နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Friday, January 8, 2010

ကျောက် မြေ ရေပေါ်၌ ရေးသားသော အက္ခရာနှင့်တူသောသူများ...


ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော
'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး ကိန်း၏၊ ကျောက်၌ ရေးထားသော အက္ခရာသည် လေကြောင့် လည်းကောင်း၊ ရေကြောင့် လည်းကောင်း လျင်စွာ မပျက်စီးဘဲ ကြာမြင့်စွာ တည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား
ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး ကိန်း၏၊ ဤပုဂ္ဂိုလ်ကို ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော 'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 113

မြေ၌ ရေးထားသော အက္ခရာနှင့်တူသော
'ပထဝိလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး မကိန်း၊ မြေကြီး၌ ရေးထားသော အက္ခရာသည် လေကြောင့် လည်းကောင်း၊ ရေကြောင့် လည်းကောင်း လျင်စွာ ကျေပျက်၍ ကြာမြင့်စွာ မတည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး မကိန်း၊ ဤပုဂ္ဂိုလ်ကို မြေ၌ ရေးထားသော အက္ခရာနှင့်တူသော 'ပထဝိ လေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 114

ရေ၌ ရေးသားသော အက္ခရာနှင့်တူသော
'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ ကြမ်းကြုတ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ မနှစ်လိုဖွယ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာ လျှင်တည်း၊ ရေပြင်၌ ရေးသားသော အက္ခရာသည် လျင်စွာ ပျက်စီး၍ မြဲမြံစွာ မတည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သော စကားဖြင့်ပြောဆိုသော် လည်းကောင်း၊ ကြမ်းကြုတ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ မနှစ်လိုဖွယ်သော စကားဖြင့်ပြောဆိုသော် လည်းကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာလျှင်တည်း၊ ဤပုဂ္ဂိုလ်ကို ရေ၌ ရေးသားသော အက္ခရာနှင့် တူသော 'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 115

တိကပုဂ္ဂလပညတ် - မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: