နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, August 4, 2010

ဆရာငါးဦးကိုပြခြင်း...



ဆရာငါးဦးကိုပြခြင်း


မောဂ္ဂလ္လာန် လောက၌ ဆရာငါးဦးတို့သည် ထင်ရှား ရှိကုန်၏၊
ငါးဦးတို့ကား အဘယ်သူတို့နည်း။

မောဂ္ဂလ္လာန် ဤလောက၌ ဆရာအချို့သည်...
စင်ကြယ်သော သီလ မရှိဘဲလျက် ''စင်ကြယ်သော သီလ ရှိ၏''၊ ''ငါ၏ သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် စင်ကြယ်သော သီလ မရှိဘဲလျက် 'စင်ကြယ်သော သီလ ရှိ၏'၊ 'ငါ၏ သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူဤဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏။ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှားလတ္တံ့'' ဟု သိကုန်၏။ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် သီလမှ စောင့်ကုန်၏။ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ သီလမှ စောင့်ခြင်းကို တောင့်တ၏။


မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာ အချို့သည် စင်ကြယ်သော အသက်မွေးခြင်း မရှိဘဲလျက် ''စင်ကြယ်သော အသက် မွေးခြင်း ရှိ၏''၊ ''ငါ၏ အသက် မွေးခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် စင်ကြယ်သော အသက် မွေးခြင်း မရှိဘဲလျက် 'စင်ကြယ်သော အသက် မွေးခြင်း ရှိ၏'၊ 'ငါ၏ အသက် မွေးခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ်သော စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏၊ အကြင်အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှားလတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် အသက် မွေးခြင်းမှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ အသက် မွေးခြင်းမှ စောင့်ခြင်းကို တောင့်တ၏။


မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာ အချို့သည် မစင်ကြယ်သော တရားဟောခြင်း ရှိလျက် ''စင်ကြယ်သော တရား ဟောခြင်း ရှိ၏''၊ ''ငါ၏ တရား ဟောခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော တရားဟောခြင်း ရှိလျက် 'စင်ကြယ်သော တရား ဟောခြင်း ရှိ၏'၊ 'ငါ၏ တရား ဟောခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏။ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် တရား ဟောခြင်းမှ စောင့်ကုန်၏။ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ တရား ဟောခြင်းမှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာအချို့သည် မစင်ကြယ်သော ပြောကြားခြင်း ရှိလျက် ''စင်ကြယ်သော ပြောကြားခြင်း ရှိ၏''၊ ''ငါ၏ ပြောကြားခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော ပြောကြားခြင်းရှိလျက် 'စင်ကြယ်သော ပြောကြားခြင်း ရှိ၏'၊ 'ငါ၏ ပြောကြားခြင်းသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန် အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေးပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ ထား၏၊ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလာန် ဤသို့သော ဆရာကို တပည့်တို့သည် ပြောကြားခြင်းမှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ ပြောကြားခြင်းမှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် နောက်တစ်မျိုးကား
ဤလောက၌ ဆရာအချို့သည် မစင်ကြယ်သော ဉာဏ် အမြင်ရှိလျက် ''စင်ကြယ်သော ဉာဏ် အမြင် ရှိ၏''၊ ''ငါ၏ ဉာဏ် အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ထိုဆရာကို တပည့်တို့သည် ''ဤအသျှင် ဆရာသည် မစင်ကြယ်သော ဉာဏ်အမြင် ရှိလျက် 'စင်ကြယ်သော ဉာဏ် အမြင် ရှိ၏'၊ 'ငါ၏ ဉာဏ် အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း' ဟု ဝန်ခံ၏။ ငါတို့သည် လူတို့အား ပြောကုန်မူ ဤအသျှင် ဆရာသည် မနှစ်မြို့ရာ၊ ငါတို့သည် ထိုမနှစ်မြို့ဖွယ် စကားဖြင့် ထိုဆရာကို အဘယ့်ကြောင့် ပြောကုန်အံ့နည်း၊ သင်္ကန်း ဆွမ်း ကျောင်း သူနာ အရံအတား ဆေး ပစ္စည်း ပရိက္ခရာတို့ဖြင့် ထောက်ပံ့ထား၏၊ အကြင် အမှုကို ထိုဆရာသည် ပြုလုပ်အံ့၊ ထိုအမှုဖြင့်ပင် ထိုဆရာသည် ထင်ရှား လတ္တံ့'' ဟု သိကုန်၏၊ မောဂ္ဂလ္လာန် ဤသို့သော ဆရာကို တပည့်တို့သည် ဉာဏ်အမြင်မှ စောင့်ကုန်၏၊ ဤသို့သော ဆရာသည်လည်း တပည့်တို့၏ ဉာဏ်အမြင်မှ စောင့်ခြင်းကို တောင့်တ၏။

မောဂ္ဂလ္လာန် လောက၌ ဤဆရာ ငါးဦးတို့သည် ရှိကုန်၏။
မောဂ္ဂလ္လာန် ငါမူကား စင်ကြယ်သော သီလ ရှိသောကြောင့် ''စင်ကြယ်သော သီလ ရှိ၏''၊ ''ငါ၏သီလသည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ငါ့ကိုလည်း တပည့်တို့သည် သီလမှ မစောင့်ကုန်၊ ငါသည်လည်း တပည့်တို့၏ သီလမှ စောင့်ခြင်းကို မတောင့်တ။ စင်ကြယ်သော အသက်မွေးခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော တရား ဟောခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော ပြောကြားခြင်း ရှိသောကြောင့်။ပ။ စင်ကြယ်သော ဉာဏ်အမြင် ရှိသောကြောင့် ''စင်ကြယ်သော ဉာဏ်အမြင် ရှိ၏''၊ ''ငါ၏ ဉာဏ်အမြင်သည် စင်ကြယ်၏၊ ဖြူစင်၏၊ မညစ်နွမ်း'' ဟု ဝန်ခံ၏။ ငါ့ကိုလည်း တပည့်တို့သည် ဉာဏ်အမြင်မှ မစောင့်ကုန်၊ ငါသည်လည်း တပည့်တို့၏ ဉာဏ်အမြင်မှ စောင့်ခြင်းကို မတောင့်တ ဟု မိန့်တော်မူ၏။ 334

ဆရာငါးဦးကိုပြခြင်း၊ သံဃဘေဒက္ခန္ဓ၊ စူဠ၀ဂ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

No comments: