နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, August 31, 2009

ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း...

ပဉ္စရာဇသုတ်

သာဝတ္ထိနိဒါန်း။

ထိုအခါ၌ ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန်သည် ဖြစ်၍ မွေ့လျော်ကုန်သော ပသေနဒီအမှူးရှိကုန်သော ငါးယောက်ကုန်သော မင်းတို့အား- ''ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း'' ဟူသော ဤအကြားစကားသည် ထင်ရှားဖြစ်၏၊

ထိုမင်းတို့တွင် အချို့သောမင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ရူပါရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည်...
''ကာမဂုဏ်တို့တွင် သဒ္ဒါရုံတို့ သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ဂန္ဓာရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ရသာရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

အချို့သော မင်းတို့သည် ...
''ကာမဂုဏ်တို့တွင် ဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန်၏'' ဟုဆိုကုန်၏၊

မင်းတို့သည် အချင်းချင်း သိစေခြင်းငှါ မတတ်နိုင်ကုန်။

ထိုအခါ ပသေနဒီကောသလမင်းသည် ထိုမင်းတို့အား ဤစကားကို ဆို၏- ''အချင်းတို့ လာသွားကြကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာ ဘုရားအား ထိုအကြောင်းကို မေးလျှောက်ကြကုန်စို့၊ ငါတို့သည် မြတ်စွာဘုရား ဖြေကြားတော်မူသည့်အတိုင်း ထိုအကြောင်းကို မှတ်ကုန်အံ့'' ဟုဆို၏ ''အကြည်တော် ကောင်းပါပြီ'' ဟု ထိုမင်းတို့သည် ပသေနဒီ ကောသလမင်းကြီး၏ စကားကို ဝန်ခံကြကုန်၏။

ထို့နောက် ပသေနဒီအမှူးရှိကုန်သော ထိုမင်းငါးဦးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်လျက် တစ်ခုသော နေရာ၌ ထိုင်ကြပြီးသော် ပသေနဒီကောသလမင်းလည်း မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား ကာမဂုဏ်ငါးပါးတို့ဖြင့် ကုံလုံပြည့်စုံကုန်သည်ဖြစ်၍ မွေ့လျော်ကုန်သော အကျွန်ုပ်တို့ မင်းငါးယောက်တို့အား 'ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း' ဟူသော အကြားစကားသည် ထင်ရှားဖြစ်ပါ၏၊

''အချို့သော မင်းတို့သည် ။ ပ ။ မြတ်ကုန်၏' ဟုဆိုကုန်၏။

အသျှင်ဘုရား ကာမဂုဏ်တို့တွင် အဘယ်သည် မြတ်သနည်း'' ဟု (လျှောက်၏)။


''မင်းကြီး ကာမဂုဏ်ငါးပါးတို့၌ နှစ်သက်ခြင်းလျှင် အထွတ်အထိပ်ရှိသော ကာမဂုဏ်ကို စင်စစ်မြတ်၏'' ဟူ၍ ငါဘုရား ဟောတော်မူ၏၊

ထိုရူပါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ်ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရူပါရုံတို့ဖြင့် နှစ်လို၏၊ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ဤရူပါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ်သော ရူပါရုံကို မတောင့်တ၊ ထိုသူအား ထိုရူပါရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုရူပါရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုသဒ္ဒါရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင် သဒ္ဒါရုံတို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုသဒ္ဒါရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည် လည်း ဖြစ်သော သဒ္ဒါရုံကို မတောင့်တ၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုသဒ္ဒါရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုဂန္ဓာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင် ဂန္ဓာရုံ တို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုဂန္ဓာရုံမှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော ဂန္ဓာရုံကို မတောင့်တ၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုဂန္ဓာရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုရသာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သော သူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ရသာရုံ တို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုရသာရုံတို့မှ တစ်ပါးသော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်းဖြစ်သော ရသာရုံကို မတောင့်တ၊ ထိုသူအား ထိုရသာရုံတို့သည် မြတ်ကုန်၏၊ ထိုသူအား ထိုရသာရုံတို့သည် အတူမရှိကုန်။

မင်းကြီး ထိုဖောဋ္ဌဗ္ဗာရုံတို့သည်ပင် အချို့သော သူအား နှစ်သက်ဖွယ် ဖြစ်ကုန်၏၊ အချို့သောသူအား နှစ်သက်ဖွယ် မဖြစ်ကုန်၊ အကြင်သူသည် အကြင်ဖောဋ္ဌဗ္ဗာရုံ တို့ဖြင့် နှစ်လို၏၊ ပြည့်စုံသော အကြံရှိ၏၊ ထိုသူသည် ထိုဖောဋ္ဌဗ္ဗာရုံတို့မှ တစ်ပါး သော အထူးသဖြင့် လွန်သည်လည်းဖြစ်သော အထူးသဖြင့် မြတ်သည်လည်း ဖြစ်သော ဖောဋ္ဌဗ္ဗာရုံကို မတောင့်တ၊ ထိုသူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် မြတ်ကုန် ၏၊ ထိုသူအား ထိုဖောဋ္ဌဗ္ဗာရုံတို့သည် အတူမရှိကုန် ဟု (မိန့်တော်မူ၏)။

ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် ထိုပရိသတ်၌ ထိုင်နေ၏၊ ထိုအခါ စန္ဒနင်္ဂလိက ဥပါသကာသည် နေရာမှထ၍ ပခုံးတစ်ဖက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက် မြတ်စွာဘုရားအား လက်အုပ်ချီကာ ဤစကားကို လျှောက်၏- ''ဘုန်းတော်ကြီးသော မြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသောအကြောင်းသည်) ထင်လာပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရား အကျွန်ုပ်အား (တစ်ခုသောအကြောင်းသည်) ထင်လာပါ၏'' ဟု (လျှောက်၏)။ စန္ဒနင်္ဂလိက သင့်အား ထိုတစ်ခုသော အကြောင်းသည် ထင်စေလော့ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထိုအခါ၌ စန္ဒနင်္ဂလိကဥပါသကာသည် မြတ်စွာဘုရား၏ မျက်မှောက်တော်၌ ထိုအား လျောက်ပတ်သော ဂါထာဖြင့် ချီးကျူး၏-

''ကောင်းသော အနံ့ရှိသော, နံနက်အခါ၌ ပွင့်သော, မကင်းသော အနံ့ရှိသော, ကောကနဒ အမည်ရှိသော ပဒုမ္မာကြာကဲ့သို့ လည်းကောင်း၊ ကောင်းကင်၌ ထွန်းတောက်ပသော နေမင်းကဲ့သို့ လည်းကောင်း တင့်တယ်တော်မူသော ကိုယ်တော်မှ ပြိုးပြိုးပြက်ပြက် ထွက်သော အရောင်ရှိတော်မူသော မြတ်စွာ ဘုရားကို ဖူးမြင်လော့'' ဟု ချီးကျူး၏။

ထိုအခါ၌ ထိုမင်းငါးယောက်တို့သည် စန္ဒနင်္ဂလိကဥပါသကာအား ငါးထည်သော စုလျားပုဆိုးတို့ကို ပေးကုန်၏၊ ထိုအခါ စန္ဒနင်္ဂလိကဥပါသကာသည် ငါးထည်သော စုလျားပုဆိုးတို့ကို မြတ်စွာဘုရားအား လှူ၏။ 123

၂ - ပဉ္စရာဇသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, August 30, 2009

ရာဂ ဖြစ်ပေါ်ရန် အကြောင်းနှစ်မျိုး ...




ရဟန်းတို့ ရာဂ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။

အဘယ်နှစ်မျိုး တို့နည်းဟူမူ...

၁...
တင့်တယ်သော ဣဋ္ဌာရုံ လည်းကောင်း၊

၂...
မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း လည်းကောင်း တို့တည်း။

ရဟန်းတို့ ရာဂ ဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု မိန့်တော်မူ၏။ 124 -6


အာသာဒုပ္ပဇဟဝဂ်၊ မှ၊ တတိယပဏ္ဏာသက၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ထိုအမျိုးကောင်းသားသည် အလိုနည်း၏...

ပဌမ ဟတ္ထကသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့ ဟတ္ထက အာဠဝကကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မှတ်ကုန်လော့၊

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ...

ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် သီလရှိ၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် (ဒုစရိုက်မှ) ရှက်တတ်၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် (ဒုစရိုက်မှ) လန့်တတ်၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် များသော အကြားအမြင်ရှိ၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် စွန့်ကြဲပေးကမ်းတတ်၏၊
ရဟန်းတို့ ဟတ္ထကအာဠဝကသည် ပညာရှိ၏၊

ရဟန်းတို့ ဟတ္ထကအာဠဝကကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤသဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ ဟူ၍ မှတ်ကုန်လော့ ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၍ နေရာမှ ထပြီးလျှင် ကျောင်းသို့ ဝင်တော်မူ၏။

ထိုအခါ ရဟန်းတစ်ပါးသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ဟတ္ထကအာဠဝကထံသို့ ချဉ်းကပ်၍ ခင်းထားအပ်သော နေရာ၌ ထိုင်နေ၏။ ထိုအခါ ဟတ္ထကအာဠဝကသည် ထိုရဟန်းကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေ၏၊ ထိုရဟန်းသည် တစ်ခုသော အရပ်၌ ထိုင်နေသော ဟတ္ထကအာဠဝကကို ငါ့သျှင် ဒါယကာ သင့်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘော ခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား မိန့်ကြားတော် မူ၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ သီလရှိ၏။ ပ ။ပညာရှိ၏ ဟု မိန့်တော်မူ၏၊ ဒါယကာ သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤသဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ ဟု မြတ်စွာဘုရား မိန့်ကြားတော်မူ၏ ဟူ၍ ပြော၏။

အသျှင်ဘုရားအသို့ပါနည်း၊ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာ အရပ်၌ အဝတ်ဖြူ ဝတ်သော လူတစ်စုံတစ်ယောက် မရှိပါသလော ဟု လျှောက်၏၊ ဒါယကာ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာ အရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက်မျှ မရှိ ဟု မိန့်ဆို၏။

အသျှင်ဘုရား ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံ တစ်ယောက်မျှ အကယ်၍ မရှိသည် ဖြစ်အံ့၊ ကောင်းပါလေ၏ ဟု လျှောက်၏။

ထိုအခါ ထိုရဟန်းသည် ဟတ္ထကအာဠဝက၏ အိမ်မှ ဆွမ်းကို ခံယူပြီးလျှင် နေရာမှ ထ၍ ဖဲခွါသွားလေ၏။ ထိုအခါ ထိုရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် ဤစကားကို လျှောက်၏။ အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူပြီးလျှင် ဟတ္ထက အာဠဝက နေအိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သော နေရာ၌ ထိုင်ပါ၏၊ အသျှင်ဘုရား ထိုအခါ ဟတ္ထက အာဠဝကသည် အကျွန်ုပ်အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပါ၏၊

အသျှင်ဘုရား တစ်ခုသော နေရာ၌ ထိုင်နေသော ဟတ္ထကအာဠဝကကို အကျွန်ုပ်သည် ''ဒါယကာ သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏'' ဟု မြတ်စွာဘုရား မိန့်ကြားတော်မူ၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊
သီလရှိ၏။ ပ ။ အသျှင်ဘုရား ဤသို့ မြတ်စွာဘုရား မိန့်ကြားရာ အရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက်မျှ အကယ်၍ မရှိသည်ဖြစ်အံ့၊ ကောင်းပါလေ၏ ဟု ဆိုပါ၏ ဟူ၍ လျှောက်၏။

ရဟန်း ကောင်းစွ ကောင်းစွ၊ ထိုအမျိုးကောင်းသားသည် အလိုနည်း၏၊ မိမိ၌ ထင်ရှားရှိသည်သာလျှင် ဖြစ်သော ကုသိုလ်တရားတို့ကို သူတစ်ပါးတို့အား သိစေခြင်း၌ အလိုမရှိ၊ ရဟန်း ထို့ကြောင့်ပင် သင်သည် ဟတ္ထကအာဠဝကကို အလိုနည်းခြင်း ဟူသော အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤသဘောနှင့် လည်း ပြည့်စုံသောသူ ဟု မှတ်လေလော့ ဟု (မိန့်တော်မူ၏)။ 23

၃ - ပဌမ ဟတ္ထကသုတ်၊ ဂဟပတိဝဂ်၊ အဋ္ဌကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သူတော်ကောင်း ဥစ္စာ

သံခိတ္တဓနသုတ်

ရဟန်းတို့ သူတော်ကောင်း ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

၁... ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာ၊
၂... စောင့်ထိန်းမှု 'သီလ' ဥစ္စာ၊
၃... ရှက်မှု 'ဟိရီ' ဥစ္စာ၊
၎... ကြောက်လန့်မှု 'သြတ္တပ္ပ'ဥစ္စာ၊
၅... အကြားအမြင် 'သုတ' ဥစ္စာ၊
၆... စွန့်ကြဲမှု 'စာဂ' ဥစ္စာ၊
၇... သိမှု 'ပညာ' ဥစ္စာတို့တည်း။

ရဟန်းတို့ သူတော်ကောင်း ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း ဟု မိန့်တော်မူ၏။

အကြင် မိန်းမအား ဖြစ်စေ
အကြင် ယောက်ျားအား ဖြစ်စေ ထိုသူတော်ကောင်း ဥစ္စာ တို့သည် ရှိကုန်၏၊

ထိုသူတော်ကောင်း ဥစ္စာရှိသော မိန်းမယောက်ျားကို မဆင်းရဲသူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ ထိုသူ၏ အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင် အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သော သဒ္ဓါ တရားကို လည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ကြောင်း ဖြစ်သော သီလကို လည်းကောင်း အဖန်ဖန် အားထုတ်ရာသတည်း။5

၅ - သံခိတ္တဓနသုတ်၊ ဓနဝဂ်၊ သတ္တကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, August 29, 2009

သင်တို့၏ ဥစ္စာ မဟုတ်...

န တုမှသုတ် - (န= မရှိခြင်းသဘော။ တုမှံ= သင်တို့၏)

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏...

ရဟန်းတို့ ဤကိုယ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ သူတစ်ပါးတို့၏ ဥစ္စာလည်း မဟုတ်၊ ရဟန်းတို့ ဤကိုယ်သည် ကံဟောင်းကြောင့် ဖြစ်၏၊ အကြောင်းတရားတို့ ပြုစီရင်အပ်သော တရားတည်း၊ စေတနာကံလျှင် အရင်းခံရှိ၏၊ ခံစားမှု 'ဝေဒနာ'၏ တည်ရာဖြစ်၏ ဟူ၍ မှတ်အပ်၏။

ရဟန်းတို့ ထိုအရာ၌ အကြားအမြင်နှင့် ပြည့်စုံသော အရိယာတပည့်သည် ပဋိစ္စသမုပ္ပါဒ်ကိုသာလျှင် ကောင်းစွာ သင့်လျော်သောအားဖြင့် နှလုံးသွင်း၏- ''ဤသို့ ဤအကြောင်းတရား ရှိခဲ့သော် ဤအကျိုးတရား ဖြစ်၏၊ ဤ အကြောင်းတရား၏ ဖြစ်ခြင်းကြောင့် ဤအကျိုးတရား ဖြစ်၏၊ ဤအကြောင်းတရား မရှိခဲ့သော် ဤအကျိုးတရား မဖြစ်၊ ဤအကြောင်းတရား၏ ချုပ်ခြင်းကြောင့် ဤအကျိုးတရား ချုပ်၏၊ အကြင်မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ' အကြောင်းခံ ကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်၏။

မသိမှု 'အဝိဇ္ဇာ'၏သာ လျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုစီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤ သို့လျှင် အလုံးစုံသော ဆင်းရဲအစုချုပ်၏'' ဟု ဟောတော်မူ၏။ 37

၇ - န တုမှသုတ်၊ ကဠာရခတ္တယဝဂ်၊ နိဒါနသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, August 28, 2009

ရဟန်းယုတ်ကို ပညာရှိတို့လည်း စွပ်စွဲအပ်၏...



မဟာစောရသုတ်

ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးတို့သည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယက်၏၊ တစ်အိမ်တည်းကို သော်လည်း တိုက်ခိုက်လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက် လုယက်၏၊ အဘယ်သုံးမျိုးနည်းဟူမူ-

ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် -

၁... မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊
၂... တောအုပ်ကိုသော်လည်းအမှီရ၏၊
၃... အားကြီးသူကိုသော်လည်း အမှီရ၏။

အဘယ်သို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရသနည်း...
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် သွားလာ ကူးခက်သော မြစ်ကိုသော် လည်းကောင်း၊ မညီညွတ်သော တောင်ကိုသော် လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရသည် မည်၏။

အဘယ်သို့လျှင် ခိုးသူကြီးသည် တောအုပ်ကို အမှီရသနည်း...
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မြက်တောကိုသော် လည်းကောင်း၊ သစ်တောကိုသော် လည်းကောင်း၊ ထူထဲသော တောအုပ်ကိုသော် လည်းကောင်း၊ တောအုပ်ကြီးကိုသော် လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် တောကို အမှီရ၏။

အဘယ်သို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီရသနည်း...
ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မင်းတို့ကိုသော် လည်းကောင်း၊ မင်း၏ အမတ် ကြီးတို့ကိုသော် လည်းကောင်း အမှီရ၏၊ ထို ခိုးသူကြီးအား ''ငါ့ကို တစ်စုံ တစ်ယောက်သော သူသည် တစ်စုံ တစ်ရာကို ပြောငြားအံ့၊ ဤမင်းတို့ကသော် လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကြား ကုန်လတ္တံ့'' ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော် လည်းကောင်း၊ ထို မင်း၏ အမတ်ကြီး တို့ကသော် လည်းကောင်း အပြစ်ကို ကာကွယ်၍ ထို ခိုးသူကြီး၏ အကျိုးကို ပြောကုန်၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီ ရ၏။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက် လုယက်၏၊ တစ်အိမ်တည်းကို သော်လည်း တိုက်ခိုက် လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက် လုယက်၏။

ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲအပ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

အဘယ် သုံးမျိုးတို့နည်း ဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် -

၁... မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊
၂... တောအုပ်ကို သော်လည်း အမှီရ၏၊
၃... အားကြီးသူကိုသော်လည်း အမှီရ၏။

ရဟန်းယုတ်သည် အဘယ်သို့လျှင် မညီညွတ် သည်ကို အမှီရသနည်း...
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းယုတ်သည် မညီညွတ်သော ကာယကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော ဝစီကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော မနောကံနှင့် ပြည့်စုံ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် မညီညွတ်သည်ကို အမှီရသည် မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရသနည်း...
ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းယုတ်သည် မှားသော အယူရှိ၏၊ သဿတစသည်ဖြင့် စွဲယူသော 'အန္တဂ္ဂါဟိက' ဒိဋ္ဌိနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရ သည် မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသနည်း...
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏ အမတ်ကြီး တို့ကိုသော် လည်းကောင်း အမှီရ၏၊ ထိုရဟန်းယုတ်အား ''ငါ့ကို တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ဤမင်းတို့ကသော် လည်းကောင်း၊ ဤမင်း၏ အမတ်ကြီး တို့ကသော် လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကုန်လတ္တံ့'' ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံ တစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော် လည်းကောင်း၊ ထိုမင်း၏ အမတ်ကြီးတို့ကသော် လည်းကောင်း အပြစ်ကို ကာကွယ်၍ ထိုရဟန်း ယုတ်၏ အကျိုးကို ပြောကြကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသည် မည်၏။

ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက် ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာ ရှိတို့လည်း စွပ်စွဲ အပ်၏၊ များစွာသော မကောင်းမှု တို့ကိုလည်း ဖြစ်ပွါး စေ၏ ဟု မိန့်တော်မူ၏။ 51

၁၁ - မဟာစောရသုတ်၊ စူဠဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

တာလပုဋသုတ်



တာလပုဋသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ရှဥ့်နက်တို့အား အစာပေး ကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ တာလပုဋမည်သော ဇာတ်ဆရာကြီးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီး လျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် ဤစကားကို လျှောက်၏-

မြတ်စွာဘုရားပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် ဖြစ်ရ၏ ဟု ပြောဆို ကြကုန်သော ရှေးဆရာ့ဆရာ ကချေသည်တို့၏ စကားကို ကြားရဖူးပါ၏၊ ဤ အရာ၌ မြတ်စွာဘုရားသည် အဘယ်သို့ ဆိုလိုတော် မူပါသနည်း ဟု လျှောက်၏။

ဇာတ်ဆရာကြီး မသင့်လျော်...
ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း -ပ- (ပေယျာလ=မြှုပ်ထားသည်။ (ယခင်အတိုင်းသိ))

ဇာတ်ဆရာကြီး မသင့်လျော်...
ဤ စကားကို ရပ်လော့၊ ငါ့ကို မမေးလင့်ဟု တားမြစ်တော်မူ၏။

သုံးကြိမ်မြောက်လည်း -ပ- (ပေယျာလ=မြှုပ်ထားသည်။ (ယခင်အတိုင်းသိ))

''ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးလင့်'' ဟု မချွတ်လျှင် သင့်ကို ငါပြော၍ မရခဲ့ပေ၊ သို့ဖြစ်လျှင် သင့်အား ငါ ဖြေကြားအံ့၊ ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော စွဲမက်မှု 'ရာဂ' ရှိကုန် ၏၊ စွဲမက်မှု 'ရာဂ' နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ စွဲမက်မှုကို ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက် အလွန် ရှေးရှုဆောင်၏။

ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော အမျက် 'ဒေါသ' ရှိကုန်၏၊ အမျက် 'ဒေါသ' နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ အမျက်ထွက်စေတတ်သော တရားတို့ကို အတိုင်းထက်အလွန် ရှေးရှုဆောင်၏။

ဇာတ်ဆရာကြီး ရှေးအစကပင် သတ္တဝါတို့သည် မကင်းသော တွေဝေမှု 'မောဟ' ရှိကုန်၏၊ တွေဝေမှု 'မောဟ' နှောင်ကြိုးဖြင့် ဖွဲ့အပ်ကုန်၏၊ ထိုသူတို့အား ကချေသည်သည် ပွဲအလယ် သဘင်အလယ်၌ တွေဝေမှုကို ဖြစ်စေတတ်သော တရားတို့ကို အတိုင်းထက် အလွန် ရှေးရှုဆောင်၏။

ထိုကချေသည်သည် မိမိကိုယ်တိုင် ယစ်မူးမေ့လျော့လျက် သူတစ်ပါးတို့ကို ယစ်မူးမေ့လျော့စေရကား ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသ မည်သော ငရဲသို့ ရောက်ရ၏၊

''ပွဲအလယ် သဘင်အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျ မွေ့လျော်စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသမည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်၏'' ဟု ထိုသူအား အယူဖြစ်ခဲ့မူ ထိုသူ၏ အယူသည် မှားသော အယူသာ ဖြစ်၏၊ ဇာတ်ဆရာကြီး မှားသော အယူရှိသော ပုဂ္ဂိုလ်သတ္တဝါအား ငရဲတိရစ္ဆာန်ဟူသော လားရာ 'ဂတိ' နှစ်ပါးတို့တွင် တစ်ပါးပါး သော လားရာ 'ဂတိ'ကို ငါ ဟော၏ဟု မိန့်တော်မူ၏။


ဤသို့ မိန့်တော်မူသော် တာလပုဋဇာတ်ဆရာကြီးသည် ငိုလေ၏၊ မျက်ရည်ကျ၏။

''ဇာတ်ဆရာကြီး မသင့်လျော်၊ ဤစကားကို ရပ်လော့၊ ငါ့ကို မမေးပါလင့်'' ဟု သင့်ကို ငါ ပြော၍ မရခဲ့ပေ။ အသျှင်ဘုရား မြတ်စွာဘုရား ဤသို့ မိန့်တော်မူသော စကားကို တပည့်တော် ရည်ရွယ်ပြီး ငိုသည် မဟုတ်ပါ၊ အမှန်စင်စစ်သော်ကား ပွဲအလယ်သဘင် အလယ်၌ မှန်မမှန်အားဖြင့် လူအပေါင်းကို ရွှင်ပျမွေ့လျော် စေသော ကချေသည်သည် ခန္ဓာပျက်ကြွေ သေပြီးသည်မှ နောက်၌ ပဟာသ မည်သော နတ်တို့၏ အသင်းဝင် အဖြစ်သို့ ရောက်ရ၏ ဟု ရှေးဆရာ့ဆရာ ကချေသည်တို့သည် တပည့်တော်ကို အချိန်ကြာမြင့်စွာကပင် ကောက်ကျစ် လှည့်ပတ် ဖြားယောင်းအပ်ပါ၏။

အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဘုရား တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါပေစွ။ အသျှင်ဘုရား ဥပမာအားဖြင့် မှောက်ထားအပ်သော ဝတ္ထုကို လှန်ပြဘိသကဲ့သို့ လည်းကောင်း၊ ဖုံးလွှမ်း ထားအပ်သော ဝတ္ထုကို ဖွင့်ပြဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားသကဲ့သို့ လည်းကောင်း၊ 'မျက်စိအမြင် ရှိသူတို့သည်
အဆင်းတို့ကို မြင်ကြလိမ့်မည်' ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြသကဲ့သို့ လည်းကောင်း ဤအတူသာလျှင် မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ ပါပေ၏၊

အသျှင်ဘုရား ထိုအကျွန်ုပ်သည်...

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊
ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊

အသျှင်ဘုရား တပည့်တော်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ပဉ္စင်းအဖြစ်ကို ရလိုပါ၏ဟု လျှောက်၏။ တာလပုဋ ဇာတ်ဆရာကြီးသည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရ၏၊ ပဉ္စင်းအဖြစ်ကို ရ၏၊ အသျှင် တာလပုဋသည် ပဉ္စင်း ဖြစ်၍ မကြာမြင့်မီ။ပ။ ရဟန္တာတို့တွင် တစ်ပါး အပါအဝင် ဖြစ်လေ၏။ 354

၂ - တာလပုဋသုတ်၊ ဂါမဏိသံယုတ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



ဘေး...

အာဒီနဝဉာဏ် အကျယ်ပြခြင်း- မှ...

ဘေးဟု ထင်မြင်လာသောပညာသည် အဘယ်သို့လျှင် အာဒီနဝဉာဏ်မည်သနည်း။


ဖြစ်ပေါ်ခြင်းသည် ဘေးမည်၏ဟု ဘေးဟု ထင်ရာ၌ (ဖြစ်သော) ပညာသည် အာဒီနဝဉာဏ်မည်၏။
ဖြစ်ပွားခြင်းသည် -ပ-
သင်္ခါရနိမိတ်သည် -ပ-
နောင်ပဋိသန္ဓေ၏အကြာင်းဖြစ်သော အားထုတ်ခြင်းသည် -ပ-
တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းသည် -ပ-
ဂတိသည် -ပ-
ခန္ဓာတို့၏ ဖြစ်ခြင်းသည် -ပ-
မဟဂ္ဂုတ်ဝိပါက်၏ ဖြစ်ခြင်းသည် -ပ-
ပဋိသန္ဓေနေခြင်းသည် -ပ-
အိုခြင်းသည် -ပ-
နာခြင်းသည် -ပ-
သေခြင်းသည် -ပ-
စိုးရိမ်ခြင်းသည် -ပ-
ငိုကြွေး မြည်တမ်းခြင်းသည် -ပ-
ပြင်းစွာ ပင်ပန်းခြင်းသည် -ပ-

၈ - အာဒီနဝဉာဏ် အကျယ်ပြခြင်း-မှ၊ မဟာဝဂ်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်။ 53





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, August 27, 2009

အာမဂန္ဓသုတ် - (စိမ်းစော်နံ၊ စိမ်းညှီနံ့၊ အညှီအဟောက်)

အာမဂန္ဓသုတ် - (စိမ်းစော်နံ၊ စိမ်းညှီနံ့၊ အညှီအဟောက်)

တရားသဖြင့် ရအပ်သော မြက်သီးစပါး ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံရှိသော စပါး အလေ့ကျပေါက်သော ပဲနောက်တို့ကို လည်းကောင်း၊ သစ်ရွက်စိမ်းကို လည်းကောင်း၊ သစ်မြစ်သစ်ဥကို လည်းကောင်း၊ သစ်သီးဝလံကို လည်းကောင်း စားသုံးကြကုန်သော သူတော်ကောင်းတို့သည် ကာမကို အလိုရှိခြင်း ဟူသော အကြောင်းကြောင့် ချွတ်ယွင်းသော စကားကို မဆိုကြကုန်။ 1-242

ကဿပနွယ်ဖွား မြတ်စွာဘုရား ကောင်းစွာ ပြုစီရင်ပြီး ကောင်းစွာ ချက်ပြုတ် ပြီးဆုံးပြီးသော သူတစ်ပါးတို့ ပေးလှူအပ်သော မွန်မြတ်သော ငါးအမဲ ဟင်းလျာကိုလည်း စား, သလေးထမင်းကိုလည်း စားသော သင်သည် အညှီ အဟောက်ကို စားသည် မည်၏။ 2-243

ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူသော ကဿပမြတ်စွာဘုရား အညှီအဟောက် သည် ငါ့အား မအပ်ဟု အသျှင်ဘုရားဆိုသည် မဟုတ်ပါလော၊ သို့ပါလျက် ကောင်းစွာ စီရင်ထားသည့် ငှက်သားတို့နှင့် တကွ သလေးထမင်းကို စားဘိ၏၊ ကဿပမြတ်စွာဘုရား အသျှင်ဘုရားအား ဤအကြောင်းကို မေးပါ၏၊ အသျှင် ဘုရားပြောသော အညှီအဟောက်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။ 3-244

တိဿရသေ့ သူ့အသက်ကို သတ်ခြင်း နှိပ်စက်ညှဉ်းဆဲခြင်း လက်ခြေ စသည်ကို ဖြတ်ခြင်း နှောင်ဖွဲ့ခြင်း ခိုးယူခြင်း မမှန်ဆိုခြင်း စဉ်းလဲခြင်း လှည့်ပတ်ခြင်း အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း သူတစ်ပါး သားမယားကို ပေါင်းဖော်မှီဝဲခြင်း ဤသည်ကား အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 4-245

ဤလောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏၊ မစင်ကြယ်သော မိစ္ဆာဇီဝ အဖြစ်ကို မှီကုန်၏၊ နတ္ထိကဝါဒ အယူရှိကုန်၏၊ မညီညွတ်သော ကာယကံမှုစသည်နှင့် ပြည့်စုံ၏၊ သိစေနိုင်ခဲ ကုန်၏၊ ထိုသူတို့၏ ဤကာမတို့၌ မစောင့်စည်းမှုစသည်ပင် အညှီအဟောက် တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 5-246

အကြင်သူတို့သည် ခေါင်းပါးသော အတ္တကိလမထအကျင့် ရှိကုန်၏၊ ကြမ်းတမ်း ကုန်၏၊ သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏၊ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏၊ သနားခြင်း ကင်းကုန်၏၊ အလွန်မာန်လမူကုန်၏၊ မပေးတတ်သော အလေ့ရှိကုန်၏၊ တစ်စုံ တစ်ယောက်အား အနည်းငယ် မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤ အတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီ အဟောက် မဟုတ်။ 6-247

အမျက်ထွက်ခြင်း မာန်ယစ်ခြင်း ခက်ထန်ခြင်း ဆန့်ကျင်ဘက် ပြုလုပ်ခြင်း လှည့်ပတ်ခြင်း ငြူစူခြင်း ဝါကြွား ပလွှား၍ ပြောဆိုခြင်း အလွန်မာန်မူခြင်း သူယုတ်မာတို့နှင့် ပေါင်းသင်းဆက်ဆံခြင်း ဤသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 7-248

ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန်၏၊ ကြွေးမြီကို ယူ၍ မပေးဆပ် ဖျက်ဆီးတတ်သည့်ပြင် ကုန်းချောတတ်ကုန်၏၊ ဤလောက၌ တံစိုးစားကာ ကောက်ကျစ် စဉ်းလဲသဖြင့် တရားစီရင်တတ် ကုန်၏၊ သီလရှိယောင် အတုဆောင်တတ်ကုန်၏၊ အမိ အဖစသည် အပေါ်၌ ကြမ်းသော အမှုကို ပြုကုန်၏၊ ထိုသူတို့၏ မကောင်းသော အလေ့စသည်ပင် အညှီအဟောက်
တည်း၊ အသား တည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 8-249

ဤလောက၌ အကြင်သူတို့သည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့်စည်းကုန်၊
သူတစ်ပါးတို့၏ ဥစ္စာကိုယူ၍ ညှဉ်းဆဲရန် လုံ့လပြုကုန်၏၊ သီလ မရှိကုန်၊ ကြမ်းတမ်းသော အမှုရှိကုန်၏၊ ကြမ်းသော စကားရှိကုန်၏၊ ရိုသေခြင်း ကင်းကုန်၏၊ ထိုသူတို့၏ မစောင့်စည်းခြင်း စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီ အဟောက် မဟုတ်။ 9-250

အကြင်သူတို့သည် ဤသတ္တဝါတို့၌ မက်မောကုန်၏၊ မုန်းတီး ဆန့်ကျင်ကုန်၏၊ ပြစ်မှား လွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏၊ အကုသိုလ်ပြုရန် အမြဲမပြတ် လုံ့လပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏၊ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏၊ ထိုသူတို့၏ ဤမက်မောမှု စသည်ပင် အညှီ အဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ 10-251

ငါး အမဲတို့ကို မစားသောအဖြစ်သည် လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည် လည်းကောင်း၊ ဦးပြည်းခြင်းသည် လည်းကောင်း၊ ဆံကျစ်မြူမှုန် အညစ်အကြေး သည် လည်းကောင်း၊ ရသေ့ ပရိက္ခရာ သစ်နက်ရေတို့သည် လည်းကောင်း၊ မီးကို ပူဇော်ခြင်း မီးကို လုပ်ကျွေးခြင်းတို့သည် လည်းကောင်း ယုံမှားခြင်းမှ မကူး မြောက်သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘောရှိကုန်သော မသေရန် တောင့်တလျက် ကိုယ်ကို များစွာ ပူပန် စေတတ်သော အကျင့်တို့သည် လည်းကောင်း၊ ဗေဒင်တို့သည် လည်းကောင်း၊ ဟုံးပူဇော်သော အကျင့်တို့သည် လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည် လည်းကောင်း၊ နွေဥတု၌ အပူခံခြင်းစသော ဥတုကို မှီဝဲခြင်းတို့သည် လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေ နိုင်ကုန်။ 11-252

အကြင်သူသည် ထိုဣနြေ္ဒခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ဤဣနြေ္ဒတို့ကို ထင်ရှားသည်တို့ကို ပြုလျက် ကျင့်၏၊ သစ္စာလေးပါးတရား၌ တည်၏၊ ဖြောင့်မတ် သောသူ နူးညံ့သော သူ၏ အဖြစ်၌ မွေ့လျော်၏၊ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏၊ ဆင်းရဲအားလုံးကို ပယ်၏၊ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့်စုံသည် ဖြစ်၍ မြင်အပ် ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။ 12-253

ဤသို့ ကဿပမြတ်စွာဘုရားသည် ဤအနက်သဘောကို အထပ်ထပ် ဟောတော်မူ၏၊ ဗေဒင် တစ်ဖက်ကမ်း ရောက်သော တိဿရသေ့သည်လည်း ထိုအနက်ကို သိ၏၊ ကိလေသာ အညှီအဟောက် ကင်းတော်မူသော တဏှာဒိဋ္ဌိကို မှီတော်မမူသော သူတစ်ပါးတို့သည် အယူအားဖြင့် မဆွဲဆောင်နိုင်သော ကဿပ မြတ်စွာဘုရားသည် ဆန်းကြယ်သော ဂါထာတို့ဖြင့် ဟောတော်မူ၏။ 13-254

ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏ ကောင်းစွာ ဟောတော်မူအပ် သော ကိလေသာ အညှီ အဟောက် ကင်းသော ဝဋ်ဆင်းရဲ အားလုံးကို ပယ်ဖျောက်နိုင်သော တရားတော်ကို ကြားနာရ၍ နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်း အဖြစ်ကို ကြားလျှောက်၏။ 14-255

၂ - အာမဂန္ဓသုတ်၊ စူဠဝဂ်၊ သုတ္တနိပါတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, August 26, 2009

စကားသာ ကျက်စားရာ ရှိသူတို့သည်...

သဓာယမာနသုတ်

အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်...
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်းတို့၌
များစွာသော ရဟန်း အပေါင်းနှင့်အတူ ဒေသစာရီ လှည့်လည်တော်မူ၏။

ထိုအခါ များစွာသော လုလင်တို့သည်
မြတ်စွာဘုရား၏ မနီးမဝေး၌
ပြက်ရယ် ပြောဆိုခြင်း သဘောရှိကုန်လျက် ဖြတ်သန်း သွားကြကုန်၏။

မြတ်စွာဘုရားသည်
မနီးမဝေး၌ ပြက်ရယ် ပြောဆိုသော သဘောရှိသည် ဖြစ်၍
ဖြတ်သန်းသွားကြကုန်သော များစွာသော လုလင်တို့ကို မြင်သည်သာတည်း။

ထိုအခါ မြတ်စွာဘုရားသည်...
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌...

သတိလွတ်ကုန်သော
ပညာရှိယောင်ဆောင်ကုန်သော
စကားသာ ကျက်စားရာ ရှိသူတို့သည်
အလိုရှိသမျှ ခံတွင်းဟ၍ ပြောဆိုတတ်ကုန်၏၊

အရှက်မရှိခြင်း
မိမိကိုယ်ကို ပညာရှိဟု ထင်မှတ်မှုကို ဆောင်ကြောင်းဖြစ်သော
သတိကင်းလွတ်မှု စသည်ကိုမူ ထိုသူတို့ မသိကြလေကုန် ဟု
ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

၉ - သဓာယမာနသုတ်၊ သောဏဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။ 49

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဝစီကံကြောင့် ငရဲမှာ နှစ်ပေါင်းသောင်းချီ...

ဝစီကံတစ်ခုသည် ကြောက်စရာ ကောင်းလှပေသည်...
သုပ္ပဗုဒ္ဓကုဋ္ဌိသုတ် မှ...

ရဟန်းတစ်ပါးသည် မြတ်စွာဘုရားကို...
အသျှင်ဘုရား သုပ္ပဗုဒ္ဓကလူနူသည် လူတကာတို့ထက် ဆင်းရဲရခြင်း အထီးကျန် ရခြင်း ချို့တဲ့ရခြင်း အကြောင်းကား အဘယ်ပါနည်း။ အထောက်အပံ့ကား အဘယ်ပါနည်း ဟု လျှောက်၏။

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား သုပ္ပဗုဒ္ဓလူနူသည် ဤရာဇဂြိုဟ်ပြည်၌ပင် သူဌေးသား ဖြစ်ဖူး၏။ ထိုသူဌေးသားသည် ဥယျာဉ်သို့ ထွက်လတ်သော် (ရာဇဂြိုဟ်) မြို့သို့ ဆွမ်းခံဝင်သော တဂ္ဂရသိခီ ပစ္စေကဗုဒ္ဓါကို မြင်၍ ...

ဤသူသည် အဘယ်သူနည်း?
လူနူသည် လူနူအဝတ်ဖြင့် လှည့်လည်၏ ဟု

ကြံစည်ပြီးလျှင် တံတွေးထွေးကာ အရိုအသေ မပြုဘဲ ဖဲသွား၏။ ထိုသူဌေးသား သည် ထိုကံ၏ အကျိုးကြောင့် အနှစ်အရာ အနှစ်အထောင် အနှစ်အသောင်း တို့ပတ်လုံး ငရဲ၌ ကျရောက်၏။ ထိုကံ၏ အကျိုးကြွင်းကြောင့် ပင်လျှင် ဤ ရာဇဂြိုဟ်ပြည်၌ လူတကာတို့ထက် ဆင်းရဲသော အထီးကျန်သော ချို့တဲ့သော လူနူဖြစ်၏။

ထိုလူနူသည် မြတ်စွာဘုရား ဟောကြားအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကို မှီငြမ်းပြု၍ ယုံကြည်မှု 'သဒ္ဓါ' ကို ဆောက်တည်၏။ စောင့်ထိန်းမှု 'သီလ' ကို ဆောက်တည်၏။ အကြားအမြင် 'သုတ' ကို ဆောက်တည်၏။ စွန့်ကြဲမှု 'စာဂ' ကို ဆောက်တည်၏။ ပညာကို ဆောက်တည်၏။ ထိုလူနူသည် မြတ်စွာဘုရား ဟောကြားအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကို မှီငြမ်း ပြု၍ယုံကြည်မှု 'သဒ္ဓါ' ကို ဆောက်တည်သောကြောင့် စောင့်ထိန်း မှု 'သီလ' ကို အကြားအမြင် 'သုတ' ကို စွန့်ကြဲမှု 'စာဂ' ကို ပညာကို ဆောက်တည်သောကြောင့် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာဖြစ်သော တာဝတိံသာနတ်တို့၏ အပေါင်းအဖော်ဖြစ်သော နတ်ပြည်သို့ ရောက်၏။

ထိုသုပ္ပဗုဒ္ဓလူနူသည် ထိုတာဝတိံသာနတ်ပြည်၌ အဆင်းဖြင့် လည်းကောင်း၊ အခြံအရံဖြင့် လည်းကောင်း တစ်ပါးသော နတ်တို့ထက် လွန်၍ တင့်တယ်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည်
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''မျက်စိအမြင် ရှိသူသည် လုံ့လဝီရိယ ရှိလတ်သော် မညီညွတ်သော အရပ်တို့ကို ရှောင်ကြဉ်သကဲ့သို့ ဤအတူ သတ္တလောက၌ ပညာရှိသော သူသည် မကောင်းမှုတို့ကို ကြဉ်ရှောင်ရာ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 43

၃ - သုပ္ပဗုဒ္ဓကုဋ္ဌိသုတ် မှ၊ သောဏဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, August 25, 2009

အချို့သော မိန်းမသည်လည်း မြတ်၏...


*** မလ္လိကာသုတ်
သာဝတ္ထိနိဒါန်း။
ထိုအခါ၌ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ၌ တစ်ယောက်သော ယောက်ျားသည် ပသေနဒီကောသလမင်းထံသို့ ချဉ်းကပ်၍ ပသေနဒီကောသလမင်းကြီး၏ နားရင်းသို့ ကပ်၍ အရှင်မင်းကြီး ''မလ္လိကာ မိဖုရားသည် သမီးတော်ကို ဖွားမြင်ပါ၏'' ဟု ကြားလျှောက်၏၊


ဤသို့ ကြားလျှောက်သည် ရှိသော်
ပသေနဒီကောသလမင်းသည် နှလုံးမသာယာ ဖြစ်၏။


ထိုအခါ မြတ်စွာဘုရားသည် ပသေနဒီကောသလမင်း နှလုံးမသာယာသည်၏ အဖြစ်ကိုသိ၍ ထိုအချိန်၌ ဤဂါထာတို့ကို ရွတ်ဆိုတော်မူ၏-

လူတို့ကို အစိုးရသောမင်း သမီးတော်ကို ကျွေးမွေးသုတ်သင်လော့၊ ပညာရှိသော, အကျင့် သီလရှိသော, ယောက္ခမကို နတ်ကဲ့သို့ ရိုသေသော, လင်ကို လုပ်ကျွေးသော, အချို့သော မိန်းမသည်လည်း မြတ်၏။

အရပ်မျက်နှာတို့၏ အရှင်ဖြစ်သောမင်း ထိုမိန်မအား အကြင်သားယောက်ျားကို မွေးဖွား၏၊ ထိုသို့သဘောရှိသော မိန်မကောင်း၏ သားသည် ရဲရင့်၏၊ တိုင်းပြည်ကို လည်း အုပ်ချုပ် ဆုံးမနိုင်၏ ဟု ရွတ်ဆိုတော်မူ၏။ 127

၆ - မလ္လိကာသုတ်၊ ဒုတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ကြီးပွားကြောင်းနှင့် ပျက်စီးကြောင်း...

ဒီဃဇာဏုသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောဠိယမြို့ ကက္ကရပတ္တမည်သော ကောဠိယမင်းတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဒီဃဇာဏု မည်သော ကောဠိယမင်းသားသည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား-

''အသျှင်ဘုရား ကာမဂုဏ် ခံစားကုန်သော လူဖြစ်သော အကျွန်ုပ်တို့သည် သားမယားတို့ဖြင့် ကျဉ်းမြောင်းသော အိမ်၌ နေရပါကုန်၏၊ ကာသိတိုင်းဖြစ် စန္ဒကူးကို သုံးဆောင် ခံစားကုန်၏၊ ပန်း နံ့သာ နံ့သာပျောင်းကို ပန်ဆင် လိမ်းကျံကုန်၏၊ ရွှေငွေကို သာယာကုန်၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား မျက်မှောက်ဘဝ၌ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ တမလွန်ဘဝ၌ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်နိုင်ရာသော တရားကို ဟောတော်မူပါ'' ဟု လျှောက်၏။

ဗျဂ္ဃပဇ္ဇအမျိုးသား
ဤတရားလေးမျိုးတို့သည် အမျိုးကောင်းသားအား မျက်မှောက်ဘဝ၌
အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ -

၁... ထကြွလုံ့လနှင့် ပြည့်စုံမှု 'ဥဋ္ဌာနသမ္ပဒါ'၊
၂... စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု 'အာရက္ခသမ္ပဒါ'၊
၃... မိတ်ဆွေကောင်းရှိမှု 'ကလျာဏမိတ္တတာ'၊
၎... မျှတစွာ အသက်မွေးမှု 'သမဇီဝိတာ'တို့တည်း။

၁... ထကြွလုံ့လနှင့် ပြည့်စုံမှု 'ဥဋ္ဌာနသမ္ပဒါ'...
ဗျဂ္ဃပဇ္ဇအမျိုးသား ထကြွလုံ့လနှင့် ပြည့်စုံမှု 'ဥဋ္ဌာနသမ္ပဒါ' ဟူသည် အဘယ်နည်း၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤလောက၌ အမျိုးကောင်းသားသည် အသက်မွေးကြောင်း အလုပ်ဖြစ်သော လယ်လုပ်ခြင်းဖြင့်ဖြစ်စေ ကုန်သွယ်ခြင်းဖြင့်ဖြစ်စေ နွားကျောင်းခြင်းဖြင့်ဖြစ်စေ လေးသမားအတတ်ဖြင့်ဖြစ်စေ မင်းလုလင် အလုပ်ဖြင့်ဖြစ်စေ အခြားအတတ်ပညာ တစ်မျိုးမျိုးဖြင့် ဖြစ်စေ အသက်မွေးမှုပြု၏၊ ထိုအလုပ်၌ ကျွမ်းကျင်၏၊ ပျင်းရိမှုမရှိ၊ (ထိုလုပ်ငန်း၌) အကြောင်းကို စုံစမ်းတတ်သော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန်လည်း စွမ်းနိုင်၏၊ စီမံရန်လည်း စွမ်းနိုင်၏၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤသည်ကို ထကြွလုံ့လနှင့် ပြည့်စုံမှု'ဥဋ္ဌာနသမ္ပဒါ' ဟူ၍ ဆိုအပ်၏။

၂... စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု 'အာရက္ခသမ္ပဒါ'...
ဗျဂ္ဃပဇ္ဇ အမျိုးသား စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု 'အာရက္ခသမ္ပဒါ' ဟူသည် အဘယ်နည်း၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤလောက၌ အမျိုးကောင်းသားအား ထကြွ လုံ့လကြောင့် ရအပ်ကုန်သော လက်ရုံးအားကိုး ဆည်းပူးအပ်ကုန်သော ချွေးဒီးဒီးကျ ပြုအပ်ကုန်သော တရားနှင့် လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော စည်းစိမ် (ဥစ္စာ)တို့သည် ရှိကုန်၏၊ ထိုစည်းစိမ် (ဥစ္စာ)တို့ကို ''အဘယ်သို့လျှင် ငါ၏ ဤစည်းစိမ် ဥစ္စာတို့ကို မင်း (အစိုးရ)တို့ မဆောင်ယူနိုင် ကုန်ရာသနည်း၊ ခိုးသူတို့ မဆောင်ယူနိုင်ကုန်ရာသနည်း၊ မီးမလောင်နိုင်ရာ သနည်း၊ ရေမမျောနိုင်ရာသနည်း၊ မချစ်မနှစ် သက်သူ (အမွေခံဆိုး)တို့ မဆောင်ယူနိုင် ကုန်ရာသနည်း'' ဟု စောင့်ရှောက်ခြင်း လုံခြုံစေခြင်းနှင့် ပြည့်စုံစေ၏။ ဗျဂ္ဃပဇ္ဇအမျိုးသား ဤသည်ကို စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု 'အာရက္ခသမ္ပဒါ' ဟု ဆိုအပ်၏။

၃... မိတ်ဆွေကောင်းရှိမှု 'ကလျာဏမိတ္တတာ'...
ဗျဂ္ဃပဇ္ဇအမျိုးသား မိတ်ဆွေကောင်းရှိမှု 'ကလျာဏမိတ္တတာ' ဟူသည် အဘယ်နည်း၊ ဗျဂ္ဃပဇ္ဇ အမျိုးသား ဤလောက၌ အမျိုးကောင်းသားသည် အကြင် ရွာ၌ဖြစ်စေ နိဂုံး၌ဖြစ်စေ နေ၏၊ ထိုရွာ နိဂုံး၌ ရှိသော ငယ်သော်လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန်သော ကြီး၍လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန် သဒ္ဓါတရားနှင့် ပြည့်စုံကုန် သီလနှင့် ပြည့်စုံကုန် စွန့်ကြဲခြင်းနှင့် ပြည့်စုံကုန် ပညာနှင့် ပြည့်စုံကုန် သော သူကြွယ်တို့နှင့်ဖြစ်စေ သူကြွယ်သားတို့နှင့်ဖြစ်စေ အတူနေ၏၊ အတူပြောဆို၏၊ အတူ ဆွေးနွေး၏၊ ယင်းသဒ္ဓါတရားနှင့် ပြည့်စုံသူတို့၏ သဒ္ဓါတရားနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းသီလနှင့် ပြည့်စုံသူတို့၏ သီလနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းစွန့်ကြဲခြင်းနှင့် ပြည့်စုံသူတို့၏ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းပညာနှင့် ပြည့်စုံသူတို့၏ ပညာနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏။ ဗျဂ္ဃပဇ္ဇအမျိုးသား ဤသည်ကို မိတ်ဆွေကောင်းရှိမှု 'ကလျာဏ မိတ္တတာ' ဟူ၍ ဆိုအပ်၏။

၎... မျှတစွာ အသက်မွေးမှု 'သမဇီဝိတာ'...
ဗျဂ္ဃပဇ္ဇအမျိုးသား မျှတစွာ အသက်မွေးမှု 'သမဇီဝိတာ' ဟူသည် အဘယ်နည်း၊ ဗျဂ္ဃပဇ္ဇ အမျိုးသား ဤလောက၌ အမျိုးကောင်းသားသည် စည်းစိမ်ဥစ္စာတို့၏ တိုးပွါးမှု (ဝင်ငွေ)ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ) ကို လည်းကောင်း သိ၍ ''ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (ဝင်ငွေ) သည် ဆုတ်ယုတ်မှု (ထွက်ငွေ) ထက် များလိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (ဝင်ငွေ) ထက် များလိမ့်မည် မဟုတ်'' ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ဗျဂ္ဃပဇ္ဇ အမျိုးသား ဥပမာသော်ကား ရာဇူကိုင်သမားသည် လည်းကောင်း၊ ရာဇူကိုင်၏ တပည့်သည် လည်းကောင်း ရာဇူ (ချိန်ခွင်)ကို မြှောက်၍ ဤမျှလောက်ဖြင့် ''အောက်သို့ နိမ့်၏၊ ဤမျှလောက်ဖြင့် အထက်သို့ မြင့်၏'' ဟု သိသကဲ့သို့၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤအတူသာလျှင် အမျိုးကောင်းသားသည် စည်းစိမ်ဥစ္စာတို့၏ တိုးပွါးမှု (ဝင်ငွေ) ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ) ကို လည်းကောင်းသိ၍ ''ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (ဝင်ငွေ)သည် ဆုတ်ယုတ်မှု (ထွက်ငွေ)ထက် များလိမ့်မည်၊ ငါ၏ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (ဝင်ငွေ) ထက် များလိမ့်မည် မဟုတ်'' ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ဗျဂ္ဃပဇ္ဇအမျိုးသား ဤအမျိုးကောင်းသားသည် တိုးပွါးမှု (ဝင်ငွေ)နည်းသည် ဖြစ်ပါလျက် အထက်တန်းကျသော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ ထိုသူအား ''ဤအမျိုးကောင်းသားသည် သဖန်းသီးကို စားသူကဲ့သို့ စည်းစိမ်ဥစ္စာတို့ကို သုံးဆောင်စားသောက်၏'' ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤအမျိုးကောင်းသားသည် တိုးပွါးမှု (ဝင်ငွေ) များသည် ဖြစ်လျက် ငြိုငြင်ဆင်းရဲသော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ ထိုသူအား ဤအမျိုးသားသည် ''အကြီးအကဲ မရှိသော (အားထားရာမဲ့) သေခြင်းကဲ့သို့ သေရလိမ့်မည်'' ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ဗျဂ္ဃပဇ္ဇအမျိုးသား အမျိုးကောင်းသားသည် စည်းစိမ်ဥစ္စာတို့၏ တိုးပွါးမှု (ဝင်ငွေ) ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ) ကို လည်းကောင်း သိ၍ ''ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (ဝင်ငွေ)သည် ဆုတ်ယုတ်မှု (ထွက်ငွေ)ထက် များလိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ)သည် တိုးပွါးမှု (ဝင်ငွေ)ထက် များလိမ့်မည် မဟုတ်'' ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ဗျဂ္ဃပဇ္ဇအမျိုးသား ဤသည်ကို မျှတစွာ အသက်မွေးမှု 'သမဇီဝိတာ' ဟု ဆိုအပ်၏။


ဗျဂ္ဃပဇ္ဇအမျိုးသား...
ဤသို့လျှင် ဖြစ်ပေါ်လာကုန်သော စည်းစိမ်ဥစ္စာတို့၏ ပျက်စီးကြောင်းတို့သည်...

