နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, February 16, 2010

မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏...

မဟာကမ္မဝိဘင်္ဂသုတ်

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဓာကို ''အာနန္ဒာ မဂ်ဖိုလ်မှ အချည်းနှီးသော ယောက်ျားဖြစ်သည့် ဤဥဒါယီ၏ အမေး ပြဿနာကို သင် မြင်၏လော၊ အာနန္ဒာ မဂ်ဖိုလ်မှ အချည်းနှီးသော ယောက်ျားဖြစ်သည့် ဤဥဒါယီသည် မသင့်သော အကြောင်းဖြင့် ဦးခေါင်း ထောင်ကြွသည် ဖြစ်၍ ဦးခေါင်း ထောင်ကြွလိမ့်မည်''ဟူသော အကြောင်းကို ယခုအခါ ငါ သိရ၏၊

အာနန္ဒာ ပေါတလိပုတ္တပရိဗိုဇ်သည် အစကတည်းကပင် ဝေဒနာ သုံးပါးတို့ကို မေး၏။

အာနန္ဒာ ဤသို့ မေးအပ်သော်...
အချည်းနှီးသော ယောက်ျားဖြစ်သည့် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဇ်ဗိုလ်အား...

''ငါ့သျှင် ပေါတလိပုတ္တ ကြောင့်ကြစိုက်၍ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှု ရှိသော ချမ်းသာကိုသာ ခံစားရမည် ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ်သည် သုခ ဝေဒနာကိုသာ ခံစားရ၏၊

ငါ့သျှင် ပေါတလိပုတ္တ ကြောင့်ကြ စိုက်၍ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှု ရှိသော ဆင်းရဲ ခံစားရမည် ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ်သည် ဒုက္ခ ဝေဒနာကို ခံစားရ၏၊

ငါ့သျှင် ပေါတလိပုတ္တ ကြောင့်ကြ စိုက်၍ ကိုယ် နှုတ် စိတ်ဖြင့် စေ့ဆော်မှုရှိသော ဆင်းရဲမဟုတ် ချမ်းသာမဟုတ် ခံစားရမည် ဖြစ်သော ကံကို ပြုမိသောကြောင့် ထိုပုဂ္ဂိုလ်သည် ဥပေက္ခာ ဝေဒနာကို ခံစားရ၏'' ဟု အကယ်၍ ဤသို့ ဖြေကြား ငြားအံ့၊ အာနန္ဒာ ဤသို့ ဖြေကြားသော် အချည်းနှီးသော ယောက်ျား ဖြစ်သည့် သမိဒ္ဓိသည် ပေါတလိပုတ္တပရိဗိုဇ်အား ကောင်းစွာ ဖြေကြားသည် မည်ရာ၏။

အာနန္ဒာ စင်စစ်သော်ကား မိုက်မဲကုန် မလိမ္မာကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် အဘယ်သို့သော ပုဂ္ဂိုလ်စားတို့ပေနည်း၊ အဘယ်သို့သော ပုဂ္ဂိုလ်တို့သည်လည်း မြတ်စွာဘုရား၏ များစွာသော ကံတို့ကို ဝေဖန်မှု 'မဟာကမ္မဝိဘင်း'ကို သိကုန်လတ္တံ့နည်း။ အာနန္ဒာ သင်တို့သည် များစွာသော ကံတို့ကို ဝေဖန်မှု 'မဟာ ကမ္မဝိဘင်း'ကို ဝေဖန် ဟောကြားသော မြတ်စွာဘုရား၏ စကားကို အကယ်၍ နာကြားလိုလျှင် နာကြားကြ ကုန်လော့ ဟု မိန့်တော်မူ၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသော ကံတို့ကို ဝေဖန်မှု 'မဟာကမ္မဝိဘင်း' ကို ဝေဖန် ဟောပြတော်မူ ချိန်တန်ပါပြီ၊ ကောင်းသော စကားကို ဆိုတော် မူတတ်သော မြတ်စွာဘုရား မြတ်စွာဘုရားသည် များစွာသော ကံတို့ကို ဝေဖန်မှု 'မဟာကမ္မဝိဘင်း'ကို ဝေဖန် ဟောပြတော် မူချိန်တန်ပါပြီ၊ မြတ်စွာဘုရားထံမှ ကြားနာရ၍ ရဟန်းများ ဆောင်ထားကြရပါကုန် လတ္တံ့ ဟု လျှောက်၏။ အာနန္ဒာ ထိုသို့ ဖြစ်မူကား နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု မိန့်တော်မူ၏။

''မြတ်စွာဘုရား ကောင်းပါပြီ''ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆို လတ္တံ့သော စကားကို မိန့်တော်မူ၏-

အာနန္ဒာ လေးယောက်ကုန်သော ဤပုဂ္ဂိုလ်တို့သည် လောက၌ ထင်ထင်ရှားရှား ဖြစ်ပေါ်ကုန်၏။ အဘယ်လေးယောက်တို့နည်းဟူမူ-

၁...
အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက် ဘဝ၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ ရှိ၏၊ ကြမ်းတမ်းသော စကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ သိမ်ဖျင်းသော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ ကြံစည်ခြင်းများ၏၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲ ကျရာ ငရဲသို့ ကပ်ရောက်ရ၏။

၂...
အာနန္ဒာ ထိုမှတစ်ပါး ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက် ဘဝ၌ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ကုန်းချောလေ့ ရှိ၏၊ ကြမ်းတမ်းသော စကားကို ဆိုလေ့ရှိ၏၊ အကျိုးမဲ့ သိမ်ဖျင်းသော စကားကို ဆိုလေ့ရှိ၏၊ သူ့စည်းစိမ်ကို တပ်မက်၍ ကြံစည်ခြင်း များ၏၊ သူတစ်ပါးအား ဖျက်ဆီး လိုစိတ်ရှိ၏၊ မှားသော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏။

၃...
အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက်ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ ကြံခြင်းမရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် မရှိ၊ မှန်သော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည် လောကသို့ ကပ်ရောက်ရ၏။

၎...
အာနန္ဒာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤမျက်မှောက် ဘဝ၌ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အကျိုးမဲ့ သိမ်ဖျင်းသော စကားကို ပြောဆို ခြင်းမှ ရှောင်ကြဉ်၏၊ သူ့စည်းစိမ်ကို တပ်မက်၍ ကြံခြင်း မရှိ၊ သူတစ်ပါးအား ဖျက်ဆီးလိုစိတ် မရှိ၊ မှန်သော အယူကို ယူလေ့ရှိ၏၊ ထိုသူသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက် ရ၏။ 300

၆ - မဟာကမ္မဝိဘင်္ဂသုတ်၊ မှ၊ ၀ိဘင်္ဂ၀ဂ်၊ ဥပရိပဏ္ဏာသပါဠိတော်။

ဆက်မည်...



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: