နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Sunday, January 31, 2010

ပဌမဈာန်၏ ပယ်သောအင်္ဂါ ပြည့်စုံသောအင်္ဂါ...

မဟာဝေဒလ္လသုတ်

"ပဌမဈာန်၏ ပယ်သောအင်္ဂါ ပြည့်စုံသောအင်္ဂါ"

ငါ့သျှင် ပဌမဈာန်သည် အဘယ်မျှသော အင်္ဂါတို့ကို ပယ်၍ အဘယ်မျှသော အင်္ဂါတို့နှင့် ပြည့်စုံ သနည်းဟု လျှောက်၏။

ငါ့သျှင် ပဌမဈာန်သည် ငါးပါးသော အင်္ဂါတို့ကို ပယ်၍ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏။ ငါ့သျှင် ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသော ရဟန်းသည် လိုချင် တပ်မက်မှု 'ကာမစ္ဆန္ဒ' ကို ပယ်၏၊

ပယ်သောတရားများ...

ဖျက်ဆီးလိုမှု 'ဗျာပါဒ' ကို ပယ်၏၊
ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ပယ်၏၊
ပျံ့လွင့်မှု နောင်တ ပူပန်မှု 'ဥဒ္စစ္စကုက္ကုစ္စ'ကို ပယ်၏၊
တွေးတော ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်၏။

ပြည့်စုံသောတရားများ...

ကြံစည်မှု 'ဝိတက်'၊
သုံးသပ် ဆင်ခြင်မှု 'ဝိစာရ'၊
နှစ်သိမ့်မှု 'ပီတိ'၊
ချမ်းသာမှု 'သုခ'၊
စိတ် တည်ကြည်မှု 'စိတ္တေကဂ္ဂတာ' ဖြစ်၏။

ငါ့သျင် ပဌမဈာန်သည် ဤသို့ ငါးပါးသော အင်္ဂါတို့ကို ပယ်၍ ငါးပါးသော အင်္ဂါတို့နှင့် ပြည့်စုံ၏ ဟု (မိန့်ဆို၏)။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပဌမဈာန်အင်္ဂါ...

မဟာဝေဒလ္လသုတ်

"ပဌမဈာန်အင်္ဂါ"

ငါ့သျှင် ပဌမဈာန်သည် အင်္ဂါ အဘယ် မျှရှိသနည်း ဟု လျှောက်၏။
ငါ့သျှင် ပဌမဈာန်သည် အင်္ဂါ ငါးပါးရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ ပဌမဈာန်ကို ဝင်စားသော ရဟန်းအား ကြံစည်မှု 'ဝိတက်' သည် လည်းကောင်း၊ သုံးသပ် ဆင်ခြင်မှု 'ဝိစာရ'သည် လည်းကောင်း၊ နှစ်သိမ့်မှု (ပီတိ)သည် လည်းကောင်း၊ ချမ်းသာမှု 'သုခ'သည် လည်းကောင်း၊ စိတ်တည်ကြည်မှု 'စိတ္တေကဂ္ဂတာ'သည် လည်းကောင်း ဖြစ်၏။ ငါ့သျှင် ပဌမဈာန်သည် ဤသို့ အင်္ဂါ ငါးပါးရှိ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပဌမဈာန်ဟူသည်...

မဟာဝေဒလ္လသုတ်

"ပဌမဈာန်ဟူသည်"

ငါ့သျှင် ပဌမဈာန်သည် အဘယ်နည်းဟု လျှောက်၏။

ငါ့သျှင် ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍ သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍ သာလျှင် ကြံစည်ခြင်း 'ဝိတက်'နှင့် တကွ ဖြစ်သော၊ သုံးသပ် ဆင်ခြင်ခြင်း 'ဝိစာရ'နှင့်တကွ ဖြစ်သော၊ နီဝရဏ ကင်းခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ငါ့သျှင် ဤသည်ကို ပဌမဈာန်ဟု ဆိုရ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဘ၀သစ်ဖြစ်ပေါ်မှုနှင့် မဖြစ်ပေါ်မှု..

မဟာဝေဒလ္လသုတ်

"ဘ၀သစ်ဖြစ်ပေါ်မှုနှင့် မဖြစ်ပေါ်မှု"

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ တစ်ဖန် ဘဝသစ် ထင်ရှား ဖြစ်ပေါ်ရသနည်း ဟု လျှောက်၏။

ငါ့သျှင် မသိမှု အပိတ်အဆီး 'အဝိဇ္ဇာနီဝရဏ' နှင့် တပ်မက်မှု အနှောင်အဖွဲ့ 'တဏှာ သံယောဇဉ်' ရှိကုန်သော သတ္တဝါတို့အား ထိုထို အာရုံ၌ အလွန် နှစ်သက်မှုကြောင့် နောင်အခါ၌ တစ်ဖန် ဘဝသစ် ထင်ရှား ဖြစ်ပေါ်ရ၏ ဟု မိန့်ဆို၏။

ငါ့သျှင် အဘယ့်ကြောင့် နောင်အခါ၌ တစ်ဖန် ဘဝသစ် ထင်ရှား မဖြစ်ပေါ်ရ သနည်း ဟု လျှောက်၏။

ငါ့သျှင် မသိမှု 'အဝိဇ္ဇာ' ကင်းခြင်း, သိမှု 'ဝိဇ္ဇာ' ဖြစ်ပေါ်ခြင်းနှင့် တပ်မက်မှု 'တဏှာ' ချုပ်ခြင်းကြောင့် နောင်အခါ၌ တစ်ဖန် ဘဝသစ် ထင်ရှား မဖြစ်ပေါ်ရပေဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဘဝဆိုသည်...

မဟာဝေဒလ္လသုတ်

"ဘဝဆိုသည်"

ငါ့သျှင် ဘဝတို့သည် အဘယ်တို့နည်း ဟု လျှောက်၏။

ငါ့သျှင် ဘဝတို့သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ၊ ဤသုံးပါးတို့တည်း ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Saturday, January 30, 2010

'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်း...

မဟာဝေဒလ္လသုတ်

"'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်း"

ငါ့သျှင် မှန်သော အယူ 'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား အဘယ်တို့နည်း ဟု လျှောက်၏။

ငါ့သျှင် မှန်သော အယူ 'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား သူတစ်ပါး တရားသံနှင့် အသင့်အားဖြင့် နှလုံးသွင်းခြင်း ဤနှစ်ပါးတို့တည်း။ ငါ့သျှင် မှန်သော အယူ 'သမ္မာဒိဋ္ဌိ' ဖြစ်ရန် အကြောင်းတို့ကား ဤနှစ်ပါးတို့တည်း ဟု မိန့်ဆို၏။

ငါ့သျှင် အဘယ်အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သော အယူ 'သမ္မာဒိဋ္ဌိ'သည် လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ် အကျိုး အာနိသင်လည်း ရှိသနည်း၊ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာ အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာ အကျိုး အာနိသင်လည်း ရှိသနည်း ဟု လျှောက်၏။

ငါ့သျှင် ငါးပါးသော အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သော အယူ 'သမ္မာဒိဋ္ဌိ' သည် လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ် အကျိုး အာနိသင်လည်း ရှိ၏၊ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာ အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တ ဖိုလ်' ပညာ အကျိုး အာနိသင်လည်း ရှိ၏။ ငါ့သျှင် ဤသာသနာတော်၌ မှန်သော အယူ 'သမ္မာဒိဋ္ဌိ' သည် စောင့်စည်းမှု 'သီလ' အထောက် အပံ့ကိုလည်း ရ၏၊ တရားကို ကြားနာမှု အထောက်အပံ့ ကိုလည်း ရ၏၊ ကမ္မဋ္ဌာန်း ဆွေးနွေးမှု အထောက်အပံ့ကိုလည်း ရ၏၊ ဈာန် သမာပတ် 'သမထ' အထောက်အပံ့ကိုလည်း ရ၏၊ အထူးထူး ရှုမှု 'ဝိပဿနာ' အထောက်အပံ့ကိုလည်း ရ၏။ ငါ့သျှင် ဤ ငါးပါးသော အကြောင်း (အင်္ဂါ)တို့၏ အထောက်အပံ့ကို ရသော မှန်သော အယူ 'သမ္မာဒိဋ္ဌိ'သည် လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ် အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်အကျိုး အာနိသင်လည်း ရှိ၏။ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာ အကျိုးလည်း ရှိ၍ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာအကျိုး အာနိသင်လည်း ရှိ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း...

မဟာဝေဒလ္လသုတ်

"စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း"

ငါ့သျှင် ဣနြေ္ဒ ငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု စတုတ္ထဈာန် စိတ်ဖြင့် အဘယ်တို့ကို သိသင့် သနည်း ဟု လျှောက်၏။

ငါ့သျှင် ဣနြေ္ဒ ငါးပါးတို့မှ လွတ်သော စင်ကြယ်သော အထူးသိမှု စတုတ္ထဈာန် စိတ်ဖြင့် ''ကောင်းကင်သည် အဆုံးမရှိ'' ဟု အာကာသာနဉ္စာယတနသမာပတ်ကို သိသင့်၏၊ ''ဝိညာဏ်သည် အဆုံးမရှိ'' ဟု ဝိညာဏဉ္စာ ယတနသမာပတ်ကို သိသင့်၏၊ ''တစ်စုံ တစ်ရာမျှ မရှိ'' ဟု အာကိဉ္စ ညာယတနသမာပတ်ကို သိသင့်၏ ဟု မိန့်ဆို၏။

ငါ့သျှင် သိသင့်သော တရားကို အဘယ်ဖြင့် အများအားဖြင့် သိတတ်သနည်း ဟု လျှောက်၏။

ငါ့သျှင် သိသင့်သော တရားကို ပညာမျက်စိဖြင့် အများအားဖြင့် သိတတ်၏ ဟု မိန့်ဆို၏။

ငါ့သျှင် ပညာသည် အဘယ် အကျိုးရှိသနည်းဟု လျှောက်၏။

ငါ့သျှင် ပညာသည် အထူးသိခြင်း အကျိုးရှိ၏၊ ပိုင်းခြား၍ သိခြင်း အကျိုးရှိ၏၊ ပယ်စွန့်ခြင်း အကျိုးရှိ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, January 29, 2010

ဝေဒနာ သညာ ဝိညာဏ်၊ တို့သည်...

မဟာဝေဒလ္လသုတ်

''ဝေဒနာ သညာ ဝိညာဏ်၊ တို့သည်
ရောနှောကုန် သလော၊ မရောနှောကုန် သလော''

ငါ့သျှင် ခံစားမှု 'ဝေဒနာ'၊ မှတ်သားမှု 'သညာ'နှင့် အထူးသိမှု 'ဝိညာဏ်'၊ ဤတရားတို့သည် ရောနှောကုန် သလော၊ သို့မဟုတ် မရောနှောကုန် သလော၊ ဤတရားတို့ကို အသီးအသီး ပြု၍ ခြားနားချက်ကို ပညတ်ရန် ရနိုင်ပါ သလော ဟု လျှောက်၏။

ငါ့သျှင် ခံစားမှု 'ဝေဒနာ'၊ မှတ်သားမှု 'သညာ'နှင့် အထူးသိမှု 'ဝိညာဏ်'၊ ဤတရားတို့သည် ရောနှောကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီး ပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေ။ ငါ့သျှင် အာရုံကိုပင် ခံစား၏၊ ခံစားသော အာရုံကိုပင် မှတ်သား၏၊ မှတ်သားသော အာရုံကိုပင် အထူး သိတတ်၏။ ထို့ကြောင့် ဤတရားတို့သည် ရောနှော ကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီး ပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

သညာ...

မဟာဝေဒလ္လသုတ်

''သညာ''

ငါ့သျှင် ''သညာ သညာ'' ဟု ဆိုရ၏၊ ငါ့သျှင် အဘယ် အကြောင်းကြောင့် ''သညာ'' ဟု ဆိုရသနည်း ဟု လျှောက်၏။
ငါ့သျှင် ''မှတ်သားတတ် မှတ်သားတတ်'' သော အကြောင်းကြောင့် ''သညာ'' ဟု ဆိုရ၏။ အဘယ်ကို မှတ်သား တတ်သနည်း။ ညိုသော အရာကိုလည်း မှတ်သား တတ်၏၊ ရွှေသော အရာကိုလည်း မှတ်သား တတ်၏၊ နီသော အရာကိုလည်း မှတ်သား တတ်၏။ ဖြူသော အရာကိုလည်း မှတ်သား တတ်၏။ ငါ့သျှင် ''မှတ်သားတတ် မှတ်သားတတ်'' သော အကြောင်းကြောင့် ''သညာ'' ဟု ဆိုရ၏ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဝေဒနာ...

မဟာဝေဒလ္လသုတ်

''ဝေဒနာ''

၄၅ဝ။ ငါ့သျှင် ''ဝေဒနာ ဝေဒနာ'' ဟု ဆိုရ၏၊ ငါ့သျှင် အဘယ် အကြောင်းကြောင့် ''ဝေဒနာ'' ဟု ဆိုရသနည်း ဟု လျှောက်၏။

ငါ့သျှင် ''ခံစားတတ်, ခံစားတတ်'' သော အကြောင်းကြောင့် ''ဝေဒနာ'' ဟု ဆိုရ၏။ အဘယ်ကို ခံစားတတ် သနည်း။ ချမ်းသာကိုလည်း ခံစား တတ်၏၊ ဆင်းရဲကိုလည်း ခံစားတတ်၏၊ ဆင်းရဲမဟုတ် ချမ်းသာ မဟုတ်သည်ကိုလည်း ခံစား တတ်၏။ ငါ့သျှင် ''ခံစားတတ် ခံစားတတ်'' သော အကြောင်းကြောင့် ''ဝေဒနာ'' ဟု ဆိုရ၏ ဟု မိန့်ဆို၏။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပညာနှင့် ၀ိညာဏ် ရောသလော မရောသလော...

မဟာဝေဒလ္လသုတ်

"ပညာနှင့် ၀ိညာဏ် ရောသလော မရောသလော..."

ငါ့သျှင် အများအားဖြင့် သိမှု 'ပညာ' အထူးသိမှု 'ဝိညာဏ်' ဤတရားတို့သည် ရောနှောကြကုန်သလော၊ သို့မဟုတ် မရောနှောကြ ကုန်သလော၊ ဤတရားတို့ကို အသီးအသီး ပြု၍ ခြားနားချက်ကို ပညတ်ရန် ရနိုင်ပါ သလော ဟု (လျှောက်၏)။

ငါ့သျှင် အများအားဖြင့် သိမူ 'ပညာ' အထူးသိမှု 'ဝိညာဏ်' ဤတရားတို့သည် ရောနှောကြ ကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီး ပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေ ငါ့သျှင် အများအားဖြင့် သိသော အရာကိုပင် အထူးသိ၏။ အထူး သိသော အရာကိုပင် အများအားဖြင့် သိ၏။ ထို့ကြောင့် ဤတရားတို့သည် ရောနှောကြ ကုန်၏၊ မရောနှောသည် မဟုတ်ကုန်၊ ဤတရားတို့ကို အသီးအသီး ပြု၍ ခြားနားချက်ကို ပညတ်ရန် မရနိုင်ပေ ဟု (မိန့်တော်မူ၏)။

ငါ့သျှင် ရောနှောကုန်သော, မရောနှောသည် မဟုတ်ကုန်သော အများအားဖြင့် သိမှု 'ပညာ'နှင့် အထူးသိမှု 'ဝိညာဏ်' ဤတရားတို့၏ ခြားနားမှုကား အဘယ်နည်းဟု (လျှောက်၏)။ ငါ့သျှင် ရောနှော ကုန်သော, မရောနှောသည် မဟုတ်ကုန်သော အများအားဖြင့် သိမှု 'ပညာ'နှင့် အထူးသိမှု 'ဝိညာဏ်'တို့တွင် ပညာကို ပွားများ ရ၏၊ ဝိညာဏ်ကို ပိုင်းခြား၍ သိရ၏၊ ဤသည်ကား ထိုတရားတို့၏ ခြားနားချက် ပေတည်း ဟု (မိန့်တော်မူ၏)။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဝိညာဏ်...

မဟာဝေဒလ္လသုတ်

''ဝိညာဏ်"

''ငါ့သျှင် ''ဝိညာဏ် ဝိညာဏ်'' ဟု ဆိုရ၏၊ ငါ့သျှင် အဘယ် အကြောင်းကြောင့် ''ဝိညာဏ်'' ဟု ဆိုရ သနည်း ဟု (လျှောက်၏)။

ငါ့သျှင် ''အထူး သိတတ်, အထူး သိတတ်'' သော အကြောင်းကြောင့် ''ဝိညာဏ်'' ဟု ဆိုရ၏။

အဘယ်သို့ အထူး သိတတ် သနည်း။ ချမ်းသာ ဟုလည်း အထူး သိတတ်၏၊ ဆင်းရဲ ဟုလည်း အထူး သိတတ်၏၊ ဆင်းရဲ မဟုတ် ချမ်းသာ မဟုတ် ဟုလည်း အထူး သိတတ်၏။ ငါ့သျှင် ''အထူးသိတတ်, အထူး သိတတ်'' သော အကြောင်းကြောင့် ''ဝိညာဏ်'' ဟု ဆိုရ၏ ဟု (မိန့်ဆို၏)။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပညာရှိသူ...

မဟာဝေဒလ္လသုတ်

"ပညာရှိသူ"

''ငါ့သျှင် ပညာရှိသူ, ပညာရှိသူ ဟု ဆိုရ၏၊ ငါ့သျှင် အဘယ် အကြောင်းကြောင့် 'ပညာရှိသူ'ဟု ဆိုရ သနည်း'' ဟု (လျှောက်၏)။

''ငါ့သျှင် ''အများအားဖြင့် သိတတ်, အများအားဖြင့် သိတတ်'' သော အကြောင်းကြောင့် ''ပညာရှိသူ'' ဟု ဆိုရ၏။

အဘယ်သို့လျှင် အများအားဖြင့် သိတတ်သနည်း။ ဤကား ဆင်းရဲတည်း ဟု အများအားဖြင့် သိတတ်၏၊ ဤကား ဆင်းရဲ ဖြစ်ကြောင်းတည်း ဟု အများအားဖြင့် သိတတ်၏၊ ဤကား ဆင်းရဲ ချုပ်ရာတည်း ဟု အများအားဖြင့် သိတတ်၏၊ ဤကား ဆင်းရဲ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်း ဟု အများအားဖြင့် သိတတ်၏။ ငါ့သျှင် (ဤသို့လျှင်) '' အများအားဖြင့် သိတတ်, အများအားဖြင့် သိတတ်''သော အကြောင်းကြောင့် ''ပညာရှိသူ'' ဟု ဆိုရ၏ ဟု (မိန့်ဆို၏)။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။




ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပညာမဲ့သူ

မဟာဝေဒလ္လသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် ညနေချမ်းအချိန် ကိန်းအောင် ရာမှ ထ၍ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ပြီးလျှင် အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး ဆုံးစေလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးသော်-

"ပညာမဲ့သူ"

''ငါ့သျှင် ပညာမဲ့သူ ပညာမဲ့သူ ဟု ဆို၏၊ ငါ့သျှင် အဘယ် အကြောင်းကြောင့် ''ပညာမဲ့သူ'' ဟု ဆိုရသနည်း'' ဟု လျှောက်၏။

ငါ့သျှင် ''အများအားဖြင့် မသိတတ်, အများအားဖြင့် မသိတတ်'' ဟူသော အကြောင်းကြောင့် ''ပညာမဲ့သူ'' ဟု ဆိုရ၏။

အဘယ်သို့လျှင် အများအားဖြင့် မသိတတ်သနည်း။ ဤကား ဆင်းရဲတည်းဟု အများအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲ ဖြစ်ကြောင်းတည်းဟု အများအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲ ချုပ်ရာတည်း ဟု အပြားအားဖြင့် မသိတတ်၊ ဤကား ဆင်းရဲ ချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်း ဟု အများအားဖြင့် မသိတတ်။ ငါ့သျှင် (ဤသို့လျှင်) '' အများအားဖြင့် မသိတတ်, အများအားဖြင့် မသိတတ်'' ဟူသော အကြောင်းကြောင့် ''ပညာမဲ့သူ'' ဟု ဆိုရ၏ ဟု (မိန့်ဆို၏)။

၃ - မဟာဝေဒလ္လသုတ်၊ မှ ၊ စူဠယမက၀ဂ်၊ မူလပဏ္ဏာသပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Thursday, January 28, 2010

ချမ်းသာစွာ နေရခြင်း...

ဖာသုဝိဟာရသုတ်

ရဟန်းတို့ ချမ်းသာစွာ နေရခြင်းတို့သည် ဤငါးမျိုးတို့တည်း၊

ရဟန်းတို့ ဤသာသနာတော်၌...

၁...
ရဟန်း၏ မေတ္တာ ကာယကံသည် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော် လည်းကောင်း သီတင်းသုံးဖော်တို့၌ ရှေးရှုတည်၏။

၂...
ရဟန်း၏ မေတ္တာ ဝစီကံသည် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော် လည်းကောင်း သီတင်းသုံးဖော်တို့၌ ရှေးရှုတည်၏။

၃...
ရဟန်း၏ မေတ္တာ မနောကံသည် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော်လည်းကောင်း သီတင်းသုံးဖော်တို့၌ ရှေးရှုတည်၏။

၎...
မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန် အဖြစ်မှ လွတ်မြောက်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ တည်ကြည်ခြင်း 'သမာဓိ' ကို ဖြစ်စေတတ်သော သဘော ရှိကုန်သော သီလတို့ဖြင့် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော် လည်းကောင်း သီတင်းသုံးဖော်တို့နှင့် သီလတူသည်၏ အဖြစ်သို့ ရောက်လျက်နေ၏။

၅...
ဖြူစင်သော၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော၊ ထိုအယူကို ပြုကျင့်သူအား ကောင်းစွာ ဝဋ်ဆင်းရဲ ကုန်ရန် ထုတ်ဆောင်တတ်သော သဘောရှိသည့် မှန်ကန်သော အယူ 'သမ္မာဒိဋ္ဌိ' ဖြင့် မျက်မှောက်၌သော် လည်းကောင်း၊ မျက်ကွယ်၌သော် လည်းကောင်း သီတင်းသုံးဖော်တို့နှင့်အယူ 'ဒိဋ္ဌိ'
တူမျှသည့် အဖြစ်သို့ ရောက်လျက်နေ၏။ 105

ရဟန်းတို့ ချမ်းသာစွာ နေရခြင်းတို့သည် ဤငါးမျိုးတို့တည်း ဟု မိန့်တော်မူ၏။

၅ - ဖာသုဝိဟာရသုတ်၊ ဖာသုဝိဟာရ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, January 25, 2010

ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများ...

ပေါဋ္ဌပါဒသုတ်

ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားများ...

ပေါဋ္ဌပါဒ လောကသည် မြဲ၏ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သောတရား ဟု ငါသည် ဟောကြားဖော်ပြ၏၊ ပေါဋ္ဌပါဒ လောကသည် မမြဲ ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏၊ ပေါဋ္ဌပါဒ လောကသည် အဆုံးရှိ၏ ဟူသည်ကိုလည်း။ပ။ ပေါဋ္ဌပါဒ လောကသည် အဆုံးမရှိ ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ ထို(ကိုယ်) သည်ပင် အသက်၊ ထို (အသက်) သည်ပင် ကိုယ်ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ အသက်သည့် တခြား၊ ကိုယ်သည် တခြား ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ရှိ၏ ဟူသည် ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ မရှိဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိလည်းရှိ မရှိလည်း မရှိ ဟူသည်ကိုလည်း။ ပေါဋ္ဌပါဒ သတ္တဝါသည် သေပြီးသည့် နောက်၌ ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ် ဟူသည်ကိုလည်း ဧကန် နိဗ္ဗာန်ရောက်ကြောင်း)မဟုတ်သော တရားဟု ငါသည် ဟောကြားဖော်ပြ၏။

ပေါဋ္ဌပါဒ အဘယ်ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သောတရားတို့ဟု ငါသည် ဟောကြားဖော်ပြသနည်း။

ထို တရားတို့သည်...

အကျိုးစီးပွားနှင့် မစပ်ကုန်၊
လောကုတ္တရာ တရားနှင့် မစပ်ကုန်၊
အကျင့်မြတ်၏ အစမျှပင် မဟုတ်ကုန်၊
ငြီးငွေ့ ရန်အလို့ငှါ မဖြစ်ကုန်၊
တပ်မက်ခြင်း ကင်းရန်အလို့ငှါ မဖြစ်ကုန်၊
ဝဋ်ဆင်းရဲ ချုပ်ရန်အလို့ငှါ မဖြစ်ကုန်၊
ကိလေသာ ငြိမ်းရန်အလို့ငှါ မဖြစ်ကုန်၊
ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ မဖြစ်ကုန်၊
သစ္စာလေးပါးကို သိရန်အလို့ငှါ မဖြစ်ကုန်၊
နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အလို့ငှါ မဖြစ်ကုန်၊
ထို့ကြောင့် ထိုတရားတို့ကို ဧကန် နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သော တရားတို့ ဟု ငါသည် ဟောကြား ဖော်ပြပေ၏။

ပေါဋ္ဌပါဒသုတ်၊ သီလက္ခန်ပါဠိတော်၊ ဒီဃနိကာယ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

အမိအဖပြုစုသူကို သူတော်ကောင်းတို့ ချီးမွမ်း၏...

ဗြဟ္မ (မြတ်သောအကျင့်)

ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် အိမ်ဦးနတ်ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသားအမျိုးသမီးတို့သည် အဝေးမှ ဆောင်အပ်သော အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။

ရဟန်းတို့...
''ဗြဟ္မာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
''လက်ဦးဆရာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
''အိမ်ဦးနတ်'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
''အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ''ဟူသော အမည်သည် အမိအဖတို့၏ အမည်တည်း။

ထိုသို့ အမည်ရခြင်းသည် အဘယ် ကြောင့်နည်းဟူမူ-

ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူး ရှိကုန်၏၊ အသက်ကိုစောင့်ရှောက် တတ်ကုန်၏၊ ကျွေးမွေး တတ်ကုန်၏၊ ဤလောကကို ညွှန်းပြတတ် ကုန်၏ ဟု မိန့်တော်မူ၏။

အမိအဖတို့ကို သားသမီးတို့၏ 'ဗြဟ္မာ' ဟူ၍ လည်းကောင်း၊ 'လက်ဦးဆရာ' ဟူ၍ လည်းကောင်းဆိုထိုက်ကုန်၏၊ 'အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံတို့' ဟု ဆိုထိုက်ကုန်၏၊ အမိအဖတို့သည် သားသမီးတို့အား အစဉ်သနားတတ် ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသားသမီးသည် ထို အမိအဖတို့ကို ရှိလည်း ခိုးရာ၏၊ ထမင်းဟင်းဖြင့် လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့် လည်းကောင်း၊အဝတ် အရုံဖြင့် လည်းကောင်း၊ အိပ်ရာ နေရာဖြင့်လည်းကောင်း၊ အမွှေး နံ့သာ လိမ်းကျံ ပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊ ခြေဆေးပေးခြင်းဖြင့် လည်းကောင်း အရိုအသေ ပြုလျက် ပူဇော်ရာ၏။ အမိအဖတို့၌ ထိုသို့ လုပ်ကျွေးမွေးမြူခြင်းကြောင့် ထို သားသမီးကို ယခုဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကြကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျှော်ရလေ သတည်း။ 63

၃ - ဗြဟ္မသုတ်၊ ပတ္တကမ္မ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Sunday, January 24, 2010

စမ္ပေယျနဂါးမင်းအကျင့်...

စမ္ပေယျနာဂစရိယ၊ (စမ္ပေယျနဂါးမင်းအကျင့်)


ငါသည် တန်ခိုးကြီးသော စမ္ပေယျနဂါးမင်း ဖြစ်၏၊
ထိုအခါ၌လည်း တရားကို စောင့်သူ၊ သီလအကျင့်နှင့် ပြည့်စုံသူ ဖြစ်ခဲ့၏။

ထိုအခါ၌လည်း ကုသိုလ်တရားကို ကျင့်လေ့ရှိသော ဥပုသ်ကျင့်သုံးသော ငါ့ကို မြွေဖမ်းသမားသည် ဖမ်းယူ၍ နန်းတော်တံခါး၌ ကစားစေ၏၊

ထိုမြွေဖမ်းသမားသည် အညို, အရွှေ, အနီဟူသော အကြင် အကြင်အဆင်းကို ကြံစည်၏၊ ငါသည် ထိုမြွေဖမ်းသမား၏ စိတ်သို့ အစဉ်လိုက်လျက် ကြံစည်သော အဆင်းနှင့်တူသော အဆင်းရှိသည် ဖြစ်၏။

ငါသည် ကုန်းကို ရေဖြစ်အောင် ပြုနိုင်၏၊ ရေကိုလည်း ကုန်းဖြစ်အောင် ပြုနိုင်၏၊ အကယ်၍ ငါသည် ထိုမြွေဖမ်းသမားအား အမျက်ထွက်ငြားအံ့၊ တစ်ခဏဖြင့် ပြာဖြစ်အောင် ပြုနိုင်၏။

ငါသည် အကယ်၍ စိတ်အလို လိုက်သည် ဖြစ်အံ့၊ သီလမှ ဆုတ်ယုတ်တော့အံ့၊ သီလမှ ဆုတ်ယုတ်သူအား မြတ်သော အကျိုးသည် မပြီးစီးနိုင်ချေ။

အကယ်၍ပင် ဤကိုယ်သည် ပျက်စီးပါစေ၊ ဤနေရာ၌ပင် ဖရိုဖရဲ ကြဲမူလည်း ကြဲပါစေ၊ 'ဖွဲပြာ ကဲ့သို့' ဖရိုဖရဲ ကြဲသော်လည်း ငါသည် သီလကိုမူ မဖျက်ဆီးလို။ ။
20-25
၃ - စမ္ပေယျနာဂစရိယ၊ ဟတ္ထိနာဂ၀ဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ဝက်မျက်နှာ

သူကရမုခပေတ


ကိုယ်ဖြင့် စောင့်စည်း၍
နှုတ်ဖြင့် မစောင့်စည်းခဲ့သောကြောင့်
ကွယ်လွန်သောအခါ ရွှေအဆင်းနှင့်တူသော ကိုယ်
ဝက်မျက်နှာဖြင့်တူသော မျက်နှာဖြင့် ပြိတ္တာဖြစ်ရသူ

သင်၏ ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာ အားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့် တူ၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်းဟု အသျှင်နာရဒက မေး၏။

အသျှင်နာရဒ ရှေးဘဝက အကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ နှုတ်ဖြင့်မူကား မစောင့်စည်းခဲ့ပါ၊ ထို့ကြောင့် အကျွန်ုပ်၏ အဆင်းသည် အရှင်ဘုရား မြင်ရသည့်အတိုင်း ကိုယ်မှာ ရွှေအဆင်း မျက်နှာကား ဝက်မျက်နှာနှင့်တူသော အဆင်းသဏ္ဌာန် ရှိပါ၏။

အသျှင်နာရဒ ထို့ကြောင့် အကျွန်ုပ်သည် အရှင့်အား ပြောဆိုလိုပါ၏၊ ဤအဖြစ်သနစ်ကို အရှင်ဘုရား ကိုယ်တိုင် မြင်ရပါပြီ၊ နှုတ်ဖြင့် မကောင်းမှုကို မပြုပါလင့်၊ ဝက်မျက်နှာနှင့်တူသူ မဖြစ်ပါစေလင့်ဟု ပြိတ္တာက ဖြေဆို၏။

၂ - သူကရမုခပေတဝတ္ထု၊ ဥရဂ၀ဂ်၊ ပေတ၀တ္ထုပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, January 22, 2010

ဤလူတို့သည် အလွန် ကောင်းကြပေစွတကား...

ပုဏ္ဏသုတ်


အသျှင်ပုဏ္ဏသည် တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်
မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏

အသျှင်ဘုရား တောင်းပန်ပါ၏၊
မြတ်စွာဘုရားထံမှ တပည့်တော်အား အကျဉ်းအားဖြင့် တရားကို ဟောတော် မူပါလော့၊ တပည့်တော်သည် မြတ်စွာဘုရား၏ ယင်းတရားတော် ကို နာကြားပြီးလျှင် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လရှိသည် ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိလျက် နေလိုပါ၏ ဟု လျှောက်၏။

ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ် သဘော ရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မျက်စိဖြင့် သိအပ်သော အဆင်းတို့သည် ရှိကုန်၏။ ပုဏ္ဏ ထိုအဆင်းကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုအဆင်းကို အလွန် နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှု 'တဏှာ' သည် ဖြစ်၏၊ နှစ်သက်မှု 'တဏှာ' ဖြစ်ပေါ်ခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါဘုရားဟော၏။ပ။

ပုဏ္ဏ လျှာဖြင့် သိအပ်သော အရသာတို့သည် ရှိကုန်၏။ပ။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ် သဘောရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက် အပ်ကုန်သော စိတ်ဖြင့် သိအပ်သော သဘောတရားတို့သည် ရှိကုန်၏။ ပုဏ္ဏ ထိုသဘော တရားတို့ကို ရဟန်းသည် အလွန်နှစ်သက်ခဲ့မူ စွဲလမ်းခဲ့မူ လွှမ်းမိုး၍ တည်ခဲ့မူ ထိုသဘောတရားကို အလွန် နှစ်သက်သော စွဲလမ်းသော လွှမ်းမိုး၍ တည်သော ထိုရဟန်းအား နှစ်သက်မှု 'တဏှာ'သည် ဖြစ်၏၊ နှစ်သက်မှု'တဏှာ' ဖြစ်ပေါ်ခြင်းကြောင့် ဆင်းရဲ ဖြစ်ပေါ်၏ဟု ငါ ဟော၏။ ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ် သဘော ရှိကုန်သော ကာမနှင့် စပ်ယှဉ်ကုန်သော စွဲမက်အပ်ကုန်သော မျက်စိဖြင့် သိအပ်သော အဆင်းတို့သည် ရှိကုန်၏။ ပုဏ္ဏ ထိုအဆင်းကို ရဟန်းသည် မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထိုအဆင်းကို မနှစ်သက်သော မစွဲလမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု 'တဏှာ' ချုပ်ငြိမ်း၏၊ နှစ်သက်မှု 'တဏှာ' ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ဟု ငါ ဟော၏။ပ။

ပုဏ္ဏ အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်ကုန်သော ချစ်ခင်ဖွယ် သဘောရှိကုန်သော ကာမနှင့် စပ်ယှသ်ကုန်သော စွဲမက်အပ်ကုန်သော စိတ်ဖြင့် သိအပ်ကုန်သော သဘောတရားတို့သည် ရှိကုန်၏၊ ပုဏ္ဏ ထိုသဘောတရားကို ရဟန်းသည် အလွန်မနှစ်သက်ခဲ့မူ မစွဲလမ်းခဲ့မူ လွှမ်းမိုး၍ မတည်ခဲ့မူ ထို သဘောတရားကို အလွန် မနှစ်သက်သော မစွဲ လမ်းသော လွှမ်းမိုး၍ မတည်သော ထိုရဟန်းအား နှစ်သက်မှု 'တဏှာ' ချုပ်ငြိမ်း၏၊ နှစ်သက်မှု 'တဏှာ' ချုပ်ငြိမ်းခြင်းကြောင့် ဆင်းရဲ ချုပ်ငြိမ်း၏ ဟု ငါဟော၏။


ပုဏ္ဏ ဤအကျဉ်းဖြစ်သော အဆုံးအမဖြင့် ငါဘုရား ဆုံးမအပ်ပြီးသော သင်သည် အဘယ်ဇနပုဒ်၌ နေမည်နည်း။ အသျှင်ဘုရား သုနာပရန္တမည်သော ဇနပုဒ်သည် ရှိပါ၏၊ ထိုဇနပုဒ်၌ တပည့်တော် နေပါမည် ဟု လျှောက်၏။

ပုဏ္ဏ သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကြမ်းတမ်းကုန်၏၊ ခက်ထန်ကုန်၏။ ပုဏ္ဏ သုနာပရန္တတိုင်းသား ဖြစ်သော လူတို့သည် သင့်ကို ဆဲရေးကြကုန်မူ ရေရွတ်ကြကုန်မူ သင်၏ စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဆဲရေးကြကုန်မူ ရေရွတ်ကြကုန်မူ တပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့- ''ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွ တကား၊ ဤ သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွ တကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် လက်ဖြင့် ပုတ်ခတ်မှုကို မပေးကြကုန်သေး''။ ဘုန်းတော်ကြီး တော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါ လတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါ လတ္တံ့ ဟု လျှောက်၏။


ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် လက်ဖြင့် ပုတ်ခတ်ကြ ကုန်မူ သင်၏ စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု မေးတော်မူ၏။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် လက်ဖြင့် ပုတ်ခတ်ကြကုန်မူ တပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့- ''ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာ ပရန္တ တိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့ သည် ခဲဖြင့် မပစ်ခတ်ကြကုန်''။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ ဟု လျှောက်၏။


ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ခဲဖြင့် ပစ်ခတ်ကြကုန်မူ သင်၏ စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု မေးတော်မူ၏။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ခဲဖြင့် ပစ်ခတ်ကြကုန်မူ တပည့်တော်၏ စိတ်သည် ဤသို့ ဖြစ်ပါလတ္တံ့- ''ဤသုနာပရန္တ တိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွ တကား၊ ဤသုနာပရန္တ တိုင်းသားဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့ သည် တုတ်ဖြင့် မရိုက်နှက်ကြကုန်''။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု လျှောက်၏။


ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် တုတ်ဖြင့် ရိုက်နှက်ကြ ကုန်မူ သင်၏ စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု မေးတော်မူ၏။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် တုတ်ဖြင့် ရိုက်နှက်ကြကုန်မူ တပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့- ''ဤသုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွတကား၊ ဤသုနာ ပရန္တ တိုင်းသား ဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြပေသောကြောင့် ငါ့အား ဤလူတို့သည် ဓားဖြင့် မခုတ်ကြကုန်''။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူ တတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု လျှောက်၏။


ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဓားဖြင့် ခုတ်ကြကုန်မူ သင်၏ စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု မေးတော်မူ၏။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ဓားဖြင့် ခုတ်ကြကုန်မူ တပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့- ''ဤသုနာပရန္တ တိုင်းသားဖြစ်သော လူတို့သည် ကောင်းကြပေစွ တကား၊ ဤသုနာပရန္တတိုင်းသား ဖြစ်သော လူတို့သည် အလွန် ကောင်းကြပေစွတကား။ ယင်းသို့ ကောင်းကြ ပေသောကြောင့် ငါ့အား ဤလူတို့သည် ထက်လှစွာသော ဓားဖြင့် အသက်မှ မချကြကုန်''။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါ လတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ ဟု လျှောက်၏။


ပုဏ္ဏ သင့်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ထက်လှစွာသော ဓားဖြင့် အသက်မှ ချကြကုန်မူ သင်၏ စိတ်သည် အဘယ်သို့ ဖြစ်လိမ့်မည်နည်း ဟု မေးတော်မူ၏။

အသျှင်ဘုရား တပည့်တော်အား သုနာပရန္တတိုင်းသားဖြစ်သော လူတို့သည် ထက်လှစွာသောဓားဖြင့် အသက်မှ ချကြကုန်မူ တပည့်တော်အား ဤသို့ စိတ်ဖြစ်ပါလတ္တံ့- ''ခန္ဓာကိုယ်မှ လည်းကောင်း အသက်မှ လည်းကောင်း ငြီးငွေ့ကုန် သည် ရှက်နိုးကုန်သည် စက်ဆုပ်ကုန်သည် ဖြစ်၍ အသက်ကို ဆောင်တတ်သော ဓားလက်နက်ကို ရှာကြကုန်သော ထိုမြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ရှိကုန်၏။ ထိုအသက်ကို ဆောင်တတ်သော ဓားလက်နက်ကို ငါသည် မရှာဖွေဘဲ သာလျှင် ရအပ်၏''။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအခါ၌ ဤသို့ စိတ်ဖြစ်ပါလတ္တံ့ဟု လျှောက်၏။

ပုဏ္ဏ ကောင်းပေစွ၊ ကောင်းပေစွ၊ ပုဏ္ဏ သင်သည် ဤသည်းခံမှု အအေးဓာတ်နှင့် ပြည့်စုံသည် ရှိသော် သုနာပရန္တ ဇနပုဒ်၌ နေခြင်းငှါ စွမ်းနိုင်လတ္တံ့၊ ပုဏ္ဏ သင်သည် ယခု သွားရန် အချိန်ကို သိ၏၊ သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏ဟု မိန့်တော်မူ၏။


ထိုအခါ အသျှင်ပုဏ္ဏသည် မြတ်စွာဘုရား၏ စကားတော်ကို အလွန်နှစ်သက် ဝမ်းမြောက်၍ နေရာမှထပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေ ပြုလျက် အိပ်ရာနေရာကို သိုမှီ သိမ်းဆည်းပြီးနောက် သပိတ် သင်္ကန်းကို ယူဆောင်၍ သုနာပရန္တဇနပုဒ်သို့ ဒေသစာရီ ကြွချီခဲ့၏၊ အစဉ်အတိုင်း ဒေသစာရီ လှည့်လည် သည် ရှိသော် သုနာပရန္တဇနပုဒ်သို့ ဆိုက်ရောက်၏၊ ထိုသုနာပရန္တဇနပုဒ်၌ အသျှင်ပုဏ္ဏသည် သီတင်းသုံး နေတော်မူ၏။

ထို့နောက် အသျှင်ပုဏ္ဏသည် ထိုဝါတွင်း၌ပင်လျှင် ဥပါသကာ ငါးရာတို့အား သရဏဂုံ တည်သူ၏ အဖြစ်ကို ပြောကြားစေ၏၊ ထိုဝါတွင်း၌ပင်လျှင် ဥပါသိကာမ ငါးရာတို့အား သရဏဂုံတည်သူ၏ အဖြစ်ကို ပြောကြား၏။ ထိုဝါတွင်း၌ပင်လျှင် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြု၏၊ ထိုဝါတွင်း၌ပင်လျှင် ပရိနိဗ္ဗာန်ပြု၏။

ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်၍။ပ။ တစ်ခုသော နေရာ၌ ထိုင်နေကြပြီးသော်- ''အသျှင်ဘုရား ပုဏ္ဏမည်သော အမျိုးသားကို မြတ်စွာဘုရားသည် အကျဉ်းဖြစ်သော အဆုံးအမဖြင့် ဆုံးမတော် မူအပ်၏၊ ထိုပုဏ္ဏသည် သေဆုံးပါပြီ။ ထိုပုဏ္ဏ၏ လားရာဂတိကား အဘယ်ပါနည်း၊ တမလွန်ဘဝကား အဘယ်ပါနည်း'' ဟု လျှောက်ကုန်၏။ ရဟန်းတို့ ပုဏ္ဏ အမျိုးသား သည် ပညာရှိ၏၊ အမှန်ကို ဆိုလေ့ရှိ၏၊ တရားတော်အား လျော်သော အကျင့်ကို လည်း ကျင့်လေ့ရှိ၏၊ တရားဟူသော အကြောင်းကြောင့်လည်း ငါဘုရားကို မပင်ပန်းစေခဲ့။

ရဟန်းတို့ ပုဏ္ဏ အမျိုးသားသည် ပရိနိဗ္ဗာန်ပြုလေပြီ ဟု မိန့်တော်မူ၏။ 88

၅ - ပုဏ္ဏသုတ်၊ ဆန္န၀ဂ်၊ သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော်။



အရှင်ပုဏ္ဏ အရှင်ပုဏ္ဏ အရှင်ပုဏ္ဏမထေရ်



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Wednesday, January 20, 2010

သန့်ရှင်းစင်ကြယ်သော...

သုဒ္ဓိကသုတ်- (သန့်ရှင်းစင်ကြယ်သော)


ရဟန်းတို့ အာနာပါနဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည် ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏။ ရဟန်းတို့ အာနာပါနဿတိကို အဘယ်သို့လျှင် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီးသနည်း၊ အာနိသင် ကြီးသနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ သတိကို (ကမ္မဋ္ဌာန်းသို့) ရှေးရှုဖြစ်စေလျက် ထိုင်နေ၏။ ထိုရဟန်းသည် သတိရှိလျက်သာလျှင် ထွက်သက်လေကို ထုတ်၏၊ သတိရှိလျက်သာလျှင် ဝင်သက်လေကို ရှူ၏။ပ။ စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက် ''ထွက်သက်လေကို ထုတ်အ့'ံ' ဟု အားထုတ်၍ ကျင့်၏၊ စွန့်လွှတ်မှုကို အဖန်တစ်လဲလဲ ရှုလျက် ''ဝင်သက်လေကို ရှူအံ့'' ဟု အားထုတ်၍ ကျင့်၏။

ရဟန်းတို့...
အာနာပါနဿတိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏ဟု မိန့်တော်မူ၏။ 979

၃ - သုဒ္ဓိကသုတ်၊ ဧကဓမ္မ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, January 19, 2010

အခြံအရံလေးမျိုး...

အသုရသုတ်


ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊

အဘယ် လေးမျိုး တို့နည်းဟူမူ-

၁... အသုရာဖြစ်၍ အသုရာအခြံအရံရှိသော ပုဂ္ဂိုလ်၊
၂... အသုရာဖြစ်၍ နတ်အခြံအရံရှိသော ပုဂ္ဂိုလ်၊
၃... နတ်ဖြစ်၍ အသုရာအခြံအရံရှိသော ပုဂ္ဂိုလ်၊
၎... နတ်ဖြစ်၍ နတ်အခြံအရံရှိသော ပုဂ္ဂိုလ်တို့တည်း။

၁...
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ အသုရာအခြံအရံရှိသနည်း၊

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ထိုသူ၏ ပရိသတ်သည်လည်း သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ အသုရာ အခြံအရံရှိ၏။

၂...
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ နတ်အခြံအရံရှိသနည်း၊

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလ မရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ထိုသူ၏ ပရိသတ်သည်ကား သီလရှိ၏၊ ကောင်းမြတ်သော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အသုရာဖြစ်၍ နတ်အခြံအရံရှိ၏။

၃...
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ အသုရာအခြံအရံရှိသနည်း၊

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းမြတ်သော သဘောရှိ၏။ ထိုသူ၏ ပရိသတ်သည်ကား သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ အသုရာ အခြံအရံရှိ၏။

၎...
ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ နတ်အခြံအရံရှိသနည်း၊

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းမြတ်သော သဘောရှိ၏။ ထို ပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း သီလ ရှိ၏၊ ကောင်းမြတ်သော သဘောရှိ၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် နတ်ဖြစ်၍ နတ်အခြံအရံ ရှိ၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးးတို့သည် ထင်ရှားရှိကုန်၏ဟု မိန့်တော်မူ၏။ 91

၁ - အသုရသုတ်၊ မသုရ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, January 11, 2010

မြင်းသုံးမျိုး လူသုံးမျိုး...

အဿခဠုင်္ကသုတ်

ရဟန်းတို့ မြင်းငယ်သုံးမျိုးတို့ကို လည်းကောင်း၊ ယောက်ျားငယ်သုံးမျိုးတို့ကို လည်းကောင်း၊ မြင်းတို့၌ လွန်ကဲသော မြင်းသုံးမျိုးတို့ကို လည်းကောင်း၊ ယောက်ျားတို့၌ လွန်ကဲသော ယောက်ျားသုံးမျိုး တို့ကို လည်းကောင်း၊ အာဇာနည်မြင်းကောင်း သုံးမျိုးတို့ကို လည်းကောင်း၊ အာဇာနည်ယောက်ျား ကောင်း သုံးမျိုးတို့ကို လည်းကောင်း ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။

ရဟန်းတို့ မြင်းငယ်သုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း၊

ရဟန်းတို့
ဤလောက၌ အချို့သော မြင်းငယ်သည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏၊ အဆင်းနှင့် မပြည့်စုံ၊ အလုံးအရပ်နှင့် မပြည့်စုံ။

ရဟန်းတို့
ဤလောက၌ အချို့သော မြင်းငယ်သည်ကား လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်ကား မပြည့်စုံ။

ရဟန်းတို့
ဤလောက၌ အချို့သော မြင်းငယ်သည်ကား လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ဤသည်တို့ ကား မြင်းငယ်သုံးမျိုးတို့တည်း။


ရဟန်းတို့ ယောက်ျားငယ်သုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း၊

ရဟန်းတို့
ဤလောက၌ အချို့သောယောက်ျားငယ်သည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏၊ အဆင်းနှင့် မပြည့်စုံ၊ အလုံးအရပ်နှင့် မပြည့်စုံ။

ရဟန်းတို့
ဤလောက၌ အချို့သော ယောက်ျားငယ်သည်ကား လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်ကား မပြည့်စုံ။

ရဟန်းတို့
ဤလောက၌ အချို့သော ယောက်ျားငယ်သည်ကား လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ဤသည်တို့ကား ယောက်ျားငယ်သုံးမျိုးတို့တည်း။


ရဟန်းတို့ အဘယ်သို့လျှင် ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့် ပြည့်စုံ၍ အဆင်းနှင့် မပြည့်စုံ
အလုံးအရပ်နှင့် မပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဒုက္ခသစ္စာတည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏၊ ''ဤကား ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာတည်း''ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏၊ ''ဤကား ဒုက္ခ၏ ချုပ်ရာ နိရောဓသစ္စာတည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏၊ ''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ)တည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ ဤသို့ သိမြင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်းဟု ငါ ဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌ လည်းကောင်း ပြဿနာကို မေးအပ်သော် တွန့်ဆုတ်၏၊ မဖြေဆိုနိုင်၊ ဤသို့ မဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်းမရှိ ဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို မရ၊ ဤ ပစ္စည်းလေးပါး မရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ်မရှိ ဟု ငါဆို၏။

ရဟန်းတို့ ဤသို့လျှင် ယောက်ျားငယ်သည် လျင်မြန်ခြင်းနှင့် ပြည့်စုံ၏၊ အဆင်းနှင့် မပြည့်စုံ၊ အလုံးအရပ်နှင့် မပြည့်စုံ။



ရဟန်းတို့ အဘယ်သို့လျှင် ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ၍
အလုံးအရပ်နှင့်ကား မပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဒုက္ခသစ္စာတည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ပ။ ''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ)တည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ ဤသို့ သိခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်း ဟု ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသို့ ဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်း ဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကိုကား မရ၊ ဤသို့ မရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ်မရှိဟု ငါဆို၏။

ရဟန်းတို့ ဤသို့လျှင် ယောက်ျားငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်ကား မပြည့်စုံ။


ရဟန်းတို့ အဘယ်သို့လျှင် ယောက်ျားငယ်သည်
လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ
အလုံးအရပ်နှင့်လည်း ပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းသည် ''ဤကားဒုက္ခသစ္စာတည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ပ။ ''ဤကား ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ)တည်း'' ဟု ဟုတ်တိုင်းမှန်စွာ အပြားအားဖြင့် သိ၏။ ဤသို့ သိခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်း ဟု ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌ လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသို့ ဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်း ဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရ၏၊ ဤသို့ရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ် ဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် ယောက်ျားငယ်သည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ဤသည်တို့ကား ယောက်ျားငယ်သုံးမျိုးတို့တည်း။


ရဟန်းတို့ မြင်းတို့၌ လွန်ကဲသော မြင်းသုံးမျိုး ဟူသည် အဘယ်တို့နည်း။

ရဟန်းတို့
ဤလောက၌ မြင်းတို့၌ လွန်ကဲသော မြင်းအချို့သည်။ပ။ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ ဤသည်တို့ကား မြင်းတို့၌ လွန်ကဲသော မြင်းသုံးမျိုးတို့တည်း။


ရဟန်းတို့ ယောက်ျားတို့၌ လွန်ကဲသော
ယောက်ျားသုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း။

ရဟန်းတို့
ဤလောက၌ ယောက်ျားတို့၌ လွန်ကဲသော ယောက်ျားအချို့သည်။ပ။ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ယောက်ျားတို့၌ လွန်ကဲသော ယောက်ျားသည်။ပ။ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ အချို့သော ရဟန်းသည် အောက်ပိုင်း သံယောဇဉ်ငါးမျိုး 'အနှောင်အဖွဲ့'တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပါတ် ပဋိသန္ဓေနေ၍ ထိုဘုံ၌သာလျှင် ပရိနိဗ္ဗာန်ပြု၏၊ ထိုဗြဟ္မာ့ဘုံမှ ပြန်လည်ခြင်း သဘောမရှိ၊ ဤသို့ သံယောဇဉ် 'နှောင်ကြိုး' တို့၏ ကုန်ခန်းခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်း ဟု ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ်သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌ လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသို့ ဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်း ဟူသော) အဆင်းဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက် အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရ၏၊ ဤသို့ ရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ် ဟု ငါဆို၏။

ရဟန်းတို့ ဤသို့လျှင် ယောက်ျားတို့၌ လွန်ကဲသော ယောက်ျားသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။
ရဟန်းတို့ ဤသည်တို့ကား ယောက်ျားတို့၌
လွန်ကဲသော ယောက်ျား သုံးမျိုးတို့တည်း။


ရဟန်းတို့ အာဇာနည်မြင်းကောင်းသုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း။

ရဟန်းတို့
ဤလောက၌ အချို့သော အာဇာနည်မြင်းကောင်းသည်။ပ။ လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ ဤသည်တို့ကား အာဇာနည်မြင်းကောင်း သုံးမျိုးတို့တည်း။

ရဟန်းတို့ အာဇာနည်ယောက်ျားကောင်း သုံးမျိုးတို့ ဟူသည် အဘယ်တို့နည်း။

ရဟန်းတို့
ဤလောက၌ အချို့သော အာဇာနည်ယောက်ျားကောင်းသည်။ပ။ လျင်မြန်ခြင်း နှင့် လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် အာဇာနည်ယောက်ျားကောင်းသည်။ပ။ လျင်မြန်ခြင်း နှင့်လည်း ပြည့်စုံ အဆင်းနှင့်လည်း ပြည့်စုံ အလုံးအရပ်နှင့်လည်း ပြည့်စုံသနည်း။

ရဟန်းတို့
ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ
တရား မရှိသော (ကိလေသာမှ) လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် (အရဟတ္တဖိုလ်) ပညာကို မျက်မှောက် ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ပြည့်စုံစေလျက် နေ၏၊ ဤသို့ ပြည့်စုံခြင်းကို ထိုပုဂ္ဂိုလ်၏ (ဉာဏ်တည်းဟူသော) လျင်မြန်ခြင်း ဟု ငါဆို၏။ အချင်းချင်း ပိုင်းခြားအပ် သော ဓမ္မ၌ လည်းကောင်း၊ အချင်းချင်း ပိုင်းခြားအပ်သော ဝိနယ၌ လည်းကောင်း ပြဿနာကို မေးအပ်သော် ဖြေဆိုနိုင်၏၊ မတွန့်ဆုတ်၊ ဤသို့ ဖြေဆိုနိုင်ခြင်းကို ထိုပုဂ္ဂိုလ်၏ (ဂုဏ်တည်းဟူသော) အဆင်း ဟု ငါဆို၏။ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်တို့ကို ရ၏၊ ဤသို့ ရခြင်းကို ထိုပုဂ္ဂိုလ်၏ အလုံးအရပ် ဟု ငါဆို၏။ ရဟန်းတို့ ဤသို့လျှင် အာဇာနည်ယောက်ျား ကောင်းသည် လျင်မြန်ခြင်းနှင့်လည်း ပြည့်စုံ၏၊ အဆင်းနှင့်လည်း ပြည့်စုံ၏၊ အလုံးအရပ်နှင့်လည်း ပြည့်စုံ၏။ ရဟန်းတို့ ဤသည်တို့ကား အာဇာနည် ယောက်ျားကောင်း သုံးမျိုးတို့တည်း ဟု မိန့်တော်မူ၏။ 22

၂ - အဿခဠုင်္ကသုတ်၊ သတ္တ၀ါသ၀ဂ်၊ အဂုင်္တ္တိုရ်ပါဠိတော်။






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မြတ်စွာဘုရားတို့၏ အဆုံးအမတော်...

ပိဏ္ဍောလသုတ်


အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာ အလိုနည်းသူ ရောင့်ရဲ လွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန် သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြော တတ်သူ လွန်ကဲသော အရဟတ္တဖိုလ်သမာဓိ စိတ်ကို မပြတ် အားထုတ်သူ အသျှင်ပိဏ္ဍောလဘာရဒွါဇသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် အရညကင်ဓုတင် ပိဏ္ဍပါတ်ဓုတင် ပံသုကူဓုတင် တိစီဝရိတ်ဓုတင်ဆောင်ကာ အလိုနည်းသူ ရောင့်ရဲလွယ်သူ ဆိတ်ငြိမ်ရာသို့ ကပ်သူ မရောနှောသူ ထက်သန်သော ဝီရိယရှိသူ ဓုတင်တရားကို ဟောပြောတတ်သူ လွန်ကဲသော အရဟတ္တဖိုလ် သမာဓိစိတ်ကို မပြတ် အားထုတ်သူ အသျှင် ပိဏ္ဍောလဘာရဒွါဇကို မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထားလျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသည်ကို မြင်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍...
ထိုသိသောအချိန်၌-





''တစ်စုံတစ်ယောက်ကိုမျှ နှုတ်ဖြင့် မစွပ်စွဲခြင်း လည်းကောင်း၊ ကိုယ်ဖြင့် မညှဉ်းဆဲခြင်း လည်းကောင်း၊ ပါတိမောက္ခသီလ၌ စောင့်စည်းခြင်း လည်းကောင်း၊ ဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်း လည်းကောင်း၊ ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာ၌ နေခြင်း လည်းကောင်း၊ လွန်ကဲသော စိတ်၌ အားထုတ်ခြင်း လည်းကောင်း ဤကား မြတ်စွာဘုရားတို့၏ အဆုံးအမတော်တည်း'' ဟု ဤဥဒါန်းကို
ကျူးရင့်တော်မူ၏။

၆ - ပိဏ္ဍောလသုတ်၊ မေဃိယ၀ဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, January 8, 2010

ဆရာသုံးယောက်...

ဆရာသုံးယောက်...

၁...
ဤလောက၌ အချို့သော ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကို ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်။

၂...
ဤလောက၌ အချို့သော ဆရာသည်ကား ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုကား မပညတ်။

၃...
ဤလောက၌ အချို့သော ဆရာသည်ကား ကာမဂုဏ် တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏။

၁...
ထိုဆရာသုံးယောက်တို့တွင် အကြင်ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်၊ ထို့ကြောင့် ထိုဆရာကို ရူပါဝစရသမာပတ်ကိုသာ ရသော ဆရာဟူ၍ မှတ်အပ်၏။

၂...
ထိုဆရာ သုံးယောက်တို့တွင် အကြင်ဆရာသည် ကာမဂုဏ် တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုကား မပညတ်၊ ထို့ကြောင့် ထိုဆရာကို အရူပသမာပတ်ကိုသာ ရသော ဆရာဟူ၍ မှတ်အပ်၏။

၃...
ထိုဆရာသုံးယောက်တို့တွင် အကြင်ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ထို့ကြောင့် ထိုဆရာကို အလုံးစုံသော တရားတို့ကို အမှန် ကိုယ်တိုင် သိစွမ်းတော်မူနိုင်သောဆရာဟူ၍ မှတ်အပ်၏၊
သုံးယောက်သော ဆရာတို့သည်ကား ဤသည်တို့ပေတည်း။ 130

၃ - တိကပုဂ္ဂလပညတ် - မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ကျောက် မြေ ရေပေါ်၌ ရေးသားသော အက္ခရာနှင့်တူသောသူများ...


ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော
'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး ကိန်း၏၊ ကျောက်၌ ရေးထားသော အက္ခရာသည် လေကြောင့် လည်းကောင်း၊ ရေကြောင့် လည်းကောင်း လျင်စွာ မပျက်စီးဘဲ ကြာမြင့်စွာ တည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား
ရှည်မြင့်စွာသော နေ့ညဥ့်ပတ်လုံး ကိန်း၏၊ ဤပုဂ္ဂိုလ်ကို ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော 'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 113

မြေ၌ ရေးထားသော အက္ခရာနှင့်တူသော
'ပထဝိလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး မကိန်း၊ မြေကြီး၌ ရေးထားသော အက္ခရာသည် လေကြောင့် လည်းကောင်း၊ ရေကြောင့် လည်းကောင်း လျင်စွာ ကျေပျက်၍ ကြာမြင့်စွာ မတည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ကြာမြင့်စွာသော နေ့ညဥ့်ပတ်လုံး မကိန်း၊ ဤပုဂ္ဂိုလ်ကို မြေ၌ ရေးထားသော အက္ခရာနှင့်တူသော 'ပထဝိ လေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 114

ရေ၌ ရေးသားသော အက္ခရာနှင့်တူသော
'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ ကြမ်းကြုတ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ မနှစ်လိုဖွယ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာ လျှင်တည်း၊ ရေပြင်၌ ရေးသားသော အက္ခရာသည် လျင်စွာ ပျက်စီး၍ မြဲမြံစွာ မတည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သော စကားဖြင့်ပြောဆိုသော် လည်းကောင်း၊ ကြမ်းကြုတ်သော စကားဖြင့် ပြောဆိုသော် လည်းကောင်း၊ မနှစ်လိုဖွယ်သော စကားဖြင့်ပြောဆိုသော် လည်းကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာလျှင်တည်း၊ ဤပုဂ္ဂိုလ်ကို ရေ၌ ရေးသားသော အက္ခရာနှင့် တူသော 'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 115

တိကပုဂ္ဂလပညတ် - မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။ အဘိဓမ္မာပိဋက။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

လှန်၍ ထားသော အိုးနှင့်တူသည့် ပုဂ္ဂိုလ်...

