နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Saturday, October 31, 2009

ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်...


စတုက္ကပုဂ္ဂလပညတ်- မှ၊

ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်...

ထိုမာတိကာပုဒ်၌ ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့ နည်း၊ တိမ်လျက် နက်ယောင်ရှိသော ရေအိုင်၊ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်၊ တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်၊ နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်ဟူ၍ ရေအိုင်တို့သည် လေးမျိုးရှိကုန်၏၊

ဤအတူပင်လျှင်
ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည်
လောက၌ ထင်ရှား ရှိကုန်၏၊

လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊

၁... တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၂... နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၃... တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
၎... နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
ဟူ၍ ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။

၁... တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့်တူ သနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ် ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်သည် တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် တိမ်လျက် နက်ယောင် ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။

၂... နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သော အတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ် မရှိဘဲလျက် အမှန်တရားကို သိသော ပုဂ္ဂိုလ်သည် နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် နက်လျက် တိမ်ယောင် ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ် မရှိဘဲလျက် အမှန်တရားကို သိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏
ဟူ၍ မှတ်အပ်၏။

၃... တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်းရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်း ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်း မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည် ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည် ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ, အမှန်တရားကို လည်း မသိသော ပုဂ္ဂိုလ်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်းရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်း ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ, အမှန် တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ် အပ်၏။ (၃)

၎... နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊
အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရှု ကြည့်ခြင်း၊ တစောင်း ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်း ရှိ၏၊ ထိုကြည်ညိုဖွယ် ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည် ကား ဆင်းရဲတည်း'' ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည် ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်တည်း'' ဟူ၍ ဟုတ်မှန် သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ်လည်း ရှိ၍ အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်သည် နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် နက်လည်းနက်၍ နက်ယောင်လည်း ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်း ရှိ၍ အမှန် တရားကိုလည်း သိသော ပုဂ္ဂိုလ်ကိုထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။ 161

၎ - စတုက္ကပုဂ္ဂလပညတ်၊ မှ၊ နိဒ္ဒေသ၊ ပုဂ္ဂလပညတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, October 29, 2009

သေမင်း မမြင်ရာ နိဗ္ဗာန်သို့ ...

စူဠပန္ထကသုတ်...

အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင် စူဠပန္ထကသည် မြတ်စွာဘုရား၏ မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာထား၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်စူဠပန္ထကကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌-

''ကောင်းစွာ ထားအပ်သောကိုယ် ကောင်းစွာ ထားအပ်သော စိတ်ရှိသည်ဖြစ်၍ ရပ်သော် လည်းကောင်း၊ ထိုင်သော် လည်းကောင်း၊ ထိုမှတစ်ပါး လျောင်းသော် လည်းကောင်း ဤသို့ သတိကို ကောင်းစွာထားသော ရဟန်းသည် ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရရာ၏။ ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရသောကြောင့် သေမင်း မမြင်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 50

၁ဝ - စူဠပန္ထကသုတ်၊ သောဏဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ငါတို့သည် ရိုသေမှု အလေးပြုမှုရအောင် လုပ်ကြကုန်အံ့...


ပိဏ္ဍပါတိကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင်ရောက်ရာ ကရေရိ- (ရေခံတက်ပင်) တန်ဆောင်းဝန်း၌ စုဝေးထိုင်နေကြကုန်သော များစွာသော ရဟန်းတို့အား ဤကြားညှပ်စကားသည် ဖြစ်ပေါ်လာ၏။


ငါ့သျှင်တို့ ဆွမ်းခံလှည့်လည်သော
ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရံဖန်ရံခါ
နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိ ဖြင့် မြင်ရ၏။
နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရ၏။
နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရ၏။
နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက်ရ၏။
နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထိရ၏။


ငါ့သျှင်တို့ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကာ ဆွမ်းခံလှည့်လည်၏။ ငါ့သျှင်တို့ ယခု ငါတို့ သည်လည်း ပိဏ္ဍပါတ်ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန် အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့် လျက်ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကိုကိုယ်ဖြင့် တွေ့ထိရကုန်အံ့၊ ငါတို့သည်လည်း ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြကာ ဆွမ်းခံလှည့်လည်ကြကုန်အံ့ဟု ထိုရဟန်းတို့၏ ဤကြားညှပ် စကားသည် မပြီးပြတ်သေး။

ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းနေရာမှ ထ၍ ရေခံတက်ပင် ရောက်ရာ ကရေရိတန်ဆောင်းဝန်းသို့ ချဉ်းကပ်လျက် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စုဝေးနေထိုင်ကြ ကုန်သနည်း။ သင်တို့၏ မပြီးပြတ်သေးသော ကြားညှပ်စကားသည် အဘယ်နည်း'' ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဤအရပ်၌ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်၍ ရေခံတက်ပင် ရောက်ရာ ကရေရိတန်ဆောင်း ဝန်း၌ စုဝေး ထိုင်နေကြကုန်သော တပည့်တော်တို့အား ဤကြားညှပ် စကားသည် ဖြစ်ပါ၏။ ငါ့သျှင်တို့ ဆွမ်းခံလှည့်လည် သော ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရ၏။ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရ၏။ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရ၏။ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက် ရ၏။ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထရိ ၏။ ငါ့သျှင်တို့ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းသည် ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကာ ဆွမ်းခံလှည့်လည်၏။ ငါ့သျှင်တို့ ယခု ငါတို့သည်လည်း ပိဏ္ဍပါတ် ဓုတင် ဆောင်ကြကုန်အံ့၊ ငါတို့သည်လည်း ရံဖန်ရံခါ နှစ်သက်ဖွယ် ရူပါရုံတို့ကို မျက်စိဖြင့် မြင်ရကုန်အံ့၊ နှစ်သက်ဖွယ် အသံတို့ကို နားဖြင့် ကြားရကုန်အံ့၊ နှစ်သက်ဖွယ် အနံ့တို့ကို နှာခေါင်းဖြင့် နမ်းရကုန်အံ့၊ နှစ်သက်ဖွယ် ရသာရုံတို့ကို လျှာဖြင့်လျက် ရကုန်အံ့၊ နှစ်သက်ဖွယ် ဖောဋ္ဌဗ္ဗာရုံတို့ကို ကိုယ်ဖြင့် တွေ့ထိရကုန်အံ့၊ ငါတို့သည်လည်း ရိုသေမှု အလေးပြုမှု မြတ်နိုးမှု ပူဇော်မှု တုပ်ဝပ်မှုကို ခံယူကြကာ ဆွမ်းခံ လှည့်လည်ကြကုန်အံ့။

အသျှင်ဘုရား ဤစကားသည် တပည့်တော်တို့၏ မပြီးပြတ်သေးသော ကြားညှပ် စကားပါတည်း။ ထိုအခါ မြတ်စွာဘုရားသည် ကြွရောက်လာပါ၏ဟု လျှောက်ကုန်၏။

ရဟန်းတို့ ...
ယုံကြည်မှု သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်၌ ရဟန်းပြု ကြသော အမျိုးကောင်းသားတို့အား ဤသို့ သဘောရှိသော စကားကို ပြောဆိုခြင်းသည် မလျောက်ပတ်။

ရဟန်းတို့ ...
စုဝေးနေထိုင်ကြကုန်သော သင်တို့အား တရားနှင့်စပ်သော စကားကိုသော် လည်းကောင်း၊ မြတ်သော ဆိတ်ဆိတ်နေခြင်းကိုသော် လည်းကောင်း ဤနှစ်ပါး ကိုသာ ပြုသင့်၏ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထို သိသောအချိန်၌- ''ရဟန်းသည် မျက်မှောက် မျက်ကွယ်၌ ချီးမွမ်းကျော်စောသံကို မှီသူ အကယ်၍ မဖြစ်ခဲ့မူ ပိဏ္ဍပါတ်ဓုတင်ကို ဆောင်ကာ မိမိကိုယ်ကို မွေးမြူသော သူတစ်ပါးတို့ မွေးမြူမှုကို မခံမူ၍ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား နတ်တို့ ချစ်မြတ်နိုးကုန်၏'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 28

၈ - ပိဏ္ဍပါတိကသုတ်၊ နန္ဒဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သရက်သီးမှည့်ကို ပေးလှူ၍...

အမ္ဗဝနပေတဝတ္ထု - (အမ္ဗဝန=သရက်တော)


လူ့ဘဝ၌ ကျန်ရစ်သူသမီးက
သရက်သီးမှည့် ရေချမ်းနှင့် ယာဂုကို ပေးလှူ၍ အမျှဝေသောကြောင့်
ရေကန် သရက်ဥယျာဉ်တို့ဖြင့် ချမ်းသာခွင့်ရသော ပြိတ္တာ။


သင်၏ ဤရေကန်သည် အလွန် နှလုံးမွေ့လျော်ဖွယ်ရှိ၍ ညီညွတ်သော အပြင်လည်း ရှိပေ၏၊ ကောင်းသော ဆိပ်ကမ်းလည်း ရှိ၏၊ များသော ရေလည်း ရှိ၏၊ ကောင်းစွာ ပွင့်သော ပန်းလည်း ရှိ၏၊ ပျားပိတုန်း အပေါင်းတို့ဖြင့် ပြွမ်း၏၊ သင်သည် နှစ်သက်ဖွယ်သော ဤရေကန်ကို အဘယ် အကြောင်းကြောင့် ရအပ်သနည်း။ 796

နတ်သား သင်၏ ဤသရက်ဥယျာဉ်သည် အလွန် နှလုံးမွေ့လျော်ဖွယ် ရှိ၏၊ ဥတု သုံးပါးလုံး ချမ်းသာကို ရွက်ဆောင်လျက် အသီးတို့ကို ဆောင်၏၊ အခါခပ်သိမ်း ပွင့်၏၊ ပျားပိတုန်း အပေါင်းတို့ဖြင့် ပြွမ်း၏၊ ဤဗိမာန်ကို သင်သည် အဘယ်အကြောင်းကြောင့် ရအပ်သနည်းဟု ကုန်သည်များကမေး၏။ 797

ကုန်သည်တို့ အကျွန်ုပ်၏ သမီးသည် အကျွန်ုပ်ကို ရည်၍ သရက်သီးမှည့်ကို လည်းကောင်း၊ ရေကို လည်းကောင်း၊ ယာဂုကို လည်းကောင်း ပေးလှူ၏၊ သမီး၏ ထိုပေးလှူသော အလှူကြောင့် ဤသရက် ဥယျာဉ်၌ သရက်သီးမှည့်ကို လည်းကောင်း၊ ဤရေကန်၌ ရေကို လည်းကောင်း ဤဗိမာန် ပဒေသာပင် စသည်တို့၌ နှလုံးမွေ့လျော်ဖွယ်ရှိ၍ ချမ်းအေးသော အရိပ်ကို အကျွန်ုပ် ရပါ၏ဟု ပြိတ္တာက ပြောဆို၏။ 798

အလှူပေးခြင်း၏ လည်းကောင်း၊ ဣနြေ္ဒကို ဆုံးမခြင်း၏ လည်းကောင်း၊ သီလ စောင့်ထိန်းခြင်း၏ လည်းကောင်း အကျိုးကို ကုသိုလ်ကံသည် ဤသို့ပင် မျက်မှောက်ဘဝ၌ ခံစားအပ်သော အကျိုးရှိ၏ဟု ကြည့်ရှုကြကုန်လော့၊ အကျွန်ုပ်သည် ရှေးက အရှင်သခင်တို့ အိမ်၌ ကျွန်မ ဖြစ်ပြီး၍ ယခုအခါ အိမ်ကို အစိုးရသော ချွေးမ ဖြစ်ပါ၏ဟု ပြိတ္တာ၏ သမီးက ရွတ်ဆို၏။ 799

၁၂ - အမ္ဗဝနပေတဝတ္ထု၊ မဟာဝဂ်၊ ပေတဝတ္ထုပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, October 28, 2009

ရိုသေမှု ရှိသော ထိုရဟန်းသည်...

ဒုတိယ အဂါရဝသုတ် မှ...

ရဟန်းတို့ ရိုသေမှု တုပ်ဝပ်မှု တူသော အသက်မွေးမှု ရှိသော ထိုရဟန်းသည် သီတင်းသုံးဖော်တို့၌ မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

မြတ်သော ကျင့်ဝတ်တရားကို ဖြည့်ကျင့်လတ်သော် ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤ အကြောင်းမျိုးသည် ရှိနိုင်၏။

ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားကို ဖြည့်ကျင့်လတ်သော် သီလအစုကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

သီလအစုကို ဖြည့်ကျင့်လတ်သော် သမာဓိအစုကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏။

သမာဓိအစုကို ဖြည့်ကျင့်လတ်သော် ပညာအစုကို ဖြည့်ကျင့်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိနိုင်၏ ဟု (မိန့်တော်မူ၏)။ 22

၂ - ဒုတိယ အဂါရဝသုတ်၊ မှ ၊ပဉ္စင်္ဂိကဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, October 27, 2009

ကမ္ဘာသည် အဘယ်မျှလောက် ရှည်ပါသနည်း...

ပဗ္ဗတသုတ် - (တောင်)

သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာ ဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား...

''အသျှင်ဘုရား ကမ္ဘာသည် အဘယ်မျှလောက် ရှည်ပါသနည်း'' ဟု လျှောက်၏။

ရဟန်း ကမ္ဘာသည် ရှည်လျားလှ၏၊ ထိုကမ္ဘာကို ''ဤမျှသော နှစ်တို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော နှစ်အရာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော နှစ်အထောင်တို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော နှစ်အသိန်းတို့'' ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ''ရဟန်း တတ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဥပမာသော်ကား မကွဲမပြတ်သော အခေါင်းမရှိသော တစ်ခဲနက်ဖြစ်သော ကျောက်တောင်ကြီးသည် အလျားအားဖြင့် တစ်ယူဇနာ အနံအားဖြင့် တစ်ယူဇနာ အစောက်အားဖြင့် တစ်ယူဇနာ ရှိ၏၊ ထို ကျောက်တောင်ကြီးကို ယောက်ျားသည် အနှစ်တစ်ရာ အနှစ်တစ်ရာ လွန်သောအခါ၌ ကာသိတိုင်းဖြစ် အဝတ်ဖြင့် တစ်ကြိမ်တစ်ကြိမ်သာ ပွတ်တိုက်ရာ၏၊ ရဟန်း ထိုကျောက်တောင်ကြီးသည် ဤလုံ့လဖြင့် လျင်စွာသာလျှင် ကုန်ခြင်းဆုံးခြင်းသို့ ရောက်ရာ၏၊ ကမ္ဘာသည် ကုန်ခြင်းဆုံးခြင်းသို့ မရောက်ရာ။

ရဟန်း ကမ္ဘာသည် ဤသို့ ရှည်လှစွာ၏၊ ရဟန်း ဤသို့ ရှည်လျားလှသော ကမ္ဘာတို့၏ ''တစ်ခုသောကမ္ဘာ'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်ရာ'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်ထောင်'' ဟူ၍ မပြောဆိုအပ်၊ ''ကမ္ဘာတစ်သိန်း'' ဟူ၍ မပြောဆိုအပ်။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်း ဤသံသရာ၏အစကို မသိနိုင်၊ ရှေ့အစွန်းသည်။ပ။ ရဟန်းတို့ ဤသို့လျှင် အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည် သာလျှင်တည်း၊ တပ်ခြင်း ကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည် သာလျှင်တည်းဟု ဟောတော်မူ၏။ 128

၅ - ပဗ္ဗတသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကျော်လွန်ခဲ့ပြီးသော ကမ္ဘာအရေအတွက်ကို ရေတွက်ခြင်းငှါ မရနိုင်...

သာဝကသုတ်


သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏၊
ထိုအခါ၌ များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင်။ပ။ မြတ်စွာဘုရားအား ''အသျှင်ဘုရား ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် အဘယ်မျှလောက် များပါကုန်သနည်း''ဟု လျှောက်၏။ ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် များလှကုန်၏၊ ထိုလွန်ကုန်ပြီးသော ကမ္ဘာတို့ကို ''ဤမျှသော ကမ္ဘာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအရာတို့''ဟူ၍လည်းကောင်း၊ ''ဤမျှ သော ကမ္ဘာအထောင်တို့'' ဟူ၍လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအသိန်း'' တို့ ဟူ၍ လည်းကောင်း ရေတွက် ခြင်းငှါ မလွယ် ဟု မိန့်တော်မူ၏။

အသျှင်ဘုရား ဥပမာကို ပြုခြင်းငှါ တတ်ကောင်းပါ၏လောဟု လျှောက်ပြန်၏။ ''ရဟန်းတို့ တတ်ကောင်း၏'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်းတို့ ဤသာသနာတော်၌ အနှစ် တစ်ရာ အသက်တမ်းရှိသည် ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော တပည့် 'သာဝက' လေးယောက်တို့သည် နေ့တိုင်း နေ့တိုင်း ကမ္ဘာကပ်ပေါင်းတစ်သိန်း ကမ္ဘာကပ်ပေါင်း တစ်သိန်းကို အောက်မေ့ကုန်ရာ၏၊ ထိုသို့ အောက်မေ့စဉ် အနှစ်တစ်ရာ အသက်တမ်း ရှိသည်ဖြစ်၍ အနှစ်တစ်ရာ အသက်ရှည်ကုန်သော ဤတပည့် 'သာဝက' လေးယောက်တို့သည် အနှစ်တစ်ရာ ကို လွန်သောအခါ၌ သေခြင်းကို ပြုကုန်ရာ၏၊ ရဟန်းတို့ ထိုတပည့် 'သာဝက' လေးယောက်တို့သည် ကမ္ဘာတို့ကို ကုန်အောင် မအောင့်မေ့နိုင်သည်သာတည်း။

ရဟန်းတို့ ရှေး၌ ကျော်လွန်ကုန်ပြီးသော ကမ္ဘာတို့သည် ဤသို့ များလှကုန်၏၊ ထိုကမ္ဘာတို့ကို ''ဤမျှသော ကမ္ဘာတို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာ အရာတို့''ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအထောင်တို့'' ဟူ၍ လည်းကောင်း၊ ''ဤမျှသော ကမ္ဘာအသိန်းတို့'' ဟူ၍ လည်းကောင်း ရေတွက်ခြင်းငှါ မလွယ်ကုန်။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း-
ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။
လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု ဟောတော်မူ၏။ 130

၇ - သာဝကသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, October 26, 2009

တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည်...

နိရယသုတ် - (ချမ်းသာကင်းသော)

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။

အဘယ်လေးမျိုး တို့နည်းဟူမူ-

၁... သူ့အသက်ကို သတ်လေ့ရှိ၏၊
၂... မပေးသည်ကိုယူလေ့ရှိ၏၊
၃... ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊
၎... မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏ ဟု မိန့်တော်မူ၏။

သူ့အသက်သတ်ခြင်းကို လည်းကောင်း၊ မပေးသည်ကို ယူခြင်းကို လည်းကောင်း၊ မဟုတ်မမှန်သော စကားကို ဆိုခြင်းကို လည်းကောင်း၊ သူတစ်ပါးသားမယား၌ သွားလာခြင်းကို လည်းကောင်း ပညာရှိတို့သည် မချီးမွမ်းကုန် ဟု ဆိုအပ် သတည်း။ 64

၎ - နိရယသုတ်၊ ပတ္တကမ္မဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်သည်...

သုဒတ္တသုတ် -(အနာထပိဏ်သူဌေးအမည်)

ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည် ဒါယကာ ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်သည် အလှူခံပုဂ္ဂိုလ်တို့အား လေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏။

အဘယ်လေးမျိုးတို့နည်းဟူမူ...

၁... အသက်ကို ပေးလှူသည် မည်၏၊
၂... အဆင်း ကို ပေးလှူသည် မည်၏၊
၃... ချမ်းသာကို ပေးလှူသည် မည်၏၊
၎... ခွန်အားကို ပေးလှူသည် မည်၏။

အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက် သော်လည်းကောင်းရှည်ရန် ဖြစ်၏၊ အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့်။ ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့်။ ခွန်အားကို ပေးလှူသည် မည်ခြင်း ကြောင့် နတ်ခွန်အားသော် လည်းကောင်း၊ လူခွန်အားသော် လည်းကောင်း ကြီးရန် ဖြစ်၏။

ဒါယကာ ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်သည် အလှူခံ ပုဂ္ဂိုလ်တို့အား ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏ ဟု မိန့်တော်မူ၏။

အကြင်သူသည် (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းတတ်ကုန်သော သူတစ်ပါးတို့ ပေးလှူသည်ကိုသာ စားရကုန်သော ပုဂ္ဂိုလ်တို့အား သင့်လျော်သော အခါကာလ၌ ရိုသေစွာ ဘောဇဉ်ကို ပေးလှူ၏၊ ထိုသူသည် အသက်ကို လည်းကောင်း၊ အဆင်းကို လည်းကောင်း၊ ချမ်းသာကိုလည်းကောင်း၊ ခွန်အားကို လည်းကောင်း ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏။ အသက် အဆင်း ချမ်းသာ ခွန်အားကို ပေးလှူတတ်သူသည် အကြင် အကြင် ဘုံဌာန၌ ဖြစ်၏၊ ထို ထို ဖြစ်လေရာရာ ဘုံဌာန၌ အသက်ရှည်ခြင်းသည် လည်းကောင်း၊ အခြံအရံများ ခြင်းသည် လည်းကောင်း ဖြစ်ရလေသတည်း။ 58

၈ - သုဒတ္တသုတ်၊ ပုညာဘိသန္ဒဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, October 25, 2009

လက်ချောင်းထိုးသဖြင့်...



အဂုင်္လိပတောဒကသိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် သတ္တရသဝဂ္ဂီဂိုဏ်းသား ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင်စေကုန်၏၊ ထိုရဟန်းသည် ပင်ပန်းသည်ဖြစ်၍ ထွက်သက် ဝင်သက် ပြတ်သောကြောင့် သေလေ၏၊

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင်စေကုန်ဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင်စေကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ရဟန်းကို လက်ချောင်းထိုးသဖြင့် 'ကလိထိုးသဖြင့်' ရယ်ရွှင် စေကုန်ဘိသနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ (သင်တို့ပြုမိသောအမှု)သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 300

''လက်ချောင်းထိုး 'ကလိထိုး' ခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 331

၂ - အဂုင်္လိပတောဒကသိက္ခာပုဒ်၊
၆ - သုရာပါနဝဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, October 24, 2009

သိစေအပ်သော အစီအရင်...




သိစေအပ်သော အစီအရင်...


စုန္ဒ ညီညွတ်ကုန်သော အချင်းချင်း ဝမ်းမြောက်ကုန်သော မငြင်းခုံကြကုန်သော အကျင့်သိက္ခာကို လိုလားကုန်သော သင်ချစ်သားတို့တွင် သီတင်းသုံးဖော်တစ်ဦး သည် သံဃာ့ အလယ်၌ အကယ်၍ တရားဟောငြားအံ့၊ ထိုဟောရာ၌ ''ဤအသျှင်သည် အနက်ကိုလည်း မှားယွင်းစွာယူ၏၊ သဒ္ဒါကိုလည်း မှားယွင်းစွာ တင်ပြ၏''ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ယင်းသို့ဖြစ်သော် ထို အသျှင်၏ စကားကို နှစ်သက်လက်ခံခြင်းလည်း မပြုအပ်၊ ကဲ့ရဲ့ငြင်းပယ်ခြင်းလည်း မပြုအပ်၊


''ငါ့သျှင် ဤအနက်၏ သဒ္ဒါတို့သည် ဤသဒ္ဒါတို့ ဖြစ်ကုန်သလော၊ ထိုသဒ္ဒါတို့ ဖြစ်ကုန်သလော၊ အဘယ် သဒ္ဒါတို့သည် သာလွန်၍ သင့်မြတ်ကုန်သနည်း၊ ဤသဒ္ဒါတို့၏ အနက်သည် ဤအနက်ဖြစ်သလော၊ ထိုအနက် ဖြစ်သလော၊ အဘယ် အနက်သည် သာလွန်၍ သင့်မြတ်ပါသနည်း''ဟု ဆိုအပ်၏။


ထိုအသျှင်သည် ''ငါ့သျှင်တို့ ဤအနက်၏ သဒ္ဒါတို့တွင် ဤသဒ္ဒါတို့သာလျှင် သာလွန်၍ သင့်မြတ်ကုန်၏၊ ဤသဒ္ဒါတို့ကိုပင် ငါဆိုအပ်၏၊ ဤသဒ္ဒါတို့၏ အနက်တွင် ဤအနက်သည်သာလျှင် သာလွန်၍ သင့်မြတ်၏၊၊ ဤအနက်ကိုပင် ငါဆိုအပ်၏''ဟု အကယ်၍ ဆိုငြားအံ့၊ ထို အသျှင်ကို မြှင့်တင် ချီးမွမ်းခြင်းလည်း မပြုအပ်၊ နှိမ့်ချခြိမ်းခြောက်ခြင်းလည်း မပြုအပ်၊ မြှင့်တင်ချီးမွမ်းခြင်း နှိမ့်ချခြိမ်းခြောက်ခြင်း မပြုမူ၍ ထိုအနက်ကိုလည်းကောင်း၊ ထိုသဒ္ဒါတို့ကို လည်းကောင်း စူးစမ်းဆင်ခြင်ရန် ထို အသျှင်ကိုပင် ကောင်းစွာ သိစေအပ်၏။ 178


စုန္ဒ တစ်ပါးသော သီးတင်းသုံးဖော်သည်လည်း သံဃာ့ အလယ်၌ အကယ်၍ တရား ဟောငြားအံ့၊ ထိုတရားဟောရာ၌ ''ဤအသျှင်သည် အနက်ကို မှားယွင်းစွာ ယူ၏၊ သဒ္ဒါတို့ကိုကားဟုတ် မှန်စွာ တင်ပြ၏'' ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ယင်းသို့ ဖြစ်သော် ထိုအသျှင်၏ စကားကို နှစ်သက် လက်ခံခြင်းလည်း မပြုအပ်၊ ကဲ့ရဲ့ငြင်းပယ်ခြင်းလည်း မပြုအပ်၊ နှစ်သက်လက်ခံခြင်း ကဲ့ရဲ့ခြင်းကို မပြုမူ၍ ထိုအသျှင်ကို ''ငါ့သျှင် ဤသဒ္ဒါတို့၏ အနက်သည် ဤအနက် ဖြစ်သလော၊ ထိုအနက် ဖြစ်သလော၊ အဘယ်အနက်သည် သာလွန်၍ သင့်မြတ်သနည်း'' ဟု ဆိုအပ်၏။


ထို အသျှင်သည် ''ငါ့သျှင်တို့ ထိုသဒ္ဒါတို့၏ အနက်တို့တွင် ဤအနက်သည် သာလျှင် သာလွန်၍ သင့်မြတ်၏'' ဟု အကယ်၍ ဆိုငြားအံ့၊ ထို အသျှင်ကို မြှင့်တင်ချီးမွမ်းခြင်းလည်း မပြုအပ်၊ နှိမ့်ချခြိမ်းခြောက်ခြင်းလည်း မပြုအပ်၊ မြှင့်တင်ချီးမွမ်းခြင်း နှိမ့်ချခြိမ်းခြောက်ခြင်း မပြုမူ၍ ထိုအနက်ကိုသာလျှင် စူးစမ်း ဆင်ခြင်ရန် ထို အသျှင်ကိုပင် ကောင်းစွာ သိစေအပ်၏။ 179


စုန္ဒ တစ်ပါးသော သီးတင်းသုံးဖော် ပုဂ္ဂိုလ်သည်လည်း သံဃာ့ အလယ်၌ အကယ်၍ တရားဟောငြားအံ့၊ ထိုဟောရာ၌ ''ဤအသျှင်သည် အနက်ကိုသာလျှင် ဟုတ်မှန်စွာ ယူ၏၊ သဒ္ဒါတို့ကိုကား မှားယွင်းစွာ တင်ပြ၏'' ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ယင်းသို့ဖြစ်သော် ထို အသျှင်၏ စကားကို နှစ်သက်လက်ခံခြင်းလည်း မပြုအပ်၊ ကဲ့ရဲ့ငြင်းပယ်ခြင်းလည်း မပြုအပ်၊ နှစ်သက် လက်ခံခြင်း ကဲ့ရဲ့ငြင်းပယ်ခြင်း မပြုမူ၍ ထိုအသျှင်ကို '' ငါ့သျှင် ဤအနက်၏ သဒ္ဒါတို့သည် ဤသဒ္ဒါတို့ ဖြစ်ကုန် သလော၊ ထိုသဒ္ဒါတို့ ဖြစ်ကုန်သလော၊ အဘယ်သဒ္ဒါတို့သည် သာလွန် သင့်မြတ်ကုန်သနည်း''ဟု ဆိုအပ်၏၊ ထို အသျှင် သည် ''ငါ့သျှင်တို့ ဤအနက်၏ သဒ္ဒါတို့တွင် ဤသဒ္ဒါတို့သည် သာလွန်၍ သင့်မြတ် ကုန်၏'' ဟု ဆိုငြားအံ့၊ ထို (အသျှင်) ကို မြှင့်တင် ချီးမွမ်းခြင်းလည်း မပြုအပ်၊ နှိမ့်ချ ခြိမ်းခြောက် ခြင်းလည်း မပြုအပ်၊ မြှင့်တင် ချီးမွမ်းခြင်း နှိမ့်ချခြိမ်းခြောက်ခြင်း မပြုမူ၍ ထိုသဒ္ဒါ တို့ကို သာလျှင် စူးစမ်းအင်ခြင်ရန် ထို (အသျှင်)ကိုပင် ကောင်းစွာ သိစေအပ်၏။ 180


စုန္ဒ တစ်ပါးသော သီတင်းသုံးဖော်သည်လည်း သံဃာ့ (အလယ်) ၌ အကယ်၍ တရား ဟောငြားအံ့၊ ထိုတရားဟောရာ၌ ''ဤအသျှင်သည် အနက်ကိုလည်း ဟုတ်မှန်စွာ ယူ၏၊ သဒ္ဒါတို့ကိုလည်း ဟုတ်မှန်စွာ တင်ပြ၏'' ဟု သင်တို့အား အထင်အမြင် ဖြစ်ရာ၏၊ ထိုသို့ ဖြစ်သော် ထို (အသျှင်)၏ စကားကို ''ကောင်း၏'' ဟု နှစ်သက် လက်ခံအပ်၏၊ ဝမ်းမြောက်နုမော် သာဓုခေါ်အပ်၏၊ ထို (ပုဂ္ဂိုလ်)၏ စကားကို နှစ်သက်လက်ခံကာ ဝမ်းမြောက်နုမော် သာဓုခေါ်ပြီးသော် ထို (အသျှင်) ကို ''ငါ့သျှင် ငါတို့သည် အရတော် လေစွ၊ ငါ့သျှင် ငါတို့သည် ကောင်းစွာ ရအပ်လေစွ၊ အကြင်ငါတို့သည် ဤသို့ အနက်ကို တတ်သိသော ဤသို့ သဒ္ဒါကို တတ်သိသော ထိုသို့သဘော ရှိသော သီတင်းသုံးဖော် အသျှင်မြတ်ကို မြင်ကြရကုန်၏'' ဟု ဆိုအပ်၏။


သိစေအပ်သော အစီအရင်၊ ပါသာဒိကသုတ်၊ ပါထိကဝဂ်၊ ဒီဃနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


ဈာန်မဂ်ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ...


ဥပညာသသုတ် - (အနီး၌ချထားခြင်း၊ စကားဦး)

ရဟန်းတို့ ဈာန်သြဘာသ နိမိတ်မျှလောက်သော ကုသိုလ်တရားတို့၌ မရောင့်ရဲ ခြင်းနှင့် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်ရောက်အောင် အားထုတ် လုံ့လပြုရာ၌ မဆုတ်နစ်ခြင်း ဟူသော ဤတရားနှစ်မျိုးတို့၏ ဂုဏ်ကို ငါသည် ကပ်ရောက်၍သိပြီ။ ရဟန်းတို့ ငါသည် ''ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့ အသား အသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတ္တံ့'' ဟု ဆုတ်နစ်ခြင်း မရှိမူ၍ အားထုတ်၏။

ရဟန်းတို့ ထိုငါသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို မမေ့မလျော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ၊ အတုမရှိသော ယောဂတရားတို့၏ ကုန်ရာ ဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို မမေ့မလျော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ။ ရဟန်းတို့ သင်တို့သည်လည်း ''ခန္ဓာကိုယ်၌ အရေအကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသား အသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်တော့ ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန်မဂ်ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်ကြ ကုန်လော့။

ရဟန်းတို့ သင်တို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်သော အမျိုးသားတို့ လိုလားအပ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရကုန်လတ္တံ့။ ရဟန်းတို့ ထို့ကြောင့် ခန္ဓာကိုယ်၌ ''အရေ အကြော အရိုးသာ ကြွင်းစေတော့၊ အသား အသွေးသည် ခန်းခြောက် စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန်မဂ်ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်ခြင်း ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတ္တံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု မိန့်တော်မူ၏။ 5

၅ - ဥပညာသသုတ်၊ ကမ္မကရဏဝဂ်၊ ဒုကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, October 22, 2009

ကိစ္စလည်းနည်း ရလည်းရလွယ်သောပစ္စည်း...

သုလဘသုတ် - (ရလွယ်သည်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကိစ္စလည်းနည်းကုန် ရလည်းရလွယ်ကုန် အပြစ်လည်းကင်းကုန်သော ထိုအရာဝတ္ထုတို့သည် ဤလေးမျိုးတို့ တည်း၊ အဘယ်လေးမျိုးတို့နည်း-

ရဟန်းတို့
သင်္ကန်းတို့တွင် ပံ့သကူ သင်္ကန်းသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုပံ့သကူသင်္ကန်းသည် အပြစ်လည်း မရှိ၊

ရဟန်းတို့
ဘောဇဉ်တို့တွင် သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ ရအပ်သော ဆွမ်းသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုဆွမ်းသည် အပြစ်လည်း မရှိ၊

ရဟန်းတို့
ကျောင်းတို့တွင် သစ်ပင်ရင်းဟူသော ကျောင်းသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုကျောင်းသည် အပြစ်လည်း မရှိ၊

ရဟန်းတို့
ဆေးတို့တွင် နွားကျင်ငယ်ဖြင့် ထုံအပ်သော ဆေးသည် ကိစ္စလည်း နည်း၏၊ ရလည်းရလွယ်၏၊ ထိုဆေးသည် အပြစ်လည်းမရှိ၊

ရဟန်းတို့ ကိစ္စလည်းနည်း ရလည်းရလွယ် အပြစ်လည်း မရှိကုန်သော ထို အရာဝတ္ထုတို့သည် ဤလေးမျိုးတို့တည်း၊

ရဟန်းတို့ ရဟန်းသည် ကိစ္စနည်းသဖြင့် လည်းကောင်း၊ ရလွယ်သဖြင့် လည်းကောင်း၊ အပြစ်မရှိသဖြင့် လည်းကောင်း အကြင် ရောင့်ရဲ၏၊ ထိုရဟန်း၏ ဤရောင့်ရဲခြင်းကို သီလ သံဝရစသည်တို့တွင် တစ်ပါး အပါအဝင်ဖြစ်၍ အရိယမဂ်၏ အကြောင်း အင်္ဂါဟု ငါဆို၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို-
''အပြစ်မရှိသဖြင့် လည်းကောင်း၊ ကိစ္စနည်းသဖြင့် လည်းကောင်း၊ ရလွယ်သဖြင့် လည်းကောင်း ရောင့်ရဲသော ရဟန်းအား ကျောင်း သင်္ကန်း အဖျော်ဘောဇဉ်ကို အကြောင်းပြု၍ စိတ်ပင်ပန်းမှု မဖြစ်၊ အရပ်မျက်နှာကို မညှဉ်းဆဲ။ အရိယမဂ် အားလျော်ကုန်သော အကြင်တရားတို့ကို မြတ်စွာဘုရား ဟောကြားတော် မူအပ်ကုန်၏၊ ထိုတရားတို့ကို မမေ့မလျော့ ကျင့်သော ရောင့်ရဲလွယ်သော ထိုရဟန်းသည် သိမ်းကျုံးယူနိုင်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက် သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၂ - သုလဘသုတ်၊ စတုက္ကနိပါတ်၊ ဣတိဝုတ်ပါဠိတော်။ 111


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, October 21, 2009

သာမာဝတီ ဥပါသိကာမတို့၏ လားရာဂတိကား အဘယ်ပါနည်း...

ဥတေနသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ ဥတေနမင်းသည် ဥယျာဉ်သို့ ထွက်သွားစဉ် နန်းတော်ကို မီးလောင်၏။ သာမာဝတီ အမှူးရှိသော မိန်းမငါးရာတို့သည်လည်း သေကြကုန်၏။

ထိုအခါ များစွာသော ရဟန်းတို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ် သင်္ကန်းကို ယူဆောင်လျက် ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ကောသမ္ဗီပြည်၌ ဆွမ်းခံ လှည့်လည်ပြီး၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲကြကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ''အသျှင်ဘုရား ယနေ့ ဥတေနမင်း ဥယျာဉ်သို့ ထွက်သွားစဉ် နန်းတော်ကို မီးလောင်ပါ၏။ သာမာဝတီ အမှူးရှိသော မိန်းမငါးရာတို့သည်လည်း သေကြကုန်၏။ အသျှင်ဘုရား ထိုဥပါသိ ကာမတို့၏ လားရာဂတိကား အဘယ်ပါနည်း။ တမလွန်ဘဝကား အဘယ်ပါနည်း'' ဟု လျှောက်ကုန်၏။

ရဟန်းတို့ ဤဥပါသိကာမအပေါင်းတို့တွင်... သောတာပန် ဥပါသိကာမတို့သည် ရှိကုန်၏။ သကဒါဂါမ်ဥပါသိကာမတို့သည် ရှိကုန်၏။ အနာဂါမ် ဥပါသိကာမတို့ သည် ရှိကုန်၏။ ရဟန်းတို့ အလုံးစုံသော ဥပါသိကာမတို့သည် အကျိုးမဲ့ မဟုတ်ကုန်မူ၍ သေကြရကုန်၏ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည်
ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသော အချိန်၌ -

''လောကသည် မောဟဖြင့် ဖွဲ့ယှက် ဖုံးလွှမ်းရကား အကြောင်းနှင့် ပြည့်စုံသကဲ့သို့ ထင်ရ၏။ ဥပဓိတို့ဖြင့် အဖွဲ့ခံရသော သူမိုက်သည် အဝိဇ္ဇာဟူသော အမိုက်တိုက်ဖြင့် ခြံရံအပ်ရကား မြဲသကဲ့သို့ ထင်ရ၏။ အနိစ္စစသည်တို့၏ အစွမ်းဖြင့် ရှုသူ မဂ်ပညာဖြင့် မြင်သူအား ရာဂစသော ကြောင့်ကြမှု မရှိနိုင် တော့ချေ'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။ 70

၁ဝ - ဥတေနသုတ်၊ စူဠဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မမြဲဟု အဖန်ဖန်ရှုသောဉာဏ်သည်...

မမြဲဟု အဖန်ဖန်ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ဒိဋ္ဌုပါဒါန်၊
၂... သီလဗ္ဗတုပါဒါန်၊
၃... အတ္တဝါဒုပါဒါန်မှ လွတ်၏။


ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။

၁... ကာမုပါဒါန်မှ လွတ်၏။


အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ဒိဋ္ဌုပါဒါန်၊
၂... သီလဗ္ဗတုပါဒါန်၊
၃... အတ္တဝါဒုပါဒါန်မှ လွတ်၏။


ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။

၁... ကာမုပါဒါန်မှ လွတ်၏။


တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။

၁... ကာမုပါဒါန်မှ လွတ်၏။


ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်သည် လေးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ကာမုပါဒါန်၊
၂... ဒိဋ္ဌုပါဒါန်၊
၃... သီလဗ္ဗတုပါဒါန်၊
၎... အတ္တဝါဒုပါဒါန်မှ လွတ်၏။


တစ်ဖန် စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် လေးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ကာမုပါဒါန်၊
၂... ဒိဋ္ဌုပါဒါန်၊
၃... သီလဗ္ဗတုပါဒါန်၊
၎... အတ္တဝါဒုပါဒါန်မှ လွတ်၏။


အနိမိတ္တကို အဖန်ဖန် ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ဒိဋ္ဌုပါဒါန်၊
၂... သီလဗ္ဗတုပါဒါန်၊
၃... အတ္တဝါဒုပါဒါန်မှ လွတ်၏။


အပ္ပဏိဟိတကို အဖန်ဖန်ရှုသောဉာဏ်သည် တစ်ပါးသော ဥပါဒါန်မှ လွတ်၏။

၁... ကာမုပါဒါန်မှ လွတ်၏။


ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်သည် သုံးပါးသော ဥပါဒါန်တို့မှ လွတ်၏။

၁... ဒိဋ္ဌုပါဒါန်၊
၂... သီလဗ္ဗတုပါဒါန်၊
၃... အတ္တဝါဒုပါဒါန်မှ လွတ်၏။


၁... မမြဲဟု အဖန်ဖန် ရှုသောဉာဏ်၊
၂... အနှစ်မရှိ အလိုသို့ မလိုက်ဟု အဖန်ဖန်ရှုသောဉာဏ်၊
၃... အနိမိတ္တကို အဖန်ဖန် ရှုသောဉာဏ်၊
၎... ဆိတ်သုဉ်းခြင်းကို အဖန်ဖန်ရှုသောဉာဏ်၊
ဤဉာဏ်လေးပါးတို့သည် ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်သုံးပါးတို့မှ လွတ်ကုန်၏။

၁... ဆင်းရဲဟု အဖန်ဖန်ရှုသောဉာဏ်၊
၂...ငြီးငွေ့ဖွယ်ဟု အဖန်ဖန်ရှုသောဉာဏ်၊
၃... တပ်မက်မှုကင်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်၊
၎... အပ္ပဏိဟိတကို အဖန်ဖန်ရှုသောဉာဏ်၊
ဤဉာဏ်လေးပါးတို့သည် ကာမုပါဒါန် ဟူသော တစ်ပါးသော ဥပါဒါန်မှ လွတ်ကုန်၏။

၁... ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို အဖန်ဖန်ရှုသောဉာဏ်၊
၂... တစ်ဖန်စွန့်လွှတ်ခြင်းကို အဖန်ဖန်ရှုသောဉာဏ်
ဟူသော ဤဉာဏ်နှစ်ပါးတို့သည် ကာမုပါဒါန်၊ ဒိဋ္ဌုပါဒါန်၊ သီလဗ္ဗတုပါဒါန်၊ အတ္တဝါဒုပါဒါန်ဟူသော ဥပါဒါန်လေးမျိုးတို့မှ လွတ်ကုန်၏။ ဤကား အနုပါဒါစိတ္တဿဝိမောက္ခတည်း။ 68

မဟာဝဂ်၊ မှ၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, October 20, 2009

ကြေးပြားပေါ်မှ အနတ္တလက္ခဏ တရားတော်...

ကြေးပြားပေါ်မှ အနတ္တလက္ခဏသုတ်တရားတော်...










ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


မြန်မာနိုင်ငံတွင် ပြုလုပ်သည်။

အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောဥပုသ်ကို ဆောက်တည်ရာ၏...

