နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။

သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။

Friday, April 30, 2010

ကြီးသူကိုမရိုသေ တိုးဝှေ့၍ နေရာယူမှု...


အနုပခဇ္ဇ သိက္ခာပုဒ် - (တိုးဝှေ့၍)


ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြတ်သောအိပ်ရာ နေရာတို့ကို နှောင့်ယှက်ကုန်၏၊ မထေရ်ကြီးရဟန်းတို့သည် ထိုဆဗ္ဗဂ္ဂီရဟန်းတို့ကို ထစေကုန်၏၊ ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့အား ''ငါတို့သည် အဘယ်သို့သော အကြောင်းဥပါယ်ဖြင့် ဤကျောင်း၌သာလျှင် ဝါတွင်း သုံးလ ပတ်လုံးနေရပါကုန်အံ့နည်း'' ဟု အကြံဖြစ်၏။

ထို့နောက် ဆဗ္ဗဂ္ဂီ ရဟန်းတို့သည်

''ကျဉ်းမြောင်း ကျပ်တည်းသော ရဟန်းသည် ဖဲသွားလတ္တံ့'' ဟု ကြံ၍
မထေရ်ကြီး ရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မထေရ်ကြီး ရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။


မြတ်ဗုဒ္ဓသာသနာ၏ ချစ်စရာကောင်းသော အတုယူဖွယ်ကောင်းသော ဓလေ့တစ်ခုသည်ကား မိမိထက် သိက္ခာ- ရဟန်းဝါ- ရဟန်းဖြစ်ရက် ကြီးသောသူကို ရိုသေလေးစားရပေသည်... တစ်ရက် တစ်မနက် တစ်မိနစ်သာ ကြီးပါစေ ရိုသေရမည် လေးစားရမည်... ဆွမ်း သင်္ကန်း ကျောင်း ဆေး စသည်ကို နေရာဦး ပေးရပေမည်... သို့အတွက် ရဟန်းတော်များ မိမိတို့ ရဟန်းဖြစ်သော နေ့ရက် အချိန်တို့ကို မှတ်သားထားကြရပေသည်... ကောင်းလှပါပေ၏... တစ်ချို့ လူမျိုးများတွင်လည်း ဤကဲ့သို့ လူကြီးကို လေးစားသောဓလေ့ကို တွေ့ရှိရပေသေးသည်... ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား ငယ်သူကို ငဲ့ညှာသော ဓလေ့များ တိုးပွားပါစေ...


''ရဟန်းတို့ သင်တို့သည် မထေရ်ကြီး ရဟန်းတို့ကို တိုးဝှေ့၍ အိပ်ကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မထေရ်ကြီးရဟန်း တို့ကို တိုးဝှေ့၍ အိပ်ကုန်ဘိသနည်း၊ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ သင်တို့ ပြုမိသော အမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါ လည်းကောင်း။ပ။
ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 119

''အကြင်ရဟန်းသည် သံဃိကကျောင်း၌ ရှေးဦးနေလင့်သော ရဟန်းကို သိလျက် တိုးဝှေ့၍ 'အကြင်ရဟန်းအား ကျဉ်းမြောင်း ကျပ်တည်းလတ္တံ့၊ ထိုရဟန်းသည် ဖဲသွား လတ္တံ့'ဟု အကြောင်းတစ်ပါး မရှိဘဲ ဖဲသွားစေလိုခြင်းကိုသာ အကြောင်းပြု၍ အိပ်ခြင်းကို ပြုငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ 65 - 16-120

၆ - အနုပခဇ္ဇသိက္ခာပုဒ် အဖွင့်

အကြင် ဟူသည် အကြင်သို့ သဘော ရှိသော။ပ။

ရဟန်း ဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း'' ဟူ၍ အလိုရှိအပ်၏။

သံဃိကကျောင်း မည်သည် သံဃာအား ပေးလှူအပ် စွန့်လှူအပ်သော ကျောင်းတည်း။
သိ၏ မည်သည် သီတင်းကြီး 'သိက္ခာဝါကြီးသူ'ဟူ၍ သိ၏၊
သူနာဟူ၍ သိ၏၊ သံဃာသည် ပေးအပ်သူ ဟူ၍ သိ၏။
တိုးဝှေ့၍ ဟူသည် အနီးသို့ တိုးဝင်၍။
အိပ်ခြင်းကို ပြုငြားအံ့ ဟူသည် ညောင်စောင်း၏ သော်လည်းကောင်း၊
အင်းပျဉ်၏သော် လည်းကောင်း၊
ဝင်သော ရဟန်း၏ သော်လည်းကောင်း၊
ထွက်သော ရဟန်း၏ သော်လည်း ကောင်း၊
အနီးဥပစာ၌ အိပ်ရာ နေရာကို ခင်းသော် လည်းကောင်း၊
ခင်းစေသော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။
ထိုင်မူလည်း ထိုင်ငြားအံ့၊ အိပ်မူလည်း အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။
အကြောင်းတစ်ပါးမရှိဘဲ ဖဲသွား စေလိုခြင်း ကိုသာ အကြောင်းပြု၍ ဟူသည် တိုးဝှေ့၍ အိပ်ခြင်းငှါ တစ်ပါးသော အကြောင်းတစ်စုံတစ်ရာမရှိ။ 121

သံဃိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိလျက် တိုးဝှေ့၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ်သင့်၏။ သံဃိကကျောင်း၌ ယုံမှားရှိ၍ တိုးဝှေ့၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ သံဃိကကျောင်း၌ ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိလျက် တိုးဝှေ့၍ အိပ်ငြားအံ့၊ ပါစိတ်အာပတ် သင့်၏။ ညောင်စောင်း၏ သော်လည်းကောင်း၊ အင်းပျဉ်၏ သော်လည်းကောင်း၊ ဝင်သော ရဟန်း၏ သော်လည်း ကောင်း၊ ထွက်သော ရဟန်း၏ သော်လည်းကောင်း၊ အနီးဥပစာကို 'ပတ်ဝန်းကျင် တစ်တောင့်ထွာကို' ထား၍ အိပ်ရာနေရာကို ခင်းသော်လည်းကောင်း၊ ခင်းစေသော်လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ ထိုင်သော် လည်းကောင်း၊ အိပ်သော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ ကျောင်း၏ ဥပစာ၌ သော်လည်းကောင်း၊ စည်းဝေးရာဇရပ်၌ သော်လည်းကောင်း၊ မဏ္ဍပ်၌ သော်လည်းကောင်း၊ သစ်ပင်ရင်း၌ သော်လည်းကောင်း၊ လွင်တီးခေါင်၌ သော်လည်းကောင်း၊ အိပ်ရာနေရာကို ခင်းသော် လည်းကောင်း၊ ခင်းစေသော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ ထိုင်သော် လည်းကောင်း၊ အိပ်သော် လည်းကောင်း ဒုက္ကဋ်အာပတ် သင့်၏။ ပုဂ္ဂလိကကျောင်း၌ သံဃိကကျောင်းဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ ပုဂ္ဂလိကကျောင်း၌ ယုံမှားရှိအံ့၊ ဒုက္ကဋ် အာပတ်သင့်၏။ ပုဂ္ဂလိကကျောင်းကို ပုဂ္ဂလိကကျောင်းဟု အမှတ်ရှိရာ၌ သူတစ်ပါး၏ ပုဂ္ဂလိကကျောင်းဖြစ်မူ ဒုက္ကဋ်အာပတ် သင့်၏။ မိမိ၏ ပုဂ္ဂလိက ကျောင်းဖြစ်မူ အာပတ် မသင့်။ 122

နာဖျား၍ ဝင်နေအံ့၊ အချမ်းအပူနှိပ်စက်၍ ဝင်နေအံ့၊ အာပတ် မသင့်။ ဘေးရန်များကြောင့် ဝင်နေသော ရဟန်း၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 123


ဆဗ္ဗဂ္ဂိယ (ခြောက်ပါးသော ရဟန်းတစ်စု) တို့သည် ဘုရားရှင် လက်ထက်က အတော်ဆိုးသော ရဟန်းအုပ်စု ဖြစ်ပေသည်... ပြောမရဆိုမရ အုပ်စုမျိုး... သူတို့ကြောင့် ၀ိနည်းများပေါ်ပေါက်ရသည် များလှပေ၏... ယခုခေတ်တွင်ကော ဆဗ္ဗဂ္ဂီလို ရဟန်းမျိုး ရှိသေးလား မပြောတတ်ပါပေ... သာသနာအတွက် ဆူငြှောင့်များကိုတော့ တွေ့ရှိလာပါက မြတ်ဗုဒ္ဓ၏ သားသမီးများ မိမိတတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်း ကာကွယ် သင့်ပေသည်... အိပ်မောကျ မနေသင့်ပေ...


၆ - အနုပခဇ္ဇသိက္ခာပုဒ်၊ ၂-ဘူတဂါမ၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။
ဝိနည်း ၀ိနယ

သံယောဇဉ်တို့သည် ပုပ်ဆွေးကုန်၏...

နာဝါသုတ် - (လှေ)


ရဟန်းတို့ ခြောက်လတို့ပတ်လုံး ရေ၌ အပြန်ပြန် အခေါက်ခေါက် သွားလာ၍ ဆောင်းဥတု၌ ကုန်းပေါ်သို့ တင်ထားသော သမုဒ္ဒရာကူး ကြိမ်ချုပ်လှေ၌ လေနေပူတို့ဖြင့် နှိပ်စက်အပ်ကုန်သော ချုပ်ဖွဲ့ထားသော ကြိမ်တို့သည် ရွာသွန်းသော မိုးရေတို့ဖြင့် စွတ်စိုအပ်သည်ဖြစ်၍ အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေး ကုန်သကဲ့သို့ ရဟန်းတို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေးကုန်၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား အဘယ်သို့လျှင် သံယောဇဉ် တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေးကုန် သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု 'ရာဂ' ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သောအမြင် 'သမ္မာဒိဋ္ဌိ' ကို ပွားများ၏။ပ။ ဆိတ်ငြိမ်ခြင်းကို မှီသော စွဲမက်မှု 'ရာဂ' ကင်းခြင်းကို မှီသော ချုပ်ခြင်းကို မှီသော နိဗ္ဗာန်သို့ ညွတ်သော မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'ကို ပွားများ၏။

ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ပွားများသော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းအား သံယောဇဉ်တို့သည် အလွယ်တကူအားဖြင့်သာလျှင် ပြတ်တောက် ပုပ်ဆွေးကုန်၏ဟု မိန့်တော်မူ၏။ 158

၁ဝ - နာဝါသုတ်၊ ဗလကရဏီယ၀ဂ်၊ မဟာဝဂ္ဂသံယုတ်ပါဠိတော်။

Sunday, April 25, 2010

လှည့်ပတ်လိမ်လည်မှု...



လှည့်ပတ်လိမ်လည်မှု...

အညဝါဒကသိက္ခာပုဒ်

ဝိနည်းဒေသနာတော်များကို ဖေါက်ဖျက်လျှင်
သေးငယ်သည်ဟု မထင်ကြကုန်လင့်...
မြတ်ဗုဒ္ဓက မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ျားတဲ့...

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ သီတင်းသုံးနေတော်မူသော အခါ အသျှင်ဆန္နသည် မပြုကျင့်သင့်သော အရာကို ပြုကျင့်၍ သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သော အခါ ''အဘယ်သူသည် အာပတ်သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ် အကြောင်းကြောင့် အာပတ်သင့် သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့် သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန် သနည်း'' ဟု အကြောင်းတစ်ပါးဖြင့် အကြောင်း တစ်ပါးကို ဖုံးလွှမ်း ပြောဆို၏။

မိမိကို မေးမြန်းစိစစ်လာသည့်အခါ အကြောင်းအရာတစ်ခုကို တစ်ခုဖြင့် ဝေ့လည်ချောင်ပတ် ပြောဆိုတတ်ကြပေသည်... သူတော်ကောင်းများ မနှစ်သက်ကြပါပေ... မိမိကိုယ်တိုင်လည်း နှစ်သက်မည် မဟုတ်လျှင် သူတစ်ပါးကိုလည်း ဤသို့ မလုပ်သင့်ပေ...

အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဆန္နသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သော အခါ အဘယ်သူသည် အာပတ်သင့် သနည်း၊ အဘယ်သို့ အာပတ်သင့် သနည်း၊ အဘယ် အကြောင်းကြောင့် အာပတ်သင့် သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့် သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆိုကုန် သနည်း ဟူ၍ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို အဘယ့်ကြောင့် ဖုံးလွှမ်း ပြောဆိုဘိ သနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

သူတော်ကောင်းများသည် မဟုတ်မမှန်လုပ်လာလျှင် ခေတ်အဆက်ဆက် မျက်နှာလွဲ၍ မနေတတ်ကြပါပေ... အကြောင်းအကျိုးပြ၍ ကဲ့ရဲ့ အပြစ်ပြကြပေသည်... သာသနာ အရှည်တည်တံ့ရေးအတွက် အမှန်ပြောရဲသူ လိုအပ်လှပါပေသည်...

''ဆန္န သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ အဘယ်သူသည် အာပတ် သင့်သနည်း၊ အဘယ်သို့ အာပတ် သင့်သနည်း၊ အဘယ် အကြောင်းကြောင့် အာပတ် သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့် သနည်း၊ အဘယ်သူကို ပြောဆိုကုန် သနည်း၊ အဘယ်ကို ပြောဆို ကုန်သနည်း'' ဟု အကြောင်းတစ်ပါးဖြင့် အကြောင်း တစ်ပါးကို ဖုံးလွှမ်း ပြောဆို၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မြတ်ဗုဒ္ဓသည် သတ္တ၀ါအများ ကောင်းစားရေးအတွက် လောကကြီးကို အမြဲစောင့်ကြည့်နေပေသည်... အပြစ်ပြစရာရှိလျှင်ပြပေမည်... ဆုံးမစရာရှိလျှင် ဆုံးမပေလိမ့်မည်... ကြောင့်ကြမဲ့နေတော်မမူ...

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

မြတ်ဗုဒ္ဓ၏ဘုန်းတော်ကြောင့် သုံးကြိမ်ထိ အမှန်ကို မဖြေကြားပဲ မနေ၀ံ့ကြချေ... အမှန်ကို ၀န်ခံကြရပေသည်... ဘာပဲ ဖြစ်ဖြစ် အမှန်ဝန်ခံခြင်းသည် ချစ်စရာ ကောင်းသော ဓလေ့တစ်ခု ဖြစ်ပေသည်... 

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျား သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ် သောအခါ ''အဘယ်သူသည် အာပတ် သင့်သနည်း၊ အဘယ်သို့ အာပတ်သင့်သနည်း၊ အဘယ် အကြောင်းကြောင့် အာပတ် သင့်သနည်း၊ အဘယ်သို့သော အခြင်းအရာဖြင့် အာပတ်သင့် သနည်း၊ အဘယ်သူကို ပြောဆိုကုန်သနည်း၊ အဘယ်ကို ပြောဆို ကုန်သနည်း'' ဟု အကြောင်း တစ်ပါးဖြင့် အကြောင်းတစ်ပါးကို အဘယ့်ကြောင့် ဖုံးလွှမ်းပြောဆိုဘိ သနည်း။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျား ဤ သင်ပြုမိသောအမှု သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ဟု ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။


မြတ်ဗုဒ္ဓ၏ မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ျားဆိုသည့် အသံသည် ပြင်းထန်လှပေသည်... ဘာကြောင့်ဤသို့ သုံးသနည်း... ? အပြစ်လုပ်သူလည်း ကြောက်လန့်၍ ကောင်းသောတရားများ ကျင့်စေ... သာသနာလည်း အရှည်တည်စေ... နောက်ထပ်စည်းကမ်း ဖေါက်မည့်သူများလည်း နည်းပါးစေ... မကြည်ညိုသေးသူများလည်း ကြည်ညိုစေ... ကြည်ညိုပြီးသူများလည်း တိုး၍ ကြည်ညိုစေရန် ဖြစ်သည်ဟု ထင်မိပေသည်...


ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဆန္နရဟန်းအား အညဝါဒကကံ သို့ တင်လော့ 'မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုတတ်သူ အဖြစ်၌ တည်စေလော့'။ ရဟန်းတို့ ဤဆို လတ္တံ့သော အတိုင်း တင်အပ်၏။ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။ 94

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤ ဆန္နရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ အကြောင်းတစ်ပါးဖြင့် အကြောင်း တစ်ပါးကို ဖုံးလွှမ်းပြောဆို၏၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဆန္နရဟန်းအား အညဝါဒကကံသို့ တင်ရာ၏၊ ဤကား သိစေခြင်းတည်း။

အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္န ရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်း ပြောဆို၏။ သံဃာသည် ဆန္နရဟန်းအား အညဝါကကံသို့ တင်၏ 'မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုတတ်သူအဖြစ်၌ တည်စေ၏'။ ဆန္နရဟန်းအား အညဝါဒကကံသို့ တင်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏၊ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် ဆန္နရဟန်းအား အညဝါကကံသို့ တင်အပ်ပြီ၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရ ပါသည်'' ဟု သိစေရမည်။

သံဃာတော်များ၏ ဆိတ်ဆိတ်နေခြင်းသည် သဘောတူခြင်း ဖြစ်ပေ၏...

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဆန္နကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။


''မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ 95 က

ထိုအခါ အသျှင်ဆန္နသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ''အကြောင်း တစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်းပြောဆိုသော် အာပတ် သင့်၏'' ဟု နှလုံးသွင်း၍ ဆိတ်ဆိတ် နေလျက် သံဃာကို ညှဉ်းဆဲ၏။

အလိုနည်းသော ရဟန်းတို့သည် ''အသျှင်ဆန္နသည် သံဃာ၏ အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ဆိတ်ဆိတ် နေ၍ သံဃာကို အဘယ့်ကြောင့် ညှဉ်းဆဲဘိ သနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။ ''ဆန္န သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ဆိတ်ဆိတ် နေ၍ သံဃာကို ညှဉ်းဆဲ၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျား သင်သည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ ဆိတ်ဆိတ် နေ၍ သံဃာကို အဘယ့်ကြောင့် ညှဉ်းဆဲဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျား ဤ သင်ပြုမိသော အမှုသည် မကြည်ညိုသေးသောသူတို့အား ကြည်ညို စေခြင်းငှါ လည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောကြားတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။

ရဟန်းတို့ သို့ဖြစ်လျှင် သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံ သို့ တင်လော့ 'ညှဉ်းဆဲတတ်သောသူ အဖြစ်၌ တည်စေလော့' ရဟန်းတို့ ဤဆိုလတ္တံ့သော အတိုင်း တင်အပ်၏။ ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်။ 96

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤဆန္န ရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်း စိစစ်သောအခါ ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲ၏၊ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံသို့ တင်ရာ၏ 'ညှဉ်းဆဲတတ်သူ အဖြစ်၌ တည်စေရာ၏'၊ ဤကား သိစေခြင်းတည်း။

အရှင်ဆန္န၏ ဆိတ်ဆိတ်နေခြင်းသည် သံဃာအား ညှဉ်းဆဲခြင်း ဖြစ်ပေ၏...

''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ စကားကို နာတော်မူလော့၊ ဤ ဆန္နရဟန်းသည် သံဃာ့အလယ်၌ အာပတ်ဖြင့် မေးမြန်းစိစစ်သောအခါ ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲ၏၊ သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံသို့ တင်၏။ ဆန္နရဟန်းအား ဝိဟေသက ကံသို့ တင်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ် နေရာ၏။ အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။

သံဃာသည် ဆန္နရဟန်းအား ဝိဟေသကကံသို့ တင်အပ်ပြီ 'ညှဉ်းဆဲတတ်သော သူအဖြစ်၌ တည်စေပြီ'၊ သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ် နေ၏၊ ဤသို့ ဆိတ်ဆိတ် နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု သိစေရမည်။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဆန္နကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 97

''မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုခြင်း ဆိတ်ဆိတ်နေခြင်းဖြင့် သံဃာကို ညှဉ်းဆဲခြင်းကြောင့် ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြ ကုန်လော့ဟု မိန့် တော်မူ၏။
၆၁။ ၁၂- (ခ) 98။

၁။ မေးသည်မှ တစ်ပါးသော စကားကို ပြောဆိုသောကြောင့် ပြုအပ်သောကံကို အညဝါဒကံဟု ခေါ်ဆိုသည်။

၂။ သံဃာအား စကားတုံ့ မပြန်ဘဲ ဆိတ်ဆိတ်နေ၍ ညှဉ်းဆဲသောကြောင့် ပြုအပ်သောကံကို ဝိဟေသကကံဟု ခေါ်ဆိုသည်။

၂ - အညဝါဒကသိက္ခာပုဒ်၊ ၂ - ဘူတဂါမဝဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ 
သာဓု... သာဓု... သာဓု...။

Friday, April 23, 2010

သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ... ဒါဆို...



ပါစိတ်ကတော့ ချာတိတ်မလုပ်လေနှင့် အပါယ်ပို့နိုင်သော သတ္တိကိန်း၏...


ဘူတာရောစနသိက္ခာပုဒ် - (ဘူတ=ထင်ရှားရှိသည်။ အာရောစန=ပြောကြားခြင်း)

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူသော အခါ မြင်ဖူးခါမျှ မိတ်ဆွေ အတူနေ အတူစား မိတ်ဆွေဖြစ်သော များစွာသော ရဟန်းတို့သည် ဝဂ္ဂုမုဒါ မြစ်ကမ်းနား၌ ဝါကပ် နေထိုင် ကြကုန်၏။ ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန်ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုး ရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။

ထိုအခါ ထိုရဟန်းတို့အား-
''ယခုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန်၁ ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံလက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ ငါတို့သည် အဘယ်နည်းဖြင့် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပါအံ့နည်း၊ ဆွမ်းဖြင့်လည်း မပင်ပန်းဘဲ ရှိပါကုန်အံ့နည်း'' ဟု အကြံဖြစ်၏။

အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့၏ အမှုကြီးငယ်ကို စီရင်ကြကုန်အံ့၊ ဤသို့ စီရင်လျှင် ထိုလူတို့သည် ငါတို့အား ပေးလှူကြဖို့ရာ အမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည်အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရပေလိမ့်မည်'' ဟု ပြောဆိုကြကုန်၏။

ရဟန်းဖြစ်လျက် လာဘ်လာဘအတွက် လူတို့၏ အမှုကြီးငယ်ကို ပြုလုပ်ပေးနေခြင်းသည် မသင့်လျော်ပေ... သို့သော်... မြတ်စွာဘုရားကဲ့ရဲ့သော ဤအမှုကို ရှေးကလည်း လုပ်ကြပေသည်... ယခုလည်း လုပ်နေကြသည်... နောင်ကိုလည်း လုပ်ကြပေဦးမည်...

အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အကျိုး မရှိကြပါ၊ ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့၏ တမန်မှုကို ဆောင်ကုန်အံ့၊ ဤသို့ဆောင်လျှင် လူတို့သည် ငါတို့အား ပေးလှူ ကြဖို့ရာ အမှတ်ရကြပေလိမ့်မည်၊ ဤသို့ လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရ ပေလိမ့်မည်'' ဟု ပြောဆိုကြ ကုန်၏။

လာဘ်လာဘအတွက် လူတို့၏ ခိုင်းစေသမျှကို ပြုလုပ်ကြခြင်းသည် မသင့်လျော်ပေ... ဥပမာ ဘုန်းဘုန်း မြန်မာပြည်ပြန်ရင် တပည့်တော်အမေအတွက် စာလေးတစ်စောင် ယူသွားပေးပါနော်... သည်ပစ္စည်းလေး သယ်သွားပေးပါနော်... သည်ဆေးထုပ်လေး ယူသွားပေးပါနော် မလုပ်ကြနဲ့... ဘုန်းကြီးများကို မခိုင်းသင့်ပေ... သို့သော်... မြတ်စွာဘုရားကဲ့ရဲ့သော ဤအမှုကို ရှေးကလည်း လုပ်ကြပေသည်... ယခုလည်း လုပ်နေကြသည်... နောင်ကိုလည်း လုပ်ကြပေဦးမည်...

အချို့သော ရဟန်းတို့က-
''ငါ့သျှင်တို့ မသင့်လျော်ပါ၊ လူတို့၏ အမှုကြီးငယ်ကို စီရင်ကြခြင်းဖြင့် အဘယ်အကျိုး ရှိပါမည်နည်း။ လူတို့၏ တမန်မှုကို ဆောင်ခြင်းဖြင့် အဘယ်အကျိုး ရှိကြပါမည်နည်း၊ ငါ့သျှင်တို့ ယခု ငါတို့သည် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကုန်အံ့၊

ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကိုရ၏၊
ဤအမည်ရှိသော ရဟန်းသည် ဒုတိယဈာန်ကိုရ၏၊
ဤအမည်ရှိသော ရဟန်းသည် တတိယဈာန်ကိုရ၏။
ဤအမည်ရှိသော ရဟန်းသည် စတုတ္ထဈာန်ကို ရ၏၊
ဤအမည်ရှိသော ရဟန်းသည် သောတာပန်တည်း၊
ဤအမည်ရှိသော ရဟန်းသည် သကဒါဂါမ်တည်း၊
ဤအမည်ရှိသော ရဟန်းသည် အနာဂါမ်တည်း၊
ဤအမည်ရှိသော ရဟန်းသည် ရဟန္တာတည်း၊
ဤအမည်ရှိသော ရဟန်းသည် ဝိဇ္ဇာသုံးပါးကို ရ၏၊
ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ် ခြောက်ပါးကို ရ၏ ဟု ပြောဆိုကုန်အံ့၊

ဤသို့ ပြောဆိုကြလျှင် ထိုလူတို့သည် ငါတို့အား ပေးလှူ သင့်သည်ဟု မှတ်ထင်ကြ ပေလိမ့်မည်။ ဤသို့လှူဒါန်းကြလျှင် ငါတို့သည် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြဘဲ ချမ်းသာစွာ ဝါကပ်ကြ ရပေလိမ့်မည်၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြရ ပေလိမ့်မည်'' ဟု ပြောဆိုကြ ကုန်၏။

ငါ့သျှင်တို့ လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရား၏ ဂုဏ်ကျေးဇူးကို ပြောခြင်းသည်သာလျှင် မြတ်၏ဟု သဘော တူညီကြလေ၏။ ထို့နောက် ထိုရဟန်းတို့သည် လူတို့အား အချင်းချင်း၏ လူတို့ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ် တရား၏ ဂုဏ်ကျေးဇူးကို ပြောဆိုကြကုန်၏။ ''ဤအမည်ရှိသော ရဟန်းသည် ပဌမဈာန်ကို ရ၏။ပ။ ဤအမည်ရှိသော ရဟန်းသည် အဘိညာဉ် ခြောက်ပါးကို ရ၏'' ဟု ပြောဆိုကြကုန်၏။

အတော် အကြံကြီးသော ဘုန်းတော်ကြီးများပါပေ... လာဘ်လာဘအတွက် မိမိမှာ ရှိသော အဖိုးတန်ရတနာကို ပဲကြီးလျော်နှင့် လဲစားကြပေတော့မည်... ရတနာဆိုသည်ကား လုံခြုံစွာဖြင့် ထုတ်ပိုးသိမ်းဆည်းထားရပေမည်... သို့သော်... မြတ်စွာဘုရားကဲ့ရဲ့သော ဤအမှုကို ရှေးကလည်း လုပ်ကြပေသည်... ယခုလည်း လုပ်နေကြသည်... နောင်ကိုလည်း လုပ်ကြပေဦးမည်... (((မိမိ တွေးမိသည်ကား လောကမှလွန်မြောက်သော လောကုတ္တရာတရား ရရှိထားသူ သူတော်ကောင်းများကတော့ သူတို့ကိုယ်တိုင် ပြောမည်မထင်... လက်အောက်ငယ်သား တပည့်များနှင့် လောကီဈာန် ရသူများလောက်ကသာ လာဘကိုငဲ့၍ ပြောဆိုကြသည် ထင်မိသည်)))

ထိုအခါ ထိုလူတို့သည် ''ငါတို့အား အရတော်ကြလေစွတကား၊ ငါတို့သည် ကောင်းစွာ ရကြပေစွတကား၊ အကြင်ငါတို့၏ အထံ၌ ဤကဲ့သို့သော ရဟန်းတော်များသည် ဝါကပ်တော်မူကြ ပေသည်တကား၊ အကျင့်သီလနှင့် ကောင်းသော တရားဓမ္မ ရှိကုန်သော ဤရဟန်းတို့ကဲ့သို့သော ရဟန်းတို့သည် ဤအခါမှ ရှေးက ငါတို့၏ အထံ၌ ဝါကပ်တော် မမူကြဖူးပေ တကား'' ဟု အကြင် ဘောဇဉ် ခဲဖွယ် လျက်ဖွယ် သောက်ဖွယ်မျိုးတို့ကို မိမိတို့ မသုံးဆောင်ကြ မခဲကြ မလျက်ကြ မသောက်ကြကုန်၊ မိဘ သားမယား ကျွန်အမှုလုပ် မိတ်ဆွေခင်ပွန်း ဆွေမျိုး သားချင်းတို့အား မပေးကြကုန်၊ ထိုဘောဇဉ် ခဲဖွယ်လျက်ဖွယ်သောက်ဖွယ်တို့ကို ရဟန်းတို့အားသာ ပေးလှူကြကုန်၏။

ဒါယကာ ဒါယိကာမများသည်ကား သီလ သမာဓိ ပညာ ပြည့်စုံတော်မူသော ရဟန်းတော်များကို ရှေးကလည်း ရှာဖွေ လှူဒါန်းကြသည်... ယခုလည်း ရှာဖွေ လှူဒါန်းကြပေသည်... နောင်ကိုလည်း ရှာဖွေ လှူဒါန်းကြပေဦးမည်သာ... ပညာဉာဏ်ဦးစီး၍ သံဃာကို ရည်မှန်း လှူဒါန်းနိုင်ကြပါစေ... အရိယာအစစ်ကို ရှာဖွေ တွေ့ရှိကြပါစေ...

ထိုအခါ ထိုရဟန်းတို့အား အဆင်းလှခြင်း ဣနြေ္ဒပြည့်ဖြိုးခြင်း မျက်နှာအဆင်း ကြည်လင် ခြင်း ကိုယ်ရေအဆင်း အထူးကြည်လင်ခြင်း ရှိကြကုန်၏။ 67

ဝါမှထကုန်သော ရဟန်းတို့၏ မြတ်စွာဘုရားကို ဖူးမျှော်ကန်တော့ရန် ချဉ်းကပ်ကြခြင်းသည် အလေ့အထပင် ဖြစ်၏။ ထိုအခါ သုံးလလွန်မြောက်၍ ဝါမှထကုန်သော ထိုရဟန်းတို့သည် ကျောင်းအိပ်ရာနေရာကို သိုမှီးပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ ဝေသာလီပြည်သို့ ချဉ်းကပ်ကုန်၏။ အစဉ်သဖြင့် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်းကြီး၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ နေကြကုန်၏။

ထိုအခါ အရပ်လေးမျက်နှာတို့၌ ဝါမှထကုန်သော ရဟန်းတို့သည် ပိန်ကြုံကြကုန်၏၊ အသွေးအသား ခေါင်းပါးကြ ကုန်၏။ မလှသော ရုပ်အဆင်း ရှိကြကုန်၏။ ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိကြကုန်၏၊ ကွန်ရွက်ဖြန့်ခင်းသကဲ့သို့ အကြောပြိုင်းပြိုင်းထသောကိုယ် ရှိကြကုန်၏၊

ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ သည်ကား လှပသော အဆင်း ရှိကြကုန်၏၊ ပြည့်ဖြိုးသော ဣနြေ္ဒရှိကြကုန်၏၊ ကြည်လင်သော မျက်နှာအဆင်း ရှိကြကုန်၏၊ အထူး ကြည်လင် သော ကိုယ်ရေအဆင်းရှိကြကုန်၏။

အာဂန္တုရဟန်းတို့နှင့် အတူတကွ ဝမ်းမြောက်စွာ နှုတ်ဆက်စကား ပြောကြားတော်မူခြင်း သည် ဘုန်းတော်ကြီးသော မြတ်စွာဘုရားတို့၏ အလေ့အထပင် ဖြစ်၏။

ထိုအခါ မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့အား-
''ရဟန်းတို့ ကျန်းမာကြကုန်၏လော၊ မျှတကြကုန်၏လော၊ အညီအညွတ် ဝမ်းမြောက် ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ်ခဲ့ကြရကုန်၏လော၊ ဆွမ်းအတွက်လည်း မပင်မပန်းဘဲ ရှိကြကုန်၏လော'' ဟု မေးတော်မူရာ...

ကျန်းမာကြပါသည် မြတ်စွာဘုရား၊
မျှတကြပါသည် မြတ်စွာဘုရား၊
တပည့်တော်တို့သည် အညီအညွတ်ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ
ချမ်းသာစွာ ဝါကပ်ခဲ့ကြရပါသည် မြတ်စွာဘုရား၊
ဆွမ်းအတွက်လည်း မပင်မပန်းဘဲ ရှိကြပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုရားသျှင်တို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော် မမူကုန်။ အချိန်အခါကို သိ၍ မေးတော်မူကုန်၏၊ အချိန်အခါကို သိ၍ မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့် စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့် မစပ်သည်ကို မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့်မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏။ ''တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်သာဝကတို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့'' ဟူသော အကြောင်း နှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။

ထို့နောက် မြတ်စွာဘုရားသည် ဝဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းတို့ကို ''ရဟန်းတို့ သင်တို့သည် အဘယ်သို့လျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းမခုံဘဲ ချမ်းသာစွာ ဝါကပ် ခဲ့ကြ ကုန်သနည်း၊ ဆွမ်းအတွက်လည်း မပင်ပန်းဘဲ ရှိကြကုန် သနည်း'' ဟု မေးတော်မူ သောအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို ပြန်ကြား လျှောက်ထားကြကုန်၏။

ရဟန်းတို့ သင်တို့အား ဈာန်မဂ်ဖိုလ်တရား ထင်ရှား ရှိကြပါ၏လောဟု မေးတော်မူရာ -

ထင်ရှားရှိပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ သင်တို့သည် ဝမ်းရေး အတွက် လူတို့အား အချင်းချင်း၏ လူတို့ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား၏ ဂုဏ်ကျေးဇူးကို အဘယ့်ကြောင့် ပြောဆိုကြ ကုန်ဘိ သနည်း။ ရဟန်းတို့ ဤ သင်တို့ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညို စေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 68


''အကြင်ရဟန်းသည် ရဟန်းမဟုတ်သော သူအား လူတို့၏ ကုသိုလ် ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ပြောကြားငြားအံ့၊ ပြောတိုင်း ဟုတ်မှန်သော် ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြ ကုန်လော့ဟု မိန့်တော်မူ ၏။ 57, 8 - 69

မြတ်ဗုဒ္ဓသည် ဈာန်မဂ်ဖိုလ်တရား လူသားတို့အား ပြောကြားခြင်းကို ကဲ့ရဲ့တော်မူလေသည်... မိမိတွင်အမှန်တကယ်ရှိသော တရားကို ပြောကြားတာတောင်မှ ကဲ့ရဲ့တော်မူလျှင်... အမှန်တကယ်မရှိပဲသာ ပြောကြားနေပါက မည်မျှလောက် ကဲ့ရဲ့လိုက်လေမည်နည်း... တစ်ချို့ ဒကာ ဒကာမများသည် အသိဉာဏ်တထွာတစ်မိုက်နှင့် မိမိတို့ကြည်ညိုစိတ်ကလေးဖြင့်ပင် မိမိဆရာကို အရိယာထင်တတ်ကြပေသည်... ဘုန်းတော်ကြီးများ သတိရှိတော်မူကြပါကုန်... တကယ်မဟုတ်သေးက ခြံစည်းရိုး အပြင် ရောက်သွားနိုင်ပေသည်...

ဂ - ဘူတာရောစနသိက္ခာပုဒ်၊ ၁-မုသာဝါဒ၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။

ပါစိတ်ကတော့ ချာတိတ်မလုပ်လေနှင့် အပါယ်ပို့နိုင်သော သတ္တိကိန်း၏...






ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။ သာဓု... သာဓု... သာဓု...။

Tuesday, April 20, 2010

ငါ့ယောက္ခမ၏ သယောက်လင် 'လင်ငယ်' လေလော...


ဓမ္မဒေသနာသိက္ခာပုဒ်

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံ ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသော အခါ...

အသျှင်ဥဒါယီသည် သာဝတ္ထိပြည်၌ အိမ်သို့ ကပ်တက်သော ရဟန်းဖြစ်၏၊
အိမ်ပေါင်းများစွာသို့ ချဉ်းကပ်၏။

အသျှင်ဥဒါယီသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် အိမ်တစ်အိမ်သို့ချဉ်းကပ်၏။ ထိုအခါ အိမ်ရှင်မသည် အိမ်တံခါးဝ၌ နေ၏၊ အိမ်ရှင်မ၏ ချွေးမကား အခန်းတံခါးဝ၌ နေ၏။ ထို့နောက် အသျှင်ဥဒါယီသည် အိမ်ရှင်မထံသို့ ချဉ်းကပ်ပြီးလျှင် အိမ်ရှင်မ၏ နားရင်းသို့ ကပ်၍ တရားဟော၏။ ထိုအခါ ချွေးမဖြစ်သူအား ''အသို့နည်း ထိုရဟန်းသည် ငါ့ယောက္ခမ၏ သယောက်လင် 'လင်ငယ်' လေလော၊ သို့မဟုတ် ပြက်ရယ် ပြောဆိုလေသလော''ဟု အကြံဖြစ်၏။

ထိုအခါ အသျှင်ဥဒါယီသည် အိမ်ရှင်မ၏ နားရင်းသို့ ချဉ်းကပ်၍ တရားဟောပြီးလျှင် အိမ်ရှင်မ၏ ချွေးမထံသို့ ချဉ်းကပ်၍ ချွေးမ၏ နားရင်းသို့ ကပ်၍ တရားဟော၏။ ထိုအခါ အိမ်ရှင်မအား ''အသို့နည်း ထိုရဟန်းသည် ငါ့ချွေးမ၏ သယောက်လင် 'လင်ငယ်' လေလော၊ သို့မဟုတ် ပြက်ရယ်ပြောဆို လေသလော'' ဟု အကြံဖြစ်၏။ ထို့နောက် အသျှင်ဥဒါယီသည် ချွေးမဖြစ်သူ၏ နားရင်းသို့ကပ်၍ တရားဟောပြီးလျှင် ပြန်ကြွသွား၏။

ထိုအခါ အိမ် ရှင်မသည် ချွေးမကို ''ဟယ် ချွေးမ ဤရဟန်းသည် သင့်အား အဘယ် စကားကို ပြောဆိုဘိ သနည်း'' ဟု မေး၏။

''အရှင်မ အကျွန်ုပ်အား တရားကို ဟောပါ၏၊ အရှင်မကိုမူကား အဘယ်စကားကို ပြောဆို ပါသနည်း'' ဟု ပြန်မေး၏။

''ငါ့ကိုလည်း တရားဟော၏'' ဟု ဆို၏။

ထိုမိန်းမတို့သည် ''အဘယ့်ကြောင့် အသျှင်ဥဒါယီသည် နားရင်းသို့ ကပ်၍ တရားဟောဘိ သနည်း၊ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း တရားဟောသင့်သည် မဟုတ်ပါလော''ဟု ကဲ့ရဲ့ ကုန်၏၊ ရှုတ်ချ ကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

"ရဟန်းများ မတော်သောအမှုပြုက လူအများသည် ကဲ့ရဲ့ခဲ့ကြပေသည်... ထိုရဟန်းမျိုးနှင့် ယခုအခါ တွေ့ကြုံခဲ့လျှင်ကော အမျိုးကောင်းသမီးတို့ ကဲ့ရဲ့ကြပါဦးမည်လော... သာသနာကို စောင့်ရှောက်လိုက သင်တို့ ကဲ့ရဲ့ကြရပေမည်..."

ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုမိန်းမတို့၏ စကားကို ကြားကြသည်သာတည်း။ အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် အသျှင် ဥဒါယီသည် မာတုဂါမအား တရားဟောဘိ သနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ ထိုအခါ ထို ရဟန်းတို့သည် အသျှင်ဥဒါယီကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။

''ဥဒါယီ သင်သည် မာတုဂါမအား တရားဟော၏ ဟူသည် မှန်သလော'' ဟု
စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် မာတုဂါမအား တရားဟောဘိ သနည်း။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သောယောက်ျား ဤ သင်ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

"မာတုဂါမနားကပ်၍ တရားစကားပြောမိသဖြင့် မြတ်ဗုဒ္ဓက မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ျားတဲ့... ခုခေတ် တစ်ချို့ ပြောချင်ရာပြောနေသော ရဟန်းများဆိုလျှင်ကား... မည်သို့သော စကားလုံးဖြင့် မြတ်ဗုဒ္ဓ ကဲ့ရဲ့လေမည်နည်...? "

(က) ''အကြင်ရဟန်းသည် မာတုဂါမအား တရားကို ဟောငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ 60

ထိုအခါ ဥပါသိကာမတို့သည် ရဟန်းတို့ကို တွေ့မြင်လျှင် ''အသျှင်ဘုရားတို့ တောင်းပန်
ပါသည် တရားဟောကြ ပါကုန်လော'' ဟု လျှောက်ကြကုန်၏။

နှမ မာတုဂါမအား တရားဟောခြင်းငှါ မအပ်ဟု ဆိုကြကုန်၏။

အသျှင်တို့ တောင်းပန်ပါ၏၊ ငါးခွန်း ခြောက်ခွန်းသော စကားတို့ဖြင့် တရားဟောကြ ပါကုန်လော့၊ ဤမျှလောက်ဖြင့် တရားကို သိခြင်းငှါ တတ်ကောင်းပါ၏ဟု လျှောက်ကြကုန်၏။

''နှမ မာတုဂါမအား တရားဟောခြင်းငှါ မအပ်'' ဟု ပြောဆိုပြီး တွေးတောမူ 'သံသယကုက္ကုစ္စ' ရှိကြကုန်၍ တရားမဟောကြကုန်။

"သူတော်ကောင်း ရဟန်းတော်များသည် မြတ်ဗုဒ္ဓစကား မြေ၀ယ်မကျ နားထောင်ခဲ့ကြပေသည်..."

ဥပါသိကာမတို့သည် ''အဘယ့်ကြောင့် အသျှင်တို့သည် ငါတို့က တောင်းပန် တိုက်တွန်း အပ်ကုန် လျက်တရားကို မဟောကုန်ဘိ သနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ရဟန်းတို့သည် ဥပါသိကာမတို့၏ ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော စကားတို့ကို ကြားကြသည် သာတည်း။ ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောကြား တော်မူ၍ ရဟန်းတို့ကို-

''ရဟန်းတို့ မာတုဂါမအား ငါးခွန်း ခြောက်ခွန်းသော စကားတို့ဖြင့် တရားဟောခြင်းငှါ ခွင့်ပြု တော်မူ၏'' ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

(ခ) ''အကြင်ရဟန်းသည် မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကား တို့ဖြင့် တရားကို ဟောငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန် လော့ဟု မိန့်တော်မူ၏။

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ 61

ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် ''မြတ်စွာဘုရားသည် မာတုဂါမအား ငါးခွန်း ခြောက်ခွန်းသော စကားတို့ဖြင့် တရားဟောခြင်းငှါ ခွင့်ပြုတော်မူ၏'' ဟု မသိမလိမ္မာသော ယောက်ျားကို အနီး၌ နေစေ၍ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် မာတုဂါမအား တရားဟော ကုန်၏။

အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် မသိမလိမ္မာ သော ယောက်ျားကို အနီး၌ နေစေ၍ မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟော ကုန်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြ ကုန်၏၊

"အလိုဆိုးရှိသော ရဟန်းတို့သည်လည်း နည်းမျိုးစုံဖြင့် မြတ်ဗုဒ္ဓ၏စည်းကမ်းများကို ချိုးဖောက်နေကြပေသည်... အလိုနည်းသော ရဟန်းကောင်းတို့သည်လည်း ခေတ်အဆက်ဆက် ၀ိနည်း စည်းကမ်းကို စောင့်ရှောက်ခဲ့ကြပေသည်..."

ထိုအခါ ထိုရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင် ကြပြီးလျှင် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ သင်တို့သည် မသိမလိမ္မာသော ယောက်ျားကိုအနီး၌ နေစေ၍ မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟော ကုန်၏ ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်ကြကုန်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ့်ကြောင့် မသိမလိမ္မာသော ယောက်ျားကို အနီး၌ နေစေ၍ မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောကုန်ဘိ သနည်း။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတို့ ဤ သင်တို့ပြုမိသောအမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 62

''အကြင်ရဟန်းသည် သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ မာတုဂါမအား ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားကို ဟောငြားအံ့၊ ထိုရဟန်းအား ပါစိတ် အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော် မူ၏။ 63

"နိဗ္ဗာန်မဂ်ဖိုလ် လိုချင်လို့ ရဟန်းဝတ်သူများအား မဂ်ဖိုလ်မှ အချီးနှီးသော ယောက်ျားဟု ခဏခဏ အခေါ်ခံနေရပေသည်... သို့သော် ရှက်ရကောင်းမှန်းတော့ သူတို့ မသိကြသေးပေ... ယခုခေတ် ဘုရားသားတော် အမည်ခံနေသော ငါသည်ကော...? သူတော်ကောင်းအကျင့်တွေ ကျင့်ရပေဦးမည်..."


၇ - ဓမ္မဒေသနာသိက္ခာပုဒ် အဖွင့်

အကြင် ဟူသည် အကြင်သို့ သဘော ရှိသော။ပ။

ရဟန်း ဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို ''ရဟန်း'' ဟူ၍ အလိုရှိ အပ်၏။

မာတုဂါမ မည်သည် လူမိန်းမတည်း၊ ဘီလူး နတ်မ မဟုတ်၊ ပြိတ္တာမ မဟုတ်၊ တိရစ္ဆာန်မ မဟုတ်၊ ကောင်းသော စကား မကောင်းသော စကား၊ ရုန့်ရင်းသော စကား မရုန့်ရင်းသော စကားကို သိခြင်းငှါ စွမ်းနိုင်သူ လူမိန်းမတည်း။

ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် ဟူသည် ငါးခွန်း ခြောက်ခွန်းထက် အပိုအလွန် စကားတို့ဖြင့်။

တရား မည်သည် ဘုရားဟောတရား သာဝကဟောတရား ရသေ့ဟောတရား နတ်ဟော တရား အဋ္ဌကထာနှင့် စပ်သော တရား ပါဠိတော်နှင့် စပ်သော တရားတည်း။

ဟောငြားအံ့ ဟူသည် ပုဒ်ဖြင့် ဟောအံ့၊ ပုဒ်တိုင်း ပုဒ်တိုင်း ပါစိတ်အာပတ် သင့်၏။ အက္ခရာဖြင့် ဟောအံ့၊ အက္ခရာတိုင်း အက္ခရာတိုင်း ပါစိတ်အာပတ် သင့်၏။

သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ဟူသည် သိကြားလိမ္မာသော လူယောက်ျားကို ဖယ်ထား၍။

သိကြားလိမ္မာသူ မည်သည် ကောင်းသော စကား မကောင်းသော စကား၊ ရုန့်ရင်းသော စကား မရုန့်ရင်းသော စကားကို သိခြင်းငှါ စွမ်းနိုင်သူ လူယောက်ျားတည်း။ 64


မာတုဂါမကို မာတုဂါမဟု အမှတ်ရှိသည်ဖြစ်၍ သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ပါစိတ်အာပတ် သင့်၏။

မာတုဂါမ၌ ယုံမှားရှိသည်ဖြစ်၍ သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ပါစိတ်အာပတ် သင့်၏။

မာတုဂါမ၌ မာတုဂါမ မဟုတ်ဟု အမှတ်ရှိသည်ဖြစ်၍ သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ပါစိတ်အာပတ် သင့်၏။

ဘီလူးမအား လည်းကောင်း၊ ပြိတ္တာမအား လည်းကောင်း၊ ပဏ္ဍုက်အား လည်းကောင်း၊ လူယောင် ဆောင်သော တိရစ္ဆာန်မအား လည်းကောင်း သိကြားလိမ္မာသူ လူယောက်ျားကို ကြဉ်၍ ငါးခွန်း ခြောက်ခွန်းထက် ပိုလွန်သော စကားတို့ဖြင့် တရားဟောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မာတုဂါမ မဟုတ်သူကို မာတုဂါမဟု အမှတ်ရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မာတုဂါမ မဟုတ်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

မာတုဂါမ မဟုတ်သူကို မာတုဂါမ မဟုတ်ဟု အမှတ်ရှိအံ့၊ အာပတ် မသင့်။ 65

သိကြားလိမ္မာသောသူ လူယောက်ျား အနားမှာ ရှိသည်ဖြစ်၍ တရားဟောအံ့၊ ငါးခွန်း ခြောက်ခွန်းသော စကားတို့ဖြင့် တရားဟောအံ့၊ ငါးခွန်း ခြောက်ခွန်းအောက် ယုတ်လျော့၍ တရားဟောအံ့၊ ထပြီး တစ်ဖန် ထိုင်၍ တရားဟောအံ့၊ ထပြီး တစ်ဖန် ပြန်ထိုင်သော မာတုဂါမအား တရားဟောအံ့၊ တစ်ပါးသော မာတုဂါမအား တရားဟောအံ့၊ အမေးပုစ္ဆာကို မေးအံ့၊ အမေးပုစ္ဆာ မေးသည်ကို ဖြေဆိုအံ့၊ သူတစ်ပါး၏ အကျိုးငှါ ပြောဆိုသည်ကို မာတုဂါမ ကြားနာအံ့၊ အာပတ် မသင့်၊ ရူးသော ရဟန်း၊ အစလက်ဦး လွန်ကျူးသော ရဟန်းတို့အားလည်း အာပတ် မသင့်။ 66

၇ - ဓမ္မဒေသနာသိက္ခာပုဒ်၊ ၁ - မုသာဝါဒ၀ဂ်၊ ဘိက္ခုပါစိတ်အခန်း၊ ပါစိတ်ပါဠိတော်။

ဝိနယ ၀ိနည်း



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Tuesday, April 6, 2010

မဏ္ဍူကဒေဝပုတ္တဝိမာန

မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု


ရေကန်၌ ဖါးသတ္တဝါဖြစ်စဉ် တနေ့သ၌ ဘုရားတရားတော်ကို နာယူခိုက် နွားကျောင်းသား၏ လက်ချက်ဖြင့် အသက်ဆုံး၍ နတ်ပြည်၌ တန်ခိုးအာနုဘော် အကျော်အစော အရောင်အဝါ ပြည့်စုံစွာ ဖြစ်လာရသော နတ်သား။

တန်ခိုးအားဖြင့် လည်းကောင်း, အခြံအရံ အကျော်အစောအားဖြင့် လည်းကောင်း ထွန်းလင်း တောက်ပလျက် အလွန်နှစ်သက်ဖွယ်ရှိသော အရောင်အဆင်းဖြင့် အရပ်မျက်နှာ အားလုံးတို့ကို ထွန်းလင်းတောက်ပစေလျက် ငါ၏ ခြေတော်တို့ကို ရှိခိုးသောသူကား အဘယ်သူပါနည်း ဟု မြတ်စွာဘုရားကမေးတော်မူ၏။ 857

အကျွန်ုပ်သည် ရှေးဘဝက ရေ၌ ပေါက်ဖွား၍ ရေ၌ ကျက်စားသော ဖားသတ္တဝါ ဖြစ်ခဲ့ဖူးပါ၏၊ အရှင်ဘုရား၏ တရားတော်ကို နာနေစဉ် နွားကျောင်းသားသည် အကျွန်ုပ်ကို သေစေခဲ့ပါ၏။ 858

တစ်ခဏမျှ စိတ်ကြည်ညိုခြင်း၏ အကြောင်းကြောင့်ဖြစ်သော အကျွန်ုပ်၏ ပြည့်စုံခြင်းကို လည်းကောင်း, အခြံအရံများခြင်းကို လည်းလောင်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ အာနုဘော်ကိုလည်း ရှုတော်မူပါလော့၊ အကျွန်ုပ်၏ ကိုယ်ရေအဆင်းကို လည်းကောင်း, အရောင်အဝါကို လည်းကောင်း ရှုတော်မူပါလော့။ 859

ဂေါတမနွယ်ဖွား မြတ်စွာဘုရား တရားတော်ကို ရှည်ကြာစွာသော ကာလပတ်လုံး နာကုန်သော သတ္တဝါတို့သည်ကား စိုးရိမ်ပူပန်ခြင်း မရှိရာဖြစ်သော မတုန်လှုပ်သော နိဗ္ဗာန် အရပ်သို့ မချွတ် ရောက်ကြရကုန်သည်သာတည်း ဟု ဖြေကြား၏။ 860

၁ - မဏ္ဍူကဒေဝပုတ္တဝိမာနဝတ္ထု၊ မဟာရထ၀ဂ်၊ ၂ - ပုရိသဝိမာန၊ ခုဒ္ဒကနိကာယ်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Monday, April 5, 2010

အမိကို လုပ်ကျွေးသောသူကို...

မာတုပေါသကသုတ်

သာဝတ္ထိနိဒါန်း။ ထိုအခါ၌ အမိကို လုပ်ကျွေးသော ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကိုလျှောက်၏- ''အသျှင်ဂေါတမ အကျွန်ုပ်သည် တရားသဖြင့် ထမင်းကို ရှာမှီးပါ၏၊ တရားသဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေးပါ၏။ အသျှင်ဂေါတမ အသို့နည်း၊ ဤသို့ ပြုလေ့ရှိသော အကျွန်ုပ်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပါသလော'' ဟု လျှောက်၏၊

''ပုဏ္ဏား ဤသို့ ပြုလေ့ရှိသော သင်သည် ပြုဖွယ်ကိစ္စကို ပြုလေ့ရှိသူ ဖြစ်ပေ၏၊ ပုဏ္ဏား အကြင်သူသည် တရားသဖြင့် ထမင်းကို ရှာမှီး၏၊ တရားသဖြင့် ထမင်းကို ရှာမှီး၍ အမိအဖတို့ကို လုပ်ကျွေး၏၊ ထိုသူသည် များသော ကောင်းမှုတို့ကို ဖြစ်ပွားစေ၏'' ဟု မိန့်တော်မူ၏။

''အကြင်သူသည် အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း တရားသဖြင့် လုပ်ကျွေး၏။ အမိအဖတို့၌ လုပ်ကျွေးခြင်းကြောင့် ထိုလုပ်ကျွေးသော သူကို ပညာရှိတို့သည် ဤဘဝ၌ပင်လျှင် ချီးမွမ်းကုန်၏၊ တမလွန်ဘဝဝယ် နတ်ပြည်၌ မွေ့လျော်ရ၏'' ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည် ရှိသော် မာတုပေါသကပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ တရားတော်သည် အလွန် နှစ်သက်ဖွယ် ရှိပါ၏။ ပ။ အသျှင်ဂေါတမ အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့'' ဟု လျှောက်၏။ 205

၉ - မာတုပေါသကသုတ်၊ ဥပါသက၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။





ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

ပေးလှူပြီးနောက် နှလုံးမသာခြင်း ဖြစ်ခဲ့သော်...

အပုတ္တကသုတ်

ထိုအခါ ပသေနဒီ ကောသလမင်းသည် နေမွန်းတည့်အခါ၌ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော ပသေနဒီ ကောသလမင်းအား မြတ်စွာဘုရားသည် ''မင်းကြီး သင်သည် ယခု နေမွန်းတည့်အခါ၌ အဘယ်အရပ်က လာခဲ့သနည်း'' ဟု ဤစကားကို မိန့်တော်မူ၏။

အသျှင်ဘုရား ဤသာဝတ္ထိပြည်၌ သူဌေးကြီးသည် သေပါ၏၊
အမွေခံ သားမရှိသော ထိုဥစ္စာကို အကျွန်ုပ်သည် နန်းတော်တွင်းသို့ သွင်း၍ လာခဲ့ပါ၏၊
အသျှင်ဘုရား ရွှေချည်းပင် သိန်းတစ်ရာ ရှိပါ၏၊
ငွေမူကား အဘယ်ဆိုဖွယ်ရာ ရှိပါအံ့နည်း၊
အသျှင်ဘုရား ထိုသူဌေးကြီး၏ ထမင်းသုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏-
ပုန်းရည်လျှင် နှစ်ခွက်မြောက်သော ဆန်ကွဲထမင်းကို စားသုံး၏။
အဝတ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏-
သုံးလွှာစပ်၍ ချုပ်သော ပိုက်ဆံလျှော်အဝတ်ကို ဝတ်၏။
ယာဉ်ကို သုံးဆောင်ခြင်းသည် ဤသို့ သဘောရှိပါ၏ -
သစ်ရွက်ထီးကိုဆောင်းလျက် ဆွေးမြေ့သောရထားငယ်ဖြင့် သွားပါ၏ဟု လျှောက်၏။

မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤစကားသည် ဤအတိုင်း မှန်၏၊ မင်းကြီး ရှေး၌ ဖြစ်ဖူးသည်ကား ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းလှူစေ၏၊

''ရဟန်းအား ဆွမ်းလှူကြကုန်လော့'' ဟု ဆိုပြီးလျှင် နေရာမှ ထ၍ ဖဲသွား၏၊ ပေးလှူပြီး နောက်၌ကား ''ထိုဆွမ်းကို ကျွန်ယောက်ျားတို့သည်လည်းကောင်း၊ အမှုလုပ်သမား တို့သည် လည်းကောင်း စားရကုန်မူကား မြတ်သေး၏'' ဟု နှလုံးမသာခြင်း ဖြစ်ခဲ့၏၊ အစ်ကို၏ တစ်ယောက်တည်းသော သားကိုလည်း ဥစ္စာဟူသောအကြောင်းကြောင့် အသက်ကို သတ်ခဲ့၏။

မင်းကြီး ထိုသူဌေးကြီးသည် တဂ္ဂရသိခိအမည်ရှိသော ပစ္စေကဗုဒ္ဓါအား ဆွမ်းကို လှူဒါန်း၏၊ ထိုကံ၏ အကျိုးကြောင့် ကောင်းသောလားရာဖြစ်သော နတ်ပြည်သို့ ခုနစ်ကြိမ် ရောက်ရ၏၊ ထိုကံ၏ အကျိုးကြွင်းဖြင့် သာလျှင် ဤသာဝတ္ထိပြည်၌ပင်လျှင် သူဌေး ခုနစ်ကြိမ်ဖြစ်၏။ မင်းကြီး ထိုသူဌေးကြီးသည် ပေးလှူပြီးနောက် ''ထိုဆွမ်းကို ကျွန်ယောက်ျားတို့သည် လည်းကောင်း၊ အမှု လုပ်သမားတို့သည် လည်းကောင်း စားရကုန်မူကား မြတ်သေး၏'' ဟု နှလုံးမသာခြင်း ဖြစ်၏၊ ထိုကံ၏ အကျိုးကြောင့် မွန်မြတ်သော ထမင်းကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော အဝတ်ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ယာဉ်ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်၊ မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့ကို သုံးဆောင်ခြင်း၌ စိတ်မညွတ်။

မင်းကြီး ထိုသူဌေးကြီးသည် အစ်ကို၏ တစ်ယောက်တည်းသော သားကို ဥစ္စာဟူသော အကြောင်းကြောင့် အသက်ကို သတ်၏၊ ထိုကံ၏ အကျိုးကြောင့် များစွာသော နှစ်တို့ပတ်လုံး လည်းကောင်း၊ များစွာသော နှစ်အရာတို့ပတ်လုံး လည်းကောင်း၊ များစွာသော နှစ်အထောင်တို့ပတ်လုံး လည်းကောင်း၊ များစွာသော နှစ်အသိန်းတို့ပတ် လုံးလည်းကောင်း ငရဲ၌ ကျက်ဖူး၏။ ထိုကံ၏ အကျိုးကြွင်းဖြင့်သာလျှင် အမွေခံ သားမရှိသော ဤဥစ္စာကို ခုနစ်ကြိမ်တိုင်တိုင် မင်း၏ ဘဏ်တိုက်သို့ သွင်းစေ၏။

မင်းကြီး စင်စစ်ကား ထိုသူဌေးကြီးအား အဟောင်းဖြစ်သော ကုသိုလ်ကံသည်လည်း ကုန်ပြီ၊ အသစ်ဖြစ်သော ကုသိုလ်ကံကိုလည်း မဆည်းပူးအပ်၊ မင်းကြီး ယနေ့ကား သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏ ဟု မိန့်တော်မူ၏။

အသျှင်ဘုရား သူဌေးကြီးသည် မဟာရောရုဝငရဲသို့ ရောက်၏ ဟူသည် ဤအတိုင်း မှန်ပါသလော ဟု လျှောက်၏။ မင်းကြီး ဤအတိုင်း မှန်၏၊ သူဌေးကြီးသည် မဟာရောရုဝ ငရဲ၌ ကျက်ရ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အကြင်စပါးသည် လည်းကောင်း၊ ဥစ္စာသည် လည်းကောင်း၊ ငွေသည် လည်းကောင်း၊ ရွှေသည်လည်းကောင်း၊ သိမ်းဆည်းအပ်သော တစ်စုံတစ်ရာသော အရာဝတ္ထုသည် လည်းကောင်း ရှိ၏။ ထိုသူအားမှီ၍ အသက်မွေးကုန်သော အကြင် ကျွန်ယောက်ျား တို့သည် လည်းကောင်း၊ အမှုလုပ်တို့သည် လည်းကောင်း၊ အခိုင်းအစေတို့သည် လည်းကောင်း ရှိကုန်၏။

အလုံးစုံသော ဥစ္စာကျေးကျွန်ကို ယူ၍ မသွားနိုင်၊ အလုံးစုံကို စွန့်၍ သွားရ၏။ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ ထိုမှတစ်ပါး စိတ်ဖြင့် လည်းကောင်း အကြင်ကံကို ပြု၏။ ထိုကံသည်သာလျှင် ထိုသူ၏ ဥစ္စာဖြစ်၏၊ ထိုကံကိုလျှင် ယူ၍ သွားရ၏၊ အရိပ်သည် ကိုယ်သို့ အစဉ်လိုက်သကဲ့သို့ ထိုကံသည်ပင် ထိုသူအား အစဉ်လိုက်၏။

ထိုကြောင့် တမလွန်၌ ဖြစ်သောအကျိုးကို ဆည်းပူးသော သူသည် ကုသိုလ် ကောင်းမှုကို ပြုရာ၏၊ ကောင်းမှုတို့သည် တမလွန်ဘဝ၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ ဟု မိန့်တော်မူ၏။ 131

၁ဝ - ဒုတိယ အပုတ္တကသုတ်၊ ဒုတိယ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

Friday, April 2, 2010

အဆွေခင်ပွန်း...

မိတ္တသုတ် - (အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူ)

ယုတ်မာသော အဆွေခင်ပွန်းရှိသူသည်...

ရဟန်းတို့ ယုတ်မာသော အဆွေခင်ပွန်းရှိသော ယုတ်မာသော အပေါင်းအသင်းရှိသော ယုတ်မာသော အဆွေခင်ပွန်းကို ကိုင်းရှိုင်းသော ယုတ်မာသော အဆွေခင်ပွန်းကို မှီဝဲသော ဆည်းကပ်သော အဖန်ဖန် ဆည်းကပ်သော ထိုယုတ်မာသော အဆွေခင်ပွန်းတို့၌ မြင်ဖူးသော အမူအရာကို အစဉ်လိုက်ခြင်းသို့ ရောက်သော ထိုရဟန်းသည် စင်စစ် မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ မြတ်သော ဝတ်အကျင့်တရားကို မဖြည့်ဆည်းပူးဘဲ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို မဖြည့်ဆည်းပူးဘဲ သီလ လေးမျိုးတို့ကို ဖြည့်ဆည်းပူး လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ၊ သီလလေးမျိုးတို့ကို မဖြည့်ဆည်းပူးဘဲ ကာမ ရာဂကို လည်းကောင်း၊ ရူပ ရာဂကို လည်းကောင်း၊ အရူပ ရာဂကို လည်းကောင်း ပယ်စွန့်နိုင်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် မရှိ။


ကောင်းသော အဆွေခင်ပွန်းရှိသူသည်...

ရဟန်းတို့ ကောင်းသော အဆွေခင်ပွန်းရှိသော ကောင်းသော အပေါင်းအသင်းရှိသော ကောင်းသော အဆွေခင်ပွန်းကို ကိုင်းရှိုင်းသော ကောင်းသော အဆွေခင်ပွန်းကို မှီဝဲသော ဆည်းကပ်သော အဖန်ဖန် ဆည်းကပ်သော ထိုကောင်းသော အဆွေခင်ပွန်းတို့၌ မြင်ဖူးသော အမူအရာကို အစဉ်လိုက်ခြင်းသို့ ရောက်သော ထိုရဟန်းသည် စင်စစ်မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုး သည် ရှိ၏၊ မြတ်သော ဝတ်အကျင့်တရားကို ဖြည့်ဆည်းပူးသည် ရှိသော် သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိ၏၊ သေက္ခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော သီလကို ဖြည့်ဆည်းပူးသည် ရှိသော် သီလ လေးမျိုးတို့ကို ဖြည့်ဆည်းပူးလိမ့်မည် ဟူသော ဤအကြောင်း မျိုးသည် ရှိ၏၊ သီလ လေးမျိုးတို့ကို ဖြည့်ဆည်းပူးသည်ရှိသော် ကာမ ရာဂကို လည်းကောင်း၊ ရူပ ရာဂကို လည်းကောင်း၊ အရူပ ရာဂကို လည်းကောင်း ပယ်စွန့်နိုင်လိမ့်မည် ဟူသော ဤအကြောင်းမျိုးသည် ရှိ၏ ဟု မိန့်တော်မူ၏။ 67

၃ - မိတ္တသုတ်၊ ဒေ၀တာဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။