တိကပုဂ္ဂလပညတ် - မှ...


လှန်၍ ထားသော အိုးနှင့်တူသည့်
ကျယ်ပြန့်သော ပညာရှိသော 'ပုထုပည' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း...

ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရံသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၌ ကောင်းခြင်း ရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်း ပြည့်စုံသော၊ သဒ္ဒါနှင့်လည်း ပြည့်စုံသော၊ အလုံးစုံ ပြည့်စုံသော တရားကိုဟောကုန်၏၊ ပွတ်သစ်စခရုသင်းအတူ ဖြူစင်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏ အစကို လည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကို လည်းကောင်း နှလုံးသွင်း၏၊ ထိုနေရာမှ ထသွားသည်ရှိသော် ထိုတရားစကား၏ အစကို လည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကို လည်းကောင်း နှလုံးသွင်း၏။

ဥပမာသော်ကား...
လှန်၍ ထားသော အိုး၌ လောင်းထည့်အပ်သော ရေသည် တည်သကဲ့သို့ လည်း ကောင်း၊ မယိုသကဲ့သို့ လည်းကောင်း ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရံသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၌ ကောင်းခြင်းရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်း ပြည့်စုံသော၊ သဒ္ဒါနှင့်လည်း ပြည့်စုံသော၊ အလုံးစုံ ပြည့်စုံသော တရားကို ဟောကုန်၏၊ ပွတ်သစ်စ ခရုသင်းအတူ ဖြူစင်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏ အစကို လည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကို လည်းကောင်း နှလုံးသွင်း၏၊ ထိုနေရာမှ ထသွားသည်ရှိသော်လည်း ထိုတရားစကား၏ အစကို လည်းကောင်း၊ အလယ်ကို လည်းကောင်း၊ အဆုံးကို လည်းကောင်း နှလုံးသွင်း၏၊ ဤပုဂ္ဂိုလ်ကို လှန်၍ ထားသောအိုးနှင့် တူသည့် ကျယ်ပြန့်သော ပညာရှိသော 'ပုထုပည' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ 109

၃ - တိကပုဂ္ဂလပညတ် - မှ၊ ပုဂ္ဂလပညတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, January 4, 2010

သူယုတ်နဲ့ သူတော်ကောင်း...

သပ္ပုရိသသုတ်

ရဟန်းတို့ တရား လေးမျိုးတို့နှင့်ပြည့်စုံသော သူကို သူယုတ်ဟု သိအပ်၏။

အဘယ်လေးမျိုးတို့နည်း ဟူမူ-

၁...

ရဟန်းတို့ ဤလောက၌ သူယုတ်သည် သူတစ်ပါး၏ ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးသည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် သူတစ်ပါး ကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် သူတစ်ပါး၏ ကျေးဇူးကို မေးသော်လည်း ထင်စွာမပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ သူတစ်ပါး ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် မိမိ၏ ကျေးဇူးမဲ့ကို မေးသော်လည်း ထင်စွာ မပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ မိမိကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား သူယုတ်သည် မိမိ၏ ကျေးဇူးကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် မိမိကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူယုတ်တည်း'' ဟု သိရမည့် အကြောင်းတည်း၊

ရဟန်းတို့ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသူကို သူယုတ် ဟု သိအပ်၏။


ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို သူတော်ကောင်းဟု သိအပ်၏။

အဘယ် လေးမျိုးတို့နည်း ဟူမူ-

၁...
ရဟန်းတို့ ဤလောက၌ သူတော်ကောင်းသည် သူတစ်ပါး၏ ကျေးဇူးမဲ့ကို မေးသော်လည်း ထင်စွာ မပြု။ မမေးသော်ကား အဘယ်ဆိုဖွယ်ရာရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှု ဆောင်၍ သူတစ်ပါးတို့ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ သူတစ်ပါး၏ ကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း'' ဟု သိရမည့် အကြောင်းတည်း။

၂...
ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် သူတစ်ပါး၏ ကျေးဇူးကို မမေးသော်လည်း ထင်စွာ ပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည် ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် သူတစ်ပါး၏ကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း''ဟု သိရမည့် အကြောင်းတည်း။

၃...
ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် မိမိ၏ ကျေးဇူးမဲ့ကို မမေးသော်လည်း ထင်စွာပြု၏၊ မေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ သူတစ်ပါးတို့ မေးအပ်သည်ရှိသော် မယုတ်လျော့စေမူ၍ မဆိုင်းမတွ ပြည့်ပြည့်စုံစုံ အကျယ်တဝင့် မိမိကျေးဇူးမဲ့ကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း'' ဟု သိရမည့် အကြောင်းတည်း။

၎...
ရဟန်းတို့ နောက်တစ်မျိုးကား သူတော်ကောင်းသည် မိမိ၏ ကျေးဇူးကို မေးသော်လည်း ထင်စွာမပြု၊ မမေးသော်ကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊ ပြဿနာအလို့ငှါ ရှေးရှုဆောင်၍ မေးအပ်သည်ရှိသော် ယုတ်လျော့စေ၍ ဆိုင်းဆိုင်းတွတွ မပြည့်မစုံ အကျယ်မဖွင့်ဘဲ မိမိကျေးဇူးကို ပြောဆိုတတ်၏။ ရဟန်းတို့ ထို အကြောင်းသည် ''ဤအသျှင်ကား သူတော်ကောင်းတည်း'' ဟု သိရမည့် အကြောင်းတည်း။

ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို သူတော်ကောင်းဟု သိအပ်၏။

ရဟန်းတို့ ချွေးမကို အကြင် ညဥ့်၌သော်လည်းကောင်း၊ နေ့၌သော်လည်းကောင်း ခေါ်ဆောင်လာခဲ့၏၊ ထို ခေါ်ဆောင်လာသော ညဥ့်နေ့၌သာလျှင် ထို ချွေးမအား ယောက္ခမမိန်းမသူ၌ လည်းကောင်း၊ ယောက္ခမ ယောက်ျားသူ၌လည်းကောင်း၊ လင်၌လည်းကောင်း၊ အယုတ်သဖြင့် ကျွန်အမှုလုပ် ယောက်ျားတို့၌ လည်းကောင်း လွန်ကဲသော အရှက်အကြောက်သည် ရှေးရှုတည်၏၊ ထို ချွေးမသည် နောင်အခါ၌ ပေါင်းသင်းခြင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ယောက္ခမမိန်းမသူကိုလည်းကောင်း၊ ယောက္ခမ ယောက်ျားသူကို လည်းကောင်း၊ လင်ကိုလည်းကောင်း ''ဖဲကြကုန်လော့၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း'' ဟု ဆိုသကဲ့သို့၊

ဤအတူ သာလျှင်...

ဤသာသနာတော်၌ အချို့သောရဟန်းသည် အကြင် ညဥ့်၌သော် လည်းကောင်း၊ အကြင် နေ့၌သော်လည်းကောင်း၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်းပြု၏၊ ထို ဝင်ရောက်ရဟန်းပြုသော ညဥ့်နေ့၌သာလျှင် ထိုရဟန်းသစ်အား ရဟန်းတို့၌ လည်းကောင်း၊ ရဟန်းမိန်းမတို့၌လည်းကောင်း၊ ဥပါသကာ ယောက်ျားတို့၌ လည်းကောင်း၊ ဥပါသိကာ မိန်းမတို့၌ လည်းကောင်း၊ အယုတ်သဖြင့် အရံစောင့် သာမဏေတို့၌ လည်းကောင်း လွန်ကဲသော အရှက် အကြောက်သည် ရှေးရှုတည်၏၊ ထိုရဟန်းသစ်သည် နောင်အခါ၌ ပေါင်းသင်းခြင်း အကျွမ်းဝင်ခြင်းကို စွဲ၍ ဆရာကို လည်းကောင်း၊ ဥပဇ္ဈာယ်ကိုလည်းကောင်း၊ ''ဖဲကြကုန်လော့၊ အဘယ်ကို သင်တို့ သိကြကုန်အံ့နည်း'' ဟု ဆို၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာ တော်၌ ''ရောက်လာခါစ ချွေးမနှင့် တူသော စိတ်ဖြင့် နေအံ့'' ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်ဟု မိန့်တော်မူ၏။ 73

၃ - သပ္ပုရိသသုတ်၊ မှ၊ အပဏ္ဏကဝဂ်၊ စတုက္ကနိပါတ်၊ အဂုင်္တ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။