၁... မိန်းမ လိုက်စားမှု...
၂... သေသောက်ကြူးမှု...
၃... အလောင်းအစားကြူးမှု...
၎... ယုတ်မာသော အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူရှိမှုဟု လေးမျိုးတို့ ဖြစ်ကုန်၏။

ဗျဂ္ဃပဇ္ဇအမျိုးသား ဥပမာသော်ကား ကြီးစွာသော တစ်ဖက်ဆည် ကန်၌ ရေဝင်ပေါက် လေးခု ရေထွက်ပေါက် လေးခုတို့ ရှိကြကုန်ရာ ယောက်ျားသည် ထိုတစ်ဖက်ဆည်ကန်၏ ရေဝင်ပေါက်တို့ကို ပိတ်ရာ၏၊ ရေထွက်ပေါက်တို့ကို ဖွင့်ရာ၏၊ မိုးသည်လည်း ကောင်းစွာ မရွာသွန်းရာ၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤသို့ ဖြစ်သည်ရှိသော် ထိုတစ်ဖက် ဆည်ကန်ကြီးသည် ယုတ်လျော့မည်သာ ဧကန် ဖြစ်လိမ့်မည်၊ တိုးပွါးမည်ကား မဟုတ်တော့ပေ၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤ အတူသာလျှင် ဤသို့ ဖြစ်ပေါ်လာကုန်သော စည်းစိမ်ဥစ္စာတို့၏ ပျက်စီးကြောင်း တို့သည် မိန်းမ လိုက်စားမှု၊ သေသောက်ကြူးမှု၊ အလောင်းအစားကြူးမှု၊ ယုတ်မာသော အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူရှိမှု ဟု လေးမျိုးတို့ ဖြစ်ကုန်၏။


ဗျဂ္ဃပဇ္ဇအမျိုးသား...
ဤသို့လျှင် ဖြစ်ပေါ်လာကုန်သော စည်းစိမ်ဥစ္စာတို့၏ တိုးပွါးကြောင်းတို့သည်...

၁... မိန်းမ မလိုက်စားမှု...
၂... သေသောက် မကြူးမှု...
၃... အလောင်းအစား မကြူးမှု...
၎... ကောင်းသော အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ ရှိမှု ဟု လေးမျိုးတို့ ဖြစ်ကုန်၏။

ဗျဂ္ဃပဇ္ဇအမျိုးသား ဥပမာသော်ကား ကြီးစွာသော တစ်ဖက် ဆည်ကန်၌ ရေဝင်ပေါက်လေးခု ရေထွက်ပေါက် လေးခုတို့ရှိရာ ယောက်ျားသည် ထိုရေကန်၏ ရေဝင်ပေါက်တို့ကို ဖွင့်ရာ၏၊ ရေထွက်ပေါက်တို့ကို ပိတ်ရာ၏၊ မိုးသည်လည်း သည်းထန်စွာ ရွာသွန်းရာ၏၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤသို့ ဖြစ်သည် ရှိသော် ထိုတစ်ဖက် ဆည်ကန်ကြီးသည် တိုးပွါးမည်သာ ဧကန် ဖြစ်လိမ့်မည်၊ ယုတ်လျော့မည်ကား မဟုတ်တော့ပေ၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤအတူသာလျှင် ဤသို့ ဖြစ်ပေါ်လာကုန်သော စည်းစိမ်ဥစ္စာတို့၏ တိုးပွါးကြောင်းတို့သည် မိန်းမ မလိုက်စားမှု၊ သေသောက် မကြူးမှု၊ အလောင်းအစား မကြူးမှု၊ ကောင်းသော အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူရှိမှု ဟု လေးမျိုးတို့ ဖြစ်ကုန်၏။


ဗျဂ္ဃပဇ္ဇအမျိုးသား ဤတရားလေးမျိုးတို့သည်ကား အမျိုးကောင်းသားအား မျက်မှောက်ဘဝ၌ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏။ ဗျဂ္ဃပဇ္ဇ အမျိုးသား ဤတရားလေးမျိုးတို့သည်ကား အမျိုးကောင်းသားအား တမလွန်ဘဝ၌ အစီးအပွါး အလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏၊

အဘယ်လေးမျိုးတို့နည်းဟူမူ...

၁... သဒ္ဓါတရားနှင့် ပြည့်စုံမှု 'သဒ္ဓါသမ္ပဒါ'၊
၂... အကျင့်သီလနှင့် ပြည့်စုံမှု 'သီလသမ္ပဒါ'၊
၃... စွန့်ကြဲခြင်းနှင့် ပြည့်စုံမှု 'စာဂသမ္ပဒါ'၊
၎... ပညာနှင့် ပြည့်စုံမှု 'ပညာသမ္ပဒါ'တို့တည်း။

၁...
ဗျဂ္ဃပဇ္ဇအမျိုးသား သဒ္ဓါတရားနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊
ဗျဂ္ဃပဇ္ဇအမျိုးသား ဤလောက၌ အမျိုးကောင်းသားသည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်ကို ယုံကြည်၏၊ ''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့် လည်း အရဟံ မည်တော်မူ၏။ပ။(ဂုဏ်တော်များကို ယုံကြည့်၏) ဗျဂ္ဃပဇ္ဇအမျိုးသား ဤသည်ကို သဒ္ဓါတရားနှင့် ပြည့်စုံမှု 'သဒ္ဓါသမ္ပဒါ' ဟု ဆိုအပ်၏။

၂...
ဗျဂ္ဃပဇ္ဇအမျိုးသားအကျင့်သီလနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊
ဗျဂ္ဃပဇ္ဇအမျိုးသား ဤသာသနာတော်၌ အမျိုးကောင်း သားသည် သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏။ ဗျဂ္ဃပဇ္ဇအမျိုးသား ဤသည်ကို အကျင့် သီလနှင့် ပြည့်စုံမှု 'သီလသမ္ပဒါ' ဟု ဆိုအပ်၏။

၃...
ဗျဂ္ဃပဇ္ဇအမျိုးသား စွန့်ကြဲခြင်းနှင့် ပြည့်စုံမှု ဟူသည် အဘယ်နည်း၊
ဗျဂ္ဃပဇ္ဇအမျိုးသား ဤ့သာသနာတော်၌ အမျိုးကောင်းသားသည် လွတ်လွတ် စွန့်ကြဲမှုရှိ၏၊ (စွန့်ကြဲအံ့ဟု) ဆေးကြောအပ်သော လက်ရှိသူ၊ စွန့်ကြဲခြင်း၌ မွေ့လျော်သူ၊ တောင်းခံခြင်းငှါ ထိုက်သူ၊ ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်သူ ဖြစ်၍ မစ္ဆရိယတည်း ဟူသော အညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်လျက် နေ၏။ ဗျဂ္ဃပဇ္ဇအမျိုးသား ဤသည်ကို စွန့်ကြဲခြင်းနှင့် ပြည့်စုံမှု 'စာဂသမ္ပဒါ' ဟု ဆိုအပ်၏။

၎...
ဗျဂ္ဃပဇ္ဇအမျိုးသား ပညာနှင့် ပြည့်စုံမှု ဟူသည် အဘယ်နည်း၊
ဗျဂ္ဃပဇ္ဇအမျိုးသား ဤ သာသနာတော်၌ အမျိုးကောင်းသားသည် ပညာရှိ၏၊ ရုပ်နာမ်ကို ဖောက်ခွဲ၍ သိမြင်နိုင်သော၊ ဝဋ် ဆင်းရဲ၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော၊ အဖြစ် အပျက်ကို ထိုးထွင်း၍ သိသော၊ မြတ်သော ပညာနှင့် ကောင်းစွာ ပြည့်စုံ၏၊ ဗျဂ္ဃပဇ္ဇအမျိုးသား ဤသည်ကို ပညာနှင့် ပြည့်စုံမှု 'ပညာသမ္ပဒါ'ဟု ဆိုအပ်၏။

ဗျဂ္ဃပဇ္ဇအမျိုးသား ဤတရားလေးမျိုးတို့သည်ကား အမျိုးကောင်းသားအား တမလွန်ဘဝ၌ အစီးအပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏ ဟု (မိန့်တော်မူ၏)။

အလုပ်လုပ်ရာဌာနတို့၌ ထကြွ လုံ့လရှိလျက် မမေ့မလျော့မူ၍ အထူးစီမံခြင်းနှင့် ပြည့်စုံသော ယောက်ျားသည် မျှတစွာ အသက်မွေးမှုကိုပြု၏၊ ဆည်းပူးအပ်ပြီး သော ဥစ္စာကို အစဉ်စောင့်ရှောက်၏။ သဒ္ဓါတရားရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ တောင်းခံသူတို့၏ စကားကို သိတတ်၏၊ မစ္ဆရိယကင်း၏၊ တမလွန် ဘဝ၌ ချမ်းသာကြောင်းဖြစ်သော (ကုသိုလ်) လမ်းကို အမြဲသုတ်သင်၏။ ဤသို့လျှင် ဤတရား ရှစ်မျိုးတို့သည် အိမ်ထောင်ဝတ်ကို ရှာမှီးလေ့ရှိသော သဒ္ဓါ တရားနှင့် ပြည့်စုံသူအား မျက်မှောက်ဘဝ၌ အစီးအပွါး အလို့ငှါ လည်းကောင်း၊ တမလွန်ဘဝ၌ ချမ်းသာခြင်းငှါ လည်းကောင်း နှစ်ပါးစုံသော ဘဝ၌ ချမ်းသာကို ဆောင်တတ်ကုန်၏ ဟူ၍ အမည်မှန်ရှိသော မြတ်စွာဘုရားသည် ဟောကြား တော်မူအပ်၏၊

ဤသို့လျှင် လူဖြစ်သောသူတို့အား...
စွန့်ကြဲမှုစာဂ ထိုမှကြွင်းသော ကောင်းမှုကုသိုလ်သည် တိုးပွါး၏။ 54

၎ - ဒီဃဇာဏုသုတ်၊ ဂေါတမီဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မရှင်းသေးရင် အကျယ်ဖတ်နိုင်ပါသေးတယ်...

သံဃာညီညွတ်မှုကို ပြုသောကြောင့်...



သံဃသာမဂ္ဂီသုတ်...

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများ အကျိုးစီးပွါး ရှိရန်လူအများ ချမ်းသာရန် လူအများ အကျိုးရှိရန် နတ်လူတို့ အကျိုးစီးပွါးရှိရန် ချမ်းသာရန်သာ ဖြစ်၏။

တစ်ခုသော တရားဟူသည် အဘယ်နည်း။
သံဃာညီညွတ်မှုတည်း။

ရဟန်းတို့ သံဃာ ညီညွတ်သည်ရှိသော် သံဃာ ညီညွတ်ခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်းခြိမ်းခြောက်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့ သည်လည်း မဖြစ်ကုန်။ အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း မဖြစ်ကုန်။ ထိုသံဃာ ညီညွတ်ရာ၌ မကြည် ညိုသေးသော သူတို့သည်လည်း ကြည်ညိုကုန်၏။ ကြည်ညိုပြီးသူတို့သည်လည်း တိုး၍ ကြည်ညိုကုန်၏။
ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက် သဘောကို -
''သံဃာ ညီညွတ်မှုသည် လည်းကောင်း၊ ညီညွတ်သူတို့အား ချီးမြှောက်မှုသည် လည်းကောင်းချမ်းသာ၏။ ညီညွတ်မှု ၌ မွေ့လျော်၍ တရား၌ တည်သောသူသည် ယောဂ လေးဖြာကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်နိုင်၊ သံဃာညီညွတ်မှုကို ပြုသောကြောင့် အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏'' ဟု ဤဂါထာ ဖြင့်ဆိုအပ်၏။

ဤအနက် သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာ ခဲ့ရပါသည်။ 19

၉ - သံဃသာမဂ္ဂီသုတ်၊ ဒုတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, August 24, 2009

ကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်၏ ပြည့်စုံရမည့်အကြောင်း...


ပဓာနိယင်္ဂသုတ်

ရဟန်းတို့ ကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်၏ ပြည့်စုံရမည့်အကြောင်း အင်္ဂါတို့သည် ဤငါးမျိုးတို့တည်း။

အဘယ် ငါးမျိုး တို့နည်း ဟူမူ -
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါတရား' ရှိ၏၊

၁...
ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့် လည်း အရဟံ မည်တော်မူ၏၊

အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့် လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊

အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်း ကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊

ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊

လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊

ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်း ကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊

နတ်လူတို့၏ ဆရာ ဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊

သစ္စာလေးပါးကို သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓမည်တော်မူ၏၊

ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏'' ဟု
မြတ်စွာဘုရား၏ အရဟတ္တ မဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။


၂...
အနာကင်း၏၊ ရောဂါကင်း၏၊ မအေးလွန်း မပူလွန်းသော အလယ်အလတ် ဖြစ်၍ ကမ္မဋ္ဌာန်း စီးဖြန်းခြင်းငှါ ခံ့သော အစာကို အညီအမျှ ကြေကျက်စေတတ်သည့် ဝမ်းမီးနှင့် ပြည့်စုံ၏။

၃...
စဉ်းလဲမှု လှည့်ပတ်မှု မရှိ၊ ဆရာ၌ လည်းကောင်း၊ ပညာရှိ သီတင်းသုံးဖော်တို့၌ လည်းကောင်း ဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာ ပြုတတ်၏။

၎...
အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန် သော ဝီရိယရှိသည် ဖြစ်၍ နေထိုင်၏၊ အားနှင့်ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။

၅...
ပညာရှိ၏၊ ဖြစ်မှု ပျက်မှုကို သိ၍ ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲ ကုန်ခန်းရာ (နိဗ္ဗာန်)သို့ ကောင်းစွာ ရောက်စေတတ်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။

ရဟန်းတို့ (ကမ္မဋ္ဌာန်း) အားထုတ်သော ပုဂ္ဂိုလ်၏ (ပြည့်စုံရမည့်အကြောင်း) အင်္ဂါတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။ 53

၃ - ပဓာနိယင်္ဂသုတ်၊ နီဝရဏဝဂ်၊ ပဉ္စကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

ကမ္မဋ္ဌာန်း အားထုတ်သော ပုဂ္ဂိုလ်၏ ပြည့်စုံရမည့်အကြောင်း...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မိတ်ဆွေကောင်းတို့၏ စကား...

ဒုတိယသေခသုတ်...

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤမိတ်ဆွေကောင်းရှိမှုသည် အရဟတ္တဖိုလ်သို့ မရောက်သေးသော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို တောင့်တလျက် နေသော သေက္ခရဟန်း၏ အပြင်ဗာဟိရဖြစ်သော အကြောင်းအင်္ဂါတည်းဟု နှလုံးပြု၍ ကျေးဇူးများ သကဲ့သို့ ဤအတူ မိတ်ဆွေကောင်းရှိမှုမှ တစ်ပါး အခြား ကျေးဇူးများသော တရား တစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ၊ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အကုသိုလ်ကို ပယ်စွန့်၍ ကုသိုလ်ကို ပွါးစေနိုင်၏။
ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

''မိတ်ဆွေကောင်းရှိသူ အကြင်ရဟန်းသည် တုပ်ဝပ်ခြင်း ရှိ၏။ ရိုသေခြင်း ရှိ၏။ မိတ်ဆွေကောင်းတို့၏ စကားကို လိုက်နာ ပြုကျင့်၏။ ပညာ အဆင်အခြင် ရှိ၏။ သတိ အမြဲပြု၏။ ထိုရဟန်းသည် ဝိပဿနာ အစဉ်အားဖြင့် သံယောဇဉ် အားလုံးတို့၏ ကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာ ခဲ့ရပါသည်။ 17

၇ - ဒုတိယသေခသုတ်၊ ဒုတိယဝဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, August 22, 2009

နတ်များကတောင် ကဲ့ရဲ့ကုန်ပြီ...


ပါကတိန္ဒြိယသုတ် - (ဟင်းလင်းသောဣနြေ္ဒရှိသည်)

အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ကောသလတိုင်း တောအုပ် တစ်ခု၌ ပျံ့လွင့်သော စိတ်ရှိကုန်သည် တက်ကြွထောင်လွှားကုန်သည် လျှပ်ပေါ်ကုန်သည် နှုတ်ကြမ်းကုန်သည် ဖရိုဖရဲကြဲသော စကားရှိကုန်သည် သတိလွတ်ကုန်သည် အဆင်အခြင် မရှိကုန်သည် မတည်ကြည်ကုန်သည် တုန်လှုပ်သော စိတ်ရှိကုန်သည် ပေါ်လွင်သော ဣနြေ္ဒရှိကုန်သည်ဖြစ်၍ နေကုန်၏၊ ထိုအခါ ထိုတောအုပ်၌ စိုးအုပ်၍နေသော နတ်သည် ထိုရဟန်းတို့အား အစဉ်သနားခြင်းရှိသည် ဖြစ်၍ အကျိုးစီးပွားကို လိုသောကြောင့် ထိုရဟန်းတို့ကို ထိတ်လန့်စေလိုရကား ထိုရဟန်းတို့ထံသို့ ချဉ်းကပ်ပြီးလျှင် ရဟန်းတို့ကို ဂါထာတို့ဖြင့် ရွတ်ဆို လျှောက်ထား၏-

''ရှေးအခါက ဂေါတမမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ရဟန်းတို့သည် ချမ်းသာစွာ အသက်မွေးလေ့ရှိကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည် ဖြစ်၍ ဆွမ်းကို ရှာမှီးကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည်ဖြစ်၍ အိပ်ရာနေရာကို ရှာမှီးကုန်၏၊ ထိုရဟန်းတို့သည် လောက၌ မမြဲခြင်းကို သိကုန်၍ ဆင်းရဲ၏ အဆုံးကို ပြုကုန်၏။ ဤသာသနာတော်၌ အချို့သော ရဟန်းတို့သည် 'ရွာ၌ ရွာသူကြီးတို့ကဲ့သို့' မိမိကိုယ်ကို မကောင်းသဖြင့် အသက်မွေးမြူ၍ လွန်စွာ စားကုန်၍ သူတစ်ပါး အိမ်ရာတို့၌ မိန်းမောကုန်သည် ဖြစ်၍ အိပ်ကုန်၏။

သံဃာတော်အား လက်အုပ်ချီ၍ အကျွန်ုပ် လျှောက်ထားလိုပါ၏၊
သူသေကောင်တို့ကို စွန့်အပ်ကုန် သကဲ့သို့ ထို့အတူ ထောက်တည်ရာ မရှိသော ထိုရဟန်းတို့ကို စွန့်အပ်ကုန်၏။

အကြင် ရဟန်းတို့သည် မေ့လျော့ကုန်သည် ဖြစ်၍ နေကုန်၏၊
ထိုရဟန်းတို့ကို ရည်ညွှန်း၍ အကျွန်ုပ် ဆိုပါ၏၊

အကြင် ရဟန်းတို့သည် မမေ့မလျော့ကုန်သည်ဖြစ်၍ နေကုန်၏၊
ထိုရဟန်းတို့အား အကျွန်ုပ်သည် ရှိခိုးပါ၏'' ဟု လျှောက်၏။

ထိုအခါ ထိုရဟန်းတို့သည်...
ထိုနတ် ထိတ်လန့်စေအပ်သည် ဖြစ်၍ ထိတ်လန့်ခြင်းသို့ ရောက်ကုန်၏။ 233

၁၃ - ပါကတိန္ဒြိယသုတ်၊ ဝနသံယုတ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, August 21, 2009

မာတုဂါမသည် ဤငါးဌာနတို့ကို ရနိုင်ကုန်၏...

ဌာနသုတ်- (အကြောင်း ၊ တည်ရာ၊ အရပ်၊ ရာထူး)

ရဟန်းတို့...
ကောင်းမှုကို ပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနတို့ကို ရလွယ်၏။

အဘယ် ငါးဌာနတို့နည်း-

၁...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်လို၏ဟူသော ဤပဌမဌာနကို ရလွယ်၏၊

၂...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သောအမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်လို၏ဟူသော ဤဒုတိယဌာနကို ရလွယ်၏၊

၃...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော် သော အမျိုးသို့ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေလို၏ဟူသော ဤတတိယဌာနကို ရလွယ်၏၊

၎...
ရဟန်းတို့ကောင်းမှု ပြုခဲ့ ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သောအမျိုးသို့ ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူ ဖြစ်လို၏ ဟူသော ဤစတုတ္ထဌာနကို ရလွယ်၏၊

၅...
ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင် ရန်သူ(လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီးရှိသူ ဖြစ်လျက် လင်ကို လွှမ်းမိုး၍ ဖြစ်လို၏ ဟူသော ဤပဉ္စမဌာနကို ရလွယ်၏။

ရဟန်းတို့ ကောင်းမှု ပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနတို့ကို ရလွယ်၏ ဟု မိန့်တော်မူ၏။ 311

၈ - ဌာနသုတ်၊ မှ၊ ဗလဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, August 20, 2009

ထိုဘေးတို့ကို ပယ်ရန် အားထုတ်ရမည်...



စတုတ္ထ အနာဂတဘယသုတ် - အနာဂါတ်ဘေး

ရဟန်းတို့ ဤအနာဂတ်ဘေး ငါးမျိုးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ် ကုန်လိမ့်ဦးမည်၊ ထိုဘေးတို့ကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးတို့ကို ပယ်ရန် အားထုတ်ရမည်။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

ရဟန်းတို့ အနာဂတ်ကာလ၌ ရဟန်းတို့သည် သင်္ကန်း၌ ကောင်းသည်ကို အလို ရှိကြကုန်လိမ့်မည်၊ ထိုရဟန်းတို့သည် သင်္ကန်း၌ ကောင်းသည်ကို အလို ရြှိကကုန်သည်ဖြစ်၍ ပံ့သကူဓူတင် ဆောင်ခြင်းကို စွန့်လွှတ်ကြကုန်လိမ့်မည်၊ အစွန်အဖျားကျသော တောကျောင်းတို့ကို စွန့်လွှတ်ကြကုန်လိမ့်မည်၊ ရွာ နိဂုံး မင်းနေပြည်တို့၌ ဝင်ရောက်၍ နေကြကုန်လိမ့်မည်၊ သင်္ကန်း ဟူသော အကြောင်းကြောင့်လည်း မလျောက်ပတ်သော များလှစွာသော မအပ်သော ပစ္စည်း ရှာမှီးခြင်းသို့ ရောက်ကြကုန်လိမ့်မည်။

ရဟန်းတို့ ဤပဌမ အနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ဆွမ်း၌ ကောင်းသည်ကို အလိုရှိကြကုန်လိမ့်မည်၊ ထိုရဟန်းတို့သည် ဆွမ်း၌ ကောင်းသည်ကို အလိုရှိကြကုန်သည် ဖြစ်၍ ပိဏ္ဍပါတ် ဓူတင်ဆောင်ခြင်းကို စွန့်လွှတ်ကြ ကုန်လိမ့်မည်၊ အစွန်အဖျားကျသော တောကျောင်းတို့ကို စွန့်လွှတ်ကြ ကုန်လိမ့်မည်၊ ရွာ နိဂုံး မင်းနေပြည်တို့၌ ဝင်ရောက်၍ လျှာဖျားဖြင့် မြတ်သော အရသာတို့ကို ရှာမှီးကုန်လျက် နေကြကုန်လိမ့်မည်၊ ဆွမ်းဟူသော အကြောင်းကြောင့်လည်း မလျောက်ပတ်သော များလှစွာသော မအပ်သော ပစ္စည်း ရှာမှီးခြင်းသို့ ရောက်ကြကုန်လိမ့်မည်။

ရဟန်းတို့ ဤဒုတိယ အနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ကျောင်း၌ ကောင်းသည်ကို အလို ရှိကြကုန်လိမ့်မည်၊ ထိုရဟန်းတို့သည် ကျောင်း၌ ကောင်းသည်ကို အလိုရှိကြကုန်သည် ဖြစ်၍ (သစ်ပင်ရင်း၌နေခြင်း ဟု ဆိုအပ်သော) ရုက္ခမူဓူတင် ဆောင်ခြင်းကို စွန့်လွှတ်ကြ ကုန်လိမ့်မည်၊ အစွန်အဖျား ကျသော တောကျောင်းတို့ကို စွန့်လွှတ်ကြ ကုန်လိမ့်မည်၊ ရွာ နိဂုံး မင်းနေပြည်တို့၌ ဝင်ရောက်၍ နေကြကုန်လိမ့်မည်၊ ကျောင်းဟူသော အကြောင်းကြောင့်လည်း မလျောက်ပတ်သော များလှစွာသော မအပ်သော ပစ္စည်း ရှာမှီးခြင်းသို့ ရောက်ကြကုန်လိမ့်မည်။

ရဟန်းတို့ ဤတတိယ အနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် ဘိက္ခုနီ သိက္ခမာန် သာမဏေတို့နှင့် ရောနှော၍ နေကြကုန်လိမ့်မည်၊ ရဟန်းတို့ ဘိက္ခုနီ သိက္ခမာန် သာမဏေတို့နှင့် ရောနှော၍ နေသည်ရှိသော် ''မမွေ့လျော်သည် ဖြစ်၍လည်း မြတ်သော အကျင့်ကို ကျင့်ကြကုန်လိမ့်မည်၊ ညစ်နွမ်းသော အာပတ်တစ်ခုခုသို့မူလည်း ရောက်ကြကုန်လိမ့်မည် သိက္ခာချ ၍မူလည်း လူထွက်ကြကုန် လိမ့်မည်'' ဟူသော အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

ရဟန်းတို့ ဤစတုတ္ထ အနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ နောက်တစ်မျိုးကား အနာဂတ်ကာလ၌ ရဟန်းတို့သည် အရံစောင့်, သာမဏေတို့နှင့် ရောနှော၍ နေကြကုန်လိမ့်မည်၊ ရဟန်းတို့ အရံစောင့် သာမဏေတို့နှင့် ရောနှော၍ နေသည်ရှိသော် ''များစွာသော သိုမှီး သုံးဆောင်ခြင်းကို လုံ့လပြု၍ နေကြကုန်လိမ့်မည်၊ မြေကြီး၌ လည်းကောင်း၊ စိမ်းသော သစ်ပင်စု၌ လည်းကောင်း ရုန့်ရင်း သိသာသော နိမိတ်အမှတ်ကိုလည်း ပြကြကုန်လိမ့်မည်'' ဟူသော အကျိုးကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏။

ရဟန်းတို့ ဤပဉ္စမ အနာဂတ်ဘေးသည် ယခုအခါ မဖြစ်ပေါ်သေး၊ နောင်အခါ၌ ဖြစ်ပေါ်လိမ့်မည်၊ ထိုဘေးကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးကို ပယ်ရန် အားထုတ်ရမည်။

ရဟန်းတို့ ဤအနာဂတ် ဘေးငါးမျိုးတို့သည် ယခုအခါ မဖြစ်ပေါ်သေးကုန်၊ နောင်အခါ၌ ဖြစ်ပေါ်ကုန်လိမ့်မည်၊ ထိုဘေးတို့ကို သင်တို့ သိရမည်၊ သိပြီး၍လည်း ထိုဘေးတို့ကို ပယ်ရန် အားထုတ်ရမည် ဟု (မိန့်တော်မူ၏)။ 80

၁ဝ - စတုတ္ထ အနာဂတဘယသုတ်၊ ယောဓာဇီဝဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သင်တို့အား မဆုတ်ယုတ်ကြောင်း တရား...


ပဌမ သတ္တကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို-

''ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါ ဟောအံ့၊ ထိုတရားကို နာကြကုန်လာ့၊ ကောင်းစွာ နှလုံး သွင်းကြကုန်လော့ ဟောပေအံ့'' ဟု မိန့်တော်မူ၏။ ''ကောင်းပါပြီ အသျှင်ဘုရား'' ဟု ထိုရဟန်း တို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း ဟူမူ-

၁...
ရဟန်းတို့ ရဟန်းတို့သည် မပြတ် စည်းဝေးနေကြ အကြိမ်များစွာ စည်းဝေး နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် ကား မရှိပေ။

၂...
ရဟန်းတို့ ရဟန်းတို့သည် အညီအညွတ် စည်းဝေးကြ အညီအညွတ် အစည်း အဝေးမှ ထကြကုန်လျက် သံဃာ ကိစ္စတို့ကို အညီအညွတ် ဆောင်ရွက် နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန် ကား မရှိပေ။

၃...
ရဟန်းတို့ ရဟန်းတို့သည် မပညတ်သေးသော အရာကို မပညတ်ကြကုန်မူ၍ ပညတ်ပြီးသော အရာကို မပယ်ဖျက်ကြကုန်ဘဲ ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၎...
ရဟန်းတို့ ရဟန်းတို့သည် ရဟန်းဝါ ရင့်ကုန်သော ရဟန်းသက်ရှည် ကုန်သော သံဃာ့ဦးစီး ဖြစ်ကုန်သော မထေရ်ကြီး ရဟန်းတို့ကို အရိုအသေပြုကုန် အလေးပြုကုန် မြတ်နိုးကုန် ပူဇော် ကုန်လျက် ထိုမထေရ်ကြီး ရဟန်းတို့၏ စကားကိုလည်း နာယူသင့်သည် ဟု ထင်မှတ်၍ နေကြ သမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၅...
ရဟန်းတို့ ရဟန်းတို့သည် ဖြစ်ပေါ်လာသော တစ်ဖန် ဘဝသစ်ကို ပေးတတ်သော တဏှာ၏ အလိုသို့ မလိုက်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၆...
ရဟန်းတို့ ရဟန်းတို့သည် တောကျောင်းတို့၌ လိုလားသော စိတ်ရှိနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

၇...
ရဟန်းတို့ ရဟန်းတို့သည် ''အဘယ်သို့လျှင် မလာရောက်ကုန် သေးသော သီလကို ချစ်မြတ်နိုးသည့် သီတင်းသုံးဖော်တို့သည် လာရောက်ကြပါ ကုန်အံ့နည်း၊ လာရောက်ကုန် ပြီး သောသီလကို ချစ်မြတ်နိုးသည့် သီတင်းသုံးဖော်တို့သည် ချမ်းသာစွာ နေရပါကုန်အံ့နည်း'' ဟု ကိုယ်စီ ကိုယ်င သတိပြု နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ ရဟန်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ ဟု မိန့်တော်မူ၏။ 23

၃ - ပဌမ သတ္တကသုတ်၊ ဝဇ္ဇိသတ္တကဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ဒုတိယ သတ္တကသုတ် --->


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, August 19, 2009

မကောင်းသောအကျင့်၏ အကျိုးတရားများ...

ဒုစ္စရိတဝိပါကသုတ်
(ဒုစ္စရိတ=မကောင်းသောအကျင့်၊ ဝိပါက=အကျိုး)


သူ၏ အသက်ကို သတ်ခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သူ၏ အသက်ကို သတ်ခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သူ၏ အသက်ကိုသတ်ခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား အသက်တိုခြင်းကို ဖြစ်စေတတ်၏။


ပိုင်ရှင်မပေးသော သူဥစ္စာကို ခိုးယူခြင်းကြောင့်...
ရဟန်းတို့... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ပိုင်ရှင် မပေးသော သူတစ်ပါး ဥစ္စာကို ခိုးယူခြင်းသည်ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ ပိုင်ရှင် မပေးသောသူတစ်ပါး ဥစ္စာကို ခိုးယူခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား စည်းစိမ်ဥစ္စာ ပျက်စီးခြင်းကို ဖြစ်စေတတ်၏။


ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကာမဂုဏ်တို့၌ မှားယွင်းသော အားဖြင့် ကျင့်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သူ့သား အိမ်ရာ ဟူသော ကာမဂုဏ် တို့၌ မှားယွင်းသောအားဖြင့် ကျင့်ခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား ရန်သူတို့နှင့်တကွ ရန်ဖြစ်စေတတ်၏။


မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ်ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော မဟုတ်မမှန် စကားကို ပြောခြင်းသည် ငရဲ၌ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ မဟုတ်မမှန်သော စကားကို ပြောခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သောသူအား မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲခံရခြင်းကို ဖြစ်စေတတ်၏။


ကုန်းတိုက် စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကုန်းတိုက် စကားပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ ကုန်းတိုက်စကား ပြောကြားခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သောသူအား အဆွေခင်ပွန်းတို့နှင့် ကွဲပြားခြင်းကို ဖြစ်စေတတ်၏။


ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား မနှစ်သက်ဖွယ်သော အသံကို ဖြစ်စေတတ်၏။


သိမ်ဖျင်းသော စကားကို ပြောဆိုခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သိမ်ဖျင်းသော စကားကို ပြောခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား သူတစ်ပါးတို့ မနာယူအပ်သော စကားရှိသည်ကို ဖြစ်စေ တတ်၏။


သေအရက်ကို သောက်ခြင်းကြောင့်...
ရဟန်းတို့ ... မှီဝဲအပ် ပွါးများအပ် အကြိမ်များစွာ ပြုအပ်သော သေအရက်ကို သောက်ခြင်းသည် ငရဲ၌ ဖြစ်စေတတ်၏၊ တိရစ္ဆာန်မျိုး၌ ဖြစ်စေတတ်၏၊ ပြိတ္တာဘုံ၌ ဖြစ်စေတတ်၏၊ သေအရက်ကို သောက်ခြင်း၏ အပေါ့ဆုံး အကျိုးသည် လူဖြစ်သော သူအား ရူးသွပ်ခြင်းကို ဖြစ်စေတတ်၏ ဟု မိန့်တော်မူ၏။ 40

၁ဝ - ဒုစ္စရိတဝိပါကသုတ်၊ ဒါနဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


အဘိဓမ္မာ သင်္ဂြိုဟ် ၉-ပိုင်း သံခိပ်လင်္ကာ...

စာအုပ်မျက်နှာဖုံး




အဘိဓမ္မာ သင်္ဂြိုဟ် ၉-ပိုင်း သံခိပ်လင်္ကာ






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, August 18, 2009

သူတော်ကောင်း ဖြစ်ပေါ်သည်ရှိသော်...


သပ္ပုရိသသုတ် - (သူတော်ကောင်း)



သူတော်ကောင်းသည်...

ရဟန်းတို့ သူတော်ကောင်းသည် အမျိုး၌ ဖြစ်ပေါ်လာသည် ရှိသော် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အမိအဖတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သားမယား၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ကျွန်အမှုလုပ် ယောက်ျားတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ရှေးက သေလွန်ပြီးသော အဆွေအမျိုးတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ မင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ နတ်တို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏။


မိုးရွာခြင်းသည်...

ရဟန်းတို့ အလုံးစုံသော ကောက် စပါးတို့ကို ပြည့်စုံစေတတ်သော ရွာသွန်းသော မိုးကြီးသည် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် သူတော်ကောင်းသည် အမျိုး၌ ဖြစ်ပေါ် လာသည် ရှိသော် များစွာသော လူအပေါင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အမိအဖတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သားမယား၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ကျွန်အမှုလုပ် ယောက်ျားတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ ရှေးက သေလွန်ပြီးသော အဆွေအမျိုးတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ မင်း၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ နတ်တို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါ ဖြစ်၏၊ သမဏဗြာဟ္မဏတို့၏ အကျိုးစီးပွါး ချမ်းသာခြင်း အလို့ငှါဖြစ်၏ ဟု မိန့်တော်မူ၏။


ပညာရှိပုဂ္ဂိုလ်သည်...

အိမ်၌နေသော ပညာရှိပုဂ္ဂိုလ်သည် စင်စစ်အားဖြင့် များစွာသော လူတို့၏ အကျိုးငှါ ဖြစ်၏။ နေ့ညဥ့်တို့ပတ်လုံး ပျင်းရိခြင်း မရှိသော ပညာရှိသည် ရှေးဦးစွာ အမိအဖတို့အား ရှေး၌ ပြုဖူးသော ကျေးဇူးကို အဖန်တလဲလဲ အောက်မေ့သည် ဖြစ်၍ အကြောင်း အားလျော်စွာ ပူဇော်၏၊ အိမ်ရာ မထောင်ဘဲ ရဟန်းပြုသော မြတ်သော အကျင့်ကို ကျင့်သော ပုဂ္ဂိုလ်တို့ကို အရိုအသေပြု၏။ သက်ဝင် ယုံကြည်သော သဒ္ဓါတရားရှိသော သီလကို ချစ်သူသည် တရားတို့ကို သိ၍ သူတော်ကောင်းတို့ကို ပူဇော်၏၊ မင်း၏ အစီးအပွါးကို ဆောင်၏၊ နတ်တို့၏ အစီးအပွါးကို ဆောင်၏၊ အဆွေအမျိုး မိတ်ဆွေတို့၏ အစီးအပွါးကို ဆောင်၏။ သူတော်ကောင်းတရား၌ ကောင်းစွာ တည်သော ထိုသူသည် အလုံးစုံသော သူတို့၏ အစီးအပွါးကို ဆောင်၏၊ ထိုသူသည် ဝန်တိုမှု 'မစ္ဆရိယ' အညစ်အကြေးကို ပယ်ဖျောက်၍ အေးငြိမ်းသော လောကသို့ ရောက်ရ၏။ 38

၈ - သပ္ပုရိသသုတ်၊ ဒါနဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သံဃိက လာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေငြားအံ့၊...

ပရိဏာမနသိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ သာဝတ္ထိပြည် ၌ မထင်ရှားသော အသင်းတစ်ခုသည် သံဃာအား -

''ဆွမ်းကျွေးပြီးလျှင် သင်္ကန်းကို လှူအံ့'' ဟု သင်္ကန်းနှင့်တကွ ဆွမ်းကို စီရင်ထား၏။ ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုအသင်းသို့ ချဉ်းကပ်ပြီးလျှင် ထိုအသင်းကို ''ဒါယကာတို့ ဤ သင်္ကန်းတို့ကို ဤရဟန်းတို့အား ပေးလှူကုန် လော့'' ဟု ဆိုကုန်၏။

အသျှင်ဘုရားတို့ အကျွန်ုပ်တို့သည် မပေးမလှူနိုင်ကြပါ၊ အကျွန်ုပ်တို့သည် သံဃာအား နှစ်စဉ်နှစ်တိုင်း သင်္ကန်းနှင့်တကွ ဆွမ်းကို ဝတ်တည်ကြပါသည်ဟု လျှောက်ကြကုန်၏။

ဒါယကာတို့ သံဃာအား အလှူရှင်တို့သည် ပေါများပါကုန်၏၊ သံဃာအား လှူအပ်သော ဆွမ်းတို့သည် ပေါများပါကုန်၏၊ ဤရဟန်းတို့သည်ကား သင်တို့ ကိုသာ အမှီပြု၍ သင်တို့ကို မျှော်မြင်ကုန်၍ ဤအရပ်၌ နေကြပါသည်၊ ဤ ရဟန်းတို့အား သင်တို့သည် အကယ်၍ မလှူကုန်အံ့၊ ထိုသို့မလှူကုန်သည် ရှိသော် ဤရဟန်းတို့အား အဘယ်သူသည် လှူတော့အံ့နည်း၊ ဒါယကာတို့ ဤရဟန်းတို့အား ဤသင်္ကန်းတို့ကို ပေးလှူကုန်လော့ဟု ပြောဆိုကုန်၏။
ထိုအခါ ထိုအသင်းသည် ဆဗ္ဗဂ္ဂီရဟန်းတို့က အတင်းအကြပ်ပြောဆိုအပ်သဖြင့် စီရင်တိုင်းသော သင်္ကန်းကို ဆဗ္ဗဂ္ဂီရဟန်းတို့အား ပေးလှူပြီးနောက် သံဃာတော် ကို ဆွမ်းဖြင့် လုပ်ကျွေး၏။

အကြင်ရဟန်းတို့သည် ''သံဃာအား သင်္ကန်းနှင့်တကွ ဆွမ်းကို စီရင်သည်ဟု သိကုန်၏၊ ဆဗ္ဗဂ္ဂီရဟန်းတို့အား လှူအပ်ပြီ'' ဟုကား မသိကုန်၊ ထိုရဟန်းတို့သည် ''ဒါယကာတို့ သံဃာအား သင်္ကန်းကို လှူကုန်လော့'' ဟု ဆိုကုန်၏။

''အသျှင်ဘုရားတို့ မရှိတော့ပါ၊ စီရင်တိုင်းသော သင်္ကန်းကို အသျှင်ဆဗ္ဗဂ္ဂီရဟန်း တို့သည် အသျှင်ဆဗ္ဗဂ္ဂီရဟန်းတို့အား ညွတ်စေကြပါသည်''ဟု လျှောက်ကြကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိကလာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေကုန်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိကလာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေကြကုန်၏ ဟူသည် မှန်သလော''ဟု စိစစ်မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ((မဂ်ဖိုလ်မှ)) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိကလာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ ပြုမိသော အမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 489

''အကြင်ရဟန်းသည် သိလျက် သံဃာသို့ ညွတ်ပြီးသော သံဃိက လာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၁၂ - ပရိဏာမနသိက္ခာပုဒ်၊ ၈-သဟဓမ္မိကဝဂ်၊ ဘိက္ခုပါစိတ်၊ ပါစိတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ခန္ဓာပျက်ကြွေ သေသည်မှနောက်...

အနုရုဒ္ဓသုတ် မှ

အနုရုဒ္ဓါ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ မနာပကာယိကာမည်သော နတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ကပ်ရောက်ရာ၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁...
အနုရုဒ္ဓါ ဤလောက၌ မာတုဂါမသည် အကျိုးကို လိုလားကုန်သော၊ အစီးအပွါးကို ရှာမှီးကုန်သော၊ အစဉ် သနား စောင့်ရှောက်တတ်ကုန်သော အမိအဖတို့က အစဉ်သနား စောင့်ရှောက်ခြင်းကို အကြောင်းပြု၍ ပေးစားထိမ်းမြားလိုက်သော လင်ယောက်ျား၏ ရှေးဦးစွာ (အိပ်ရာမှ) ထလေ့ရှိ၏၊ နောက်မှ အိပ်လေ့ရှိ၏၊ အဘယ်ကို ပြုရပါအံ့နည်း ဟု နာခံလေ့ရှိ၏၊ နှစ်ခြိုက်ဖွယ်ကို ပြုကျင့်လေ့ရှိ၏၊ ချင်ခင်ဖွယ်ကို ဆိုလေ့ရှိ၏။

၂...
မိမိ၏ ခင်ပွန်းသည်လင်က ''အမိ အဖ ရဟန်း ပုဏ္ဏားတို့'' ဟူ၍ အလေးအမြတ် ပြုအပ်သောသူတို့ကို အရိုအသေပြု၏၊ အလေးအမြတ်ပြု၏၊ မြတ်နိုး၏၊ ပူဇော်၏၊ အိမ်သို့ ရောက်လာကုန်သော သူတို့ကိုလည်း နေရာ ထိုင်ခင်းပေးခြင်း သောက်ရေ တည်ခြင်းဖြင့် ပူဇော်၏။

၃...
''သိုးမွေး (ပြုပြင် လုပ်ကိုင်ရန်) အလုပ်၊ ဝါချည် (ပြုပြင် လုပ်ကိုင်ရန်) အလုပ်'' ဟူ၍ လင်၏ အိမ်တွင်းမှုတို့၌ လိမ္မာ၏၊ မပျင်းမရိတတ်၊ ထိုအိမ်တွင်းမှု လုပ်ငန်း၌ အကြောင်း ဥပါယ်ဖြစ်သော စုံစမ်းမှု ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီမံရန် စွမ်းနိုင်၏။

၎...
လင်ယောက်ျား၏ အိမ်တွင်းသား ဖြစ်ကုန်သော ''ကျွန် အစေခံ အမှုလုပ်ဖြစ်သည့် အတွင်းလူတို့၏ ပြုလုပ်သည်ကိုလည်း ပြုလုပ်သောအားဖြင့် သိ၏၊ မပြုလုပ်သည် ကိုလည်း မပြုလုပ်သောအားဖြင့် သိ၏၊ ဖျားနာသူတို့ အားရှိသည် မရှိသည်ကို လည်း သိ၏၊ ထိုအတွင်းလူအပေါင်းအား ခဲဖွယ်ဘောဇဉ်တို့ကို အသီးအသီး မိမိတို့၏ အဖို့အားဖြင့် ဝေဖန်၏။

၅...
လင်ယောက်ျား ဆောင်ခဲ့သော ဥစ္စာ စပါး ရွှေ ငွေတို့ကို စောင့်ရှောက်၏၊ လုံခြုံစေ၏၊ ထိုပစ္စည်း ဥစ္စာတို့ အပေါ်၌ အပျော် မကြူးတတ်သူ၊ မခိုးဝှက်တတ်သူ၊ အရက်သေစာ မသောက်စားတတ်သူ၊ မဖျက်ဆီးတတ်သူ ဖြစ်၏။

၆...
ဘုရားကို ကိုးကွယ်သော၊ တရားကို ကိုးကွယ်သော၊ သံဃာကို ကိုးကွယ်သော ဥပါသိကာမ ဖြစ်၏။

၇...
သီလရှိ၏။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းသော အားဖြင့် ကျင့်ခြင်း၊ မဟုတ်မမှန် ပြောခြင်း၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်း ဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။

၈...
စွန့်ကြဲခြင်းနှင့် ပြည့်စုံ၏။ လွတ်လွတ် စွန့်ကြဲခြင်းရှိသည်, (စွန့်ကြဲအံ့) ဟု ဆေးကြောအပ်သော လက်ရှိသည်, စွန့်ကြဲခြင်း၌ မွေ့လျော်သည်, တောင်းခံခြင်း ငှါ ထိုက်သည်, ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်သည် ဖြစ်၍၊ မစ္ဆရိယတည်း ဟူသော အညစ်အကြေး ကင်းသောစိတ်ဖြင့် အိမ်ကို စိုးအုပ်၍နေ၏။

အနုရုဒ္ဓါ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာပျက်ကြွေ သေသည်မှနောက်၌ မနာပကာယိကာမည်သော နတ်တို့၏ အပေါင်းအဖော် အဖြစ်သို့ ရောက်ရ၏ ဟု (မိန့်တော်မူ၏)။

အကြင် လင်ယောက်ျားသည် အမြဲမပြတ် လွန်စွာ အားထုတ်အပ်သော ဝီရိယနှင့် ပြည့်စုံသည်ဖြစ်၍ ကြောင့်ကြစိုက်လျက် ထိုမိမိသားမယားကို လုပ်ကျွေးမွေးမြူ၏၊ ပညာရှိသော မိန်းမကောင်းသည် အလုံးစုံ အလိုရှိရာကို ပေးတတ်သော (မိမိကို)စောင့်ရှောက် မွေးမြူတတ်သော ထိုလင်ယောက်ျားကို မထီမဲ့မြင် မပြု၊ ငြူစူစောင်းမြောင်း မကောင်းသော စကားဖြင့်လည်း လင်ယောက်ျားကို မခြုတ်ခြယ်၊ လင်ယောက်ျား အရိုအသေ ပြုအပ်သူ အားလုံးတို့ကိုလည်း မြတ်နိုးပူဇော်၏။ အကြင် မိန်းမသည် ထကြွ လုံ့လရှိ၍ မပျင်းရိတတ်၊ ကျေးကျွန် အစေခံ အခြွေအရံတို့ကိုလည်း အထိုက်အလျောက် ချီးမြှောက် ထောက်ပံ့တတ်၏၊ လင်၏ နှစ်လိုဖွယ်ကိုလည်း ပြုကျင့်တတ်၏၊ လင်သား စုဆောင်းပေးအပ်သော ဥစ္စာကိုလည်း ကောင်းစွာ ထိန်းသိမ်း စောင့်ရှောက်၏။ လင်၏ အလိုသို့ လိုက်လျက် ဤသို့ ဆိုအပ်ခဲ့ပြီးသောအတိုင်း ပြုကျင့်သော ထိုမိန်းမသည် မနာပကာယိကာမည်သော နတ်တို့ ဖြစ်ရာဘုံသို့ ကပ်ရောက်ရ၏။

၆ - အနုရုဒ္ဓသုတ် မှ၊ ဥပေါသထဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, August 17, 2009

ဥပုသ်သီလသည် အကျိုးကြီး၏...

သံခိတ္တူပေါသထသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာ ဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟု မိန့်တော်မူ၏၊ ထိုရဟန်းတို့သည် ''အသျှင်ဘုရား'' ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော်မူ၏ -


ရဟန်းတို့ အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ကျင့်သုံးအပ်သော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏။ ရဟန်းတို့ အဘယ်သို့ ကျင့်သုံးအပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီးသနည်း၊ အာနိသင်ကြီးသနည်း၊ တန်ခိုးကြီးသနည်း၊ ကြီးသော ပျံ့နှံ့ခြင်း ရှိသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ဤသို့ ဆင်ခြင်၏။

ရဟန္တာတို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန်၏...
''ရဟန္တာတို့သည် အသက်ထက်ဆုံး အသက်သတ်ခြင်းကို ပယ်၍ အသက်သတ် ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ တုတ်ကိုချထားပြီး ဖြစ်ကုန်၏၊ လက်နက်ကို ချထားပြီး ဖြစ်ကုန်၏၊ ရှက်တတ်ကုန်၏၊ သနား တတ်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး အသက် သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ တုတ်ကို ချထားသူ လက်နက်ကို ချထားသူ ရှက်ခြင်းရှိသူ သနားခြင်းသို့ ရောက်သူ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားသူ ဖြစ်၍ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်'' ဟု (ဆင်ခြင်၏)၊ ဤပဌမအင်္ဂါနှင့် ပြည့်စုံ၏။


ရဟန္တာတို့သည် မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကုန်၏...
''ရဟန္တာတို့သည် အသက်ထက်ဆုံး မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ပေးသည်ကိုသာ ယူကုန်၏၊ ပေးသည်ကိုသာ အလိုရှိကုန်၏၊ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး မပေးသည်ကို ယူခြင်းကိုပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်လျက် ပေးသည်ကိုသာ ယူလေ့ရှိသည် ပေးသည်ကိုသာ အလိုရှိသည် ဖြစ်၍ မခိုးမဝှက် စင်ကြယ်သော ကိုယ်ဖြင့် နေပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်'' ဟု (ဆင်ခြင်၏)၊ ဤဒုတိယအင်္ဂါနှင့် ပြည့်စုံ၏။


ရဟန္တာတို့သည် မမြတ်သော အကျင့်မှ ရှောင်ကြဉ်ကုန်၏...
''ရဟန္တာတို့သည် အသက်ထက်ဆုံး မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်ကုန်၏၊ (မမြတ်သော အကျင့်မှ) ဝေးစွာ ရှောင်ကြဉ်ကုန်၏၊ ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသည် ဖြစ်၍ (မမြတ်သောအကျင့်မှ) ဝေးစွာ ရှောင်ကြဉ်လျက် ရွာသူတို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတု လိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးအပ်သည်လည်း ဖြစ်ပေလိမ့်မည်'' ဟု (ဆင်ခြင်၏)၊ ဤတတိယအင်္ဂါနှင့် ပြည့်စုံ၏။


ရဟန္တာတို့သည် မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏...
''ရဟန္တာတို့သည် အသက်ထက်ဆုံး မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ကုန်၏၊ အမှန်ကိုသာ ဆိုလေ့ ရှိကုန်၏၊ မှန်သော စကားချင်း ဆက်စပ်စေကုန်၏၊ တည်သော စကား ရှိကုန်၏၊ ယုံကြည်ထိုက်သော စကား ရှိကုန်၏၊ လောကကို လှည့်စားတတ်သူ မဟုတ်ကုန်၊ ငါသည်လည်း ဤ တစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး မဟုတ်မမှန် ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်လျက် အမှန်ကိုသာဆိုသူ မှန်သော စကားချင်း ဆက်စပ် စေသူ တည်သော စကားရှိသူ ယုံကြည်ထိုက်သော စကား ရှိသူဖြစ်၍ လောကကို မလှည့်စားပဲ (နေပါအံ့)၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ်ကျင့်သုံး အပ်သည်လည်း ဖြစ်ပေလိမ့်မည်'' ဟု (ဆင်ခြင်၏)၊ ဤစတုတ္ထအင်္ဂါနှင့် ပြည့်စုံ၏။


ရဟန္တာတို့သည် သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ကုန်၏...
''ရဟန္တာတို့သည် အသက်ထက်ဆုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းကို ပယ်၍ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းကို ပယ်၍ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်'' ဟု (ဆင်ခြင်၏)၊ ဤပဉ္စမအင်္ဂါနှင့် ပြည့်စုံ၏။


ရဟန္တာတို့သည် နေလွဲသောအခါ၌ စားခြင်းမှ ရှောင်ကြဉ်ကုန်၏...
''ရဟန္တာတို့သည် အသက်ထက်ဆုံး တစ်ထပ်သာ စားကုန်၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်ကုန်၏၊ နေလွဲသောအခါ၌ စားခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး တစ်ထပ်သာ စားပါအံ့၊ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါအံ့၊ နေလွဲသောအခါ၌ စားခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်း အင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးခြင်း သည်လည်း ဖြစ်ပေလိမ့်မည်'' ဟု (ဆင်ခြင်၏)၊ ဤဆဋ္ဌအင်္ဂါနှင့် ပြည့်စုံ၏။


ရဟန္တာတို့သည် ပွဲကြည့်ခြင်း ပန်းပန်ခြင်းမှ ရှောင်ကြဉ်ကုန်၏...
''ရဟန္တာတို့သည် အသက်ထက်ဆုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော် ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာပျောင်း လိမ်းခြင်းကို ပယ်၍ ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်း တရား၏) ဆူးငြောင့် ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး ကခြင်း သီခြင်း တီးမှုတ်ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်း ပန်းပန်ခြင်း နံ့သာမှုန့်ခြယ်ခြင်း နံ့သာပျောင်း လိမ်းခြင်းမှ ရှောင်ကြဉ်ပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်'' ဟု (ဆင်ခြင်၏)၊ ဤသတ္တမအင်္ဂါနှင့် ပြည့်စုံ၏။


ရဟန္တာတို့သည် မမြတ်သော အကျင့်မှ ရှောင်ကြဉ်ကုန်၏...
''ရဟန္တာတို့သည် အသက်ထက်ဆုံး မြင့်သော နေရာ မြတ်သော နေရာ၌ နေခြင်းကို ပယ်၍ မြင့်သော နေရာ မြတ်သော နေရာ၌ နေခြင်းမှ ရှောင်ကြဉ်ကုန်၏၊ ညောင်စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သော နေရာ၌ နေကုန်၏၊ ငါသည်လည်း ဤတစ်ညဥ့်နှင့် တစ်နေ့ပတ်လုံး မြင့်သော နေရာ မြတ်သော နေရာ၌ နေခြင်းကိုပယ်၍ မြင့်သော နေရာ မြတ်သော နေရာ၌ နေခြင်းမှ ရှောင်ကြဉ်လျက် ညောင်စောင်းငယ်၌ဖြစ်စေ မြက်အခင်း၌ဖြစ်စေ နိမ့်သော နေရာ၌ နေပါအံ့၊ ဤအကြောင်းအင်္ဂါဖြင့်လည်း
ရဟန္တာတို့ကို အတုလိုက်၍ ပြုပါအံ့၊ ငါ့အား ဥပုသ် ကျင့်သုံးခြင်းသည်လည်း ဖြစ်ပေလိမ့်မည်'' ဟု (ဆင်ခြင်၏)၊ ဤအဋ္ဌမအင်္ဂါနှင့်ပြည့်စုံ၏။

ရဟန်းတို့ ဤသို့ ကျင့်သုံးအပ်သော အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်သည် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ တန်ခိုးကြီး၏၊ ကြီးသော ပျံ့နှံ့ခြင်းရှိ၏ ဟု (မိန့်တော်မူ၏)။ 41

၁ - သံခိတ္တူပေါသထသုတ်၊ ဥပေါသထဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါသည် အလှူပေးခြင်းမှ နောက်မဆုတ်...


စန္ဒကုမာရစရိယ - (စန္ဒကုမာရမင်းသား အကျင့်)

နောက်တစ်မျိုးသော်ကား အကြင်အခါ၌ ငါသည် ပုပ္ဖဝတီမြို့၌ ဧကရာဇ်မင်း၏သား စန္ဒ(ကုမာရ) အမည်ရှိသော မင်းသား ဖြစ်၏။ 24

ထိုအခါ ယဇ်ပူဇော်ခြင်းမှ လွတ်မြောက်သော ငါသည် ယဇ်တွင်းမှ ထွက်မြောက် လတ်သော် ထိတ်လန့်ခြင်းကို ဖြစ်စေ၍ အလှူကြီးကို ဖြစ်စေခဲ့၏။46

ငါသည် အလှူခံတို့ကို မလှူရဘဲ ငါးညဥ့်, ခြောက်ညဥ့်တို့ပတ်လုံးသော်လည်း သောက်ဖွယ်ကိုလည်း မသောက်၊ ခဲဖွယ်ကိုလည်း မခဲ၊ စားဖွယ်ကိုလည်း မစား။ 47

ဥပမာသော်ကား ကုန်သည်မည်သည် ရောင်းအပ်သော ဘဏ္ဍာ စုဆောင်းခြင်းကို ပြု၍ အကြင် အရပ်၌ အမြတ်ရခြင်း များ၏၊ ထိုအရပ်သို့ ရောင်းအပ်သော ဘဏ္ဍာကို ဆောင်သကဲ့သို့ ထို့အတူပင် မိမိစားအပ်သော ထမင်းမှလည်း သူတစ်ပါးတို့အား လှူခြင်းသည် များသော အကျိုးရှိ၏၊ ထို့ကြောင့် သူတစ်ပါးအား ပေးလှူခြင်းသည် အရာမကသော အဖို့အစု (အကျိုးအာနိသင်) ရှိသည် ဖြစ်လတ္တံ့။ 48, 49

ငါသည် ဤအကျိုးထူးကို သိ၍ ဘဝကြီးငယ်၌ အလှူကို ပေးလှူ၏၊ သမ္မာသမ္ဗောဓိဉာဏ်သို့ ဆိုက်ရောက်ခြင်းငှါ ငါသည် အလှူပေးခြင်းမှ နောက်မဆုတ်။

၇ - စန္ဒကုမာရစရိယ၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, August 16, 2009

အံ့ဖွယ်သရဲ...





အာနန္ဒအစ္ဆရိယသုတ် - (အာနန္ဒ=အာနန္ဒာမထေရ်) (အစ္ဆရိယ= အံ့သြဖွယ်)
(အာနန္ဒ=အာနန္ဒာမထေရ်၊ ၀မ်းမြောက်ခြင်း၊ နှစ်သက်ခြင်း၊)


ရဟန်းတို့...
အာနန္ဒာ၌ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော
သဘောတရားတို့သည် ဤလေးမျိုး တို့တည်း။


အဘယ်လေးမျိုးတို့နည်းဟူမူ-

ရဟန်းတို့ ရဟန်းပရိသတ်သည် ...
အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့် လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ် သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ် နေသည့်တိုင်အောင် ရဟန်းပရိသတ်သည် မရောင့်ရဲနိုင် သည်သာ ဖြစ်၏။


ရဟန်းတို့ ရဟန်းမိန်းမပရိသတ်သည် ...
အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့် လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ် သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ် နေသည့်တိုင်အောင် ရဟန်းမိန်းမပရိသတ်သည် မရောင့်ရဲ နိုင်သည်သာ ဖြစ်၏။


ရဟန်းတို့ ဥပါသကာပရိသတ်သည် ...
အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့် လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ် သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ် နေသည့်တိုင်အောင် ဥပါသကာပရိသတ်သည် မရောင့်ရဲ နိုင်သည်သာ ဖြစ်၏။


ရဟန်းတို့ ဥပါသိကာမပရိသတ်သည် ...
အာနန္ဒာကို ဖူးမြော်ရန် အကယ်၍ ချဉ်းကပ်အံ့၊ ထို ပရိသတ်သည် ဖူးမြော်ရသဖြင့် လည်း နှစ်ခြိုက်၏၊ ထို ပရိသတ်၌ အာနန္ဒာသည်တရားဟောအံ့၊ ထို ပရိသတ် သည် ဟောသော တရားဖြင့်လည်း နှစ်ခြိုက်၏။ ရဟန်းတို့ အာနန္ဒာသည်တရားကို ရုပ်သိမ်း၍ ဆိတ်ဆိတ် နေသည့်တိုင်အောင် ဥပါသိကာမပရိသတ်သည် မရောင့်ရဲ နိုင်သည်သာ ဖြစ်၏။

ရဟန်းတို့ အာနန္ဒာ၌ အံ့ဖွယ်သရဲ မဖြစ်ဖူးမြဲ ဖြစ်ကုန်သော သဘောတရားတို့သည် ဤလေးမျိုးတို့တည်းဟု မိန့်တော်မူ၏။ 129

၉ - အာနန္ဒအစ္ဆရိယသုတ်၊ ဘယဝဝဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

စောင့်စည်း စွန့်ပယ် ပွါးများ စောင့်ရှောက်သူ၏ အားထုတ်ခြင်း...

သံဝရသုတ် - (စောင့်စည်းခြင်း၊ စောင့်ရှောက်ခြင်း)

ရဟန်းတို့ အားထုတ်ခြင်း တို့သည် ဤလေးမျိုး တို့တည်း။

အဘယ် လေးမျိုးတို့နည်း ဟူမူ-

၁... (စက္ခုနြေ္ဒစသည်ကို) စောင့်စည်းသူ၏ အားထုတ်ခြင်း၊
၂... (ကာမဝိတက်စသည်တို့ကို) စွန့်ပယ်သူ၏ အားထုတ်ခြင်း၊
၃... (ဗောဇ္ဈင်ကို) ပွါးများသောသူ၏ အားထုတ်ခြင်း၊
၎... (သမာဓိနိမိတ်ကို) စောင့်ရှောက်သူ၏ အားထုတ်ခြင်းတို့တည်း။

၁...
ရဟန်းတို့ စောင့်စည်းသူ၏ အားထုတ်ခြင်းဟူသည် အဘယ်နည်း။

ရဟန်းတို့...
ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောက်ျား မိန်းမဟူသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ် လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုနြေ္ဒကို မစောင့်စည်းဘဲ နေလျှင် စက္ခုနြေ္ဒကို မစောင့်စည်းခြင်း ဟူသော အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ'၊ နှလုံးမသာခြင်း 'ဒေါမနဿ' ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို (မစောင့်စည်း) သူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို စက္ခုနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုနြေ္ဒကို စောင့်စည်း၏၊ စက္ခုနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။

နားဖြင့် သဒ္ဒါရုံကို ကြားသော်။ ပ ။
နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ ပ ။
လျှာဖြင့် ရသာရုံကို လျက်သော်။ ပ ။
ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောက်ျားမိန်းမဟူသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ။ (လက်ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ၊ (အကယ်၍) မနိနြေ္ဒကို မစောင့်စည်းဘဲနေလျှင် မနိနြေ္ဒကို မစောင့်စည်းခြင်း ဟူသော အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ'၊ နှလုံးမသာခြင်း 'ဒေါမနဿ' ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို (မစောင့်စည်း) သူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) မနိနြေ္ဒကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိနြေ္ဒကို စောင့်စည်း၏၊ မနိနြေ္ဒ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသည်ကို စောင့်စည်းသူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။

၂...
ရဟန်းတို့ စွန့်ပယ်သူ၏ အားထုတ်ခြင်း ဟူသည် အဘယ်နည်း၊

ရဟန်းတို့...
ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းပြတ်သည်ကို ပြု၏၊ မရှိခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ပျက်စီးစေရန် ကြံခြင်း 'ဗျာပါဒဝိတက်' ကို။ပ။ ဖြစ်ပေါ်လာသော ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အကုသိုလ်တရား ယုတ်တို့ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းပြတ်သည်ကို ပြု၏၊ မရှိခြင်းသို့ ရောက်စေ၏၊ ဤသည်ကို စွန့်ပယ်သူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။

၃...
ရဟန်းတို့ ပွါးများသောသူ၏ အားထုတ်ခြင်း ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ...
ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်း၌ မှီသော, စွဲမက်မှုကင်းခြင်း၌ မှီသော, ချုပ်ခြင်း၌ မှီသော, (ကိလေသာ) ပယ်စွန့်မှု 'ပရိစ္စာဂ ဝေါသဂ္ဂ', နိဗ္ဗာန်သို့ ပြေးဝင်မှု 'ပက္ခန္ဒန ဝေါသဂ္ဂ'ကို ရင့်ကျက်စေတတ်သော သစ္စာလေးပါးကို သိကြောင်း (အောက်မေ့မှု) သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဆိတ်ငြိမ်ခြင်း၌ မှီသော, စွဲမက်မှုကင်းခြင်း၌ မှီသော, ချုပ်ခြင်း၌ မှီသော, (ကိလေသာ) ပယ်စွန့်မှု 'ပရိစ္စာဂဝေါသဂ္ဂ', နိဗ္ဗာန်သို့ ပြေးဝင်မှု 'ပက္ခန္ဒနဝေါသဂ္ဂ' ကို ရင့်ကျက်စေတတ်သော သစ္စာလေးပါးကို သိကြောင်း (လျစ်လျူရှုမှု) ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို ပွါးများသော သူ၏ အားထုတ်ခြင်း ဟု ဆိုအပ်၏။

၎...
ရဟန်းတို့ စောင့်ရှောက်သူ၏ အားထုတ်ခြင်း ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ...
ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်သော အဋ္ဌိကသညာ ပုဠုဝကသညာ ဝိနီလကသညာ ဝိစ္ဆိဒ္ဒကသညာ ဥဒ္ဓုမာတကသညာ ဟူသော ကောင်းမြတ်သော သမာဓိနိမိတ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို စောင့်ရှောက်သူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ အားထုတ်ခြင်းတို့သည် ဤလေးမျိုး တို့တည်း ဟု (မိန့်တော်မူ၏)။

(စက္ခုစသောဣနြေ္ဒကို) စောင့်စည်းခြင်း၊
(ကာမဝိတက်စသည်ကို) ပယ်ခြင်း၊
(ဗောဇ္ဈင်တရားကို) ပွါးများခြင်း၊
(သမာဓိနိမိတ်ကို) စောင့်ရှောက်ခြင်း
ဤ အားထုတ်ခြင်းလေးမျိုးတို့ကို နေမင်း၏အဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား သည် ဟောကြားတော်မူအပ်ကုန်၏၊

ဤ သာသနာတော်၌ ကိလေသာကို (ကင်းကွာရန်) ပြင်းစွာ အားထုတ်သော ရဟန်းသည် ယင်းအားထုတ်ခြင်းတို့ဖြင့် ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ပေ သတည်း။ 14

၎ - သံဝရသုတ်၊ စရဝဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပျက်စီးခြင်းငှါ အကြောင်း ရှစ်မျိုး...



ကုလသုတ်- (အိမ်၊ အမျိုး၊ မြတ်သောအမျိုး၊ မိဘအိမ်၊ အလုပ်အကျွေး)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလ တိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူသော် နာဠန္ဒမြို့သို့ ရောက်တော်မူ၏၊ မြတ်စွာဘုရားသည် ထိုနာဠန္ဒမြို့ဝယ် ပါဝါရိက သူဌေး၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ နာဠန္ဒမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ ထိုအခါ နိဂဏ္ဌနာဋပုတ္တသည် များစွာသော နိဂဏ္ဌပရိသတ်နှင့်အတူ နာဠန္ဒမြို့၌ နေ၏၊ ထိုအခါ နိဂဏ္ဌ၏ တပည့် အသိဗန္ဓက၏သား ရွာသူကြီးသည် နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသိဗန္ဓက၏သား ရွာသူကြီးအား နိဂဏ္ဌနာဋပုတ္တသည် ''ရွာသူကြီး လာလော့၊ ရဟန်းဂေါတမကို ဝါဒတင်ချေလော့၊ ဤသို့ ဝါဒတင်သော် အသိဗန္ဓက၏သား ရွာသူကြီးသည် ဤသို့ တန်ခိုးအာနုဘော်ကြီးသော ရဟန်း ဂေါတမကို ဝါဒတင်နိုင်၏ဟု သင်၏ ကောင်းသော ကျော်စောသံသည် ပျံ့နှံ့ သွားလတ္တံ့'' ဟူသော စကားကို ပြောဆို၏။

အသျှင် ဤသို့ တန်ခိုးအာနုဘော်ကြီးသော ရဟန်းဂေါတမကို အကျွန်ုပ်သည် အဘယ်သို့ ဝါဒတင်ရပါအံ့နည်း။

ရွာသူကြီး လာလော့၊ သင်သည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်ပြီးလျှင် ''အသျှင် ဘုရား မြတ်စွာဘုရားသည် အကြောင်း အမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ် သနားခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော၊ အစဉ် စောင့်ရှောက်ခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော'' ဟု ဤသို့ ဆိုလော့၊ ရွာသူကြီး ရဟန်းဂေါတမသည် ဤသို့ အမေးခံရသော် ''ရွာသူကြီး မှန်၏၊ ငါဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ်သနားခြင်းကို ချီးမွမ်း၏၊ အစဉ်စောင့်ရှောက်ခြင်းကို ချီးမွမ်း၏၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်း၏'' ဟူ၍ ဖြေခဲ့မူ ''အသျှင်ဘုရား ထိုသို့ဖြစ်လျှင် အဘယ့်ကြောင့် မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့် အတူ အစာခေါင်းပါး သော အသက်မွေးရန် ခဲယဉ်းသော ဖွေးဖွေးဖြူသည့် အရိုးရှိသော စာရေးတံလက်မှတ်ဖြင့် အသက်မွေးရသော အရပ်သို့ ဒေသစာရီ လှည့်လည်ပါသနည်း၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပြတ်ခြင်းငှါ ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ အကျိုးမဲ့အောင် ကျင့်ပါသလော၊ မြတ်စွာ ဘုရားသည် အမျိုးတို့၏ ပျက်စီးအောင် ကျင့်ပါသလော'' ဟု ထိုရဟန်းဂေါတမကို ဤသို့ ဆိုလေလော့။
ရွာသူကြီး ရဟန်းဂေါတမသည် အစွန်း နှစ်ဖက်ရှိသော ပြဿနာ အမေးခံရသော် ထွေးအံခြင်းငှါ မစွမ်းနိုင်လတ္တံ့၊ မျိုခြင်းငှါ မစွမ်းနိုင်လတ္တံ့။

အသျှင် ကောင်းပါပြီဟု အသိဗန္ဓက၏ သား ရွာသူကြီးသည် နိဂဏ္ဌနာဋပုတ္တ၏ စကားကို ဝန်ခံ၍ နေရာမှထကာ ရှိခိုးလျက် အရိုအသေ ပြုပြီးနောက် မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကာ ''အသျှင်ဘုရား မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ် သနားခြင်း ကို ချီးမွမ်းတော်မူသည် မဟုတ်လော၊ အစဉ်စောင့်ရှောက်ခြင်းကို ချီးမွမ်းတော် မူသည် မဟုတ်လော၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်းတော်မူသည် မဟုတ်လော'' ဟူသော ဤစကားကို လျှောက်၏။

''ရွာသူကြီး မှန်၏၊ မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် အမျိုးသားတို့အား အစဉ်သနားခြင်းကို ချီးမွမ်းတော်မူ၏၊ အစဉ် စောင့်ရှောက်ခြင်းကို ချီးမွမ်းတော်မူ၏၊ အစဉ်ငဲ့ညှာခြင်းကို ချီးမွမ်းတော်မူ၏''။

အသျှင်ဘုရား သို့ဖြစ်လျှင် အဘယ့်ကြောင့် မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ အစာခေါင်းပါးသော အသက်မွေးရန် ခဲယဉ်းသော ဖွေးဖွေးဖြူသည့်အရိုးရှိသော စာရေးတံလက်မှတ်ဖြင့် အသက်မွေးရသော အရပ်သို့ ဒေသစာရီ လှည့်လည် ပါသနည်း၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပြတ်ခြင်းငှါ ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ အကျိုးမဲ့ခြင်းငှါ ကျင့်ပါသလော၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပျက်စီးခြင်းငှါ ကျင့်ပါသလောဟု (လျှောက်၏)။


ရွာသူကြီး ဤကမ္ဘာမှ (နောက်)ကိုးဆယ့် တစ်ကမ္ဘာတို့ တိုင်အောင် ငါ အောက်မေ့သည်ရှိသော် ချက်ပြီးဆွမ်းကို လောင်းရုံမျှဖြင့် ပျက်စီးဖူးသော အမျိုးသား တစ်ဦးတစ်ယောက်ကိုမျှ ငါ သိမြင်တော်မမူ၊ စင်စစ်သော်ကား ကြွယ်ဝကုန်သော များသော ဥစ္စာရှိကုန်သော များသော ရွှေငွေရှိကုန်သော များသော အသုံးအဆောင်ရှိကုန်သော များသော ဥစ္စာစပါးရှိကုန်သော အမျိုးသား အားလုံးတို့ သည် ပေးလှူခြင်းကြောင့်လည်း ကြီးပွားကုန်၏၊ မှန်ကန်မှု သစ္စာကြောင့်လည်း ကြီးပွားကုန်၏၊ အကျင့်သီလကြောင့်လည်း ကြီးပွားကုန်၏။

ရွာသူကြီး
အမျိုးတို့၏ ပျက်စီးခြင်းငှါ အကြောင်း အထောက်အပံ့တို့သည် ရှစ်မျိုးတို့တည်း။

၁...
အမျိုးတို့သည် မင်းကြောင့်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏၊

၂...
ခိုးသားဓါးပြကြောင့်လည်း ပျက်စီး ခြင်းသို့ ရောက်ကုန်၏၊

၃...
မီးကြောင့်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏၊

၎...
ရေကြောင့်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏၊

၅...
မြှုပ်ထားသော ဥစ္စာသည်လည်း တည်ရာမှ ရွေ့၏၊

၆...
အားထုတ်မှု မကောင်းသဖြင့်လည်း လုပ်ငန်းတို့ ပျက်စီးကုန်၏၊

၇...
အမျိုး၌လည်း ထိုစည်းစိမ်ဥစ္စာတို့ကို ကြဲဖြန့်မှုတ်လွှင့် ဖျက်စီးတတ်သူ
'အမျိုးမီးခဲ' သည်လည်း ဖြစ်ပေါ်လာ၏၊

၈...
ရှစ်ခုမြောက် အကြောင်းကား မမြဲခြင်းသာလျှင် တည်း။

ရွာသူကြီး
အမျိုးတို့၏ ပျက်စီးရန် အကြောင်း အထောက်အပံ့တို့သည် ဤရှစ်မျိုးတို့တည်း။

ရွာသူကြီး ဤရှစ်မျိုးသော အကြောင်း အထောက်အပံ့များ ရှိပါကုန်လျက် မြတ်စွာဘုရားသည် ''အမျိုးတို့၏ ပြတ်ခြင်းငှါ ကျင့်၏၊ မြတ်စွာဘုရားသည် အမျိုးတို့၏ အကျိုးမဲ့ခြင်းငှါ ကျင့်၏၊ မြတ်စွာဘုရားသည် အမျိုးတို့၏ ပျက်စီးခြင်းငှါ ကျင့်၏'' ဟု ငါဘုရားအား ဆိုသော သူသည် ထိုစကားကို မပယ်လျှင် ထိုစိတ်ကို မပယ်လျှင် ထိုအယူကို မစွန့်လျှင် ဆောင်ယူခဲ့သော ဝန်ထုပ်ကို ပစ်ချလိုက် သကဲ့သို့ ဤအတူ ငရဲ၌ ကျရ၏။
ဤသို့ မိန့်တော်မူသော် အသိဗန္ဓက၏ သား ရွာသူကြီးသည် မြတ်စွာဘုရားအား...

အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊
အသျှင်ဘုရား (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေစွ၊
မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ် ဆည်းကပ်သော ဥပါသကာ ဟု မှတ်တော်မူပါ'' ဟု (လျှောက်၏)။ 361


၉ - ကုလသုတ်၊ ဂါမဏိသံယုတ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ပြန်ပြီး...

မာတုဂါမသည် ဤငါးဌာနတို့ကို ရနိုင်ခဲကုန်၏...

ဌာနသုတ်- (အကြောင်း ၊ တည်ရာ၊ အရပ်၊ ရာထူး)

ရဟန်းတို့
ကောင်းမှုကို မပြုခဲ့ဖူးသော မာတုဂါမသည် ဤငါးဌာနတို့ကို ရနိုင်ခဲကုန်၏။

အဘယ်ငါးဌာနတို့နည်း-

၁...
ရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်လို၏ ဟူသော ဤပဌမဌာနကို ရနိုင်ခဲ၏၊

၂...
ရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်လို၏ ဟူသော ဤဒုတိယဌာနကို ရနိုင်ခဲ၏၊

၃...
ရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင်ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေလို၏ဟူသော ဤတတိယဌာနကို ရနိုင်ခဲ၏၊

၎...
ရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင်ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေရသည်ဖြစ်၍ သားသမီး ရှိသူ ဖြစ်လို၏ဟူသော ဤစတုတ္ထဌာနကို ရနိုင်ခဲ၏၊

၅...
ရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူးသော မာတုဂါမသည် သင့်လျော်သော အမျိုး၌ ဖြစ်၍ သင့်လျော်သော အမျိုးသို့ ရောက်ပြီးလျှင် ရန်သူ (လင်တူမယား) မရှိဘဲ အိမ်၌ နေရသည် ဖြစ်၍ သားသမီး ရှိသူဖြစ်လျက် လင်ကို လွှမ်းမိုး၍ ဖြစ်လို၏ဟူသော ဤပဉ္စမဌာနကို ရနိုင်ခဲ၏။

ရဟန်းတို့ ကောင်းမှု မပြုခဲ့ဖူး သော မာတုဂါမသည် ဤငါးဌာနကို ရနိုင်ခဲ၏။311

၈ - ဌာနသုတ်၊ မှ၊ ဗလဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, August 15, 2009

ဒါရှိတယ်ဆိုပြီး ဒီလိုမလုပ်နဲ့...


ဒေဝဒတ်အကြောင်း...

ထိုအခါ မြတ်စွာဘုရားသည် အနုပိယနိဂုံး၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီးလျှင် အစဉ်အတိုင်း ဒေသစာရီ လှည့်လည် တော်မူလတ်သော် ကောသမ္ဗီပြည်သို့ ရောက်တော်မူ၍ ထိုကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်ထီးတည်း ကိန်းအောင်းသော ဒေဝဒတ်အား-

''ငါ့အား များသော လာဘ်သပ်ပကာကို ဖြစ်စေနိုင်မည့် အဘယ်သို့သော သူကို ငါသည် ကြည်ညိုစေရအံ့နည်း'' ဟု အကြံဖြစ်၏၊

ထိုနောက် ဒေဝဒတ်အား-
''ဤအဇာတသတ် မင်းသားသည် ငယ်လည်း ငယ်၏၊ နောင်လည်း ကောင်းစား လတ္တံ့ ၊ ငါ့အားများစွာသော လာဘ်သပ်ပကာကို ဖြစ်စေမည့် ယင်းအဇာတသတ် မင်းသားကို ကြည်ညိုစေရမူ ကောင်းလေစွ'' ဟု အကြံ ဖြစ်ပြန်၏။

ထိုနောက် ဒေဝဒတ်သည် ကျောင်း အိပ်ရာ နေရာကို သိမ်းဆည်းပြီးလျှင် သပိတ် သင်္ကန်းကို ယူ၍ အစဉ်အတိုင်း ဖဲခွာသွားသည် ရှိသော် ရာဇဂြိုဟ်ပြည်သို့ ရောက်၏။ ထိုအခါ ဒေဝဒတ်သည် မိမိအသွင်ကို ဖျောက်ပြီးလျှင် သူငယ် အသွင် ဖန်ဆင်းလျက် ခါး၌ မြွေကို ပတ်၍ အဇာတသတ် မင်းသား၏ ရင်ခွင်၌ ထင်ရှားဖြစ်ပေါ်လာ၏။

ထိုအခါ အဇာတသတ် မင်းသားသည် ကြောက်၏၊ ထိတ်၏၊ ရွံရှာ၏၊ တုန်လှုပ်၏။
ထိုအခါ ဒေဝဒတ်သည် အဇာတသတ် မင်းသားအား-

''မင်းသား သင်သည် ကျွန်ုပ်ကို ကြောက်သလော'' ဟု မေး၏။
''မှန်ပါ ကြောက်ပါ၏၊ သင် အဘယ်သူနည်း'' ဟု (ပြန်၍ မေး၏)။
''ငါ ဒေဝဒတ်တည်း'' ဟု (ဆို၏)။
''အသျှင်ဘုရား အသျှင်ဘုရားသည် အသျှင်ဒေဝဒတ်ဖြစ်မူ မိမိ အသွင်ဖြင့် သာလျှင် ထင်ရှားဖြစ်ပါလော့'' ဟု (လျှောက်၏)။

ထိုအခါ ဒေဝဒတ်သည် သူငယ်အသွင်ကို ဖျောက်ပြီးလျှင် ဒုကုဋ် သပိတ်သင်္ကန်း ကို ဆောင်လျက် အဇာတသတ်မင်းသား၏ ရှေ့၌ ရပ်၏။ ထိုအခါ အဇာတသတ် မင်းသားသည် ဒေဝဒတ်အား ဤတန်ခိုးပြာဋိဟာအားဖြင့် အလွန် ကြည်ညိုသည် ဖြစ်၍ ရထား ငါးရာတို့ဖြင့် ည နံနက် ဆည်းကပ်၏၊ ဆွမ်းအုပ်ငါးရာတို့ကိုလည်း ပို့စေ၏။

ထိုအခါ လာဘ်သပ်ပကာ အကျော်အစောဖြင့် နှိပ်စက် လွှမ်းမိုးထားသော စိတ်ရှိသော ဒေဝဒတ်အား ''ငါသည် ရဟန်းသံဃာကို ဆောင်အံ့'' ဟူသော အလိုဆန္ဒသည် ဖြစ်ပေါ်လာ၏။ ထိုစိတ် ဖြစ်သည်နှင့် တစ်ပြိုင်နက် ဒေဝဒတ်သည် ထိုတန်ခိုးမှ လျှောလေ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်၏ အလုပ်အကျွေးဖြစ်သော ကကုဓမည်သော ကောဠိယ မင်းသားသည် ယခုပင် စုတေ၍ တစ်ခုသော စိတ်ဖြင့် ပြီးသော ကိုယ်သို့ 'နတ်ပြည်သို့' ရောက်၏။ ထိုကကုဓ နတ်သားအား မဂဓတိုင်း ဂါမခေတ် နှစ်ခု သုံးခုလောက် မျှသော ခန္ဓာကိုယ်ကို ရ၏၊ ထိုကကုဓနတ်သားသည် ထိုခန္ဓာကိုယ်ကို ရခြင်းဖြင့် မိမိကို လည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မနှိပ်စက်စေ၊ ထိုအခါ ကကုဓ နတ်သားသည် အသျှင် မဟာမောဂ္ဂလ္လာန်ထံသို့ ချဉ်းကပ်ပြီးနောက် ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်ကာ''

အသျှင်ဘုရား လာဘ်သပ်ပကာ အကျော်အစောဖြင့် နှိပ်စက် လွှမ်းမိုးထားသော စိတ်ရှိသော ဒေဝဒတ်အား 'ငါသည် ရဟန်းသံဃာကို ဆောင်အံ့' ဟူသော အလိုဆန္ဒသည် ဖြစ်ပေါ်ခဲ့ပါပြီ၊ အသျှင်ဘုရား ထိုစိတ် ဖြစ်သည်နှင့် တစ်ပြိုင်နက် ဒေဝဒတ်သည် ထိုတန်ခိုးမှ လျှောခဲ့ပါပြီ'' ဟု လျှောက်၏။ လျှောက်ပြီးနောက် အသျှင် မဟာမောဂ္ဂလ္လာန်ကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုနေရာ၌ပင် ကွယ်ပျောက်လေ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည်
မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်ကာ-

''အသျှင်ဘုရား အကျွန်ုပ်၏ အလုပ်အကျွေးဖြစ်သော ကကုဓမည်သော ကောဠိယ မင်းသားသည် ယခုပင် စုတေလျက် တစ်ခုသော စိတ်ဖြင့် ပြီးသော ကိုယ်သို့ 'နတ်ပြည်သို့' ရောက်ပါ၏၊ ထို နတ်သားအား မဂဓတိုင်း ဂါမခေတ် နှစ်ခု သုံးခု လောက်ကြီးသော ခန္ဓာကိုယ်ကို ရပါ၏၊ ထို နတ်သားသည် ထိုခန္ဓာကိုယ်ကို ရခြင်းဖြင့် မိမိကို လည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း မနှိပ် စက်စေပါ။ အသျှင်ဘုရား ထိုအခါ ကကုဓ နတ်သားသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးနောက် အကျွန်ုပ်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပါ၏၊ အသျှင်ဘုရား တစ်ခုသော နေရာ၌ ရပ်ပြီးသော ကကုဓ နတ်သားသည် အကျွန်ုပ်အား-

''အသျှင်ဘုရား လာဘ်သပ်ပကာ အကျော်အစောဖြင့် နှိပ်စက် လွှမ်းမိုးထားသော စိတ်ရှိသော ဒေဝဒတ်အား 'ငါသည် ရဟန်းသံဃာကို ဆောင်အံ့' ဟူသော အလိုဆန္ဒ ဖြစ်ပေါ်လာ၏၊ အသျှင်ဘုရား ထိုစိတ် ဖြစ်သည်နှင့် တစ်ပြိုင်နက် ဒေဝဒတ်သည် ထိုတန်ခိုးမှ လျှောခဲ့ပြီ'' ဟု လျှောက်ပါသည်။ ဤစကားကို လျှောက်ပြီးနောက် အကျွန်ုပ်ကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုနေရာ၌ပင် ကွယ်ခဲ့ပါ၏'' ဟု လျှောက်၏။

မောဂ္ဂလ္လာန် သင်၏ စိတ်ဖြင့် ကကုဓနတ်သားစိတ်ကို ပိုင်းခြား၍ သိသလော၊ ကကုဓနတ်သား ပြောသမျှစကား အလုံးစုံသည် ပြောဆိုတိုင်းပင် ဖြစ်သလော၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်သလော ဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်၏ စိတ်ဖြင့်လည်း ကကုဓ နတ်သားစိတ်ကို ပိုင်းခြား၍ သိပါ၏၊ ကကုဓနတ်သား ပြောသမျှစကား အလုံးစုံသည် ပြောဆိုတိုင်းပင် ဖြစ်ပါ၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်ပါဟု (လျှောက်၏)။

မောဂ္ဂလ္လာန် ဤစကားကို စောင့်စည်းလော့။
မောဂ္ဂလ္လာန် ဤစကားကို စောင့်စည်းလော့။

ယခုအခါ ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားသည် မိမိကိုယ်ကို ကိုယ်တိုင်ပင် ထင်ရှားပြုလိမ့်မည်။ 333

ဒေဝဒတ်အကြောင်း၊ ပဌမအခန်း၊ သံဃဘေဒကက္ခန္ဓက၊ စူဠဝဂ်ပါဠိတော်။ ၀ိနယ။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။