နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Tuesday, March 9, 2010

သီလပြည့်စုံခြင်း အကျိုးငါးပါး...

ပါဋလိဂါမဝတ္ထု မှ

သီလပြည့်စုံခြင်း အကျိုးငါးပါး

ဥပါသကာတို့ သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၏ အကျိုး 'အာနိသင်' တို့သည် ဤငါးပါးတို့တည်း၊

အဘယ်ငါးပါးတို့နည်း ဟူမူ-

၁...
ဥပါသကာတို့ ဤလောက၌ သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် မမေ့လျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာအစုကို ရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ ရှေ့ဦးစွာသော အကျိုးအာနိသင်တည်း။

၂...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူအား ကောင်းသော ကျော်စော သတင်းသည် ပျံ့နှံ့၍ ထွက်၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ နှစ်ခုမြောက် အကျိုး အာနိသင်တည်း။

၃...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် မင်းပရိသတ် ပုဏ္ဏားပရိသတ် သူကြွယ်ပရိသတ် ရဟန်းပရိသတ် အလယ်သို့ ချဉ်းကပ်ခဲ့သော် မကြောက်မရွံ့ မျက်နှာ မညှိုးငယ်ဘဲ ချဉ်းကပ်ရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်းကြောင့် သုံးခုမြောက် အကျိုးအာနိသင်တည်း။

၎...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် တွေဝေခြင်း မရှိဘဲ သေရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ လေးခုမြောက် အကျိုးအာနိသင်တည်း။

၅...
ဥပါသကာတို့ တစ်ဖန်လည်း သီလရှိသော သီလနှင့်ပြည့်စုံသောသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရ၏၊ ဤကား သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌ ငါးခုမြောက် အကျိုးအာနိသင်တည်း။

ဥပါသကာတို့
သီလရှိသောသူ၏ သီလနှင့် ပြည့်စုံခြင်း၌
အကျိုးအာနိသင်တို့သည် ဤငါးပါးတို့တည်း ဟု မိန့်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ကို ကြာမြင့်စွာ ညဥ့်နက်သည်တိုင်အောင် တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန်ရွှင်လန်း စေပြီးလျှင် ''ဥပါသကာတို့ ညဥ့်ဦးယံ လွန်လေပြီ၊ ယခုအခါ၌ သွားရန်အချိန်ကို သင်တို့ သိကုန်၏၊ သွားရန်မှာ သင်တို့၏ အလိုအတိုင်းပင်ဖြစ်၏''ဟု ပြန်လွှတ်တော်မူ၏။

''ကောင်းပါပြီ အသျှင်ဘုရား'' ဟု ပါဋလိရွာသား ဥပါသကာတို့သည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ပြန်သွားကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ပါဋလိရွာသား ဥပါသကာတို့ ပြန်သွား၍ မကြာမြင့်မှီပင် ဆိတ်ငြိမ်ရာသို့ ဝင်တော်မူ၏။

၁၇၃ - ပါဋလိဂါမဝတ္ထု မှ၊ ဘေသဇ္ဇက္ခန္ဓက၊ မဟာဝဂ်ပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: