင်းငှါ အလို ရှိကုန်၏)။ မေတ္တိယ ဘူမဇကရဟန်းတို့အား ပကတိ အတိုင်းဖြစ်သော ချက်ထား တိုင်းသော ပအုံးရည် 'ပုံးရည်' လျှင် နှစ်ခုမြောက် ဖြစ်သော ဆန်ကွဲထမင်းကို လှူကုန်၏။

ထို(မေတ္တိယဘူမဇက) ရဟန်းတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းစား ဇရပ်မှ ဖဲသွားကုန်ပြီးလတ်သော် မထေရ်ဖြစ်ကုန်သော ရဟန်းတို့ကို ''ငါ့သျှင်တို့ သင်တို့အား ဆွမ်းစား ဇရပ်၌ အဘယ်အရာသည် ဖြစ်သနည်း၊ ငါ့သျှင်တို့ သင်တို့အား ဆွမ်းစား ဇရပ်၌ အဘယ်အရာသည် ဖြစ်သနည်း'' ဟု မေးကုန်၏။ အချို့ မထေရ်တို့သည် ''ငါ့သျှင်တို့ ငါတို့အား ထောပတ်သည် ဖြစ်၏၊ ဆီသည် ဖြစ်၏၊ လက်သုပ် ဟင်းလျာသည် ဖြစ်၏'' ဟု ပြောကုန်၏။ မေတ္တိယ ဘူမဇက ရဟန်းတို့သည်ကား ''ငါ့သျှင်တို့ ငါတို့အား တစ်စုံတစ်ခု (အထူး) မဖြစ်ပြီ၊ ပကတိ အတိုင်းဖြစ်သော ချက်ထားတိုင်းသော ပအုံးရည်လျှင် နှစ်ခုမြောက် ရှိသော ဆန်ကွဲ ထမင်းသည် ဖြစ်၏'' ဟု ပြောကုန်၏။

ထိုအခါ ကလျာဏဘတ္တိက ဒါယကာသည် သံဃာအား စတုက္ကဘတ်ကို နိစ္စဘတ် လှူ၏၊ ထို ဒါယကာသည် ဆွမ်းစား ဇရပ်၌ သားမယားနှင့်တကွ အနီး၌ ရပ်တည်၍ လုပ်ကျွေး၏၊ အချို့ ရဟန်းတို့ကို ဆွမ်းဖြင့် မေးကုန်၏၊ အချို့ ရဟန်းတို့ကို ဟင်းလျာဖြင့် မေးကုန်၏၊ အချို့ ရဟန်းတို့ကို ဆီဖြင့် မေးကုန်၏၊ အချို့ ရဟန်း တို့ကို လက်သုပ်ဟင်းလျာဖြင့် မေးကုန်၏။

ထိုအခါ ကလျာဏဘတ္တိက ဒါယကာ၏ ဆွမ်းကို နက်ဖြန် (သုံးဆောင်ရန်) အလို့ငှါ မေတ္တိယဘူမ ဇကရဟန်းတို့အား ညွှန်းအပ်၏၊ ထိုအခါ ကလျာဏဘတ္တိက သူကြွယ်သည် တစ်စုံ တစ်ခုပြုဖွယ်ဖြင့် အရံသို့ သွား၏၊ ထိုဒါယကာသည် မလ္လမင်း၏သား အသျှင်ဒဗ္ဗထံသို့ ချဉ်းကပ်၍ မလ္လမင်း၏သား အသျှင်ဒဗ္ဗကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော ကလျာဏဘတ္တိက ဒါယကာကို မလ္လမင်း၏သား အသျှင်ဒဗ္ဗက တရားစကားဖြင့် (အကျိုးစီပွားကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်)ထက်သန်စေ၍ ရွှင်လန်းစေပြီး ဖြစ်ရကား (ကလျာဏဘတ္တိက သူကြွယ်သည်) မလ္လမင်း၏သား အသျှင်ဒဗ္ဗအား-

''အသျှင်ဘုရား အကျွန်ုပ်တို့၏ အိမ်၌ နက်ဖြန် (သုံးဆောင်ရန်) အလို့ငှါ အဘယ် (ရဟန်း)အား ဆွမ်းကို ညွှန်းအပ်ပါ သနည်း'' ဟု လျှောက်၏။

''ဒါယကာ သင်တို့၏ အိမ်၌ နက်ဖြန် (သုံးဆောင်ရန်) အလို့ငှါ မေတ္တိယ ဘူမဇက ရဟန်းတို့အား ဆွမ်းကို ညွှန်းအပ်ပြီ'' ဟု (ပြော၏)။

ထိုအခါ ကလျာဏဘတ္တိကသူကြွယ်သည် နှလုံးမသာ ဖြစ်လေ၏၊ ''အဘယ့် ကြောင့် ရဟန်းယုတ် တို့သည် ငါတို့၏ အိမ်၌ သုံးဆောင်ကုန် လတ္တံ့နည်း'' ဟု အိမ်သို့ သွား၍ ''ဟယ် ကျွန်မ နက်ဖြန် ဆွမ်းစားလာသော ရဟန်းတို့ကို တံခါးမုခ်၌ နေရာကို ခင်း၍ ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းဖြင့် လုပ်ကျွေး လော့'' ဟု စေခိုင်း၏၊ ''ကောင်းပါပြီ အရှင်'' ဟု ထိုကျွန်မသည် ကလျာဏဘတ္တိက
သူကြွယ်အား ပြန်ကြားပြောဆို၏။

ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့သည် ''ငါ့သျှင်တို့ ယမန်နေ့က ငါတို့အား ကလျာဏဘတ္တိက ဒါယကာ၏ ဆွမ်းကို ညွှန်းအပ်ပြီ၊ နက်ဖြန် ငါတို့ကို ကလျာဏ ဘတ္တိက ဒါယကာသည် သားမယားနှင့်တကွ အနီး၌ ကပ်၍ လုပ်ကျွေး လတ္တံ့၊ အချို့ ရဟန်းတို့ကို ဆွမ်းဖြင့် မေးကုန် လတ္တံ့၊ အချို့ ရဟန်းတို့ကို ဟင်းလျာဖြင့် မေးကုန် လတ္တံ့၊ အချို့ ရဟန်းတို့ကို ဆီဖြင့် မေးကုန် လတ္တံ့၊ အချို့ ရဟန်းတို့ကို လက်သုပ် ဟင်းလျာဖြင့် မေးကုန် လတ္တံ့'' ဟု ထိုမေတ္တိယဘူမဇကရဟန်းတို့သည်
ထိုဝမ်းမြောက်ခြင်းဖြင့် သာလျှင် ညဥ့်၌ စိတ် အလိုရှိတိုင်း မအိပ် (နိုင်ကြ) ကုန်။ ထိုနောက် မေတ္တိယ ဘူမဇကရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်ကာ ကလျာဏဘတ္တိက ဒါယကာ၏ အိမ်သို့ ချဉ်းကပ်ကုန်၏။

ထိုကျွန်မသည် အဝေးမှလာသော မေတ္တိယဘူမဇကရဟန်းတို့ကို မြင်၏၊ မြင်ပြီး နောက် တံခါးမုခ်၌ နေရာကို ခင်းပေး၍ မေတ္တိယဘူမဇကရဟန်းတို့ကို ''အသျှင် ဘုရားတို့ ထိုင်ကုန်လော့''ဟု လျှောက်၏။

ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့အား ''မုချ ဧကန် ဆွမ်းသည် မပြီးသေးသည် ဖြစ်၍ ငါတို့သည် တံခါးမုခ်၌ နေထိုင်ရကုန်၏'' ဟု အောက်မေ့ခြင်း ဖြစ်၏။

ထိုအခါ ထိုကျွန်မသည် ပအုံးရည်လျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းဖြင့် ''အသျှင်ဘုရားတို့ ဘုဉ်းပေး (သုံးဆောင်) ကုန်လော့'' ဟု (ကပ်လေ၏)။ ''နှမ ငါတို့ကား နိစ္စဘတ် ရှိသူများတည်း''ဟု (ပြော၏)။ အသျှင်ဘုရားတို့ နိစ္စဘတ် ရှိသူများ ဖြစ်ကြသည်ဟု သိပါသည်၊ သို့ရာတွင် ယမန်နေ့ကပင် ''ဟယ်ကျွန်မ နက်ဖြန် ဆွမ်းစားလာသော ရဟန်းတို့ကို တံခါးမုခ်၌ နေရာကို ခင်း၍ ပအုံးရည် လျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းဖြင့် လုပ်ကျွေးလော့'' ဟု အကျွန်ုပ်ကို စေခိုင်း အပ်ပါသည်။ အသျှင်ဘုရားတို့ ဘုဉ်းပေး (သုံးဆောင်) ကုန်လော့'' ဟု (လျှောက်၏)။

ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့သည် ''ငါ့သျှင်တို့ ယမန်နေ့က ကလျာဏ ဘတ္တိက ဒါယကာသည် အရံတွင်းရှိ မလ္လမင်း၏သား ဒဗ္ဗထံသို့ လာ၏၊ ငါတို့ကို မလ္လမင်း၏သား ဒဗ္ဗသည် ဒါယကာ၏ အထံ၌ မုချ ဧကန် ဖျက်ဆီး အပ်ကုန်ပြီ'' ဟု ထိုမေတ္တိယဘူမဇကရဟန်းတို့သည် ထိုနှလုံး မသာခြင်းဖြင့် သာလျှင် စိတ် အလိုရှိတိုင်း 'စိတ်တိုင်းကျ' မသုံးဆောင်ကြကုန်။ ထိုအခါ မေတ္တိယ ဘူမဇက ရဟန်းတို့သည် ဆွမ်းစားပြီးနောက် ဆွမ်းစား ဇရပ်မှ ဖဲကုန်လတ်သော် အရံသို့ သွား၍ သပိတ် သင်္ကန်းကို သိုမှီးသိမ်း ဆည်းပြီးလျှင် အရံအပ တံခါးမုခ်၌ ဒုကုဋ် အာယောဂပတ် ဖွဲ့လျက် ဆိတ်ဆိတ် နေကုန်၍ မျက်နှာ မလှကုန်သည် ဖြစ်၍ ချသော ပခုံး ရှိကုန်သည် ဖြစ်၍ အောက်သို့ မျက်နှာ ချကုန်သည် ဖြစ်၍ ကြံမှိုင် ကုန်သည် ဖြစ်၍ စကား မဆိုကုန်သည် ဖြစ်၍ နေထိုင်ကုန်၏။

ထိုအခါ မေတ္တိယာဘိက္ခုနီမသည် မေတ္တိယဘူမဇကရဟန်းတို့ထံသို့ ချဉ်းကပ်ပြီး နောက် မေတ္တိယ ဘူမဇကရဟန်းတို့ကို ''အသျှင်တို့ ရှိခိုးပါ၏'' ဟု ဆို၏။ ဤသို့ ဆိုလတ်သော် မေတ္တိယဘူမဇက ရဟန်းတို့သည် စကား မပြောကြကုန်။
နှစ်ကြိမ်မြောက်လည်း။ပ။
သုံးကြိမ်မြောက်လည်း မေတ္တိယာဘိက္ခုနီမသည် မေတ္တိယ ဘူမဇကရဟန်း တို့ကို ''အသျှင်တို့ ရှိခိုးပါ၏'' ဟု ဆို၏။ သုံးကြိမ်မြောက်လည်း မေတ္တိယဘူမဇကရဟန်း တို့သည် စကား မပြောကြကုန်။

အကျွန်ုပ်သည် အသျှင်တို့အား အဘယ်သို့ ပြစ်မှားမိပါသနည်း၊
အဘယ့်ကြောင့် အကျွန်ုပ်ကို အသျှင်တို့သည် စကားမပြောကုန်သနည်းဟုမေး၏။

နှမ ငါတို့ ဖြစ်တိုင်းဆိုအံ့၊ သင်သည် ငါတို့ကို မလ္လမင်း၏သား ဒဗ္ဗသည် ညှဉ်းဆဲ အပ်သည်ဖြစ်လျက် သင်သည် လျစ်လျူရှုဘိ၏ဟု (ဆိုကြကုန်၏)။
အသျှင်တို့ အကျွန်ုပ်သည် အဘယ်ကို ပြုရပါမည်နည်းဟု (မေး၏)။
နှမ သင်သည် အကယ်၍ အလိုရှိပါမူ ယနေ့ပင် မြတ်စွာဘုရားသည် မလ္လမင်း၏ သား ဒဗ္ဗကို ဖျက်ဆီးရာ၏ဟု (ဆိုကြကုန်၏)။

အသျှင်တို့ အကျွန်ုပ်သည် အဘယ်ကို ပြုရပါမည်နည်း၊ အကျွန်ုပ်သည် အဘယ်ကို ပြုခြင်းငှါ တတ်နိုင်ပါသနည်းဟု (မေး၏)။

နှမ လာလော့၊ သင်သည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာ ဘုရားကို ''အသျှင်ဘုရား ဤအမှုသည် မလျောက်ပတ်ပါ၊ မသင့်တင့်ပါ၊ အသျှင်ဘုရား အကြင် အရပ်မျက်နှာသည် ဘေး မရှိခဲ့ပါ၊ ရန် မရှိခဲ့ပါ၊ နှိပ်စက်မှု မရှိခဲ့ပါ၊ ထိုအရပ် မျက်နှာသည် (ယခု) ဘေး ရှိပါသည်၊ ရန်ရှိပါသည်၊ နှိပ်စက်မှု ရှိပါသည်၊ အကြင်အရပ်မှ လေ (တိုက်ခတ်ခြင်း) မရှိခဲ့ပါ၊ ယခု ထိုအရပ်မှ လေ (တိုက်ခတ်ခြင်း) ရှိခဲ့ပါသည်၊ ရေသည် အလျှံပြောင်ပြောင် တောက်လောင်၍ နေယောင်တကား၊ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် အကျွန်ုပ်ကို ဖျက်ဆီး အပ်ပါ၏'' ဟု လျှောက်လော့ဟု (ဆိုကြကုန်၏)။

''အသျှင်ဘုရားတို့ ကောင်းပါပြီ'' ဟု မေတ္တိယာ ဘိက္ခုနီမသည် မေတ္တိယ ဘူမဇက ရဟန်းတို့အား စကားကို ဝန်ခံခဲ့၍ မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်၏၊ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော မေတ္တိယာ ဘိက္ခုနီမသည် မြတ်စွာဘုရားကို-


''အသျှင်ဘုရား ဤအမှုသည် မလျောက်ပတ်ပါ၊ မသင့်တင့်ပါ၊ အသျှင်ဘုရား အကြင် အရပ်မျက်နှာသည် ဘေး မရှိခဲ့ပါ၊ ရန် မရှိခဲ့ပါ၊ နှိပ်စက်မှု မရှိခဲ့ပါ၊ ထိုအရပ် မျက်နှာသည် (ယခု) ဘေး ရှိပါသည်၊ ရန်ရှိပါသည်၊ နှိပ်စက်မှု ရှိပါသည်၊ အကြင်အရပ်မှ လေ (တိုက်ခတ်ခြင်း) မရှိခဲ့ပါ၊ (ယခု) ထိုအရပ်မှ လေ (တိုက်ခတ်ခြင်း) ရှိခဲ့ပါသည်၊ ရေသည် အလျှံ ပြောင်ပြောင် တောက်လောင်၍ နေယောင် တကား၊ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် အကျွန်ုပ်ကို ဖျက်ဆီးပါ၏'' ဟု လျှောက်၏။ 192

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် ရဟန်းသံဃာကို စည်းဝေးစေပြီးလျှင် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို''ဒဗ္ဗ သင်သည် ဤဘိက္ခုနီမ ပြောသကဲ့သို့ ဤသို့ သဘောရှိသော ဖျက်ဆီးမှုကို ပြုမိသည်ဟု အမှတ်ရ၏ လော''ဟု စိစစ် မေးမြန်းတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား သိတော်မူသည့် အတိုင်းပင် ဖြစ်ပါသည် ဘုရားဟု (လျှောက်၏)။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မလ္လမင်း၏သား အသျှင်ဒဗ္ဗကို ''ဒဗ္ဗ သင်သည် ဤဘိက္ခုနီမ ပြောသကဲ့သို့ ဤသို့ သဘောရှိသော ဖျက်ဆီးမှုကို ပြုမိသည်ဟူ၍ အမှတ် ရ၏လော'' ဟု မေးတော်မူ၏။

အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား သိတော်မူသည့် အတိုင်းပင် ဖြစ်ပါသည် ဘုရားဟု (လျှောက်၏)။

''ဒဗ္ဗ ပညာရှိတို့သည် ဤသို့ မဖြေရှင်းကြကုန်၊ အကယ်၍ သင်သည် ပြုအပ်သည် ဖြစ်အံ့၊ ပြုအပ်ပါ၏ဟု လျှောက်ဆိုလော့၊ အကယ်၍ သင်သည် မပြုအပ်သည် ဖြစ်အံ့၊ မပြုအပ်ပါဟု လျှောက်ဆိုလော့'' ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်သည် မွေးသည့် အခါမှစ၍ အိပ်မက်မျှဖြင့်လည်း မေထုန် အကျင့်ကို ပြုကျင့် မှီဝဲမိသည်ဟု မသိပါ၊ နိုးသော တပည့်တော်သည် အဘယ် ဆိုဖွယ်ရာ ရှိပါတော့ အံ့နည်းဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို 'ရဟန်းတို့ သို့ဖြစ်လျှင် မေတ္တိယာ ဘိက္ခုနီမအား (အသွင်ကို) ဖျက်ဆီး ကြကုန်လော့၊ ဤ(ခိုင်းသော) ရဟန်းတို့ကို လည်း မေးမြန်း စိစစ် ကုန်လော့' ဟု မိန့်တော် မူ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီးလျှင် နေရာမှ ထ၍ ကျောင်းသို့ ဝင်တော်မူ၏။

ထိုအခါ ထိုရဟန်းတို့သည် မေတ္တိယာဘိက္ခုနီမအားအသွင်ကို ဖျက်ဆီးကြကုန်၏။
ထိုအခါ မေတ္တိယဘူမဇကရဟန်းတို့သည် ထိုရဟန်းတို့အား-

''ငါ့သျှင်တို့ မေတ္တိယာဘိက္ခုနီမကို မဖျက်ဆီးကြပါ ကုန်လင့်၊ ထိုဘိက္ခုနီမသည် တစ်စုံတစ်ခု ပြစ်မှားသည် မဟုတ်ပါ၊ အမျက်ထွက်ကုန်သော နှလုံး မသာကုန် သော (သာသနာတော်မှ) ရွေ့လျောစေလိုကုန်သော ငါတို့သည်သာ ထိုဘိက္ခုနီမ ကို တိုက်တွန်း ကြကုန်၏''ဟု ပြောဆိုကြကုန်၏။

ငါ့သျှင်တို့ သင်တို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော ပါရာဇိက အာပတ်ဖြင့် စွပ်စွဲ ဖျက်ဆီးကြကုန် သလော ဟု (မေးကြကုန်၏)။
ငါ့သျှင်တို့ မှန်ပေသည်ဟု (ပြန်ပြောကြကုန်၏)။

အလိုနည်းသော ရဟန်းတို့သည် ''မေတ္တိယဘူမဇကရဟန်းတို့သည် မလ္လမင်း၏ သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော ပါရာဇိက အာပတ်ဖြင့် အဘယ့်ကြောင့် စွပ်စွဲ ဖျက်ဆီးကြကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်း ကို လျှောက်ကြကုန်၏။

''ရဟန်းတို့ မေတ္တိယဘူမဇကရဟန်းတို့သည် မလ္လမင်း၏သား ဒဗ္ဗကို အခြေအမြစ် မရှိသော ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ ဖျက်ဆီးကြကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရား ဟု (လျှောက်ကြကုန်၏)။ပ။ ကဲ့ရဲ့တော်မူ၍။ပ။

တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကိုရဟန်းတို့ သို့ဖြစ်လျှင် သံဃာ သည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား ဒဗ္ဗအား သတိဝိနည်း ကို ပေးလော့။ ရဟန်းတို့ ဤသို့ ပေးရမည်။

ရဟန်းတို့ မလ္လမင်း၏သား ထိုဒဗ္ဗသည် သံဃာသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စမ္ပယ်တင်၍ မထေရ်ကြီးရဟန်းတို့၏ ခြေတို့ကို ရှိခိုး၍ ဆောင့်ကြောင့် ထိုင်လျက် လက်အုပ် ချီပြီးလျှင်-

''အသျှင်ဘုရားတို့ အကျွန်ုပ်ကို ဤမေတ္တိယ ဘူမဇကရဟန်းတို့သည် အခြေအမြစ် မရှိသော သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ အသျှင်ဘုရားတို့ သတိ ပြန့်ပြောခြင်းသို့ ရောက်သော ထိုအကျွန်ုပ်သည် သံဃာအား သတိ ဝိနည်းကို တောင်းပါ၏'' ဟု ဆိုရမည်။ နှစ်ကြိမ်မြောက်လည်း တောင်းရမည်၊
သုံးကြိမ်မြောက်လည်း တောင်းရမည်။

''အသျှင်ဘုရားတို့ အကျွန်ုပ်ကို ဤမေတ္တိယဘူမဇကရဟန်းတို့သည် အခြေအမြစ် မရှိသော သီလပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ အသျှင်ဘုရားတို့ သတိ ပြန့်ပြောခြင်းသို့ ရောက်သော ထိုအကျွန်ုပ်သည် သံဃာအား သတိ ဝိနည်းကို တောင်းပါ၏'' ဟု ဆိုရမည်။ ကျွမ်းကျင် လိမ္မာ၍ စွမ်းရည် ရှိသော ရဟန်းသည် သံဃာကို သိစေရမည်- 193

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမေတ္တိယ ဘူမဇကရဟန်းတို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာအား သတိ ဝိနည်းကို တောင်း၏၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းကို ပေးရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမေတ္တိယဘူမဇက ရဟန်းတို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာအား သတိ ဝိနည်းကို တောင်း၏၊ သံဃာသည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းကို ပေး၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏ သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းပေးခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။ နှစ်ကြိမ်မြောက်လည်း ဤ အကြောင်းကို ပြောကြားပါ၏။ပ။ သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောကြားပါ၏။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤမေတ္တိယ ဘူမဇကရဟန်းတို့သည် မလ္လမင်း၏သား အသျှင်ဒဗ္ဗကို အခြေအမြစ် မရှိသော သီလ ပျက်စီးခြင်းဖြင့် စွပ်စွဲ ဖျက်ဆီးကုန်၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် သံဃာအား သတိ ဝိနည်းကို တောင်း၏၊ သံဃာသည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းကို ပေး၏၊ သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းပေးခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် သတိ ပြန့်ပြောခြင်းသို့ ရောက်သော မလ္လမင်း၏သား အသျှင်ဒဗ္ဗအား သတိ ဝိနည်းကို ပေးအပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်ဟု (သိစေရမည်ဟု မိန့်တော်မူ၏)။ 19

ရဟန်းတို့ တရားနှင့် လျော်သော သတိဝိနည်းပေးခြင်းတို့သည် ဤငါးပါးတို့တည်း။
ရဟန်းသည် စင်ကြယ်၏၊ အာပတ်မသင့်။
ထိုရဟန်းကို စွပ်လည်း စွပ်စွဲကုန်၏။
တောင်းလည်း တောင်း၏။
ထိုရဟန်းအား သံဃာသည် သတိ ဝိနည်းကို ပေး၏။
ဟုတ်မှန်သော သဘောဖြင့် ညီညွတ်သဖြင့် သတိ ဝိနည်းကို ပေး၏။
ရဟန်းတို့ တရားနှင့် လျော်သော သတိ ဝိနည်း ပေးခြင်းတို့သည် ဤငါးပါးတို့ တည်းဟု မိန့်တော်မူ၏။ 195

၂ - သတိဝိနည်း၊ သမထက္ခန္ဓက၊ စူဠဝဂ်ပါဠိတော်။ ဝိနည်း။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အကြွင်းမရှိ ကွယ်ပျောက်ပြီ...


ပဌမ အရှင်ဒဗ္ဗသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့အား အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် ''မြတ်စွာဘုရား ယခုအခါ တပည့်တော်၏ ပရိနိဗ္ဗာန်ပြုရန် အခါပါတည်း'' ဟု မြတ်စွာဘုရားအား (လျှောက်၏)။ ဒဗ္ဗ ယခုအခါ သင်သည်ပင် ပရိနိဗ္ဗာန်ပြုရန် အခါကို သိ၏ ဟု (မိန့်တော်မူ၏)။

ထို့နောက် မလ္လမင်း၏သား အသျှင်ဒဗ္ဗသည် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုပြီးလျှင် ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထကာ ပရိနိဗ္ဗာန်ပြု၏။

ထို့နောက် ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ မီးမြိုက်လောင်ကျွမ်းပြီးသော ခန္ဓာကိုယ်မှ ပြာသည် လည်းကောင်း၊ မီးသွေးသည် လည်းကောင်း မထင်ချေ။

ဥပမာသော်ကား မီးမြိုက် လောင်ကျွမ်းပြီးသော ထောပတ်မှဖြစ်စေ၊ ဆီမှဖြစ်စေ ပြာမီးသွေးသည် မထင်သကဲ့သို့ ဤအတူ ကောင်းကင်သို့ ပျံတက်၍ ရေးခြစ်မထင် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ထိုသမာပတ်မှ ထပြီးလျှင် ပရိနိဗ္ဗာန်ပြုသော မလ္လမင်း၏သား အသျှင်ဒဗ္ဗ၏ မီးမြိုက်လောင်ကျွမ်းပြီး မီးလောင်သော ခန္ဓာကိုယ်မှ ပြာသည် လည်းကောင်း၊ မီးသွေးသည် လည်းကောင်း မထင်ချေ။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍
ထိုသိသော အချိန်၌-

''မလ္လမင်း၏သား ဒဗ္ဗ၏ ကိုယ်သည် အကြွင်းမရှိ ကွယ်ပျောက်ပြီ။ ရူပသညာစသော သညာ အားလုံးတို့သည် ချုပ်ကုန်ပြီ။ ဝေဒနာ အားလုံးတို့ သည် ငြိမ်းအေးကုန်ပြီ။ သင်္ခါရအားလုံးတို့သည် ချုပ်ငြိမ်းကုန်ပြီ။ ဝိညာဏ်သည် ပြတ်စဲခြင်းသို့ ရောက်လေပြီ'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 79

၉ - ပဌမဒဗ္ဗသုတ်၊ ပါဋလိဂါမိယဝဂ်၊ ဥဒါန်းပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, July 25, 2009

အော် ကွာလိုက်တာ... ကွာလိုက်တာ...

အော် ကွာလိုက်တာ...


ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ...
တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စဟု ယူရာသော အကြောင်း အခွင့်သည် မရှိ။

ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ...
တစ်စုံတစ်ခုသော သင်္ခါရတရားကို နိစ္စဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ 1-268

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ...
တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအခွင့်သည် မရှိ။

ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ...
တစ်စုံတစ်ခုသော သင်္ခါရတရားကို သုခဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ 2-269

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ...
တစ်စုံတစ်ခုသော တရားကိုအတ္တဟုယူရာသော အကြောင်းအခွင့်သည် မရှိ။

ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ...
တစ်စုံတစ်ခုသော တရားကို အတ္တဟု ယူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ 3-270

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ...
အမိကို သတ်ရာသောအကြောင်းအခွင့်သည် မရှိ။

ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ...
အမိကို သတ်ရာသော အကြောင်းအခွင့်ကားရှိ၏ ဟု (မိန့်တော်မူ၏)။ 4-271

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ...
အဖကို သတ်ရာသော အကြောင်းအခွင့်သည် မရှိ။

ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ...
အဖကို သတ်ရာသော အကြောင်းအခွင့်ကားရှိ၏ ဟု (မိန့်တော်မူ၏)။ 5-272

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ...
ရဟန္တာပုဂ္ဂိုလ်ကို သတ်ရာသော အကြောင်းအခွင့်သည် မရှိ။

ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ...
ရဟန္တာပုဂ္ဂိုလ်ကို သတ်ရာသော အကြောင်းအခွင့်ကား ရှိ၏ဟု မိန့်တော်မူ၏။6-273

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ...
မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးစိမ်းတည်စေရာသော အကြောင်းအခွင့်သည် မရှိ။

ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ...
မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့် သွေးစိမ်းတည်စေရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ 7-274

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ...
သံဃာကို သင်းကွဲစေရာသော အကြောင်းအခွင့်သည် မရှိ။

ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ...
သံဃာကို သင်းကွဲစေရာသော အကြောင်းအခွင့်ကား ရှိ၏ဟု မိန့်တော်မူ၏။ 8-275

ရဟန်းတို့ သောတာပတ္တိမဂ်ဉာဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ...
မြတ်စွာဘုရားမှတစ်ပါးသော သူကို ဆရာဟု ညွှန်ပြရာသော အကြောင်းအခွင့် သည် မရှိ။

ရဟန်းတို့ ပုထုဇဉ်ပုဂ္ဂိုလ်သည် ...
မြတ်စွာဘုရားမှ တစ်ပါးသောသူကို ဆရာဟု ညွှန်ပြရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ 9-276

ရဟန်းတို့ (ဇာတိခေတ်ဟုဆိုအပ်သော) တစ်ခုသော လောကဓာတ်၌ ပူဇော် အထူးကို ခံတော်မူထိုက်သော ဘုရားနှစ်ဆူတို့သည် မရှေးမနှောင်း ပွင့်တော် မူရာသော အကြောင်းအခွင့်သည်မရှိ။

ရဟန်းတို့ (ဇာတိခေတ်ဟုဆိုအပ်သော) တစ်ခုသော လောကဓာတ်၌ ပူဇော် အထူးကို ခံတော်မူ ထိုက်သော ဘုရားတစ်ဆူတည်းသာ ပွင့်တော်မူရာသော အကြောင်းအခွင့်ကား ရှိ၏ဟု (မိန့်တော်မူ၏)။ 10-277

၁ - ပဌမဝဂ်၊ အဋ္ဌာနပါဠိ၊ ဧကကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏...




ဗဟုဓီတရသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည်
ကောသလတိုင်း တောအုပ်တစ်ခု၌ သီတင်းသုံးနေတော်မူ၏၊

ထိုအခါ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားတစ်ယောက်အား ခိုင်းနွား တစ်ဆယ့် လေးကောင်တို့သည် ပျောက်ကုန်၏၊ ထိုအခါ၌ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ထိုနွားတို့ကို ရှာသည်ရှိသော် ထိုတောအုပ်သို့ ချဉ်းကပ်ပြီးလျှင် တောအုပ်အတွင်း၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာထားလျက် ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေကာ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်သောကြေင့် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို ရွတ်ဆို လျှောက်ထား၏-

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား နွားပျောက်၍ ခြောက်ရက်ရှိလာသော ဤယနေ့၌ ခိုင်းနွား တစ်ဆယ့်လေးကောင်တို့ မပျောက်လေကုန်သလော၊ ထိုသို့ မပျောက်သော ကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင် တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား နှမ်းခင်း၌ တစ်ရွက်နှစ်ရွက်သာ ကြွင်းကျန်ရစ်ကုန်သော နှမ်း ငုတ်တို့ မရှိလေကုန် သလော၊ ထိုသို့ မရှိသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင် တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား အချည်းနည်းသော ကျီ၌ ကြွက်တို့ လှည့်လည်လျက် မမြူးထူး ကုန်သလော၊ ထိုသို့ မမြူးထူးသောကြောင့် ဤရဟန်းအား ချမ်းသာစွာ နေရယောင် တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား ခုနစ်လပတ်လုံး သုတ်သင်မှုကင်းသော မြက်အခင်းသည် ဥပ္ပါဋက ပိုးတို့ဖြင့် မဖုံးလွှမ်းလေသလော၊ ထိုသို့ မဖုံးလွှမ်းသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား သားတစ်ယောက်, နှစ်ယောက်စီရှိကုန်သော မုဆိုးမဖြစ်သည့် သမီးခုနှစ်ယောက်တို့ မရှိလေကုန်သလော၊ ထိုသို့ မရှိသောကြောင့် ဤရဟန်း သည် ချမ်းသာစွာ နေရယောင်တကား။

ပုဏ္ဏားသည် ဤသို့ဆို၏...
ဤရဟန်းအား မျက်စိနီကြောင်၍ မှဲ့မည်းရှိသော မိန်းမသည် အိပ်နေသူကို ခြေဖြင့် ကျောက်ကန်၍ မနှိုးလေသလော၊ ထိုသို့ မနှိုးသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား

ပုဏ္ဏားသည် ဤသို့ဆို၏... ဤရဟန်းအား ...
မိုးသောက်ထအခါ၌ မြီရှင်တို့သည် 'ပေးကုန်လော့၊ ပေးကုန်လော့' ဟု မတောင်း ကုန်လေသလော၊ ထိုသို့ မတောင်းသောကြောင့် ဤရဟန်းသည် ချမ်းသာစွာ နေရယောင်တကား'' ဟု ရွတ်ဆို လျှောက်ထား၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား နွားပျောက်၍ ခြောက်ရက်ရှိလာသော ဤယနေ့၌ ခိုင်းနွား တစ်ဆယ့်လေးကောင်တို့ မပျောက်ကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား နှမ်းခင်း၌ တစ်ရွက်နှစ်ရွက်သာ ကြွင်းကျန်ရစ်ကုန်သော နှမ်းငုတ်တို့ မရှိကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား အချည်းနှီးသော ကျီ၌ ကြွက်တို့ လှည့်လည်လျက် မမြူးထူးကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား ခုနစ်လပတ်လုံး သုတ်သင်မှုကင်းသော မြက်အခင်းသည် ဥပ္ပါဋက ပိုးတို့ဖြင့် မဖုံးလွှမ်း၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား သားတစ်ယောက်, နှစ်ယောက်စီရှိကုန်သော မုဆိုးမဖြစ်သည့် သမီးခုနှစ်ယောက်တို့ မရှိကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား မျက်စိနီကြောင်၍ မှဲ့မည်းရှိသော မိန်းမသည် အိပ်နေသည်ကို ခြေဖြင့် ကျောက်ကန်၍ မနှိုး၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏။

မြတ်ဗုဒ္ဓသည် ဤသို့ဆို၏...
ပုဏ္ဏား ငါ့အား မိုးသောက်ထအခါ၌ မြီရှင်တို့သည် 'ပေးကုန်လော့၊ ပေးကုန်လော့' ဟု မတောင်းကုန်၊ ပုဏ္ဏား ထိုကြောင့် ငါသည် ချမ်းသာစွာ နေရ၏'' ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာ ဘုရားအား ဤသို့ လျှောက်၏- ''အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိစွတကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက် ဖွယ် ရှိစွတကား၊

အသျှင်ဂေါတမ ဥပမာသော်ကား...

မှောက်၍ ထားအပ်သော ဝတ္ထုကို လှန်၍ ပြရာသကဲ့သို့ လည်းကောင်း၊
ဖုံးလွှမ်း၍ထားသော ဝတ္ထုကို ဖွင့်လှစ်၍ ပြရာသကဲ့သို့ လည်းကောင်း၊
ခရီးမှားသော သူအား လမ်းမှန်ကို ပြောကြားရာသကဲ့သို့ လည်းကောင်း၊
'မျက်စိအမြင်ရှိကုန်သော သူတို့သည် ရူပါရုံတို့ကို မြင်ကုန်လတ္တံ့' ဟု အမိုက် မှောင်၌မူလည်း ဆီမီး တန်ဆောင်ကို ဆောင်ပြရာသကဲ့သို့ လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော် ကို ပြတော်မူ၏။

ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို
ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကို လည်းကောင်း၊
သံဃာတော်ကို လည်းကောင်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊

အကျွန်ုပ်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရလိုပါ၏'' ဟု လျှောက်၏။ ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်, ရဟန်းအဖြစ်ကို ရသည်သာလျှင်တည်း၊ ရဟန်းဖြစ်၍ မကြာမြင့်သေး သော အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကာနေသည် ရှိသော် မကြာမြင့်မီပင်လျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးသားများ လိုလားတောင့်တ အပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ပြုသော ကိုယ်၏ အဖြစ်၌သာလျှင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် ကောင်းစွာ သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊

ပဋိသန္ဓေနေမှု ကုန်ပြီ၊
မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊
မဂ်ကိစ္စကို ပြုပြီးပြီ၊
ဤ မဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ ဟုသိ၏၊

အသျှင်ဘာရဒွါဇသည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။

၁ဝ - ဗဟုဓီတရသုတ်၊ အရဟန္တဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။ 196





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သံယောဇဉ် ဆယ်ပါးမှ လွတ်ရန် အလို့ငှါ ကျင့်ရာ၏...



အန္ဓကဝိန္ဒသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း အန္ဓကဝိန္ဒရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် အလွန်မှောင်မိုက်သော ညဥ့်အခါ လွင်တီးခေါင်၌ နေတော်မူသည် ဖြစ်၍ မိုးသည်လည်း တစ်ပေါက် တစ်ပေါက် ဆွတ်ဖျန်း၏၊ ထိုအခါ သဟမ္ပတိဗြဟ္မာသည် ညဥ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ အန္ဓကဝိန္ဒ တစ်ရွာလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို ရွတ်ဆို လျှောက်ထား၏-

ရဟန်းသည် အစွန်အဖျားကျသော ကျောင်းအိပ်ရာ နေရာတို့ကို မှီဝဲရာ၏၊ သံယောဇဉ် ဆယ်ပါးမှ လွတ်ရန် အလို့ငှါ ကျင့်ရာ၏၊ ထိုကျောင်းအိပ်ရာ နေရာ၌ မွေ့လျော်ခြင်းကို အကယ်၍ မရသည် ဖြစ်အံ့၊ စောင့်ရှောက်သော ကိုယ်စိတ် ရှိသည် ဖြစ်၍ သတိနှင့်ပြည့်စုံလျက် သံဃာ့ဘောင်၌ နေရာ၏။

ဣနြေ္ဒကို စောင့်ရှောက်ကာ ရင့်ကျက်သော ပညာ, သတိနှင့်ပြည့်စုံသည်ဖြစ်၍ အိမ်တိုင်း အိမ်တိုင်းသို့ ဆွမ်းခံ လှည့်လည်သော ရဟန်းသည် ဝဋ်ဆင်းရဲဘေးမှ လွတ်လိုသော စိတ်ရှိသည်ဖြစ်၍ ဘေးကင်းရာ (နိဗ္ဗာန်) ၌ နှလုံးသွင်းလျက် အစွန် အဖျားကျသော ကျောင်းတို့ကို မှီဝဲရာ၏။

အကြင်အရပ်၌ (ခြင်္သေ့, သစ်ကျား, သစ်ငုတ်စသော) ကြောက်မက်ဖွယ် ဘေးရန်တို့သည် လည်းကောင်း၊ မြွေတို့သည် လည်းကောင်း ရှိကုန်၏။ အလွန်မှောင်မိုက်သော ညဥ့်၌ လျှပ်စစ်ပြက်၏၊ မိုးထစ်ချုန်း၏၊ ထိုအရပ်၌ ရဟန်းသည် ကြက်သီးမွေးညင်း ထခြင်း ကင်းသည် ဖြစ်၍ နေ၏။

ဤစကားကို အကျွန်ုပ်သည် တစ်ဆင့်ကြားဖြင့် စိတ်ကူး၍ ပြောသည်မဟုတ်၊ သေခြင်းသဘောကို စွန့်ပြီးဖြစ်သော ရဟန္တာ တစ်ထောင့်ငါးရာကျော်, အပါယ် သို့လားမည် မဟုတ်သော သောတာပန် သေက္ခပုဂ္ဂိုလ် တစ်ရာ့တစ်ဆယ် အားလုံးတို့သည် တစ်ခုသော တရားဒေသနာပွဲ၌ပင် ရှိနေသည်ကို စင်စစ် အကျွန်ုပ်ကိုယ်တိုင် မြင်ရပါ၏။

ဤမှတစ်ပါးသော ဤသတ္တဝါအပေါင်းကား ဝိဝဋ္ဋနိဿိတ ကုသိုလ်ကောင်းမှုအဖို့ ရှိ၏ ဟု အကျွန်ုပ်၏ စိတ်ဖြင့် ရေတွက်ခြင်းငှါ မတတ်နိုင်ပါ၊ အကြောင်းသော်ကား မုသာဝါဒမှ ကြောက်သောကြောင့်ပါတည်း ဟု လျှောက်၏။
184

၃ - အန္ဓကဝိန္ဒသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ဝိဝဋ္ဋ= ဝဋ်ကင်းသည်
နိဿိတ=မှီအပ်သည်



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, July 24, 2009

သစ္စာလေးပါး တရားကိုသိသော ရဟန်းကို...

ပတိလီနသုတ် - (တွန့်တိုသည်၊ ဆုတ်နစ်သည်)

ရဟန်းတို့ သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို နုတ်ပယ်ပြီးသော၊ ရှာမှီးခြင်းကို လုံးဝစွန့်ပယ်ပြီး ဖြစ်သော၊ ကာယသင်္ခါရ ငြိမ်းပြီးသော ရဟန်းကို (တစ်ယောက်တည်း) ကိန်းအောင်းသူ ဟု ဆိုအပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို နုတ်ပယ်ပြီး ဖြစ်သနည်း၊

ရဟန်းတို့ များစွာသော သမဏ ဗြာဟ္မဏတို့၏ များစွာသော သီးခြားဖြစ်သော သစ္စာတို့သည် ရှိကုန်၏။

ဤသည်တို့ကား အဘယ်တို့နည်း ဟူမူ-

''လောကသည် မြဲ၏''၊
''လောကသည် မမြဲ''၊
''လောကသည် အဆုံးရှိ၏''၊
''လောကသည် အဆုံး မရှိ''၊
''ထို အသက်သည်ပင် ထို ကိုယ်တည်း''၊
''အသက်သည် တခြား ကိုယ်သည် တခြားတည်း''၊
''သတ္တဝါသည် သေပြီးနောက် ဖြစ်၏''၊
''သတ္တဝါသည် သေပြီးနောက် မဖြစ်''၊
''သတ္တဝါသည် သေပြီးနောက် ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်''၊
''သတ္တဝါသည် သေပြီးနောက် ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်''
ဟူသည် တို့တည်း၊ ((မှားယွင်းသောအယူများ))

ထို များစွာသော (ဒိဋ္ဌိ) သစ္စာအားလုံးတို့ကို ရဟန်းသည် နုတ်ပယ်ပြီး ကောင်းစွာ ပယ်ပြီး စွန့်ပြီး ထွေးအန်ပြီး လွှတ်ပြီး စွန့်ပယ်ပြီး လုံးဝစွန့်ပြီး ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီးခြား ဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို နုတ်ပယ်ပြီး ဖြစ်၏။

ရဟန်းတို့...
အဘယ်သို့လျှင် ရဟန်းသည် ရှာမှီးခြင်းကို လုံးဝစွန့်ပယ်ပြီး ဖြစ်သနည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ် ရှာမှီးခြင်းကို စွန့်ပယ်ပြီး ဖြစ်၏၊ ဘဝရှာမှီးခြင်းကို စွန့်ပယ်ပြီး ဖြစ်၏၊ မြတ်သော အကျင့်ကို ရှာမှီးခြင်းသည် ငြိမ်း၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရှာမှီးခြင်းကို လုံးဝစွန့်ပယ်ပြီး ဖြစ်၏။

ရဟန်းတို့...
အဘယ်သို့လျှင် ရဟန်းသည် ကာယသင်္ခါရငြိမ်းပြီး ဖြစ်သနည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာခြင်းကိုလည်း ပယ်ခြင်း ကြောင့် ဆင်းရဲခြင်းကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းမြောက်ခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုမှုကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်း ရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကာယသင်္ခါရငြိမ်းပြီး ဖြစ်၏။

ရဟန်းတို့...
အဘယ်သို့လျှင် ရဟန်းသည် (တစ်ယောက်တည်း) ကိန်းအောင်းသနည်း၊

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ငါဟူသော မာန်ကို ပယ်၏၊ အမြစ်ရင်းကို ဖြတ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြု၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘောရှိ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တစ်ယောက်တည်း) ကိန်းအောင်းသည် မည်၏။


ရဟန်းတို့ သီးခြားဖြစ်သော(ဒိဋ္ဌိ) သစ္စာတို့ကို ပယ်ပြီးသော၊ ရှာမှီးခြင်းကို လုံးဝ စွန့်ပယ်ပြီးဖြစ်သော၊ ကာယသင်္ခါရငြိမ်းပြီးသော ရဟန်းကို (တစ်ယောက်တည်း) ကိန်းအောင်းသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အလုံးစုံ ရာဂဖြင့် တပ်မက်ခြင်းကင်းသော၊ တဏှာကုန်ရာ (နိဗ္ဗာန်၌ ဖြစ်သော အရဟတ္တဖိုလ်) ဝိမုတ္တိရှိသော ရဟန်းသည် မြတ်သော အကျင့်ကို ရှာမှီးခြင်းနှင့် တကွ ကာမဂုဏ်ကို ရှာမှီးခြင်း ဘဝကို ရှာမှီးခြင်း ဟု ဆိုအပ်သော ရှာမှီးခြင်းတို့ကို စွန့်အပ်ကုန်၏၊ ဤအယူသာ မှန်၏ဟု မှားသောအားဖြင့် သုံးသပ်ခြင်း လည်းကောင်း၊ စိုက်ထောင်အပ်သော မိစ္ဆာဒိဋ္ဌိ အကြောင်းတို့ လည်းကောင်း ဤသို့ ဒိဋ္ဌိအကြောင်းတို့ကို လည်းကောင်းစွာ နုတ်ပယ်အပ်ကုန်၏။ စင်စစ်အားဖြင့် (ကိလေသာ) ငြိမ်းပြီးသော၊ သတိရှိသော၊ ကိုယ်စိတ် ငြိမ်းအေးခြင်း ရှိသော၊ (တစ်စုံတစ်ရာသော ကိလေသာ ရန်သူတို့) မအောင်အပ်သော၊ သစ္စာလေးပါး တရားကိုသိသော ရဟန်းကို မာနနုတ်ပယ်ပြီး ဖြစ်သောကြောင့် တစ်ယောက် တည်း ကိန်းအောင်းသူ ဟု ဆိုအပ်လေ သတည်း။ 38

၈ - ပတိလီနသုတ်၊ စက္ကဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, July 23, 2009

မိန်းမတို့မှာ အားငါးမျိုး ပြည့်စုံ မပြည့်စုံ...

အင်္ဂသုတ် - (အစိတ်၊ ကိုယ်အစိတ်အပိုင်း၊ ကိုယ်လက်အင်္ဂါ)

ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်း...

၁... အဆင်းအား၊
၂... စည်းစိမ်ဥစ္စာအား၊
၃... ဆွေမျိုးအား၊
၎... သားသမီးအား၊
၅... သီလအားတို့တည်း။


၁...
ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့်ကား ပြည့်စုံသူ ဖြစ်၏၊ စည်းစိမ်ဥစ္စာ အားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို စည်းစိမ် ဥစ္စာအား ဟူသော အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း ပြည့်စုံသောအခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (နှစ်ပါး) နှင့် ပြည့်စုံသူ ဖြစ်၏။

၂...
ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ ဆွေမျိုးအားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို (ဆွေမျိုးအားတည်းဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ဆွေမျိုးအားနှင့် လည်းကောင်း ပြည့်စုံသောအခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (သုံးပါး) နှင့် ပြည့်စုံသူဖြစ်၏။

၃...
ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ ဆွေမျိုးအားနှင့် လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ သားသမီး အားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမသည် ထို (သားသမီးအား ဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ ဆွေမျိုးအားနှင့် လည်းကောင်း၊ သားသမီးအားနှင့် လည်းကောင်း ပြည့်စုံသောအခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (လေးပါး)နှင့် ပြည့်စုံသူ ဖြစ်၏။

၎...
ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ ဆွေမျိုးအားနှင့် လည်းကောင်း၊ သားသမီးအားနှင့် လည်းကောင်း ပြည့်စုံသူ ဖြစ်၏၊ သီလအားနှင့်ကား မပြည့်စုံ။ ဤသို့လျှင် ထိုမာတုဂါမ သည် ထို (သီလအားဟူသော) အင်္ဂါနှင့် မပြည့်စုံသူ ဖြစ်၏။

ရဟန်းတို့ မာတုဂါမသည် အဆင်းအားနှင့် လည်းကောင်း၊ စည်းစိမ်ဥစ္စာအားနှင့် လည်းကောင်း၊ ဆွေမျိုးအားနှင့် လည်းကောင်း၊ သားသမီးအားနှင့် လည်းကောင်း၊ သီလအားနှင့် လည်းကောင်း ပြည့်စုံသောအခါ ထိုမာတုဂါမသည် ထိုအင်္ဂါ (ငါးပါး)နှင့် ပြည့်စုံသူ ဖြစ်၏။ ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးပါး တို့တည်း ဟု (မိန့်တော်မူ၏)။ 308

၅ - အင်္ဂသုတ်၊ ဗလဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မီး ၇-မျိုး...

ရဟန်းတို့ မီးတို့သည် ဤခုနစ်မျိုးတို့တည်း...

အဘယ် ခုနစ်မျိုးတို့နည်း ဟူမူ -

ရာဂမီး၊
ဒေါသမီး၊
မောဟမီး၊
အပူဇော်ခံ 'အမိအဖ' မီး၊
အိမ်ရှင်မီး၊
အလှူခံ 'ရဟန်း' မီး၊
ထင်းမီးတို့တည်း။

ရဟန်းတို့ မီးတို့သည် ဤခုနစ်မျိုး တို့တည်း ဟု (မိန့်တော်မူ၏)။46

ထိုအခါ၌ ဥဂ္ဂတသရီရပုဏ္ဏားသည် ယဇ်ပူဇော်ပွဲကြီးကို စီရင်ထား၏၊ နွားလားငါးရာ နွားငယ်ငါးရာ နွားမငယ်ငါးရာ ဆိတ်ငါးရာ သိုးငါးရာ ယဇ်ပူဇော်ရန် ယဇ်တိုင်သို့ ဆောင်ထား၏။ ထိုအခါ ဥဂ္ဂတသရီရမည်သော ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံး စေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား- အသျှင်ဂေါတမ (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင် ကြီးမား၏ဟု အကျွန်ုပ် ကြားဖူးပါသည်ဟု လျှောက်၏။

ပုဏ္ဏား ငါသည်လည်း (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုး အာနိသင်ကြီးမား၏ ဟု ကြားဖူး၏ ဟု (မိန့်တော်မူ၏)။

နှစ်ကြိမ်မြောက်လည်း ဥဂ္ဂတသရီရမည်သော ပုဏ္ဏားသည်။ပ။
သုံးကြိမ်မြောက်လည်း ဥဂ္ဂတသရီရမည်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား -

''အသျှင်ဂေါတမ (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင် ကြီးမား၏'' ဟု အကျွန်ုပ် ကြားဖူးပါသည် ဟု လျှောက်၏။

ပုဏ္ဏား ငါသည်လည်း ''(မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုး အာနိသင် ကြီးမား၏'' ဟု ကြားဖူး၏ ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အသျှင်ဂေါတမ၏ လည်းကောင်း၊ အကျွန်ုပ်တို့၏ လည်းကောင်း ကြားဖူးသော အရာသည် အချင်းခပ်သိမ်း တူညီလှပါ၏ ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် အသျှင်အာနန္ဒာသည် ဥဂ္ဂတသရီရမည်သော ပုဏ္ဏားအား ''ပုဏ္ဏားမြတ်စွာဘုရားတို့ကို အသျှင်ဂေါတမ (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင် ကြီးမား၏ ဟု အကျွန်ုပ် ကြားဖူးပါသည်'' ဟု ဤသို့ မမေးအပ်ကုန်။

ပုဏ္ဏား ဤသို့မူကား မြတ်စွာဘုရားတို့ကို မေးလျှောက်အပ်ကုန်၏ -

''အသျှင်ဘုရား အကျွန်ုပ်သည် (မင်္ဂလာ) မီးကို ယူလိုပါသည်၊ ယဇ်တိုင်ကို စိုက်ထူလိုပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရှည်မြင့်စွာသော ကာလ ပတ်လုံး အစီးအပွါးရှိရန် ချမ်းသာရန် ဖြစ်နိုင်ရာသော သွန်သင်ဆုံးမခြင်းဖြင့် အကျွန်ုပ်ကို သွန်သင်တော်မူပါ၊ အသျှင် ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ဆုံးမတော်မူပါ'' ဟု ဤသို့မူကား မေးလျှောက်အပ်ကုန်၏ ဟု (မိန့်ဆို၏)။

ထိုအခါ ဥဂ္ဂတသရီရပုဏ္ဏားသည် မြတ်စွာဘုရားအား -

''အသျှင်ဂေါတမ အကျွန်ုပ်သည် (မင်္ဂလာ) မီးကို ယူလိုပါသည်၊ ယဇ်တိုင်ကို စိုက်ထူလိုပါသည်၊ အသျှင်ဂေါတမသည် ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိရန် ချမ်းသာရန် ဖြစ်နိုင်ရာသော သွန်သင် ဆုံးမခြင်းဖြင့် အကျွန်ုပ်ကို သွန်သင်တော်မူပါ၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ဆုံးမတော်မူပါ'' ဟု လျှောက်၏။ ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ် သည် ယဇ်မပူဇော်မီကပင် အကုသိုလ် ဖြစ်ကုန်သော ဆင်းရဲကို ပွါးစေတတ် ကုန်သော ဆင်းရဲကျိုး ရှိကုန်သော လက်နက်သုံးမျိုးတို့ကို စိုက်ထူသည် မည်၏။

အဘယ် သုံးမျိုးတို့နည်း ဟူမူကာယကံလက်နက်၊ ဝစီကံလက်နက်၊ မနောကံ လက်နက်တို့တည်း။ ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူ လိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် ဤသို့ စိတ်ကို ဖြစ်စေ၏ -

''ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားလားတို့ကို သတ်အပ်သည် ဖြစ်စေကုန်၊ ယဇ် ပူဇော်ရန် ဤမျှလောက်ကုန်သော နွားငယ်တို့ကို သတ်အပ် သည် ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားမငယ်တို့ကို သတ်အပ်သည် ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန် ဤမျှ လောက်ကုန်သော ဆိတ်တို့ကို သတ်အပ်သည် ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန် ဤမျှလောက် ကုန်သော သိုးတို့ကို သတ်အပ်သည် ဖြစ်စေကုန်'' ဟု (စိတ်ကိုဖြစ်စေ၏)။

ထိုပုဂ္ဂိုလ်သည် ''ကောင်းမှုကို ပြုအံ့''ဟူ၍ မကောင်းမှုကို ပြု၏၊ ''ကုသိုလ်ကို ပြုအံ့'' ဟူ၍ အကုသိုလ်ကို ပြု၏၊ ''ကောင်းသော လားရာ 'သုဂတိ' ဘုံ၏ လမ်းခရီးကို ရှာအံ့'' ဟူ၍ မကောင်းသောလားရာ 'ဒုဂ္ဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီး၏၊ ပုဏ္ဏား မင်္ဂလာမီးကို ယူလို ယဇ်တိုင်ကို စိုက်ထူလိုသောပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် အကုသိုလ်ဖြစ်သော ဆင်းရဲကို ပွါးစေတတ်သော ဆင်းရဲကျိုးရှိသော ဤပဌမ မနောကံ လက်နက်ကို စိုက်ထူ၏။

ပုဏ္ဏား နောက်တစ်မျိုးကား မင်္ဂလာမီးကို ယူလို ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ် မပူဇော်မီကပင် ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားလားတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားငယ်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှ လောက်ကုန်သော နွားမငယ်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော ဆိတ်တို့ကို သတ်ကြ ကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော သိုးတို့ကို သတ်ကြကုန် လော့'' ဟု ဤသို့သော စကားကို ပြောဆို၏။

ထိုပုဂ္ဂိုလ်သည် ''ကောင်းမှုကို ပြုအံ့''ဟူ၍ မကောင်းမှုကို ပြု၏၊ ''ကုသိုလ်ကို ပြုအံ့'' ဟူ၍အကုသိုလ်ကို ပြု၏၊ ''ကောင်းသော လားရာ 'သုဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီးအံ့'' ဟူ၍ မကောင်းသော လားရာ 'ဒုဂ္ဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီး၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် အကုသိုလ်ဖြစ်သော ဆင်းရဲကို ပွါးစေတတ်သော ဆင်းရဲကျိုးရှိသော ဤဒုတိယ ဝစီကံ လက်နက်ကို စိုက်ထူ၏။

ပုဏ္ဏား နောက်တစ်မျိုးကား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် ယဇ်အလို့ငှါ နွားလားတို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ နွားငယ်တို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ နွားမငယ်တို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ ဆိတ်တို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ သိုးတို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏။ ထိုပုဂ္ဂိုလ်သည် ''ကောင်းမှုကို ပြုအံ့'' ဟူ၍ မကောင်းမှုကို ပြု၏၊ ''ကုသိုလ်ကို ပြုအံ့'' ဟူ၍ အကုသိုလ်ကို ပြု၏၊ ''ကောင်းသောလားရာ 'သုဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီးအံ့'' ဟူ၍ မကောင်းသောလားရာ 'ဒုဂ္ဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီး၏။ ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ် သည် ယဇ်မပူဇော်မီ ကပင် အကုသိုလ်ဖြစ်သော ဆင်းရဲကို ပွါးစေတတ်သော ဆင်းရဲကျိုးရှိသော ဤတတိယကာယကံ လက်နက်ကို စိုက်ထူ၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် အကုသိုလ် ဖြစ်ကုန်သော ဆင်းရဲကို ပွါးစေတတ်ကုန်သော ဆင်းရဲကျိုး ရှိကုန်သော ဤလက်နက်သုံးမျိုးတို့ကို စိုက်ထူ၏။

ပုဏ္ဏား ဤမီး သုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ရှောင်ကြဉ်အပ်ကုန်၏၊ မမှီဝဲအပ်ကုန်။

အဘယ် သုံးမျိုး တို့နည်း ဟူမူ -

၁... စွဲမက်မှု 'ရာဂ' မီး၊
၂... အမျက်ထွက်မှု 'ဒေါသ' မီး၊
၃... တွေဝေမှု 'မောဟ' မီးတို့တည်း။

ပုဏ္ဏား အဘယ့်ကြောင့် ဤစွဲမက်မှု 'ရာဂ' မီးကို ပယ်အပ်သနည်း၊ ရှောင်ကြဉ်အပ် သနည်း၊ မမှီဝဲအပ် သနည်း။
ပုဏ္ဏား စွဲမက်သူသည် စွဲမက်မှု 'ရာဂ'နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ကာယဒုစရိုက်ကို ပြု၏၊ ဝစီဒုစရိုက်ကို ပြု၏၊ မနောဒုစရိုက်ကို ပြု၏၊ ထိုသူသည် ကာယဒုစရိုက်ကိုပြု၍ ဝစီဒုစရိုက်ကိုပြု၍ မနောဒုစရိုက်ကို ပြု၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်၏၊ ထို့ကြောင့် ဤစွဲမက်မှု 'ရာဂ' မီးကို ပယ်အပ်၏၊ ရှောင်ကြဉ်အပ်၏၊ မမှီဝဲအပ်။

ပုဏ္ဏား အဘယ့်ကြောင့် ဤအမျက်ထွက်မှု 'ဒေါသ' မီးကို ပယ်အပ်သနည်း၊ ရှောင်ကြဉ်အပ်သနည်း၊ မမှီဝဲအပ်သနည်း။
ပုဏ္ဏား အမျက်ထွက်သူသည် အမျက်ထွက်မှု 'ဒေါသ' နှိပ်စက်အပ် သိမ်းယူ အပ်သော စိတ်ရှိသည်ဖြစ်၍ ကာယဒုစရိုက်ကို ပြု၏။ပ။ မနောဒုစရိုက်ကို ပြု၏၊ ထိုသူသည် ကာယဒုစရိုက်ကို ပြု၍ ဝစီဒုစရိုက်ကိုပြု၍ မနောဒုစရိုက်ကို ပြု၍ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်၏၊ ထို့ကြောင့် ဤအမျက်ထွက်မှု 'ဒေါသ' မီးကို ပယ်အပ်၏၊ ရှောင်ကြဉ်အပ်၏၊ မမှီဝဲအပ်။


ပုဏ္ဏား အဘယ့်ကြောင့် ဤတွေဝေမှု 'မောဟ' မီးကို
ပယ်အပ်သနည်း၊ ရှောင်ကြဉ်အပ် သနည်း၊ မမှီဝဲအပ် သနည်း။

ပုဏ္ဏား တွေဝေသူသည် တွေဝေမှု 'မောဟ' နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ ကာယဒုစရိုက်ကို ပြု၏၊ ဝစီဒုစရိုက်ကို ပြု၏၊ မနောဒုစရိုက်ကို ပြု၏၊ ထိုသူသည် ကာယ ဒုစရိုက်ကို ပြု၍ ဝစီဒုစရိုက်ကို ပြု၍ မနောဒုစရိုက်ကို ပြု၍ ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်၏၊ ထို့ကြောင့် ဤတွေဝေမှု 'မောဟ' မီးကို ပယ်အပ်၏၊ ရှောင်ကြဉ်အပ်၏၊ မမှီဝဲအပ်။ ဤမီးသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ရှောင်ကြဉ်အပ်ကုန်၏၊ မမှီဝဲအပ်ကုန်။

ပုဏ္ဏား မီးသုံးမျိုးတို့ကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့် ချမ်းသာစွာ ဆောင်အပ်ကုန်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

၁... အပူဇော်ခံမီး၊
၂... အိမ်ရှင်မီး၊
၃... အလှူခံမီးတို့တည်း။

ပုဏ္ဏား အပူဇော်ခံမီး ဟူသည် အဘယ်နည်း။
ပုဏ္ဏား ဤလောက၌ အမိအဖကို သားသမီး၏ အပူဇော်ခံမီး ဟု ဆိုအပ်၏။ ထိုသို့ ဆိုခြင်းသည် အဘယ့်ကြောင့်နည်း။ ပုဏ္ဏား ဤအမိအဖမှ ဤသားသမီးသည် ဖြစ်လာ၏၊ ထို့ကြောင့် ဤအမိအဖကို အပူဇော်ခံမီး ဟူ၍ ဆိုအပ်၏။ ထို့ကြောင့် ဤအပူဇော်ခံမီးကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့် အားဖြင့် ချမ်းသာစွာ ဆောင်အပ်၏။

ပုဏ္ဏား အိမ်ရှင်မီး ဟူသည် အဘယ်နည်း။
ပုဏ္ဏား ဤလောက၌ (အိမ့်ရှင်) ယောက်ျားကို သား သမီး မယား ကျွန် အစေခံ အမှုလုပ် အပေါင်း၏ အိမ်ရှင်မီး ဟူ၍ ဆိုအပ်၏၊ ထို့ကြောင့် ဤအိမ်ရှင်မီးကို အရိုအသေ အလေးအမြတ် ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့် ချမ်းသာစွာ ဆောင်အပ်၏။

ပုဏ္ဏား အလှူခံမီးဟူသည် အဘယ်နည်း။
ပုဏ္ဏား ဤလောက၌ (မိစ္ဆာဒိဋ္ဌိတည်း ဟူသော) သူတစ်ပါးအယူမှ ရှောင်ကြဉ် ကုန်သော၊ သည်းခံခြင်း ကောင်းမှုဝယ် မွေ့လျော်ခြင်း၌ တည်ကုန်သော သမဏဗြာဟ္မဏတို့သည် တစ်ခုတည်းသော စိတ်ကို ဆုံးမကုန်၏၊ တစ်ခုတည်း သော စိတ်ကို (ရာဂစသည်တို့မှ) ငြိမ်းစေကုန်၏၊ တစ်ခုတည်းသော စိတ်ကို (ရာဂစသည်မှ) ငြိမ်းချမ်းစေကုန်၏၊ ပုဏ္ဏား ဤသမဏဗြာဟ္မဏကို အလှူခံမီးဟူ၍ ဆိုအပ်၏။

ထို့ကြောင့် အလှူခံမီးကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့် ချမ်းသာစွာ ဆောင်အပ်၏။ ပုဏ္ဏား ဤမီးသုံးမျိုးတို့ကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့် ချမ်းသာစွာ ဆောင်အပ် ကုန်၏။


ပုဏ္ဏား ဤထင်းမီးကိုမူကား ရံဖန်ရံခါ တောက်စေအပ်၏၊ ရံဖန်ရံခါ လျစ်လျူရှုအပ်၏၊ ရံဖန်ရံခါ ငြိမ်းစေအပ်၏၊ ရံဖန်ရံခါ (မငြိမ်းစေဘဲ) ထားအပ်၏ ဟု (ဟောတော်မူ၏)။

ဤသို့ ဟောတော်မူသည် ရှိသော် ဥဂ္ဂတသရီရ အမည်ရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ ''အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏၊

အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။

အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ 'ဥပါသကာ' ဟု မှတ်တော်မူပါ''ဟု လျှောက်၏။

အသျှင်ဂေါတမ အကျွန်ုပ်သည် နွားလားငါးရာ နွားငယ်ငါးရာ နွားမငယ်ငါးရာ ဆိတ်ငါးရာ သိုးငါးရာတို့ကို လွှတ်ပါ၏၊ အသက်ကို ပေးလှူပါ၏၊ စိမ်းသော မြက်တို့ကိုလည်း စားကြပါစေ၊ အေးမြသော ရေတို့ကိုလည်း သောက်ကြပါစေ၊ အေးချမ်းစွာ တိုက်ခတ်သော လေသည်လည်း ထိုနွားတို့အား တိုက်ခတ်ပါစေ သတည်း ဟု လျှောက်၏။ 47

၎ - ဒုတိယ အဂ္ဂိသုတ်၊ မဟာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

အဂ္ဂိသုတ်- (မီး) မီး ၃-မျိုး


အဂ္ဂိက္ခန္ဓောပမသုတ်-မှ...
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, July 22, 2009

အောင်ပြီကွ... အောင်ပြီ...



အသုရိန္ဒကသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဥ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ် သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ ''ဘာရဒွါဇအနွယ်ဖြစ်သော ပုဏ္ဏားသည် ရဟန်းဂေါတမ၏ အထံ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြု သတဲ့'' ဟု အသုရိန္ဒက ဘာရဒွါဇ ပုဏ္ဏား ကြားသောကြောင့် အမျက်ထွက်သည် နှလုံးမသာသည် ဖြစ်၍ မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်လျက် ပရိသတ်အလယ် မဖွယ်မရာဖြစ်ကုန်သော ကြမ်းကြုတ်ကုန်သော စကားတို့ဖြင့် မြတ်စွာဘုရားကို ဆဲရေး၏၊ ခြိမ်းခြောက်၏။ ဤသို့ ဆဲရေး, ခြိမ်းခြောက်သည် ရှိသော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ ထိုအခါ၌ အသုရိန္ဒကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ''ရဟန်း အောင်ပြီ၊ ရဟန်း အောင်ပြီ'' ဟု ဆို၏-

ပုဏ္ဏား ကြမ်းကြုတ်သော စကားကို ဆိုသော သူမိုက်သည် စကားမျှဖြင့် သူ တစ်ပါးကို အောင်ပြီဟူ၍ အောက်မေ့၏၊ ပညာရှိပုဂ္ဂိုလ်၏ အကြင်သည်းခံမှုသည် ရှိ၏၊ ထိုသည်းခံမှုသည်သာ ထိုပညာရှိအား အောင်မြင်ခြင်း ဖြစ်၏။

အကြင်သူသည် အမျက်ထွက်သူကို ပြန်၍ အမျက်ထွက်၏၊ ထိုသူသည်သာ ထို အမျက်ထွက်သောသူကို ပြန်၍ အမျက်ထွက်ခြင်းကြောင့် ယုတ်မာ၏။ အမျက်ထွက် သူကို ပြန်၍ အမျက်မထွက်သူသည် အောင်နိုင်ခဲသော ရန်စစ်သည်ကို အောင်နိုင်သည် မည်၏။

အကြင်သူသည် အမျက်ထွက်သော သူတစ်ပါးကို သိသည် ရှိသော် သတိနှင့် ပြည့်စုံသည်ဖြစ်၍ အမျက်ကို ငြိမ်းအေး၏၊ (ထိုအမျက်ကို မတုံ့ပြန်သော သူသည်) မိမိသူတစ်ပါး နှစ်ဦးသားတို့၏အကျိုးစီးပွားကို ကျင့်သည် မည်၏။

အကြင်သူတို့သည် (သစ္စာလေးပါး) တရား၌ မသိမလိမ္မာကြကုန်၊ (ထိုသူတို့သည်) မိမိသူတစ်ပါး နှစ်ဦးသားတို့အား အမျက်ငြိမ်းစေသော ကုစားခြင်းအားဖြင့် ကုစားသူကို လူမိုက်ဟူ၍ မှတ်ထင်ကုန်၏''ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည် ရှိသော် အသုရိန္ဒက ဘာရဒွါဇ ပုဏ္ဏားသည် မြတ်စွာ ဘုရားအား အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။ ရဟန်းအဖြစ်ကို ရလေ၏၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော အသျှင် အသုရိန္ဒက ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည် ရှိသော် ကောင်းစွာသာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြုကြသော အမျိုးသားများ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံး ဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် ကောင်းစွာ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်ပြီးပြီ၊ မဂ် ကိစ္စကို ပြုပြီးပြီ၊ ဤမဂ် ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏။

အသျှင် အသုရိန္ဒကဘာရဒွါဇသည်
ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။ 189

၃ - အသုရိန္ဒကသုတ်၊ အရဟန္တ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, July 21, 2009

ကြောက်... ကြောက်...

ကျွန်ုပ်တို့အတွက် ကြောက်ကြောက်လို့ ဆိုရမဲ့ တရားတော်ပါလား...



ပါပဘိက္ခုသုတ် - (ပါပ= မကောင်းသော၊ ယုတ်သော၊ သူယုတ်မာ)

ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော ရဟန်းပြိတ္တာကို မြင်ရ၏၊ ထိုရဟန်းပြိတ္တာ၏ ဒုကုဋ်, သပိတ်, ခါးပန်းကြိုး, ကိုယ်တို့သည် ပြောင်ပြောင် တောက်လောင်ကုန်၏၊ ထက်ဝန်းကျင် အလျှံနှင့်တကွ အရောင်အလင်းနှင့်တကွ အလျှံထ၏၊ ထိုရဟန်းပြိတ္တာသည် နာကျင်သော အသံကို ပြု၏။

ငါ့သျှင် ထိုငါ့အား ''အချင်းတို့ အံ့ဖွယ် ရှိစွတကား၊ အချင်းတို့ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော သတ္တဝါဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော ပြိတ္တာ ဟု ရှိရတုံဘိ၏၊ ဤကဲ့သို့သော အလျှံထ၍ မီးလောင်နေသူဟု ရှိရတုံဘိ၏ ဟု အကြံ ဖြစ်ခဲ့ပါသည် ဟု ပြောဆို၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏-
''ရဟန်းတို့ တပည့်သာဝကတို့သည် စင်စစ် မျက်စိအမြင်ရှိကုန်သည် ဖြစ်၍ နေကြပေသည်တကား၊ ရဟန်းတို့ တပည့်သာဝကတို့သည် ဉာဏ် အမြင်ရှိသည် ဖြစ်၍ နေကြပေသည်တကား၊ အကြင်သို့သော တပည့်သာဝကစင်လျက် ဤသို့သော သတ္တဝါကို သိလည်း သိနိုင်တုံဘိ၏၊ မြင်လည်း မြင်နိုင်တုံဘိ၏၊ သက်သေကိုသော်လည်း ပြုနိုင်တုံဘိ၏။

ရဟန်းတို့ ရှေးကပင် ထိုသတ္တဝါကို ငါ မြင်ခဲ့ဖူးပြီ၊ သို့သော်လည်း ငါသည် မပြောဆိုခဲ့ပေ၊ ငါသည် ထိုအကြောင်းကို ပြောဆိုခဲ့ပါမူ သူတစ်ပါးတို့သည် ငါ့အား မယုံကြည်နိုင်ကြပေရာ၊ ငါ့ကို မယုံကြည်သူတို့အား ထိုမယုံကြည်ခြင်းသည် ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်လေရာ၏။

ရဟန်းတို့ ဤရဟန်းသည်...
ကဿပမြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းယုတ် ဖြစ်ခဲ့ဖူးပြီ။ 218

၇ - ပါပဘိက္ခုသုတ်၊ ဒုတိယဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, July 20, 2009

တံငါသည်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ...




ဗဠိသသုတ် - (ငါးမျှားချိတ်)

သာဝတ္ထိနိဒါန်း...

ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ဥပမာသော်ကား တံငါသည်သည် အစာတပ်သော ငါးမျှားချိတ်ကို နက်သော ရေအိုင်၌ ပစ်ချရာ၏၊ အစာကို မြင်သော ငါးသည် ငါးမျှားချိတ်ကို မျိုရာ၏၊ ရဟန်းတို့ တံငါသည်၏ ငါးမျှားချိတ်ကို မျိုမိသော ထိုငါးသည် ဆင်းရဲခြင်း, ပျက်စီးခြင်းသို့ ရောက်၏၊ တံငါသည်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်၏။

ရဟန်းတို့
''တံငါသည်'' ဟူသော ဤအမည်သည်
ယုတ်ညံ့သော ကိလေသာမာရ်၏ အမည်တည်း။

ရဟန်းတို့
''ငါးမျှားချိတ်''ဟူသော ဤအမည်သည်
လာဘ်ပူဇော်သကာ အကျော် အစော၏ အမည်တည်း။


ရဟန်းတို့ ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်အစောကို သာယာသူ အလိုရှိသူ မည်သည့် ရဟန်းကို မဆို ''ကိလေသာမာရ်၏ ငါးမျှားချိတ်ကို မျိုသည်ဖြစ်၍ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်သူ, ယုတ်မာသော ကိလေသာမာရ်၏ အလိုရှိတိုင်း ပြုနိုင်သည့် အဖြစ်သို့ ရောက်သူ ရဟန်း''ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ စင်စစ်လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ဤသို့ ခက်ထန်၏၊ ထက်မြက်၏၊ ကြမ်းတမ်း၏၊ အတုမရှိသော ယောဂ၏ ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ဤသို့ ကျင့်ရမည်-

''ဖြစ်ပေါ်လာသော လာဘ်ပူဇော်သကာ အကျော်စောကို စွန့်ကုန်အံ့၊ ဖြစ်ပေါ် လာသော လာဘ်ပူဇော်သကာ အကျော်အစောသည် ငါတို့၏ စိတ်ကို သိမ်းကျုံးယူငင်၍ မတည်နိုင်လတ္တံ့'' ဟု ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ 158

၂ - ဗဠိသသုတ်၊ တတိယ၀ဂ်၊ နိဒါန၀ဂ္ဂသံယုတ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဗြာဟ္မဏသည်သာ စင်ကြယ်၏ဟု...

သုဒ္ဓိကသုတ်

သာဝတ္ထိနိဒါန်း...
ထိုအခါ သုဒ္ဓိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာ ဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို၏၊ ဝမ်းမြောက် ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆိုလျှောက်ထား၏၊

''လောက၌ မည်သည့် ဗြာဟ္မဏမျိုးမဆို ပြင်းထန်သော အကျင့်ကို ကျင့်လျက် သီလရှိပါသော်လည်း စင်ကြယ်သည် မဟုတ်၊ ဗေဒင်သုံးပုံ 'ဝိဇ္ဇာ', အမျိုး၏ အကျင့် 'စရဏ'နှင့် ပြည့်စုံ၍ (အမျိုးသန့်သော) ဗြာဟ္မဏသည်သာ စင်ကြယ်၏၊ ဝိဇ္ဇာစရဏကို မသိသော ဤမှတစ်ပါး အခြားသတ္တဝါသည် မစင်ကြယ်'' ဟု လျှောက်၏။

ပုဏ္ဏား စင်ကြယ်၏ဟူသော စကားကို များစွာဆိုပါသော်လည်း 'ယောက်သွားပုပ် ကဲ့သို့' ကိလေသာ အတွင်းပုပ်သော ညစ်ညူးခြင်းရှိသော ဟန်ဆောင်မှုကို မှီသူသည် အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်။

မင်းဖြစ်စေ, ပုဏ္ဏားဖြစ်စေ, ကုန်သည်ဖြစ်စေ, သူဆင်းရဲဖြစ်စေ, ဒွန်းစဏ္ဍား ပန်းမှိုက်သွန်ပင်ဖြစ်စေ ထက်သန်သော ဝီရိယရှိ၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကာ မြဲမြံသော အားထုတ်မှု ရှိသူသည်သာ မြင့်မြတ်သော စင်ကြယ်ခြင်းသို့ ရောက်နိုင်၏၊ ပုဏ္ဏား ဤသို့ သိလော့ ဟု မိန့်တော်၏။


ဤသို့ မိန့်တော်မူသည် ရှိသော် သုဒ္ဓိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာ ဘုရားအား အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။ ရဟန်းအဖြစ်ကို ရလေ၏၊ ရဟန်းဖြစ်၍ မကြာမြင့်သေးသော အသျှင် သုဒ္ဓိကဘာရဒွါဇ သည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ ပြင်းစွာအားထုတ်ကာ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသည် ရှိသော် ကောင်းစွာ သာလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြုကြသော အမျိုးသား များ လိုလားတောင့်တအပ်သော အတုမရှိသော အကျင့်မြတ်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မကြာမီ မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် ကောင်းစွာ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်ပြီးပြီ၊ မဂ် ကိစ္စကို ပြုပြီးပြီ၊ ဤမဂ် ကိစ္စ အလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏။

အသျှင် သုဒ္ဓိကဘာရဒွါဇ သည် ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

၇ - သုဒ္ဓိကသုတ်၊ အရဟန္တ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, July 19, 2009

ကာဏာ အမည် ရှိသော သူငယ်မ...




ကာဏမာတုသိက္ခာပုဒ်


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ကာဏာ၏ အမိ ဥပါသိကာမသည် သဒ္ဓါတရားရှိ၏၊ ကြည်ညိုတတ်၏၊ ကာဏာ 'အမည် ရှိသော သူငယ်မ' ကို ရွာငယ်တစ်ခု၌ ယောက်ျား တစ်ယောက်အား ထိမ်းမြား ပေးစား၏။ ထိုအခါ ကာဏာသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် မိခင်၏ နေအိမ်သို့ သွား၏။ ထိုအခါ ကာဏာ၏ လင်ယောက်ျားသည် ကာဏာ၏ ထံသို့ ''ကာဏာ ပြန်လာခဲ့ပါလော့၊ ကာဏာ၏ ပြန်လာခြင်းကို အလိုရှိပါ၏'' ဟု တမန်ကို စေလွှတ်၏။


ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် ''လက်ချည်း သွားခြင်းသည် အသရေပျက် ရှက်ဖွယ်ကဲ့သို့ ဖြစ်၏'' ဟု မုန့်ကို ကြော်၏။ မုန့်ကျက်လတ်သော် ဆွမ်းခံသော ရဟန်းတစ်ပါး သည် ကာဏာ၏အမိ ဥပါသိကာမ၏ နေအိမ်သို့ ဝင်၏။ ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် ထိုရဟန်းအား မုန့်ကို လှူစေ၏၊ ထိုရဟန်းသည် ထွက်သွားပြီးလျှင် ရဟန်းတစ်ပါးအား ပြောကြား၏၊


ထိုရဟန်းအားလည်း မုန့်ကို ပေးလှူစေ၏၊ ထို နှစ်ကြိမ်မြောက်လာသော ရဟန်း သည် ထွက်သွား၍ ရဟန်းတစ်ပါးအား ပြောကြား၏၊ သုံးကြိမ်မြောက်လာသော ထိုရဟန်းအားလည်း မုန့်ကို ပေးလှူစေ၏၊ စီရင်တိုင်းသော မုန့်သည် ကုန်လေ၏။


နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကာဏာ၏ လင်ယောက်ျားသည် ကာဏာ၏ အထံသို့ ''ကာဏာ ပြန်လာခဲ့ပါလော့၊ ကာဏာ၏ ပြန်လာခြင်းကို အလိုရှိပါ၏၊ အကယ်၍ ကာဏာပြန် မလာခဲ့သော် အခြားသော မယားကို ယူတော့အံ့'' ဟု တမန်ကို စေလွှတ်၏။ သုံးကြိမ်မြောက်လည်း။ပ။ စီရင်တိုင်းသော မုန့်သည် ကုန်လေ၏။ ထိုအခါ ကာဏာ၏ လင်ယောက်ျားသည် အခြားမယားကို ယူလေ၏။ ''ထိုယောက်ျားသည် အခြား မယားကို ယူသတတ်'' ဟု ကာဏာသည် ကြား၏။ ထိုသူငယ်မသည် ငိုကြွေးမြည်တမ်းလျက် နေရှာ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ကာဏာ၏ အမိ ဥပါသိကာမအိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ကာဏာ၏ အမိ ဥပါသိကာမကို မြတ်စွာဘုရားသည် ''အဘယ့်ကြောင့် ဤကာဏာသည် ငိုကြွေးဘိသနည်း'' ဟု မိန့်တော်မူ၏။

ထိုအခါ ကာဏာ၏ အမိ ဥပါသိကာမသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် ကာဏာ၏ အမိ ဥပါသိကာမကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင် စေလျက် တရားကို ဆောက်တည် စေကာ တရားကျင့်သုံးရန် ထက်သန်စေ၍ ရွှင်လန်းစေပြီးလျှင် နေရာမှထ၍ ဖဲခွါကြွသွားတော်မူ၏။ 230

''အမျိုးအိမ်သို့ ကပ်သော ရဟန်းကိုသာလျှင် မုန့်ကြော် မုန့်ရှက်တို့ဖြင့် လည်း ကောင်း၊ မုန့်ကြွက်ကျစ် 'မုန့်ဆုပ် နှမ်း ဆန် စသည်' တို့ဖြင့်လည်းကောင်း၊ ရှေးရှုဆောင်၍ ပင့်ဖိတ်ငြားအံ့၊ အလိုရှိသော ရဟန်းသည် နှစ်သပိတ် သုံးသပိတ် ပြည့်အောင် မုန့်တို့ကို ခံယူအပ်ကုန်၏၊ ထိုနှစ်သပိတ် သုံးသပိတ်ထက် အလွန် အကယ်၍ ခံယူငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နှစ်သပိတ်သုံးသပိတ် ပြည့်အောင် မုန့်တို့ကို ခံယူပြီး၍ ထိုခံယူရာအရပ်မှ ဆောင်ပြီးလျှင် ရဟန်းတို့နှင့်အတူ ခွဲဝေသုံးဆောင်အပ်၏၊ ဤသို့ ခွဲဝေသုံးဆောင်ခြင်းသည် ထိုနှစ်သပိတ် သုံးသပိတ် ပြည့်အောင် မုန့်ကို ခံယူရာ၌ ကျင့်ဝတ်တည်း'' ဤသို့ (ပြကြကုန်လော့ ဟု မိန့်တော်မူ၏)။ 232

၎ - ကာဏမာတုသိက္ခာပုဒ်၊ ဘောဇန၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကျွန်ုပ်အတွက် ညွှန်ကြားချက်...




ရာဂပေယျာလ

ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ...
ထူးသောဉာဏ်ဖြင့် သိရန် တရား ခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

သစ္စာလေးပါးကို သိကြောင်းဖြစ်သော...
၁... အောက်မေ့မှု သတိသမ္ဗောဇ္ဈင်...
၂... သုံးသပ် စူးစမ်းခြင်း ဓမ္မ၀ိစယသမ္ဗောဇ္ဈင်...
၃... မတွန့်ဆုတ်သော အားထုတ်ခြင်း ၀ီရိယသမ္ဗောဇ္ဈင်...
၎... တွယ်တာမှု အာမိသကင်းသော နှစ်သက်မှု ပီတိသမ္ဗောဇ္ဈင်...
၅... ကိုယ် စိတ် နှစ်ပါး ငြိမ်းအေးခြင်း ပဿဒ္ဓိသမ္ဗောဇ္ဈင်...
၆... စိတ်သည် တည်ကြည်ခြင်း သမာဓိသမ္ဗောဇ္ဈင် ...
၇... လျစ်လျူရှုမှု ဥပေက္ခာသမ္ဗောဇ္ဈင် တို့ပေတည်း...။

ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ထူးသောဉာဏ်ဖြင့် သိရန် ဤတရားခုနစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။ 623-1

ရာဂပေယျာလ-မှ၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ...
ထူးသောဉာဏ်ဖြင့် သိရန် တရားခုနစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

၁... မမြဲဟု မှတ်သားမှု 'အနိစ္စသညာ'၊
၂... အစိုးမရဟု မှတ်သားမှု 'အနတ္တသညာ'၊
၃... မတင့်တယ် ဟု မှတ်သားမှု 'အသုဘသညာ'၊
၎... အပြစ်ဟု မှတ်သားမှု 'အာဒီနဝသညာ'၊
၅... ပယ်အပ်၏ ဟု မှတ်သားမှု 'ပဟာနသညာ'၊
၆... စွဲမက်ခြင်း ကင်း၏ ဟု မှတ်သားမှု 'ဝိရာဂသညာ'၊
၇... ချုပ်၏ ဟု မှတ်သားမှု 'နိရောဓသညာ'တို့တည်း။

ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ဤတရားခုနစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။ 624-2

ရာဂပေယျာလ-မှ၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ...
ထူးသောဉာဏ်ဖြင့် သိရန် တရား ခုနစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

၁... မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ'၊
၂... သေခြင်း၌ မှတ်သားမှု 'မရဏသညာ'၊
၃... စားအပ်သော အစာ၌ စက်ဆုပ်ဖွယ် ဟု မှတ်သားမှု
'အာဟာရေပဋိကူလသညာ'၊
၎... လောက အားလုံး၌ မွေ့လျော်ဖွယ်မရှိ ဟု မှတ်သားမှု
'သဗ္ဗလောကေအနဘိရတိသညာ'၊
၅... မမြဲ ဟု မှတ်သားမှု 'အနိစ္စ သညာ'၊
၆... မမြဲခြင်း၌ဆင်းရဲဟု မှတ်သားမှု 'အနိစ္စေ ဒုက္ခသညာ'၊
၇... ဆင်းရဲခြင်း၌ အစိုးမရ ဟု မှတ်သားမှု 'ဒုက္ခေအနတ္တသညာ' တို့တည်း။
ရဟန်းတို့ စွဲမက်မှု 'ရာဂ' ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ဤတရားခုနစ်မျိုးတို့ကို ပွါးများ အပ်ကုန်၏။ 625-3

ရာဂပေယျာလ-မှ၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, July 18, 2009

အကြောင်း သုံးမျိုးတို့ဖြင့်...

သီလဝန္တသုတ် - (သီလရှိသောသူ)

ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကို လည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် အကြောင်း သုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။

အဘယ် သုံးမျိုး တို့နည်း ဟူမူ-

ကိုယ်ဖြင့် ဖြစ်ပွါးစေခြင်း လည်းကောင်း၊
နှုတ်ဖြင့် ဖြစ်ပွါးစေခြင်း လည်းကောင်း၊
စိတ်ဖြင့် ဖြစ်ပွါးစေခြင်း လည်းကောင်း တို့တည်း။

ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကို လည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် ဤအကြောင်းသုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏ ဟု မိန့်တော်မူ၏။ 46

၆ - သီလဝန္တသုတ်၊ စူဠ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, July 16, 2009

ယာဂုမုန့်ချိုတို့ကို ခွင့်ပြုတော်မူခြင်း...

ယာဂုမုန့်ချိုတို့ကို ခွင့်ပြုတော်မူခြင်း...


ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူ ပြီးလျှင် များစွာသော တစ်ထောင့်နှစ်ရာ ငါးကျိပ်သော ရဟန်းသံဃာတို့နှင့်အတူ အန္ဓကဝိန္ဒရွာသို့ ဒေသစာရီ ကြွချီတော်မူ၏။ ထိုအခါ ဇနပုဒ်၌ နေသော လူတို့သည် များစွာသော ဆား ဆီ ဆန် ခဲဖွယ်တို့ကို လှည်းတို့၌ တင်စေ၍ ဘုရားအမှူးရှိသော ရဟန်းသံဃာ၏ နောက်မှ နောက်မှ ''ဆွမ်း ကျွေးသော အလှည့်ကို ရသောအခါ ဆွမ်းကို စီရင်ကုန်အံ့'' ဟု (နှလုံးပိုက်ကာ) အစဉ်တစိုက် လိုက်ကုန်၏၊

ငါးရာသော စားကြွင်းစားတို့ သည်လည်း အစဉ်တစိုက် လိုက်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သည်ရှိသော် အန္ဓကဝိန္ဒရွာသို့ ရောက်တော်မူ၏။ ထိုအခါ ဆွမ်းကျွေးအလှည့်ကို မရသော ပုဏ္ဏားတစ်ယောက်အား 'ဆွမ်းကျွေး အလှည့်ကို ရသောအခါ ဆွမ်းကို ပြုစီရင်အံ့' ဟု ဘုရားအမှူးရှိသော ရဟန်းသံဃာကို အစဉ်တစိုက် လိုက်သော ငါ့အား နှစ်လလွန်ပြီ၊ ငါ့အား ဆွမ်းကျွေးအလှည့်ကို မရ၊ ငါသည်လည်း တစ်ယောက်တည်း သာ ဖြစ်၏၊ ငါ့အား ဃရာဝါသအကျိုးသည်လည်း များစွာ ဆုတ်ယုတ်၏၊ ငါသည် ဆွမ်းစားဇရပ်ကို ကြည့်ဦးအံ့၊ ဆွမ်း စားဇရပ်၌ မရှိသော ဝတ္ထုကို စီရင်ရမူ ကောင်း၏'' ဟု အကြံဖြစ်၏။

ထိုအခါ ထိုပုဏ္ဏားသည် ဆွမ်းစားဇရပ်ကို ကြည့်သည်ရှိသော် ယာဂုနှင့် ပျားသကာထည့်သော မုန့်ချို နှစ်မျိုးတို့ကို မမြင်လေ။ ထိုအခါ ထိုပုဏ္ဏားသည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင် အာနန္ဒာ ယခု အခါ၌ ဆွမ်းကျွေးအလှည့်ကို မရသော အကျွန်ုပ်အား 'ဆွမ်းကျွေးအလှည့်ကို ရသောအခါ ဆွမ်းကို ပြုစီရင်အံ့' ဟု ဘုရားအမှူးရှိသော ရဟန်းသံဃာကို အစဉ်တစိုက် လိုက်သော ငါ့အား နှစ်လလွန်ပြီ၊ ငါ့အား ဆွမ်းကျွေးအလှည့်ကို မရ၊ ငါသည်လည်း တစ်ယောက်တည်းသာ ဖြစ်၏၊ ငါ့အား ဃရာဝါသအကျိုးသည်လည်း များစွာ ဆုတ်ယုတ်၏၊ ငါသည် ဆွမ်းစားဇရပ်ကို ကြည့်ဦးအံ့၊ ဆွမ်းစား ဇရပ်၌ မရှိသော ဝတ္ထုကို စီရင်ရမူ ကောင်း၏ ဟု အကြံဖြစ်ပါသည်။

အသျှင်အာနန္ဒာ ထိုအကျွန်ုပ်သည် ဆွမ်းစားဇရပ်ကို ကြည့်သည်ရှိသော် ယာဂုနှင့် ပျားသကာ ထည့်သော မုန့်ချိုနှစ်မျိုးတို့ကို မမြင်ပါ၊ အသျှင်အာနန္ဒာ အကယ်၍ အကျွန်ုပ်သည် ယာဂုနှင့် ပျားသကာ ထည့်သော မုန့်ချိုကို စီရင်ငြားအံ့၊ အသျှင် ဂေါတမသည် အကျွန်ုပ်၏ ယာဂုနှင့် ပျားသကာထည့်သော မုန့်ချိုကို ခံယူတော် မူပါအံ့လော'' ဟု လျှောက်၏။

''ပုဏ္ဏား သို့ဖြစ်လျှင် မြတ်စွာဘုရားကို မေးလျှောက်ဦးအံ့'' ဟု (ပြောဆို၏)။ ထိုအခါ အသျှင် အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။ အာနန္ဒာ သို့ဖြစ်လျှင် စီရင်စေလော့ဟု (မိန့်တော်မူ၏)။ ပုဏ္ဏားသည် ထိုညဥ့်လွန်သောအခါ များစွာသော ယာဂုနှင့် ပျားသကာ ထည့်သော မုန့်ချိုကို စီရင်စေပြီးလျှင်...

မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည် အကျွန်ုပ်၏ ယာဂုနှင့် ပျားသကာ ထည့်သော မုန့်ချိုကို လက်ခံတော်မူပါ'' ဟု ဆက်ကပ်လေ၏။ ပုဏ္ဏား သို့ဖြစ်လျှင် ရဟန်း တို့အား လှူလော့ ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် (မအပ်ဟု) တွေးတောမှု 'သံသယကုက္ကုစ္စ' ရှိသည် ဖြစ်၍ မခံကုန်၊ ရဟန်းတို့ ခံယူကုန်လော့ သုံးဆောင်ကုန် လော့ ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုပုဏ္ဏားသည် ဘုရားအမှူးရှိသော ရဟန်းအပေါင်းကို များစွာသော ယာဂုဖြင့် လည်းကောင်း၊ ပျားသကာထည့်သော မုန့်ချိုဖြင့်လည်းကောင်း ရောင့်ရဲ သည်တိုင်အောင် တားမြစ်သည် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၍ မြတ်စွာဘုရား ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ထိုပုဏ္ဏားကို မြတ်စွာဘုရားသည်-


ပုဏ္ဏား ယာဂု၏ အကျိုးတို့သည် ဤဆယ်ပါးတို့တည်း


ယာဂု လှူကျိုး ၁ဝ-ပါး ယာဂုကို လှူသောသူသည်

၁... အသက်ကို လှူသည် မည်၏။
၂... အဆင်းကို လှူသည် မည်၏။
၃... ချမ်းသာကို လှူသည် မည်၏။
၎... ခွန်အားကို လှူသည် မည်၏။
၅... ပညာကို လှူသည် မည်၏။
၆... သောက်အပ်သော ယာဂုသည် ဆာလောင်ခြင်းကို ပယ်ဖျောက်၏။
၇... မွတ်သိပ်ခြင်းကို ပယ်ဖျောက်၏။
၈... လေကို စုန်ဆင်းစေတတ်၏။
၉... ဆီးအိမ်ကို စင်ကြယ်စေတတ်၏။
၁ဝ... အစာသစ် အကြွင်းကို ကြေကျက်စေတတ်၏။

ပုဏ္ဏား ယာဂု၏ အကျိုးတို့သည် ဤဆယ်ပါးတို့တည်း ဟု မိန့်တော်မူ၏။

ပုဏ္ဏား အကြင်သူသည် ကိုယ် နှုတ် နှလုံးကို စောင့်စည်း၍ သူတစ်ပါး ပေးလှူသော ပစ္စည်းကို ဘုဉ်းပေးသော ရဟန်းတို့အား လျောက်ပတ်သော အခါ၌ ရိုသေစွာ ယာဂုကို ပေးလှူ၏။ (ထိုသူသည်) ထိုအလှူခံပုဂ္ဂိုလ်အား ဆယ်ပါးသော အရာတို့ကို ပေးလှူသည် မည်၏။ ထိုယာဂုကို ဘုဉ်းပေးသော ပုဂ္ဂိုလ်၏ အသက် အဆင်း ချမ်းသာ ခွန်အား ပညာတို့သည် ဖြစ်ကုန်၏၊ ထို့ပြင် ဆာလောင်ခြင်း မွတ်သိပ်ခြင်း လေနာတို့ကိုလည်း ပယ်ဖျောက်တတ်၏၊ ဆီးအိမ်ကိုလည်း စင်ကြယ်စေတတ်၏၊ အစာသစ်ကိုလည်း ကြေကျက်စေတတ်၏၊

ဤယာဂုတည်းဟူသော ဆေးကို မြတ်စွာဘုရားသည် ချီးမွမ်းတော်မူ၏။

ထို့ကြောင့် အခါခပ်သိမ်း လူ၌ဖြစ်သော ချမ်းသာကို အလိုရှိသော သူသည် လည်းကောင်း၊ နတ်၌ဖြစ်သော ချမ်းသာတို့ကို တောင့်တသော သူသည် လည်းကောင်း လူတို့၏ ဂုဏ်အသရေကို အလိုရှိသော သူသည်လည်းကောင်း ယာဂုကို လှူခြင်းငှါ သင့်လျော်သည် သာလျှင်တည်း ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် ထိုပုဏ္ဏားကို ဤဂါထာတို့ဖြင့် အနုမောဒနာပြုပြီးလျှင် နေရာမှ ထ၍ ဖဲကြွတော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်း အရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ယာဂုနှင့် ပျားသကာထည့်သော မုန့်ချိုတို့ကို ခွင့်ပြု၏'' ဟု မိန့်တော်မူ၏။ 282

၁၇ဝ - ယာဂုမုန့်ချိုတို့ကို ခွင့်ပြုတော်မူခြင်း၊ ဘေသဇ္ဇက္ခန္ဓက၊ မဟာဝဂ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မြတ်သော ကြီးပွါးခြင်းဖြင့် ကြီးပွါး၏...

ဝဍ္ဎိသုတ် - (ကြီးပွားခြင်း၊ အကြွေးချခြင်း)

ရဟန်းတို့
ကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါးသော အရိယာတပည့်သည်

မြတ်သော ကြီးပွါးခြင်းဖြင့် ကြီးပွါး၏၊
ကိုယ်၏ အနှစ်ကိုလည်း ယူတတ်၏၊
အမြတ်ကိုလည်း ယူတတ်၏။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -

သဒ္ဓါဖြင့် ကြီးပွါး၏...
သီလဖြင့် ကြီးပွါး၏...
သုတဖြင့် ကြီးပွါး၏...
စာဂဖြင့် ကြီးပွါး၏...
ပညာဖြင့် ကြီးပွါး၏...။

ရဟန်းတို့ ဤကြီးပွါးခြင်း ငါးမျိုးတို့ဖြင့် ကြီးပွါးသော အရိယာတပည့်သည် မြတ် သော ကြီးပွါးခြင်းဖြင့် ကြီးပွါး၏၊ ကိုယ်၏ အနှစ်ကိုလည်း ယူတတ်၏၊ အမြတ်ကို လည်း ယူတတ်၏ ဟု (မိန့်တော်မူ၏)။

သဒ္ဓါဖြင့် လည်းကောင်း၊ သီလဖြင့် လည်းကောင်း၊ ပညာဖြင့် လည်းကောင်း၊ စာဂ, သုတနှစ်ပါးတို့ဖြင့် လည်းကောင်း ကြီးပွါးခြင်း သဘောရှိသော အဆင်ခြင် ပညာနှင့် ပြည့်စုံသော ထိုသူတော်ကောင်းသည် ဤဘဝ၌ပင် မိမိ၏ (သီလ သမာဓိ စသော) အနှစ်ကို ယူလေသတည်း။ 63

၃ - ပဌမ ဝဍ္ဎိသုတ်၊ သညာဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တောင့်တ၍ မရသော...

ဌာနသုတ်

ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

၁...
အိုတတ်သော သဘောတရားသည် ''မအိုပါစေလင့်'' ဟု သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

၂...
နာတတ်သော သဘောတရားသည် ''မနာဖျားစေလင့်'' ဟူ၍။ပ။

၃...
သေတတ်သော သဘောတရားသည် ''မသေပါစေလင့်'' ဟူ၍။ပ။

၎...
ကုန်တတ်သော သဘောတရားသည် ''မကုန်ဆုံးပါစေလင့်'' ဟူ၍။ပ။

၅...
ပျက်စီးတတ်သော သဘောတရားသည် ''မပျက်စီးပါစေလင့်'' ဟူ၍ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

အကြားအမြင် မရှိသော ပုထုဇဉ်သည်...


၁...
ရဟန်းတို့ အကြားအမြင် မရှိသော ပုထုဇဉ်အား အိုတတ်သော သဘော တရားသည် အိုခဲ့၏၊ အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုပုထုဇဉ် သည် ဤသို့ မဆင်ခြင်နိုင် -

''အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့)လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင် တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့ လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (မဆင်ခြင်နိုင်)။

အိုတတ်သော သဘောတရားသည် အိုသည်ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ ရဟန်းတို့ အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည်ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူ ဟူ၍ ဆိုအပ်၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား အကြားမြင် မရှိသော ပုထုဇဉ်အား နာတတ်သော သဘောတရားသည် နာခဲ့၏။ပ။

၃...
သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။

၎...
ကုန်တတ်သော သဘောတရားသည် ကုန်ခဲ့၏။ပ။

၅...
ပျက်တတ်သော သဘောတရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘောတရား သည် ပျက်သည် ရှိသော် ထိုပုထုဇဉ်သည် ဤသို့ မဆင်ခြင်နိုင် -

''ပျက်တတ်သော သဘောတရားသည် ငါ့တစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါဟူသမျှ အားလုံးတို့အား ပျက်တတ် သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရားသည် ပျက်စီးသည် ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ် စည်တီး မြည်တမ်းခဲ့မူ တွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင်တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်း ကုန်ရာ၏'' ဟူ၍ (မဆင်ခြင်နိုင်)။

ပျက်တတ်သော သဘောတရား ပျက်သည် ရှိသော် ထိုပုထုဇဉ်သည် ပူဆွေး၏၊ ပင်ပန်း၏၊ ငိုကြွေး၏၊ ရင်ဘတ်စည်တီး မြည်တမ်း၏၊ တွေဝေခြင်းသို့ ရောက်၏။ ရဟန်းတို့ အကြားအမြင် နည်းပါးသော ဤပုထုဇဉ်ပုဂ္ဂိုလ်ကို အဆိပ်ရှိသော သောကငြောင့် စူးဝင်သည် ဖြစ်၍ မိမိကိုယ်ကိုပင်လျှင် ပူပန်စေတတ်သူ ဟူ၍ ဆိုအပ်၏။


အရိယာတပည့်သည်...


၁...
ရဟန်းတို့ အကြားအမြင် ရှိသော အရိယာတပည့်အား အိုတတ်သော သဘောတရားသည် အိုခဲ့မူ အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်၏ -

''အိုတတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ အိုသည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား အိုတတ်သော သဘောတရားသည် အို၏၊ အိုတတ်သော သဘောတရားသည် အိုသည် ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေ မိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင် တို့လည်း မဖြစ်နိုင်ကုန်ရာ၊ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေတို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (ဆင်ခြင်၏)။

အိုတတ်သော သဘောတရား အိုသည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။ ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောက ငြောင့်ကို ထုတ်နုတ်သူ ဟူ၍ ဆိုအပ်၏။ ယင်းငြောင့်စူးဝင်သော အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကိုပင်လျှင် ငြိမ်းအေးစေ၏။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား အကြားအမြင်ရှိသော အရိယာတပည့်အား နာတတ်သော သဘော တရားသည် နာခဲ့၏။ပ။

၃...
သေတတ်သော သဘောတရားသည် သေခဲ့၏။ပ။

၎...
ကုန်တတ်သော သဘောတရားသည် ကုန်ခဲ့၏။ပ။

၅...
ပျက်တတ်သော သဘောတရားသည် ပျက်ခဲ့၏၊ ပျက်တတ်သော သဘော တရားသည် ပျက်သည်ရှိသော် ထိုအရိယာတပည့်သည် ဤသို့ ဆင်ခြင်နိုင်၏ -

''ပျက်တတ်သော သဘောတရားသည် ငါတစ်ယောက်တည်းအားသာ ပျက်သည် မဟုတ်၊ စင်စစ်မူကား (ဤဘုံဘဝသို့) လာခြင်း (တစ်ပါးသောဘုံဘဝသို့) သွားခြင်း စုတေခြင်း ပဋိသန္ဓေနေခြင်းရှိသည့် သတ္တဝါ ဟူသမျှ အားလုံးတို့အား ပျက်တတ်သော သဘောတရားသည် ပျက်၏၊ ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ငါသည်သာ ပူဆွေးခဲ့မူ ပင်ပန်းခဲ့မူ ငိုကြွေးခဲ့မူ ရင်ဘတ်စည်တီး မြည်တမ်းခဲ့မူ တွေဝေမိန်းမောခြင်းသို့ ရောက်ခဲ့မူ ငါသည် ထမင်းလည်း မစားလိုရာ၊ ခန္ဓာကိုယ်သည်လည်း အဆင်းမလှခြင်းသို့ ရောက်လေရာ၏။ အလုပ်အကိုင် တို့လည်း မဖြစ်နိုင်ကုန်ရာ၊ ရန်သူတို့လည်း ဝမ်းမြောက်ကုန်ရာ၏၊ မိတ်ဆွေ တို့လည်း ဝမ်းနည်းကုန်ရာ၏'' ဟု (ဆင်ခြင်၏)။

ပျက်တတ်သော သဘောတရား ပျက်သည်ရှိသော် ထိုအရိယာတပည့်သည် မပူဆွေး၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘတ်စည်တီး မမြည်တမ်း၊ တွေဝေခြင်းသို့ မရောက်။ ရဟန်းတို့ အကြားအမြင်ရှိသော ဤအရိယာတပည့်ကို အဆိပ်ရှိသော သောကငြောင့်ကို ထုတ်နုတ်သောသူ ဟူ၍ ဆိုအပ်၏။ ယင်းသောကငြောင့် စူးဝင်သော အကြားအမြင် နည်းပါးသော ပုထုဇဉ်သည် မိမိကိုယ်ကိုပင်လျှင် ပူလောင်စေ၏၊ သောကငြောင့် မစူးဝင်သော အရိယာတပည့်သည် မိမိကိုယ်ကို ပင်လျှင် ငြိမ်းအေးစေ၏။

ရဟန်းတို့ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

ဤလောက၌ ပူဆွေးခြင်း ငိုကြွေးခြင်းဖြင့် အကျိုး အနည်းငယ်မျှကိုလည်း စင်စစ် မရနိုင်၊ ပူဆွေးဆင်းရဲသော ထိုသူကို ရန်သူတို့ သိ၍ ဝမ်းမြောက်ကုန်၏။ အကြင်အခါ၌ကား အကြောင်းကို ဆုံးဖြတ်ခြင်း၌ သိသော ပညာရှိသည် ဘေးရန်တို့ကြောင့် မတုန်မလှုပ်၊ (ထိုအခါ၌) ရန်သူတို့သည် ထိုပညာရှိ ပုဂ္ဂိုလ်၏ ရှေးမူအတိုင်း မဖောက်ပြန်သော မျက်နှာကို တွေ့မြင်ရ၍ ဆင်းရဲကုန်၏။ ဂုဏ်ကျေးဇူးကို ချီးမွမ်းသဖြင့် ဖြစ်စေ တန်ခိုးရှိသော မန္တာန်ကို ရွတ်အံ သရဇ္ဈာယ်သဖြင့် ဖြစ်စေ ကောင်းမွန်သော စကားကို ပြောဆို၍ ဖြစ်စေ တံစိုး လက်ဆောင်ပေးသဖြင့် ဖြစ်စေ မျိုးရိုးစဉ်ဆက်ကို ပြသဖြင့် ဖြစ်စေ အကျိုးရနိုင် သမျှအရာ၌ အားထုတ်ရာ၏။ ငါသော် လည်းကောင်း၊ အခြားသူသော် လည်းကောင်း (မအိုခြင်းစသော) ထိုအကျိုးကို မရအပ်ဟူ၍ အကယ်၍ သိခဲ့မူ ငါသည် ဝဋ်၌ တည်နေစေသော ကံကို မြဲမြံစွာ အားထုတ်အပ်ပြီ၊ ယခုအခါ၌ အဘယ်သို့လျှင် ပြုတော့အံ့နည်း ဟု ဆင်ခြင်၍ ပူဆွေးခြင်း မရှိဘဲ သည်းခံရာ သတည်း။ 48

၈ - ဌာနသုတ်၊ မုဏ္ဍရာဇဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, July 15, 2009

နှင်ထုတ်သော်လည်း မှီဝဲအပ်၏...

ဒုတိယ မိတ္တသုတ်

ရဟန်းတို့...
တရား ခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်း ရဟန်းကို
မောင်းမဲ နှင်ထုတ်အပ်သော်လည်း မှီဝဲအပ်၏၊
ဆည်းကပ်အပ်၏၊ ခစားအပ်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ -

၁... ချစ်လည်း ချစ်ထိုက် မြတ်နိုးလည်း မြတ်နိုးထိုက်၏၊
၂... အလေးအမြတ်လည်း ပြုထိုက်၏၊
၃... နှလုံးကိုလည်း ပွါးစေတတ်၏။
၎... သူတစ်ပါးတို့ကို ဆုံးမတတ်၏၊
၅... သူတစ်ပါးတို့ ဆိုဆုံးမသည်ကို ခံနိုင်၏၊
၆... နက်နဲသောတရားစကားကို ပြောဆိုတတ်၏၊
၇... အရာဌာန မဟုတ်သည်၌ မယှဉ်စေတတ် (မတိုက်တွန်းတတ်)။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်း ရဟန်းကို မောင်းမဲနှင်ထုတ် အပ်သော်လည်း မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ခစားအပ်၏ ဟု (မိန့်တော်မူ၏)။

အကြင်ရဟန်းသည် ချစ်ထိုက်၏၊ အလေးပြုထိုက်၏၊ နှလုံးကို ပွါးစေတတ်၏၊ (သူတစ်ပါး တို့ကို) ဆိုဆုံးမတတ်၏၊ ဆိုဆုံးမခြင်းကို ခံနိုင်၏၊ နက်နဲသော တရား စကားကို ပြောဟောတတ်၏၊ မလျောက်ပတ်သော အရာ၌ မယှဉ်စေတတ်။ အကြင်ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိသော အကျိုး စီးပွါးကို အလိုရှိသော အစဉ် သနားတတ်သော အဆွေ ခင်ပွန်းကောင်း ဖြစ်သော ထိုရဟန်းကို မောင်းမဲ နှင်ထုတ်အပ်သော်လည်း အဆွေခင်ပွန်းကောင်း ကို အလိုရှိသူသည် မှီဝဲ ဆည်းကပ် အပ်၏။ 37

၆ - ဒုတိယ မိတ္တသုတ်၊ ဒေ၀တာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသောသူကို...

ပဌမ မိတ္တသုတ်

ရဟန်းတို့ ...
အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏...

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

၁... သူတစ်ပါးတို့ ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏၊
၂... ပြုနိုင်ခဲသော အမှုကို ပြု၏၊
၃... သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊
၎... မိမိ၏ လျှို့ဝှက်အပ်သော အရာကို ထိုအဆွေခင်ပွန်းအား ထင်စွာပြု၏၊
၅... ထိုအဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သော အရာကို လျှို့ဝှက်၏၊
၆... ဘေးရန်တို့ ကြောင့် မစွန့်ပစ်၊
၇... ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင် မပြု။

ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏ ဟု မိန့်တော် မူ၏။

အဆွေခင်ပွန်းသည် ပေးနိုင်ခဲသော အရာဝတ္ထုကို ပေး၏၊ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏၊ ထိုမှတစ်ပါးလည်း ထိုသူ၏ မကောင်းသဖြင့် ဆိုအပ်သော စကားတို့ကို လည်းကောင်း၊ သည်းခံ နိုင်ခဲသော အရာတို့ကို လည်းကောင်း သည်းခံ၏။ ထိုသူအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏၊ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏၊ ဘေးရန်ဖြစ်ပေါ်သော အခါတို့၌လည်း မစွန့်ပစ်၊ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။ အကြင် ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိသော အဆွေခင်ပွန်း ဖြစ်သောသူကို အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဆည်းကပ်အပ်၏။ 36

၅ - ပဌမ မိတ္တသုတ်၊ ဒေဝတာဝဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။