စတုမဟာရာဇသုတ်

ရဟန်းတို့...
လဆန်းပက္ခ လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့၌
နတ်မင်းကြီး လေးယောက်တို့၏ အလုပ်အကျွေးနတ်တို့သည်
ဤလောကကို လှည့်လည်စုံစမ်းကုန်၏

လူ့ပြည် တို့၌ များစွာ ကုန်သော လူတို့သည်
အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ကျင့်ကြ ပါကုန်၏လော၊
အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊
သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊
ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါ ကုန်၏လော၊
အမျိုးထဲ၌ ကြီးသောသူ စသည်တို့ကို ရိုသေစွာ ပြုကျင့် ကြပါကုန်၏လော၊
ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊
အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊
ကောင်းမှုတို့ကို ပြုကြပါကုန်၏လော ဟု လှည့်လည် စုံစမ်းကုန်၏။


ရဟန်းတို့ ...
လဆုတ်ပက္ခ၏ တစ်ဆယ့်လေး ရက်မြောက် လကွယ်နေ့၌
နတ်မင်းကြီး လေးယောက်တို့၏သားတို့သည်
ဤလောကကို လှည့်လည် စုံစမ်းကုန်၏

လူ့ပြည်တို့၌ များစွာကုန်သော လူတို့သည်
အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ပ။
ကောင်းမှုကို ပြုကြပါကုန်၏လော ဟု လှည့်လည် စုံစမ်းကုန်၏။

ရဟန်းတို့...
လဆန်းတစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့၌
နတ်မင်းကြီး လေးယောက်တို့သည် ကိုယ်တိုင်ပင်လျှင်
ဤလောကကို လှည့်လည်စုံစမ်းကုန်၏

လူ့ပြည်တို့၌ များစွာကုန်သော လူတို့သည်
အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ပ။
ကောင်းမှုကို ပြုကြပါကုန်၏လော ဟု လှည့်လည် စုံစမ်းကုန်၏။

ရဟန်းတို့ လူ့ပြည်တို့ဝယ်...
အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊
အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊
သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်သော၊
ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊
အမျိုးထဲ၌ ကြီးသောသူ စသည်တို့ကို ရိုသေစွာ ကျင့်ကုန်သော၊
အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊
ကောင်းမှုကို ပြုလုပ်သော လူတို့သည် အကယ်၍ နည်းပါးကုန်ငြားအံ့၊

ရဟန်းတို့ နတ်မင်းကြီး လေးယောက်တို့သည် ထို အကြောင်းကို သုဓမ္မာ နတ်သဘင်၌ အညီအညွတ် စည်းဝေးထိုင်နေကုန်သော တာဝတိံသာနတ်တို့အား ပြောကြားကုန်၏

အသျှင်နတ်မင်းတို့ လူ့ပြည်၌ အနည်းငယ်သော လူတို့သည်သာလျှင်...

အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊
အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊
သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊
ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊
အမျိုးထဲ၌ ကြီးသောသူ စသည်တို့ကို ရိုသေစွာ ပြုကျင့်ကြကုန်၏၊
ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊
အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊
ကောင်းမှုကို ပြုလုပ်ကုန်၏ ဟု ပြောကြားကုန်၏။

ရဟန်းတို့ ထိုအခါ၌ ''အချင်းတို့ နတ်ပြည် တို့သည် ဆုတ်ယုတ်ကုန်လိမ့်တကား၊ အပါယ်လေးဘုံတို့သည် စည်ကားကုန်လိမ့်တကား''ဟု တာဝတိံသာနတ်တို့သည် နှလုံးမသာ ဖြစ်ကြကုန်၏။

ရဟန်းတို့ လူ့ပြည်တို့ဝယ်...
အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊
အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊
သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်သော၊
ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊
အမျိုးထဲ၌ ကြီးသောသူ စသည်တို့ကို ရိုသေစွာ ကျင့်ကုန်သော၊
အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊
ကောင်းမှုကို ပြုလုပ်ကုန်သော လူတို့သည် အကယ်၍ များကုန်ငြားအံ့၊ ရဟန်းတို့ နတ်မင်းကြီး လေးယောက်တို့သည် ထိုအကြောင်းကို သုဓမ္မာနတ်သဘင်၌ အညီ အညွတ် စည်းဝေး ထိုင်နေကုန်သော တာဝတိံသာနတ်တို့အား ပြောကြားကုန်၏။

ရဟန်းတို့ ထိုအခါ၌ ''အချင်းတို့ နတ်ပြည်တို့သည် စည်ကားကြ ကုန်လိမ့်တကား အပါယ်လေးဘုံတို့သည် ဆုတ်ယုတ်ကုန်လိမ့် တကား'' ဟု တာဝတိံသာနတ်တို့ သည် ဝမ်းမြောက်ကြကုန်၏။

ရဟန်းတို့ ရှေးအခါက နတ်တို့၏အရှင် သိကြားမင်းသည် တာဝတိံ သာနတ်တို့ကို သိစေလိုသည်ဖြစ်၍ ထို အချိန်၌ ဤဂါထာကို ရွတ်ဆိုလေ၏- ''အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့် လေးရက်မြောက် တစ်ဆယ့်ငါးရက် မြောက်နေ့တို့၌ လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့ တို့၌ လည်းကောင်း အင်္ဂါ ရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံး ဆောက် တည်ရာ၏'' ဟု ရွတ်ဆို၏။

ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ထို ဂါထာကို မကောင်းသောအားဖြင့် သီဆိုအပ်၏၊ ကောင်းသောအားဖြင့် သီဆိုအပ်သည် မဟုတ်ပေ။ မှားသောအား ဖြင့် ရွတ်ဆို အပ်၏၊ မှန်သောအားဖြင့် ရွတ်ဆိုအပ်သည် မဟုတ်ပေ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ရာဂ ဒေါသ မောဟ မကင်းသေးသောကြောင့် ပေတည်း။

ရဟန်းတို့ အကြင် ရဟန်းသည် အာသဝေါကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ မိမိ အကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ပြီးသူ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ရဟန္တာ ဖြစ်၏။ ရဟန်းတို့ ထိုရဟန်းအားသာ ဤဂါထာကို ရွတ်ဆိုခြင်းငှါ သင့်လျော်၏- ''အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌ လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌ လည်းကောင်း၊ အလွတ် ရက်ရှည်နေ့တို့၌ လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံး ဆောက်တည်ရာ၏'' ဟု ရွတ်ဆိုခြင်းငှါ သင့်လျော်၏။

ထိုသို့ သင့်လျော်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် ရာဂ ဒေါသ မောဟ ကင်းပြီးသောကြောင့်တည်း။ ရဟန်းတို့ ရှေးအခါက နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို သိစေလိုသည်ဖြစ်၍ ထို အချိန်၌ ဤဂါထာကို ရွတ်ဆိုလေ၏၊-

''အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌ လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌ လည်းကောင်း၊ အလွတ်ရက် ရှည်နေ့တို့၌ လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံး ဆောက်တည်ရာ၏'' ဟု ရွတ်ဆို၏။

ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ထို ဂါထာကို မကောင်းသောအားဖြင့် သီဆို အပ်၏၊ ကောင်းသောအားဖြင့် သီဆိုအပ်သည် မဟုတ်ပေ။ မှားသောအားဖြင့် ရွတ်ဆိုအပ်၏၊ မှန်သောအားဖြင့် ရွတ်ဆိုအပ်သည် မဟုတ်ပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မကင်းလွတ်သေးသော ကြောင့် ဆင်းရဲမှ မလွတ်ဟု ငါဆို၏။

ရဟန်းတို့ အကြင် ရဟန်းသည် အာသဝေါကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝ သံယောဇဉ် ကုန်ပြီးသူ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ရဟန္တာဖြစ်၏။ ရဟန်းတို့ ထိုရဟန်းအားသာ ဤဂါထာကို ရွတ်ဆိုခြင်းငှါ သင့်လျော်၏ ''အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌ လည်းကောင်း၊ လဆန်းပက္ခ လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌ လည်းကောင်း၊ အလွတ် ရက်ရှည်နေ့တို့၌ လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံး ဆောက်တည် ရာ၏'' ဟု ရွတ်ဆိုခြင်းငှါ သင့်လျော်၏။

ထိုသို့ သင့်လျော်ခြင်းသည် အဘယ့်ကြောင့်နည်း...
ရဟန်းတို့ အကြင် အကြောင်းကြောင့် ထိုရဟန်းသည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ ကင်းလွတ်ပြီးသောကြောင့် ဆင်းရဲမှ လွတ်၏ဟု ငါဆို၏ဟု မိန့်တော်မူ၏။ 38

၈ - စတုမဟာရာဇသုတ်၊ ဒေဝဒူတသုတ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, October 19, 2009

ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော် လက်အုပ်ချီခြင်းငှါ ခံထိုက်၏...

သီလသုတ်

ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ -
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်

စောင့်ထိန်းမှု 'သီလ' နှင့် ပြည့်စုံ၏၊
တည်ကြည်မှု 'သမာဓိ' နှင့် ပြည့်စုံ၏၊
သိမှု 'ပညာ' နှင့် ပြည့်စုံ၏။
ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ် နှင့် ပြည့်စုံ၏။
အရဟတ္တဖိုလ်ကို သိသော ဉာဏ်အမြင် 'ပစ္စဝေက္ခဏာဉာဏ်' နှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍ သော်လည်း ပေးလှူ ပူဇော်အပ်သော အလှူကို ခံထိုက်၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကို ခံထိုက်၏၊ တမလွန် အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ခံထိုက်၏၊ သတ္တဝါ အပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ ဟု မိန့်တော်မူ၏။ 107

၇ - သီလသုတ်၊ ဖာသုဝိဟာရဝဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, October 18, 2009

ကာမကို မှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း...

ကာမူပပတ္တိသုတ်...

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ကာမကို မှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊

အဘယ်သုံးပါးတို့နည်း-

၁...
အမြဲထင်ရှားရှိသော ကာမကို မှီဝဲသူတို့ လည်းကောင်း၊

၂...
ကိုယ်တိုင် ဖန်ဆင်း၍ မွေ့လျော်တတ်သူ နိမ္မာနရတိနတ်တို့ လည်းကောင်း၊

၃...
သူတစ်ပါးတို့ ဖန်ဆင်းသော ကာမ၌ မိမိအလိုသို့ လိုက်စေသော ပရနိမ္မိတ ဝသဝတ္တီနတ်တို့ လည်းကောင်းတို့တည်း၊

ရဟန်းတို့ ကာမကို မှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -
''အကြင် ပရနိမ္မိတဝသဝတ္တီနတ်တို့သည် သူတစ်ပါး ဖန်ဆင်းသော ကာမ၌ မိမိ အလိုသို့ လိုက်စေကုန်၏၊ အကြင် နိမ္မာနရတိနတ်တို့သည် ကိုယ်တိုင်ဖန်ဆင်း၍ မွေ့လျော်တတ်ကုန်၏၊ ဆိုခဲ့ပြီးသော နတ်တို့မှ တစ်ပါးကုန်သော အကြင်လူ အစရှိသော ကာမ ခံစားသူတို့သည် အမြဲထင်ရှားရှိသော ကာမကို မှီဝဲကုန်၏၊ ထိုသတ္တဝါအားလုံးတို့သည် ဤဘဝ တစ်ပါးသောဘဝဟု ဆိုအပ်သော သံသရာ ကို မလွန်နိုင်ကုန်။

ပညာရှိသည် ကာမ ခံစားသူတို့၌ ဖြစ်သော ထိုအပြစ်မျိုးကို သိ၍ နတ်၌ ဖြစ်သော ကာမလူ၌ဖြစ်သော ကာမအားလုံးတို့ကို စွန့်ပစ်ရာ၏။

ပညာရှိတို့သည် ချစ်အပ်သော သဘောရှိသော ရူပါရုံစသည်တို့၌ သုခဝေဒနာကို သာယာမှုဖြင့် တပ်မက်သော လူသာမန်တို့ လွန်မြောက်နိုင်ခဲသည့် တဏှာ အလျဉ်ကို အရဟတ္တမဂ်ဖြင့် ဖြတ်၍ အကြွင်းမဲ့ ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။ အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ် ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသောကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း-
မြတ်စွာဘုရားဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 95

၆ - ကာမူပပတ္တိသုတ်၊ ပဉ္စမဝဂ်၊ ဣတိဝုတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, October 16, 2009

လာလော့ လူထွက်၍ စည်းစိမ်တို့ကို သုံးဆောင်ခံစားပါလော့ဟု ဆိုခဲ့သော်...

သလဠာဂါရသုတ်

အခါတစ်ပါး၌ အသျှင်အနုရုဒ္ဓါသည် သာဝတ္ထိပြည် ထင်ရှူးပင်ကျောင်း၌ သီတင်းသုံး နေတော်မူ၏၊ ထိုအခါ အသျှင်အနုရုဒ္ဓါသည် ရဟန်းတို့ကို ခေါ်တော်မူ၏။ပ။

ငါ့သျှင်တို့ လူအပေါင်းသည် အရှေ့သို့ ညွတ်ကိုင်းရှိုင်းသော ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုကုန်အံ့ဟု ပေါက်တူး ခြင်းတောင်းကို ယူလျက် လာရာ၏။ ငါ့သျှင်တို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုလူအပေါင်းသည် ဂင်္ဂါမြစ်ကို အနောက်သို့ ညွတ်ကိုင်း ရှိုင်းအောင် ပြုလုပ်နိုင်အံ့လောဟု မေးလေ၏။

ငါ့သျှင် မပြုလုပ်နိုင်ပါ။

ထိုမပြုလုပ်နိုင်ခြင်းသည် အဘယ့်ကြောင့်နည်း၊
ငါ့သျှင် ဂင်္ဂါမြစ်သည် အရှေ့သို့ ညွတ်ကိုင်းရှိုင်းအောင် ပြုလုပ်ရန် မလွယ်ပါ။
ပြုလုပ်သမျှ ကာလပတ်လုံး လူအပေါင်းအား ပင်ပန်းဆင်းရဲခြင်း ဖြစ်ရာ၏။
ငါ့သျှင်တို့ ဤအတူပင် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းကို မင်းတို့သည် လည်းကောင်း၊ မင်းအမတ်ကြီးတို့သည် လည်းကောင်း၊ မိတ်ဆွေတို့သည် လည်းကောင်း၊ ခင်ပွန်းတို့သည် လည်းကောင်း၊ ဆွေမျိုးတို့သည်လည်းကောင်း၊ သားချင်းတို့သည် လည်းကောင်း ''အမောင် ယောက်ျား လာလော့၊ ဤဖန်ရည်ဆိုးထားသော သင်္ကန်းကို ဝတ်ခြင်းဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ခေါင်းတုံးရိတ်လျက် ခွက်လက်စွဲကာ လှည့်လည် ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လာလော့ လူထွက်၍ သုံးဆောင်ခံစားဖွယ် စည်းစိမ်တို့ကို သုံးဆောင်ခံစားပါလော့၊ ကောင်းမှုတို့ကိုလည်း ပြုလုပ်ပါလော့'' ဟု စည်းစိမ်တို့ဖြင့် ရှေးရှုဆောင်၍ ဖိတ်ကြားကုန်ငြားအံ့။

ငါ့သျှင်တို့ သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများပြီးသော ကြိမ်ဖန်များစွာ ပြုလုပ်ပြီး သော ထိုရဟန်းသည် သိက္ခာချ၍ လူထွက်အံ့ဟူသော ဤအကြောင်းသည် မရှိ။ ထိုသို့ မရှိခြင်းသည် အဘယ့်ကြောင့်နည်း၊ စိတ်သည် ရှည်ကြာသော ကာလပတ်လုံး (ကိလေသာမှ) ဆိတ်ခြင်း၌ ညွတ်ကိုင်းရှိုင်း၏၊ ထို့ကြောင့် လူထွက်လိမ့်မည်ဟူသော ဤအကြောင်းသည် မရှိနိုင်။ ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများသနည်း၊ ကြိမ်ဖန်များစွာ ပြုလုပ် သနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏၊ ဝေဒနာတို့၌။ပ။ စိတ်၌။ပ။ ပြင်းစွာ အားထုတ်သည် ဖြစ်၍ ဆင်ခြင်ဉာဏ်ရှိသည် ဖြစ်၍ သတိရှိသည် ဖြစ်၍ လောက၌ အဘိဇ္ဈာဒေါမနဿကို ပယ်ဖျောက်လျက် သဘောတရားတို့၌ သဘောတရား တို့ကို အကြိမ်ကြိမ် ရှုလေ့ ရှိသည်ဖြစ်၍ နေ၏။ ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးများ၏၊ ကြိမ်ဖန်များစွာ ပြုလုပ်၏ဟု မိန့်ဆို၏။ 906

၈ - သလဠာဂါရသုတ်၊ ရဟောဂတဝဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဘုရားရှင်တို့မည်သည် တဏှာဖြင့် လွှမ်းမိုး၍ ပြီးဆုံးစေခြင်းသည် မရှိ...

ကာဠကာရာမသုတ်
(ကာဠက=မည်းနက်သော။ အာရာမ=နှလုံးမွေ့လျော်ဖွယ်ရာ၊ ခြံ)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့ ကာဠကသူဌေး၏ အရံ၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟု မိန်တော်မူ၏။ ရဟန်းတို့သည် ''အသျှင်ဘုရား'' ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့်အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ငါသိ၏။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ထူးသောဉာဏ်ဖြင့် သိပြီးပြီ၊ ထို အာရုံအလုံးစုံကို မြတ်စွာဘုရား သည် ထင်စွာသိအပ်ပြီးပြီ၊ ထို အာရုံအလုံးစုံသို့ မြတ်စွာဘုရားသည် တဏှာ ဒိဋ္ဌိတို့ဖြင့် ကပ်ရောက်တော်မမူ။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ငါမသိဟု ဆိုငြားအံ့၊
ငါ၏ စကားသည် အမှားဖြစ်ရာ၏။

ရဟန်းတို့။ပ။
ထို အာရုံအားလုံးကို ငါသိလည်း သိ၏၊
ငါသိလည်း မသိဟု ဆိုငြားအံ့၊
ငါ၏ ထိုစကားသည် ထို့အတူသာ (အမှား) ဖြစ်ရာ၏။

ရဟန်းတို့။ပ။
ထို အာရုံအားလုံးကို ငါသိသည် မဟုတ်၊
မသိသည်လည်း မဟုတ်ဟု ဆိုငြားအံ့၊
ငါ၏ ထို စကားသည် အပြစ် ဖြစ်ရာ၏။

ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရားသည်
မြင်ရမည်ကို မြင်၍ မြင်ပြီးသည်ကို (တဏှာ မာနဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊
မမြင်ရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊
မြင်နေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ ဖြင့်) မအောက်မေ့၊
မြင်တတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့။

ကြားရမည့်အရာကိုကြား၍ ကြားပြီးသည်ကို(တဏှာမာနဒိဋ္ဌိတို့ဖြင့်)မအောက်မေ့၊
မကြားရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊
ကြားနေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊
ကြားတတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊

တွေ့ရမည့်အရာကိုတွေ့၍ တွေ့ပြီးသည်ကို(တဏှာမာနဒိဋ္ဌိတို့ဖြင့်)မအောက်မေ့၊
မတွေ့ရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊
တွေ့နေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊
တွေ့တတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့။


သိရမည့် အရာကို သိ၍ သိပြီးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊
မသိရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊
သိနေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊
သိတတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့။

ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရားသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ်သော အရုံတရားတို့၌ (ကောင်း, ဆိုးနှစ်ခု) ထပ်တူ ရှုတော်မူတတ်သည် ဖြစ်၍သာလျှင် တာဒီ မည်တော်မူ၏၊

ထိုမြတ်စွာဘုရား တည်းဟူသော တာဒီ ပုဂ္ဂိုလ်မှ တစ်ပါး အခြား ထို့ထက် သာလွန်သော မြင့်မြတ်သော တာဒီပုဂ္ဂိုလ် မရှိဟု ငါဆို၏ ဟု (မိန့်တော်မူ၏)။

အကြင်သူတို့သည် သူတစ်ပါးတို့ မြင်အပ် ကြားအပ် တွေ့အပ်သော အာရုံ အလုံးစုံကို အမှန်ဟု အောက်မေ့၍ (တဏှာဖြင့်) လွှမ်းမိုးပြီးဆုံးစေအပ်၏၊ မိမိ ကိုယ်တိုင် စောင့်စည်း၏ဟုဆိုသော ထို (မိစ္ဆာအယူရှိ) သူတို့၌ တာဒီဂုဏ် မရှိ၊ ထို (မိစ္ဆာအယူရှိ) သူတို့၏ မှန်သော စကားကိုလည်းကောင်း၊ ချွတ်ယွင်းသော စကားကိုလည်းကောင်း အမွန်အမြတ်ပြု၍ စိတ်၌ မထားရာ။ ထို မိစ္ဆာဒိဋ္ဌိ တည်းဟူသော ငြောင့်ကိုလည်း ရှေးဦးကပင်မြင်၍ အကြင် (ခြောက်ဆယ့်နှစ်ပါး သော မိစ္ဆာ) အယူ၌ သတ္တဝါအပေါင်းသည် လွှမ်းမိုး ပြီးဆုံး စေ၏၊ ကပ်ငြိ၏၊ ထို (ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာ) အယူကို ငါသည်သိ၏၊ မြင်၏၊ (ထို သတ္တဝါအပေါင်းသည် တဏှာဖြင့် လွှမ်းမိုး၍ ပြီးဆုံးစေအပ်သကဲ့သို့) ထို့အတူ မြတ်စွာဘုရားတို့အား (တဏှာဖြင့်) လွှမ်းမိုး၍ ပြီးဆုံးစေခြင်းသည် မရှိ။ 24

၎ - ကာဠကာရာမသုတ်၊ ဥရုဝေလဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, October 15, 2009

သိင်္ဂါလ...



ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏...

သိင်္ဂါလသုတ်

သာဝတ္ထိနိဒါန်း...

ရဟန်းတို့ လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။
ရခြင်း၏ အန္တရာယ်ကို ပြုတတ်၏၊ ရဟန်းတို့ ညဥ့်၏ မိုးသောက်ချိန်၌ ညည်းညူသော မြေခွေးအို၏အသံကို ကြားဖူးကြကုန်၏လော၊ အသျှင်ဘုရား ကြားဖူးပါကုန်၏။ ရဟန်းတို့ ထိုမြေခွေးအိုသည် ဥက္ကဏ္ဍကအမည် ရှိသော ဝဲနာရောဂါဖြင့် တွေ့ထိအပ်သည်ဖြစ်၍ တွင်းသို့ ရောက်သော်လည်း မမွေ့လျော်၊ သစ်ပင်းရင်းသို့ ရောက်သော်လည်း မမွေ့လျော်၊ လွင်တီးခေါင်သို့ ရောက်သော် လည်း မမွေ့လျော်၊ သွားလေရာရာ ရပ်လေ ရာရာ ထိုင်လေရာရာ အိပ်လေရာရာ အရပ်တိုင်း၌ ဆင်းရဲခြင်း ပျက်စီးခြင်းသို့ ရောက်ရ၏။

ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းသည် လာဘ်ပူဇော်သကာ အကျော်အစော နှိပ်စက်အပ်သည် သိမ်းကျုံးယူငင်အပ်သော စိတ်ရှိသည်ဖြစ်ရကား ဆိတ်ငြိမ်ရာအရပ်သို့ ရောက်သော်လည်း မမွေ့လျော်၊ သစ်ပင်းရင်းသို့ ရောက်သော်လည်း မမွေ့လျော်၊ လွင်တီးခေါင်သို့ ရောက်သော် လည်း မမွေ့လျော်၊ သွားလေရာရာ ရပ်လေရာရာ ထိုင်လေရာရာ အိပ်လေရာရာ အရပ်တိုင်း၌ အကျိုးမဲ့ ပျက်စီးခြင်းသို့ ရောက်ရ၏။

ရဟန်းတို့ ဤသို့လျှင် လာဘ်ပူဇော်သကာ အကျော်အစောသည် ခက်ထန်၏။ပ။
ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည် ဟု ဟောတော်မူ၏။ 164

၈ - သိင်္ဂါလသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, October 14, 2009

ရှာမှီးခြင်းတရားသုံးပါး...




ဒုတိယဧသနာသုတ် -
(ဧသနာ= ရှာမှီးခြင်း)


ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤ သုံးပါးတို့တည်း။



အဘယ်သုံးပါးတို့နည်း-

၁... ကာမကို ရှာမှီးခြင်း၊
၂... ဘဝကို ရှာမှီးခြင်း၊
၃... အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။
ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။

ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို -

''အကျင့်မြတ်ကို ရှာမှီးခြင်းနှင့်တကွ ကာမကို ရှာမှီးခြင်း ဘဝကို ရှာမှီးခြင်းဟု ရှာမှီးခြင်း သုံးပါးတို့တည်း။ ဤသည်သာမှန်၏ဟု အမှား သုံးသပ်ခြင်းသည် ဒိဋ္ဌိလျှင် အကြောင်းရှိ၏။ (ကိလေသာ) အဆင့်ဆင့် တိုးပွါး၏။ ရာဂအားလုံးတို့မှ ကင်းသော တဏှာကုန်ရာ အရဟတ္တဖိုလ် 'ဝိမုတ္တိ' ရှိသော ရဟန္တာပုဂ္ဂိုလ်သည် ရှာမှီးခြင်းတို့ကို စွန့်လွှတ်၏။ ဒိဋ္ဌိဟူသော တည်ရာ အကြောင်းတို့ကို ပယ်နုတ်၏။

ရဟန်းသည် ရှာမှီးခြင်းတို့၏ ကုန်ခြင်းကြောင့် အလိုအာသာမရှိသူ သို့လော သို့လော တွေးတောမှု မရှိသူဖြစ်၏'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။55

၆ - ဒုတိယဧသနာသုတ်၊ ပဌမဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပဌမသီလသုတ်...

ပဌမသီလသုတ်


ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်
ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။

အဘယ်နှစ်ပါးတို့နှင့်နည်း...
၁... ယုတ်ညံ့သော သီလနှင့် လည်းကောင်း
၂... ယုတ်ညံ့သော အယူနှင့် လည်းကောင်းတည်း။

ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို အကြင်သူသည် ...
၁... ယုတ်ညံ့သော သီလနှင့် လည်းကောင်း၊
၂... ယုတ်ညံ့သော အယူနှင့် လည်းကောင်း ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံ၏။
ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ကျရောက် ရ၏ ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း..
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။ 32

၅ - ပဌမသီလသုတ်၊ ပဌမဝဂ်၊ ဣတိဝုတ်ပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။