နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Monday, July 19, 2010

ရဟန်းဖြစ်ပြီး ခိုး၍ ခြောင်း၍ နားထောင်မှု...


ဝိနယော နာမ ဗုဒ္ဓသာသနဿ အာယု




သိက္ခာပုဒ် အမှတ် ၁၂၇

ဥပဿုတိသိက္ခာပုဒ် - (ဥပဿုတိ=နားထောင်ခြင်း)


ရဟန်းဖြစ်ပြီး ခိုး၍ ခြောင်း၍ နားထောင်မှု...


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်း တို့သည် သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့နှင့်အတူ ခိုက်ရန်ဖြစ်ကုန်၏။ သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းတို့သည် ''ငါ့သျှင်တို့ ဤဆဗ္ဗဂ္ဂီရဟန်းတို့သည် အရှက်မရှိကုန်၊ ဤရဟန်းတို့နှင့် အတူ ခိုက်ရန်ဖြစ်ခြင်းငှါ မသင့်'' ဟု ပြောဆိုကုန်၏။

သီလကို ချစ်မြတ်နိုးသောသူတို့နှင့် သီလကို မနှစ်သက်သော ဆဗ္ဗဂ္ဂီရဟန်းတို့ အတူတွဲ၍ မရနိုင်ပေ... ခိုက်ရန်ဖြစ်တိုင်း နှစ်ဖက်လုံး မကောင်းဟု ပြောမဖြစ်နိုင်... ယုတ်ညံ့သူခြင်း ခိုက်ရန်ဖြစ်တတ်သလို... မြင့်မြတ်သူနှင့် ယုတ်ညံ့သူတို့လည်း ခိုက်ရန်ဖြစ်တတ်ပေသည်... မြင့်မြတ်သူခြင်းကား ဘယ်သောအခါမှ ခိုက်ရန်မဖြစ်တော့ပေ... (အရိယာသံဃာ)

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''ငါ့သျှင်တို့ သင်တို့သည် အဘယ့်ကြောင့် ငါတို့ကို အရှက်မရှိ'' ဟု ဆိုကုန်ဘိသနည်း ဟူ၍ ပြောဆိုကုန်၏၊ ငါ့သျှင်တို့ သင်တို့သည် အဘယ်သို့သော အခြင်းအရာဖြင့် ကြားကုန်သနည်းဟု ဆိုသည်ရှိသော် ငါတို့သည် အသျှင်တို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်၏ ဟု ပြောဆိုကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခိုက်ရန် ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

''ရဟန်းတို့ သင်တို့သည် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။ပ။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေကုန်ဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျားတို့ ဤ သင်တို့ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 469

''အကြင်ရဟန်းသည် ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ဆိုကုန်သော ရဟန်းတို့၏ စကားသံကို ကြားလောက်ရာ အနီးအရပ်၌ 'ဤရဟန်းတို့ ပြောဆိုလတံ္တ့သော စကားကို နားထောင်အံ့' ဟု ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲ ရပ်တည်ငြားအံ့၊ ထိုရဟန်းအား ပါစိတ် အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 127 - 78 - 470

ယခင်က ချောင်းနားထောင်လျှင် မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ကျားဟုဆို၍ ပါစိတ်အာပတ် သင့်သည် ဆိုခဲ့သော်... ယခုခေတ်တွင် ချောင်း၍ အသံပါ ဖမ်းထားကြပေသေးသည် မည်သို့သော အာပတ်များ ဆက်သင့်မည် မပြောတတ်ပါ...

၈ - ဥပဿုတိသိက္ခာပုဒ် အဖွင့်

အကြင် ဟူသည် အကြင်သို့ သဘော ရှိသော။ပ။ ရဟန်း ဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း'' ဟူ၍ အလိုရှိ အပ်၏။ ရဟန်းတို့၏ ဟူသည် အခြားသော ရဟန်းတို့၏။ ခိုက်ရန်ဖြစ်ကုန်သော ငြင်းခုံကုန်သော ဆန့်ကျင်သော စကားကို ပြောဆိုကုန်သော ဟူသည် အဓိကရုဏ်း ဖြစ်ကုန်သော။ စကားသံကို ကြားလောက်ရာအနီးအရပ်၌ ရပ်တည်ငြားအံ့ ဟူသည် ''ဤရဟန်းတို့၏ စကားကို ကြား၍ စောဒနာအံ့ အောက်မေ့စေအံ့ တစ်ဖန် ပြန်၍ စောဒနာအံ့ တစ်ဖန်ပြန်၍ အောက်မေ့စေအံ့ မျက်နှာမလှအောင် ပြုအံ့'' ဟု သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

အကြင်အရပ်၌ ရပ်တည်လျက် နာကြားအံ့၊ ပါစိတ်အာပတ် သင့်၏။ နောက်မှ သွားသော ရဟန်းသည် နာကြားအံ့ဟု နှလုံးပိုက်၍ လျင်လျင်မြန်မြန် သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အကြင်အရပ်၌ ရပ်လျက် နားထောင်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရှေ့မှ သွားသော ရဟန်းသည် နာကြားအံ့ဟု နှလုံးပိုက်၍ ချန်နေရစ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အကြင်အရပ်၌ ရပ်တည်၍ နာကြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၏ တည်ရာအရပ်သို့လည်းကောင်း၊ နေရာအရပ်သို့ လည်းကောင်း၊ အိပ်ရာအရပ်သို့ လည်းကောင်း လာ၍ တိုင်ပင်သည်ရှိသော် ချောင်းဟန့်ရမည်၊ သိစေရမည်၊ အကယ်၍မူလည်း ချောင်းမဟန့်ငြားအံ့ အကယ်၍မူလည်း မသိစေငြားအံ့၊ ပါစိတ် အာပတ် သင့်၏။ ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲဟူသည် စကားသံကို ကြားလောက်ရာ အနီးအရပ်၌ တည်နေခြင်းငှါ တစ်စုံတစ်ခုသော အခြားအကြောင်းသည် မရှိ။ 471

ရဟန်း၌ ရဟန်းဟု အမှတ်ရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ယုံမှားရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်း၌ ရဟန်းမဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့၊ ပါစိတ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၏ ကြားလောက်ရာ အနီးအရပ်၌ တည်အံ့ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်း မဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့။ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းမဟုတ်သော သူ၌ ရဟန်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ 472

''ဤရဟန်းတို့၏ စကားကို ကြား၍ ရှောင်ကြဉ်အံ့ အထူးရှောင်ကြဉ်အံ့ ငြိမ်းစေအံ့ မိမိကိုယ်ကို လွတ်စေအံ့'' ဟု နှလုံးသွင်း၍ သွားအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 473

၈ - ဥပဿုတိသိက္ခာပုဒ်၊ သဟဓမ္မိက၀ဂ်၊ ဘိက္ခုပါစိတ်အခန်း။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: